လူးလွန့်လာသည့် အသိစိတ်တချို့နှင့်အတူ သူ့မျက်လုံးများ ပွင့်ဟလျက် နိုးထလာသည်။ ဆစ်ခနဲ ကိုက်ခဲမှုကြောင့် နားထင်ကို လက်မလေးနှင့် ဖိနှိပ်ထားလိုက်၏။ သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည့် အနံ့အသက်များသည် သူနှင့် စိမ်းကားလျက်ရှိသည်။ သူ့ဘေးဘယ်ညာကို လှည့်ကြည့်လိုက်မှ ဟိုတယ်အခန်းထဲတွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း သူ သတိပြုလိုက်မိခြင်းနှင့်အတူ မနေ့ညက အဖြစ်အပျက်တို့ကို ပြန်လည် မြင်ယောင်လာခဲ့သည်။
မင်းရဲ့ ဒီညကို ငါ ဝယ်မယ်...မင်းဘယ်လောက်တောင်းတောင်း ပေးမယ်
မင်းနဲ့တန်ရာကိုပဲ မင်းရစေရမယ်
သူ မနေ့က မှိုင်းကို ရက်ရက်စက်စက် ပြောထွက်ခဲ့သည့် စကားလုံးများကို သူ ကြားယောင်လာချိန်တွင် သူ့နှလုံးသားတစ်ခုလုံး ပြတ်ရှကွဲကြေသွားတော့သည်။
ထိုညက အဖြစ်အပျက်တို့သည် သူ မြင်ကွင်းထဲတွင် ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ လှုပ်ရှားလျက်ရှိ၏။ သူ ကြမ်းတမ်းစွာ ပြုမူဆက်ဆံသမျှကို အရုပ်တစ်ရုပ်လို ခံစားချက်များကင်းမဲ့နေသည့် မျက်နှာထားနှင့် ငြိမ်သက်နေခဲ့သည့် မှိုင်းကို သူ ပြန်လည်မြင်ယောင်မိချိန်တွင် သူ ပြင်းထန်စွာ နောင်တရမိတော့သည်။
အခု သူ့ဘေးနာမှာ မှိုင်း မရှိတော့။ ရေချိုးခန်းထဲမှာများလား။ သူ ရေချိုးခန်းတံခါးကို ဆွဲဖွင့်ကြည့်လိုက်တော့ တံခါးလေးသည် လွယ်ကူစွာပင် ပွင့်ဟသွားသည်။ ရေချိုးခန်းထဲတွင် မှိုင်း ရှိမနေခဲ့ပါ။
ကုတင်၏ ခေါင်းရင်းဘေးက စားပွဲခုံအပုလေးပေါ်တွင် တင်ထားသည့် သားရေသားအဖုံးနှင့် Menuစာအုပ်လေးကို လှန်ကာ ဟိုတယ် Reception၏ ဖုန်းနံပါတ်ကို ရှာဖွေလိုက်သည်။ ထိုစားပွဲပေါ်တွင် ရှိနေသည့် အထိုင်ကြိုးဖုန်းလေးကို ဆွဲယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
"Hello, မင်္ဂလာပါရှင်။ Paradise Hotel Receptionကပါ ရှင်။ ဘာများ အကူအညီပေးရမလဲရှင်"
ဖုန်းနားထောင်ခွက်အတွင်းမှ ထွက်ပေါ်လာသော ချိုသာလန်းရွှင်နေသည့် အသံလေးတစ်ခုပင်လျှင် သူ့ နှလုံးသားကို အေးချမ်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။
"အခန်းနံပါတ် (၅၀၁)ကပါ။ ကျွန်တော့် အခန်းဖော် အပြင်ထွက်သွားသေးလားခင်ဗျ"
"ဟုတ်ကဲ့၊ စစ်ကြည့်ပေးပါ့မယ်၊ ဖုန်းခဏ ကိုင်ထားပေးပါရှင့်"
တစ်ဖက်မှ စာရွက်လှန်သံများကို ဖုန်းနားထောင်ခွက်မှတဆင့် သူ ကြားလိုက်ရသည်။
"ဟုတ်ကဲ့ပါရှင့်၊ အခန်း(၅၀၁)က ဧည့်သည်တစ်ယောက် မနက်(၇)နာရီဝန်းကျင်လောက်က Check out လုပ်သွားပါတယ်ရှင့်"
ဝန်ထမ်းအမျိုးသမီးငယ်လေးကို ကျေးဇူးတင်ကြောင်း ပြောပြီး ဖုန်းချလိုက်သည်။ သူ့ရင်ထဲ ဖော်မပြတတ်လောက်အောင် ဗလောင်ဆူလျက်ရှိသည်။ သူ့ ဟန်းဖုန်းလေးကို လိုက်ရှာလိုက်သည်။ မွေ့ရာပေါ်မှ စောင်များကို ဖယ်ခါလိုက်တော့မှ သူ့ဖုန်းလေးကို တွေ့လိုက်ရ၏။ ဖုန်းလေးကို ကောက်ယူကာ မှိုင်း၏ ဖုန်းနံပါတ်ကို ရိုက်နှိပ်ရင်း ဖုန်းခေါ်လိုက်သည်။
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်။
တစ်ဖက်မှ မမျှော်လင့်ထားသည့် ဖုန်းဖြေဆိုသံကြောင့် သူ့ရင်ထဲကို ရေနွေးပူပူနှင့် လောင်းချလိုက်သလို ပူလောင်သွားရသည်။
မှိုင်း...၊ သူ့ကို စိတ်နာသွားပြီလား။
သူ့အနားကနေ မှိုင်း ထွက်ပြေးသွားပြီလား။
အခန်း၏ အေးစက်စက်ကြမ်းပြင်ပေါ်တွင် ပုံကျလျက်ရှိသည့် သူ့အဝတ်အစားများကို ကောက်ယူဝတ်ဆင်လိုက်ပြီး မှိုင်း၏ အိမ်လေးသို့ ခပ်မြန်မြန် သွားလိုက်၏။ မှိုင်း၏ တိုက်ရှေ့ရောက်တော့ ခြံတံခါးသည် အတွင်းဘက်မှ သော့ခတ်၍ ပိတ်ထားသည်။ ခြံဝတွင် ထပ်ဆင်ထားသည့် လူခေါ်ခေါင်းလောင်းခလုပ်လေးကို သူ နှိပ်လိုက်သည်။ နောက်တစ်ချက်ထပ်နှိပ်အပြီးတွင် တိုက်လေးထဲမှ ကောင်လေးတစ်ဦး ပြေးထွက်လာခဲ့၏။
"အော်...ကိုဗညား"
မှိုင်း၏ အခန်းဖော် သက်တံ့ရောင်သည် သူ့ကို လှိုက်လှဲဖော်ရွေစွာ ပြုံးပြနှုတ်ဆက်ပြီး ခြံတံခါးကို ဖွင့်ပေးသည်။ သက်တံ့၏ မျက်နှာမှာ ပြုံးထားသော်လည်း ဟန်ဆောင်အပြုံးတစ်ခုဖြစ်ကြောင်း သူ ရိပ်စားမိလိုက်သည်။ မှိုင်း၏ ချစ်သူအဖြစ် မှိုင်းမိတ်ဆက်ပေးထားခြင်းကြောင့် မှိုင်းတို့ တိုက်လေးတွင် စုနေကြသည့် သူငယ်ချင်းများအားလုံးနှင့် သူသည် ရင်းနှီးကျွမ်းဝင်လျက် ရှိခဲ့ပြီးဖြစ်၏။
"သက်တံ့၊ မှိုင်းရော..."
"မှိုင်း၊ အထုပ်ဆွဲပြီး ထွက်သွားတယ် ကိုဗညား"
"ဗျာ...၊ ဘယ်ကို ထွက်သွားတာလဲ သက်တံ့။ သူ ဘာပြောသွားသေးလဲ?"
"ဘာမှ ပြောမသွားဘူး ကိုဗညား။ ကျွန်တော်တို့လည်း မေးပါတယ်။ ဒါပေမယ့် သူ ပြန်မဖြေဘူး။ အဝတ်အစားတွေ ကောက်ထည့်ပြီး ထွက်သွားတာပဲ။ ခဏလေးနော်...မှိုင်း ပေးထားခဲ့တာလေးရှိတယ်။ ကျွန်တော် သွားယူလိုက်ဦးမယ်"
သက်တံ့က ပြောပြောဆိုဆိုနှင့် တိုက်လေးထဲသို့ ခပ်သွက်သွက် ဝင်သွားပြီး တစ်စုံတစ်ခုကို ကိုင်လျက် ပြန်ထွက်လာသည်။ သက်တံ့ သူ့အနားရောက်မှ မှိုင်းသူ့ကို ပေးထားရစ်ခဲ့သည့် ပစ္စည်းလေးကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားလေး ဆစ်ခနဲ နာကျင်စူးရှသွားလေ၏။
သက်တံ့၏ လက်ထဲတွင် ပွင့်ဖက်များ မရှိတော့သည့် နေကြာရိုင်းပန်းအိုးလေး။ သက်တံ့ပေးလာသည့် နေကြာရိုင်းပန်းအိုးလေးကို သူ တုံ့နှေးစွာ ယူလိုက်ရချိန်တွင် သူ့ရင်ထဲ ဝမ်းနည်းနာကျင်လျက် အောင့်သက်သွားတော့သည်။
သူ ပြောစရာစကား မရှိတော့ပါ။ ခေါင်းငိုက်စိုက်နှင့်သာ အိမ်သို့ ပြန်လာခဲ့ရသည်။ ညစ်နူးနာကျင်နေသည့် စိတ်တို့ကို အနည်းငယ် လန်းဆန်းပါစေတော့ဆိုသည့် မျှော်လင့်ချက်တို့နှင့် ရေချိုးခန်းထဲသို့ ဝင်ကာ ရေကို စိမ်ချိုးလိုက်၏။ သို့သော်လည်း သူ့စိတ်တို့သည် တစ်စုံတစ်ရာ ပြောင်းလဲမှု မရှိခဲ့ပါ။
ပြီးမှ ခေတ်ကို သတိရသွားကာ အားသွင်းထားသည့် သူ့ဖုန်းလေးကို ဖြုတ်ယူပြီး ခေတ်ဆီသို့ ဖုန်းခေါ်လိုက်သည်။
"Hello...My son... Daddy ပြောနေပါတယ်"
ခေတ်၏ ဖုန်းဖြေသံမှာ ခေတ်ပီသစွာ ရွတ်နောက်နောက်ဖြစ်သည်။ သူကတော့ ခေတ်၏ စနောက်မှုကြောင့် ရယ်မောနိုင်သည့် စိတ်အင်အား ရှိမနေခဲ့ပါ။
"ခေတ်၊ ငါ...ငါ ဘယ်လို လုပ်ရမလဲ။ မှိုင်း ငါ့ကို မုန်းသွားပြီ ထင်တယ်..."
သူ၏ အသံပျော့ပျော့လေး၏ အဖျားလေးသည် တုန်ခါတိမ်ဝင်သွားသည်။ ပါးပြင်ပေါ်သို့လည်း မျက်ရည်စများ ခုန်ဆင်းလာခဲ့၏။
"ဗညား...၊ မင်း ငိုနေတာလား။ ဘာဖြစ်တာလဲကွာ။ ငါ့ကို အစအဆုံး ပြောပြမှပေါ့..."
သူ အံကိုကြိတ်ရင်း မျက်ရည်စများကို ခပ်ကြမ်းကြမ်း သုပ်သည်။ ခေတ်ကို သူ ဘယ်လို ပြောပြရမလဲဆိုသည်ကို စဉ်းစားရင်း စကားလုံးများ ရှာဖွေနေလိုက်၏။ ခေတ်နှင့် သူသည် ငယ်စဉ်ကတည်းက ပေါင်းသင်းဆက်ဆံလာသည့် သူငယ်ချင်းများ ဖြစ်သော်လည်း မှိုင်းအကြောင်းကို ခေတ်ကို သူ မသိစေလိုပါ။ အရှက်သိက္ခာတို့ကို ချနင်း၍ ပိုက်ဆံရှာမိသည့် မှိုင်း၏ အဖြစ်မှန်ကို ခေတ် မသိစေရပါ။ မှိုင်းကို သူများအမြင်တွင် အထင်သေး၊ နိမ့်ကျသိမ်ငယ်ရမည့်အဖြစ်မျိုး သူ မဖြစ်စေလိုပါ။
"ငါ...ငါ...မနေ့ညက အမူးလွန်ပြီး မှိုင်းရဲ့ ခန္ဓာကို အရယူခဲ့မိတယ်။ မှိုင်း ဆန္ဒမပါဘဲပေါ့"
"ဘာ...၊ ဗညားရာ၊ မင်းတို့ ချစ်သူတွေဖြစ်လာကြတာ တစ်နှစ်ပြည့်တော့မယ့်အချိန်ထိ ဖြူဖြူစင်စင်ပဲ ချစ်ခဲ့ကြတယ်ဆို။ မင်းပြောတော့ မှိုင်းကို လက်မထပ်ခင်အထိ စောင့်ထိန်းထားချင်တယ်ဆို။ အခုတော့ ဘယ်လိုဖြစ်ရတာလဲကွာ"
"ငါ...မှားသွားတယ်ကွာ။ အခု မှိုင်း...မှိုင်း ငါ့အနားကနေ ထွက်ပြေးသွားပြီ ခေတ်ရာ။ ငါ ဘယ်လိုလုပ်ရမလဲ"
အံကြိတ်၍ တင်းထားသည့်ကြားက မျက်ရည်စများ လျှံကျလာပြန်သည်။
"ငါတို့ အတတ်နိုင်ဆုံး ရှာကြည့်ကြတာပေါ့ ဗညားရာ။ အဲ့လောက်လဲ စိတ်ထိခိုက်မနေပါနဲ့ကွာ"
ခေတ်က သူ့ကို အားပေးစကားပြီးနောက်တွင် ဖုန်းချသွားသည်။ ခေတ်၏ စကားများသည် သူ့ကို နည်းနည်းလေးလောက်တောင် ခွန်အားမဖြစ်စေခဲ့ပါ။ သူ့ရင်ဘတ်ထဲတွင် ဘာမှမရှိတော့သည့်အတိုင်း လှစ်ဟာစွာ နာကျင်မှုကိုသာ အဆမတန် ခံစားနေရတော့သည်။
.
.
.
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်။
စက်ပိတ်ထားသည်ဆိုသည့် ဖုန်းဖြေသံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သူ ကြားပြီးချိန်တွင် ပထမတစ်ကြိမ်လောက် ပြင်းထန်သော ဝမ်းနည်းမှုကို သူ မခံစားမိတော့ပါ။ သို့သော် သူသည် တစ်ချိန်ချိန်တွင် မှိုင်း ဖုန်းဖြေနိုးနိုးနှင့် မျှော်လင့်နေဆဲဖြစ်၏။ သူ ထိုကဲ့သို့ တမ်းတမှုများစွာနှင့် စက်ပိတ်ထားသည့် မှိုင်းဖုန်းလေးကို ခေါ်ဆိုနေခဲ့မိသည်မှာ သည်နေ့နှင့်လျှင် တစ်ပတ်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရင်ခွင်ထဲမှ မှိုင်း ထွက်ပြေးသွားခဲ့သည်မှာ ခုနှစ်ရက်တိတိပြည့်ခဲ့ပြီ။
မှိုင်း ပျောက်ဆုံးနေခဲ့သည့် နေ့ရက်များအတွင်း သူ မှိုင်းအကြောင်းများကိုသာ တွေးတောနေမိသည်။ မှိုင်းဘာလို့ သည်လို လုပ်ရတာလဲ? ဆိုသည့် မေးခွန်းအတွက် သူ့စိတ်ကို နှစ်သိမ့်မှု ဖြစ်စေမည့် အဖြေမျိုး သူ ရှာမရခဲ့။ ငွေကြေးအတွက်ဟု အကြောင်းပြခဲ့သည့် မှိုင်း၏ ဝန်ခံချက်ကိုလည်း သူ့နှလုံးသားက လုံးဝ လက်ခံ၍ မရပါ။ မှိုင်း သည်လိုလူစားမျိုးမဟုတ်မှန်း သူ အကြွင်းမဲ့ ယုံကြည်ပါသည်။
သည်ကိစ္စကို လုံးစေ့ပတ်စေ့ စဉ်းစားမိသည့်အခါတွင် ကြိုတင်အကွက်ချစီစဉ်ထားသည့် ကိစ္စတစ်ခုအဖြစ် သူ ကောက်ချက်ချလိုက်သည်။ သည်ပြသနာ၏ နောက်ကွယ်တွင် ကြိုးကိုင်စီမံသည့် လူတစ်ဦး ရှိရမည်။ ထိုသူသည် မှိုင်းနှင့် ဟိုတယ်တွင် ရှိနေခဲ့သည့်သူလည်း ဖြစ်နိုင်သလို တခြားသူတစ်ဦးလည်း ဖြစ်နိုင်သည်။ သူ့ ဖုန်းနံပါတ်ကို စာလှမ်းပို့သည့် လူ၊ သူ့ Viber ကို ဓာတ်ပုံများ လှမ်းပို့သည့် လူ၊ ထိုနောက်ကွယ်မှ လူကို သူ ခေါင်းတွေ အငွေ့ပျံမတတ် စဉ်းစားခဲ့သော်လည်း အဖြေရှာ၍ မရခဲ့ပါ။
နောက်ဆုံးတော့ မှိုင်း ရှိနိုင်မည့်နေရာကို သူ ခန့်မှန်းတွေ့ရှိသွားသည်။ ထိုနေရာသည် ပြင်ဦးလွင်ရှိ ဖွားမြ၏ အိမ် ဖြစ်သည်။ သူ တွေးတောတွက်ချက်ထားသည့်အတိုင်း မှိုင်းသည် ဖွားမြအိမ်တွင် ရှိနေခဲ့သည်။
"ငါ့မြေးက မှိုင်းကို လာခေါ်တာလား"
"ဟုတ်တယ်၊ ဖွားမြ"
ဖွားမြအိမ်သို့ သူရောက်တော့ မှိုင်းတစ်ယောက် မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းနေခဲ့၏။ ဖွားမြကတော့ ဘာကိုမှ သိပုံ မပေါ်။
"မှိုင်း...၊ ကိုယ်တို့ စကားပြောရအောင်"
သူ မှိုင်းကို ဒီဇင်ဘာ စားသောက်ဆိုင်သို့ ခေါ်လာလိုက်သည်။ မှိုင်းကတော့ မလိုက်ချင် လိုက်ချင် မျက်နှာနှင့် သူ့အပေါ် အေးစက်လျက်ရှိသည်။
"မှိုင်းရယ်...၊ ဘာလို့ မောင့်အနားကနေ ထွက်ပြေးဖို့ ကြိုးစားရတာလဲကွာ"
မှိုင်းသည် သူ့ကို မကြည့်ဘဲ ဟိုးအဝေးတစ်ဖက်ကိုသာ ငေးကြည့်နေရင်း တိတ်ဆိတ်နေခဲ့သည်။
"မှိုင်း...၊ မောင့်ကိုကြည့်စမ်း"
သူ့၏ ခပ်ဆတ်ဆတ်အသံကြောင့် မှိုင်း သူ့ကို လှည့်ကြည့်သည်။
"မောင် မေးနေတာ ဖြေလေ မှိုင်း"
မှိုင်း၏ မျက်ဝန်းများမှ မျက်ရည်စက်များ ဖြုတ်ခနဲ ကျလာခဲ့တော့သည်။
"မောင်...၊ မှိုင်းကို မောင် ဒေါသထွက်လိုက်စမ်းပါ။ မှိုင်းကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်လိုက်စမ်းပါ။ နောက်ဆုံး...မှိုင်းကို ဆွဲထိုးလိုက်စမ်းပါလား မောင်ရယ်။ မောင် အဲ့လို လုပ်မှ မှိုင်း နေသာတော့မှာပေါ့"
မျက်နှာလေးကို လက်နှစ်ဖက်ဖြင့်အုပ်ကာ မှိုင်းသည် အသံတိတ်ငိုကြွေးတော့သည်။
"မောင်က ဘာလို့ အဲ့လို လုပ်ရမှာလဲ မှိုင်း"
"မှိုင်း မောင့်အပေါ် သစ္စာဖောက်မိတယ်လေ မောင်။ ဒါဟာ သေဒဏ်တောင် ချမှတ်သင့်တဲ့ ပြစ်မှုတစ်ခုပါ မောင်ရယ်"
"ဟင့်အင်း၊ အဲ့ကိစ္စအတွက် မှိုင်းကို မောင် ယုံကြည်တယ်။ မောင်က မှိုင်း မောင့်ကို စိတ်နာသွားပြီ ထင်နေတာ"
"ဘာအတွက်လဲ မောင်"
"မှိုင်းဆန္ဒမပါဘဲ မောင် အဓမ္မဆန်ဆန် ပြုကျင့်ခဲ့တဲ့ ကိစ္စအတွက်"
မှိုင်းသည် မျက်ရည်စများကို သုပ်လိုက်ကာ ခပ်ဖွဖွပြုံးလိုက်သည်။
"မှိုင်းနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တစ်ခုလို့ မှိုင်း မှတ်ယူပါတယ် မောင်"
"မှိုင်းရယ်...၊ မောင် တောင်းပန်ပါတယ်၊ မောင် မှားသွားတယ်"
မှိုင်း၏ လက်ချောင်းလေးများကြားထဲ သူ့လက်ချောင်းလေးများထိုးထည့်ကာ ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။
"မှိုင်း၊ မောင့် တစ်ခု မေးမယ်နော်။ မှိုင်း ဘာလို့ အဲ့အလုပ်ကို လက်ခံခဲ့တာလဲ"
မှိုင်း၏ လက်ချောင်းလေးများသည် သူဆုပ်ကိုင်ထားသည့် လက်များကြားမှ ရုတ်တရက် ရုန်းထွက်သွားကြသည်။ မှိုင်း၏ မျက်နှာလေးတွင် တစ်စုံတစ်ခုကို စိုးရိမ်ကြောင့်ကြနေမှုလေးသည် အတိုင်းသား ပေါ်လွင်နေ၏။
"မှိုင်း...မောင့်ကို ဝန်ခံစရာတစ်ခုရှိတယ်..."
ဘာမှန်းမသိသေးသည့် မှိုင်း၏ ဝန်ခံစရာဆိုသည့် အကြောင်းအရာကြောင့် သူ့ရင်ထဲ ဒိတ်ခနဲ ခုန်လှုပ်သွားသည်။ လှုပ်ရှားနေသောစိတ်တို့ဖြင့် မှိုင်း၏ စကားများကို သူ နားစွင့်နေလိုက်သည်။
"မှိုင်း ပြောမယ့်အကြောင်းတွေကို နားထောင်ပြီး မောင် ထိတ်လန့်သွားလိမ့်မယ်။ မောင် မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမယ့်... တစ်ခုတော့ မောင် သိထားပေးပါ။ မှိုင်း မောင့်ကို ချစ်တဲ့အချစ်ဟာ စစ်မှန်တယ် ဆိုတာကို။ မှိုင်းရဲ့ အချစ်ကိုတော့ မောင် အကြွင်းမဲ့ ယုံကြည်ပေးပါနော် မောင်"
မှိုင်း၏ စကားသံများထဲတွင် တိုးလျှိုးတောင်းပန်သည့် အခိုးအငွေ့များ ပျော်ဝင်လျက်ရှိသည်။ မှိုင်း၏ မျက်ဝန်းများသည်လည်း စိတ်မသက်မသာဖြစ်မှု၊ သိမ်ငယ်မှု အရိပ်အယောင်များဖြင့် ညှို့မှိုင်းရီဝေနေခဲ့သည်။
"မောင်...ယုံပါတယ် မှိုင်းရယ်၊ မောင်...မှိုင်းရဲ့ အချစ်ကို အကြွင်းမဲ့ ယုံကြည်......"
" Excuse Me..."
သူတို့၏ စားပွဲနားမှ နီးကပ်စွာ ထွက်ပေါ်လာသည့် မိန်းကလေး အသံတစ်ခုကြောင့် သူ့ပြောလက်စ စကားများ ပြတ်တောက်သွားသည်။ သူ အသံလာရာကို မော့ကြည့်လိုက်တော့ သူ သည်အတောအတွင်း မေ့လျော့နေခဲ့သော ရင်းရင်းနှီးနှီးရှိလှသည့် မျက်နှာတစ်ခုကို သူ တွေ့လိုက်ရသည်။
"ဟာ...ချစ်တေးသံစဉ်"
"ဟုတ်ကဲ့...၊ ကျွန်မပါပဲရှင်"
ချစ်တေးသံစဉ်သည် စူးရှလင်းလက်သော မျက်ဝန်းများနှင့် စိုက်ကြည့်ရင်း လှပစွာ ပြုံးသည်။ သို့သော် သူမ၏ အပြုံးက အထက်စီးအပြုံးမျိုးဖြစ်သည်။
"ကျွန်မကို ထိုင်ခွင့်ပြုပါဦး"
သူ့ဘေးလည်းမဟုတ်၊ မှိုင်း၏ ဘေးလည်းမဟုတ်သည့် နေရာတစ်ခုတွင် သူမသည် နူးညံ့သိမ်မွေ့စွာ ဝင်ထိုင်လိုက်သည်။ ထို့ကြောင့် သူတို့၏ အနေအထားသည် မျက်နှာချင်း သုံးပွင့်ဆိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။
"ဘာကိစ္စရှိလို့လဲ ချစ်တေးသံစဉ်"
သူ၏ မေးခွန်းကို ချစ်တေးသံစဉ်က နှုတ်ခမ်းလေးတစ်ချက် အသာအယာ မဲ့ညွတ်လျက် တုံ့ပြန်သည်။ ထို့နောက် မှိုင်းကို စိုက်ကြည့်လိုက်သည်။ မှိုင်းသည် မလုံမလဲဖြစ်သော မျက်နှာထားမျိုးနှင့် ချစ်တေးသံစဉ်၏ အကြည့်တို့ကို ရှောင်လွှဲနေလိုက်သည်။
"ဗညား အထင်မလွဲနဲ့ဦးနော်။ ကျွန်မ ဗညားဆီ လာခဲ့တာ မဟုတ်ဘူး"
သူမ၏ စကားများကို နားမလည်နိုင်စွာ သူ မျက်မှောင်ကြုံ့ကြည့်လိုက်ရင်း နားထောင်နေလိုက်သည်။ စားပွဲခုံကပေါ်တွင် တင်ထားသည့် မှိုင်း၏ လက်ကလေးများသည် မသိမသာ တုန်ယင်နေသည်ကို သူ သတိထားလိုက်မိသည်။
"ကျွန်မ မှိုင်းညှို့ဆွဲငင်ဆီ လာခဲ့တာ"
သူမက စကားပြောနေရင်း သူမ၏ ပိုက်ဆံအိတ်လေးထဲမှ တစ်သောင်းတန် ငွေစက္ကူအုပ် တချို့ကို ထုတ်လိုက်ပြီး မှိုင်း အရှေ့သို့ ဘုန်းခနဲ မြည်အောင် ပစ်ပေးလိုက်သည်။
"ရော့...မှိုင်းညှို့၊ တို့ပေးဖို့ကျန်နေတဲ့ မင်းရဲ့ တန်ရာတန်ကြေး"
မှိုင်းသည် ငွေစက္ကူများကို ကြည့်ရင်း မျက်ရည်စများ ကျလာခဲ့သည်။ အံကို တင်းတင်းကြိတ်ထား၍ ငေါထွက်နေသည့် ပါးရိုးများသည် မှိုင်း၏ ပါးပြင်ကို ထိုးဖောက်ပေါ်လွင်နေခဲ့သည်။
"ဘာတွေလဲ ကိုယ်နားမလည်တော့ဘူး"
"ဗညား နားလည်အောင် ကျွန်မ ရှင်းပြမယ်။ ဗညားရဲ့ ချစ်သူ မှိုင်းညှို့ဟာ ကျွန်မ ပိုက်ဆံပေးပြီး ခိုင်းထားတဲ့ ကျွန်မရဲ့ အလုပ်သမားပဲ။ ဘာလုပ်ဖို့ ပိုက်ဆံပေးထားတာလဲ သိလား။ ရှင့် အသည်းကို ခွဲပေးဖို့"
သူမ၏ စကားများသည် သူ့နားထဲသို့ ဗုံးတစ်လုံးလို ဒိန်းခနဲ ပေါက်ကွဲသွားသည်။ လှုပ်ရှားလာသော စိတ်တို့၏ အပူရှိန်ကြောင့် သူ့တစ်ကိုယ်လုံး ပူလောင်လာသလို ခံစားလိုက်ရသည်။ မှိုင်း၏ မျက်နှာကို သူ လှမ်းကြည့်လိုက်တော့ မှိုင်းသည် မျက်နှာလေးကို အောက်သို့ ငိုက်စိုက်လျက် ငုံ့ထားခဲ့သည်။
"တကယ်တော့ မှိုင်း ရှင့်အချစ်ကို လက်ခံခဲ့တယ်ဆိုတာ ကျွန်မ ပိုက်ဆံပေးပြီး ခိုင်းထားလို့ပဲ ဗညား။ ရှင့်ကို တုံ့ပြန်ခဲ့တဲ့ အချစ်တွေဆိုတာလည်း ကျွန်မ ပေးထားတဲ့ ပိုက်ဆံကြောင့်ပဲ"
"မင်း..ပါးစပ်ကို ပိတ်ထားလိုက်..!!!"
သူ၏ ဒေါသတကြီး တုံ့ပြန်မှုကို ချစ်တေးသံစဉ်က ကြိုတင် မျှော်လင့်ထားပုံရပါသည်။ သူ့မျက်နှာကို စေ့စေ့ကြည့်ရင်း တဟားဟား ရယ်မောတော့သည်။ သူမ၏ ခပ်ရွဲ့ရွဲ့ရယ်သံများသည် သူ့ဒေါသများကို ပို၍ တောက်လောင်ပေါက်ကွဲစေသည်။
"ကျွန်မ ဘာလို့ ဒီလို လုပ်ခဲ့သလဲ ရှင်သိလား ဗညား။ ကျွန်မကို ကိုယ်ချင်းစာတတ်စေချင်လို့။ ရှင် ကျွန်မကို ထားရစ်ခဲ့တုန်းက ကျွန်မခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ရှင်ကို နားလည်စေချင်လို့။ ရှင် အခုလောက်ဆို သိပြီထင်ပါရဲ့။ နောက်ကျောကို ဓားနဲ့ အထိုးခံရတဲ့ နာကျင်မှုက ဘယ်လောက် ပြင်းထန်သလဲဆိုတာ"
သူ လက်သီးကို ခပ်တင်းတင်း ဆုပ်ထားလိုက်သည်။ မှိုင်း၏ သစ္စာအဖောက်ခံရသည်ဆိုသည့် အသိသည် သူ့နှလုံးသားကို ဓားနှင့် မွှမ်းနေသလို ခံစားရခက်စေသည်။ သူသည် ချစ်တေးသံစဉ်၏ မျက်ဝန်းများကို ခပ်စူးစူ စိုက်ကြည့်နေလိုက်၏။
"အိုး...ကြောက်လိုက်တာရှင်။ ရှင့်အကြည့်တွေက စူးရှလိုက်တာ။ ရှင် ကျွန်မကို နာကျည်းသွားပြီ ထင်ပါရဲ့။ မုန်းစမ်း ဗညား။ ကြိုက်သလောက်သာ ရှင် မုန်းနေလိုက်။ ရှင့်အချစ်တွေကို မရမယ့်အတူတူတော့ ရှင့်အမုန်းတွေကိုပဲ ကျွန်မ မက်မက်မောမော လက်ခံလိုက်မယ်"
ချစ်တေးသံစဉ်သည် ပြောရင်းနှင့် တဟားဟားရယ်ပြန်၏။
"ကျွန်မကြားဖူးတာ တစ်ခုရှိတယ် သိလား။ လူတစ်ယောက်ကို ချစ်ရတာထက် မုန်းနေရတာက အဲ့လူကို ပိုပြီး သတိရနေစေတယ်တဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မကို ရှင် မုန်းရင်းနဲ့ သတိရနေပေးရင်ပဲ ကျွန်မ ကျေနပ်တယ် ဗညား။ ကျွန်မ တိုက်ခဲ့တဲ့ ကျိန်စာတွေ ရှင် လှလှပပကြီး စူးလိုက်ပါဦး"
ချစ်တေးသံစဉ်သည် လှပစွာ ပြုံးလိုက်ရင်း ပိုက်ဆံအိတ်လေးကို လှမ်းယူလိုက်ကာ ပခုံးလေးထက် တင်လိုက်သည်။ ထို့နောက် ညင်သာစွာ မတ်တပ်ရပ်လိုက်ရင်း သူတို့ကို တစ်ချက်ကြည့်ရင်း ခပ်မဲ့မဲ့လေး ပြုံးပြန်၏။
"ကဲ..မှိုင်းညှို့၊ တို့ သွားမယ်။ မင်း တာဝန်ကျေတဲ့အတွက် မင်းကို တို့ ပိုက်ဆံ ပိုပေးထားတယ်"
အနိုင်ရသူတစ်ဦးလို ကျေနပ်စွာ ဟားတိုက်ရယ်မောသွားသည့် ချစ်တေးသံစဉ်၏ ရယ်သံများသည် သူ့နားထဲတွင် တစ္ဆေတစ်ကောင်၏ အသံကဲ့သို့ သူ့ကို တုန်လှုပ်ခြောက်ခြားစေ၏။ လှပကျော့မေ့ာစွာ တစ်လှမ်းချင်း လှမ်း၍ ထွက်သွားသည့် ချစ်တေးသံစဉ်၏ ကျောပြင်ကို စူးရဲစွာ စိုက်ကြည့်ရင်း သူ့ မျက်ဝန်းများမှ မျက်ရည်များ လှိမ့်ဆင်းလာခဲ့တော့သည်။
#ခက်ဆစ်
#တိမ်တွေနေတဲ့အရပ်