လေပြေ ညှင်းလေးများသည် ခပ်သုပ်သုပ် ဆော်သွေးတိုက်ခတ်လျက်ရှိသည်။ ဟိုးဝေးဝေးမှ လှုပ်ရှားလျက်ရှိသည့် စက္ကူပန်းပင်လေးများကို သူ အကြောင်းမဲ့ စိုက်ကြည့်နေမိသည်။ သူ ကြည့်နေစဉ်မှာပင် လေပြင်းတစ်ချက် သုပ်ခနဲ တိုးဝှေ့မှုကြောင့် စက္ကူပန်းလေးများ ကြွေလွင့်သွားကြ၏။
သူနှင့် မှိုင်းအကြားမှာရော…။ သူတို့၏ ချစ်ခြင်းပန်းပွင့်လေး ကြွေကျပျက်ဆီးသွားပြီလား။ ပွင့်ဖတ်လေးများ မရှိတော့သည့် နေကြာရိုင်းပန်းပွင့်လေးကို သူ ပြန်လည်မြင်ယောင်လာချိန်တွင် သူ့ရင်ထဲ ပြင်းထန်စွာ ဆို့နင့်ကြေကွဲသွားတော့သည်။
“မှိုင်း…၊ မှိုင်းနဲ့ မောင့်အကြားမှာ ပြောစရာစကားတွေ များသွားပြီထင်ပါရဲ့”
သူတို့ကြားက ဆိတ်ငြိမ်မှုကို သူကပင် စတင် ဖြိုခွင်းလိုက်ပါသည်။ မှိုင်းသည် ကြေကွဲရိပ်များ သိသာစွာ တွေ့မြင်နေရသည့် မျက်ဝန်းများနှင့် သူ့ကို မဝံ့မရဲ ကြည့်၏။
“မောင်ရယ်…မှိုင်း…၊ မှိုင်း…တောင်းပန်ပါတယ်”
မှိုင်း၏ စကားသံများသည် အင်အားများ ယုတ်လျော့လျက် လေသံပျော့ပျော့သာ ရှိတော့သည်။
“မောင် မှိုင်းကို တောင်းပန်ခိုင်းနေတာ မဟုတ်ဘူး မှိုင်း။ တောင်းပန်တဲ့ စကားလည်း မောင် မကြားချင်ဘူး။ မောင် သိချင်တာ နှစ်ခုပဲ။ မှိုင်း တကယ်ပဲ မောင့်ကို မချစ်ဘဲနဲ့ ချစ်တေးသံစဉ်ရဲ့ ခိုင်းစေမှုကြောင့် မောင့် အနား ရောက်လာခဲ့သလား ဆိုတာနဲ့ မှိုင်း ဘာလို့ ချစ်တေးသံစဉ်ရဲ့ ပိုက်ဆံကို ယူပြီး သူ့အလိုကျ လက်ခံခဲ့လဲ ဆိုတာပဲ မောင် သိချင်တယ်”
မှိုင်း စိတ်မထိခိုက်စေရန် ဒေါသများကို အတတ်နိုင်ဆုံး ချုပ်ထိန်းလျက် သူ ပြောလိုက်သော်လည်း သူ့စကားသံများသည် အနည်းငယ် မာလျက်ရှိသည်။
“မှိုင်း အစအဆုံး ရှင်းပြပါ့မယ် မောင်။ ပထမဆုံး အနေနဲ့ မှိုင်း ဝန်ခံပါတယ်။ မှိုင်း ချစ်တေးသံစဉ် ပေးတဲ့ ပိုက်ဆံတွေကို ယူပြီး သူ ခိုင်းတဲ့အလုပ်ကို လက်ခံမိခဲ့ပါတယ်။ ဒါပေမယ့် မှိုင်း မှားသွားခဲ့တယ်ဆိုတာကို မှိုင်း ဆေးရုံတက်ခဲ့ရတဲ့ အချိန်မှာ မှိုင်း သိလိုက်ရတယ်။ မှိုင်း ဆေးရုံတက်ရတုန်းက မောင် မှိုင်းအပေါ် စိုးရိမ်တာတွေ၊ စိတ်ပူပန်တာတွေ၊ ဂရုစိုက်ကြင်နာမှုတွေကို မှိုင်း ခံစားလိုက်ရတဲ့ အချိန်ကစပြီး မောင့်အပေါ် မှိုင်း ချစ်မိသွားခဲ့တယ်။ ဒါပေမယ့် မောင်ရယ်…”
ပြောလက်စ စကားကို ရပ်ထားလိုက်ကာ မှိုင်းသည် အဝေးတစ်နေရာသို့ လှည့်ကြည့်လိုက်သည်။ မှိုင်း၏ မျက်ဝန်းထဲမှ မျက်ရည်စများအား သူကို မမြင်စေလို၍ ဖြစ်ပါလိမ့်မည်။
“မှိုင်းဟာ ချစ်တေးသံစဉ်ရဲ့ ပိုက်ဆံကို လက်ခံပြီးခဲ့ပြီလေ။ မှိုင်းမှာ နောက်ဆုတ်ခွင့် မရှိတော့ဘူး။ မှိုင်းလေ…ချစ်တေးသံစဉ် သတ်မှတ်ပေးထားတဲ့ တစ်နှစ်ဆိုတဲ့ အချိန်ကာလကို ရောက်မှာ သိပ်ကြောက်ခဲ့တာပါ။ မှိုင်း အမြဲပဲ တွေးနေခဲ့တယ်။ အချိန်တိုင်း အဖြေရှာနေခဲ့တယ်။ မှိုင်း ဘယ်လိုလုပ်ပေးရင် ချစ်တေးသံစဉ် စိတ်ကျေနပ်ပြီး မောင်နဲ့ မှိုင်းကို မနှောင့်ယှက်တော့မလဲလို့”
ဪ…။ ဒါ့ကြောင့်ပဲ ပြီးခဲ့တဲ့ လပိုင်းတွေမှာ မှိုင်းတစ်ယောက် စိတ်နဲ့ ကိုယ်နဲ့ မကပ်ခဲ့တာကိုး။ ထိုစဉ်ကတည်းက သူ့စိတ်ထဲ တစ်ခုခုကို သင်္ကာမကင်းတော့ ဖြစ်နေခဲ့သား။
“ချစ်တေးသံစဉ်က သိပ်ကို အဆိပ်ပြင်းတယ် မောင်။ မှိုင်း ဘယ်လိုပြောပြော သူ လက်မခံခဲ့ဘူး။ နောက်ဆုံး မှိုင်း သူ့ကို ဒူးထောက်ပြီး တောင်းပန်ခဲ့ပါသေးတယ်။ ဒီတော့ သူပေးထားတဲ့ ပိုက်ဆံရဲ့ နှစ်ဆကို ပြန်လျှော်ခိုင်းတယ်။ မှိုင်းမှာမှ အဲ့လောက်ပိုက်ဆံမရှိတာ။ မှိုင်း ဘယ်ပြန်ပေးနိုင်ပါ့မလဲ။ အဲ့မှာ သူက ပိုက်ဆံ ပြန်မပေးနိုင်ရင် လူတစ်ယောက်နဲ့ တစ်ညအိပ်ပေးတဲ့။ ဒါဆိုရင် ကိစ္စအားလုံးကို မေ့ပေးမယ်တဲ့”
“ဘာ!!! ဒါဆို မှိုင်းနဲ့ ဟိုတယ်မှာ အိပ်တဲ့ ကောင်ကို ချစ်တေးသံစဉ် စီစဉ်ပေးတာပေါ့။ အောက်တန်းကျလိုက်တဲ့ မိန်းမ!!!”
“ဟုတ်တယ် မောင်။ မှိုင်းလည်း မောင် ဒီကိစ္စတွေ သိရင် မှိုင်းကို မုန်းသွားမှာ စိုးလို့ သူစီစဉ်ပေးတဲ့အတိုင်း လက်ခံလိုက်မိတယ်”
“မှိုင်းက အဲ့ဒါကို ထွက်ပေါက်တစ်ခုလို့ ထင်နေခဲ့တာလား။ အဲ့တာ ထွက်ပေါက်တစ်ခု မဟုတ်ဘူး မှိုင်းရဲ့။ ထောင်ချောက်ပဲ။ မှိုင်းနဲ့ မောင့်အကြားကို ရက်ရက်စက်စက် သွေးခွဲဖို့ စီစဉ်ထားတဲ့ ထောင်ချောက်တစ်ခုပဲ။ ဒါဆို…မောင့်ဆီကို မှိုင်း ရှိနေတဲ့ ဟိုတယ်ရဲ့ လိပ်စာပေးတာ ချစ်တေးသံစဉ်ပဲပေါ့။ ယုတ်မာလိုက်တာကွာ…”
“မှိုင်းလည်း ရိပ်မိပါတယ်။ ဒါပေမယ့် မှိုင်းနဲ့ ချစ်တေးသံစဉ်ရဲ့ ပတ်သတ်မှုကို မောင် သိသွားမှာ စိုးလို့ မှိုင်း အမှန်အတိုင်း ဖွင့်မပြောရဲခဲ့တာပါ”
မှိုင်း၏ မျက်နှာလေးသည် ဖြဲစုပ်ထားသည့် စက္ကူလေးတစ်ရွက်လို နွမ်းကြေမှိုင်းဖျော့လျက် ရှိသည်။ သည်အတောအတွင်း မှိုင်း ခံစားနေရရှာမည့် သောကများကို သူ တွက်ဆကြည့်မိချိန်တွင် သူ့ရင်တွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရတော့၏။
“မှိုင်းရယ်…”
မှိုင်း၏ လက်ကလေးများကို ဆွဲယူ၍ ဆုပ်ကိုင်ထားလိုက်သည်။ မှိုင်း၏ နူးညံ့သွယ်ပျောင်းသော လက်ကလေးသည် သူ၏ လက်များအတွင်းသို့ အလိုက်သင့်ပါလာလေသည်။
“မှိုင်းရဲ့ အချစ်တွေကိုတော့ ယုံကြည်ပေးပါနော် မောင်။ မှိုင်းလေ မောင့်ကို မှိုင်းဘဝမှာ ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ချစ်ရတာပါ မောင်”
“ဒါဆို မောင်တစ်ခု မေးမယ်နော်။ မှိုင်း ဘာလို့ ချစ်တေးသံစဉ်ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တာလဲ”
သူ့အမေးကို မှိုင်းသည် ချက်ချင်းမဖြေဘဲ သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်သည်။ သူကတော့ မှိုင်း၏ အဖြေကို စောင့်စားနေလိုက်၏။
“မှိုင်း အမေအတွက် ပိုက်ဆံလိုလို့ပါ မောင်”
“ဟင်…မောင် သိရသလောက်က မှိုင်းမှာ အမေမရှိတော့ဘူးဆို”
“မရှိတော့ဘူးလို့ မှိုင်းဘက်က သတ်မှတ်ထားခဲ့တာပါ။ ပြောရရင် စိတ်နာလို့ပေါ့ မောင်ရယ်။ ဒါပေမယ့် အမေ့မှာ သားအိမ်ခေါင်းကင်ဆာ ရှိနေတယ်ဆိုတာ မှိုင်း သိလိုက်ရချိန်မှာ အမေ့အတွက် ဆေးကုသဖို့ စရိတ်လောက်တော့ မှိုင်း ပေးချင်ခဲ့တယ်။ အဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ချစ်တေးသံစဉ်က မှိုင်းကို ကမ်းလှမ်းခဲ့တယ်။ အဲ့ဒါနဲ့ပဲ မှိုင်း…လက်ခံလိုက်တာပါ”
“အခုရော…အမေ နေကောင်းရဲ့လား မှိုင်း။ မောင် ဘာကူညီပေးရမလဲ ဟင်”
မှိုင်း၏ နှုတ်ခမ်းလေးသည် တစ်ချက် ကော့ညွတ်လျက် ပြုံးသယောင်ဖြစ်သွားသည်။ သို့သော် ခပ်ရွဲ့ရွဲ့ အပြုံးမျိုး ဖြစ်ပါသည်။
“အမေ ဆုံးပြီ မောင်။ ပြီးခဲ့တဲ့ လပိုင်းကပဲ အမေဆုံးသွားတယ်။ မှိုင်းပေးတဲ့ ပိုက်ဆံတွေကိုလည်း ဆေးမကုဘဲ သူ့ယောက်ျားနဲ့ သုံးဖြုန်းပစ်လိုက်တယ်တဲ့”
သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့် မှိုင်း၏ လက်များကို ခပ်ဖွဖွလေး ညှစ်ဖျစ်လိုက်ရင်း မှိုင်းကို အားပေးလိုက်သည်။
“မှိုင်းရယ်…၊ ဒီအတောအတွင်း ဘယ်လောက်တောင် စိတ်ထိခိုက်နေလိမ့်မလဲ။ ဒီအကြောင်းတွေကို ဘာလို့ မောင့်လို့ စောစောစီးစီး ဖွင့်မပြောရတာလဲကွာ”
“မှိုင်း တောင်းပန်ပါတယ် မောင်ရယ်။ မှိုင်း သိပ်ကို မှားသွားတယ်”
“မှိုင်းကို မောင် နားလည်တယ်။ ခွင့်လွှတ်ပေးနိုင်တယ်။ နောက်တစ်ခါတော့ ဒီလိုမျိုး မလုပ်ပါနဲ့တော့နော်။ မောင် မခံစားနိုင်တော့ဘူး မှိုင်းရယ်”
မှိုင်းသည် သူ့ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စွဲမြဲစွာ ကြည့်နေခဲ့သည်။ ထို့နောက် မှိုင်း၏ မျက်ဝန်းများတွင် ကြည်နူးမှု အရိပ်အယောင်များဖြင့် မျက်ရည်ကြည်လေးများ ဝေ့သီရစ်ဝဲလာခဲ့သည်။
“မောင်ရယ်၊ မှိုင်းကို သိပ်ချစ်တာပဲလားဟင်။ မှိုင်းရဲ့ လုပ်ရပ်တွေအတွက် မောင် နည်းနည်းလေးတောင် စိတ်မနာဘူးလား”
ကြည်လင်ရှင်းသန့်သော အပြုံးမျိုးဖြင့် မှိုင်းကို သူ ပြုံးပြလိုက်၏။
“အတိတ်တွေကို မောင် စိတ်မဝင်စားဘူး မှိုင်း။ အခုလက်ရှိ မောင်နဲ့ မှိုင်း ချစ်နေကြဖို့ကိုပဲ မောင် အာရုံစိုက်ထားချင်တယ်။ မှိုင်းသာ မောင့်အပေါ် အချစ်စစ်နဲ့ ချစ်တယ်ဆိုရင် မောင် အရာအားလုံးကို မေ့ပစ်လိုက်နိုင်တယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ချစ်တေးသံစဉ်ရဲ့ လုပ်ရပ်အတွက်တော့ မောင် တုံ့ပြန်ရလိမ့်မယ်”
သူ့စကားကို နားမလည်နိုင်ဟန်နှင့် မှိုင်းသည် မျက်လုံးလေး အဝိုင်းသားနှင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။
“ဟင်…မောင်က ဘယ်လို တုံ့ပြန်မလို့လဲ”
“သူ လိုချင်တာ မောင်တို့ ကွဲကြ ပြတ်ကြဖို့လေ။ ဒီတော့ မောင်တို့က သူ မဖြိုဖျက်နိုင်တဲ့ ထုထည်ကြီးမားတဲ့ အချစ်တစ်ခုကို တည်ဆောက်ပြပြီး သူ့ရင်ကို နာကျင်ခံစားစေရမယ်။ မောင်တို့ လက်ထပ်ကြမယ် မှိုင်း။ မောင်တို့ရဲ့ လက်ထပ်ပွဲကို သူလည်း တက်ရလိမ့်မယ်။ ဒါဟာ မောင့်ရဲ့ တုံ့ပြန်မှုပဲ”
“မောင့် မိဘတွေနဲ့ ဖွားမြကိုရော…ဘယ်လို ဖွင့်ပြောကြမလဲဟင်”
“လူကြီးတွေကို မောင့်ကိစ္စထားပါ မှိုင်းရဲ့။ မှိုင်းက မောင့်ကို လက်ထပ်ချင်ရဲ့လား ဟင်”
“မောင်နဲ့ လက်ထပ်ရမယ်ဆိုတာ မှိုင်းအတွက်တော့ မထိုက်တန်တဲ့ ဆုလာဘ်တစ်ခုပါပဲ မောင်ရယ်”
“အချစ်တစ်ခုမှာ ထိုက်တန်ခြင်း၊ မထိုက်တန်ခြင်း ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး မှိုင်းရယ်။ ချစ်သူနှစ်ဦး တစ်ယောက်အပေါ်တစ်ယောက် ချစ်နေကြရင်ပဲ အရာအားလုံး ပြည့်စုံပါတယ်”
သူတို့နှစ်ဦးအကြားတွင် ကြည်နူးမှု အလွှာလေးတစ်ခုက ဝင်ရောက်လွှမ်းခြုံလိုက်သလို ပျော်ရွှင်သာယာသွားကြသည်။ အကယ်၍ ထိုအချိန်မှာသာ သူတို့သည် ဒီဇင်ဘာခြံထဲတွင် ရှိနေခဲ့ခြင်း မဟုတ်ပါက (သို့မဟုတ်) လွတ်လပ်သောနေရာတစ်ခုတွင် သူတို့ နှစ်ဦးတည်း ရှိနေခဲ့ခြင်း ဖြစ်ပါလျှင် သူသည် မှိုင်းကို ညင်သာနူးညံ့စွာ ထွေးပွေ့ထားမိမည် (သို့မဟုတ်) ချိုမြိန်သာယာသော မှိုင်း၏ နှုတ်ခမ်းလွှာလေးများကို သူ စုပ်ယူနမ်းရှိုက်မိပါလိမ့်မည်။
.
.
.
“မောင်…မှိုင်းကို ဘယ်ကိုခေါ်လာတာလဲဟင်”
မှိုင်းသည် ညီညာခြင်းမရှိသည့် မြေကြီးပေါ်တွင် ခြေထောက်လေးများကို မဝံ့မရဲ စမ်းကာစမ်းကာ လျှောက်နေခဲ့သည်။ မှိုင်း၏ မျက်ဝန်းများကို သူသည် ဖဲကြိုး အနီစလေးတစ်ခုဖြင့် စီးနှောင်ထားသည်။ မှိုင်းသည် သူ့လက်ကလေးကို ဆွဲကာ သူ ခေါ်ရာနောက် မရဲတရဲခြေလှမ်းများဖြင့် လိုက်နေခဲ့၏။
“ခဏပါ မှိုင်းရဲ့။ ခဏနေ နည်းနည်းပဲ လှမ်းရတော့မှာ”
နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် သူ ရပ်လိုက်သည်။ မှိုင်း၏ ပခုံးလေးကို ကိုင်ကာ သူ လိုချင်သည့် ပုံစံအနေအထားအတိုင်း နေရာချထားလိုက်သည်။
“ခဏလေးနော်…မှိုင်း၊ အဲ့အတိုင်းပဲ ရပ်နေ”
မှိုင်းသည် သူချထားခဲ့သည့် နေရာတွင် အရုပ်ကလေးတစ်ရုပ်လို ငြိမ်သက်၍ နေသည်။ သူသည် မလှမ်းမကမ်းတွင် ရပ်ထားခဲ့သည့် သူ့ကားလေးဆီသို့ ပြေးသွားလိုက်ကာ ကားထဲက CD Player ၏ Play ခလုတ်လေးကို နှိပ်လိုက်သည့်အခါ လှပသည့် သံစဉ်များနှင့်အတူ သီချင်းလေးတစ်ပုဒ်သည် လူးလွင့်ထွက်ပေါ်လာသည်။
🎵 ဆောင်းနေ့ နေခြည်ဖြာစ…နှင်းငွေ့ဝေနေချိန်မျိုး...မင်းအနား…နေချင်တယ်အချစ်ရေ…
အမှောင်ညတွေအကြောင်းကို… မင်း ပြန်…ပြောလဲ မပြပါနဲ့…🎵
မှိုင်းသည် သီချင်းချစ်သူပီပီ သံစဉ်လေးများကို ကြားလိုက်ရသည်နှင့် မှိုင်း၏ နှုတ်ခမ်းလေးများသည် ကော့ညွတ်ရင်း ပြုံးလာတော့သည်။
“အားတီရဲ့ ဆောင်းနေ သီချင်းလေး”
🎵 လက်ဖဝါးလေး အေးနေရင်…ရင်ငွေ့နဲ့နွေးစေမယ်... အိပ်မက်ဖူးတဲ့ ရင်ခွင်…ကိုယ်မင်းအတွက်ပေးနိုင်တယ်…ကမ္ဘာဦးအစ ယုယမှုနဲ့…အခုဘဝ စတင်မယ်…🎵
ကဗျာဆန်ဆန် သီချင်းစာသားလေးများသည် နုနယ်ကြွရွလျက် လေထဲတွင် ဝဲပျံနေကြသည်။ မှိုင်းသည် သီချင်းစာသားလေးများကို နှုတ်ခမ်းဖျားလေး လှုပ်ရုံ လိုက်ပါသီဆိုနေ၏။ သူသည် မှိုင်းအနားသို့ ကပ်သွားလိုက်ကာ မှိုင်း၏ မျက်လုံးများကို စည်းနှောင်ထားသည့် ဖဲကြိုးစလေးကို ဖြုတ်ပေးလိုက်သည်။ မှိုင်းသည် အချိန်တစ်ခုကြာအောင် စည်းပိတ်ထားခြင်းခံရသည့် မျက်လုံးလေးများကို အသာအယာ ပွတ်လိုက်ရင်း ပတ်ဝန်းကျင်ကို ခေါင်းလေးအသာယိမ်းရင်း ကြည့်လိုက်သည်။
“ဟား…လှလိုက်တာ မောင်ရယ်”
မှိုင်းသည် တစ်ခါမှ မမြင်ဖူးသေးသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၍ အံ့ဩမင်သက်သွားသည်။ မျက်လုံးလေးများ ဝိုင်းလျက် ပါးစပ်လေးသည်လည်း အဟောင်းသားလေးနှင့် ပွင့်ဟလျက် ရှိ၏။
“မောင်…မှိုင်းတို့ ရေတံခွန်တောင်ပေါ်ရောက်နေတာမလား”
“ဟုတ်တယ်လေ မှိုင်းရဲ့”
ဆောင်းမနက်ခင်း အစောပိုင်းအချိန်တွင် ဖြစ်၍ မြူခိုးငွေ့များ အုံ့မှိုင်းနေသည့် မြင်ကွင်းတစ်ခုလုံးမှာ တိမ်စိုင်ခဲ၊ တိမ်လွှာငွေ့လေးများ ဖြန့်ကျဲထားသကဲ့သို့ လှပစွာ ဖြစ်တည်လျက်ရှိသည်။
သူတို့ရပ်နေသည့် တောင်ကမ်းပါစွန်း၏ အရှေ့တွင် မြူခိုးများသည် တိမ်လိပ်၊ တိမ်ခဲများကဲ့သို့ အဆုပ်လိုက် အဆုပ်လိုက် တည်ရှိဖြစ်ပေါ်နေ၍ သူတို့သည် တိမ်တွေကြားတွင် ရှိနေသကဲ့သို့ ဖြစ်နေခဲ့၏။
“ဟား…နောင်ချိုက တိမ်ပင်လယ်ကိုတောင် သွားစရာမလိုတော့ဘူး။ ဒီမှာတင် တိမ်ပင်လယ်ကြည့်နေရပြီ”
မှိုင်းသည် မြူခိုးငွေ့များကို ကြည့်ရင်း ကလေးငယ်တစ်ဦးလို ကြည်လင်စွာ ပြုံးလျက်ရှိသည်။
“ဒီနေရာလေးကို မှိုင်း စိတ်ထဲကနေ နာမည်တစ်ခုပေးလိုက်တယ် မောင်”
“အင်း…မောင့်ကို ပြောပြပါဦး။ ဘယ်လိုပေးလိုက်တာလဲ”
“တိမ်တွေနေတဲ့ အရပ် လို့လေ”
တိမ် တွေ နေ တဲ့ အ ရပ်…။ မှိုင်း ရွတ်ပြသည့် နာမည်လေးကို သူ စိတ်ထဲကနေ တစ်လုံးချင်း ရွတ်ကြည့်လိုက်ရင်း သဘောကျစွာ ပြုံးလိုက်သည်။
“အင်း..လှလိုက်တာ နာမည်လေးက”
“ဒီရှုခင်းလေးကိုကြည့်ရဖို့ မနက်အစောကြီး ထရတာ တန်တယ်နော် မောင်”
သူသည် မှိုင်း၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်ကာ မှိုင်း၏ ဆံနွယ်လေးများကို လက်ချောင်းလေးများနှင့် ထိုးဖွလိုက်သည်။ မှိုင်း၏ ဆံပင်လေးများသည် မြူနှင်းများ ရိုက်ခတ်မှုကြောင့် အေးစက်နေခဲ့၏။
မှိုင်း၏ ဘေးနားတွင် ရပ်နေရာမှ သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကာ မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်၍ ထိုင်ချလိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲတွင် ထည့်လာသည့် ကတ္တီပါဘူးလေးကို ဆွဲထုတ်လိုက်ကာ ဘူးအဖုံးလေးကို ဖွင့်ဟရင်း မှိုင်းရှိရာဘက်သို့ ပြထားလိုက်သည်။
“ မှိုင်းကို မောင် လက်ထပ်ပါရစေနော်…။ မောင့်ကို လက်ထပ်ခွင့်ပေးပါ”
ကတ္တီပါဘူးလေးထဲမှ စိန်လက်စွပ်လေး နှစ်ကွင်းကို ကြည့်နေသော မှိုင်း၏ မျက်ဝန်းများသည် မျက်ရည်များနှင့် စိုစွတ်လာတော့၏။ မှိုင်းသည် လက်စွပ်လေးကို ကြည့်လိုက်၊ သူ့ကို ကြည့်လိုက်နှင့် အံ့ဩဆွံ့အနေခဲ့လေသည်။
“ခွင့်တောင်းစရာ မလိုပါဘူး မောင်ရယ်။ မှိုင်းကို မောင် ပိုင်ဆိုင်ပြီးသားပါ။ မှိုင်းလည်း မောင့်ကို လက်ထပ်ချင်ပါတယ်”
မှိုင်း၏ ဘယ်ဘက်လက်လေးသည် လေထဲသို့ မြောက်တက်လာပြီး သူ့အရှေ့တွင် ရပ်တံ့သွားသည်။ သူသည် ကတ္တီပါဘူးလေးထဲမှ လက်စွပ်လေးကို ထုတ်ယူလိုက်ပြီး မှိုင်း၏ ဘယ်ဘက် လက်သူကြွယ်လေးတွင် ဝတ်ဆင်ပေးလိုက်သည်။
မှိုင်းသည်လည်း ဘူးလေးထဲမှ ကျန်သည့် လက်စွပ်တစ်ကွင်းကို ယူကာ သူ့ ဘယ်ဘက်လက်သူကြွယ်လေးတွင် ဝတ်ဆင်ပေးလိုက်၏။ ထို့နောက်တွင် သူသည် မှိုင်းကို သူ့ရင်ခွင်ထဲသို့ ဆွဲယူသိမ်းဖက်ထားလိုက်တော့သည်။ သူ့ကားထဲက ကြည်နူးရင်ခုန်ဖွယ်ရာ သံစဉ်လေးများနှင့် သီချင်းသံလေးသည် လိပ်ပြာလေးတစ်ကောင်လို လေပြေလေးများထဲတွင် ဝဲလွင့်မျောပါလျက်ရှိ၏။
🎵 ဆောင်းနေ့ နေခြည်ဖြာစ…နှင်းငွေ့ ဝေနေချိန်မျိုး…မင်းအနား နေချင်တယ်…အချစ်ရယ်…🎵
#ခက်ဆစ်
#တိမ်တွေနေတဲ့အရပ်