book

Index 4

Chapter 4

သူ၏ တနင်္ဂနွေ ညနေခင်း (၄)နာရီသည် ဖြစ်ရိုးဖြစ်စဉ် ညနေခင်းများကဲ့သို့ ပျင်းရိသွေ့ခြောက်ဖွယ်ရာပင် ဖြစ်သည်။ သို့သော် တနင်္ဂနွေ၏ မကြာခင် ရောက်ရှိတော့မည့် ညခင်း အချိန်အပိုင်းအခြားလေးသည်တော့ ရင်ဖိုကြည်နူးဖွယ်ရာ ဖြစ်ပါလိမ့်မည်။ Mr.Chill ဘားလေး၏ တနင်္ဂနွေညသည် ရင်ခုန်ဖွယ်ရာ ဂီတသံစဉ်များ ဆွတ်ပျံ့ဖုံးလွှမ်းတတ်သည့် ညလေးတစ်ည ဖြစ်၍ ဖြစ်သည်။ မှိုင်းညှို့၏ သီချင်းဆိုဟန်လေးများကို သူ့မြင်ကွင်းများထဲ မြင်ယောင်တမ်းတနေရသည်အထိ မှိုင်းညှို့ကို သူ လွမ်းလှပြီ။


အဆုံးမရှိ ကျယ်ဝန်းကြီးမားသည့် ကောင်းကင်ပြာကြီးကို နောက်ခံထား၍ တိမ်တိုက်ဖြူလေးတို့သည် လေနှင်ရာလွင့်မျောနေသည့် ဂွမ်းအစိုင်အခဲကြီးများလို ပြေးလွှားဆော့ကစားနေကြသည်။ သည်နေ့ အပြင်မှာ နေသာလိမ့်မည် ထင်၏။ နေဝင်ခါနီး ညနေစောင်းအချိန်သို့ ရောက်‌ရှိနေပါလျက် နေလုံးကြီးသည် မာန်ဟုန်ပြင်းစွာ ပူလောင်စူးရှနေဆဲ ဖြစ်ကြောင်း သူ မြင်နေရသေးသည်။ တောက်ပလင်းလက်စွာ ပြာလွင်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်ပြီး အပြင်ပတ်ဝန်းကျင်၏ လက်ရှိအပူချိန်ကို စိတ်တွက်ဖြင့် မှန်းဆလိုက်သည်။ ထိုစဉ် ဘာမှမဆိုင်ပါဘဲ မှိုင်းညှို့ဆိုသည့် ကောင်လေးတစ်ယောက်ကို သူ လွမ်းဆွတ်မိသေး၏။ သည်အချိန်ဆို မှိုင်းညှို့တစ်ယောက် ဘာများ လုပ်နေမှာပါလိမ့်။


ကျယ်ဝန်းကြီးမားသော လေးထပ်တိုက် အဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် ရှိသည့် သူ့ရုံးခန်းအတွင်းက မှန်နံရံများမှတဆင့် အပြင်လောကကို စိတ်ပြေလက်ပျောက် ငေးကြည့်နေမိလိုက်သည်။ မကြာသေးသည့် မိနစ်ပိုင်းအတွင်းမှာ သူ့ရုံးခန်းအတွင်း Monthly Meeting (လပတ် အစည်းအဝေး) တစ်ခု ပြီးမြောက်ခဲ့၏။ Projector မှ ထိုးပြနေသည့် Slides များကို ကြည့်နေရင်းမှ သူ့မျက်လုံးထဲ မှိုင်းညှို့၏ ပုံရိပ်များ ဝင်ရောက်လာခဲ့ပြန်၍ သူ့စိတ်ကို မပျံ့လွင့်အောင် အတော်အတန် ကြိုးစားထိန်းသိမ်းလိုက်ရသေးသည်။


ဘာလိုလိုနှင့် သည်လုပ်ငန်းတစ်ခုလုံးကို ဖေဖေ့လက်ထဲမှ သူ လွှဲပြောင်းရရှိခဲ့တာ ရှစ်လခန့်ပင် ရှိတော့မည်။ Fashion ဆိုင်ကြီး တစ်ခုလုံး၏ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖေဖေ့ထံမှ သူ လက်လွှဲမယူခင် အလုပ်သင်အနေနှင့် သူ လေ့လာခဲ့ရသည့်အချိန်ကာလများပါ ထည့်တွက်မည်ဆိုလျှင် တစ်နှစ်တိတိရှိပြီ။ သည်တစ်နှစ် ဆိုသည့် အချိန်အတောအတွင်းမှာ Fashion Mallကြီး၏ ဟိုးအောက်ခြေ လုံခြုံရေး ဝန်ထမ်းမှအစ စတုတ္ထအထပ်ရှိ ရုံးခန်းဝန်ထမ်းများအထိ နိုင်နင်းစွာ အုပ်ချုပ်နိုင်ခဲ့သည်မှာ ဘုန်းဗညားမောင်၏ အရည်အချင်းတစ်ခုပင် ဖြစ်သည်။

မန္တလေးမြို့၏ အစည်ကားဆုံးအရပ်ဟု ဆိုနိုင်သည့် မိန်းထဲတွင် သူတို့ဆိုင်ကြီးကို ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားသည်။ နောက်ဆုံးပေါ် ဗိသုကာလက်ရာ ဒီဇိုင်းများနှင့် ဖန်တီးတည်ဆောက်ထားသည့် သူတို့၏ 'Parallel Universe ' Fashion Mall ကြီးသည် မိန်းထဲတွင်တော့ အထင်ပေါ်ဆုံး ဖြစ်ပါသည်။ 


ဆိုင်ကယ်ပါကင်၊ ကားပါကင်အတွက် မြေအောက်ခန်းကိုပါ ထည့်သွင်းတည်ဆောက်ထားသည်။ မြေညီထပ်သည် ကလေးများအတွက် ရည်ရွယ်သည်။ မွေးကင်းစ ကလေးအရွယ်မှ (၁၀)နှစ်အရွယ် ကလေးများအထိ ဝတ်ဆင်နိုင်သော အဝတ်အစား အသုံးအဆောင်များကို ခင်းကျင်း ရောင်းချပေးသည်။ ဒုတိယထပ်တွင်တော့ လူငယ်များသာမက လူကြီးအရွယ်အထိ ရွေးချယ်ဝယ်ယူနိုင်သည့် အဝတ်အထည်များစွာနှင့် အမျိုးသားသုံး အသုံး‌အဆောင်ပစ္စည်းများကို အသက်အရွယ်မရွေး ဝယ်ယူနိုင်စေရန် ဝေဝေဆာဆာ ပြသရောင်းချသည်။ 

တတိယမြောက်အထပ်သည် အမျိုးသမီးများအတွက် သီးသန့်ဖြစ်သည်။ အမျိုးသမီးများအတွက်ဟုဆိုရာတွင် ကိုယ်ဝန်ဆောင်များအတွက် ဗိုက်ဖုံးအင်္ကျီများမှအစ၊ ကျောင်းဆရာမများအတွက် ကျောင်းစိမ်းဝတ်စုံအထိ အမျိုးအစားစုံလင်စွာနှင့် အသက်အရွယ်အမျိုးမျိုးအတွက် ရောင်းချပေးသည်။ ဦးထုပ်၊ ဆံညှပ်ကလစ်လေးများမှ စ၍ အတွင်းဝတ် အဝတ်အစားများ၊ ဖိနပ်လေးများအထိ သူ့အခန်းများနှင့်သူ ခင်းကျင်းထားသည်။


စတုတ္ထထပ်တွင်တော့ ဘုန်းဗညားမောင်၏ ရုံးခန်းရှိသည်။ အစည်းအဝေးများ ရံဖန်ရံခါပြုလုပ်ရန်အတွက် ရည်ရွယ်‌ခဲ့သည်မို့ သာမန် ရုံးခန်းတစ်ခန်းထက် ပိုမို၍ ကျယ်ဝန်းလေသည်။ လူအယောက် (၃၀)ခန့် တစ်ခါတည်း ထိုင်၍ စုစည်းစည်းဝေးကာ ထိုင်နိုင်သည့် နိုင်ငံခြားဖြစ် အလူမီနီယံခုံရှည်ကြီး တစ်ခုံကို သူ့ရုံးခန်း၏ အလည်တည့်တည့်တွင် ချထားသည်။ Cannon တံဆိပ် Projector ကြီးကိုလည်း စားပွဲရှည်ကြီး၏ ဟိုဘက်ထောင့်စွန်းတွင် တင်ထား၏။ သူ့ရုံးခန်း၏ နောက်ကျောဘက်တွင်တော့ ဂိုထောင်အဖြစ် အသုံးပြုသည့် အခန်းကျယ်ကြီးတစ်ခန်းရှိလေသည်။ ထိုဂိုထောင်၏ မျက်နှာချင်းဆိုင်ဘက်မှာတော့ ရုံးဝန်ထမ်းများ၏ ရုံးခန်းများရှိလေ၏။


ရုံးခန်းအတွင်းက အလုပ်စားပွဲပေါ်တွင် ထိုင်နေရင်း လချုပ်စာရင်းများနှင့် ဈေးကွက်အစီအရင်ခံစာများကို ဘုန်းဗညားမောင်တစ်ယောက် စိတ်မပါစွာ စစ်ဆေးကြည့်ရှုနေစဉ် မန္တလေးကို ပြန်ဆင်းခဲ့သည့် မနက်က ဖွားမြ သူ့ကို တီးတီးတိုးတိုးမှာကြားလိုက်သည့် စကားတစ်ခွန်းကို ဘုန်းဗညားမောင် ပြန်လည်ကြားယောင်လာသည်။ 


"ငါ့မြေး...၊ မှိုင်းညှို့လေးက သနားစရာပါကွယ်။ ငါ့မြေးက သေချာကြည့်ရှုပြီး ဂရုစိုက်ပေးလိုက်ပါဦး"


ဖွားမြက ဘာအဓိပ္ပာယ်နှင့် မှာတာဖြစ်နိုင်မလဲ။ သူ မစဉ်းစားတတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မှိုင်းညှို့အပေါ် ဖွားမြ သံယောဇဉ်ဖြစ်သွားရသည်ကိုပဲ ကြားထဲကနေ သူ ကျေနပ်ဝမ်းသာမိရပါသည်။


တံခါးခေါက်သံတစ်ခုက သူ့ရုံးခန်း‌လေး၏ တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သဖြင့် သူ၏ အတွေးများ လွင့်ပြယ်ပျောက်ကွယ်သွားရသည်။


"ဝင်ခဲ့ပါ"


ညင်သာသော်လည်း ပြတ်သားတိကျသည့် စကားသံမျိုးဖြင့် သူ ခွင့်ပြုလိုက်ချိန်တွင် တိုးဖွနူးညံ့သည့် ဒေါက်ဖိနပ်လျှောက်သံလေးတစ်ခုသည် သူ၏ စားပွဲနားသို့ ရောက်လာခဲ့သည်။ ထိုခြေသံကို ကြားလိုက်ရသည်နှင့် စာရင်းအင်းဌာနမှ မိုးတိမ်က‌ဗျာမှန်း လှည့်ကြည့်စရာမလိုဘဲ သူ သိလိုက်သည်။ အလုပ်ရှုပ်နေဟန်နှင့် စာရင်းစာအုပ်များကိုသာ လှန်လှောရင်း ငုံ့ကြည့်နေလိုက်သည်။


"ကိုဗညား...ကဗျာတို့ ရုံးဆင်းတော့မလို့။ ဘာများ လုပ်ပေးစရာ ရှိဦးမလဲ လာမေးတာရှင့်"


သူနှင့် မျက်နှာချင်းဆိုင်က နံရံတွင် ချိတ်ဆွဲထားသည့် သံစုံမြည်တိုင်ရှေးဟောင်းကပ်နာရီကြီးကို အချိန်မသိဟန်နှင့် တစ်ချက်မော့ကြည့်လိုက်သည်။ တကယ်တော့ ရုံဆင်းချိန်ရောက်နေခဲ့ပြီဆိုသည်ကို အချိန်မတန်ခင်ကတည်းက နာရီတကြည့်ကြည့် လုပ်နေခဲ့သည့်အတွက် သူ သိနှင့်ပြီးဖြစ်ပါသည်။


"မရှိတော့ပါဘူး...မကဗျာ။ ရုံးဆင်းလို့ရပါပြီ"


မိုးတိမ်ကဗျာသည် အချိုသာဆုံး အပြုံးတစ်ချက်ဖြင့် နှုတ်ဆက်ကာ လှည့်ထွက်သွားသည်။ သူလည်း စစ်လက်စ စာရင်းစာအုပ်ကို လျှင်လျှင်မြန်မြန် ပိတ်ရင်း ရုံးဆင်းဖို့ ပြင်ဆင်‌မိတော့၏။ လူကသာ ရုံးခန်းအတွင်းမှာ ရှိသေးသည်။ စိတ်ကတော့ မှိုင်းညှို့ရှိရာ အရပ်သို့ ရောက်နှင့်နေခဲ့လေပြီ။


Mr.Chill ဘားလေး၏ တနင်္ဂနွေညသည် သူ ရောက်ဖူးခဲ့သည့် ညများထက် ပို၍ စည်ကားနေခဲ့သည်။ ဧည့်သည်မရှိဘဲ လွတ်နေသည့် စားပွဲဟူ၍ တစ်လုံးမှ မရှိ။ ဘုန်း‌ဗညားမောင် ထိုင်နေခဲ့သည့် စားပွဲလေးတောင် ခေတ်မင်းဆက်၏ အလိုက်သိတတ်စွာ ချန်ထားပေးမှုကြောင့် ထိုင်ခွင့်ရခြင်း ဖြစ်သည်။


"မီးလုံး တချို့ကို ပိတ်လိုက်ရင် ကောင်းမလား။ တအား လင်းနေသလားလို့"


‌သူ့ကို ပြုံးစစနှင့် ကြည့်ရင်း ဆိုလာသည့် ခေတ်၏ စကားကို သူ နားမလည်ပါ။ 


"မလင်းပါဘူး ခေတ်ရ၊ အနေတော်ပါပဲ။ ဘာလို့လဲ"


"မဟုတ်ဘူးဟေ့။ အရမ်းတွေပြင်ဆင်လာလို့ မင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက အရောင်ထွက်ပြီး ပြောင်လက်နေလို့လေ။ အဲ့တာ ငါ မီတာခ သက်သာအောင် မီးပိတ်ထားရင် ကောင်းမလားလို့"


ခေတ်၏ ခပ်ရွဲ့ရွဲ့စကားကြောင့် ရှက်ကန်းကန်းဖြစ်သွားသည့် ဗညား၏ မျက်နှာကိုကြည့်ရင်း ခေတ်က သဘောကျစွာ ရယ်မောနေတော့သည်။


"ဗညား...၊ ဒါနဲ့ အခြေအနေ ဘယ်လိုလဲ"


သည်တစ်ခါတော့ ခေတ် ဘာကိုဆိုလိုမှန်း ဗညား ရိပ်စားမိပါသည်။


"မင်းလဲ သိသားနဲ့ကွာ။ မှိုင်းညှို့က ငါ့ကို စကားတောင် သိပ်ပြောချင်ပုံမရဘူး။ ဘာလို့လဲ မသိဘူးကွာ။ မင်းတို့ကျ စကားတွေ ဖောဖောသီသီပြောပြီး။ ငါ့ကိုကျမှ စကားနည်းတာဆိုတော့..."

ဗညားက ပြောလက်စ စကားကို အဆုံးမသတ်ဘဲ ရပ်လိုက်သည်။ သည်လောက်ဆို ခေတ်လဲ သဘောပေါက်မည် ထင်ပါသည်။

"ငါကတော့ ဒီလိုထင်တာပဲ။ ဘာပဲပြောပြော ငါက သူ့ရဲ့ အလုပ်ရှင်လေ‌ကွာ။ မပြောချင်လဲ ပြောရမှာပဲ။ နောက်ပြီး ပရိသတ်ကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံတာကတော့ ဖြစ်သင့်ပါတယ်။ ဒါ သူ့အလုပ်လေ"


"ဒါဆို...ဖွားမြတို့၊ ဖေဖေ မေမေတို့နဲ့ ရင်းနှီးလွယ်တာကရော..."


ခေတ်က သူ၏ ချောင်ပိတ်အမေးကို ချက်ချင်း မဖြေဘဲ တွေးတွေးဆဆ ချင့်ချိန်ကာ စကားလုံး ရွေးပြီးမှ တုံ့ပြန်သည်။


"တချို့တွေကကျ ဒီလိုရှိတယ် ဗညားရဲ့။ ရွယ်တူအချင်းချင်းဆို သိပ်ပြီး စကားမပြောတတ်တာမျိုးပေါ့။ လူကြီးတွေနဲ့ကျမှ ပြောဆိုပေါင်းသင်းတတ်တာ။ တချို့ ငါ့သူငယ်ချင်းတွေထဲမှာလဲ အဲ့လို လူမျိုးတွေ ရှိတယ်"


ခေတ်၏ နှစ်သိမ့်စကားသည် သူ့ကို နည်းနည်းလေးမှ အားမဖြစ်စေခဲ့ပါ။ သူ သက်ပြင်းတစ်ခုကိုသာ ခပ်လေးလေး ချလိုက်မိသည်။ သူ့အပေါ်မှာ စိမ်းကားအေးစက်လွန်းသည့် ကောင်လေးကိုမှ စွဲစွဲလန်းလန်း ချစ်မိသည်မှာ ကျိန်စာတစ်ခုပဲလား။ သူသည်လို တွေးမိသည့်အခါ သူ့နှလုံးသားလေး ဆူးခနဲ အောင့်မျက်နာကျင်သွားရသည်။


"မင်း ပြောသလို ဖြစ်ရင်တော့ သိပ်ကောင်းမှာပဲ ခေတ်ရာ"


ခေတ်က အားပေးဟန်အကြည့်များနှင့် ကြည့်ကာ သူ့ပခုံးလေးကို ခပ်ဖွဖွပုတ်ရင်း နှစ်သိမ့်ပေးသည်။ ထိုစဉ်မှာပင် မှိုင်းညှို့ဆွဲငင်ဆိုသည့် ဘုန်းဗညားမောင် မြတ်နိုးစွဲလန်းရသည့် ကောင်လေးတစ်ဦး စင်ပေါ်သို့ တက်လာခဲ့တော့၏။ ထုံးစံအတိုင်း ပရိသတ်များ၏ လက်ခုပ်သံများသည် ဝေဆာမြိုင်ဆိုင်စွာ ထွက်ပေါ်လာခဲ့သည်။

မှိုင်းညှို့ ဝတ်ထားသည့် မီးခိုးရောင် ရှပ်အင်္ကျီကြောင့်ပဲလား၊ စတိတ်စင်ပေါ်က မီးလုံးများ အားနည်းနေလို့ပဲလားတော့ မသိ။ မှိုင်းညှို့၏ မျက်နှာလေးသည် အရင်ကထက် ဖျော့တော့ညှိုးမှိန်နေသည်ဟု ထင်မိသည်။


မှိုင်းညှို့ကတော့ သူ့ရဲ့ ဟန်ပန်အတိုင်း ဂစ်တာကြိုးလေးများကို သွယ်လျနေသည့် သူ၏ လက်ချောင်းလေးများနှင့် တစ်ချက် အသာအယာ ကစားလိုက်ပြီးတော့မှ ပရိသတ်ဘက်သို့ ဝေ့ခနဲကြည့်ကာ အလှဆုံး ပြုံးထားရင်း နှုတ်ဆက်လိုက်သည်။ မှိုင်းညှို့၏ အမူအရာများအားလုံးကို ဗညား တမေ့တမော ကြည့်နေမိသည်မှာလည်း အချစ်တစ်ခုပေပဲလား။


"အားလုံးပဲ မင်္ဂလာပါ...။ ပထမဦးဆုံးအနေနဲ့...အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ ဆိုတဲ့ သီချင်းလေးနဲ့ သီဆိုဖျော်ဖြေပေးပါရစေ"


ကျယ်လောင်စွာ ပေါ်ထွက်လာသော လက်ခုပ်သံများ ငြိမ်သက်သွားသည့်အချိန်တွင် ဂစ်တာလက်ခတ်သံလေးသည် သာယာငြိမ့်ညောင်းစွာ ဝဲလွင့်‌လွန့်လူးလာခဲ့သည်။ စက္ကန့် (၃၀)စာ ဂစ်တာသံစဉ်လေး၏ ခင်းကျင်းတီးခတ်မှုအပြီးတွင် ရင်ကို အေးချမ်းသွားစေနိုင်သည့် သီချင်းသီဆိုသံလေးသည် ဂစ်တာသံများနှင့်အတူ လှပစွာ ထွက်ပေါ်လာခဲ့သည်။


🎵ပျော်ချင်တိုင်းလည်း မပျော်ရပါ...

ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ...

မသိသေးတဲ့ ဒီလောကရဲ့ အထာ... 

အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ...

နေသာ ခိုက်မှာ မြင်လို့လေ...

တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူး မပြောသာ...

ခန့်မှန်းလို့ မရကောင်းတဲ့ အခြင်းအရာ...

အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ...🎵


သီချင်းစာသား တစ်လုံးချင်းစီတိုင်းကို စီမျောခံစားရင်း သီဆိုကျူးရင့်နေသည့် မှိုင်းညှို့၏ သီချင်းသံလေးသည် နားဆင်သူများ၏ နှလုံးသားများကို လွမ်းဆွတ်‌ဆွေးမြေ့စေသည့် ရသတစ်မျိုး ခံစားရစေသည်။ သီချင်းစာသားလေးထဲက အတိုင်းပါပဲ မှိုင်းညှို့ရယ်။ ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရသူတွေထဲမှာ ကိုယ်က ထိပ်ဆုံးကပေါ့။ 


🎵အပြုံးနဲ့ယှဉ်တွဲ...နွှဲခဲ့ဖူးတာလည်းအခါခါ...

နောက်‌ဆုံးတော့ အငိုသာ ကျန်မြဲပါ...

ကိုယ့်အတွက်မှာတော့ အချစ်စစ်ဆိုတာဟာလေ.......🎵


ဝုန်းခနဲ မြည်သံကြီးနှင့်အတူ သီချင်းသံလေးသည် ရုတ်တရက် ရပ်တန့်သွားသည်။ မှိုင်းညှို့တစ်ယောက် သီချင်းဆိုနေရင်း မေ့မျောကာ နောက်ပြန်လဲကျသွားခဲ့သည်။ ပရိသတ်များ ဟာခနဲ ဟင်ခနဲနှင့် လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။ မထင်မှတ်ထားသည့် မြင်ကွင်းကြောင့် ဗညား၏ မျက်လုံးများ ပြာဝေသွားရသည်။ စင်ပေါ်သို့ အပြေးတက်သွားကာ သတိလစ်မေ့မျောနေသည့် မှိုင်းညှို့၏ ကိုယ်လုံးလေးကို ဆွဲယူထွေးပွေ့ထားလိုက်သည်။ 


အနီးကပ်ကြည့်လိုက်တော့မှ မှိုင်းညှို့၏ နှုတ်ခမ်းများသည် သွေးရောင်ကင်းမဲ့ကာ ဖြူဖျော့သွေ့ခြောက်နေသည်။ နဖူးစပ်မှ ချွေးစေးများသည်လည်း မျက်နှာပြင်ပေါ်သို့ စီးကျရွဲစိုလျက်ရှိသည်။ မှိုင်းညှို့၏ ကိုယ်မှ အပူငွေ့ငွေ့ကိုလည်း သူ ခံစား၍ ရသည်။


"ခေတ်...၊ ငါတို့ မှိုင်းညှို့ကို ဆေးရုံတင်မှဖြစ်မယ်"


အနီးစပ်ဆုံး အထူးကုဆေးရုံတစ်ခုသို့ ဝင်၍ သတိလစ်နေသည့် မှိုင်းညှို့ကို ပို့ဆောင်ပြသလိုက်ရသည်။ မှိုင်းညှို့၏ ပျော့ခွေနေသည့် ကိုယ်ခန္ဓာကို ဘီးလုံးတပ်ကုတင်ပေါ်တင်ရင်း သီးသန့်လူနာခန်းအတွင်းသို့ တာဝန်ကျ ဆရာဝန်များမှ ခေါ်ဆောင်သွားကြသည်။ အပြင်လူများ ဝင်ခွင့်မရှိ၍ ဗညားနှင့် ခေတ် လူနာခန်း အရှေ့တွင် စောင့်နေခဲ့ကြရသည်။ အခန်းရှေ့က လျှောက်လမ်းမှာ ဗညားတစ်ယောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ယောက်ယက်ခတ်နေခဲ့လေ၏။


"ဗညား...စိတ်ထိန်းပါဦးကွာ...တော်ကြာ...မင်းလည်း တစ်ခုခု ဖြစ်နေဦးမယ်။ နေဦး...ဒီမှာ စောင့်နေဦး။ ငါ မင်းအတွက် ရေ‌သွားဝယ်လိုက်ဦးမယ်"


ခေတ်က ပြောရင်းဆိုရင်း ထွက်သွားခဲ့သည်။ ထိုအချိန်မှာပဲ လူနာအခန်းအတွင်းမှ သူနာပြုတစ်ဦးထွက်လာခဲ့သည်။


"ဆရာမ... လူနာက ဘာဖြစ်တာလဲဟင်။ ဘာရောဂါလဲ ဆရာမ။ စိုးရိမ်ရလား။ သတိမရသေးဘူးလား။ သက်သာအောင် ကုပေးပါ ဆရာမရယ်။ ပိုက်ဆံ ဘယ်လောက် ကုန်ကုန် ကျွန်တော်တို့...."


"ဒီမှာရှင့်..."


စိတ်လှုပ်ရှားကာ မေးခွန်းများ တရစပ်မေးနေသည့် သူ့ကို သူနာပြုဆရာမလေးက စိတ်မရှည်စွာ ငေါက်ဆတ်ဆတ်နှင့် အော်လိုက်တော့မှ ရေနှင့် အလောင်းခံလိုက်ရသည့် မီးတောက်တစ်ခုသဖွယ် ဗညား ငြိမ်ကျသွားသည်။


"ကျွန်မက ဘာမှ မပြောရသေးဘူး။ ရှင်ချည်း မေးနေတော့ မခက်ဘူးလား။ ကျွန်မပြောတာ အရင် နားထောင်ပေးမှ‌ပေါ့ရှင့် ။ လူနာက အခုလောလောဆည် အရေးတကြီး သွေး နှစ်ပုလင်းသွင်းဖို့ လိုနေတယ်။ အဲ့ဒါ ရှင် ရှာပေးနိုင်မလား"


"ဟုတ်...ရှာပေးနိုင်ပါတယ် ဆရာမ။ ဘာသွေးလိုတာလဲဟင်"


"အိုသွေး"


"ဟာ...ကျွန်တော်လဲ အိုသွေးပဲ။ ကျွန်တော် လှူပါရစေ"


ဆရာမလေးက ဗညားကို အကဲခတ်သလို ခပ်ဆဆလေး ကြည့်လိုက်သည်။


"ရှင် ကျန်းမာပါရဲ့နော်။ သွေးက နှစ်ပုလင်းတောင် ဖောက်ယူရမှာ"


"ရပါတယ် ဆရာမ။ ကျွန်တော် ကျန်းမာပါတယ်။ ဘာရောဂါပိုးမှလဲ မရှိပါဘူး"


"ကောင်းပြီလေ...ဒါ‌ဆို လိုက်ခဲ့"


သူနာပြုဆရာမလေး ဦးဆောင်ခေါ်ဆောင်ရာနောက်သို့ သူ လိုက်သွားလိုက်သည်။ အရေးပေါ် လူနာအခန်းအတွင်းသို့ ဝင်ဝင်ချင်းမှာ မြင်လိုက်ရသည့် မှိုင်းညှို့၏ သွေးမရှိသည့်အလား ဖြူဖျော့ဖွေးဆွတ်နေသည့် မျက်နှာလေးသည် သူ့နှလုံးသားကို ဆွဲညှစ်ကိုင်ဆုပ်လိုက်သလိုပါပင်။ 


ဆရာမလေးက သူ့ကို မှိုင်းညှို့၏ ဘေးနားက ကုတင်အလွတ်မှာ လှဲလျောင်းစေပြီး သွေးပေါင်ချိန် တိုင်းတာကြည့်သည်။ ပြီးမှ ဘယ်ဘက်လက်ဖျံမှ သွေးဖောက်ယူလိုက်သည်။ ငါးမိနစ်ခန့်ကျော်ကျော်တွင် သွေးပုလင်းအိတ်လေးသည် သွေးရည်များနှင့် ပြည့်နှက်ကာ ဖောင်းလာတော့သည်။ ဆရာမလေးက သူ့ဘယ်ဘက် လက်ဖျံမှ သွေးကြောအတွင်းမှာ ထိုးသွင်းထားသည့် အပ်ပိုက်လေးကို ညင်သာစွာ ဆွဲထုတ်လိုက်ပြီး သွေးပုလင်းကို ဖြုတ်ယူကာ မှိုင်းညှို့၏ ဘယ်ဘက် လက်ဖျံရှိ သွေးပြန်ကြောအတွင်းသို့ ထိုးသွင်းရင်း သွေးပုလင်းကို ထောက်တိုင်တစ်ခုနှင့် ချိတ်ဆွဲထားလိုက်သည်။ သူနာပြုဆရာမလေးက သူလုပ်စရာရှိတာ အေးအေးဆေးဆေးလုပ်ပြီးမှ ဗညားကုတင်ဆီသို့ ပြန်လှည့်လာခဲ့သည်။


" ရှင် သွေးအားကောင်းသားပဲ။ ဘယ်လိုနေလဲ မူးတာဝေတာမျိုး ဖြစ်လား"


"မဖြစ်ပါဘူး ဆရာမ။ ကျွန်တော် အဆင်ပြေပါတယ်။ နောက်တစ်ပုလင်း ဖောက်ပေးပါ"


သည်တစ်ကြိမ်မှာတော့ ဗညား၏ ညာဘက်မှ သွေးကြောကို ဖောက်ကာ သွေးထုတ်ယူလိုက်သည်။ ဆယ်မိနစ်ခန့်အကြာတွင် သွေးပုလင်းအိတ်တစ်လုံး ထပ်မံပြည့်နှက်သွားတော့သည်။ 

"ခဏလေး...လှဲနေနော်။ မလှုပ်ရှားသေးနဲ့ဦး။ ကျွန်မ ဆရာဝန်ကြီးကို သွားခေါ်လိုက်ဦးမယ်"


ဆရာမလေးက အရေးပေါ် လူနာအခန်းမှ ခြေလှမ်းကျဲကျဲများနှင့် ထွက်သွားသည်။ ဆရာမလေး ထွက်သွားပြီးချိန်မှာပဲ ခေတ်က လူနာအခန်းထဲသို့ ဝင်လာခဲ့သည်။


"ဟာ...ဟိတ်ကောင် ဗညား။ မင်းကို ပျောက်လို့ လိုက်ရှာနေတာ။ ခုနက ထွက်သွားတဲ့ ဆရာမလေးပြောမှ မင်း သွေးလှူနေမှန်းသိရတာ။ အဆင်ပြေရဲ့လား ဗညား"


"ပြေပါတယ် ခေတ်"


"ငယ်ငယ်က ဆေးထိုးအပ် မြင်ရင်ကို အော်ဟစ်ငိုယိုနေတဲ့ ကောင်က အခုများတော့ သတ္တိတွေ ကောင်းနေလိုက်တာ။ အချစ်သူရသတ္တိဘွဲ့ မင်းကို ပေးသင့်နေပြီ"


ခေတ်က သူ့စကားကို သဘောကျကာ ခေါင်းတရမ်းရမ်းနှင့် ရယ်မောနေတော့သည်။ ဗညားကတော့ ပိုက်လေးများထဲမှ တစက်စက်ကျကာ ဖြတ်သန်းသွားရင်း မှိုင်းညှို့၏ သွေးကြောများထဲသို့ တိုးဝင်စီးဆင်းသွားသည့် သွေးစက်‌လေးများကို စိုက်ကြည့်နေမိတော့၏။


သူနာပြုဆရာမလေးက တာဝန်ကျဆရာဝန်ကြီးကို ခေါ်ဆောင်ကာ သီးသန့်လူနာအခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ 


"ဒေါက်တာ...၊ လူနာက ဘာဖြစ်တာလဲ ခင်ဗျ။ စိုးရိမ်ရတဲ့ ရောဂါများလား ဒေါက်တာ"


"Thalassemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါ ပါ။ သွေးနီဥ အားနည်းတဲ့ ရောဂါတစ်မျိုးပေါ့။ နားလည်လွယ်အောင် ပြောရရင် သွေးနီလေးဥ‌လေးတွေက အချိန်မတန်ခင် ပျက်စီးပြိုကွဲသွားပြီး သွေးနီဥပြန်ထုတ်တဲ့နေရာမှာလဲ ထိရောက်လုံလောက်တဲ့ ပမာဏကို ပြန်မထုတ်နိုင်တဲ့အတွက်ကြောင့် သွေးအားနည်းရောဂါ ဖြစ်ရတာပါ။ စိုးရိမ်ရသလားဆိုရင်တော့ ဟုတ်ကဲ့...စိုးရိမ်ရပါတယ် လို့ပဲ ပြန်ဖြေရမှာပါပဲ။ ဒါပေမယ့် ဒီလူနာက သိပ်ဆိုးဝါးပြင်းထန်တဲ့ အခြေအနေမျိုးမှာ မရှိသေးလို့ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ ဒီလိုဆိုတိုင်းလည်း သိပ်တော့ မပေါ့ဆစေချင်ဘူး။ အနေအထိုင်၊ အစားအသောက်ကို သေသေချာချာ ဂရုစိုက်ပေးမှ စိတ်ချရမယ်"


"လူနာက ခုထိ ဘာလို့ ခုထိသတိမရသေးတာလဲဗျာ။ တစ်မျိုးမထင်ပါနဲ့နော်။ စိတ်ပူလို့ မေးတာပါ ဒေါက်တာ"


သဘောကောင်းဟန်တူသော ဆရာဝန်ကြီးက ဗညားကို ကြည့်ရင်း ခပ်ဖွဖွပြုံးသည်။ လူနာရှင်တစ်ယောက်၏ စိုးရိမ်သောကများကို အပြည့်အဝနားလည်ခွင့်လွှတ်ပေးနိုင်သည့် အကြင်နာရိပ်များသည် ဆရာဝန်ကြီး၏ မျက်ဝန်းများအတွင်းမှာပင် အထင်အရှား မြင်နေရသည်။


"ရပါတယ်ဗျာ။ ကျွန်တော်တို့ နားလည်ပါတယ်။ လူနာက အရမ်းအားနည်းနေတဲ့ အရှိန်ကြောင့်နဲ့ရောမို့ မေ့မျောနေတာပါ။ မကြာခင် သတိရပါလိမ့်မယ်"


ဆရာဝန်ကြီးက လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးပေးပြီး လူနာအခန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားသည်။ 


နာရီကို ကြည့်လိုက်မိတော့ ည ဆယ်နာရီပင် ထိုးတော့မည်။ ဆိုင်ကို သည်အတိုင်းကြီး ပစ်ထားခဲ့ရသည့် ခေတ်ကိုတော့ ဆိုင်ပိတ်ရန်အတွက် ဗညား ပြန်လွှတ်လိုက်သည်။ သီးသန့်လူနာအခန်းကြီးထဲတွင် မှိုင်းညှို့နှင့် ဗညား နှစ်ဦးတည်းသာ ကျန်ရှိနေခဲ့တော့သည်။ မှိုင်းညှို့ ၏ ဘယ်ဘက်လက်‌ဖဝါးလေးကို ခပ်ဖွဖွ ဆုပ်ကိုင်ထားရင်း သွေးသွင်းထား၍ သွေးရောင်ပြန်လွှမ်းလာသည့် မှိုင်းညှို့၏ နှုတ်ခမ်းလေးများကို ဗညား အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေမိသည်။ 


ဗညား၏ ညာဘက်လက်အတွင်းမှ ဆုပ်ကိုင်ထားသည့် မှိုင်းညှို့ လက်လေး၏ လှုပ်ရှားရုန်းကန်မှုကြောင့် နိုးလာခဲ့ရသည်။ မှိုင်းညှို့လက်ကို ဆုပ်ကိုင်ရင်း လူနာကုတင်ပေါ် ခေါင်းတင်ကာ သူ အိပ်ပျော်သွားခဲ့ပုံရသည်။ 


"မှိုင်းညှို့...သတိရလာပြီလား"


"ကျွန်တော် ဘယ်ရောက်နေတာလဲ"


နေမကောင်းဖြစ်နေ၍လား မသိ။ မှိုင်းညှို့၏ အေးစက်စက်လေသံများသည် ဖျော့တော့အားပျော့လျက် ရှိနေသည်။ စိမ်းကားသော မှိုင်းညှို့၏ မျက်ဝန်းများသည်လည်း နွေးထွေးသယောင် အသက်ဝင်လျက်ရှိနေသည်မှာ သူ စိတ်အမှတ်မှားလို့ပဲလား။


"ဆေးရုံမှာ မှိုင်းညှို့ရဲ့။ မှိုင်းညှို့ သီချင်းဆိုရင်း မူးလဲကျသွားတာ မှတ်မိတယ်မလား"


သူ့မေးခွန်းအတွက် အဖြေသည် မှိုင်းညှို့ထံမှ ထွက်မလာခဲ့။ ကိစ္စမရှိပါ။ သူ မသိကျိုးကျွံပြုရင်း ပြောစရာရှိတာ ဆက်၍ ပြောနေလိုက်သည်။


"အဲ့ဒါ သွေးအားနည်းလို့ မေ့လဲသွားရတာတဲ့။ မှိုင်းညှို့ သွေးနှစ်ပုလင်း သွင်းထားရတယ်။ မှိုင်းညှို့မှာ သွေးအားနည်းရောဂါ ရှိတယ်ဆိုတာ မှိုင်းညှို့ မသိထားဘူးမလား"


"ဟင့်အင်း။ ကျွန်တော် သိထားတယ်"


မထင်မှတ်ထားသည့် အဖြေတစ်ခုကြောင့် ဘာပြန်ပြောရမှန်းမသိနိုင်လောက်အောင် သူ ရုတ်တရက် ကြောင်အမ်းသွားရသည်။


"အခု ကျွန်တော် သက်သာနေပါပြီ။ ကျွန်တော် ဆေးရုံဆင်းချင်တယ် ကိုဗညား"


ကိုဘုန်းဗညားမောင်ဟု သူ့နာမည်အပြည့်အစုံ ခေါ်ကာ မစိမ်းကားသည့်အတွက်တော့ သူ ကြံဖန်ကာ ကြည်နူးဝမ်းသာသွားရ၏။ သို့သော် ဆေးရုံဆင်းမယ့် ကိစ္စကိုတော့ သူ လိုက်လျောဖို့ မဖြစ်နိုင်ပါ။


"ဒီအချိန်ကြီး ဆင်းလို့ မရတော့ဘူး မှိုင်းညှို့။ ဆင်းလို့ရလည်း ကိုယ် ဆင်းခွင့်မပေးနိုင်ဘူး။ ဒီအချိန်မှာ ကိုယ်က မင်းရဲ့ လူနာရှင်ပဲ။ မင်းရဲ့ အုပ်ထိန်းသူပဲ။ မင်း ကိုယ့်စကားကို နာခံရမယ်"


မလွှဲမရှောင်သာ လက်ခံလိုက်ရ‌သည့် ဟန်ပန်နှင့် မှိုင်းညှို့ ငြိမ်သက်သွားသည်။ 


"ကျွန်တော့်မှာ အခုလောလောဆည် ပိုက်ဆံမရှိဘူး။ ဆေးရုံစရိတ်တွေကို ကိုဗညား စိုက်ထားပေးတယ်ဆိုရင် ကျွန်တော် လကုန်ရင် ပြန်ဆပ်ပါ့မယ်"


သူစိမ်းဆန်သော မှိုင်းညှို့၏ စကားကြောင့် သူ့နှလုံးသား အေးစက်ထုံကျဉ်သွားရသည်။ 


"ကိုယ်နဲ့ မင်းနဲ့ကြားမှာ ဒီလို သူစိမ်းဆန်ဖို့ မလိုပါဘူး မှိုင်းညှို့ရယ်"


"ဘာလို့လဲ ကိုဗညား။ ကျွန်တော်တို့က သူစိမ်းတွေပဲ မဟုတ်လား"


မှိုင်းညှို့၏ စကားသည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို စပ်ဖျဉ်းနာကျင်သွားရသည်။ သည့်ထက် ပြင်းထန်ရက်စက်တဲ့ စကားလုံးတွေနဲ့သာ ကိုယ့်ရင်ကို စိုက်ချထိုးနှက်လိုက်ပါတော့လား မှိုင်းညှို့ရယ်။ အမူအရာ ပျက်ယွင်းသွားသည့် သူ့မျက်နှာကို အမြန်ဆုံး ပြင်ဆင်လိုက်ကာ အတတ်နိုင်ဆုံး ပြုံးထားလိုက်သည်။


"မှိုင်းညှို့ အတွက်တော့ ကိုယ်က သူစိမ်းဖြစ်ရင်ဖြစ်မှာပေါ့လေ။ ကိုယ့်အတွက်တော့ မှိုင်းညှို့က သူစိမ်းမဟုတ်ဘူး။ ချစ်သူ။ ကိုယ် သိပ်ချစ်ရတဲ့ ချစ်သူ။ အင်း...သူစိမ်းတစ်ယောက် ဖြစ်ခဲ့ရင်တောင် ကိုယ် အမြတ်နိုးရဆုံး သူစိမ်းတစ်ယောက်က မင်းပဲ မှိုင်းညှို့"


မှိုင်းညှို့သည် လှိုက်လှဲမှုမရှိသည့် မထီတထီအပြုံးနှင့် ဟက်ခနဲ ရယ်ကာ သူ့စကားကို ပြက်ရယ်ပြုလိုက်သည်။ 


"ဒါဆိုလဲ...ကိုဗညား ပြန်လိုက်ပါတော့။ ကျွန်တော့်ကို လူတစ်ယောက် စောင့်ကြည့်ပြီး ဂရုစိုက်ပေးနေတာကို ကျွန်တော် မ‌နေတတ်လို့ပါ"


"ဟင့်အင်း။ ကိုယ် မပြန်နိုင်ဘူး မှိုင်းညှို့။ ကိုယ် မင်းကို စိတ်မချဘူး။ မင်းက ဂရုစိုက်မခံချင်ပေမယ့် ကိုယ်ကတော့ ဂရုစိုက်ပေးချင်တယ်။ ဘာလို့လဲ မင်းသိလား။ ကိုယ် မင်းကို သိပ်ချစ်လို့။ သိပ်မြတ်နိုးလို့ပဲ မှိုင်းညှို့"


ဗညား၏ စကားအဆုံးမှာ မှိုင်းညှို့ ဟားတိုက်ရယ်မောတော့သည်။ မှိုင်းညှို့၏ ရယ်သံသည် အသက်ကင်းမဲ့စွာ အက်ကွဲသွေ့ခြောက်၍ နေခဲ့သည်။ သူ့အပေါ် စကားနှင့်တစ်မျိုး၊ အပြုအမူဟန်ပန်များနှင့်တစ်ဖုံ ရက်စက်စွာ ထိုးနှက်စော်ကားနေသည့် မှိုင်းညှို့အပေါ် မေတ္တာမပြတ်ဘဲ ဆက်၍ ချစ်နေနိုင်သေးသည့် သူ့ကိုယ်သူ အံ့ဩမိသည်။


"ဟင့်အင်း...၊ မချစ်နဲ့...။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ မချစ်ဘူး။ ချစ်လဲ မချစ်တတ်ဘူး။ အချစ်ကိုလဲ အယုံအကြည် မရှိဘူး။ အထူးသဖြင့် ယောက်ျားတစ်ယောက်ရဲ့ အချစ်ကိုပေါ့..."


မှိုင်းညှို့၏ အေးစက်စက်စကားများသည် မိုးကြိုးတစ်စင်းကဲ့သို့ သူ့နားအတွင်းသို့ ဆူညံစွာ ထစ်ခြုန်းထိုးဝင်သွားသည်။ မယုံကြည်နိုင်လောက်အောင် စိမ်းကားမာကျောနေသည့် မှိုင်းညှို့ကို သူ အံ့အားသင့်စွာ စိုက်ကြည့်‌နေမိသည်။ သူ မြတ်နိုးရသည့် မျက်ဝန်း ညိုဖန်ဖန်လေးများသည် မျက်နှာကျက်မှ လျှပ်စစ်မီးရောင်ကြောင့် သူ တွေ့ဖူးသမျှတွင် အေးစက်စွာ အစူးရှဆုံးဖြစ်နေခဲ့တော့သည်။


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်


rate now: