book

Index 13

Chapter 13

သူနှင့် မှိုင်း လက်ထပ်ဖို့ ဆုံးဖြတ်ပြီးကြချိန်တွင် ပထမဦးဆုံး ရင်ဆိုင်ရမည့် အခက်အခဲသည် သူ့မိဘများ၏ သဘောတူညီမှုကို ရယူရန်ဖြစ်သည်။ သူ့မိဘများကို ဖွင့်ပြောရန် ဆုံးဖြတ်ပြီးချိန်တွင် ဖွားမြကိုပါ မန္တလေးသို့ ခေါ်ထားလိုက်သည်။ ဖွားမြ မန္တလေးသို့ ရောက်နေပြီဖြစ်ကြောင်းကို နေ့လည်က မေမေဖုန်းဆက်ပြော၍ သူ သိပြီးဖြစ်၏။ 


ညပိုင်းတွင် မှိုင်းကို ဘားသို့ လိုက်ပို့ရင်း ခေတ်ကိုလည်း သူတို့ လက်ထပ်တော့မည့်အကြောင်းကို ဖွင့်ပြောခဲ့သည်။ ခေတ်ကတော့ ဝမ်းသာအားရနှင့် သူတို့၏ မင်္ဂလာပွဲကို ထောက်ခံအားပေးခဲ့လေ၏။ မှိုင်း သီချင်းဆိုအပြီးတွင် မှိုင်းကို ခေါ်ဆောင်ကာ သူ့အိမ်သို့ ပြန်ခဲ့လိုက်သည်။ အခုချိန်လောက်ဆို ဖေဖေတို့ ဧည့်ခန်းထဲတွင်ထိုင်လျက် သူတို့ကို တမျှော်မျှော် ဖြစ်နေကြတော့မည်။ 


“ခဏလေး…မောင်” 


ခြံဝင်းထဲသို့ သူတို့ကားလေးကွေ့ဝင်ခါနီးမှ မှိုင်းက သူ့ လက်များကို ဆုပ်ကိုင်ရင်း တားလိုက်သည်။ 


“မှိုင်း ကြောက်နေတာလား” 


“အင်းပေါ့ မောင်ရဲ့…၊ မောင်ရော မကြောက်ဘူးလား” 


“ဟင့်အင်း။ မကြောက်ပါဘူး။ မေမေတို့က ခွင့်ပြုပေးမှာ သေချာတယ်။ ဖွားမြကလည်း မှိုင်းကို ဘယ်လောက်ချစ်လဲ မှိုင်း အသိပဲ” 


မှိုင်းကို စိတ်ခွန်အားပေးချင်၍ သူ နည်းနည်းလေးမှ မကြောက်သည့်ပုံစံဖြင့် ပြောလိုက်ရသည်။ 


“အမေတို့ သဘောမတူရင် ဘယ်လိုလုပ်ကြမလဲ မောင်” 


“သဘောမတူစရာ အကြောင်းမရှိပါဘူး မှိုင်းရဲ့။ တကယ်လို့ ‌မှိုင်းပြောသလို သဘောမတူခဲ့ရင်လည်း ဘာမှ စိတ်မပူနဲ့။ မောင်တို့ ခိုးပြေးကြမယ်လေ” 


သူ့စကားကို မှိုင်း သဘောကျကာ တိုးဖွညင်သာစွာ ရယ်သည်။ 


“ကဲပါ..မေမေတို့ စောင့်နေလောက်ပြီ။ မောင်တို့ ဝင်ကြစို့နော်” 


မှိုင်းသည် ခေါင်းလေးကို အသာအယာ ညိတ်ပြသည်။ သူတို့၏ ကားလေးသည် ခြံဝန်းထဲသို့ တရွေ့ရွေ့ တိုးဝင်သွား၏။ သူတို့ အိမ်ထဲရောက်တော့ ဖွားမြတို့က ဧည့်ခန်းထဲမှာ ထိုင်လျက် အသင့်စောင့်နေခဲ့ကြသည်။ 


“ဟယ်…မြေးမှိုင်းလည်း ပါလာတာကိုး။ ဖွားမြ မန္တလေးရောက်နေတယ်ဆိုလို့ ဖွားမြဆီ လာလည်တာလား” 


“ဒါပေါ့ ဖွားမြရဲ့။ ဖွားမြကို အရမ်း လွမ်းနေတာ” 


ဖွားမြအနားသို့ မှိုင်း ကပ်သွားကာ ဖွားမြ၏ ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝှေ့ရင်း ကလေးလေးတစ်ယောက်လို ချွဲနေသည့် မှိုင်းကို ဖွားမြက သဘောကျစွာ မှိုင်း၏ ပါးလေးနှစ်ဖက်ကို ဖျစ်ညှစ်တော့သည်။ ဖေဖေက ဖွားမြတို့ကို မေးငေါ့ကာ ခေါင်းတရမ်းရမ်းနှင့် ရယ်မောနေလေ၏။ 


“အမယ်လေးတော်…ဟုတ်ပါပြီ။ အချွဲလေး” 


သူကတော့ မေမေတို့နှင့် မျက်နှာချင်းဆိုင် ဖြစ်မည့် နေရာတွင် ဝင်ထိုင်လိုက်သည်။ 


“လာလေ မှိုင်း။ ဒီနား လာထိုင်” 


မှိုင်းကို သူ့အနားသို့ ခေါ်လိုက်တော့ မှိုင်းသည် ဖွားမြကို ဖက်ထားရာမှ သူ့ဘေးနားက နေရာအလွတ်လေးမှာ ဝင်ထိုင်လိုက်သည်။ မေမေကတော့ သူတို့ကို ပြုံးနေသော မျက်ဝန်များနှင့် စိုက်ကြည့်နေခဲ့၏။ 


“သား…မေမေတို့ကို ပြောစရာရှိတယ်ဆို…” 


“ဟုတ်ကဲ့ မေမေ။ သား စကားတွေကို နားနဲ့ မနာ၊ နှလုံးသားနဲ့ နာပါနော် မေမေ” 


မေမေက မျက်ခုံးလေးတစ်ချက် ပင့်တက်သွားပြီး ခေါင်းလေးကို အသာအယာလေး ညိတ်ပြသည်။ သူသည် မှိုင်း၏ လက်ကလေးကို မေမေတို့ရှေ့မှာပင် ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။ 

“မှိုင်းနဲ့သား ချစ်သူတွေဖြစ်နေကြပြီ။ သားတို့ကို လက်ခံပေးပါနော်” 


မေမေ၏ ပြုံးရိပ်သန်းနေသည့် မျက်နှာသည် ချက်ချင်းဆိုသလို မာကျောခက်ထန်သွားသည်။ ဖေဖေက အံတစ်ချက်ကြိတ်လိုက်သည်မှာ မေးရိုးများပင် ငေါထွက်လာသည်အထိ။ ဖွားမြကတော့ ခေါင်းလေး ငုံ့၍သာ နေတော့၏။ 


“ဘယ်လို သား။ မှိုင်းနဲ့ သား ချစ်သူတွေ ဖြစ်နေကြပြီ ဟုတ်လား။ ဘုရား…ဘုရား…သားရယ်။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” 


သူ ဆုပ်ကိုင်ထားသည့် မှိုင်း၏ လက်ကလေးသည် တုန်ရီနေခဲ့သည်။ မှိုင်းသည် မေမေတို့၏ အကြည့်ကို ရင်မဆိုင်ရဲဘဲ ခေါင်းလေးကိုသာ အောက်သို့ ငုံ့ထားခဲ့၏။

 

“မင်း ဖေဖေတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ချနေတာလား ဘုန်းဗညားမောင်။ မင်းကွာ…” 


ဖေဖေ၏ လေသံများမှာ တင်းမာပြတ်သား၍ နေသည်။ 


“မှိုင်းလေးကို မေမေ ချစ်ပါတယ်။ မေမေ မွေးထားတဲ့ သားလေးတစ်ယောက်လိုကို မေမေ ချစ်နိုင်တယ်။ ဒါပေမယ့် သားရဲ့ လက်တွဲဖော် အဖြစ်နဲ့တော့ မေမေ မချစ်ပေးနိုင်ဘူး”

 

မှိုင်း၏ မျက်ဝန်းများတွင် ခိုတွဲလာသည့် မျက်ရည်စက်တို့သည် သူ့လက်ပေါ်သို့ ဖြုတ်ခနဲ ပြုတ်ကျလာခဲ့တော့သည်။ ဆုပ်ကိုင်ထားသည့် လက်များအတွင်းမှ မှိုင်း၏ လက်များသည် ရုန်းထွက်ကာ မျက်နှာလေးကို အုပ်လျက် တအိအိ ငိုကြွေးတော့သည်။ 


“‌ဟောဗျာ…ငိုကုန်ပြီ။ လုပ်ကြပါဦး” 


မှိုင်း ရုတ်တရက်ကြီး ငိုချတာကို မြင်လိုက်ရတော့ ဖေဖေတို့ လူကြီးအုပ်စု လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဖွားမြက ထိုင်ရာမှ ထလာကာ မှိုင်း၏ ဘေးနားတွင် ဝင်ထိုင်ရင်း မှိုင်းကို ဖက်ထားလိုက်သည်။ 


“အဲ့သဟာတွေကြောင့် ပြောတာပေါ့။ အကျီစားသန်က ရန်များ၏ဆိုတာ။ အရမ်းတွေ မစကြပါနဲ့လို့ ငါ မတားခဲ့ဘူးလား။ အခုတော့ ငါ့မြေးလေး မှိုင်း ဝမ်းနည်းသွားပြီ” 


ဖွားမြက မေမေတို့ကို ကြည့်ရင်း မျက်စောင်းလေး ခဲလိုက်သည်။ မေမေကတော့ ခေါင်းလေး တရမ်းရမ်းနှင့် ရယ်မောတော့၏။ 


“ငါ့သားလေးက အသည်းနုလိုက်တာဟယ်။ မေမေတို့က စနေတာပါ။ မငိုနဲ့နော်...” 


မေမေ၏ ချော့မော့ဖြောင်းဖျစကားကို ကြားလိုက်တော့မှ မှိုင်းသည် အငိုမျက်ဝန်းများဖြင့် ဆတ်ခနဲ မော့ကြည့်၏။ 


“တကယ်တော့… မောင်က လူကြီးတွေကို ဖွင့်ပြောပြီးသား မှိုင်းရဲ့။ မေမေတို့က မောင်တို့ကို ကြည်ဖြူပြီးသား။ ဒါပေမယ့် ဖေဖေက သိတဲ့အတိုင်းပဲ မှိုင်းကို စချင် နောက်ချင်သေးတာလေ။ အဲ့ဒါကြောင့် ဖေဖေတို့နဲ့ တိုင်ပင်ပြီး မှိုင်းကို စလိုက်တာပါ မှိုင်းရဲ့” 


“တကယ်လားဟင် အမေ” 


မှိုင်း၏ အမေဟူသော အသုံးအနှုန်းကို မေမေက ကြည်နူးရိပ်သန်းနေသည့် မျက်ဝန်းများဖြင့် ပြုံးကြည့်ရင်း ကြိုဆိုသည်။ 


“တကယ်ပေါ့ မှိုင်းရဲ့။ မေမေတို့ ‌ခေတ်နောက်မကျပါဘူး။ သဘောထားလည်း မသေးသိမ်ဘူး။ မေမေတို့ သားတို့အချစ်ကို လက်ခံပါတယ်။ အချစ်ဟာ အချစ်ပဲပေါ့။ လိင်မတူမှ ချစ်ရမှာတွေ၊ သဘာဝတရားတွေ ဆိုတာမျိုးနဲ့ အချစ်ကို မတိုင်းတာပါဘူး။ လိင်တူအချစ်ဟာလဲ ဒီအတိုင်း အချစ်ပါပဲကွယ်။ သဘာဝတရားနဲ့ ဆန့်ကျင်တဲ့ တချို့အရာတွေဟာလည်း ဖြူစင်စွာနဲ့ လှနေတတ်ပါတယ်ဆိုတာကို မေမေတို့ ယုံယုံကြည်ကြည်နဲ့ လက်ခံပါတယ်ကွယ်” 


မှိုင်းသည် ‌မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မေမေ့ကို စိုက်ကြည့်နေခဲ့သည်။ မျက်ရည်များနှင့် စိုလဲ့တောက်ပနေသည့် မှိုင်း၏ မျက်ဝန်းများသည် သူ မြင်ဖူးသမျှထဲတွင် အလှပဆုံး ဖြစ်နေခဲ့လေ၏။ 

သူ့ မိဘများ၏ ခွင့်ပြုချက် သဘောတူညီမှုကို ရပြီးသည့် အချိန်မှ စပြီး မင်္ဂလာရက် သတ်မှတ်ခြင်း၊ မင်္ဂလာခန်းမကို ချိတ်ဆက်ခြင်း၊ မင်္ဂလာဖိတ်စာ ဒီဇိုင်းများကို စီစစ်ခြင်း၊ မင်္ဂလာဝတ်စုံများကို ရွေးချယ်ခြင်း စသည့် အလုပ်များနှင့် သူတို့ ပြေးလွှားလှုပ်ရှားနေရတော့သည်။ 


“မောင်ရယ်၊ မင်္ဂလာပွဲတစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ဖို့ဆိုတာ သိပ်ပင်ပန်းမှာပဲ။ မှိုင်းကတော့ စိတ်ပင်ပန်းတဲ့ ဒဏ်ကို မခံနိုင်ဘူး။ Wedding Planner ငှားလိုက်မယ်လေ မောင်” 


မှိုင်းသည် စိတ်ရှုပ်မခံတတ်သူဖြစ်၍ မင်္ဂလာပွဲကို အစအဆုံး ဝန်ဆောင်မှုပေးသည့် Wedding Planner များကို ငှားလိုက်ဖို့ သူ့ကို အကြံဉာဏ်ပေးခဲ့သည်။ သူကတော့ မှိုင်းစိတ်ကူးကို ခေါင်းတရမ်းရမ်းနှင့် ရယ်မောကာ ငြင်းပယ်ရ၏။ 


“မှိုင်းရယ်၊ ကလေးလေးကျနေတာပဲ။ မောင်ကတော့လေ မောင်တို့ရဲ့ တစ်သက်မှာ တစ်ခါ ဆောင်ရမယ့် မင်္ဂလာပွဲကို ကိုယ့်စိတ်ကြိုက်ပဲ စီစဉ်ချင်တယ်။ ပင်ပန်းတာတော့ ပင်ပန်းမှာပေါ့။ ပင်ပန်းတော့လဲ ဘာအရေးလဲကွာ။ ကိုယ်ချစ်ရသူနဲ့ ပေါင်းဖက်ရဖို့အရေး ပင်ပန်းတာပဲ မဟုတ်လား။ မောင်ကတော့ ပျော်ပျော်ကြီးကို ပင်ပန်းခံချင်တာဗျား” 


သူသည်လို ပြောတော့ မှိုင်းက မျက်စောင်း လှလှလေး ချိတ်ကာ နှုတ်ခမ်းလေးတစ်ဖက်ကို မဲ့ပြ၏။ 


“ဘာမှ မဟုတ်ဘူး။ Wedding Planner ငှားရမှာ ပိုက်ဆံကုန်မှာ ကြောက်လို့မလား။ ကပ်စေးကုပ်ကြီး” 


မှိုင်း၏ စကားကြောင့် သူ့မှာ တဟားဟား ရယ်မောရတော့သည်။ 


“မဟုတ်တာ မှိုင်းရယ်။ မှိုင်းအတွက်ဆို မောင့်ပိုင်ဆိုင်သမျှ အားလုံး ပုံအောပြီး ပေးရမယ်ဆိုရင်တောင် အသာတကြည် ပေးလိုက်မှာပါကွာ” 


“ဟွန့်…အပိုတွေ” 


မှိုင်း ပါးစပ်ကသာ အပိုတွေ လို့ပြောတာ၊ စိတ်ထဲမှာတော့ သူ့စကားကို ကြိတ်ပြီး သဘောကျနေပုံရသည်။ ဟိုဘက်လှည့်သွားကာ ပြုံးဖြီးဖြီးလုပ်နေသည်ကို သူ ပါးနပ်စွာ သိလိုက်ပါ၏။ 


မင်္ဂလာဖိတ်စာတွေ ရလာချိန်မှာတော့ သူ့စိတ်ထဲ ပထမဦးဆုံး မြင်ယောင်လာမိသူက ချစ်တေးသံစဉ်။ သူ ချက်ချင်းပင် ဖုန်းကို ကောက်ယူလိုက်ပြီး ချစ်တေးသံစဉ်၏ ဖုန်းနံပါတ်ကို နှိပ်ကာ ‌ဖုန်းခေါ်လိုက်သည်။ 


“မောင်…ဘယ်သူ့ကို ဖုန်းခေါ်နေတာလဲ? ချစ်တေးသံစဉ် လား” 


ပါးရည်နပ်ရည်ရှိသော မှိုင်းက သူ၏ လုပ်ဆောင်ပြုမူပုံများကို လွယ်ကူစွာ သိရှိနားလည်လိုက်ပုံရသည်။ သူက မှိုင်း၏ အမေးကို မျက်စိတစ်ဖက် မှိတ်ပြရင်းသာ အသံတိတ်ဖြေလိုက်၏။

 

“ဟဲလို…ဘာကိစ္စရှိလို့လဲ ဘုန်းဗညားမောင်” 


ချစ်တေးသံစဉ်၏ လေသံသည် အေးစက်စက် မာကျောကျောပင် ဖြစ်သည်။ 


“နင့်ကို ပေးစရာလေး ရှိလို့၊ ပြီးတော့ ပြောစရာလေးလဲ ရှိလို့” 


“ဘာအတွက်လဲ” 


“ဒါတော့ ငါတို့ ဆုံပြီးမှ ပြောကြတာပေါ့” 


တစ်ဖက်မှ စက္ကန့်အနည်းငယ်လောက် အသံ တိတ်သွားသည်။ 


“အိုကေလေ။ တွေ့တာပေါ့။ တွေ့မယ့် အချိန်နဲ့ နေရာကို ငါ Message ပို့လိုက်မယ်။ Okay” 


ချစ်တေးသံစဉ်သည် စကားကို ခပ်ပြတ်ပြတ်ပြောပြီး ဖုန်းချသွားသည်။ သူ ဖုန်းပြောနေသည်ကို စိတ်ဝင်စားစွာ ‌စောင့်ကြည့်နေသည့် မှိုင်းကို သူ ပခုံးတစ်ချက် တွန့်ပြလိုက်၏။ 


“ဘာတဲ့လဲ မောင်” 


“တွေ့ရမယ့် နေရာနဲ့ အချိန်ကို Message ပို့လိုက်မယ်တဲ့။ သူက ဆရာမကြီးပါပေါ့။ တော်တော် အမောက်ထောင်ချင်နေတဲ့ မိန်းမ။ မင်္ဂလာဆောင်ဖိတ်စာနဲ့ ထောင်နေတဲ့အမောက်ကို ရိုက်ချလိုက်ဦးမယ် နေပစေဦး” 


မှိုင်းက သူ၏ ကြိမ်းဝါးမှုကို သဘောကျစွာ ရယ်မောတော့သည်။ ထိုစဉ်မှာပင် သူ၏ဖုန်းလေး မြည်သံတိုတစ်ချက်နှင့်အတူ တုန်ခါသွား၏။ ဖုန်းကို ယူကြည့်စရာမလိုဘဲ သူ သိလိုက်ပါ၏။ ဒါ ချစ်တေးသံစဉ် စာပို့တာပဲ ဖြစ်ရမည်။ 


62လမ်းပေါ်က Fudo Bakery 


အချိန် - မနက်ဖြန် ညနေ ခြောက်နာရီ 


ချစ်တေးသံစဉ်၏ စာတိုသည် သူမ၏ လေသံအတိုင်း မာမာပြတ်ပြတ်ပါပဲလားဟု တွေးမိသည့်အခိုက်တွင် သူ ရယ်မောရတော့၏။ 


အချိန် အလွန်တိကျတတ်သည့် ချစ်တေးသံစဉ်သည် ခြောက်နာရီ တိတိတွင် သူမ ချိန်းဆိုထားသည့် ဆိုင်တွင် ရောက်နေပါလိမ့်မည်။ သူကတော့ သူမကို တစ်ယောက်တည်း ထိုင်စောင့်နေစေချင်၍ ချိန်ထားသည့် အချိန်ထက် ဆယ်မိနစ်ခန့် နောက်ကျစေပြီးမှ ဆိုင်ထဲသို့ ဝင်လိုက်သည်။ ချစ်တေးသံစဉ်သည် ဆိုင်ဝင်ပေါက်၏ ရှေ့တည့်တည့်မှာရှိသည့် စားပွဲခုံတွင် ထိုင်နေခဲ့၏။ 


“Sorry…ကိုယ်တို့ မဆိုစလောက်လေး နောက်ကျသွားတယ်” 


သူ့ကို စောင့်နေရ၍ ဆူအက်အက်ဖြစ်နေသည့် ချစ်တေးသံစဉ်၏ မျက်နှာသည် မှိုင်းကို မြင်လိုက်ရချိန်မှာတော့ ဟန်မဆောင်နိုင်လောက်အောင် သိသာစွာ ပျက်ယွင်းသွားခဲ့သည်။ ထိုကဲ့သို့ ချစ်တေးသံစဉ်၏ တုံ့ပြန်မှုကို သူ ကြိုတင်တွက်ဆထားခဲ့၍ သူ စိတ်ကျေနပ်စွာ သူမအား တစ်ချက် ပြုံးပြလိုက်သည်။ အနိုင်ပိုင်းသည့် အပြုံးမှန်း သူမသည် လိမ္မာပါးနပ်စွာ သိရှိပါလိမ့်မည်။ 


သူမနှင့် မျက်နှာချင်းဆိုင်က ဆိုဖာခုံရှည်တစ်ခုတွင် မှိုင်းကို အရင် ဝင်ထိုင်စေပြီးတော့မှ သူ ထိုင်လိုက်သည်။ 


“မှိုင်း…ဘာသောက်မလဲဟင်” 


“Fudo က ဖာလူဒါ အရမ်းကောင်းတာ မောင်ရဲ့။ ဖာလူဒါ ချိုချိုအေးအေးလေး သောက်မယ်” 


“ဖာလူဒါက မောင့်အချစ်လောက် ချိုနိုင်ပါ့မလား မှိုင်းရဲ့” 


ချစ်တေးသံစဉ်၏ အရှေ့မှာမို့ သူ မှိုင်းကို တမင်တကာ ချွဲပြောလိုက်သည့် စကားကို မှိုင်းက သဘောကျစွာ ပြုံးသည်။ ထို့နောက် မှိုင်းကလည်း လိမ္မာပါးနပ်စွာပင် စကားလှလှလေးတစ်ခွန်းနှင့် တုံ့ပြန်လိုက်၏။ 


“မောင့်အချစ်လောက်တော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အရာကမှ မချိုနိုင်တော့ဘူးလေ မောင်” 


မှိုင်း၏ ချေပစကားကို သူ သဘောကျစွာ ပြုံးရယ်လိုက်ရင်း ချစ်တေးသံစဉ်၏ မျက်နှာကို မသိမသာလေး အကဲခတ်လိုက်သည်။ သူမ၏ မျက်နှာသည် အပေါ်ယံ တည်ငြိမ်ချင်ယောင် ဆောင်ထားသော်လည်း အတွင်းမှာတော့ လှိုက်၍ လောင်မြိုက်နေသည့် အမူအရာမျိုးဖြစ်၏။ 


“ဖာလူဒါနှစ်ခွက်ပေးပါ…” 


သူတို့ စားပွဲဘေးနားတွင် ရပ်နေသည့် စားပွဲထိုးဝန်ထမ်းလေးသည် သူတို့၏ အမှာစာကို လက်ခံပြီး ခါးလေးတစ်ချက် ကိုင်းညွတ်ကာ လှည့်ထွက်သွားသည်။ 


“နင် ပြောစရာရှိတယ်ဆိုတဲ့ ကိစ္စဆိုတာကဘာလဲ ဘုန်းဗညားမောင်။ ပြော… မြန်မြန်။ ငါ မအားဘူး။ သွားစရာရှိသေးတယ်” 


“ပြောမှာပါဟ။ ‌ဖြည်းဖြည်းပေါ့” 


မှိုင်းက အလိုက်သိတတ်စွာ သူ့အိတ်ဆွဲလေးထဲက ဖိတ်စာလေးတစ်စောင်ကို ထုတ်ကာ သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ သူ့လက်ထဲ ရောက်လာသည့် ဖိတ်စာလေးကို သူမ၏ အရှေ့သို့ ညင်သာစွာ ချပေးလိုက်၏။ 


အဝါနု‌နု စာအိတ်လေး၏ သန့်ရှင်းနေသည့် မျက်နှာပြင်တွင် လှပညီညာစွာရေးထိုးထားသည့် ချစ်တေးသံစဉ် (မပျက်မကွက် ကြွရောက်ပေးပါရန်) ဆိုသည့် စာတန်းလေးကို သူမသည် အံ့ဩမင်သက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။ 


“ငါနဲ့ မှိုင်းရဲ့ မင်္ဂလာဆောင်ဖိတ်စာ။ စာအိတ်ပေါ်မှာ ရေးထားတဲ့အတိုင်းပဲနော် ချစ်တေးသံစဉ်။ နင် မလာလို့မရဘူး” 


ပျက်ယွင်းနေသည့် မျက်နှာအမူအယာများကို သူမသည် အားယူပြုပြင်လိုက်ပြီး လှပစွာ ပြုံးလိုက်၏။ သို့သော် သူမ၏ အပြုံးများသည် အသက်ကင်းမဲ့နေခဲ့ပါသည်။ 


“အိုး…Congratulations! ပါ ဘုန်းဗညားမောင်။ ငါ ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ငါ ဂုဏ်ပြုတာက နင်တို့ရဲ့ မင်္ဂလာပွဲကို မဟုတ်ဘူး။ ကိုယ့်ကို မချစ်ဘဲနဲ့ ပိုက်ဆံရဖို့အတွက် ကိုယ့်အသည်းခွဲကိုဖို့ ဝင်လာခဲ့တဲ့ သူကိုမှ လက်ထပ်ရဲတဲ့ နင့်ရဲ့ ဆင်ခြင်ဉာဏ်မဲ့တဲ့ နှလုံးသားကို ဂုဏ်ပြုတာ” 


“နင် ဘယ်လိုပဲ ဂုဏ်ပြု ဂုဏ်ပြု နင့်ရဲ့ ဂုဏ်ပြုမှုကို ငါ ကျေးဇူးတင်စွာနဲ့ကို လက်ခံလိုက်မယ်။ ဒါပေမယ့် နင် တစ်ခု သိထားရမှာက ဆင်ခြင်ဉာဏ်ဆိုတာ ဦး‌နှောက်မှာပဲ ရှိတာ။ နှလုံးသားမှာ ရှိတာမဟုတ်ဘူး။ နှလုံးသားရဲ့ အလုပ်‌ဆိုတာ ချစ်ဖို့တစ်ခုပဲ။ နောက်ပြီး အချစ်သာ စစ်မှန်ခဲ့ရင် ဘယ်လို အနှောင့်အယှက် အတားအဆီးတွေပဲရှိရှိ နောက်ဆုံးမှာ ပေါင်းဖက်ရတတ်တယ်။ နင် နားလည်ရဲ့လား” 


သူမသည် လှပစွာ တစ်ချက်ပြုံးလိုက်ရင်း သူမရှေ့က ဖိတ်စာလေးကို ကောက်ယူလိုက်သည်။ 


“အိုကေလေ။ နင်တို့ မင်္ဂလာပွဲကို ငါ ဆက်ဆက်လာခဲ့ပါ့မယ်။ ဒါပဲမလား..နင်ပြောချင်တာ။ ငါ သွားတော့မယ်” 


“ခဏနေပါဦး ချစ်တေးသံစဉ်ရဲ့။ ငါတို့ရဲ့ မင်္ဂလာခန်းမ နေရာကို နင် စိတ်မဝင်စားဘူးလား” 


“ငါက ဘာကိစ္စ စိတ်ဝင်စားရမှာလဲ” 


“နင် စိတ်ဝင်စားသင့်တယ်။ ဘာလို့လဲ သိလား။ ငါ သေသေချာချာ ရွေးထားလို့ပဲ” 


သူ သည်လိုပြောတော့မှ သူမသည် စာအိတ်လေးထဲမှ ဖိတ်စာလေးကို အသာအယာဆွဲထုတ်၍ ဖွင့်ကြည့်လိုက်သည်။ ထို့နောက်တွင် ဖိတ်စာကိုင်ထားသည့် သူမ၏ လက်များသည် ထိန်းချုပ်မှု ကင်းမဲ့စွာ တုန်ရီလာတော့၏။ 


“နင် မှတ်မိဦးမယ် ထင်ပါရဲ့။ Hotel Hazel ကိုလေ။ ငါ နင့်ကို လမ်းခွဲစကားပြောခဲ့တဲ့ နေရာ၊ နင် ငါ့ကို ကျိန်စာတိုက်ခဲ့တဲ့ နေရာပေါ့။ နင့်ရဲ့ ကျရှုံးခြင်း အထိမ်းအမှတ်နေရာ လို့ ပြောရင်လဲ မမှားဘူး။ အေး…နင့် အချစ်ရဲ့ ‌ကျရှုံးခန်းနေရာက နင် ကျိန်စာတိုက်ခဲ့တဲ့ ငါတို့အချစ်ရဲ့ အောင်မြေနေရာတစ်ခု ဖြစ်လာ‌‌စေရမယ် ချစ်တေးသံစဉ်” 


သူမသည် သူ့ကို နာကြည်းစူးရဲစွာ စိုက်ကြည့်ပြီး ထထွက်သွားတော့သည်။ ချစ်တေးသံစဉ်လို ဟန်ဆောင်ကောင်းသူ တစ်ယောက်က သူတို့ရှေ့မှာ ဟန်ချက်ပျက်ကာ ရှုံးနိမ့်ထွက်ခွာသွားသည်ကို သူ အရသာရှိစွာ ခံစားရင်း ကြည့်နေလိုက်သည်။ 


ထို့နောက်မှာတော့ သူတို့ထိုင်နေသည့် စားပွဲပေါ်တွင် အချစ်များကဲ့သို့ ချိုမြိန်အေးမြသည့် ဖာလူဒါခွက်လေးနှစ်ခွက် ရောက်ရှိလာတော့၏။


#ခက်ဆစ်

#တိမ်တွေနေတဲ့အရပ်



rate now: