book

Index 15

Chapter 15

လေရိုင်းတစ်ခု၏ ခပ်ပြင်းပြင်း တိုးဝှေ့တိုက်ခတ်လိုက်မှုကြောင့် မှိုင်း ဆံပင်လေးများသည် လွင့်ခနဲ ရမ်းခါယိမ်းထိုးရင်း လှုပ်ရှားသွားသည်။ ဆံပင်များ၏ ယိမ်းထိုးလွင့်ခါမှုကြောင့် အသိစိတ်ကင်းမဲ့နေခဲ့သည့် မှိုင်းသည် အခုမှ ဝိညာဉ်ပြန်ကပ်လာသူလို မှိုင်း၏ မျက်ဝန်းလေးများသည် ဖြည်းလေးစွာ လှုပ်ရှားအသက်ဝင် လာခဲ့၏။


မောင်...


မောင်...ဟု နာကျင်စွာ တမ်းတရေရွတ်မိလိုက်ချိန်တွင် ထုံကျင်နေခဲ့သည့် မှိုင်း၏ ရင်ခွင်တစ်ခုလုံးသည် ရစရာမရှိအောင် အစိတ်စိတ်အမွှာမွှာ စုတ်ပြတ် ကွဲကြေသွားသည်။ 


"မှိုင်းးး..."


မှိုင်းနားထဲ မောင့်ရဲ့ သွေးပျက်မတတ် အော်သံကြီးကို ကြားလိုက်ရသဖြင့် ယောင်ယမ်းစွာ လှည့်ကြည့်လိုက်‌သည်။ အော်...မေ့လို့...၊ မောင် ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ။ မောင်က...မှိုင်း ထားရစ်ခဲ့တဲ့ နေရာမှာပဲ ကျန်ရစ်နေခဲ့ပြီ မဟုတ်လား။


ကြောက်လန့်တကြား အော်ဟစ်ကာ လမ်းမကို ဖြတ်ကူးလာသည့် သွေးလန့်ခြောက်ခြားနေသည့် မောင့် မျက်နှာပြင်ကို ‌မှိုင်း၏ နီရဲကြိမ်းစပ်နေသည့် မျက်ဝန်းများထဲတွင် ပြန်လည်မြင်ယောင်လာခဲ့သည်။


"မှိုင်းးး..."


မောင်သည် လမ်းမလည်ကောင်တွင် ပူထူကြောင်အမ်းစွာ ရပ်နေမိခဲ့သည့် မှိုင်းဆီသို့ ဦးတည်၍ သွေးရူးသွေးတန်း အော်ဟစ်ကာ ပြေးလာခဲ့သည်။ ထို့နောက် မှိုင်းကို ပြင်းထန်သော အရှိန်တစ်ခုနှင့် တွန်းလွှတ်လိုက်သည်။ မှိုင်းသည် မောင့်တွန်းအားကြောင့် လမ်းမပေါ်သို့ လဲကျကာ လမ်းတစ်ဖက်သို့ အရှိန်ပြင်းစွာ လွင့်စဉ်လူးလှိမ့်သွား၏။ ထို့နောက် မိုးခြိမ်းသံတစ်ခုကဲ့သို့ ထိတ်လန့်ဖွယ်ရာ ဝုန်းခနဲ အသံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ မှိုင်း လဲကျနေရာမှ လူးလွန့်ရင်း ထကြည့်လိုက်တော့ လမ်းမပေါ်တွင် ဆွေးဆွေးနီသော သွေးအလိမ်းလိမ်းဖြင့် လဲ‌လျောင်းနေသည့် မောင့်ကို သွေးပျက်‌စွာ မြင်တွေ့လိုက်ရသည်။


"မောင်!!!!..."


ပူထူ‌ခြောက်ခြားစွာ သွေးရူးသွေးတန်း အော်ဟစ်ရင်း မှိုင်းသည် မောင် လဲကျနေရာသို့ လျင်မြန်စွာ ပြေးသွားလိုက်၏။ 


မောင့် မျက်နှာသည် အဆမတန်သော နာကျင်မှုတစ်ခုကို ခံစားနေရသူတစ်ဦးကဲ့သို့ သွေးအလူးလူးဖြင့် မြင်ရက်စရာ မရှိအောင် ထိခိုက်နာကျင်နေပုံရသည်။ ချင်းချင်းနီသော သွေးတို့ ပေကျံလျက်ရှိသည့် မောင့်ကို မြင်လိုက်ရချိန်တွင် မှိုင်း တစ်ကိုယ်လုံးရှိ သွေးသားတို့ခြောက်ခန်းသွားမတတ် ထိရှနာကျင်သွားရသည်။ တဆက်ဆက် တုန်ခါနေသော လက်အစုံတို့ဖြင့် သွေးအိုင်ထဲ လဲကျနေသည့် မောင့်ကို နောက်ထပ် မနာကျင်ရအောင် ညင်သာစွာ ပွေ့ထူလိုက်ပြီး မှိုင်း ရင်ခွင်ထဲတွင် ထွေးပိုက်ထားလိုက်သည်။


"မောင်...မောင်...သတိထားပါဦး မောင်ရယ်"


ရစရာမရှိအောင် အပိုင်းပိုင်းအစိတ်စိတ် နာကျင်ကြေမွနေသည့် မှိုင်း၏ ရင်တွင်းမှ တိုးထွက်လာသည့် စကားသံများသည် အက်ကွဲခြောက်သွေ့နေခဲ့သည်။ 


"မှိုင်း..."


မောင့်၏ အသံသည် လေတိုးသံမျှသာ သဲ့သဲ့ကလေးဖြစ်၏။ 


"မှိုင်း ရှိတယ်လေ မောင်။ သတိထားနော်...မောင် ဘာမှမဖြစ်စေရဘူး သိလား..."


"မှိုင်း...မောင်...မောင် သိပ်နာတာပဲ မှိုင်းရယ်..."


မှိုင်း မျက်လုံးများကို ခပ်တင်းတင်း ညှစ်ရင်း ပိတ်ချလိုက်သည်။ မှိုင်း နှလုံးသားတွေလည်း ရစရာမရှိအောင် အစိတ်စိတ်အမွှာမွှာ ကွဲကြေစုတ်ပြတ်နေပါပြီ မောင်ရယ်။


"မှိုင်း...၊ မှိုင်းကို မောင် ကောင်းကောင်း မမြင်ရဘူး။ မောင့်မျက်လုံးတွေ ဝေဝါးနေတယ် မှိုင်းရယ်"


"မောင်...စကားတွေ မပြောပါနဲ့လား မောင်ရယ်။ မောင် ပင်ပန်းနေပါ့မယ်"


မောင့် ဦးခေါင်းလေးသည် မှိုင်းရင်ခွင်ထဲတွင် ဖြည်းညှင်းစွာ ခါသည်။


"မှိုင်း...မှိုင်း...ဘာ ဖြစ် သွား သေး လဲ ဟင်"


မောင့်၏ မှိုင်းအပေါ် စိုးရိမ်တကြီးမေးသည့် မေးခွန်းကို ကြားလိုက်ရချိန်တွင် မှိုင်းနှလုံးသားလေးကို အရှင်လတ်လတ်‌ ဆွဲနှုတ်လိုက်သလို အဆပေါင်းများစွာ အောင့်သက်စူးမျက်သွားသည်။


မှိုင်းလို မောင့် အချစ်တွေနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ကို မောင့်အသက်နဲ့ရင်းပြီး ကာကွယ်ပြီးတာတောင် မှိုင်းအတွက် စိုးရိမ်ပူပန်နေရသေးလား မောင်ရယ်။


"မှိုင်းကို ဘာလို့ တွန်းထုတ်လိုက်ရတာလဲ မောင်ရယ်။ တကယ်က ကားနဲ့ အတိုက်ခံရသင့်တာ မှိုင်း။ မောင်နဲ့ မထိုက်တန်တဲ့ မှိုင်းပါ။ မှိုင်းကို ခွင့်မလွှတ်ပါနဲ့ မောင်ရယ်..."


မောင်သည် သွေးအလိမ်းလိမ်းကြားမှ အားယူရင်း တိုးဖွညင်သာစွာ ပြုံးသည်။


"မှိုင်း..မှိုင်း ကို...မောင်...မောင် သိပ်... ချစ်...ချစ်...တယ်..."


မောင့်အသက်ရှုသံများသည် မှိုင်းအတိုင်းသား ကြားနိုင်လောက်သည့်အထိ ပြင်းထန်လာသည်။ နောက်ဆုံးအချိန်ကို အသည်းအသန် သေလုမျောပါးလုနေရသည့် လူနာတစ်ဦးလို မောင်သည် ဝင်သက်ထွက်သက်ကို ရှိသမျှ ခွန်အားလေးနှင့် ရှုရှိုက်နေရှာသည်။ စကားတစ်လုံးနှင့် တစ်လုံးကို အားယူရင်း ပြောနေရသည့် မောင့်ကိုကြည့်ရင်း မှိုင်းသည် ရင်ကွဲပက်လက်ဖြစ်ရ၏။ မောင့် ပါးစပ်အတွင်းမှ ဗွက်ခနဲ အန်ထွက်လာသည့် သွေးများကို မှိုင်းသည် အယောင်ယောင် အမှားမှားနှင့် မောင့်ပါးစပ်ထဲ ပြန်ထည့်ပေးနေမိသည်။


"မှိုင်း...မှိုင်း ကို...မောင်...မောင်...ခွင့်...လွှတ်....တယ်...."


မောင့် စကားလုံးများ၏ အဆုံးတွင် မောင့် မျက်လုံးများသည် အနောက်သို့ လန်လျက် မျက်လွှာများ မှိတ်ကျသွားတော့သည်။ မှိုင်း ရင်ခွင်ထဲတွင် အားယူလှုပ်ရှားနေသည့် မောင့် ခန္ဓာကိုယ်လေးသည် ရုတ်တရက် ငြိမ်သက်သွားသည်။ မောင့် အသက်ရှုသံပြင်းပြင်းသည် ရုတ်ချည်း ရပ်တန့်သွားသည်။ 


"မောင့်ကိုလည်း မှိုင်း သိပ် ချစ်ရတာပါ... မောင်ရယ်"


မှိုင်းသည် တုန်ယင်နေသည့် နှုတ်ခမ်းတစ်စုံဖြင့် မောင့် ပါးပြင်လေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည့်အခါ မောင့်၏ သွေးနံ့တို့သည် မှိုင်း နှလုံးသားထိအောင် ထိုးဖောက်စိမ့်ဝင်သွားသည်။ 


မှိုင်းသည် တဖြည်းဖြည်း အေးစက်လာပြီး ငြိမ်သက်နေသည့် မောင့် ခန္ဓာကိုယ်ကို မ,ကာ လမ်းဘေးက မြက်ခင်းနုနုလေးများပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ ထို့နောက် မောင့်မျက်နှာကို နောက်ဆုံးအနေနှင့် အဝ,ကြည့်ပြီး မောင့်ကို လှပစွာ ပြုံးပြနှုတ်ဆက်လျက် ထိုနေရာမှ ပြေးထွက်လာခဲ့တော့သည်။


အခုချိန်လောက်ဆို မောင် ဘယ်ကို ရောက်နေမယ်‌ဆိုတာ မှိုင်း မသိဘူး။


မှိုင်းကတော့ တိမ်တွေနေတဲ့ အရပ်ကို ရောက်နေတယ် မောင်။


မောင် မှိုင်းကို ဂစ်တာလေး ပေးခဲ့တဲ့ နေရာလေး။ မောင် မှိုင်းကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ နေရာလေးမှာပေါ့။ 


မှိုင်းသည် ရေတံခွန်တောင်၏ ချောက်ကမ်းပါးစွန်းပေါ်တွင် ထိုင်ရင်း ဟိုးအဝေးက တောင်တန်းများအကြား တိုးဝင်ပျောက်ကွယ်လုနီး နေလုံးကြီးကို စူးစိုက်၍ ကြည့်နေလိုက်သည်။ သည်နေဝင်ချိန်ကို မောင်နှင့်အတူ မှိုင်း ကြည်နူးနှစ်ခြိုက်စွာ ကြည့်ရှုခံစားဖူးသည်။ အခုတော့ သူတစ်ယောက်တည်း ထိုနေဝင်ချိန်ကို ခါးသီးမုန်းသက်စွာ ကြည့်နေရပြီ။


မှိုင်း၏ ဘေးနားတွင် သူချထားသည့်အတိုင်း ငြိမ်သက်စွာ ရှိနေသည့် ဂစ်တာအဖြူလေးနှင့် နေကြာရိုင်းပန်းအိုးလေးကို တစ်ချက် ငုံ့ကြည့်လိုက်သည့်အခါ မောင့်ကို ပြင်းပြင်းထန်ထန် လွမ်းဆွတ်တမ်းတသွားသည်။


မောင်ရော...မှိုင်းထားခဲ့တဲ့အတိုင်းပဲ ငြိမ်သက်စွာနဲ့ ရှိနေဦးမလား။


ဟင့်အင်း။ ဘယ်ရှိနိုင်ပါတော့မလဲ...နော့် မောင်ရာ။ 


အခုလောက်ဆို မောင့်မိဘတွေ မောင့် ဈာပနအတွက် ပြင်ဆင်နေရောပေါ့။ မောင့် ခန္ဓာကိုယ်ကို မှန်ပေါင်းချောင်တစ်ခုကြီးထဲ ထည့်ထားလောက်ရောပေါ့။ မောင့်ဈာပနပွဲကို လာတဲ့သူတွေက အသက်မဲ့နေတဲ့ မောင့်ရဲ့ ခန္ဓာကိုယ်ကို မှန်အိမ်ထဲမှာ အလှပြထားတဲ့ ပစ္စည်းတစ်ခုလို ကြည့်နေလောက်ရောပေါ့ မောင်။ ‌မှိုင်းကတော့ အဲ့သည်လို မြင်ကွင်းတွေ မမြင်ချင်လို့ တိမ်တွေနေတဲ့ အရပ်လေးဆီကို ပြေးထွက်လာခဲ့တယ် မောင်ရယ်။ 


သိပ်မကြာခင် နာရီပေါင်းများစွာမှာ...ဒါမှမဟုတ်... ရက်ပိုင်းလေးအတွင်းမှာ မောင်ဟာ အခိုးအငွေ့တွေအဖြစ် တိမ်တွေနေတဲ့ အရပ်ဆီကို ထိုးဖောက်ပျံ့လွင့်သွားရတော့မယ်။ မောင့်မိဘတွေ...မှိုင်းကိုများ မျှော်လင့်တကြီးနဲ့ စောင့်နေရှာကြဦးမလား။ ဒါမှမဟုတ်...မောင့်ကို သေစေခဲ့တဲ့ မှိုင်းကို ခါးသီးမုန်းသက်သွားကြတော့မလား။ အို... မှိုင်း ဒါတွေ စိတ်မဝင်စားချင်တော့ဘူး မောင်ရေ။ မောင် ကင်းမဲ့သွားတဲ့ မှိုင်းဘဝဟာ ဘာတွေများ အဓိပ္ပာယ်ရှိနေတော့လို့လဲ။ 


လူအများအမြင်မှာတော့ မှိုင်းကြောင့် မောင် သေသွားရတယ်ပေါ့။ မှိုင်းဟာ မောင့်ကို သေစေခဲ့တဲ့ အဓိက လက်သည်ပေါ့နော် မောင်။


တစ်ကယ်တော့ မောင်ကသာ မှိုင်းကို သတ်ခဲ့တာပါ။ 


မှိုင်းကို သိပ်ချစ်တယ်၊ ခွင့်လွှတ်တယ် ဆိုတဲ့စကားတစ်ခွန်းနဲ့ မှိုင်း နှလုံးသားကို သတ်ခဲ့တယ်။ နောက်ပြီး မောင် မရှိတော့တဲ့ လူ့လောကကြီးမှာ မှိုင်းကို တစ်ယောက်တည်း ချန်ထားရစ်ခဲ့ပြီးတော့ မှိုင်း ဘဝကို ထပ်သတ်တယ်။


မောင် မရှိတော့ဘဲ့ ဘဝကြီးမှာ မှိုင်းတစ်ယောက်တည်း ဘယ်လို ရှင်သန်ရမလဲ မောင်ရယ်။


အချစ်ကြီးတဲ့ မောင်က သဘောထားကြီးကြီးနဲ့ မှိုင်းကို ခွင့်လွှတ်ပေးနိုင်ပေမယ့် မှိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တာကတော့ မခက်ပေဘူးလား မောင်။


မှိုင်းသည် ခပ်အက်အက် ရယ်လိုက်ပြီး ဘေးနားက ဂစ်တာလေးကို ကောက်ကိုင်လိုက်သည်။ ဘာသီချင်းတီးလိုက်မယ်လို့ စိတ်ထဲမှာ ရည်ရွယ်ထားတာမျိုး မရှိဘဲ လက်ချောင်းလေးများဖြင့် ဂစ်တာကြိုးများကို ပွတ်တိုက်ဆော့ကစားရင်း သံစဉ်တစ်ခုကို တီးခတ်လိုက်သည်။ သီချင်းစာသားဆိုရမည့် နေရာသို့ အရောက်တွင် မှိုင်း၏ ပါးစပ်များ လှုပ်ရှားကာ သီချင်းစာသားများကို ရွတ်ဆိုမိ၏။


🎵 မနက်ဖြန်ဆိုရင်လည်း... လွမ်းရဦးမယ်

ဘယ်အချိန်ထိ ခံစားလို့ နေရမလဲ...

ငါ့ကို ထားခဲ့တာ...ကံကြမ္မာရယ် ရက်စက်လွန်းတော့ တို့...ဝေးပြီ...

စူးရှတဲ့ အကြည့်လေးတွေ...တမ်းတရင်းလေ

ဟိုအရင် အချိန်က...ငါ့ ရင်ထဲ...ပြောတဲ့...စကားလေးတွေ...

ပြန်လည်ကာ ကြားယောင်မိတော့...ငါ ရူးချင်တယ်... 🎵


မှိုင်း သီချင်းဆိုနေရင်း မောင့်ကို မြင်ယောင်လာသည်။


ရောင်စုံမီးများကြားက စားပွဲခုံလေးတစ်ခုတွင် ထိုင်ရင်း စင်မြင့်ပေါ်တွင် သီချင်းဆိုနေသည့် မှိုင်းတစ်ယောက်တည်းကို စွဲမြဲစွာ ကြည့်နေခဲ့သည့် မောင့်၏ မျက်ဝန်းများကို မှိုင်း မြင်ယောင်လာသည်။


မှိုင်းရဲ့ သွေးအားနည်းရောဂါကြောင့် မေ့မျောပြီး ဆေးရုံတတ်ရချိန်မှာ အုပ်ထိန်းသူတစ်ယောက်လို ပူပန်ပြုစုပေးခဲ့သည့် မောင့်၏ ကြင်နာနွေးထွေးမှုများကို မှိုင်း လွမ်းဆွတ်လာသည်။


သိပ်ရွံမုန်းဖို့ကောင်းတဲ့ ‌မှိုင်းကိုယ်တိုင်တောင် မေ့ဖျောက်မြှုပ်နှံထားခဲ့တဲ့ မှိုင်းရဲ့ အတိတ်ဆိုးတွေကို သိခဲ့ပြီးတာတောင် မှိုင်းကို ခွင့်လွှတ်ပြီး၊ အို...ခွင့်လွှတ်ရုံတင် ဘယ်ဟုတ်မလဲ...အသက်နဲ့လဲပြီး သိပ်ချစ်တဲ့အကြောင်းကို သက်သေပြသွားခဲ့သေးသည့် မောင့်ကို မှိုင်း နင့်သည်းစွာ တမ်းတလာသည်။


🎵 ဒီအချိန်မှာ ငါ လွမ်းနေတာ...မင်းမှ မသိတာ

ရင်ခွင်မှာ ငိုကြွေးနေ...မင်း မသိတော့ပါ...

နောက် ဘဝလည်း စောင့်လို့နေပါ...အချစ်ဆုံးလေးရာ...

ငါလည်းပဲ တစ်နေ့တော့ မင်း အနောက် လိုက်လာခဲ့မှာ....🎵


နောက်ဆုံး သီချင်းစာသားများကို ရေရွတ်ပြီး မှိုင်းသည် ဂစ်တာလေးကို မြေပြင်ပေါ်သို့ ညင်သာစွာ ပြန်ချထားလိုက်သည်။


မှိုင်းကို သိပ်ချစ်သတဲ့လား မောင်...။


မောင့်ရဲ့ ကြီးမားမွန်မြတ်တဲ့ ချစ်ခြင်းတွေကို မောင့် အသက်နဲ့ လဲပြီး မှိုင်းကို ချစ်ပြသွားခဲ့တဲ့ မောင်။


နောက်ဆုံးထွက်သက်အချိန်ထိ ‌မှိုင်းကို သိပ်ချစ်ကြောင်း တဖွဖွ ပြောပြီး မှိုင်းအပြစ်တွေကို ခွင့်လွှတ်ပေးတဲ့ မောင်။


တစ်ကယ်တော့ မောင်ဟာ သိပ်ကို တစ်ကိုယ်ဆန်တဲ့ မောင် လို့ မှိုင်းပြောရင် မောင် ငြင်းမလား။ မောင်ပဲ စဉ်းစားကြည့်လေ။ မောင်ကတော့ မှိုင်းကို ဘယ်လောက်ချစ်ကြောင်း မောင့်အသက်နဲ့လဲပြီး မှိုင်းကို ကာကွယ်ပေးရင်း သက်သေပြသွားခဲ့တယ်။


မှိုင်းကတော့ မောင့်အပေါ်မှာ ထားတဲ့ မှိုင်းရဲ့ အချစ်တွေဟာ ဖြူစင်သန့်ရှင်းပါတယ်ဆိုတာကို သက်သေပြခွင့် မောင် မပေးခဲ့ဘူးလေ။ မှိုင်း အချစ်တွေလည်း မောင် ယုံကြည်အောင် မှိုင်း သက်သေပြပါရစေ မောင်ရယ်။


မှိုင်းသည် ရေတံခွန်တောင်၏ ချောက်ကမ်းပါးစွန်းတွင် ထိုင်နေရာမှ ထရပ်လိုက်သည်။ 


မောင်ရေ...ဟိုမှာကြည့်...။


နေဝင်သွားပြီ တွေ့လား။


နေဝင်တယ်ဆိုတာ ပြီးဆုံးခြင်း တစ်မျိုးပဲ မဟုတ်လား မောင်။


မောင် အခု ဘယ်ရောက်နေသလဲ‌‌ဆိုတာ မှိုင်း ခန့်မှန်းလို့ ရလာသလိုပဲ။


မောင် တိမ်တွေနေတဲ့ အရပ်မှာ...ဟုတ်တယ်မလား။


မှိုင်းလည်း ‌မှိုင်းအချစ်တွေကို သက်သေပြနိုင်ဖို့ မောင်ရှိရာ တိမ်တွေနေတဲ့အရပ်ဆီ လိုက်ခဲ့ပါရစေတော့ မောင်ရယ်။


အမှောင်ထုသည် ရေတံခွန်တောင်၏ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးဝါးမြိုလိုက်သည်။‌ ချောက်ကမ်းပါးစွန်းတွင်တော့ ပိုင်ရှင်ကင်းမဲ့နေသည့် ဂစ်တာလေးတစ်လက်နှင့် နေကြာရိုင်းပန်းလေး တစ်ပွင့်သည် အဓိပ္ပာယ်ကင်းမဲ့စွာ တိတ်ဆိတ်‌ငြိမ်သက်နေတော့၏။


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်



rate now: