မနက်ခြောက်နာရီ တိတိတွင် သူ၏ မျက်လုံးများသည် အချိန်ကိုက် သံပတ်ပေးထားသည့် စက်တစ်ခုလို အလိုအလျောက် ပွင့်လျက် နိုးထလာသည်။ သူ့ရင်ခွင်ထဲတွင် အပြစ်ကင်းစင်သည့် ကလေးငယ်တစ်ဦးကဲ့သို့ တိုးဝင်ခိုလှုံရင်း နှစ်ခြိုက်စွာ အိပ်မောကျနေသည့် မှိုင်း၏ ပါးပြင်လေးကို ပန်းလေးတစ်ပွင့်လို မြတ်နိုးယုယစွာ သူ နမ်းရှိုက်လိုက်၏။
ပြီးခဲ့သည့်ညက သူတို့၏ မင်္ဂလာပွဲ ကျင်းပမည့် Hotel Hazel မှာပင် အခန်းတစ်ခန်း ယူကာ သူနှင့်မှိုင်း အိပ်စက်လိုက်ကြသည်။ နောက်တစ်နေ့ မနက်ရောက်လျှင် စောစောထ၍ မင်္ဂလာပွဲအတွက် မိတ်ကပ်ပြင်ဆင် ခြယ်သရန်အတွက်ဖြစ်၏။ သူ မှိုင်းကို မနှိုးသေးဘဲ အိပ်မောကျနေသည့် မှိုင်းမျက်နှာလေးကို သိပ်လှပလွန်းသည့် အရုပ်လေးတစ်ရုပ်ကို မြတ်နိုးစွာ ကြည့်သလို တစိမ့်စိမ့်ရှုနေလိုက်သေးသည်။ ပြီးမှ မှိုင်း၏ ဆံပင်လေးများကို သူ့လက်ချောင်းလေးများထဲ ထိုးထည့်ဖွဆော့ရင်း မှိုင်းကို နှိုးလိုက်သည်။
“မှိုင်း…မိန်းမ…ထတော့နော်”
မှိုင်းနှင့် လက်ထပ်ပြီး၍ သူတို့နှစ်ဦးတည်း လွတ်လွတ်လပ်လပ်ရှိသည့် အချိန်များတွင် မှိုင်းကို မိန်းမဟု ခေါ်မည်ဟု သူ့စိတ်ထဲ ကြိုတင် ကြိမ်းဝါးကြံစည်ထားခဲ့သည်။ အခု အစမ်းသဘောအနေနှင့် မှိုင်းကို မိန်းမလို့ သုံးနှုန်းလိုက်သည့် သူ့အခေါ်ကိုသူ အူယားကာ ကြက်သီးမွှေးညင်းများပင် ထ၍ တစ်ကိုယ်လုံး တွန့်လိမ်သွားရ၏။
နိုးထလာသည့် မှိုင်းက သူ့ရင်ခွင်ထဲမှ ခြေကန် ရုန်းထွက်ကာ ခြေထောက်နှင့် လက်လေးများကို ဆန့်တန်းလျက် ပျင်းကြောဆွဲနေလိုက်သေးသည်။ ပြီးမှ သူ့ရင်ခွင်ထဲသို့ မျက်လုံးစုံမှိတ်၍ တိုးဝှေ့ရင်း ဝင်လာပြန်သည်။
“မိန်းမ…ထတော့လေကွာ။ မောင်တို့ အဲ…ယောက်ျားတို့ လုပ်စရာရှိတာ လုပ်ကြစို့”
“ခဏလေးပါ မောင်ရာ။ မောင့်ရင်ခွင်လေးထဲ ခဏလောက် ဇိမ်ခံနေပါရစေဦး”
“အံမယ်…အပျင်းလေး မသိခက်လို့။ မောင့် ရင်ခွင်ထဲ နေချင်တာ ဟုတ်လို့လား။ မထချင်သေးလို့မလား”
သူ့စကားကို ကြားတော့ မှိုင်းသည် မျက်လုံးများ မှိတ်ထားရင်းနှင့်ပင် ရယ်ကျဲကျဲလုပ်နေခဲ့သည်။
“ထတော့နော်။ လိမ္မာတယ်။ မောင်တို့ ပြင်ဆင်စရာတွေ ရှိသေးတယ်လေကွာ။ နော်…”
သူ့စကားအဆုံးတွင် မှိုင်းသည် မျက်လုံးလေးများကို ဗြုန်းခနဲ ဖွင့်ချလိုက်ရင်း သူ့ကို ပြူးကြည့်တော့၏။
“ခုနကပဲ ယောက်ျားဆို၊ အခုတော့ မောင် ဖြစ်သွားပြန်ပြီလား။ မှိုင်းကိုလည်း မိန်းမလို့ ခေါ်လိုက်သလားလို့…”
မှိုင်းစကားကြောင့် သူ့မျက်နှာလေး နွေးခနဲ ပူသွားရကာ ရှက်သွားရသည်။
“ကောင်ဆိုးလေး…၊ ကြားလိုက်သေးတာလား”
“အင်း…ကြားပါ့။ နားထောင်ကောင်းကောင်းနဲ့ ခိုးနားထောင်နေတာ ယောက်ျားဆိုသူကြီးရဲ့”
မှိုင်းက သူ့ကို ယောက်ျားဟု ခပ်ရွှတ်ရွှတ် ခေါ်ဆိုရင်း လျှာတစ်လစ်လေး ထုတ်ပြကာ လှောင်ပြောင်ပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွား၍ မှိုင်းနောက်သို့ သူ အမီပြေးလိုက်ရတော့၏။ ရေချိုးခန်းထဲ ရောက်တော့ မှိုင်းက သွားတိုက်တံကို သွားတိုက်ဆေး ညှစ်တင်ပြီး သူ့ကို ပေးသည်။
“ရော့ ယောက်ျား”
မှိုင်း၏ သူ့ကို ယောက်ျားဟု ခေါ်လိုက်ပြီး ခိခနဲ ရယ်လိုက်သေး၏။
“ဟာ… မှိုင်းကလည်းကွာ…အဲ့လို ပြောင်ချော်ချော်ကြီးနဲ့ မခေါ်ပါနဲ့။ မောင် ရှက်လာပြီ”
မှိုင်းသည် မျက်လုံးလေးများ မှေးစင်းသွားသည်အထိ ရယ်မောတော့သည်။
“ဟုတ်ပါပြီ မောင်ရဲ့။ မောင်ရှက်နေတာလေးကို မှိုင်းက ချစ်လို့ စတာပါ။ ဘယ်နှယ့်…ကောက်ညှင်းက မစေးဘဲ ဆန်ကြမ်းက စေးရတယ်လို့။ ရှက်ချင်းရှက် မှိုင်းက ရှက်ရမှာ မဟုတ်လား”
“ရှက်ရတာပေါ့ဗျာ။ မောင်က ဘယ်သူ့ကိုမှ မိန်းမလို့ ခေါ်ဖူးတာမှ မဟုတ်တာ”
သူ မှိုင်းကို သည်လို ပြန်ဖဲ့လိုက်တော့ မှိုင်းက ခါးလေးထောက်ရင်း ဘုကြည့်ကြည့်ကာ ရန်ထောင်တော့သည်။
“အော…မောင့်ပြောပုံကြီးက မှိုင်းကပဲ အခေါ်ခံရဖူးလို့ မရှက်တော့တဲ့ ပုံလိုလို”
မှိုင်း၏ ချစ်စဖွယ်ကောင်းလွန်းသည့် ရန်လုပ်ပုံလေးကို သူ သဘောကျစွာ ရယ်မောလိုက်တော့သည်။ သူတို့ တစ်ဦးကို တစ်ဦး ပျော်ရွှင်ကြည်နူးစွာ စနောက်ရင်း ရေချိုးလိုက်ကြသည်။
ထို့နောက် Hotel Hazel ၏ Rooftop (ခေါင်မိုးထပ်)တွင်ရှိသည့် Dinning room (ထမင်းစားခန်း) သို့ သွားကာ မနက်စာ စားလိုက်ကြသည်။ သူတို့ မနက်စာ စားပြီး၍ အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြီး မကြာမီတွင် မိတ်ကပ်ဆရာအဖွဲ့များ ရောက်ရှိလာခဲ့သည်။
“ကြည့်စမ်းပါဦး…မှိုင်းလေးက မိတ်ကပ်မလိမ်းရသေးတာတောင် ချောမောလှပနေလိုက်တာ။ မိတ်ကပ်များ လိမ်းပြီးလို့ကတော့ သတို့သားတော့ အခန်းထဲက ထွက်ချင်မှာတောင် မဟုတ်တော့ဘူး”
မိတ်ကပ်ဆရာများသည် စကားများ ဖောင်ဖွဲ့ပြောဆိုရင်း တဝါးဝါးတဟားဟားနှင့် ရယ်မောပျော်ရွှင်နေကြသည်မှာ သူတို့ပင် လိုက်ပါရယ်မောရသည်အထိ။
“အမေတို့အတွက်ရော မိတ်ကပ်အဖွဲ့တွေ သွားကြပြီလားဟင်”
“အင်း…သွားပြီလေ မှိုင်း။ တို့တွေ အတူတူထွက်လာခဲ့ကြတာပဲ။ ဟိုအဖွဲ့လည်း သတို့သား အိမ်မှာ လိမ်းနေလောက်ရောပေါ့။ ဒါနဲ့များ အန်တီတို့ကိုလဲ တစ်ခါတည်း ဟိုတယ်မှာပဲ အခန်းယူပေးလိုက်ပြီး လိမ်းခိုင်းလိုက်တာမဟုတ်ဘူး မှိုင်းရယ်”
“မှိုင်းလဲ အဲ့လိုပြောပါတယ်။ ဟိုက ကိုဗညားက လက်မခံလို့”
မိတ်ကပ်အလှဖန်တီးရှင်သည် မှိုင်းကို လိမ်းပေးနေရာမှ သူ့ကို မျက်လုံးကစားရင်း ကြည့်လိုက်၏။
“အမလေး…ကိုရွှေသတို့သား၊ တော်တော်ဖြစ်နေသလား။ ပြော...မပြောချင်ဘူး”
လူကြီး ရှက်တော့ ရယ် ဆိုသည့်အတိုင်း မိတ်ကပ်ဆရာ၏ စကားကြောင့် သူ ခပ်ရှက်ရှက်နှင့် ရယ်မောနေလိုက်သည်။
ခုနစ်နာရီခွဲခန့်တွင် သူတို့ ပြင်ဆင်ခြယ်သမှုများ အားလုံး အပြီးသတ်သွားသည်။ ပန်းရောင် အနောက်တိုင်း ဝတ်စုံလေးနှင့် လိုက်ဖက်လှစွာ နုဖတ်ချောမောလွန်းသည့် မှိုင်းကို သူ မျက်တောင်မခပ်တမ်း စွဲမြဲစွာ စိုက်ကြည့်နေမိသည်။
“မောင်လေ… လူ့ပြည်မှာ လူယောင်ဖန်ဆင်းထားတဲ့ နတ်သားလေးတစ်ပါးကို မြင်ဖူးသွားပြီ သိလား”
မှိုင်းက သူ့စကား၏ ဆိုလိုရင်းကို သဘောကျစွာ ရှက်ပြုံးလေး ပြုံးရယ်၍ နေ၏။
“မှိုင်းရော..ဘာထူးလဲ။ ကမ္ဘာပေါ်က အချောမော အခန့်ညားဆုံး သတို့သားကို မြင်ဖူးသွားပြီ မောင်ရဲ့”
သူ ကြည်နူးစွာ ရယ်မောလိုက်ပါသည်။ ထိုအချိန်မှာပင် သူတို့အခန်းမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ မေမေတို့ပဲ ဖြစ်မည်ထင်သည်။ မှိုင်းက အခန်းတံခါးဆီသို့ သွက်လက်ပေါ့ပါးသည့် ခြေလှမ်းများဖြင့် လှမ်းသွားလိုက်ကာ တံခါးဖွင့်ပေးလိုက်သည်။ သူ ထင်ထားသည့်အတိုင်း မေမေတို့ပင် ဖြစ်ပါ၏။
“ဟယ်…ချောလိုက်တာ မှိုင်းလေးရယ်။ နိုင်ငံခြားက မော်ဒယ်လေး ကျလို့”
“ငါ့မြေး မှိုင်းလေး ချောချက်ကတော့ ထိရက်ကိုင်ရက်စရာတောင် မရှိဘူးကွယ်”
ဟိုတယ်ခန်းလေးထဲတွင် ဖွားမြနှင့် မေမေတို့၏ မှိုင်းအပေါ် ချီးမွမ်းစကားသံများနှင့် လှိုင်းထဆူဝေသွားခဲ့သည်။
“အဟမ်း…အဟမ်း…၊ ဒီက သားအရင်း၊ မြေးအရင်းကိုလဲ အဖတ်လုပ်ပေးကြပါဦး။ ဒီကလည်း မဆိုစလောက်လေးတော့ ချောသလားလို့ပါ”
သူ၏ ခပ်ရွဲ့ရွဲ့ စကားကို မေမေတို့က သဘောကျစွာ တဟားဟား ရယ်မောတော့သည်။
“အေး…ဟုတ်ပါ့။ ငါ့သားကို မင်းအဖွားတို့ အဖတ်မလုပ်လဲ ဖေဖေ လုပ်တယ်ကွာ။ ငါ့သားက အဖေတူ သားမို့ ချောတာကွ”
သူတို့ အားလုံး ပြိုင်တူ ရယ်မောရပြန်ပါသည်။
“မေမေတို့ ခန်းမရှေ့မှာပဲ ဧည့်ကြိုရင်း စောင့်နေလိုက်တော့မယ်နော် သားတို့။ သားတို့လဲ ခဏနေရင် ဆင်းခဲ့တော့”
သူတို့ကို လက်ပြနှုတ်ဆက်ရင်း မေမေတို့သည် ခန်းမရှိရာ မြေညီထပ်သို့ ဆင်းသွားကြသည်။
“မှိုင်း…ရင်ခုန်နေပြီလား ဟင်”
“ရင်လဲ ခုန်တယ်၊ ရင်လဲ တုန်တယ် မောင်ရယ်။ တစ်မျိုးကြီးပဲ”
“မောင်ရောပဲ”
သူသည် မှိုင်းလက်လေးကို ခပ်ဖွဖွ ကိုင်ဆုပ်ကာ ပြုံးပြလိုက်ရင်း အားပေးဖေးမလိုက်သည်။
ဟိုတယ်အခန်း၏ ထောင့်စွန်းဘက်ရှိ ရေခဲသေတ္တာအသေးလေးနှင့် ကွယ်ကာ မှိုင်းမမြင်အောင် သူ ဖွက်ထားခဲ့သည့် ပစ္စည်းလေးတစ်ခုကို သူ သွားယူလိုက်သည်။ ထိုပစ္စည်းလေးကို မှိုင်း မတွေ့ရအောင် လက်ကိုနောက်ပြန်ထား၍ ကိုင်လာလိုက်၏။
“မှိုင်းကို မောင် ပေးစရာလေးရှိတယ်”
“ဘာလဲဟင် မောင်…”
“ဒီမှာလေ…”
အနောက်တွင် ဖွက်ကွယ်ထားသည့် ပစ္စည်းလေးအား မှိုင်းအရှေ့သို့ ထုတ်ပြလိုက်ချိန်တွင် မှိုင်း၏ မျက်နှာလေးသည် ပျော်ရွှင်ကြည်နူးရိပ်များနှင့် ပြုံးသွားလေသည်။
“ဟာ…နေကြာရိုင်းပန်းအိုးပိစိလေး။ သူ ရှင်သေးတယ်ပေါ့”
“မှိုင်း ပစ်ထားခဲ့လို့ အပင်လေးက ရင်ကွဲနာကျပြီး သေတော့မလိုဖြစ်သွားတာလေ။ မောင် အားဆေးတွေ ကျွေးပြီး မနည်း ပြုစုလိုက်ရတယ်။ သိရဲ့လား မှိုင်းရဲ့”
မှိုင်းက အိမ်တွင်းအလှစိုက် နေကြာရိုင်းပန်းအိုး အသေးလေးကို ယူ၍ သူ့လက်ဖဝါးပေါ် ညင်သာမြတ်နိုးစွာ တင်ထားလိုက်သည်။
“ဆောရီးပါ နေကြာရိုင်းလေးရယ်။ ငါ နောက်ဆို မင်းကိုရော၊ မောင့်ကိုရော ပစ်မထားခဲ့တော့ပါဘူးနော်”
မှိုင်းသည် နေကြာရိုင်းပန်းလေးကို ရည်ရွယ်ရေရွတ်ကာ ခပ်ဖွဖွနမ်းလိုက်သည်။
“မောင်တို့ ဆင်းကြစို့ မှိုင်း…။ ရှစ်နာရီ ထိုးတော့မယ်”
သူသည် မှိုင်း၏ လက်လေးကို မြတ်နိုးကြင်နာစွာ ဆုပ်ကိုင်ကာ ခန်းမဆီသို့ ဆင်းလာလိုက်သည်။
🎵 မင်္ဂလာအချိန် ရက်မြတ်သို့ ရောက်ခဲ့ပြီ…
လက်ထပ်ပွဲလေး ကျင်းပကြတော့မည်…
ပျော်ရွှင်ကြည်နူး မဆုံးသောနေ့မို့…ဘယ်အခါ မမေ့ပြီ…
မောင်နှံနှစ်ဦးသား…ပြုံးပန်းကိုယ်စီ ပွင့်လန်းလို့နေ…🎵
မင်္ဂလာခန်းမဆီမှ သဲ့သဲ့လွင့်ပျံနေသည့် ကြည်နူးလှိုက်ဖိုဖွယ်ရာ တေးသီချင်းလေးကို သူတို့ကြားလိုက်ရချိန်တွင် တစ်ဦးမျက်နှာကို တစ်ဦး မတိုင်ပင်ရဘဲ ပြိုင်တူ ကြည့်လိုက်မိကြသည်။ မှိုင်း၏ မျက်ဝန်းများတွင် ရင်ခုန်ကြည်နူးမှု အရိပ်များနှင့် ရွှန်းလဲ့တောက်ပလျက်ရှိ၏။
“အစ်ကိုတို့ ဒီဘက်ကို ကြွပါရှင်…”
မင်္ဂလာခန်းမ၏ တာဝန်ရှိ ဝန်ထမ်း အမျိုးသမီးငယ်လေးတစ်ဦးက သူတို့ကို ချိုမြကြည်လင်စွာ ပြုံးပြရင်း နှုတ်ဆက်၏။ ထိုအမျိုးသမီးလေး ခေါ်ဆောင်ရာနောက်သို့ သူတို့ လက်ချင်းချိတ်၍ လိုက်သွားကြသည်။
“ဒီအခန်းလေးထဲမှာ ထိုင်စောင့်ပေးပါရှင်။ ခဏနေရင် အခမ်းအနားမှူးက အစ်ကိုတို့ကို ဖိတ်ခေါ်ပါလိမ့်မယ်ရှင်”
“ခန်းမထဲမှာ ဧည့်သည်တွေ စုံနေပြီလားဟင်”
“ဟုတ်ကဲ့...စုံသလောက်ရှိနေပါပြီရှင်”
ဝန်ထမ်းမလေးက သူတို့ကို နေရာချထားပေးပြီး ရိုသေစွာ ဦးညွတ်နှုတ်ဆက်ရင်း ပြန်ထွက်သွားသည်။ မကြာမီအချိန်အတွင်းမှာပင် အခမ်းအနားမှူး၏ ဖိတ်ခေါ်သံကို သူတို့ကြားလိုက်ရသည်။
“အခမ်းအနားအစီအစဉ်အရ…မင်္ဂလာသတို့သား မင်္ဂလာစုံတွဲဟာ…မင်္ဂလာဧည့်သည်တော်များရဲ့ ရှေ့မှောက်ကို မင်္ဂလာခြေလှမ်းများဖြင့် လျှောက်လှမ်းကြွရောက်လာတော့မှာပဲ ဖြစ်ပါတယ် ခင်ဗျာ။ မင်္ဂလာသတို့သား စုံတွဲကို မင်္ဂလာ လက်ခုပ်သံများနဲ့ ကြိုဆိုချီးမြှင့်ပေးကြပါစို့လား ခင်ဗျားးး…”
အဆုံးသတ်အသံကို အနည်းငယ်မြှင့်၍ အသံဩဇာကောင်းကောင်းနှင့် ဟစ်ကြွေးလိုက်သည့် အခမ်းအနားမှူး၏ စကားသံ အဆုံးသတ်တွင် ခန်းမတစ်ခုလုံး လက်ခုပ်သံများနှင့် ဖုံးလွှမ်းသွားတော့သည်။ သူတို့လည်း ထိုင်ရာမှ ထကာ အဆင်သင့် ရပ်နေလိုက်ကြသည်။ အခန်း၏ တံခါးနှစ်လွှာသည် တဖြည်းဖြည်း ပွင့်ဟသွားခဲ့ပြီးနောက်တွင် သူတို့နှစ်ဦးသည် ခန်းမ စင်မြင့်ဆီသို့ ခြေလှမ်းစိပ်စိပ်လေးများဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်ကြ၏။
🎵 မင်္ဂလာရှိသော ဧည့်ပရိသတ်အရှေ့မှာ…
လက်ထပ်ပွဲလေး ကျင်းပကြတဲ့အခါ…
သေတပန် သက်တဆုံး ပေါင်းဖက်ဖို့…မေတ္တာခြွေဆုတောင်းနေ…
ချစ်သက်ကြာရှည်…ချမ်းမြေ့တဲ့ ဘဝရစေ…🎵
ပြန်လည် ထွက်ပေါ်လာသည့် မင်္ဂလာတေးသီချင်းလေးသည် ခန်းမအတွင်းတွင် လိပ်ပြာလေးတစ်ကောင်လို လူးလွန့်ပျံဝဲလျက်ရှိသည်။ ခန်းမ၏ လျှောက်လမ်းအဆုံး အလယ်တည့်တည့်တွင် LED Digital ပိတ်ကားကြီးတစ်ချပ်ကို ထောင်ထားပြီး ထိုပိတ်ကားချပ်ကြီးပေါ်တွင် မှိုင်းနှင့် သူ၏ Pre-wedding ဓာတ်ပုံလေးများသည် တစ်ပုံပြီးတစ်ပုံ ပြေးလွှားလှုပ်ရှားလျက်ရှိ၏။
မင်္ဂလာခန်းမအတွင်းရှိ ဧည့်ပရိသတ်အပေါင်းသည် သူတို့နှစ်ဦးကို ပြုံးရွှင်သော မျက်ဝန်းများဖြင့် ကြည့်လျက် ကောင်းချီးဩဘာပေးနေခဲ့ကြသည်။ ဧည့်သည်များအကြားမှ လက်ထောင်ပြ၍ နှုတ်ဆက်သူကို သူ လှမ်းကြည့်လိုက်တော့ ခေတ် ဖြစ်နေခဲ့၏။ တစ်ဖက်ခြမ်းက ဧည့်သည်များကို ကြည့်နေခဲ့သည့် မှိုင်းကို လက်ကလေးနှင့် အသာတို့ကာ ခေတ် ရှိရာ စားပွဲဝိုင်းကို မေးဆတ်ပြလိုက်တော့ မှိုင်းက ခေတ်ကို ပြုံး၍ လက်ပြရင်း နှုတ်ဆက်လိုက်သည်။
ခြေလှမ်းအနည်းငယ် ဆက်လှမ်းသွားပြီးချိန်တွင် သူ့ Fashion Mall ကြီးမှ ဝန်ထမ်းများကို နေရာချထားပေးသည့် စားပွဲသို့ရောက်သည်။ ထိုစားပွဲဝိုင်းတွင် မိုးတိမ်ကဗျာသည် ပေါ်လွင်ထင်ရှားစွာ လှပလျက် ရှိ၏။ ကဗျာက သူ့ကို မခို့တရို့ပြုံးပြလျက် နှုတ်ဆက်၏။
ထို့နောက် ခြေလှမ်းအနည်းငယ် ထပ်လှမ်းပြီးချိန်တွင် တစ်နေရာဆီမှ တစ်စုံတစ်ဦး၏ စူးစူးစိုက်စိုက်ကြည့်ခြင်းကို သူ ခံစားလိုက်ရသည်။ ထိုအကြည့်ရှိရာဆီ သူ လှည့်ကြည့်လိုက်တော့ ချစ်တေးသံစဉ်သည် လက်လေးထောင်ပြရင်း လက်ချောင်းလေးများကို ညင်သာစွာ ယိမ်းထိုးလှုပ်ရှားပြီး သူ့ကို တစ်ချက် ပြုံးပြ၏။ သူမ၏ အပြုံးမှာ အဓိပ္ပာယ်တစ်မျိုး ပါဝင်နေခဲ့သည်။ သူက သူမကို ချေပအပြုံးတစ်ခုဖြင့် လှပသပ်ရပ်စွာ ပြန်လည်တုံ့ပြန်လိုက်၏။
မင်္ဂလာစင်မြင့်ပေါ်သို့ သူတို့ရောက်ချိန်ပြီးချိန်တွင် ဧည့်ပရိသတ်ဘက်သို့ မျက်နှာမူ၍ ရိုသေလေးစားစွာ ဦးညွတ်ရင်း ဂါရဝပြု နှုတ်ဆက်လိုက်သည်။ ဧည့်သည်စားပွဲများ၏ အရှေ့ဆုံးက ငွေရောင်ဖဲကြိုးကြီးများဖြင့် အလှဆင်ထားသည့် ဆိုဖာခုံရှည်ကြီးပေါ်တွင်တော့ ဖွားမြ၊ ဖေဖေနှင့် မေမေတို့သည် သူတို့ကို ကြည်နူးရိပ်များ လွှမ်းခြုံထားသည့် အပြုံးမျက်ဝန်းများဖြင့် စိုက်ကြည့်နေလျက်ရှိသည်။
“ဟုတ်ကဲ့ပါ…မင်္ဂလာအစီအစဉ်အရ၊ မင်္ဂလာဧည့်သည်တော်တို့ ရှုမြင်နေကြရတဲ့ မင်္ဂလာပိတ်ကားကြီးပေါ်က မင်္ဂလာသတို့သားစုံတွဲတို့ရဲ့ ကြည်နူးအားကျဖွယ်ရာ Pre-wedding ဓာတ်ပုံလေးများကို ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ် ခင်ဗျားးး…”
မင်္ဂလာအခမ်းအနားမှူး၏ အစီအစဉ် ဖတ်ကြားအစီရင်ခံမှု အပြီးတွင် ဧည့်ပရိသတ်များ၏ လက်ခုပ်သံများသည် ကျယ်လောင်စွာ ထပ်မံပေါ်ထွက်လာခဲ့၏။
🎵 ဒီအချိန်ကစ…တို့နှစ်ယောက်သည်…
အမြဲ အတူနေရတော့မည်…
ဘယ်အခါ မခွဲတမ်း အမြဲတမ်း စွဲလန်း ချစ်ကြမည်…🎵
ကြည်နူးဖွယ်ရာ သီချင်းသံစဥ်လေးများနှင့်အတူ သူတို့၏ အကြို မင်္ဂလာဦး ဓာတ်ပုံလေးများသည် ပိတ်ကားထက်ပေါ်တွင် လှပစွာ တစ်ပုံပြီး တစ်ပုံ လှုပ်ရှားထွက်ပေါ်လျက်ရှိသည်။
ထိုအချိန်တွင် သီချင်းသံသည် ဗြုန်းခနဲဆိုသလို ရပ်သွားသည်။ ပိတ်ကားထက်တွင်လည်း သူတို့၏ ဓာတ်ပုံများသည် ပျောက်ကွယ်သွားသည်။ သူတို့သည် ပိတ်ကားမျက်နှာပြင် မည်းမည်းကို ကြောင်အမ်းစွာ ကြည့်နေတုန်း ထိုပိတ်ကားကြီး၏ မျက်နှာပြင်ပေါ်တွင် သူဘယ်လိုမှ မထင်မှတ်ထားသည့် ဓာတ်ပုံတစ်ပုံသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဧည့်ပရိသတ်များ၏ ဟင်ခနဲ၊ ဟာခနဲ ထိတ်လန့်အံ့ဩသံများ၊ တစ်ယောက်တစ်ပေါက် ပြောဆိုသံများနှင့် မင်္ဂလာခန်းမလေးသည် ရုတ်ချည်း မင်္ဂလာမဲ့သွားရ၏။ သူသည်လည်း မယုံကြည်နိုင်စွာ ပိတ်ကားထက်မှ ထိုဓာတ်ပုံကို စိုက်ကြည့်နေမိသည်။
မင်္ဂလာပွဲနှင့် မအပ်ဆက်သော ထိုဓာတ်ပုံသည် ပိတ်ကားထက်တွင် ကျက်သရေမဲ့စွာ လာထင်ဟပ်နေမှာ သူ့ကို လှောင်ပြောင်သရော်နေသည်ဟူ၍ပင် ထင်မှတ်ရသည်။ ထိုဓာတ်ပုံသည် အများအမြင် မသင့်တယ်သော ကုတင်ပေါ်မှကိစ္စတစ်ခုကို ပြုလုပ်ဆက်ဆံနေကြသည့် လူနှစ်ဦး၏ ဓာတ်ပုံတစ်ပုံဖြစ်သည်။ ထိုဓာတ်ပုံထဲတွင် မမြင်သင့်၊ မမြင်အပ်သော လူနှစ်ဦး၏ အင်္ဂါအစိတ်အပိုင်းများကို ဝါးတားတား လုပ်ပေးထား၍သာ တော်သေးသည်။ သို့သော် ထိုဓာတ်ပုံထဲမှ လူနှစ်ဦး၏ ရမ္မက်ထန်နေသော မျက်နှာများကိုတော့ ရှက်ရွံ့ဖွယ်ကောင်းလောက်အောင် သဲကွဲထင်ရှားစွာ မြင်နေရ၏။
သူ ထိုဓာတ်ပုံကို အံ့ဩမင်သက်စွာ စိုက်ကြည့်နေမိစဉ်မှာပင် ဒုတိယတစ်ပုံ ပြောင်းလဲသွားပြန်သည်။ ထိုဒုတိယပုံသည် ပထမပုံထက် ဓာတ်ပုံထဲမှ ညစ်ညမ်းဆိုးဝါးလှသည့် လူနှစ်ဦး၏ မျက်နှာများကို ပို၍ အနီးကပ် ထင်ရှားစွာ တွေ့မြင်လိုက်ရချိန်မှာတော့ သူ သေချာသွားခဲ့သည်။
တစ်ဦးမှာ အသက် (၅၀)အရွယ်ခန့် လူကြီးတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးသည် မှိုင်းဖြစ်နေခဲ့သည်မှာ အံ့အားသင့်ဖွယ်ရာပင်ဖြစ်လေ၏။ ထိုစဥ်မှာပင် မှိုင်းသည် စင်မြင့်ပေါ်တွင် အရုပ်ကြိုးပြတ် လဲကျသွားခဲ့သည်။
“Surprise ဖြစ်သွားသလား ဘုန်းဗညားမောင်”
အသံကြားရာကို သူ ပူထူစွာ လှည့်ကြည့်လိုက်တော့ ချစ်တေးသံစဉ်သည် သူတို့ရှိရာ စင်မြင့်ပေါ်သို့ ကျော့မော့စွာ ခြေတစ်လှမ်းချင်း လှမ်းရင်း တက်လာခဲ့သည်။
“ငါ နင့်အတွက် အထူးစီစဉ်ထားတဲ့ လက်ဆောင်ကို နင် သဘောကျရဲ့လား”
“ဒီပုံတွေ နင် လုပ်ထားတာလား!!! ဒီပုံတွေက ဘာသဘောလဲ ချစ်တေးသံစဉ်”
“အေး…ငါ လုပ်ထားတာ ဟုတ်တယ်။ ဒါပေမယ့် Photoshop နဲ့ ပြုပြင်ထားတာ မဟုတ်ဘူးနော်။ အကုန်လုံးက အမှန်အကန်တွေချည်းပဲ”
“ဟာ…ငါ မယုံဘူး။ ငါ မယုံဘူး။ နင် လိမ်နေတာ!!!”
သူ ခေါင်းတွေကို ရမ်းခါလိုက်ရင်း သွေးရူးသွေးတန်းနှင့် ငြင်းဆန်လိုက်သည်။
“နင်ကသာ မယုံနေ။ ဟိုမှာ ကာယကံရှင်ကိုလည်း လှည့်ကြည့်လိုက်ပါဦး။ သူသာ တကယ်မဟုတ်ရင် အဲ့လောက် သွေးပျက်စရာ လိုလို့လား”
“ငါ…မကြားချင်ဘူး!!! နင့်ပါးစပ်ကို ပိတ်ထားလိုက် !!!!”
သူ၏ လေသံများသည် ဒေါသများ ဖက်စွက်လျက် မာကျောသင့်သည်ထက် သာ၍ မာထန်နေခဲ့သည်။
“မကြားချင်လဲ နားထောင်။ နင် သိပ်ကို ချစ်လွန်းလို့ လက်ထပ်ယူဖို့အထိ ကြိုးစားခဲ့တဲ့ မှိုင်းညှို့ဆွဲငင်ရဲ့အကြောင်း။ မှိုင်းညှို့ဆွဲငင်က ဘယ်လို လူမျိုးလဲဆိုတာ နင် သိရင် ဆက်ချစ်နိုင်ပါတော့မလားဆိုတာကို ငါ သိပ်စိတ်ဝင်စားတာပဲ ဘုန်းဗညားမောင်”
ချစ်တေးသံစဉ်သည် ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။ ထို့နောက် လဲကျနေသည့် မှိုင်းရှိရာနေရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားလိုက်၏။
“နင် သိပ်ကို ကံဆိုးတယ် မှိုင်းညှို့ဆွဲငင်။ ငါ တစ်ခုတော့ ဝန်ခံမယ်။ နင့်အကြောင်းတွေကို ငါ ဖော်ထုတ်ဖို့ တကူးတက မကြိုးစားခဲ့ဘူး။ ဒါပေမယ့်…နင့်ကို ကလဲ့စားချေချင်နေတဲ့သူက နင့်အကြောင်းတွေ လိုက်စုံစမ်းနေရင်း ငါနဲ့ တည့်တည့်ကြီးကို ဆုံတော့တာကိုး။ အဲ့ဒါ ဘယ်သူလဲ နင် သိတယ်မလား”
မှိုင်း ချစ်တေးသံစဉ်ကို စိုက်ကြည့်နေခဲ့သည့် မျက်ဝန်းများကို သူ အပြေးအလွှား ဖမ်းယူကြည့်လိုက်သည်။ မှိုင်း၏ မျက်ဝန်းများသည် တုန်လှုပ်နေလျက်က နူးညံ့သွားပြန်သည်။ ပိတ်ကားပေါ်မှ ဓာတ်ပုံတွေကြောင့် တုန်လှုပ်ချောက်ချားသွားသည့် မှိုင်း၏မျက်ဝန်းများသည် ချစ်တေးသံစဉ်ကို ဝါးမြိုမတတ် စိုက်ကြည့်နေရင်းမှ နူးညံ့သွားသည်မှာ တိုးလျှိုးတောင်းပန်သည့် သဘောများပင် ဖြစ်လိမ့်မည်။
မှိုင်းကို အပေါ်စီးမှ ငုံ့ကြည့်၍ စကားပြောနေရာမှ ချစ်တေးသံစဉ်သည် ဧည့်ပရိသတ်များ အကြားသို့ လှည့်ကြည့်လိုက်ပြန်သည်။
“ဧည့်ပရိသတ်တွေ အားလုံးကို ဒီနေ့ရဲ့ အထူးဧည့်သည်တော်တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့နာမည်က သမိုင်း လို့ ခေါ်ပါတယ်ရှင့်”
ချစ်တေးသံစဉ်၏ စကားအဆုံးတွင် သူတို့အရွယ် လူငယ်ကောင်လေးတစ်ဦး စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
“ကဲ…သမိုင်းရေ။ ရှင်ပဲ ရှင်းပြလိုက်ပါတော့။ ဒီပုံတွေရဲ့ နောက်ကွယ်က…ရာဇဝင်ကို”
သမိုင်းဆိုသူက ပြောင်ပြောင်တင်းတင်းနှင့်ပင် သူ့အရှေ့တွင် လာရပ်သည်။ သမိုင်းကို သူ စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သမိုင်းကတော့ မထီတထီ မျက်ဝန်းများနှင့်သာ သူ့ကို တုံ့ပြန်လေ၏။
“ပထမဦးဆုံး အနေနဲ့…အခုပိတ်ကားပေါ်မှာ မြင်နေရတဲ့ ပုံတွေဟာ အစစ်အမှန်ဖြစ်ကြောင်း ကျွန်တော် အခိုင်အမာ ပြောဆိုလိုပါတယ်။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ပုံထဲက အသက်ကြီးကြီး အမျိုးသားဟာ ကျွန်တော့်အဖေ ဖြစ်နေလို့ပါပဲ”
ဧည့်သည်များအကြားမှ အာမေဍိတ်အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြန်သည်။
“ တကယ်တော့…မှိုင်းညှို့ဆွဲငင်ဆိုတာ ကျွန်တော့်ရဲ့ ရည်းစားဟောင်းပါ။ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံရဲ့ ဂေးဘား(Gay Bar)တစ်ခုမှာ ဆုံခဲ့ကြပြီး ချစ်ခဲ့ကြပါတယ်။ မှိုင်းညှို့ဆွဲငင်က ဂေးဘားရဲ့ လိင်အသားပေးအကနဲ့ ဝန်ဆောင်မှုပေးရတဲ့ ကြေးစားတစ်ယောက်ပါ။ ကျွန်တော်ကတော့ ဆိုင်ရဲ့ ဧည့်သည်ပေါ့ဗျာ။ ကျွန်တော်တို့ဟာ Gay Barမှာ တွေ့ပြီး ချစ်ခဲ့ကြတယ်ဆိုပေမယ့် လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ကြတဲ့ ချစ်သူတွေပါ”
“မင်း ပါးစပ်ကို ပိတ်ထားလိုက်တော့ သမိုင်း!!!”
သွေးပျက်ချောက်ချားစွာ အော်ဟစ်လိုက်သည့် မှိုင်း၏ အသံသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။
“ဆက်ပြောပါ…သမိုင်း၊ ကိုယ် နားထောင်ချင်တယ်…”
သူ၏ အသံများသည် မာကျောအေးစက်လျက် ရှိသည်။ မှိုင်းသည် ကြေကွဲဆို့နင့်နေသည့် မျက်ဝန်းများဖြင့် သူ့ကို လှမ်းကြည့်နေခဲ့သည်။ သူသည် မှိုင်း၏ မျက်ဝန်းများကို ထိုအခိုက်အတန့်တွင် လျစ်လျူရှုထားလိုက်မိ၏။
“ဒီလိုနဲ့ ကျွန်တော်တို့ လက်ထပ်ကြဖို့ မိဘတွေကို ဖွင့်ပြောတော့ ကျွန်တော့်အမေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။ မှိုင်းညှို့ဆွဲငင် မိဘတွေရဲ့ အိမ်ထောင်ရေးကို အကြောင်းပြပြီး ကျွန်တော့်အမေဟာ သူ့ကို မျိုးရိုးမသန့်ရှင်းတဲ့ မိသားစုနဲ့ ငါ့သားကို မပတ်သတ်စေရဘူးလို့ ရက်ရက်စက်စက်ပြောပြီး သူ့ကို မောင်းထုတ်ခဲ့တယ်။ အဲ့ဒါကို သူက ရန်ငြိုးထားပြီး ကျွန်တော့်အမေကို ကလဲ့စားချေဖို့ ကျွန်တော့်အဖေကို မြှူဆွယ်ခဲ့တယ်။ အဖေ့ကို အရက်တွေ မူးအောင်တိုက်ပြီး ကုတင်ပေါ်ထိရောက်အောင် သူ ဆွဲဆောင်ဖြားယောင်းခဲ့တယ်။ ပြီးတော့ သူနဲ့ အဖေ့ရဲ့ ကုတင်ပေါ်က ညစ်ညစ်ညမ်းညမ်း ပုံတွေကို ဓာတ်ပုံခိုးရိုက်ထားပြီး အမေ့ဆီကို ပို့ခဲ့တယ်။ နှလုံးရောဂါအခံရှိတဲ့ ကျွန်တော့်အမေဟာ သူ ပို့လိုက်တဲ့ ပုံတွေကို ကြည့်ပြီးပြီးချင်းမှာပဲ နှလုံးအမောဖောက်ပြီး ဆုံးပါးသွားရတယ်။ အဖေဟာလည်း ယူကြုံးမရဖြစ်ပြီး ရှက်ရွံ့သိမ်ငယ်စွာ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်…”
ဧည့်သည်များ၏ တီးတိုးတွတ်ထိုးသံများနှင့် ခန်းမကြီးသည် ကျက်သရေမဲ့စွာ အသက်ဝင်လာပြန်သည်။ သမိုင်း ပြောပြနေသည့် အကြောင်းများသည် သူ တစ်ခါမှ မကြားဖူးသေးသည့် မှိုင်း၏ မယုံကြည်နိုင်လောက်အောင် ကြောက်ဖို့ကောင်းသည့် အတိတ်အကြောင်းများပင်ဖြစ်သည်။
“မှိုင်းညှို့ဆွဲငင်ဟာ ဒီလိုလူမျိုးပါပဲ ကိုဗညား။ ကျွန်တော် ပြောချင်တာတွေ ပြောလိုက်ရလို့ ကျွန်တော်ကတော့ ကျေနပ်တယ်။ ကျွန်တော်ရဲ့ အနှစ်နှစ်အလလက ဆန္ဒတွေ ပြည့်ဝသွားသလိုပါပဲ။ ကျန်တာတော့ ခင်ဗျားနဲ့ပဲ သက်ဆိုင်ပါတယ်။ ခင်ဗျားပဲ ဆုံးဖြတ်ပါ”
သူသည် သမိုင်း၏ စကားများကို ကြားနေရချိန်တွင် သမိုင်း၏ လေသံများသည် သူ့နားထဲတွင် တိုးလိုက်၊ ကျယ်လိုက်နှင့် ဖြစ်နေခဲ့၏။ သမိုင်းကတော့ သူပြောချင်တာ ပြောပြီး ကျေနပ်အားရသွားသည့် မျက်နှာထားနှင့် စင်ပေါ်က ဆင်းသွားခဲ့သည်။ ချစ်တေးသံစဉ်သည်လည်း သူ့ကို သနားစရာကောင်းသော သတ္တဝါတစ်ကောင်လို ကြည့်ကာ စင်မြင့်ပေါ်မှ ဆင်း၍ သမိုင်း၏နောက်မှ လိုက်ပါသွားခဲ့၏။
‘ချစ်တေးသံစဉ်…နင့် ကျိန်စာတွေ ငါ စူးပြီ ထင်ပါရဲ့’
သူသည် ထိုစကားများကို ပါးစပ်မှ ထုတ်ပြောဖို့ရန်အတွက် အားပင်မရှိတော့။ သူ ခြေထောက်များ ပျော့ခွေကာ ယိုင်လဲကျသွားသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ့တစ်ကိုယ်လုံး ပူလောင်ပြင်းရှနေ၏။ ထိုစဉ် သူ့ဘေးမှ မှိုင်း တစ်ယောက် စင်ပေါ် ဝုန်းခနဲ ဆင်းပြေးသွားတော့သည်။
“မှိုင်း…”
သူ အသိစိတ်ဝင်လာပြီး အားကုန်သုံးကာ မှိုင်းကို အော်ဟစ်ခေါ်လိုက်သော်လည်း မှိုင်း ကြားပုံမပေါ်ပါ။ မှိုင်းသည် ခန်းမထဲမှထွက်ကာ လမ်းမ၏အပြင်ဘက်သို့ ပြေးထွက်သွားလေ၏။
သူ ဝုန်းခနဲ ထလိုက်ပြီး မှိုင်းနောက်သို့ ပြေး၍ လိုက်သည်။
“မှိုင်းးး…”
မှိုင်းသည် အသိစိတ်ကင်းမဲ့နေသူတစ်ဦးလို လမ်းမကြီးကို ပြေးဖြတ်နေသည်။
“မှိုင်းးး….”
သူ အာခေါင်ကို ခြစ်၍ အော်ဟစ်လိုက်သံကို မှိုင်း ကြားသွားပုံရ၏။ လမ်းမကို ကူးဖြတ်နေရင်း ရုတ်တရက် ရပ်လိုက်ကာ သူ့ကို လှည့်ကြည့်၏။
မှိုင်း၏ မျှော်လင့်ချက် ကင်းမဲ့သွားသူတစ်ဦးကဲ့သို့ အသက်မဲ့နေသည့် မျက်နှာမျိုးကို သူ ရုတ်တရက်တွေ့လိုက်ရချိန်တွင် သူ့သွေးများ ခန်းခြောက်မတတ် လန့်ဖြန့်သွားရသည်။
“မှိုင်း…မောင့်ဆီ ပြန်လာခဲ့ပါ…”
မှိုင်းသည် ခံစားချက်ကင်းမဲ့နေသည့် မျက်လုံးများနှင့်သာ သူ့ကို ကြောင်အမ်းစွာ ကြည့်နေခဲ့သည်။ ထိုစဉ် မှိုင်း၏ အနောက်ဘက် လမ်းသွယ်တစ်ခုမှ ကားတစ်စင်းသည် မှိုင်း ရှိရာသို့ ရုတ်တရက် ချိုးကွေ့ဝင်ချလာသည်။ သူသည် ထိတ်လန့်ခြောက်ခြားစွာ အော်ဟစ်ရင်း မှိုင်းရှိရာသို့ အားကုန်သုံး၍ ပြေးသွားလိုက်သည်။
“မှိုင်းးး…”
ကြောက်မက်ဖွယ်ရာ ဝုန်းခနဲ ကားတိုက်သံကြီးပေါ်ထွက်လာပြီးနောက်တွင် ဆွေးဆွေးနီသော သွေးတို့သည် လမ်းမထက်တွင် ပျံ့ကြဲဖိတ်စင်သွားလေတော့၏။
#ခက်ဆစ်
#တိမ်တွေနေတဲ့အရပ်