book

Index 5

Chapter 5

လေအေးပေးစက်မှ တိုးဖွညင်သာသည့် လေသံများကို ကြား‌နေရသည်အထိ သီးသန့်လူနာခန်းလေးသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ 


“ကိုဗညားက သူနာပြုဖြစ်ဖို့ကောင်းတယ်”


စိတ်ရှည်လက်ရှည် ရေဖတ်တိုက်ပေး‌နေသည့် သူ့ကို ခပ်ရွဲ့ရွဲ့ ထိုးနှက်လိုက်သည့် မှိုင်းညှို့၏ စကားတစ်ခွန်းကို မသိကျိုးကျွံပြုရင်း လုပ်လက်စအလုပ်ကို လက်စသတ်ဖို့ ကြိုးစားနေလိုက်သည်။


“ကဲ…ပြီးပြီ။ မှိုင်းညှို့ ဘာစားချင်သေးလဲ”


“ဟင့်အင်း…”


မှိုင်းညှို့ ပီသစွာ အေးစက်စက် အငြင်းစကားတစ်ခွန်းနှင့်သာ တုံ့ပြန်ခဲ့သည်။


“ဒါပေမယ့်…ကျွန်တော် ကော်ဖီသောက်ချင်တယ်”


ကော်ဖီသောက်ချင်တယ် ဆိုသည့် စကားတစ်ခွန်းတွင် ပျော်ရွှင်ဖွယ်ရာအကြောင်းအရာ လုံးလုံးမပါရှိသည့်တိုင်အောင် သူ ရွှင်မြူးသွားခဲ့ရပါသည်။ ကော်ဖီအမှုန့်လေးများကို ရေနွေးပူပူနှင့် ငါးမိနစ်ခန့် နှပ်ထားပြီး ရလာသည့် ကော်ဖီရည်များကို အမှုန့်များ မပါအောင် စစ်ယူကာ Creamer နှင့် သကြားအနည်းငယ်ထည့်ရင်း ဖျော်လိုက်သည်။ သီးသန့်လူနာခန်းလေးထဲတွင်တော့ ကော်ဖီနံ့လေးများ ဖုံးလွှမ်းသင်းပျံ့သွားသည်။


“ကော်ဖီဖျော်‌တဲ့ နေရာမှာတော့ ကျွန်တော့်ထက် သာသွားပြီ”


ကော်ဖီပူပူကို တစ်ငုံသောက်လိုက်ရင်း မှတ်ချက်ပေးလိုက်သည့် မှိုင်းညှို့၏ စကားသံများသည် အရင်ကလောက် မအေးစက်တော့သည်မှာ ကော်ဖီ၏ အနွေး‌ဓာတ်ကြောင့်ပေပဲလား။


“ ကိုယ် ဖျော်ပေးတဲ့ ကော်ဖီကို မှိုင်းညှို့ စွဲသွားရင် ဘယ်လိုလုပ်မလဲ”


သူ့အပေါ် နွေးထွေးစပြုလာသည့် မှိုင်းညှို့ကို ပိုမိုရင်းနှီးသွားစေရန်အတွက် သူ ပြုံးစစနှင့် နောက်လိုက်သည်။


“ဘယ်အရာကိုမှ အစွဲအလန်းမထားတတ်အောင် ကျွန်တော့်ကို ကျွန်တော် ဆုံးမထားပါတယ်”


သေလိုက်ပါတော့…။ မှိုင်းညှို့၏ တိကျပြတ်သားသော အဖြေကြောင့် သူ့နဖူးကို သူ့လက်နဲ့ ရိုက်ချင်မိလောက်အောင် ဖြစ်သွားရသည်။


ဆံပင်လေးများကို ဘေးသို့ လှန်ဖြီးထားသောကြောင့် မှိုင်းညှို့၏ မျက်နှာသွင်ပြင်လေးသည် ရှင်းရှင်းလင်းလင်းနှင့် တမျိုးလေး ကြည့်ကောင်းနေသည်။ မှိုင်းညှို့၏ မျက်လုံးများသည် အရင်ကထက် ပိုမို နူးညံ့နေသော်လည်း အရိပ်အခိုးတစ်မျိုးဖြင့် ညို့မှိုင်းနေဆဲဖြစ်၏။ သည်အချိန်သည် မှိုင်းညှို့နှင့် အကြောင်းအရာတစ်ခုကို ဆွေးနွေးရန် အကောင်းဆုံးဖြစ်မည်ဟု သူ သတ်မှတ်လိုက်သည်။


“မှိုင်းညှို့…၊ ကိုယ် တစ်ခု တောင်းဆိုချင်တယ်”


သူ့ကို မှိုင်းညှို့ ဖျက်ခနဲ လှည့်ကြည့်သည်။ မှိုင်းညှို့၏ မျက်ဝန်းများသည် သူ၏ မျက်ဝန်းများထဲမှ အကြောင်းအရာတစ်ခုကို စူးစိုက်စွာ ရှာဖွေနေပုံရသည်။


“ပြောကြည့်လေ ကိုဗညား၊ ကျွန်တော် လက်ခံနိုင်မယ့် တောင်းဆိုမှုဖြစ်ရင်တော့ ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ့မယ်။ ကျွန်တော့်အပေါ် တင်နေတဲ့ ကိုဗညားရဲ့ ကျေးဇူးအကြွေးတွေလဲ ရှိနေသေးတယ်မလား”


ကြည့်စမ်း…။ သူ့ကို စော်ကားလိုက်တာ။ သူ ဟန်မဆောင်နိုင်လောက်အောင် မျက်နှာအမူအယာများ ပျက်ယွင်းသွားရသည်။ လူတစ်ယောက်ကို ချစ်မိသည်ဆိုရာတွင် ထိုလူ၏ ပစ်ပစ်ခါခါ တုံ့ပြန်ချက်များကို ဒေါသမဖြစ်စေရဘဲ သည်းခံနိုင်စွမ်းရှိရမည့် ခန္ဓီပါရမီလည်း အထိုက်အလျောက် လိုအပ်ကြောင်း သူ ပထမဦးဆုံးအနေနှင့် သိမြင်နားလည်လိုက်၏။


“လူတစ်ယောက်ကို စကားတစ်ခွန်းနဲ့ ဘယ်လိုထိုးနှက်ရမလဲဆိုတဲ့ နေရာမှာ မှိုင်းညှို့က သိပ်ပြောင်မြောက်ထူးချွန်တာပဲ”


မျက်နှာအနေအထားကို အတည်ငြိမ်ဆုံးဖြစ်အောင် ကြိုးစားထိန်းသိမ်းလိုက်ရင်း စကားများမှာလည်း ဒေါသသံ မပါရအောင် သူ အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရသည်။


“ကိုယ် အခုလို မှိုင်းညှို့ကို ပြုစုစောင့်ရှောက်ပေးနေတာတွေဟာ ကိုယ့် အချစ်ရဲ့ နောက်ဆက်တွဲ ခံစားချက်ဖြစ်တဲ့ စိတ်စေတနာအရပါ။ ကိုယ်ချစ်မိတဲ့ လူတစ်ယောက်အပေါ်မှာ စေတနာထားနိုင်တာဟာ ထူးဆန်းတဲ့ ဖြစ်စဉ်မဟုတ်ဘူး မှိုင်းညှို့။ ဒီအတွက် မင်း ကိုယ့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ကိုယ့်ရဲ့ စိတ်စေတနာဟာ ကျေးဇူးကြွေးတစ်ခု မဟုတ်တဲ့အတွက် ‌ကျေးဇူးပြန်ဆပ်စရာလည်း မလိုပါဘူး မှိုင်းညှို့ရယ်”


“ဒါ‌ကတော့ ကိုဗညားရဲ့ ခံစားချက်သက်သက်ပဲလေ။ ကျွန်တော့်ဘက်က ကြည့်ရင်….။ အို…ရှုပ်ပါတယ်။ ထားလိုက်တော့။ ကျွန်တော် ကိုဗညားနဲ့ ပြိုင်မငြင်းချင်ဘူး။ တောင်းဆိုစရာ ရှိတယ်ဆိုတာကိုပဲ ဆက်ပြောပါ”


သူတို့ နှစ်ယောက်အကြားတွင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ့ ခေါင်းထဲမှာ စကားလုံးများကို ထုတ်နှုတ်ရွေးချယ်နေလိုက်သည်။ သူ ပြောမည့် စကားများသည် မှိုင်းညှို့လက်ခံထားသည့် ကျေးဇူးတရားများနှင့် ကင်းလွတ်စေရမည်။


“ကိုယ် မင်းရဲ့ အကြောင်းတွေ ပြောပြပေးဖို့ တောင်းဆိုချင်တယ်။ ကိုယ် ဒီလို သိချင်တယ်ဆိုတာကလည်း ကိုယ် ချစ်မိတဲ့ လူတစ်ယောက်ရဲ့ အကြောင်းတွေကို စိတ်ဝင်စားလို့ သိချင်ရုံသက်သက်ပဲ မှိုင်းညှို့။ ဘာအကန့်မှ မပါဘူးဆိုတာတော့ ယုံကြည်ပေးပါ”


“ ကျွန်တော့်ရဲ့ ဘာအကြောင်းကို သိချင်တာလဲ?”


မှိုင်းညှို့၏ အသံသည် အေးဆေးတည်ငြိမ်လျက်ရှိပါသည်။ 


“အချစ်ကို မယုံကြည်ရတဲ့ အကြောင်း”


သူ့စကားကြောင့် မှိုင်းညှို့၏ မျက်နှာအမူအရာသည် အနည်းငယ်မျှ ပုံပျက်သွားခြင်း မရှိသည်ကို သူ အံ့အားသင့်စွာ တွေ့လိုက်ရသည်။ ‌သောက်လက်စ ကော်ဖီလက်ကျန်လေးကို ကုန်စင်အောင် မော့ချပစ်လိုက်ပြီး ကော်ဖီခွက်ကို ခေါင်းရင်းဘေးက စားပွဲလေးပေါ် တင်လိုက်ရင်း ခုတင်ပေါ် လှဲချလိုက်သည်။


“အချစ်ဟုတ်လား…”


မျက်နှာကြက်ကို စိုက်ကြည့်နေသည့် မှိုင်းညှို့၏ မျက်နှာတွင် ငြိမ်သက်မှုသာ ရှိပြီး နာကြည်းမှုမတွေ့ရပါ။ 


“လူရယ်လို့ ဖြစ်လာရင် အရင်ဆုံး ထိတွေ့ဆက်ဆံရတာက မိဘတွေနဲ့ မိသားစုအသိုင်းအဝိုင်းပဲ။ ကျောင်းတတ်ပြီး ပညာတွေ မသင်ရသေးခင် မိဘတွေဆီက အရင်ဆုံး သင်ကြားရတဲ့ မိသားစုတစ်ခုရဲ့ သင်ခန်းစာတွေကို ကျွန်တော် သင်ယူခွင့် မရခဲ့ဘူး ကိုဗညား။ မိသားစုတစ်ခုမှာ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ကျွန်တော် မသိခဲ့ရဘူး။ အဖေက အမေ့ကို မချစ်ဘူး။ အမေကလည်း အဖေ့ကို မချစ်ဘူး။ ဒီလိုပဲ ကျွန်တော့်ကိုလဲ အမေက မချစ်ဘူး။ ဒါကြောင့် ကျွန်တော်ကလဲ ဘယ်သူ့ကိုမှ မချစ်ခဲ့ဘူး”


မှိုင်းညှို့၏ အသံမှာ တေးသီချင်းတစ်ပုဒ်ကို သီဆိုကျူးရင့်နေသလို နူးညံ့ချိုသာလျက်ရှိသည်။ ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြနေသူတစ်ဦးလို စဉ်းစားပုံဖော်နေသည့် မျက်ဝန်းများသည် ပုံမှန်ထက်ပို၍ တည်ငြိမ်လျက်သာရှိ၏။


“အဖေက ပိုက်ဆံရှိတဲ့ အမေ့ကို တကယ်မချစ်ပါဘဲနဲ့ ချစ်တယ် တဖွဖွပြောပြီး ချဉ်းကပ်ခဲ့တယ်။ အမေကလည်း မိဘတွေ သဘောမတူတဲ့ကြားက အဖေ့ရဲ့ အတုအယောင်အချစ်ကို ဘုရားတစ်ဆူလို ကိုးကွယ်ပြီး အဖေခိုးရာနောက် ကောက်ကောက်ပါအောင် လိုက်‌ခဲ့တယ်။ မခိုးပြေးခင်ကတည်းက အမေ့ဗိုက်ထဲမှာ ကိုယ်ဝန်ရနေပြီးသားလေ။ မိဘတွေ သဘောမတူလို့ မရတဲ့ အခြေအနေတစ်ခုထိရောက်အောင် အဖေက အကွက်ကျကျ စီမံခဲ့တာကိုး။ ဒီကတည်းက အဖေ့ရဲ့ အချစ်ဆိုတာကြီးက ဘယ်လောက်အောက်တန်းကျသလဲဆိုတာကို ကိုဗညား တွက်ဆလို့ရမယ် ထင်ပါရဲ့”


မှိုင်းညှို့ကို တည့်တည့်မကြည့်ဘဲ သူ့အကြည့်များကို တခြားနေရာသို့ လွှဲထားလိုက်သည်။ မှိုင်းညှို့၏ မျက်ဝန်းများထဲမှ အချစ်အပေါ် လက်ခံထားရှိသည့် အနက်အဓိပ္ပာယ်များကို သူ ရင်မဆိုင်ရဲ၍ ဖြစ်သည်။ မှိုင်းညှို့လည်း သူ့ကို တစ်ချက်သာ လှည့်ကြည့်ပြီး မျက်နှာကြက်ဆီသို့ အကြည့်ရောက်သွားပြန်သည်။ 


“ဒီလိုနဲ့ပဲ...အမေ့ရဲ့ မိဘတွေက အမေတို့ကို လက်ထပ်ပေးလိုက်ရတယ် ဆိုပါတော့။ အဖေက အစပိုင်းမှာ လိမ္မာရေးခြားရှိသယောင် ဆောင်နေပေမယ့် ကြောင်ကြာကြာရေမငုတ်ဘူး ဆိုသလိုဘဲ အဖေ့ရဲ့ အကျင့်စရိုက်ဆိုးတွေဟာ တဖြည်းဖြည်း ပေါ်လာခဲ့တော့တာပဲ။ အရက်သောက်ပြီး ရမ်းကားတယ်။ အမေ့ မိဘတွေရဲ့ စည်းစိမ်တွေကို လောင်းကစားတွေ လုပ်ရင်း သုံးဖြုန်းတယ်။ နောက်ဆုံး အမေတို့ စီးပွားရေးတွေ ချွတ်ခြံကျသွားတဲ့အထိပဲ”


လူမမာဝတ်စုံလေးနှင့်တောင် ချောမောဆွဲဆောင်နိုင်လွန်းသည့် မှိုင်းညို့၏ မျက်နှာလေးတွင် နာကြည်းရိပ်တချို့  ဖုံးလွှမ်းငြိခိုလာပြန်သည်။


“မေမေ့ စည်းစိမ်တွေ ပြုတ်သွားတော့ မေမေ့ကို သိပ်ချစ်လှပါတယ်ဆိုတဲ့ ဖေဖေ ဘာဆက်လုပ်မယ်ထင်သလဲ ကိုဗညား။ ပိုက်ဆံအတန်အသင့်ရှိတဲ့ အိမ်ထောင်သည် မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်လေ။ ကဲ...ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်တဲ့ အချစ်လဲ”


မှိုင်းညှို့၏ လေသံများသည် နာကျင်မှုတချို့နှင့် မာကျောခက်ထန်လာသည်။ 


“အမေကရော...၊ အဖေ့ကို သိပ်ချစ်လို့ ခိုးရာတောင် လိုက်ခဲ့တဲ့ အချစ်ကို ကိုးကွယ်ပါတယ်ဆိုတဲ့ အမေလည်း အဖေမရှိတဲ့နောက်ပိုင်း အိမ်ထောင်သစ်ထူထောင်လိုက်တာပါပဲ။ သိပ်ကို လွယ်လွယ်လေးနဲ့ပေါ့။ အဲဒီတုန်းက ကျွန်တော့် အသက် ၁၄နှစ်။ ကျွန်တော့်ပထွေးကလည်း အဖေ့နည်းတူပါပဲ။ အမေ့ကို မရခင်ကတော့ အမေ့အလိုကိုလိုက်၊ အကြိုက်ကို ဆောင်ပေါ့။ အမေ့ကို သိပ်ချစ်ပါတယ်ပေါ့။ ကျွန်တော့်ကိုလည်း သူ့သားအရင်းလို ချစ်ခင်စောင့်ရှောက်ပေးပါမယ်ပေါ့။ နောက်တော့လည်း မင်းသားခေါင်းစောင်းထားတဲ့ ဘီလူးပီပီ အစွယ်တွေ ထုတ်ပြတော့တာပါပဲ။ တကယ်တော့ ကျွန်တော့်ပထွေးဟာ မိန်းမတစ်ယောက်ကို ယောက်ျားတစ်ယောက်ရဲ့ အလိုရမ္မက်တွေ ဖြေဖျောက်ပေးနိုင်တဲ့ သက်ရှိအရုပ်သာသာလောက်ပဲ သဘောထားတတ်တဲ့ လူယုတ်မာမှန်း သိပ်နောက်ကျမှ အမေ သိလိုက်ရတယ်။ နောက်ပိုင်း အမေ ကျန်းမာရေးမကောင်းတော့ သူ့ရဲ့ အလိုရမ္မက်တွေ မဖြည့်ဆည်းပေးနိုင်တဲ့ အချိန် ဘာလုပ်တယ်မှတ်လဲ။ သူ့ရမ္မက်တွေ ဖြေဖျောက်ဖို့အတွက် ကျွန်တော့်ကို အတင်းအဓမ္မပြုဖို့အထိ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်”


ဘုရား...၊ ဘုရား...။ သူ့မျက်နှာများ နွေးခနဲ ပူ‌လာတော့သည်။ မှိုင်းညှို့ကို သူ့ဘဝအကြောင်း အစဖော်ထုတ်ခဲ့မိသည့်အပေါ် သူ ပထမဆုံးအကြိမ် နောင်တရမိသည်။ မှိုင်းညှို့သည် နာကျင်နေသည့် စိတ်တို့ကို ‌ပြေပျောက်သွားစေရန် ခပ်ရွဲ့ရွဲ့လေး ဟားတိုက်၍ ရယ်ပစ်လိုက်သည်။ သို့သော် မှိုင်းညှို့၏ နာကြည်းမှု အရိပ်အယောင်များသည် မျက်နှာပေါ်တွင် ထင်ရှားစွာ ကျန်ရှိနေ‌၏။


မှိုင်းညှို့ ရင်ထဲက ဒဏ်ရာတချို့တဝက် ပြေပျောက်သွားစေလိုသည့် ဆန္ဒနှင့် မှိုင်းညှို့၏ သွယ်လျနေသည့် လက်ချောင်းလေးများကို သူ ခပ်ဖွဖွ ဆုပ်ကိုင်ထားလိုက်သည်။ သူ့ခေါင်းထဲသို့ အသိတချို့ ဗြုန်းခနဲ ဝင်လာချိန်တွင် မြတ်နိုးစွာ ဆုပ်ကိုင်ထားမိသည့် မှိုင်းညှို့၏ လက်ကလေးကို အလန့်တကြား လွှတ်ချလိုက်မိသည်။ မှိုင်းညှို့လက်လေးကို သူ ဆုပ်ကိုင်မိသည့်ကိစ္စမှာ အရိုင်းဆန်သည့် ရမ္မက်ဆန္ဒများ မပါဝင်ကြောင်း မှိုင်းညှို့ ယုံကြည်လက်ခံအောင် သူ ဘယ်လို ‌ရှင်းပြရပါ့မလဲ။


“ပထွေးရဲ့ စော်ကားမှုတွေကို မခံနိုင်တဲ့ ကျွန်တော်ဟာ တစ်နေ့မှာတော့ ရုန်းရင်းကန်ရင်းနဲ့ပဲ ပထွေးရဲ့ခေါင်းကို သစ်သားခုံနဲ့ ရိုက်ခွဲလိုက်မိတယ်။ အဲ့နေ့က‌စပြီး ကျွန်တော် သူငယ်ချင်းတစ်ယောက် အလုပ်လုပ်နေတဲ့ မြဝတီမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ပြီး‌တော့ သူငယ်ချင်းနဲ့ပဲ ထိုင်းဘက်ကို ဝင်ပြီး အလုပ်လုပ်ရင်း ကိုယ့်ဘဝကို ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတော့တာပဲ”


ကုတင်ပေါ် လှဲလျောင်းနေရာမှ မှိုင်းညှို့  ထထိုင်ပြန်သည်။ ကိုယ်ပေါ်တွင် လွှားခြုံထားသည့် ချည်ထည်စောင်ပါးလေးကို ခြေထောက်လေးများနှင့် ကန်ရင်း ဖယ်ရှားလိုက်သည်။ မှိုင်းညှို့ စိတ်အိုက်နေမှန်း သူ ကောင်းကောင်းရိပ်မိပါသည်။


 “ဒီအကြောင်းတွေကို ကျွန်တော် ဘယ်သူ့ကိုမှ မပြောပြဖြစ်ဘူး။ ဒါပေမယ့် ဖွားမြကိုတော့ ကျွန်တော် ရင်ဖွင့်မိခဲ့တယ်။ ဖွားမြက ကျွန်တော့် စိတ်ကူးတွေထဲမှာ ပုံဖော်တောင့်တမိတဲ့ အဖွားပုံစံနဲ့ တစ်ပုံစံတည်းပဲ။ ကျွန်တော့်ကို နွေးထွေးယုယပေးပြီး အမြဲ လမ်းညွှန်ဆုံးမပေးတတ်တဲ့ အဖွားမျိုးပေါ့”


မှိုင်းညှို့သည် သူ့မျက်ဝန်းများကို စိုက်ကြည့်နေပြန်သည်။ မှိုင်းညှို့၏ မျက်ဝန်းများတွင် နာကြည်းရိပ်များ ကင်းစင်ပျောက်ကွယ်သွားသည်ကို သူ သတိပြုမိလိုက်သည်။


“လူ‌တွေဟာ သူငယ်ချင်းမိတ်ဆွေတွေ၊ ပညာရေးဘာသာရပ်တွေ၊ အလုပ်အကိုင်တွေ၊ ကိုယ်နေထိုင်ချင်တဲ့ အရပ်ဒေသတွေ၊ နောက်ဆုံး ကိုယ့်ဘဝရဲ့ လက်တွဲ‌ဖော်အထိ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပေမယ့် ကံမ‌ကောင်းစွာနဲ့ လူအဖြစ် ဝင်စားပေါက်ဖွားရမယ့် မိဘတွေနဲ့ အသိုင်းအဝိုင်းကိုတော့ ရွေးချယ်ခွင့် မရှိဘူးနော်။ ကျွန်တော် သိပ်ကံဆိုးခဲ့တယ်ပဲ ဆိုပါတော့။ အမှန်အတိုင်း ဝန်ခံရရင်လေ...ကျွန်တော် ကိုဗညားကို သိပ်အားကျမိပါတယ်”


မှိုင်းညှို့၏ မျက်နှာလေးသည် အရိပ်အယောင်များ ကင်းစင်လျက် ကြည်လင်သန့်ရှင်း၍ လာသည်။ 


“ကျွန်တော် သိတဲ့ အချစ်ဆိုတာ ဒီလိုမျိုးပါပဲ။ ဒါတွေကြောင့်ပဲ ကျွန်တော် အချစ်ကို အယုံအကြည်မရှိတာ။ ကျွန်တော် မချစ်တတ်တာ။ ဘယ်သူ့အချစ်ကိုမှ ကျွန်တော် လက်မခံရဲတာ။ ကျွန်တော် လွန်သလားဟင်”


မှိုင်းညှို့၏ အကြည့်များကို ရှောင်လွှဲ၍ စားပွဲခုံပေါ်က ကော်ဖီခွက်‌လေးကိုသာ သူ စိုက်ကြည့်နေမိသည်။ မှိုင်းညှို့၏ မေးခွန်းများအတွက် သူ့မှာ အဖြေမရှိပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အချစ်ကို နာကြည်းစွာ ကြောက်ရွံ့နေသည့် မှိုင်းညှို့တစ်ယောက် ချစ်တတ်လာအောင်၊ အချစ်သည် နူးညံ့သိမ်မွေ့သလောက် ကြီးကျယ်မြင့်မြတ်သည့် ခံစားမှုတစ်ခုဖြစ်မှန်း နားလည်လက်ခံနိုင်အောင် သက်သေပြနိုင်မည့် နေ့တစ်နေ့ ရောက်လာမည်ဟု သူ အကြွင်းမဲ့ ယုံကြည်ပါသည်။

.

.

.

ရုံးခန်းစားပွဲဆီသို့ ညနေလေးနာရီ‌အရောက်  သူ အပြေးသွားရပြန်ပါသည်။ တစ်နေ့တာ အဝင်၊အထွက် စာရင်းများကို သူ စစ်ဆေးပေးပြီး လက်မှတ်ထိုးပေးရသည်။ သည်နေ့ကျမှ ထိုင်းနိုင်ငံက တင်သွင်းသည့် အဝတ်အထည်များအတွက် ကျသင့်ငွေ ပေးချေဖို့ သူ ပိုက်ဆံထုတ်ပေးရဦးမည်ဖြစ်သည်။ ကိန်းဂဏန်းများကို စိစစ်နေ‌ရင်း ဆေးရုံအခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့သည့် မှိုင်းညှို့ဆီ စိတ်ရောက်ကာ ပူပန်ရသေးသည်။ ညနေ ငါးနာရီခွဲ‌တိတိတွင် သူ့အလုပ်များ ပြီးစီးသွားခဲ့သည်။


အိမ်သို့ ခတ္တပြန်လိုက်ကာ ရေကို ခပ်မြန်မြန်လေး ချိုးလိုက်သည်။ ဖေဖေတို့ကတော့ ဘုရားဖူးခရီး ထွက်သွားသည့်အတွက် အိမ်မှာ ရှိ‌မနေခဲ့ပါ။ အိမ်မှပြန်အထွက်မှာ‌တော့ ဆိုင်ကယ်စီးရင်းသာ ပေါ့ပေါ့ပါးပါးလေး ထွက်လာခဲ့လိုက်သည်။ မှိုင်းညှို့ကို တင်ထားသည့် ဆေးရုံသည် လမ်းမကြီး နှစ်ခုဆုံသည့် လမ်းဆုံထောင့်တွင် ဖွင့်လှစ်ထားသည့်အတွက် ကားပါကင်ထိုးရန် နေရာအခက်အခဲ ရှိ၍ ဖြစ်၏။


ဆေးရုံသို့ သူ‌ ပြန်ရောက်ချိန်မှာတော့ ည(၇)နာရီ ထိုးတော့မည်။ သည်အချိန်လောက်ဆို မှိုင်းညှို့ ဗိုက်ဆာနေလောက်ရောပေါ့။ မှိုင်းညှို့ ရှိနေသည့် သီးသန့်လူနာခန်းဆီသို့ သူ ခပ်သွက်သွက် လျှောက်လာလိုက်သည်။ အခန်းတံခါးဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းတစ်ခုသည် သူ့ကို အံ့အားသင့်သွားစေခဲ့သည်။ 


သီးသန့်လူနာအခန်းလေးသည် ပြီးခဲ့သည့်နာရီများအတွင်း လူအဝင်အထွက် မရှိခဲ့သည့်အတိုင်း သန့်ရှင်းစွာ ငြိမ်သက်တိတ်ဆိတ်လျက်ရှိသည်။ လူနာကုတင်ဘေးက စားပွဲပေါ်တွင် တင်ထားသည့် တိုလီမုတ်စ ပစ္စည်းပစ္စယများလည်း ရှိမနေခဲ့ပါ။ မှိုင်းညှို့ ၏ လူနာခန်းဖြစ်သည်ကို သေချာသွားအောင် အခန်းပေါက်ဝမှာ ချိတ်ဆွဲထားသည့် ကျွန်းသစ်သားပြားလေးမှ စာလုံးများကို ပြန်ဖတ်ကြည့်လိုက်သည်။ 


မှိုင်းညှို့ အခန်း အတိအကျပါပဲ။ ဆေးရုံ၏ Reception (ဧည့်ကြိုကောင်တာ)ကို သွားကာ သူ မေးကြည့်ရသည်။


“သီးသန့် လူနာခန်း 1012 က လူနာ မှိုင်းညှို့ဆွဲငင် ဆိုတဲ့တစ်ယောက်က အခန်းပြောင်းသွားတာလား ဆရာမ’


ကောင်တာက ဆရာမလေးက ကွန်ပျူတာ ခလုပ်များကို တဂျက်ဂျက်မြည်အောင် နှိပ်ရင်း လူနာအချက်အလက်များကို ရှာဖွေလိုက်သည်။


“လူနာ ကိုမှိုင်းညှို့ဆွဲငင်က ဆေးရုံဆင်းခွင့်တောင်းပြီး ပြန်သွားပြီရှင့်”


“ခင်ဗျာ…။ ဘယ်အချိန်လောက်ကများ ဆင်းသွားတာလဲခင်ဗျာ”


ဆရာမလေးက ကွန်ပျူတာမျက်နှာပြင်ကို တစ်ချက် ပြန်ကြည့်ရပြန်သည်။


“ညနေ ငါးနာရီလောက်ကရှင့်”


ဆရာမလေးကို ကျေးဇူးတင်စကားဆိုကာ သူ ထွက်လာခဲ့သည်။ မှိုင်းညှို့တစ်ယောက် ဘယ်လိုစိတ်ကူးမျိုးနဲ့ သူ့ကို အသိမပေးဘဲ ဆေးရုံက ဆင်းသွားရတာပါလိမ့်။ ကိုယ် မင်းကို ဘယ်လိုနားလည်ရပါ့မလဲ မှိုင်းညှို့ရယ်။ သူ ခန္ဓာကိုယ်သည် ဒေါသကြောင့် အနည်းငယ် ပူလောင်လျက်ရှိသည်။ 


သူ ခေါင်းအေးအေးထားကာ မှိုင်းညို့ ဘယ်မှာ ရှိနေနိုင်မလဲ ဆိုတာကို ခန့်မှန်းတွက်ချက်ကြည့်သည်။ သည်နေ့ညသည် ဘားမှာ Unplugged Band ရှိသည့်ည မဟုတ်သည့်အတွက် ဘားသို့ ပြန်သွားခြင်းလည်း မဖြစ်နိုင်ပါ။ သည်တော့ သူ စဉ်းစားစရာ တစ်နေရာသာ ရှိတော့မည်။ မှိုင်းညှို့၏ အဆောင်ပင် ဖြစ်သည်။ မှိုင်းညှို့ အဆောင်၏ လိပ်စာကို သိရဖို့အတွက်တော့ သူ ခေတ်ဆီ ဖုန်းဆက်လိုက်ရပါသည်။


“ဟဲလို ဗညား…ပြော ငါ့ကောင်”


ဖုန်းထဲမှ ခေတ်၏ အသံသည် ထုံးစံအတိုင်း ကြည်လင်လန်းရွှင်လျက် ရှိသည်။


“အေး ခေတ်။ မှိုင်းညှို့လေ မပြောမဆိုနဲ့ ဆေးရုံပေါ်က ဆင်းသွားလို့။ အဲ့ဒါ သူ့ အဆောင်လိပ်စာ မင်း သိမလားလို့”


“အဆောင်မဟုတ်ဘူးကွ။ သူ့ သူငယ်ချင်းတွေနဲ့ စပ်ပြီး လုံးချင်းတိုက်ခန်းတစ်ခုမှာ ငှားနေကြတာလို့ ပြောတာပဲ။ ငါ သူ့လိပ်စာ မမှတ်မိဘူး ဗညား။ CV Form ထဲမှာတော့ ရှိတယ်။ ငါ ရှာပြီး Message ပို့လိုက်မယ် ဗညား”


ခေတ် ဖုန်းချသွားပြီး ခဏအကြာမှာ သူ၏ ဖုန်းအတွင်းသို့ Message တစ်စောင် ရောက်လာခဲ့သည်။ 


(၅၉)လမ်း၊ ၂၉ - ၃၀ကြား။ တိုက် B-2A။


ခေတ် ပို့ပေးသည့် ထိုလိပ်စာလေးကို သူ ဆယ်ငါးမိနစ်ခန့် အကြာတွင် ရောက်ရှိခဲ့သည်။ မှိုင်းညှို့နေသည့် တိုက်လေး၏ အရှေ့သို့ သူ့ဆိုင်ကယ်လေး ထိုးရပ်လိုက်သည့်အချိန်မှာပင် တိုက်ဆိုင်စွာနှင့် မိုးများ ရုတ်တရက်ဆိုသလို ရွာလာခဲ့သည်။ ခဏလေးအတွင်းမှာပင် သူ့တစ်ကိုယ်လုံး မိုးရေများနှင့် ရွှဲရွှဲစိုသွားတော့သည်။


ထိုစဉ် မိုးသံလေသံများအကြားမှ ထိုးထွက်ပျံ့လွင့်လာသည့် ဂစ်တာသံစဉ်တို့ကို ကြားလိုက်ရလေသည်။ ဆိုင်ကယ်ကို ဒေါက်ထောက်၍ ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်မှာပင် သူ ကျကျနန ထိုင်နေရင်း ဂစ်တာသံလေးများကို နားစွင့်နေမိသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဂစ်တာသံစဉ်လေးများနှင့် လိုက်ဖက်ညီလှသည့် သီချင်းသံတစ်ခုသည် သူ့ဆီသို့ လွင့်မျောဝဲသီလာတော့သည်။


🎵 အမှန်တကယ်…ဖွင့်ပြောပြချင်ပါတယ်

ကိုယ် ချစ်ခဲ့တာ အမှန်ကွယ်…ကိုယ့် စိတ်ကူးအိပ်မက်တွေရယ်…

အမှန်တကယ် လှည့်စားဖို့ရာ မရည်ရွယ်…

မျှော်လင့်ချက်သာ ပြန်လည်…ဟန်ဆောင်ထိန်းသိမ်းကာရယ်…

တကယ်ဆို အသည်းကွဲမှာ…ကိုယ် ကြောက်နေတယ်…

ဟိုအရင်လို မင်းကိုလေ…တိုက်ဆိုင်ရင်ကွယ်….🎵


သီချင်းစာသားများကို သူ ပုံဖော်ရင်း ခံစားကြည့်မိသည်။ တစ်စုံတစ်ယောက် ချစ်မိပေမယ့်လည်း အသည်းကွဲရမှာ ကြောက်၍ မချစ်သလို ဟန်ဆောင်ဖုံးကွယ်နေရသည့် သူတစ်ဦး၏ အကြောင်းကို ရေးဖွဲ့သီကုံးထားသည့် စာသားများသည် သေသပ်လှပစွာ တိကျပေါ်လွင်သည်။ သီချင်းထဲမှာ ရည်ရွယ်ထားသည့် တစ်စုံတစ်ယောက်သည် သူပဲလား။ ဗညား၏ နှလုံးသားလေးသည် သံစဉ်များနှင့်အတူ လှုပ်ရှားလာသည်။


🎵 မမြင်အောင် ပုန်းကာ ဝှက်ကာရယ်…အကြင်နာ ဖုံးဖိထားပါတယ်

ရင်ဆိုင် မင်းမျက်ဝန်းရဲ့ အကြည့်တွေကို နားလည်တယ်…

အပြင်မှာ မသိသလိုပဲ နေမယ်… ရင်မှာ ရှိတာမင်းပါကွယ်…

အစဉ်သာ ပေးဆပ်ရင်း မင်းနောက်ကွယ်…တိတ်တိတ်ကလေးပဲ ချစ်သွားမယ်…🎵


သီချင်းလေး၏ အဆုံးတွင် တိုက်လေး၏ အပေါ်ထပ် အခန်းလေးတစ်ခုမှ ခန်းဆီးစလေးသည် အရိပ်ကလေးတစ်ခုနှင့်အတူ လှုပ်ရှားသွားသည်ကို ဗညား ရိပ်ခနဲ မြင်လိုက်ရသည်။ သူ အိမ်ပြန်ရမလား၊ မှိုင်းညှို့ကို ထွက်တွေ့ဖို့ ပြောရမလား တွေဝေနေစဉ်မှာပင် တိုက်လေးအတွင်းမှ ကောင်လေးတစ်ယောက် ပန်းရောင်ထီးလေးကို ဆောင်းရင်း ပြေးထွက်လာခဲ့သည်။

“ကိုဗညား…၊ အပေါ်ကနေ ကြည့်နေတာ တူပါတယ်လို့။ မိုးရွာကြီးထဲ ဘာလာလုပ်ရတာလဲဗျာ”


မှိုင်းညှို့သည် မှိုင်းညှို့ပီသစွာပင် သူ့အပေါ် ဆက်ဆံပါသည်။ မှိုင်းညှို့၏ မျက်နှာမှာတော့ အနည်းငယ် စိတ်ရှုပ်ဟန်နှင့် တစ်စုံတစ်ခုကို စိတ်ပူနေသည့် အရိပ်အယောင်များ ရောနှောယှက်ပြေးနေသည်။


“မင်းကို စိတ်ပူလို့ပေါ့ မှိုင်းညှို့ရဲ့။ ဘာလို့ မပြောမဆိုနဲ့ ဆေးရုံပေါ်က ဆင်းသွားရတာလဲ။ ကိုယ့်ကို ပြောပြဖို့တော့ ကောင်းပါတယ်”


“ကိုဗညားကို ပြောရင်‌လဲ လက်ခံမှာ မဟုတ်မှန်းသိနေလို့ပေါ့။ ကျွန်တော် သက်သာပါပြီ။ ကျွန်တော်ကြောင့် ကိုဗညား ထပ်ပြီး ပင်ပန်းနေမှာစိုးလို့”


“ကျေးဇူးကြွေး ထပ်တင်မှာကို စိတ်ပူတာလား မှိုင်းညှို့”


“ဟာ…မခနဲ့ပါနဲ့လားဗျာ။ နေ့လည်က ကျွန်တော် စကားမှားသွားရင် တောင်းပန်ပါတယ်”


ဘုရားရေ…။ ထူးထူးဆန်းဆန်း။ သူ့အပေါ် အေးစက်စိမ်းကားသည့် မှိုင်းညှို့ထံမှ နူးညံ့ကျိုးနွံစွာ တောင်းပန်သည့် စကားတစ်ခွန်းကို ကြားရလိမ့်မည်ဟု သူ မထင်မှတ်ထားပါ။ 

သူ့ကို ငေးစိုက်ကြည့်နေသည့် မှိုင်းညှို့၏ မျက်ဝန်းများသည် မိုးစက်လေးများ ဖြတ်သန်းစီးဆင်းနေသည့် မီးရောင်များအောက်တွင် ရွှန်းလဲ့တောက်ပလျက်ရှိသော်လည်း နူးညံ့ညင်သာနေသည်။ သူ့အပေါ် စိမ်းကားအေးစက်သည့် အရိပ်အယောင်များလည်း ကင်းမဲ့လျက်ရှိသည်ကို သူ ဝမ်းသာစွာ တွေ့မြင်လိုက်ရသည်။ သွေးရောင်လွှမ်းနေသည့် နှုတ်ခမ်းတစ်စုံမှာလည်း ပြုံးတော့မလို၊ ရယ်တော့မလိုနှင့် လှုပ်ရှားသွားသည်။


မိုးရေစက်များကြားထဲတွင် တစ်ယောက်နှင့် တစ်ယောက် သတိကင်းလွတ်စွာ အပြန်အလှန် စိုက်ကြည့်နေကြရင်း ရင်ခုန်နှုန်းများ မြန်လာခဲ့ကြသည်။ သူတို့ကို သူတို့ သတိမထားမိချိန် တဒင်္ဂလေးအတွင်းမှာ တစ်ယောက်ဆီ တစ်ယောက်  နီးကပ်တိုးဝင်လာကြသည်။ ထို့နောက် မှိုင်းညှို့၏ ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းသိမ်းဖက်လိုက်မိလေသည်။ မှိုင်းညှို့လက်ထဲမှ ပန်းရောင်ထီးလေးသည် မြေပြင်ပေါ်သို့ ပက်လက်လန်ကာ လဲကျသွားသည်။ 


သူ့ရင်ခွင်ထဲမှ မှိုင်းညှို့သည် ငြိမ်သက်လျက်ရှိသည်။ မိုးရေစက်များကြောင့်လား၊ ဒါမှမဟုတ် အထိန်းအချုပ်မဲ့စွာ ခုန်လှုပ်နေသည့် နှလုံးသားကြောင့်ပဲလား… သူ့ရင်ခွင်ထဲတွင် ခိုဝင်နေသည့် မှိုင်းညှို့၏ ကိုယ်ခန္ဓာကလေးသည် အနည်းငယ် တုန်ရီလျက်ရှိသည်။ ဗညားသည် အိပ်မက်တစ်ခုထဲသို့ ရောက်နေခဲ့သူလို စိတ်ခုန်လှုပ်ရှားနေသည်။ မှိုင်းညှို့ကို သူ့ရင်ခွင်ထဲမှ လွတ်ထွက်မသွားအောင် တင်းကျပ်စွာ ဖက်ထားလိုက်သည်။


“ကိုယ် မင်းကို သိပ်ချစ်တာပါ မှိုင်းရယ်။ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်ရတာပါ”


နှလုံးသားမှ ရုန်းကြွထွက်လျှံလာသည့် စကားများကို သူ နင့်နင့်သီးသီး ဖွင့်ဟပြီးချိန်တွင် သူ့ပါးပြင်ပေါ်သို့ မျက်ရည်စများ ဖြတ်သန်းစီးကျလာခဲ့သည်။ ကောင်းကင်မှ လျှပ်စီးတစ်ခု ဖျက်ခနဲ လင်းလက်သွားမှုသည် သူ့ခံစားချက်များကို ထိန်းချုပ်ဖို့ရန်အတွက် သတိပေးလိုက်သလို သူ့အသိစိတ်များ ပြန်ဝင်လာခဲ့သည်။ သူ့ရင်ခွင်ထဲမှ မှိုင်းညှို့ကို အလန့်တကြား ဖယ်ထုတ်လိုက်မိသည်။ 


“ကိုယ် ပြန်သင့်ပြီ”


သို့သော် သူသည် မှိုင်းညှို့အနားမှ ခြေတစ်လှမ်းလေးမျှတောင် တွန့်ဆုတ်ထွက်ခွာ မသွားနိုင်ခဲ့ပါ။ မိုးရေစက်များနှင့် ရွှဲစိုကာ နီဆွေးတောက်ပနေသည့် မှိုင်းညှို့၏ နှုတ်ခမ်းလေးတစ်စုံသည် သူ့အား ညှို့ယူဆွဲငင်လျက်ရှိသည်။ သူ့နှုတ်ခမ်းများသည် မှိုင်းညှို့နှုတ်ခမ်းများဆီသို့ ဦးတည်၍ ရွေ့လျားနေသည်။ မျက်နှာနှစ်ခု ထိဆက်တော့မတတ် နီးကပ်လာချိန်တွင် မှိုင်းညှို့၏ မျက်လွှာလေးများသည် နူးညံ့သိမ်မွေ့စွာ ဖြည်းဖြည်းချင်း ပိတ်သွားကြတော့သည်။


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်


rate now: