book

Index 3

Chapter 3

သူ မြတ်နိုးစွဲလန်းရသည့် ညှို့မျက်ဝန်းပိုင်ရှင် ကောင်လေးနှင့် တတိယအကြိမ် တွေ့ဆုံခွင့်ရခြင်းသည် ကံတရား၏ မျက်နှာသာပေးမှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ပါ။ သူ့သူငယ်ချင်း ခေတ်မင်းဆက်၏ အလိုက်သိတတ်စွာ စီမံဖန်တီးပေးမှုကြောင့်သာ ဖြစ်ရပါ၏။ သူ မမျှော်လင့်ထားသည့် အချိန်၊ မထင်မှတ်ထားသည့် နေရာဒေသတစ်ခုတွင် ဆုံဆည်းခွင့်ရခဲ့သည့် မှိုင်းညှို့သည် ခေတ်မင်းဆက်၏ ဘားတွင် သိမြင်ခဲ့ရသည့်အတိုင်း သူ့အပေါ်တွင် မပြောင်းလဲစွာ အေးစက်မာကျောမြဲပင် ဖြစ်ကြောင်း ခံရခက်စွာ သိလိုက်ရသည်။

တောင်လှေကားမြို့တော်ဟူ၍ ချစ်စနိုးခေါ်‌ဆိုကြသည့် ပြင်ဦးလွင်မြို့လေး၏ မိုးရာသီနံနက်ခင်းလေးသည် ဆောင်းရာသီ ရောက်နေပြီလားထင်ရအောင်ပင် ပတ်ဝန်းကျင်တစ်ခွင် မှိုင်းရီမှုံဝါးလျက်ရှိသည်။ မိုးရေစက်အမှုန်အမွှားလေးများသည် မြေပြင်ပေါ်သို့ ပျင်းရိလေးတွဲ့စွာ တပေါက်ပေါက်ကျနေသည်။ ‌မှောင်မည်းထူပိန်းနေသည့် မိုးတိမ်မဲကြီးများ အုပ်စုလိုက် ဗိုလ်ကျစိုးမိုးကာ နေရာယူထားသည့် ကောင်းကင်ပြင်ကြီးတွင် နေမင်းကြီးသည်ပင် ထွက်ဝံ့‌ပုံမပေါ်။ 

ပြင်ဦးလွင် မြို့ရှောင်လမ်း၏ လမ်းဘေးတစ်နေရာတွင် တည်ဆောက်ထားသည့် တစ်ထပ်တိုက်ဖြူဖြူလေးသည် လိုအပ်သည်ထက် ပို၍ များပြားစွာ တပ်ဆင်ထားသည့် လျှပ်စစ်မီးလုံးများ၏ အကူအညီဖြင့် ဝင်းထိန်တောက်ပလျက်ရှိတော့သည်။ တည်ဆောက်ပြီးစီးသည်မှာ လပိုင်းအတွင်းသာ ရှိနေသေးသည့် အသစ်စက်စက် တိုက်အိမ်လေး ဖြစ်သောကြောင့်လည်း လင်းကျင်းသစ်လွင်နေခြင်းဖြစ်မည်။

တိုက်ဖြူလေးသည် ဗညား၏ ဖွားဖွား ‌ဒေါ်မြသက်ချယ်၏ တိုက်သစ်လေး ဖြစ်ပါသည်။ ဖွားဖွားနေမည့် တိုက်လေး၏ ဒီဇိုင်းကို ဗညားကိုယ်တိုင် အကြမ်းရေးဆွဲခဲ့ပြီးမှ ဆောက်လုပ်ရေးကုမ္ပဏီသို့ အပ်နှံဆောက်လုပ်စေခြင်း ဖြစ်၏။ ဘေးပတ်ဝန်းကျင်မှ တခြားတိုက်တွေနှင့် ပုံစံကွဲပြားစွာ ခေတ်မီလှပနေသည့် တိုက်ဖြူလေး၏ အိမ်သစ်တက်ပွဲနှင့် ဘုရားအနေကဇာတင် အခမ်းအနားပြုလုပ်မည့် နေ့လေးမှာတော့ ဗညားတို့ မိသားစုလိုက် ပြင်ဦးလွင်သို့ ရောက်နေခဲ့သည်။

"အင်း... ဒီလိုသာဆိုရင်တော့ ဘုန်းတော်ကြီးတွေကို ကားနဲ့ သွားပင့်မှပဲ ထင်ပါရဲ့လေ"

ဖွားဖွား ဒေါ်မြသက်ခြယ်က တိုက်သစ်လေး၏ တံခါးမကြီး အဝမှ ရပ်ကာ အပြင်သို့ လှမ်းကြည့်ရင်း ဘယ်သူ့ကိုရယ်လို့ မရည်ရွယ်ဘဲ ရေရွတ်လိုက်သည်။ ဧည့်ခန်းထဲက ဆိုဖာဆက်တီမှာ ထိုင်နေရင်း စာဖတ်နေသည့် ဖေဖေက ဖွားဖွားကို ပြုံးရိပ်သန်းနေသည့် မျက်ဝန်းများနှင့် လှမ်းကြည့်နေသည်။

"ပူတတ်ရန်ကော အမေရယ်။ အခုမှ လေးနာရီပဲ ရှိပါသေးတယ်။ အမေ့ ဘုန်းကြီးတွေက ငါးနာရီခွဲမှ ကြွမှာမလား၊ အဲ့အချိန်ကျရင် မိုးတိတ်သွားမှာပါ အမေရဲ့"

ဖွားဖွားက အပြင်ဘက်ကို ငေးကြည့်နေရာကနေ ဖေဖေရှိရာ ဧည့်ခန်းဘက်သို့ ဆက်ခနဲ လှည့်ကာ လှမ်းကြည့်လိုက်သည်။ ဖွားဖွား၏ မျက်လုံးများကို ကြည့်ခြင်းဖြင့် ဖေဖေ့ကို ရန်မူတော့မည်ဆိုတာကို ဗညား သိလိုက်ပါသည်။

"အို... မောင်ကျော်ဇောနှယ့်၊ အပူအပန်ကို မရှိတတ်လိုက်တာ။ အဲ့သလို အချက်တွေကြောင့်ပဲ ဒင်းနဲ့ မတည့်တာ"

ထဘီစလေး တမမနှင့် မျက်မှန်လေးအောက်က မျက်လုံးများကို မျက်မှောင်ကြုံကာ ကြည့်ရင်း ဖေဖေ့ကို ခပ်စွာစွာ ရန်လုပ်နေသည့် ဖွားဖွားသည် ချစ်စဖွယ်ပင်ဖြစ်ပါသည်။ အသက် (၆၀)အရွယ် လူကြီးတစ်ဦး ဖြစ်သော်လည်း ဝဖိုင့်ဖိုင့်ဖြစ်မနေသည့် ဖွားဖွားသည် ပိန်သွယ်ပါးလျ၍ပင် နေတော့သည်။ ဖေဖေကတော့ ဖွားဖွားကို ပြန်မတုံ့ပြန်ဘဲ စာအုပ်သာ ငုံ့ဖတ်နေသည်။ ဖေဖေ့ မျက်လုံးများမှာတော့ ကြိတ်ပြုံးနေပုံရပါသည်။

ဖေဖေက သည်လိုပဲ။ ဖွားဖွားကို မထိတထိစနောက်နေကြ။ ဖေဖေနှင့် ဖွားဖွားသည် မတည့်အတူနေ၊ နီးတကျက်ကျက် ဝေးတသက်သက် ယောက္ခမနှင့် သားမက်ဖြစ်သည်။

"ဖွားမြရယ် စိတ်မပူပါနဲ့။ တကယ်လို့ ငါးနာရီလောက်ထိ မိုးမတိတ်သေးရင် မြေးတို့ ကိုယ်တိုင် ကားနဲ့ သွားပင့်လိုက်ပါ့မယ်"

"မလိုပါဘူး...ငါ့သားရယ်။ ဘုန်းကြီးတွေများ အချဉ်မှတ်လို့။ သူတို့မှာ ကိုယ်ပိုင်ကားတွေ ရှိပါ့ဗျား။ ကိုယ်တွေထက်တောင် ချမ်းသာသေး"

ဖွားဖွားကို စိတ်ကျေနပ်အောင် နှစ်သိမ့်လိုက်သည့် ဗညား၏ စကားကို ဖေဖေက ဝင်နှောက်တော့သည်။

"ဟဲ့... မောင်ကျော်ဇော။ မင်း...ပါးစပ်လေး ပိတ်ထားရင် ကောင်းမယ်ကွဲ့။ စကားပြောတာ ပေါ့ပျက်ပျက်နဲ့။ အဲ့သလို အချက်တွေကြောင့် ဒင်းနဲ့ စကားကို မပြောချင်တာ"

ဖေဖေက ဖွားဖွားဒေါသဖြစ်အောင် စနောက်ပြီး အငေါက်ခံထိတော့မှ ပြုံးဖြဲဖြဲ၊ ရယ်ကျဲကျဲနှင့် စာဖတ်ချင်ယောင်ဆောင်နေသည်။ ဖေဖေ့ဘေးမှာ ထိုင်နေသည့် မေမေကတော့ ယောက်ျားဖြစ်သူကို ကြည့်လိုက်၊ အမေဖြစ်သူကို ကြည့်လိုက်နှင့် ခေါင်းတရမ်းရမ်း ခါကာ ရယ်မောနေတော့သည်။ 

ထိုစဉ် သူတို့ ခြံဝန်းလေး၏ အရှေ့မှ ကားတစ်စီး၏ ဟွန်းတီးသံကို ကြားလိုက်ရသည်။ ဇိုးဇိုးဇက်ဇက်ရှိသည့် ဖွားမြက ထိုင်ရာမှ ငေါက်ထနဲ ကောက်ထပြီး တိုက်တံခါးဝနားရပ်ကာ ဘယ်သူပါလိမ့်ဆိုသည့် အကြည့်နှင့် ကြည့်လိုက်သည်။

"ဖွားမြ...၊ ခေတ်မင်းဆက် တဲ့"

"မြေးခေတ်တို့လား...။ မောင်ဦးရေ...၊ ခြံတံခါးဖွင့်ပေးလိုက်ပါကွယ်"

ခေတ်တို့ ရောက်လာခြင်းဖြစ်ကြောင်း ခြံစောင့်ဦလေးကြီး ဘမောင်ဦးက အိမ်တံခါးမကြီးတွင် ရပ်ကြည့်နေသည့် ဖွားမြကို လှမ်းအော်ကာ အသိပေးလိုက်သည်။ ဗညားလည်း ဖွားမြ၏ ဘေးနား သွားရပ်လိုက်ရင်း ခေတ်တို့ကို ကြိုဆိုဖို့ စောင့်နေလိုက်သည်။

ခေတ်၏ ကားအဖြူရောင်လေးသည် မိုးစက်မှုန်လေးများကြားမှ ခပ်ဖွဖွ တွန်းထိုးဖြတ်သန်းလာပြီး တိုက်လေး၏ ဆင်ဝင်နေရာတွင် အသာအယာရပ်လိုက်သည်။ ဂစ်တာအိတ်လေးကို လွယ်ကာ ကားပေါ်မှ ဆင်းလာသည့် ကောင်လေးတစ်ဦး၏ လှုပ်ရှားမှုများကို မြင်ရချိန်တွင် ဗညား၏ ရင်ခုန်နှုန်းများလည်း မြန်ဆန်လာခဲ့သည်။ 

ဆင်စွယ်ရောင် ကော်လာကတုံးအင်္ကျီလက်တိုလေးနှင့် အနက်ခံပေါ်တွင် အဖြူရောင် လိုင်းစင်းစိပ်စိပ်လေးများ ပါဝင်သည့် ပုဆိုးလေးကို ချပ်ရပ်သေသပ်စွာ ဝတ်ဆင်ထားသည့် မှိုင်းညှို့မှာ တည်ငြိမ်စွာ ချောမောနေခဲ့သည်။ နက်ပြာရောင် ကတ္တီပါဖိနပ်လေး စီးနင်းထားသည့် မြန်မာဆန်ဆန် အသွင်နှင့် ဂစ်တာအိတ်လေးကို ပခုံးထက်ပေါ် တင်လွယ်ထားသည့် မှိုင်းညှို့၏ ပုံစံမှာ ဆွဲဆောင်မှုတစ်မျိုးနှင့် သူ့ကို ညှို့ယူနေပြန်သည်။

မှိုင်းညှို့...။ သူ့ နှုတ်မှဖွဖွ ရေရွတ်လိုက်မိချိန်တွင် မှိုင်းညှို့ကို သူ ဘယ်လောက်တောင် လွမ်းဆွတ်တမ်းတနေမိကြောင်း နာကျင်စွာ နားလည်သိရှိသွားရသည်။ သတိရနေခဲ့တာပါ မှိုင်းညှို့ရယ်...။

"ဖွားမြ..."

ခေတ်က ကားပေါ်မှ ဆင်းပြေးလာပြီး ဖွားဖွား နာမည်ကို အော်ရင်းရေရွတ်ကာ ပြေးဖက်လိုက်သည်။ ဖွားဖွားကလည်း ခေတ်ကို နွေးထွေးစွာ ဖက်သိုင်းထားလိုက်ရင်း ကြိုဆိုလိုက်၏။

"မြေးခေတ်...၊ မတွေ့တာကြာတော့ ချောလာလိုက်တာ ငါ့မြေးက"

"ဖွားမြ အတွက် မုန့်တွေ ဝယ်လာပါတယ်နော်။ ဖွားမြကြိုက်တတ်တဲ့ မြင့်မြင့်ခင်က ထိုးမုန့်တွေနဲ့၊ လက်ဖက်ဘူးတွေ ပါလာတယ်"

ဖွားမြက မျက်လုံးမှေးမှေးလေးများ မှိတ်ဝင်သွားသည့်အထိ ရယ်မောတော့သည်။ ဂစ်တာအိတ်လေး လွယ်ထားသည့် မှိုင်းညှို့ကတော့ ကားနောက်ခန်းထဲက ဖွားဖွားအတွက် ခေတ် ဝယ်လာသည့် လက်ဆောင်များကို ထုတ်ယူနေခဲ့သည်။ မှိုင်းညှို့ဆီ အပြေးတပိုင်းသွားလိုက်ရင်း ပစ္စည်းများကို ကူသယ်ပေးဖို့ သူ ကြိုးစားမိသည်။

"ပေး...ကိုယ့်ကို၊ အထုပ်တွေ"

"ရပါတယ် ကိုဘုန်းဗညားမောင်။ ကျွန်တော် သယ်နိုင်ပါတယ်"

မှိုင်းညှို့၏ အေးစက်စက် စကားတစ်ခွန်းသည် သူ့ရင်ကို ထုံကျင်ကိုက်ခဲသွားစေနိုင်မှန်း မှိုင်းညှို့ သိသင့်ပါသည်။ ကိုဘုန်းဗညားမောင်ဟု နာမည်အပြည့်အစုံ သုံးနှုန်းလိုက်ခြင်းသည် မှိုင်းညှို့၏ သူ့အပေါ် စိမ်းကားမှုကို ပို၍ ခိုင်မာသွားစေသည်။ သိသိသာသာ မျက်နှာပျက်ယွင်းသွားသည့် ဗညားကို မှိုင်းညှို့က မသိကျိုးကျွံပြုကာ ခေတ်တို့ရှိရာ တံခါးဝသို့ ‌လျှောက်လှမ်းသွားသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ကြောင်အမ်းအမ်းနှင့် ဗညားတစ်ယောက် ကျန်ရစ်ခဲ့ရ၏။

"ဖွားမြ...၊ ဒါ မြေးခေတ်တို့ ဘားက အဆိုတော်လေ။ မှိုင်းညှို့ဆွဲငင် တဲ့"

ခေတ်၏ မိတ်ဆက်ပေးမှုကြောင့် မှိုင်းညှို့က ခါးလေးကို အနည်းငယ် ကိုင်းညွတ်ကာ ဖွားဖွားကို ရိုရိုကျိုးကျိုး နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဖွားဖွား။ ကျန်းမာရဲ့လား ခင်ဗျာ"

ဖွားဖွားက မှိုင်းညှို့ကို ‌အကဲခတ်သလိုလေး ကြည့်ပြီးတော့မှ သဘောကျသွားဟန်နှင့် နွေးထွေးဖော်ရွေစွာ နှစ်လိုဖွယ်ရာပြုံးပြသည်။

"အေးအေး...၊ ကျန်းမာပါ့ကွယ်။ မြေးတို့ အရွယ်ပဲဆိုတော့ မင်းလဲ အဖွားမြေးပဲပေါ့ကွယ်။ လာ...မြေးတို့ အိမ်ထဲဝင်ကြ"

မှိုင်းညှို့နှင့် ခေတ်တို့၏ ခါးများကို တစ်ဖက်ဆီ ဖက်သိုင်းထားရင်း ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ဗညားကတော့ အနောက်မှ ယောင်ချာချာ လိုက်ပါခဲ့ရသည်။

"ခေတ်တို့ကို အန်တီက စိတ်ပူနေတာ။ မိုးတွေရွာနေလို့လေ။ သားတို့ထွက်လာတုန်းက မန္တလေးမှာရော ရွာလား"

"သားတို့ ထွက်လာတုန်းကတော့ မရွာဘူး အန်တီ။ ပြင်စာနားလောက်ကမှ စရွာတာ။ မေမေတို့က ခရီးလွန်နေလို့ မလိုက်လာနိုင်တာ။ အဲဒါ တစ်ယောက်တည်း လာရမှာပြင်းတာနဲ့ မှိုင်းညှို့ကို ဇွတ်ခေါ်လာရတာ။ ကိုယ်တော်ချောက မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာတာလေ"

"ဟယ်...သားက ဘာလို့ မလိုက်ချင်တာလဲ"

မေမေက မှိုင်းညှို့ကို‌ ရင်းနှီးသိကျွမ်းပြီးသား အသိတစ်ဦးလို သဘောထားကာ ဖော်ရွေစွာ မေးလိုက်သည်။ ဗညားက မှိုင်းညှို့နှင့် မျက်နှာချင်းဆိုင် ဖြစ်မည့် မေမေ့ဘေးနားက နေရာအလွတ်မှာ ဝင်ထိုင်လိုက်သည်။

"သားကြောင့် အလုပ်တွေ ပိုနေမှာစိုးလို့ပါ အန်တီရယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ အားနာလို့"

ကြည့်စမ်း။ သည်ကောင်လေး။ မေမေတို့နဲ့ကျတော့ စကားတွေများ ရွှန်းရွှန်းဝေလို့။ သူ မနာလိုစွာ မှိုင်းညှို့ကို ခပ်စူးစူးလေး ကြည့်နေလိုက်သည်။ မှိုင်းညှို့ကတော့ သူ အကြည့်များကို ပစ်ပယ်‌ရှောင်ဖယ်ရင်း မေမေတို့နှင့် ရယ်မောနေသည်။ သူ့ဘက်ကို တစ်ချက်မျှပင် လှည့်မကြည့်။ 

"ဖွားဖွားက ဧည့်ကြိုက်ခင်ကွ။ အန်ကယ်ပေးထားတဲ့ နာမည်လေ။ အဖွားကြီးတွေဆိုတော့ ဒီလိုပဲ။ စကားပြောဖော် မျှော်တယ်"

ဖေဖေက ဖွားဖွားကို မထိတထိ စနောက်ရင်း ရယ်မော‌နေတော့သည်။

"အမယ်လေး...ဖြစ်ရလေ ငါ့နှယ်။ နားပူနားရှုတ် မခံနိုင်လို့မှ ပြင်ဦးလွင်မှာ တစ်ယောက်ထဲ လာနေတာပါဟဲ့။ မောင်ကျော်ဇောနှယ်...ငါ့စကားနွားရ မပြောစမ်းပါနဲ့...။ အဲ့...အဲ့လိုပြောလို့ ဧည့်သည်ကို မကြိုဆိုဘူး ထင်နေဦးမယ်။ ငါ့မြေး မှိုင်းညှို့ကို ပြောတာမဟုတ်ဘူးနော်။ ဒင်းကို ပြောတာ။ ဖွားဖွားက ဒင်းကို ကြည့်မရလို့ ပြင်ဦးလွင်မှာ တစ်ယောက်ထဲ လာနေတာ သလား"

ဖေဖေ့ကို စကားနာပြန်ထိုးရင်း မှိုင်းညှို့ အထင်မလွဲစေရန် ရှင်းချက်ပြန်ထုတ်နေသည့် ဖွားဖွားကို သူတို့အားလုံး သဘောကျစွာ ရယ်မောလိုက်ကြသည်။ 

လူကြီးအုပ်စုနှင့် ရှက်အမ်းအမ်းဖြစ်မနေဘဲ လိုက်လျောညီထွေဖြစ်စွာ စကားလက်ဆုံကျရင်း ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်နေသည့် မှိုင်းညှို့ကို ကြည့်ကာ ဗညား ဝမ်းသာဝမ်းနည်းဖြစ်ရသည်။ ဝမ်းသာရသည်မှာ ဖေဖေ၊ မေမေ၊ ဖွားဖွားတို့နှင့် မှိုင်းညှို့ ရင်းနှီးခင်မင်သွားခြင်းကြောင့်ဖြစ်သည်။ ‌တခြားသူများနှင့် နှစ်လိုဖွယ်ရာ စကားပြောဆို ပေါင်းသင်းဆက်ဆံတတ်သူ မှိုင်းညှို့သည် သူ့အပေါ်ကျတော့ စိမ်းကားအေးစက်ရခြင်းကို သူ ခံရခက်စွာ ဝမ်းနည်းနာကျင်ရသည်။

မနက် (၅)နာရီခန့်တွင် မနက်တစ်ခင်းလုံး ခပ်ဖွဲဖွဲ ကျနေသည့်မိုးသည် သူ မဟုတ်သလိုပင် တိတ်သွားခဲ့သည်။ ဘုရားအနေကဇာတင် တရား‌ဟောအပြီး အာရုံဆွမ်း ဘုန်းပေးပြီးသည့်နောက်တွင် ဘုန်းတော်ကြီးများ ပြန်လည်ကြွချီသွားကြ၏။ ထို့နောက် အိမ်သစ်တက်ပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်များ ရောက်မလာသေးခင် သူတို့အားလုံး စုစုစည်းစည်းနှင့် မနက်စာစားလိုက်ကြသည်။

ဧည့်သည်တော်များ တဖွဲဖွဲနှင့် ကျရောက်လာချိန်တွင် ဖွားမြကိုယ်တိုင်ချက်ထားသည့် မုန့်ဟင်းခါးနှင့် တည့်ခင်းဧည့်ခံရသည်။ ဧည့်သည်တော်တော်များများသည် ‌ဖွားမြ တိုက်သစ်၏ ဘေးပတ်ဝန်းကျင်မှ လာရောက်သူများ ဖြစ်ကြသည်။ ဖွားမြနှင့် ဖေဖေ၊ မေမေတို့မှာ လူကြီးများပီပီ ကြွရောက်လာသည့် ဧည့်သည်များကို ကြိုဆိုဧည့်ခံကြရင်း ထိုင်ခုံနေရာ စီမံချထားပေးသည်။ ခေတ်၊ ဗညားနှင့် မှိုင်းညှို့တို့ သုံးယောက်မှာတော့ မုန့်ဟင်းခါး ဟင်းရည်များ ထည့်ထားသည့် လက်ဆွဲဂျိုင့်ကြီးများနှင့် ဧည့်သည်များ၏ ပန်းကန်များထဲသို့ ဟင်းရည်လိုက်ထည့်ပေးရင်း ခြေချင်းလိမ်နေကြရတော့၏။

ဧည့်သည်များ ကုန်စင်သွားချိန်မှာတော့ သူတို့အားလုံး အားကုန်မောပန်းသွားကြကာ ဧည့်ခန်းထဲတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသည်။ မှိုင်းညှို့ကတော့ ပင်ပန်းပုံမရ။ မီးဖိုချောင်ထဲမှာ ပန်းကန်ခွက်ယောက်များနှင့် ဒန်အိုးကြီးများကို ဆေးကြောနေသည့် အိမ်အကူအဒေါ်ကြီးကို ကူညီလုပ်ကိုင်ပေးနေခဲ့သည်။

"ဟယ်...‌မြေး မှိုင်းညှို့။ လာပါကွဲ့...နားတော့။ မင်းနှယ် တစ်စက်လေးမှ မနားဘူး။ ပင်ပန်းတော့မှာပဲ"

"မပင်ပန်းပါဘူး ဖွားဖွားရဲ့။ ဒီလောက်ကတော့ လုပ်နိုင်ပါတယ်"

မှိုင်းညှို့၏ စကားကြောင့် ဧည့်ခန်းထဲတွင် ခြေကုန်လက်ပန်းကျကာ အရုပ်ကြိုးပျက် ပစ်ထိုင်နေကြသည့် ဗညားတို့ကို ဖွားဖွားက တစ်ချက်ဝေ့ကြည့်သည်။ ဖွားဖွားအကြည့်က မှိုင်းညှို့နဲ့ ကွာပါ့ ဆိုသည့် ခနဲ့တဲ့တဲ့ အကြည့်မျိုး။

ဖေဖေတို့က နေ့လည်စာ စားပြီးပြီးချင်းမှာပဲ မန္တလေးသို့ ပြန်ဆင်းသွားကြသည်။ ဗညားတို့ကိုတော့ ဖွားဖွားက ချက်ချင်းမပြန်ခိုင်းဘဲ တစ်ညအိပ်ပြီးမှ ပြန်ဖို့ပြောသည်။ ဤသို့နှင့် ပြင်ဦးလွင်ရှိ ဖွားမြ၏ တိုက်တွင် တစ်ညအိပ်ဖြစ်ဖို့ အကြောင်းပါလာတော့သည်။

ပြင်ဦးလွင်၏ ညလေးသည် အေးမြတိတ်ဆိတ်ကာ အသက်ဝင်လျက်ရှိသည်။ မိုးအေးအေးနှင့် ချမ်းသော်လည်း ပင်ပန်းထားသည်ဖြစ်၍ ရေချိုးမှ ဖြစ်မည်။ ကိစ္စတော့ မရှိပါ။ ဖွားမြ၏ ရေချိုးခန်းထဲတွင် ရေပူစနစ် ပါဝင်သည်။ ရေကို ခပ်နွေးနွေးလေး ဖြစ်အောင် စပ်လိုက်ရင်း စိမ်ချိုးလိုက်တော့မှ ပေါ့ပါးလန်းဆန်းသွားတော့သည်။ 

ဗညား အဝတ်အစားလဲပြီး ဧည့်ခန်းဘက်သို့ ထွက်လာချိန်မှာတော့ ဖွားဖွား၏ ခြေထောက်များကို မှိုင်းညှို့က သူ့လက်လေးများဖြင့် ဆုပ်ကာဆုပ်ကာ နှိပ်နယ်ပေးနေသည်။ ထိုမြင်ကွင်းကြောင့် ဗညား အံ့အားသင့်ရပါသည်။ သူ့အဖွားဖြစ်သူကို သူကိုယ်တိုင်ပင် တစ်ခါမှ ခြေ‌ဆုပ်လက်နယ် မပြုစုခဲ့ဘူးပါ။

"ဖွားမြ၊ ဧည့်သည်ကို ဘာလို့ နှိပ်ခိုင်းတာလဲ။ ဖွားမြ ညောင်းရင် မြေးနှိပ်ပေးမှာပေါ့"

"အမယ်လေး...ကျုပ်က ခိုင်းတာမဟုတ်ပါဘူးတော်။ ကိုယ့်ဟာကိုယ် ညောင်းလိုက်တာလို့ ရေရွတ်တာကို ဟော့သည်က မြေးအလိမ္မာတုံးလေးက နှိပ်ပေးပါရစေ ဆိုပြီး လာနှိပ်ပေးတာပါ"

"အေးလေ...။ ဘုမသိ ဘမသိနဲ့။ ဗညား တစ်ယောက်ကတော့ အကဲပိုတယ်"

ခေတ်၏ စကားကြောင့် ဗညားမျက်နှာ နွေးခနဲ ပူသွားရသည်။ မှိုင်းညှို့ကို အားနာစွာ လှမ်းကြည့်မိတော့ မှိုင်းညှို့၏ မျက်နှာပြင်သည် ပကတိ တည်ငြိမ်နေခဲ့သည်။ သူ မျှော်လင့်ထားသည့် ရှက်ခိုးရှက်ရိပ်များ ကင်းစင်နေသည့် မှိုင်းညှို့၏ မျက်နှာလေးသည် သူ့နှလုံးသားကို ဆုပ်ကိုင်နင်းခြေလိုက်သလိုပါပင်။

"ဖွားမြ...၊ မှိုင်းညှို့က သီချင်းအဆို သိပ်ကောင်းတာ သိလား"

ခေတ်က ဖွားမြကို လှမ်းပြောလိုက်ရင်း ဗညားကို မျက်စိတစ်ဖက် မှိတ်ပြသည်။

"ဟုတ်သလား...။ ဖွားမြကို ဂစ်တာတီးပြီး ဆိုပြစမ်းပါဦး။ ငါ့မြေးဆိုတဲ့သီချင်း နားထောင်ကြည့်ချင်တယ်။ ရပြီ...ဖွားမြ အညောင်းပြေပါပြီ။ မနှိပ်နဲ့တော့...။ သီချင်းပဲ ဆိုပြတော့နော် ငါ့မြေး"

ဗညားက ဧည့်ခန်း၏ ထောင့်စွန်းနားလေးတွင် ထောင်ထားသည့် မှိုင်းညှို့၏ ဂစ်တာအိတ်လေးကို ယူလိုက်ရင်း မှိုင်းညှို့ကို ကမ်းပေးလိုက်သည်။ မှိုင်းညှို့က သူ့ကို တစ်ချက်ကြည့်ဖော်မရဘဲ ဂစ်တာအိတ်လေးကိုသာ ကြည့်ရင်း လှမ်းယူလိုက်ပြီး ဇစ်ဆွဲဖွင့်ကာ ဂစ်တာလေးကို ထုတ်လိုက်သည်။

မှိုင်းညှို့၏ ဂစ်တာလေးသည် အဖြူရောင်လေးပင် ဖြစ်သည်။ ဂစ်တာအဖြူလေး၏ ဘေးဘက်ဘောင်နံရံများတွင် ပွန်းရာ ခြစ်ရာများ ရှိနေသည်။ ခပ်နွမ်းနွမ်း အဖြူရောင် ဂစ်တာလေး၏ ကြိုးများကို မှိုင်းညှို့က ခပ်ဖွဖွ ပွတ်သတ်တီးခေါက်ရင်း ညှိလိုက်သည်။ စိတ်ကျေနပ်မှုရသည့်အထိ ကြိုးတစ်ချောင်းချင်းဆီကို သံစဉ်ညှိယူအပြီးတွင် မှိုင်းညှို့က ဖွားဖွားကို မော့ကြည့်ရင်း တိုးဖွညင်သာစွာ ပြုံးပြလိုက်သည်။

"‌ဖွားမြ ဟေမာနေဝင်းကို ကြိုက်လားဟင်"

"ကြိုက်တာပေါ့‌ မြေးရဲ့... သူ့ရဲ့ အသံအေးအေးလေးကို သိပ်ကြိုက်တာ။ ဖွားမြတို့ ခေတ်က နာမည်ကြီးပဲ သူက"

ဖွားမြ၏ မျက်ဝန်းများ သိသိသာသာ ပြုံးနေခဲ့သည်။ ဖွားမြ သီချင်းတွေ ကြိုက်တတ်မှန်း ဗညား မသိခဲ့မိပါ။

"ဒါဆို ဟေမာနေဝင်းရဲ့ ပထမဆုံး အသည်းကွဲဇာတ်လမ်း ဆိုတဲ့ သီချင်းလေး ဆိုပြမယ်နော်"

သီချင်းနာမည်ကို ကြားလိုက်ရချိန်တွင် ဗညားရင်ထဲ ဆစ်ခနဲ ထိတ်လန့်သွားရသည်မှာ ဘာကြောင့်မှန်းမသိ။ မှိုင်းညှို့ ဘယ်လိုအဓိပ္ပာယ်နဲ့ ဒီသီချင်းကို‌ ရွေးရတာလဲ။ ဟေမာနေဝင်းရဲ့ သီချင်းအများကြီးထဲကမှ ဘာလို့ ဒီသီချင်းကို ဆိုပြရတာလဲ။ သီချင်းသီဆိုသူ အများစုသည် သူတို့ ခံစားချက်နှင့် ထပ်တူကျသည့် သီချင်းမျိုးကိုသာ ရွေးချယ်သီဆိုတတ်ကြသည် မဟုတ်လား။ သူ့၏ နှလုံးသားသည် စိုးရိမ်ပူပန်မှုများနှင့် ပူလောင်လှုပ်ရှားလာရသည်။

သီချင်းအဖွင့်ပိုဒ်၏ ဂစ်တာသံစဉ်လေးများသည် ငြိမ့်ညောင်းစွာ ထွက်ပေါ်လာကာ ဖွားမြ၏ တိုက်လေးထဲ ဂစ်တာသံလေးများနှင့် ဖုံးလွှမ်းသွားသည်။ မှိုင်းညှို့၏ လက်ချောင်းလေးများသည် ဂစ်တာကြိုးများပေါ်တွင် ကျွမ်းကျင်သွက်လက်စွာ ပြေးလွှားလှုပ်ရှားနေခဲ့သည်။ ဗညား၏ ရင်ထဲမှာတော့ ဂစ်တာသံသည် ဆူညံလွန်းနေသည်ဟု ထင်မိသည်။

🎵 အတွေးလေးထဲ စဉ်းစားလိုက်တော့...

ဒီဆေးပြယ်လွင့် ပန်းချီကားလေးဟာ အသစ်ပြန်ဖြစ်...

အရောင်တွေ လင်းပြီး လက်လို့လာ...ငါလေ ပြေးထွက်မရ...

လိုက်ခဲ့တဲ့ အတိတ်ဘဝက... အချစ်ရဲ့ တစ္ဆေ

ဇွတ်ရင်ခွင်မှာ ဝင်ပြီးတော့...နင်းချေ သူထားခဲ့သလား🎵

မျက်လုံးလေး မှိတ်ရင်း မှိုင်းညှို့ သီဆိုနေသည့် သီချင်းစာသားများကို တထိတ်ထိတ် ခုန်လှုပ်နေသော နှလုံးသားတစ်စုံနှင့်အတူ ဗညား သေချာစွာ နားစိုက်ထောင်နေမိသည်။ သီချင်းစာသားများသည် အတိတ်ကာလတွင် ထားရစ်ခဲ့သည့် ချစ်သူကို နာကျင်စွာ တမ်းတနေသည့် သူတစ်ယောက်၏ ခံစားချက်များကို ကဗျာဆန်ဆန် ရည်ရွယ်ရေးဖွဲ့ထားသည်မှာ တိကျပေါ်လွင်နေသည်။

🎵 အို...သူ့အမုန်းများနဲ့ ရေးချစ်ခဲ့တဲ့...အသည်းကွဲဇာတ်လမ်းလေး...

ငါ့ရဲ့အချစ်က ဖူးသစ်စမှာ...ကျိုးလို့ ကြေမွသွား...

သူဟာ အစိမ်းလိုက်ခွဲပြီးတော့...အသည်းကို လွှင့်ပစ်ခဲ့...

အဝေးသို့ ထွက်သွား....🎵

ဘုရားရေ...။ သီချင်းထဲက သူဟာ အသည်းခွဲခဲ့ရတာလား။ ပထမဆုံး ချစ်ခဲ့ရတဲ့ ချစ်သူရဲ့ ရက်ရက်စက်စက် နင်းချေစွန့်ပစ်ခြင်းကို ခံခဲ့ရတာတဲ့လား။ ထိုအချိန်လေးအတွင်း သီချင်းထဲက ဇာတ်ကောင်ဟာ မှိုင်းညှို့ မဖြစ်ပါစေနဲ့လို့ သူ ဘုရားတကာ ဆုတောင်းမိလိုက်သည်။

🎵တစ်သက်လုံး မေ့လို့မရတော့...အသည်းထဲက လန့်...

ဆေးရုပ်ထိုးပြီးထား...အသည်းမှာ စွဲထင်ဖျောက်ဖျက်မရ...

ငါတော့ သွေးပျက်လို့...ရုန်းထွက်ဖို့...ကြိုးစားလည်း...မလွတ်မြောက်တော့...🎵

သူ့ ဆုတောင်းများ မပြည့်ခဲ့ပါ။ နောက်ဆုံး သီချင်းစာသားအဆုံးမှာ ကြွေကျသက်ဆင်းသွားသည့် မှိုင်းညှို့၏ မျက်ရည်ပုန်းတစ်စက်ကို သူ မြင်ဖြစ်အောင် မြင်မိလိုက်ပါသည်။ 

မှိုင်းညှို့ရယ်...။ မင်း ဘာတွေပဲ ဖြစ်ခဲ့၊ ဖြစ်ခဲ့၊ မင်းကို အမြဲ နားလည်ခွင့်လွှတ်ရင်း ကိုယ်...ချစ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ အချစ်တွေကို မင်း ယုံကြည်လက်ခံလာတဲ့ တစ်နေ့...။ အဲ့ တစ်နေ့ဟာ အတိတ်ဇာတ်လမ်းထဲမှာ နစ်မြှုပ်နာကျင်နေတဲ့ မင်းလေးကို ကိုယ်...ဆွဲထုတ်ကယ်တင်နိုင်တဲ့ တစ်နေ့...၊ ကိုယ့် အချစ်တွေနဲ့ မင်းလေးရဲ့ နှလုံးသား ဒဏ်ရာတွေကို ကုစားဖေးမပေးနိုင်မယ့် တစ်နေ့ ဖြစ်လာမှာပါ ကလေးရယ်။


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ် 


rate now:

1 Reviews
  • reader watt pu 17.10.2021, 05:08 5

    .

    reply