book

Index 2

Chapter 2

မျက်ဝန်းတစ်စုံအပေါ် စွဲလန်းနှစ်သက်မိခြင်းသည် အချစ်တစ်ခုကို အမြစ်တွယ် ရှင်သန်စေလိမ့်မည်ဟု သူ တွေးထင်ထားခြင်း လုံးဝ မရှိခဲ့ပါ။ ထို့အပြင် သူ ငယ်စဉ်ကတည်းက စိတ်ကူးရင်ခုန်ခဲ့သော ချစ်သူအမျိုးအစားထဲတွင် လိင်တူ ယောက်ျားလေးတစ်ဦး ပါဝင်လိမ့်မည်ဟူ၍ သူ အိပ်မက်ပင် မမက်ခဲ့ပါ။ စိတ်ကစားလူးလွန့်၍ ရင်ခုန်တတ်စ (၁၄)နှစ်၊ (၁၅)နှစ်အရွယ် အသက်အပိုင်းအခြားများထဲမှာ သူ့နှလုံးသားကို ဆွဲဆောင်ညှို့ယူနိုင်သူ၊ သူ့ရင်ခွင်ထဲသို့ ကျူးကျော်ဝင်ရောက်နိုင်သူ၊ သူ့အတွေးများကို လွှမ်းမိုးသိမ်းပိုက်နိုင်သူ ဟူ၍ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါ။ တကယ်တမ်း ရှိလာပြန်တော့လည်း အချိန်တိုလေးအတွင်း၌ပင် သူ့ကို ရင်ခုန်လှုပ်ရှားစေသည့် အချစ်တစ်ခုသည် မျက်ဝန်းလေးတစ်စုံနှင့် အစပြုခဲ့လေသည်မှာ ထူးဆန်းအံ့ဩဖွယ်ရာပင် ဖြစ်သည်။

မှိုင်းညှို့ဆွဲငင် ဆိုသည့် နာမည်နှင့်လိုက်ဖက်အောင် လူတွေရဲ့ နှလုံးသားတွေကို ညှို့ယူဆွဲဆောင်နိုင်လွန်းသည့် ကောင်လေးသည် Mr. Chill Bar၏ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်ကြောင်း သူ့သူငယ်ချင်း ခေတ်မင်းဆက် ပြောပြ၍ သိနှင့်ပြီး ဖြစ်ပါသည်။ ဖွင့်လှစ်ထားသည်မှာ တစ်လပင် မပြည့်သေးသည့် အချိန်တိုအတောအတွင်းမှာ ခေတ်မင်းဆက်၏ Bar လေးသည် မန္တလေး လူငယ်များ၏ အကြားတွင် ရေပန်းစား ကျော်ကြားလာခဲ့သည်။ ထို့အတွက် သူ Mr. Chill Barလေးသို့ ဒုတိယအကြိမ် ရောက်ဖြစ်သော ညမှာ ဂုဏ်ပြုစကား ဆိုရပါသည်။

“မိုက်တယ်ကွာ...၊ ခေတ်။ မင်း Bar လေး အောင်မြင်တာ ငါ သိပ်ဝမ်းသာတာပဲ။ Congratulations ခေတ်”

သူ၏ ဂုဏ်ပြုစကားကြောင့် ခေတ်မင်းဆက်က သေသေသပ်သပ်ရှိနေသည့် အင်္ကျီကော်လံလေးကို ကိုင်ပြရင်း လည်ပင်းလေးကို ဆန့်ကာ မျက်နှာလေးကို ပြောင်ချော်ချော်ဟန်ပန်လေးနှင့် ချီမော့ထားလိုက်သည်။

“မင်း သူငယ်ချင်းပဲ ဗညားရာ။ ဒီလောက်တော့ ရှိရမှာပေါ့။ မဟုတ်ရင် ငါနောက်ကျ ကျန်ခဲ့လိမ့်မယ်။ မင်းတောင် Fashion Mall ကြီး တစ်ခုလုံးကိုတောင် အချိန်တိုအတွင်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သေးတာပဲ။ ဒီ Bar လောက်လေးတော့ အောင်မြင်အောင် ငါ လုပ်နိုင်ရမှာပေါ့။ ဘာပဲပြောပြော မင်းအကူအညီတွေ အများကြီးပါပါတယ်ကွာ။ ကျေးဇူးပဲ ဗညား”

ခေတ်ပြောလည်း ပြောချင်စရာပင်။ သူ မြန်မာနိုင်ငံသို့ပြန်လာပြီးနောက်တွင် ဖေဖေတို့က သူ့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးထားသည့် ‘Parallel Universe’ ဟူ၍ နာမည်ပေးထားသည့် Fashion Mallကြီးက သူ့ကို ကြိုဆိုနေခဲ့၏။ မန္တလေးမြို့၏ အစည်ကားဆုံးအရပ်ဟု ဆိုနိုင်သည့် မိန်းထဲတွင် သူတို့ဆိုင်ကြီးကို ခမ်းနားထည်ဝါစွာ ဆောက်လုပ်ထားသည်။ နောက်ဆုံးပေါ် ဗိသုကာလက်ရာ ဒီဇိုင်းများနှင့် ဖန်တီးတည်ဆောက်ထားသည့် သူတို့၏ ‘Parallel Universe’ Fashion Mallကြီးသည် မန္တလေး မိန်းထဲတွင်တော့ အထင်ပေါ်ဆုံး ဖြစ်ပါသည်။ 

သူသည် အသက် (၂၀)ခန့်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်သော်လည်း သည်လို ကြီးကျယ်ခန်းနားသည့် Fashion Mall ဆိုင်ကြီးတစ်ဆိုင်ကို နိုင်နင်းစွာ ကွပ်ကဲအုပ်ချုပ်နိုင်ခဲ့သည်မှာ ဖေဖေတို့၏ ပြည့်စုံသော လူအားဖြင့်လည်းကောင်း၊ ငွေအားဖြင့်‌လည်းကောင်း ကူညီ ထောက်ပံ့ပေးမှုများအပြင် သူ၏ ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးကြောင့် ဖြစ်သည်။ ငယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ထူထောင်ချင်သည့် သူ့၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ပင် ဖြစ်ပေါ်လာခဲ့သည့်အတွက် ဖေဖေတို့ကို သူ ကျေးဇူးတင်ရပါသည်။

“အေးပါကွာ။ အချင်းချင်းတွေ ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းကျေးဇူးတင်ချင်ရင် မင်းမိဘတွေကို တင် ခေတ်။ ငါတို့ အရွယ်လေးတွေနဲ့ စီးပွားရေးလုပ်နိုင်အောင် ‌ယုံယုံကြည်ကြည် ရင်းနှီးထောက်ပံ့ပေးတဲ့ မိဘတွေရဲ့ ကျေးဇူးကို ငါတို့ သိတတ်ရမယ်နော် ခေတ်”

ခေတ်မင်းဆက်၏ Barသို့ ဒုတိယအကြိမ်လာရောက်ရန် သောကြာနေ့ညကို သူ တမင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တစ်ပတ်တွင် လေးရက်သာ Unplugged Band ဖြင့် သီဆိုဖျော်ဖြေဧည့်ခံသည့် အစီအစဉ် ပါဝင်သော နေ့ရက်များထဲတွင် သောကြာ ညသည်လည်း အပါအဝင်ဖြစ်သောကြောင့် ဖြစ်သည်။ 

သူရောက်တော့ Unplugged Band ပင် စတင် တီးခတ် ဖျော်ဖြေနေပြီဖြစ်သည်။ မနက်ဖြန် ရုံးပိတ်ရက်ဖြစ်သောကြောင့်လား၊ သို့မဟုတ် Bandဖြင့် တီးခတ်ဖျော်ဖြေသည့်ညဖြစ်၍လားတော့ သူ မခွဲခြားတတ်။ Bar အတွင်းရှိ စားပွဲများအားလုံး ပြည့်နှက်နေသည်အထိ စည်ကား‌သိုက်မြိုက်နေခဲ့သည်။ 

“ဒီနေ့ည ပိုစည်သလိုပဲ ခေတ်...နော်”

“စည်မှာပေါ့ကွ။ Unplugged ရှိတဲ့ ညကိုး”

စင်ပေါ်တွင် အသံချိုချိုအေးအေးလေးကို ဆွဲဆွဲငင်ငင်သီဆိုနေသည့် အမျိုးသမီးအဆိုတော်လေးကို သူ တစ်ချက် လှမ်းကြည့်လိုက်သည်။ ငါးစက္ကန့်လောက် ကြည့်ပြီး အကြာတွင် သူ့ အကြည့်များကို သီချင်းသီဆိုနေသည့် မိန်းကလေးထံမှ သိမ်းယူပစ်လိုက်သည်။ ထိုမိန်းကလေးသည် သူ့အာရုံများကို ကြာကြာ မဆွဲဆောင်နိုင်ပါ။ 

သူ့စိတ်အာရုံများကိုသာမက နှလုံးသားကိုပါ တစ်ခါတည်း ဆွဲ‌ဆောင်သိမ်းယူသွားသည့် ကောင်လေး၏ အရိပ်လေးကိုပင် သူ မြင်ခွင့်မရသေးပါ။ ခေတ်ကို သူ မေးသင့်၊ မမေးသင့် စဉ်းစားချင့်ချိန်နေပြီးတော့မှ မနေနိုင်တော့သည့် အဆုံးတွင် မေးလိုက်ရသည်။ စိတ်ရှည်သည်းခံရသည့် ဘာသာရပ်တစ်ခုတွင် သူ လွန်စွာညံ့ဖျင်းသည်ဆိုတာကို သူကိုယ်တိုင် သိလိုက်ရ၏။

“ခေတ်၊ ဒါနဲ့လေ... ဟိုတနေ့ည ငါလာတုန်းက သီချင်းဆိုနေတဲ့ ကောင်လေးကို မင်း သိတယ်မလား။ အဲ့ကောင်လေး မဆိုသေးဘူးလား”

သူ့စကား အဆုံးတွင် ခေတ်မင်းဆက်က မျက်လုံးများ မှေးဝင်သွားသည့်အထိ တဟားဟားရယ်မောတော့သည်။ သူ့မေးခွန်းထဲမှာ ရီစရာများ ပါသွားလို့လား။ ခေတ်က သူ့ ရင်ခုန်သံကို ရိပ်မိသွားလို့လား။ လှည့်ပတ်မေးနေသည့် သူ့မေးခွန်းထဲက မြှုပ်ကွက်တစ်ခုကို ခေတ် ပါးနပ်စွာ သိနေလို့လား။ သူ စိတ်မလုံမခြုံဖြစ်ကာ စင်မြင့်ပေါ်က သူ့ကို မ‌ဆွဲဆောင်နိုင်သည့် မိန်းကလေးကို ကြည့်နေလိုက်သည်။  

“မင်းပြောတာ မှိုင်းညှို့ဆွဲငင် မလား။ သူက ငါတို့ဆိုင်ရဲ့ လာဘ်ကောင်လေးကွ။ အခု ငါ့ဆိုင်ထဲက မိန်းကလေးတော်တော်များများက သူ့ကို ကြိုက်လို့ လာကြတဲ့ သူတွေ။ ယောက်ျားလေးတချို့တောင် သူ့ကို ကြိုက်ကြတယ်ကွ”

ခေတ်၏ စကားကြောင့် သူ့ကိုယ်သူ မလုံမလဲဖြစ်ကာ သောက်လက်စ ဘီယာခွက်လေးကို ယူကာ သောက်နေလိုက်သည်။ မင်းပြောတဲ့ ကောင်လေးရဲ့ ယောက်ျားလေး ပရိသတ်တွေထဲမှာ ငါ ထိပ်ဆုံးကပါတယ်ဆိုတာ မင်း သိရင် ရီနေဦးမှာတော့ ကျိန်းသေတယ် ခေတ်ရေ။

“အဲ့ကောင်လေးမှာ လူတွေကို ဆွဲဆောင်နိုင်တဲ့ ညှို့ဓာတ်ရှိတယ် ဗညား။ အခုချိန် သူသာ ဆိုပြီး သွားကြည့် ဆိုင်ထဲက လူတွေ တစ်ဝက်နီးပါး ထပြန်သွားလိမ့်မယ်”

ခေတ်က သူ့စကားကိုသူ သဘောကျစွာ တဟားဟား ရယ်မောနေပြန်သည်။  ခေတ် ပြောသည့် ထိုကောင်လေး သီချင်းဆိုပြီးလျှင် ထပြန်သွားမည့် သူတွေထဲ သူလည်း အပါအဝင်ဖြစ်သည်ကို ခေတ် သိလို့ကတော့ ရယ်ရခက်၊ ငိုရခက်ဖြစ်နေမည့် ခေတ်၏ မျက်နှာကို မြင်ယောင်မိရင်း သူ ရယ်ချင်မိသွားသည်။

“ဟေ့ကောင်…ပြုံးစိစိနဲ့ ဘာတွေ တွေးနေတာလဲ။ မင်း ပြောတဲ့ မှိုင်းညှို့က လာတော့မှာ။ ဒီကောင်မလေး နောက်တစ်ပုဒ်ဆိုပြီးရင် သူ့အလှည့်ပဲ”

သူ့နှလုံးသား ခုန်နှုန်းလေး သိသိသာသာ အရှိန်မြင့်လာခဲ့သည်။ အဓိပ္ပာယ်တစ်မျိုးဖြင့် ပြုံးရင်း ငြိမ်သက်နေသည့် သူ့ကို ခေတ်က အကဲခတ်သလို စိုက်ကြည့်နေမှန်း သူ့မျက်ဝန်းထောင့်စွန်းများမှ တွေ့မြင်နေရသည်။

“ဗညား…၊ မင်း ငါ့ကို ပြောစရာ ရှိနေတယ်မလား”

ခေတ်ကို တစ်ချက်ကြည့်ကာ ညင်သာစွာ ပြုံးပြလိုက်သည်။ ဆွေမျိုးများသဖွယ် ရင်းနှီးကျွမ်းဝင်သည့် သူတို့၏ မိဘများကြောင့် ဗညာနှင့် ခေတ်သည်လည်း တောက်တီးတောက်တက် လမ်းလျှောက်တတ်စ အရွယ်ကတည်းက အတူဆော့ကစားရင်း ကြီးပြင်းလာခဲ့ရသည်။ မူကြိုတက်တော့လည်း အတူတူ၊ ကျောင်းတက်တော့လည်း အတူတူပင်။ ဆယ်တန်းအောင်ပြီးချိန်တွင် ဗညားက ဩစတြေးလျသို့ ထွက်ခွာသွားချိန်မှာတော့ ခေတ်က မြန်မာပြည်မှာသာ တက္ကသိုလ်တက်ရင်း ကျန်ရစ်နေခဲ့သည်။

ငယ်စဉ်ကတည်းက ညီအစ်ကိုသဖွယ် ပုခုံးဖက် ပေါင်းသင်းကြီးပြင်းလာကြသူတွေဖြစ်၍ တစ်ယောက်အကြောင်းကို တစ်ယောက် ဖွင့်ပြောစရာမလိုဘဲ သိကြသည်။ တစ်ယောက်ကို တစ်ယောက် မျက်လုံးတချက်ဝေ့ကာ ကြည့်ရှုလိုက်ရုံနှင့် ရင်တွင်း၌ ပုန်းကွယ်သိုဝှက်ထားသည့် ခံစားချက်များကို သိမြင်နိုင်သည်အထိ သူတို့ နီးကပ်ခဲ့ကြသည်။

“မင်း ဘယ်လို ထင်လို့လဲ ခေတ်။ မင်း ငါ့မျက်လုံးတွေကို ဖတ်ကြည့်စမ်းပါ”

ခေတ်က ဗညား၏ မျက်ဝန်းများကို စူးစိုက်စွာ ကြည့်လိုက်သည်။ ခဏ အကြာတွင်တော့ ခေတ်၏ မျက်ဝန်းများ ပြုံးလေသည်။

“မင်း အချစ်ကို ရှာတွေ့ပြီ ထင်ပါရဲ့…ဗညား”

ခေတ်၏ ကောက်ချက်ချမှုကို ဝန်ခံသည့် သဘောမျိုးနှင့် ဆိတ်ဆိတ်ငြိမ်နေလိုက်သည်။ အရွယ်ရောက် လူငယ်တစ်ယောက်အဖြစ် ရှုမြင်သတ်မှတ်ကြသည့်  (၁၅)နှစ်၊ (၁၆)နှစ်ခန့် အသက်အပိုင်းအခြား ကာလများသည် အချစ်ကို စမ်းသပ်ရင်ခုန်တတ်တတ်သည့် အရွယ်များ ဖြစ်သည် ဆိုသည့် ယေဘူယျနိယာမတစ်ခုသည် ဘုန်း‌ဗညားမောင်အတွက်တော့ ချွင်းချက်တစ်ခု ဖြစ်ခဲ့ပါလိမ့်မည်။ ကိုးတန်း၊ ဆယ်တန်းအရွယ် လူငယ်တစ်ယောက် ဖြစ်ခဲ့စဉ်က ခေတ်မင်းဆက်နှင့် အတန်းဖော်သူငယ်ချင်းများ နည်းတူ ရင်ခုန်သံစဉ်များကို စိတ်ကူးပုံဖော်၍ ထုဆစ်ကျူးရင့်ခြင်းများလည်း မရှိခဲ့ပါ။ ကဗျာတွေ၊ စာတွေ ဖတ်ရင်း ရေးရင်း စိတ်လှုပ်ရှားကစားကြသည့် ခေတ်တို့ ကျောင်းသားလူငယ် အုပ်စုများအထဲတွင်လည်း သူ ပျက်ကွက်ဖြစ်ခဲ့ပါသည်။ ကျောင်းစာမှလွဲ၍ စိတ်မဝင်စားသည့် စာဂျပိုးဟု သတ်မှတ်ခေါ်ဝေါ်၍ လှောင်ပြောင်စနောက်ခြင်း ခံရသည့် ကျောင်းသားအုပ်စုတွင်တော့ ဘုန်းဗညားမောင်သည် ပထမနေရာမှ ပါဝင်ခဲ့ပါ၏။ ထိုကဲ့သို့ ရင်မခုန်တတ်ခဲ့သည့်၊ အချစ်ကို ဘာသာရပ်တစ်ခုလောက် စိတ်ဝင်စားခြင်း မရှိခဲ့သည့် ‌လူထူးဆန်း ဗညားသည် အခုတော့ ရင်ခုန်တတ်နေခဲ့ပြီတဲ့လား။

“ဘယ်သူလဲ ဗညား၊ သေချာတာက ချစ်တေးသံစဉ် မဟုတ်ဘူးဆိုတာ ငါ သိတယ်”

ဗညားက စိတ်ကျဉ်းကြပ်စွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ သူ မှုတ်ထုတ်လိုက်သည့် သက်ပြင်းများနှင့်အတူ သူ၏ သိမ်ငယ်စိုးထိတ်မှုများ ပါသွားစေချင်မိသည်။

“ငါ..ချစ်မိသွားတာ မှိုင်းညှို့ဆွဲငင်ကိုပဲ ခေတ်”

ခေတ်၏ မျက်လုံးများထဲက အရိပ်အယောင်များကို ဗညား အပြေးအလွှား ရှာဖွေကြည့်လိုက်သည်။ ခေတ်၏ မျက်ဝန်းများထဲတွင် အထင်သေးနှိမ်ချသည့် အရိပ်အယောင်များ ကင်းမဲ့နေခဲ့သည်ကို သူ ကျေးဇူးတင်စွာ တွေ့လိုက်ရသည်။

“မင်း ငါ့ကို အထင်သေးမသွားတဲ့အတွက် ကျေးဇူးတင်တယ် ခေတ်”

“ဘာကို အထင်သေးစရာလိုလဲ ဗညားရာ။ အချစ်ဆိုတာ အချစ်ပါပဲ။ ယောက်ျားချင်း ချစ်လဲ အချစ်ပဲလေ။ ငါ မင်းရဲ့ အချစ်ကို အသိအမှတ်ပြုတယ် ဗညား။ ဒီအတွက် မင်းဘာမှ သိမ်ငယ်စရာ မလိုဘူး”

ခေတ်ကို ကျေးဇူးတင်သည့် အကြည့်များနှင့် သူ ကြည့်လိုက်သည်။ Bar အတွင်းမှ ဧည့်သည်များ၏ ဆူညံသော အော်ဟစ်သံများနှင့်အတူ ကျယ်လောင်စွာ ထွက်ပေါ်လာသည့် လက်ခုပ်သံများကြောင့် သူတို့ စကားစ ပြတ်သွားသည်။

“မင်းရဲ့ မှိုင်းညှို့ ဆိုမယ့် အလှည့်ရောက်ပြီ ဗညား”

သူ၏ မျက်လုံးများသည် စင်မြင့်ပေါ်က ကောင်လေးတစ်ဦးထံတွင် ငြိမ်သက်လျက်ရှိသည်မှာ မျက်တောင်များပင် ခတ်ဖို့ မေ့နေခဲ့သည်အထိ။ 

အဖြူရောင် Shirt အင်္ကျီလက်ရှည်လေးကို လက်မောင်းထိ ခေါက်တင်ထားသည်။ တွဲဖက်ဝတ်ဆင်ထားသည့် Style Pant ဘောင်းဘီလေးသည်လည်း အဖြူစွတ်စွတ်လေးပင် ဖြစ်သည်။ Sneaker လေးကိုလည်း အဖြူသန့်သန့်လေးပင် စီးထား၍ တစ်ကိုယ်လုံး ဖွေးဖွေးဖြူကာ မှိုင်းညှို့သည် စင်ပေါ်တွင် ထင်းခနဲ ပေါ်လွင်ထင်ရှားနေခဲ့သည်။

စင်မြင့်၏ အလယ်တည့်တည့်တွင် ချထားသည့် သစ်သားတုံးပုံစံ လေးထောင့်ခုံလေးပေါ်တွင် ညင်သာနူးညံ့စွာ ထိုင်ကာ Microphone Stand လေးကို ဆွဲကိုင်ရင်း သူ့၏ ပုံကျ‌သေသပ်သည့် နှုတ်ခမ်းလွှာများနှင့် မနီးကပ်လွန်း၊ မဝေးကွာလွန်းသည့် အသင့်တော်ဆုံးနေရာသို့ရောက်အောင် ချိန်ညှိလိုက်သည်။ မိုက်ကို သူ့စိတ်ကြိုက် နေရာချထားပြီးတော့မှ Bar ထဲတွင် ရှိနေသည့် ဧည့်ပရိသတ်များ အားလုံးကို ဝေ့ခနဲတချက် ကြည့်လိုက်ကာ ပေါ့ပါးလန်းဆန်းနေသည့် အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။ သူ၏ မျက်လုံးဝေ့အကြည့်တွင် ပရိသတ်များ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။

“အားလုံးပဲ မင်္ဂလာပါ…”

မိုက်ခရိုဖုန်း မှတဆင့် ကြည်လင်ချိုမြနေသည့် အသံလွင်လွင်လေးသည် ပရိသတ်များအကြားသို့ ရောက်ရှိလာချိန်တွင် Bar တစ်ခုလုံး ဆူညံသွားတော့သည်။ မှိုင်းညှို့၏ အသိအမှတ်ပြုသည့် အကြည့်လေးတစ်ချက် သူတို့ထံ ရောက်ဖို့အတွက် လက်ထောင်ပြသူကပြ၊ လက်ခုပ်တီးသူကတီးနှင့် သူတို့နည်း သူတို့ဟန်နှင့် ကြိုးစားအားထုတ်နေခဲ့ကြသည်။ ဘုန်းဗညားမောင်ကတော့ အရာအားလုံးကို မေ့လျော့စွာ မှိုင်းညှို့ကိုသာ စွဲမြဲစွာ စိုက်ကြည့်ငြိမ်သက်နေခဲ့မိသည်။

“မှိုင်းညှို့ဆွဲငင် လို့ခေါ်ပါတယ်”

မှိုင်းညှို့က သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။ အောက်က ပရိသတ်တွေကတော့ မှိုင်းညှို့ ဘာလုပ်လုပ် သဘောကျစွာ တဟေးဟေးနှင့် လက်ခုပ်လက်ဝါးတီးရင်း အော်ဟစ်နေကြသည်။

“ပထမဆုံး အနေနဲ့ သီချင်းမြူးမြူးလေးတစ်ပုဒ်နဲ့ အားလုံးရဲ့ နှလုံးသားလေးတွေကို လန်းဆန်းသွားအောင် ဖျော်ဖြေပေးချင်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့…သဘာဝနှင့်တွေ့ဆုံခြင်း လို့ အမည်ရပါတယ်ခင်ဗျာ”

လက်ခုပ်သံများနှင့်အတူ ဂစ်တာသံ ရှရှလွင်လွင်လေးသည် ငြိုးငြိုးငြိမ့်ငြိမ့် ထွက်ပေါ်လာခဲ့သည်။ 

ညလေးတစ်ည လလေးက မ, သာ... ဘဝလေးထဲ...

သူလေးရောက်လာ ဘယ်သူ‌လဲ မေးတာ... မမေးပါနဲ့

ဂစ်တာလေးနဲ့ ဆိုညည်းတဲ့အခါ... အို သီချင်းသည်

ကိုယ့်နှလုံးသား ခဏလေးအတွင်းမှာ... ကျွမ်းဝင်ခဲ့

ဂစ်တာသံလေးနှင့် မှိုင်းညှို့၏ သီချင်းသံလေးသည် စည်းချက်ကျနစွာဖြင့် ပရိသတ်များ၏ နှလုံးသားများကို ညှို့ယူဆွဲဆောင်လျက်ရှိသည်။ ပေါ့ပါးသွက်လက်နေသည့် ဂစ်တာသံစဉ်များနှင့် မြူးကြွလန်းဆန်းနေသည့် မှိုင်းညှို့၏ သီဆိုဟန်များကြောင့် နားဆင်နေသည့် ဧည့်သည်များ၏ နှလုံးသားများသည် သံစဉ်ကြွကြွလေးများကြားမှာ ကူးလူးလှုပ်ရှားနေစေသည်။

“ခုနက ကောင်မလေးက သံစဉ်အေးအေးလေးတွေပဲ ဆို‌သွားတော့ ပရိသတ်က ပျင်းပြီး ငြိမ်သွားတယ်လေ။ အဲ့ဒါကို မှိုင်းညှို့က ပါးပါးနပ်နပ်နဲ့ ပရိသတ်ကို လန်းဆန်းသွားအောင် လှုပ်နှိုးလိုက်တာပဲ။ အဲ့ဒါကြောင့်ပဲ ဧည့်သည်တွေကလဲ မှိုင်းညှို့မှ မှိုင်းညှို့ဖြစ်နေတာပေါ့ကွာ”

ဂစ်တာလက်ခတ်သံလေး၏ အဆုံးသတ်တွင် လက်ခုပ်သံများ စီညံစွာ ထွက်ပေါ်လာခဲ့ပြန်သည်။ မှိုင်းညှို့က ဧည့်သည်များ၏ ဂုဏ်ပြုလက်ခုပ်သံများကို အသိအမှတ်ပြုသည့် အပြုံးလေးတစ်ခုဖြင့် လှပသေသပ်စွာ ပြုံးပြလိုက်သည်။ ကော့ညွတ်သွားသည့် နှုတ်ခမ်းလေးများကြောင့် ဗညား၏ နှလုံးသားလေးသည် ဆက်ခနဲ လူးလွင့်လှုပ်ရှားသွားရပြန်သည်။ မှိုင်းညှို့၏ အပြုံးလေးများသည်လည်း ညှို့ဓာတ်အပြည့်နှင့် ဆိုသည်ကို သူ လက်တွေ့သိမြင်လိုက်ရတော့သည်။

“ကျေးဇူးပါ ခင်ဗျာ…။ နောက်တစ်ပုဒ်အနေနဲ့ အားလုံးရဲ့ နှလုံးသားတွေကို ‘အချစ်ဆိုတဲ့ အရသာ’လို့ အမည်ရတဲ့ သီချင်းလေးနဲ့ အေးမြစေခွင့်ပြုပါ ခင်ဗျာ”

ပရိတ်သတ်၏ သဘောသဘာဝကို ကျေနပ်ပိုင်နိုင်လွန်းသည့် ကောင်လေး ဖြစ်သည်ဟု ဗညား ကောက်ချက်ချလိုက်မိသည်။ သီချင်းရွေးချယ်မှု ကျွမ်းကျင်ရုံမျှမက ပရိသတ်ရင်ထဲ ဝုန်းခနဲ ပစ်ကြွေထိရှသွားစေနိုင်မယ့် စကားလုံးလေးတွေကိုလည်း လှလှပပသုံးနှုန်းတတ်သေးသည်လေ။

နောက်ဆုံးတစ်ပုဒ်အနေနှင့် မူရင်းအဆိုရှင် စိုးပိုင်၏ အနီးဆုံးလူ သီချင်းလေးနှင့် ငြိမ့်ညောင်းသာယာစွာ ပရိသတ်၏ လက်ခုပ်သံများကို သိမ်းကျုံးရယူသွားခဲ့သည်။ မှိုင်းညှို့ သီဆိုရမည့် သီချင်း သုံးပုဒ်စလုံး သီဆိုပြီးသည့် အချိန်တွင် ခေတ်က မပြောမဆိုနှင့် လက်ထောင်ပြကာ မှိုင်းညှို့ကို လှမ်းခေါ်လိုက်သည်။ ခေတ်၏ လက်မြန်သွက်လက်လွန်းသည့် လျှပ်တပြတ်ဆန်သော အပြုအမူများကို ဗညား တားမြစ်ပိတ်ပင်ချိန်တောင် မရတော့။ ‌ခေတ် အနားသို့ကပ်ကာ တီးတိုး အပြစ်တင်ပြောဆိုနေချိန်မှာတော့ မှိုင်းညှို့က သူတို့စားပွဲဆီသို့ ရောက်လာခဲ့ပြီဖြစ်၏။

မှိုင်းညှို့နှင့်အတူ ကပ်ပါလာသည့် ခပ်သင်းသင်း မွှေးရနံ့တစ်ခု။ ထိုမွှေးရနံ့ကြောင့် သူ၏ စိတ်များ ပို၍ ယောက်ယက်ခတ် လှုပ်ရှားသွားတော့သည်။ အနံ့က ခပ်သင်းသင်းလေး ဆိုပေမယ့် အနည်းငယ်စူးရှကာ ချိုအီသည့် အနံ့မျိုး။ သေချာတာတစ်ခုကတော့… ထိုမွှေးရနံ့သည် ဗညား၏ စိတ်ကို ဆောက်တည်ရာမရအောင် ဆွဲဆောင်ညှို့ယူနိုင်ခြင်းပင်။

“ကိုခေတ်၊ ကျွန်တော့်ကို ခေါ်တာလား။ ဘာပြောစရာရှိလို့လဲ အစ်ကို”

အဝေးမှပင် ညှို့ယူဖမ်းစားနိုင်သည့် မျက်ဝန်းညိုများကို အနီးကပ် မြင်တွေ့လိုက်ရချိန်တွင် သူ့နှလုံးသားများ ဆက်ဆက်ခါ လှုပ်ရှားလာခဲ့သည်။ ထိုအချိန်တွင် ထိုင်နေခဲ့သည့် ကိုယ့်ကိုယ်ကိုယ် ကြံဖန်၍ ကျေးဇူးတင်ရသေးသည်။ အကယ်၍ မတ်တပ်ရပ်နေမိခဲ့ပါက သူ့ခြေထောက်များ ဟန်ချက်ပျက်ကာ ညွတ်ခွေယိုင်နဲ့သွားမည် ထင်သည်။

“ဟုတ်တယ်…ညီ။ ကိုယ် ညီ့ကို ကိုယ့်သူငယ်ချင်း တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့။ ထိုင်ပါဦး ညီရဲ့။ အေးအေးဆေးဆေး စကားပြောရအောင်”

မှိုင်းညှို့က လွတ်နေသည့် ထိုင်ခုံနေရာတွင် ဝင်ထိုင်လိုက်သည်။ ချိုအီစွာ စူးရှသင်းပျံ့သည့် ရေမွှေးနံ့တစ်ခုသည် ဗညား၏ ရင်ခုန်နှုန်းများကို မတည်မငြိမ်ဖြစ်အောင် နှောင့်ယှက်နေတော့သည်။ လှုပ်ရှားနေသည့် စိတ်များကို ကြိုးစားအားတင်းရင်း စုစည်းလိုက်ကာ အကောင်းဆုံး ပြုံးနေလိုက်ရသည်။ သူ၏ အပြုံးများ ဟန်ချက်ပျက်နေသည်ကိုတော့ ခေတ်တစ်ယောက် ရိပ်စားမိပါလိမ့်မည်။

“ဒါ ကိုယ့် ငယ်သူငယ်ချင်း ဘုန်းဗညားမောင် တဲ့။ ကိုယ်တို့က ငယ်ငယ်လေးကတည်းက ပေါင်းလာကြတာ။ မိဘချင်းကလဲ နှစ်အိမ့်တစ်အိမ်ဖြစ်နေတော့ ကိုယ်တွေချင်းကလဲ ညီအစ်ကိုတွေလိုပဲ…”

“ဟုတ်ကဲ့..၊ သိခွင့်ရတာ ဝမ်းသာပါတယ် ခင်ဗျာ”

လွင်မြူးပေါ့ပါးနေသည့် နှုတ်ဆက်သံလေးတစ်ခုနှင့်အတူ မှိုင်းညှို့၏ အညိုရောင် မျက်ဝန်းတစ်စုံသည် သူ့ထံသို့ ဝှေ့ခနဲ ကျရောက်လာသည်။ ဗညားသည် မှိုင်းညှို့၏ မျက်ဝန်းများထဲက စိတ်ခံစားချက်များကို ရှာဖွေကြည့်လိုက်မိချိန်တွင် မှိုင်းညှို့၏ မျက်ဝန်းများသည် ခံစားချက်တစ်စုံတစ်ခုဖြင့် မှိုင်းဝေညိုရီနေခဲ့သည်ကို ဗညား သတိပြု တွေ့မြင်လိုက်ရတော့သည်။

“ခေတ်ကို ရင်းနှီးသလို ကိုယ့်ကိုလည်း ခင်မင်နိုင်ပါတယ် မှိုင်းညှို့။ ကိုယ်က မှိုင်းညှို့ရဲ့ ပရိသတ်ပါ”

သူတို့ အချင်းချင်း လက်‌ဆွဲနှုတ်ဆက်လိုက်ကြသည်။ မှိုင်းညှို့ လက်ဖဝါးနွေးနွေး၏ အထိအတွေ့ကြောင့် ဗညား၏ တထိတ်ထိတ်ခုန်လှုပ်နေခဲ့သည့် နှလုံးသားလေးသည်လည်း နွေးထွေးသွားရသည်။ 

“မှိုင်းညှို့ ဗညားကို ဧည့်ခံပေးထားပါဦးနော်။ ကိုယ် စားဖိုချောင်ဘက် သွားလိုက်ဦးမယ်”

ခေတ်က တမင်သက်သက် ရှောင်ပေးသွားမှန်း ဗညား သိပါသည်။ မှိုင်းညှို့နှင့် နှစ်ယောက်တည်း စကားပြောခွင့်ရရန် ကြံဖန်စီစဉ်ပေးသွားခြင်း ဖြစ်၏။ 

မှိုင်းညှို့နှင့် နှစ်ယောက်တည်း ကျန်ရစ်ခဲ့ချိန်တွင် ဘာပြောလို့ ပြောရမှန်း မသိဘဲ နေရခက်စွာ စိတ်လှုပ်ရှားနေခဲ့တော့သည်။ မှိုင်းညှို့ကလည်း စိတ်ကျဉ်းကြပ်နေပုံရသည်။ ခေါင်းငုံ့၍သာ ကြမ်းပြင်ကြီးကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေခဲ့သည်။ သည်လိုတော့ တန်ဖိုးရှိသည့် အချိန်လေးတွေကို မကုန်ဆုံးစေလို၍ ဗညား အားတင်းကာ စကားမရှိ စကားရှာပြီးသူတို့ကြားက တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွင်းလိုက်သည်။

“တစ်ခုခု သောက်ပါဦးလား…။ ကိုယ် ဧည့်ခံပါရစေ”

“နေပါစေ အစ်ကို။ ကျွန်တော် မသောက်တော့ပါဘူး”

ဗညား၏ ပထမဆုံး ကြိုးပမ်းအားထုတ်မှုသည် မှိုင်းညှို့၏ ယတိပြတ် ငြင်းဆန်မှုအောက်တွင် အချည်းနှီးဖြစ်သွားရသည်။

“ညီ သီချင်းဆိုတာ သိပ်ကောင်းတာပဲ။ သီချင်းတွေနဲ့ မရင်းနှီးတဲ့ ကိုယ်တောင် ညီ့သီချင်းသံလေးတွေကို ကြိုက်မိတယ်”

“ဟုတ်ကဲ့…၊ ကျေးဇူးတင်ပါတယ် အစ်ကို”

သူ၏ သီဆို‌ဖျော်ဖြေမှုနှင့် ပတ်သတ်၍ ချီးကျူးစကားများကို မှိုင်းညှို့က မကြာခဏ အပြောခံရလေ့ရှိပုံ ပေါ်ပါသည်။ ဗညား၏ ချီးမွမ်းစကားများကို ဘာမှ မထူးခြားသည့်အတိုင်း လေးနက်‌မှုကင်းမဲ့သည့် ကျေးဇူးတင်စကားတစ်ခွန်းနှင့်သာ တုံ့ပြန်ဖော်ရလေသည်။

“ဒါနဲ့လေ… ညီ့ကို ကြည့်ရတာ ကိုယ့်ထက် ငယ်မယ့်ပုံပဲနော်…၊ အသက်က..?”

“၁၉ ပါ အစ်ကို”

“အော်…ဒါဆို ကိုယ့်ထက် တစ်နှစ် ငယ်တာပေါ့”

မှိုင်းညှို့က ဗညားနှင့် စကားပြောနေရသည်ကို ငြီးငွေ့နေပုံရသည်။ စင်မြင့်ထက်တွင် တေးသီချင်းများကို လန်းဆန်းတတ်ကြွစွာ သီဆိုဖျော်ဖြေနေသည့် မှိုင်းညှို့ဆွဲငင် နှင့် စကားပြောနေရတာမှ ဟုတ်ရဲ့လား ဆိုသည့် အဓိပ္ပာယ်မရှိသော သံသယများ ဝင်လာသည်အထိ မှိုင်းညှို့သည် ရုတ်ချည်း ပြောင်းလဲသွားသည်။

“ဘယ်ဇာတိလဲ ဟင်၊ ဘယ်မှာနေလဲ အခုက”

“ဇာတိကတော့ မန္တလေးပါပဲ။ နေတာကတော့ အိုးပိုင်အိမ်ပိုင် မရှိလို့ မိန်းထဲက အဆောင်တစ်ခုမှာ နေပါတယ်”

“ဒါဆို…မိသားစုကရော”

သူ့နှုတ်က ရုတ်တရက် မေးလိုက်ပြီးမှ အားနာရကောင်းမှန်း နောက်ကျစွာ သိလိုက်သည်။ မှိုင်းညှို့၏ မျက်ဝန်းများထဲတွင် သူ တွေ့မြင်လိုက်ရသည့် ရီဝေမှိုင်းမှုံနေသည့် အရိပ်အငွေ့များသည် ပိုမို၍ ထင်ရှားပေါ်လွင်လာသည်မှာ သူ့မေးခွန်းကြောင့်များလား။

“ကျွန်တော် ကိုယ့်ကိုယ်ကို မိဘမဲ့လို့ ခံယူထားပါတယ် အစ်ကို။ ကျွန်တော် တစ်ကောင်ကြွက်ပါ”

သူ့စိတ်ထင် မမှားဘူးဆိုလျှင် မှိုင်းညှို့၏ အသံလေးသည် ခပ်မာမာ ကြွပ်ဆက်ဆက်လေး ဖြစ်လာခဲ့သည်။ မှိုင်းညှို့ကို သူ အားနာစွာ သောက်လက်စ ဘီယာခွက်လေးကို ယူရင်း ဆက်သောက်နေလိုက်သည်။

“ဒါနဲ့…၊ ကျွန်တော့်အကြောင်းတွေကို ဘာလို့ သိချင်နေရတာလဲ”

မှိုင်းညှို့၏ လေသံခပ်မာမာနှင့် မေးလာသည့် မေးခွန်းတစ်ခုကြောင့် သူ့ရင်ထဲ တင်းခနဲ ဖြစ်သွားရသည်။ တိကျ ပြတ်သားစေမည့် စကားလုံးများကို သူ ရွေးချယ်ရင်း မှိုင်းညှို့၏ မေးခွန်းကို တုံ့ပြန်ဖြေဆိုလိုက်သည်။

“ကိုယ်…စိတ်ဝင်စားလို့”

သူ့ အဖြေကို မှိုင်းညှို့က ကြိုတင်သိနှင့်နေပြီးသား ပုစ္ဆာတစ်ပုဒ်၏ အဖြေလို အံ့ဩထိတ်လန့်သွားပုံ မရ။ နှုတ်ခမ်းတစ်ဖက်ပင် ကွေး၍ လှောင်ပြောင်သရော်ဟန်နှင့် မဲ့ပြုံးပင် ပြုံးလိုက်သေးသည်။ သူ ကြိုးစားအားတင်းကာ စကားစတစ်ခုကို မှိုင်းညှို့အား ဆွဲထုတ်ခွင့်ပေးလိုက်သည်။

“ညီရော…၊ ကိုယ့်အကြောင်းတွေ မသိချင်ဘူးလား။ သိချင်တာ မေးလို့ရတယ်နော်။ အားမနာနဲ့”

“ဟင့်အင်း…၊ မသိချင်ဘူး”

သည့်ထက် ရှင်းလင်းသည့် အဖြေပင် သည်လောက် ပြတ်သားတိကျနိုင်မှာ မဟုတ်ပါ။ မှိုင်းညှို့၏ တုံ့ပြန်မှုကို သူ မခံချင်စွာ နောက်ဆက်တွဲ မေးခွန်းတစ်ခု ထပ်မေးလိုက်သည် ။

“ဘာလို့လဲ…”

“စိတ်မဝင်စားလို့”

မှိုင်းညှို့၏ ရှင်းလင်းတိကျသော အဖြေသည် မြားတစ်စင်းကဲ့သို့ ဗညား၏ နှလုံးသားကို အရှိန်အဟုန်ပြင်းစွာဖြင့် ထိုးစိုက်ဖောက်ထွက်သွားတော့သည်။


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်


rate now:

1 Reviews
  • reader watt pu 16.10.2021, 18:23 5

    .

    reply