ကုန်လွန်ရွေ့လျားလာသည့် အချိန်၊နေ့ရက်၊ရာသီများနှင့်အတူ ရှင်သန်ကြီးပြင်းလာသည့် သူတို့၏ ချစ်ခြင်းတရားများသည် အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်နက်ရှိုင်းလာခဲ့ပြီဖြစ်သည်။ တစ်နေ့ထပ် တစ်နေ့ နှလုံးသားကို အခြေကုပ် အမြစ်တွယ်လာသည့် ချစ်ခြင်းများနှင့် အတူယှဉ်တွဲ၍ သံယောဇဉ်ကြိုးများသည်လည်း တစ်စထပ် တစ်စ တိုး၍ ခိုင်မာစွာ ရစ်နှောင်တွယ်ငြိလာကြ၏။ တစ်နှစ်ပြည့်လုနီးနီး ချစ်သူသက်တမ်းတစ်ခုသည် သူတို့ ပြုစုပျိုးထောင်ထားသည့် အချစ်ပန်းပွင့်လေးတစ်ပွင့် ကောင်းစွာကြီးပြင်းရှင်သန်နိုင်သည့် လုံလောက်သည့် အချိန်ကာလတစ်ခု ဖြစ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်ယုံကြည်ထားမိဖူးပါသည်။
“မောင့်ရဲ့ နေကြာရိုင်းလေး”
သူသည်လို ပြောတော့ မှိုင်းက ရှက်တစ်ဝက်၊ ကြည်နူးတစ်ဝက်အပြုံးလေးဖြင့် ပြုံးသည်။ မှိုင်း အခုတော့ သူ့စကား၏ အဓိပ္ပါယ်ကို နားလည်သိရှိသွားပြီ။ တစ်ချိန်တုန်းကတော့ သူသည်လိုပြောလျှင် ကြောင်အမ်းအမ်းမျက်နှာလေးနှင့် သူ့ကို စိုက်ကြည့်ရင်း…-
“မောင့်ရဲ့နေကြာရိုင်းလေး ဟုတ်လား။ မောင် ဘာကို ဆိုလိုတာလဲဟင်။ မှိုင်း သိပ်မရှင်းဘူး”…..ဟု ပြန်မေးခဲ့ဖူးသည်။
ထိုအချိန်တွင် သူသည် နေကြာရိုင်းပန်းလေး၏ အဓိပ္ပာယ် ပန်းစကားကို ရှင်းပြရပါတော့သည်။
“နေကြာရိုင်းကို ကိုယ်စားပြု တင်စားတဲ့ စာလုံးလေးတွေ ရှိတယ် မှိုင်းရဲ့။ Adoration လို့ခေါ်တဲ့ မြတ်နိုးကြင်နာခြင်း၊ Faith လို့ခေါ်တဲ့ ယုံကြည်ခြင်း၊ Loyalty ဆိုတဲ့ သစ္စာစောင့်သိခြင်းတွေပဲ။ ဒီစကားလုံးလေး သုံးခုက နေကြာရိုင်းလေးကို ကိုယ်စားပြုတယ် မှိုင်းရဲ့”
သူသည်လို ဆိုတော့မှ မှိုင်း၏ တွေဝေဟန်နှင့် စေ့ပိတ်ထားသည့် နှုတ်ခမ်းလေးများသည် ကော့ညွတ်ပျော့ပျောင်းလာခဲ့သည်။
“ဒီတော့ မှိုင်းက မောင့်ရဲ့ နေကြာရိုင်းလေးတစ်ပွင့်ပေါ့။ မောင့်ရဲ့ စိတ်ချယုံကြည်ရခြင်း၊ မောင့်အပေါ် သစ္စာစောင့်သိခြင်း၊ မောင့်ရဲ့ မြတ်နိုးကြင်နာရခြင်း ပန်းလေးတစ်ပွင့်က မှိုင်းပေါ့”
သူ သည်လိုပြောတော့ မှိုင်း၏ မျက်ဝန်းလေးများတွင် မျက်ရည်စများ နေရာယူဝင်ရောက်လာခဲ့သည်။ ကြည်နူးဝမ်းသာစိတ်နှင့် ဖြစ်တည်လာသည့် မျက်ရည်စများဖြစ်သည်ဟူ၍ သူ ခပ်လွယ်လွယ် ကောက်ချက်ချခဲ့မိပါသည်။
“မှိုင်း မျက်လုံးလေး ခဏ ပိတ်ထားလိုက်”
“မောင် ဘာလုပ်မလို့လဲ”
“ကဲ…ပိတ်ထားပါ မှိုင်းရဲ့။ ခဏပါပဲ…”
မှိုင်းက သူ့စကားအတိုင်း မျက်လွှာလေးများကို တင်းတင်းစေ့ပိတ်လိုက်သည်။ မှိုင်း မမြင်အောင် နောက်ပစ်ရင်း ဖွက်ထားသည့် သူ့လက်လေးကို ဆန့်တန်းရင်း မှိုင်း အရှေ့သို့ ထုတ်ထားလိုက်သည်။
“ကဲ…ဖွင့်တော့”
မှိုင်း၏ မျက်ဝန်းလေးများ လဲ့ခနဲ တောက်ပသွားသည်။ နှုတ်ခမ်းလေးအထက်တွင်လည်း အပြုံးလေးတစ်ပွင့်သည် လှပစွာ လွန့်လူးလားသည်။
“ဟာ…နေကြာရိုင်း ပေါက်စလေး”
လက်ဖဝါးတစ်ခုစာ အဖြူရောင် ကြွေပန်းအိုး အသေးစားလေးထဲတွင် စိုက်ပျိုးထားသည့် နေကြာရိုင်းအပင်လေးတွင် လိမ္မော်ရောင် နေကြာရိုင်းပန်းပွင့်လေး တစ်ပွင့်သည် အစွမ်းကုန် လှပစွာ ပွင့်လန်းလျက်ရှိသည်။ ကြွေပန်းအိုးပိစိလေးထဲမှ မြေဆွေးလေးများ၏ အပေါ်တွင်လည်း အဖြူရောင် ကျောက်စရစ်ခဲအသေးလေးများကို ညီညာစွာ ဖြန့်ခင်းထားသည်မှာ အောက်က မြေဆွေးကိုပင် မမြင်ရလောက်သည့်အထိ။
“ဒီ အပင်လေးကရော နေကြာရိုင်းအပင်လေးပဲလားဟင် မောင်”
“သိပ်ဟုတ်တာပေါ့ မှိုင်းရဲ့။ Mini Mexican Sunflower လေးလို့ ခေါ်တယ်။ Indoor (အခန်းတွင်း) မှာ ရှင်သန်နိုင်အောင် သေသေချာချာ မျိုးရိုးဗီဇပြောင်းပြီး ပျိုးထားတဲ့ ပန်းပင်လေးပေါ့။ တစ်နေ့ တစ်ခါ ရေဖြန်းပေးဖို့ လိုမယ်။ ပြီးတော့ တစ်ပတ်တစ်ခါ အားဆေးကျွေးပေးဖို့ လိုတယ် မှိုင်းရဲ့။ မောင်…သူ့ကိုကျွေးဖို့ အားဆေးလေးလဲ ဝယ်လာတယ်။ အခုတော့ ပါမလာဘူး။ အပင်လေး ပေးချင်ဇောနဲ့ မေ့လာခဲ့တယ်”
မှိုင်းက သူ့ကို မျက်စောင်းလှလှလေးတစ်ချက် ချိတ်လိုက်ရင်း ပန်းပင်လေးကို လက်ဖျားလေးများနှင့် နူးညံ့စွာ ဆော့ကစားနေသည်။
“ ဒီအပင်လေးကို မောင်တို့ရဲ့ ချစ်သူသက်တမ်း ဆယ့်တစ်လပြည့် အမှတ်တရအနေနဲ့ မှိုင်း လက်ခံစောင့်ရှောက်ပေးပါနော် မှိုင်း။ မောင်…ပြောခဲ့ဖူးသလိုပေါ့။ နေကြာရိုင်းအပင်လေးတွေဟာ သိပ်ကို အကြမ်းခံတဲ့ အပင်အမျိုးအစားလေးတွေထဲမှာ ပါတယ်။ မောင်ကလေ…မောင်တို့တည်ဆောက်ထားတဲ့ အချစ်ကိုလည်း ဒီနေကြာရိုင်းအပင်လေးလို လွယ်လွယ်နဲ့ မသေဘဲ ထာဝရ ရှင်သန်နိုင်တဲ့ အစမ်းသပ်ခံ၊ အကြမ်းခံတဲ့ ချစ်ခြင်းမျိုး ဖြစ်စေချင်တယ် မှိုင်း”
“အဓိပ္ပာယ်လေးနက်လွန်းတဲ့ ဒီနေကြာရိုင်းပန်းပင်လေးကို မှိုင်း ပိုင်ဆိုင်စောင့်ရှောက်ခွင့် ရှိရဲ့လားတောင် မသိတော့ပါဘူး မောင်ရယ်”
မှိုင်း၏ မျက်ဝန်းများသည် တစ်မျိုးတစ်မည်သော အရိပ်အယောင်များဖြင့် ခိုးရီမှုန်ဝေလျက်ရှိနေခဲ့သည်။ ထိုမျက်ဝန်းများသည် အပြစ်ရှိသူတစ်ယောက်၏ မလုံလဲသော၊ လိပ်ပြာမသန့်သော မျက်ဝန်းများဖြစ်နေခဲ့သည်ကို သူ သိလိုက်ရသည့်တစ်နေ့သည် သူ့ဆီသို့ မုန်တိုင်းတစ်စင်းလို ဝင်ရောက်လာခဲ့တော့သည်။
ထိုနေ့တွင် သူသည် တစ်နေကုန် အလုပ်ရှုပ်နေခဲ့သည်မှာ မှိုင်းဆီသို့ ဖုန်းလေးတစ်ချက်ပင် မဆက်နိုင်ခဲ့သည်အထိ။ သူ ပိုင်ဆိုင်သည့် Parallel Universe Fashion Mall ကြီး၏ နှစ်ပတ်လည် ညစာစားပွဲပါတီ ကျင်းပဖို့အတွက် လိုအပ်သည်များကို သူ ဦးစီးဦးဆောင်ပြု၍ စီစဉ်ဆောင်ရွက်ပေးနေရ၏။
ဝန်ထမ်း အယောက်(၅၀) ဝင်ဆံ့စုဝေး စားသောက်နိုင်မည့် မြက်ခင်းစိမ်းကွင်းပြင်ကဲ့သို့ နေရာမျိုးကို သူ ရှာဖွေငှားရမ်းရသည်။ ဝန်ထမ်းများကို ကျွေးမွေးဧည့်ခံမည့် စားသောက်ဖွယ်ရာ အမျိုးအမယ်များကိုလည်း သူပဲ စဉ်းစားဆုံးဖြတ်ရသည်။ ပျော်ပွဲရွှင်ပွဲအဖြစ် ဆော့ကစားမည့် ဂိမ်းအစီအစဉ်များနှင့် တစ်နှစ်စာ ဝန်ထမ်းကောင်းဆုအတွက်ကိုလည်း သူကိုယ်တိုင်ပဲ ရွေးချယ်ခန့်ခွဲရသည်။
ထိုအလုပ်ကိစ္စတာဝန်များအားလုံးကို သူ့စိတ်တိုင်းကျ လုပ်ဆောင်ပြီး အိမ်ပြန်ရောက်ချိန်မှသာ မှိုင်းဆီသို့ ဖုန်းခေါ်လိုက်သည်။
“ဟဲလို…မောင်”
တစ်ဖက်မှ ဖုန်းဖြေသည့် မှိုင်း၏ အသံသည် တစ်ခုခုကို စိတ်လေးနေသူတစ်ဦး၏ အသံမျိုးဖြစ်သည်။
“မှိုင်း…အသံလည်း မကောင်းပါလား။ နေကောင်းရဲ့လား?...”
“ကောင်းပါတယ် မောင်ရဲ့”
မှိုင်း၏ အသံသည် ရွှင်ပျလန်းဆန်းနေသူလို ဟန်လုပ်ကာ အားတင်းဟန်ဆောင်နေရသူ တစ်ဦး၏ အသံမျိုးဖြစ်သည်။
“မှိုင်း မောင့်ကို စိတ်ကောက်နေသလား ဟင်”
“ဟောဗျာ…၊ ဘာကိစ္စနဲ့ပါလိမ့်”
“မောင်…တစ်နေ့လုံး မှိုင်းကို ပစ်ထားမိလို့လေ။ မောင် ဒီည ပါတီအတွက် အလုပ်ရှုပ်နေလို့ပါ မှိုင်းရဲ့”
“မောင်ရယ်…စိတ်ဆိုးတယ်လည်း မပြောမိပါဘူး။ မှိုင်း နားလည်ပါတယ် မောင်ရဲ့။ မှိုင်း တကယ်စိတ်မဆိုးပါဘူး”
“တကယ်နော်…မှိုင်း”
“အင်းပေါ့ မောင်”
“ဒါဆို မောင့်ကို နမ်း”
“အာဘွား မောင်”
သည်လိုကျပြန်တော့လည်း မှိုင်း၏ အသံသည် လန်းဆန်းရွှင်သာသွားပြန်သည်။ လုပ်ငန်းခွင်မှ တစ်နေ့တာ ပင်ပန်းနွမ်းလျမှုများသည် မှိုင်း၏ လေထဲမှ အနမ်းတစ်ပွင့်ကြောင့် ထူးဆန်းစွာ ပျောက်ကွယ်သွားရပြန်၏။
“မောင် ဒီနေ့ည ပါတီရှိတော့ မှိုင်းဆီ မလာတော့ဘူးမလား မောင်”
“မလာတော့ဘူးလေ မှိုင်း၊ မနက်ဖြန် မနက်ကျမှ မနက်စာစားရင်း တွေ့ကြမယ်နော် မှိုင်း”
“အင်းပါ မောင်၊ ည အိမ်ပြန်ရောက်ရင် ဖုန်းမဆက်နဲ့တော့နော်။ မှိုင်းလဲ ဒီနေ့ည ဘားမသွားရဘူးဆိုတော့ စောစောအိပ်တော့မလို့”
“ဟုတ်ပါပြီဗျာ...ဒါဆို အခုကတည်းက ကြိုနှုတ်ဆက်လိုက်မယ်နော်။ Good Night မှိုင်း”
“Good Night ပါ မောင်”
ဖုန်းချပြီး သူ့ကို တုပ်နှောင်ထားသကဲ့သို့ စိတ်ကျဉ်းကြပ်နေစေသည့် အဝတ်အစားများကို ချွတ်ပစ်လိုက်သည်။ တပတ်တစ်ထည်ကို ဗီရိုထဲမှ ထုတ်ယူကာ သူ့ကိုယ်အောက်ပိုင်းကို ပတ်လိုက်ပြီး ရေချိုးခန်းအတွင်းသို့ ဝင်သွားလိုက်သည်။ သူ ရေချိုးပြီးနောက် ညစာစားပွဲသို့သွားရန် ပြင်ဆင်လိုက်သည်။ ပါတီပွဲကျင်းပမည့် Mahar Entertainment မြက်ခင်းစိမ်း ကွင်းပြင်သို့ ရောက်သည့်အချိန်အထိ သူ့အချိန်များသည် အေးဆေးသာယာလျက်ရှိနေခဲ့သည်။
သူ့ဆိုင်မှ ဝန်ထမ်းများကို ညစာ စားသောက်ဖွယ်ရာများနှင့် ဧည့်ခံပြီးချိန်တွင် ဂိမ်းအစီအစဉ်များ စ၍ ပျော်ရွှင်စွာ ဆော့ကစားကြသည်။ ဂိမ်းကစားပြီးနောက်တွင် တစ်နှစ်တာအတွက် အကောင်းဆုံး ဝန်ထမ်းဆုကို ကြေညာ၍ သူကိုယ်တိုင် ဆုချီးမြှင့်ဂုဏ်ပြုပေးခဲ့သည်။ ထို့နောက်တွင်တော့ ယောက်ျားလေးများအတွက် ဘီယာ၊ ဝီစကီ တို့ကို စီစဉ်ပေးထားပြီး၊ မိန်းကလေးများအတွက် အပျော့စားဝိုင်နှင့် ကော့တေးများကို မိမိတို့စိတ်ကြိုက် သောက်စေသည်။
သူကိုယ်တိုင်လည်း ရုံးပိုင်းမှ ဝန်ထမ်းများနှင့် Heineken Beer ပုလင်းများကို သောက်နေခဲ့သည်မှာ သူ့ခေါင်းထဲတွင် ရီဝေဝေဖြစ်လာခဲ့သည်အထိ။ ထိုစဉ် သူတို့ စားပွဲအနားသို့ မိုးတိမ်ကဗျာရောက်လာခဲ့သည်။
“ကိုဗညား…၊ မူးနေပြီလား”
ညနေခင်း ပွဲတက်ဝတ်စုံ အနီရောင် ဂါဝန်လေးနှင့် မိုးတိမ်ကဗျာသည် ဆွဲဆောင်မှုပြင်းစွာ လှပနေခဲ့သည်။
“အော် ကဗျာ…၊ နည်းနည်းပေါ့ဗျာ။ ကဗျာရော”
“ကဗျာကတော့ မမူးပါဘူး၊ သောက်မထားဘူးရှင့်။ မေမေက မကြိုက်လို့”
စိတ်ထဲမှနေ၍ ကဗျာ့ကို သူ ချီးကျူးလိုက်မိသည်။
“အော်…ဒါနဲ့ Congratulations နော် ကဗျာ။ ဝန်ထမ်းကောင်းဆုကို ထိုက်ထိုက်တန်တန်ရတဲ့အတွက်”
“ကျေးဇူးပါရှင်။ ကဗျာက ဆုတွေ လာဘ်တွေ မျှော်မှန်းပြီး အလုပ်ကြိုးစားခဲ့တာ မဟုတ်ပေမယ့် အခုလို ကဗျာ့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဗညား”
“ရပါတယ်ဗျာ။ ကဗျာနဲ့ ထိုက်တန်လို့ ရတာပါ။ ကဗျာ့ကို ဝန်ထမ်းကောင်းအဖြစ် ရွေးပေးတာ ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါဘူး။ မန်နေဂျာချုပ်နဲ့ အထွေထွေအတွင်းရေးမှူးတို့လည်း ပါပါတယ်။ အများဆန္ဒနဲ့ ရွေးချယ်ပေးခဲ့တာပါ”
ကဗျာက လှပစွာပြုံးသည်။ ထို့နောက် သူ့ကို နှုတ်ဆက်ကာ ထွက်သွားသည်။
စားပွဲပေါ်တင်ထားသည့် သူ့ဖုန်းလေးသည် တီခနဲ မြည်သံတိုလေးတစ်ခုနှင့်အတူ ဖုန်း၏မျက်နှာပြင်လေး ပွင့်လာခဲ့သည်။ ဖုန်း မျက်နှာပြင်၏ Wallpaper အဖြစ် နေကြာရိုင်းပန်းပွင့်လေးတစ်ပွင့်ပုံကို သူ ရွေးချယ်၍ တင်ထားခဲ့သည်။ ဖုန်းလေးကို သူ ကောက်ယူကြည့်လိုက်တော့ စာတစ်စောင်ဝင်နေခဲ့သည်ကို သူ တွေ့လိုက်ရသည်။ အမည်မသိ ဖုန်းနံပါတ်တစ်ခုမှ ပို့ခြင်းဖြစ်သည်။
Viber ကို ဖွင့်ကြည့်လိုက်ပါ ဘုန်းဗညားမောင်
စာတိုလေးတစ်ကြောင်းကိုသာ သူ တွေ့လိုက်ရသည်။ Viber ကို ဖွင့်ကြည့်လိုက်ပါတဲ့လား။ သူ့နာမည်ကိုလည်း စာပို့သူသည် သိနေခဲ့သည်ဆိုတော့ သူ့အသိထဲကပင် ဖြစ်မည်။ သူ Mobile Data ကို ဖွင့်လိုက်ကာ Viber Application ထဲသို့ ဝင်လိုက်၏။
တောင်ခနဲ မြည်သံများနှင့်အတူ Photo Message များဝင်လာခဲ့သည်။ ခုနက ဖုန်းနံပါတ် အစိမ်းထံမှပင်ဖြစ်သည်။ ပို့ထားသော ပုံများကို ဝင်ကြည့်လိုက်ချိန်တွင် သူ့ခေါင်းများ ပြာဝေသွားသည်။ သူ့နှလုံးသွေးများ ရုတ်တရက် ဆူဝေပူလောင်သွားသည်။ သူ့တစ်ကိုယ်လုံးကို မိုးကြိုးပစ်ချလိုက်သလို ထိတ်လန့်မူးနောက်သွားသည်။
ဓာတ်ပုံများထဲတွင် လူနှစ်ယောက်၊ တိတိကျကျပြောရလျှင် ယောက်ျားနှစ်ယောက် ဖက်နေကြသည်။ တစ်ပုံတွင် နှုတ်ခမ်းချင်း ထိလျက် နမ်းနေကြသည်။ ဟိုတယ်များကဲ့သို့ ပြင်ဆင်ထားသည့် အခန်းထဲတွင်ဖြစ်သည်။ ထိုယောက်ျားလေးနှစ်ယောက်ထဲမှ တစ်ယောက်၏ မျက်ဝန်းများတွင် ရမ္မက်ခိုးများ လျှံဝေနေသည်မှာ ဓာတ်ပုံထဲမှာပင် အတိုင်းသားမြင်နေရသည်။ ထိုတစ်ယောက်ကို သူ မသိသော်လည်း ကျန်တစ်ယောက်မှာ မှိုင်းဖြစ်နေခဲ့သည်ကို သူ မယုံကြည်နိုင်စွာပင် တွေ့လိုက်ရသည်။
ဖုန်း၏ မျက်နှာပြင်ကို သူ့လက်ချောင်းများနှင့် ဆွဲ၍ ဓာတ်ပုံများထဲမှ လူနှစ်ဦး၏ မျက်နှာများကို အကျယ်ချဲ့ကြည့်လိုက်သည်။ သေချာပါသည်။ သူ့၏ နေကြာရိုင်းပန်းလေး မှိုင်းပင် ဖြစ်ပါသည်။
ဖုန်း၏ တွီခနဲ တုန်ခါမှုနှင့်အတူ စာတစ်စောင် ထပ်ဝင်လာခဲ့သည်။
အခုချိန် တားရင် အချိန်မီနိုင်သေးတယ်။
Paradise Hotel အခန်းနံပါတ် 501.
ထိုစာနှစ်ကြောင်းကို ဖတ်ပြီးချိန်တွင် သူ ထိုနေရာမှ ဝုန်းခနဲ ထထွက်ခဲ့လိုက်တော့သည်။
Paradise Hotel အတွင်းသို့ ခြေလှမ်းကျဲကြီးများနှင့် ခပ်သွက်သွက်ဝင်လာသည့် သူ့ကို ဧည့်ကြိုကောင်တာမှ ဝန်ထမ်းကောင်လေးက သေချာစွာ စိုက်ကြည့်နေခဲ့သည်။ သူ၏ ဟန်ဆောင်ထိန်းချုပ်ထားသည့် ခြေလှမ်းများသည် ယိုင်နဲ့ယိမ်းထိုးနေခဲ့သည်မှာ သူသောက်ထားသည့် ဘီယာများ၏ အမူးရှိန်ကြောင့်လား၊ သို့မဟုတ် သူ့၏ စိတ်ပူပင်နေမှုကြောင့်လားဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် မဝေခွဲတတ်ပါ။
“မင်္ဂလာပါအစ်ကို၊ ဘာများ ကူညီပေးရမလဲ ခင်ဗျ”
ဧည့်ကြိုကောင်တာမှ ဝန်ထမ်းကောင်လေးသည် သူ့ကို လက်အုပ်ချီနှုတ်ဆက်ရင်း ချိုသာဖော်ရွေစွာ ကြိုဆိုလိုက်သည်။
“ကျွန်တော် 501 က ဧည့်သည်နဲ့ ချိန်းထားလို့ပါ”
“အော်…ဟုတ်ကဲ့။ မှာထားပါတယ် ခင်ဗျ။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”
“ဟင့်အင်း ။ ဘယ်အထပ်မှာလဲဆိုတာပဲ ပြောပါ။ ကိုယ့်ဘာသာကိုယ် သွားလိုက်ပါ့မယ်”
“ငါးထပ်မှာပါ အစ်ကို”
သူ ချာခနဲ လှည့်ထွက်ခဲ့လိုက်ပြီး ဓာတ်လှေကားရှိရာသို့ ဦးတည်သွားလိုက်ရင်း အပေါ်သို့ မြားပြထားသည့် ခလုပ်လေးကို နှိပ်လိုက်သည်။ သူ့ကို စောင့်ကြိုနေသည့်အလား မြေညီထပ်တွင် အသင့်ရှိနေခဲ့သည့် ဓာတ်လှေကားလေး၏ တံခါးနှစ်ချပ်သည် အလယ်တည့်တည့်မှနေ၍ ပွင့်ဟသွားသည်။ ဓာတ်လှေကား အတွင်းသို့ ခပ်မြန်မြန်ဝင်လိုက်ကာ အတွင်းနံရံရှိ ခလုတ်များစွာအနက်မှ နံပါတ်(၅)ဆိုသည့် ခလုတ်လေးကို ရွေးနှိပ်လိုက်သည်။ ဓာတ်လှေကား၏ တံခါးလွှာနှစ်ချပ်သည် ပြန်လည်စေ့ပိတ်သွားပြီး သူ့ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွား၏။
တစ်ထပ်ပြီး တစ်ထပ် ကျော်လွန်လာခဲ့ချိန်တွင် သူ့နှလုံးသားများသည် ပို၍ ပို၍ မြန်ဆန်စွာ လှုပ်ရှားလာခဲ့သည်။ (၅)ထပ်မြောက် အရောက်တွင် ဓာတ်လှေကား၏ ရွေ့လျားမှုသည် တန့်ခနဲ ရပ်သွားကာ တံခါးချပ်များ ပွင့်သွားသည်။ သူ ဓာတ်လှေကားထဲမှ ထွက်ပြီး ဘယ်ညာ လှည့်ကြည့်လိုက်ရင်း အခန်းနံပါတ် (၅၀၁)ကို ရှာလိုက်သည်။
တွေ့ပါပြီ။ ဟိုးဘက် ထောင့်စွန်းက အခန်း၏ တံခါးပေါက်တွင် 501 ဆိုသည့် နံပါတ်လေးကို ရေးထွင်းထား၏။ ထိုအခန်းကို မြင်လိုက်ရချိန်တွင် သူ့ ရင်ခုန်နှုန်းများ ပို၍ မြန်ဆန်လာတော့သည်။ သူ ထိုအခန်းဆီသို့ ခပ်သွက်သွက်လှမ်းကာ သွားလိုက်သည်။ အခန်းရှေ့သို့အရောက်တွင် သူ အခန်းနံပါတ်ကို သေချာအောင် ပြန်ဖတ်ကြည့်လိုက်သည်။ ပြီးတော့မှ သက်ပြင်းတစ်ချက် ချလိုက်ကာ အခန်းတံခါးကို ခေါက်လိုက်သည်။
အခန်းထဲမှ တစ်စုံတစ်ယောက်သည် တံခါးကို အနည်းငယ်ဟ၍ လာဖွင့်ကြည့်ချိန်တွင် သူ အခန်းတံခါးကို ဝုန်းခနဲ ဆောင့်တွန်းလိုက်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။ ကမူးရှူးထိုးနှင့် အခန်းထဲသို့ ဝင်လာသည့် သူ့ကို မြင်လိုက်ရချိန်တွင် အခန်းအတွင်းရှိ မွေ့ရာပေါ်တွင် အပေါ်ပိုင်း အဝတ်ဗလာနှင့် လှဲလျောင်းနေသူက ထိတ်ထိတ်ပျာပျာ ဖြစ်သွားကာ ထထိုင်လိုက်သည်။
အိပ်ရာပေါ်တွင် အပေါ်ပိုင်း အဝတ်အစားကင်းမဲ့စွာ လှဲလျောင်းနေသူမှာ မယုံကြည်နိုင်စွာပင် မှိုင်း ဖြစ်နေခဲ့၏။ အခုလို မြင်ကွင်းများကို မြင်နေရသည့် သူ့မျက်လုံးများကိုပင် သူ ထိုးဖောက်ပစ်ချင်မိသည်။ သူ့ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားကာ နောက်သို့ တစ်ချက် ခွေယိုင်လန်ကျသွားသည်။
“မောင်…မောင်…ဒီကို ဘယ်လို သိပြီး…”
မှိုင်း၏ အသံမှာ သွေးပျက်ချောက်ချားမှုများအပြည့်။
“မင်း…မင်း ဘာလုပ်နေတာလဲ မှိုင်း၊ မောင့်ကို ပြောစမ်း!!!"
“ဟာ…၊ ဘာတွေလဲကွာ၊ မင်း ဘယ်သူလဲ”
အခန်းထဲမှ သူမသိသည့် သူစိမ်းတစ်ယောက်က သူ့ကို ဘုကြည့်ကြည့်ရင်း ပြောသည်။ ထိုလူကို မီးဟုန်းဟုန်းတောက်လောင်နေသည့် မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။
“မင်းကရော…ဘယ်သူလဲ၊ ငါက မှိုင်းရဲ့ ချစ်သူ”
“ဘာ..! ချစ်သူ ဟုတ်လား။ ငါကတော့ သူ့ရဲ့ ချစ်သူမဟုတ်ဘူး။ ငါ့ရဲ့ ခဏတာ ပျော်ပါးဖို့ ပိုက်ဆံပေးထားတဲ့ သူ။ ငါ့ရဲ့ သွေးသားဆန္ဒတွေကို အာသာဖြေဖို့အတွက် ပိုက်ဆံပေးပြီး ငှားရမ်းထားတဲ့ သူ။ ရိုင်းရိုင်းပြောရရင် Offer ပေါ့ကွာ။ မင်းက ဒီလို လူမျိုးရဲ့ ချစ်သူတဲ့လား…”
ကြားနေရသည့် သူ့နားများကိုတောင် သူ မယုံကြည်နိုင်တော့။ Offer တဲ့လား…။ ထိုစကားလုံးသည် အရှိန်အဟုန်ပြင်းသော မြားတစ်စင်းကဲ့သို့ သူ့နားထဲမှတဆင့် နှလုံးသားထိအောင် ထိုးခွင်းဖောက်ထွက်သွားသည်။
“မင်း ပါးစပ်ကို ပိတ်ထားလိုက်စမ်း !!! “
သူ အသိစိတ်ကင်းမဲ့စွာ သွေးရူးသွေးတန်း အော်ဟစ်လိုက်သည်။
“မှိုင်း…မင်းပြောစမ်း။ ဒီလူပြောတာတွေ မဟုတ်ပါဘူးလို့ မင်းပြောစမ်း။ မင်း ငြင်းလိုက်စမ်းပါ မှိုင်းရယ်။ ကျေးဇူးပြုပြီး…မဟုတ်ဘူးလို့…..”
“သူပြောတာ အ မှန် တွေ ပါ ပဲ…”
မှိုင်းပါးစပ်မှ ပစ်ခွင်းလိုက်သည့် မြားတစ်စင်းသည် သူ့နှလုံးသားတည့်တည်သို့ စူးနစ်စိုက်ဝင်သွားသည်။ ဘယ်အချိန်ကတည်းက အိုင်ထွန်းနေမှန်း သတိမပြုမိသည့် မျက်ရည်စများသည် သူ၏ ပါးပြင်များပေါ်သို့ ဝုန်းခနဲ စီးကျလာသည်။ သူ့တစ်ကိုယ်လုံး အရှိန်ပြင်းစွာ တောက်လောင်လျက်ရှိသည်။
“ကဲ…ဒီတစ်ခါတော့ ရှိစေတော့။ ကိုယ်လဲ အာရုံနောက်သွားပြီ။ စိတ်မပါတော့ဘူး”
သူစိမ်းသည် အိပ်ရာထက်က သူ့အဝတ်အစားများကို ယူဝတ်ပြီးနောက် အခန်းထဲမှ ထွက်သွားဖို့ ပြင်သည်။
“ဟေ့လူ…၊ နေဦး။ ခင်ဗျား မှိုင်းကို ရဖို့ ပိုက်ဆံဘယ်လောက်သုံးလိုက်ရလဲ”
သူ့စကားကြောင့် အခန်းဝသို့ ရောက်ခါနီး ထိုလူသည် ချာခနဲ လှည့်ကြည့်သည်။
“သိန်း (၅၀)။ မင်း အံ့ဩသွားမလား မသိပေမယ့် မှိုင်းက နာမည်ကြီး Unplugged အဆိုတော်ပဲကွ။ ဒီလောက်တော့ တန်ပါတယ်”
ကြည့်စမ်း။ စော်ကားလိုက်တာ။ သူ့မျက်နှာ အက်ဆစ်နှင့် အပက်ခံလိုက်ရသလို ရှိန်းခနဲ ပူသွားရသည်။ ထိုလူက တဟားဟားရယ်ကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။
“နေဦး…၊ ဒီမှာ ကိုယ့်လိပ်စာကတ်ယူသွား။ ကိုယ် မင်း သုံးလိုက်ရတဲ့ ပိုက်ဆံရဲ့နှစ်ဆ သိန်းတစ်ရာတိတိ ပြန်လျော်ပေးမယ်။ ကိုယ့်ဖုန်းနံပါတ်ထဲကို မင်းရဲ့ ဘဏ်အကောင့် ပို့ထားလိုက်။ နောက်တစ်ခါ မှိုင်းကို ပတ်သက်ဖို့ လုံးဝ မကြိုးစားပါနဲ့”
သူ့ ပိုက်ဆံအိတ်လေးအတွင်းမှ လိပ်စာကတ်ပြားလေးကို ယူကာ ထိုသူ၏ အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုလူ အခန်းအတွင်းမှ ထွက်သွားတော့မှ သူသည် အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်တော့သည်။
“မင်း ပြောစမ်း…မှိုင်း၊ ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ”
မှိုင်းသည် အသက်မဲ့သူတစ်ဦးလို တစ်နေရာကို ကြောင်အမ်းစွာ စိုက်ကြည့်နေရင်း တိတ်ဆိတ်နေခဲ့သည်။
“ပြောစမ်း !!! မှိုင်း ။ မင်း ဘာလို့ ကြေးစားအလုပ်မျိုး လုပ်ရတာလဲ !!! ပြောစမ်း !!! ဘာဖြစ်လို့ ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေရှာရတာလဲ!!!”
သူ့၏ ဒေါသသံကြောင့် မှိုင်းတစ်ချက် တုန်သွားသည်မှအပ ခံစားချက်မဲ့နေသည့် မျက်နှာသေကြီးနှင့် မှိုင်းသည် အခန်းနံရံကြီးကို အဓိပွာယ်ကင်းမဲ့စွာ စိုက်ကြည့်နေမြဲပင်ဖြစ်၏။
“ပိုက် ဆံ မက် လို့ ပေါ့…”
တစ်လုံးချင်းစီ ရေရွတ်ရင်း တိုးဖွစွာ ပြောလိုက်သည့် မှိုင်း၏ စကားသံအဆုံးတွင် မှိုင်း ပါးပြင်ပေါ်သို့ မျက်ရည်စများ ထိုးဆင်းကျရောက်လာသည်။ သူ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အံကို ခပ်တင်းတင်း ကြိတ်လိုက်သည်။ ဒေါသမီးများ တောက်လောင်နေသည့် မျက်လုံးတစ်စုံဖြင့် မှိုင်းကို စူးရဲစွာ စိုက်ကြည့်လိုက်၏။
“ပိုက်ဆံမက်လို့ ဟုတ်လား…။ အေး…ဒါဆို မင်းရဲ့ ဒီညကို ငါဝယ်မယ်။ မင်း တောင်းတဲ့ တန်ကြေးကို ပေးမယ်”
သူသည် မွေ့ရာပေါ်တွင် ငိုင်စင်းစွာ ထိုင်နေသည့် မှိုင်း၏ ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ တွန်းပစ်လိုက်သည်။ မှိုင်းသည် အရုပ်တစ်ရုပ်လို မွေ့ရာပေါ် လဲကျသွားသည်။
သူ့ကိုယ်ပေါ်က အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး မှိုင်း ပစ်လဲကျနေသည့် အိပ်ရာပေါ် ညင်သာမှုကင်းမဲ့စွာ တက်သွားလိုက်သည်။ မှိုင်း ပတ်ထားသည့် တဘတ်လေးကို သူ ကြမ်းကြမ်းတမ်းတမ်း ဆွဲဖယ်လိုက်သည်။
“မင်းနဲ့ တန်ရာကိုပဲ မင်း ရစေရမယ် မှိုင်း”
မှိုင်း၏ မျက်ဝန်းများ ဖျက်ခနဲ အမှိတ်တွင် မျက်ရည်စလေးများ ကြွေကျဆင်းသက်သွားတော့သည်။
#ခက်ဆစ်
#တိမ်တွေနေတဲ့အရပ်