မိန်းကလေးသူငယ်ချင်းတစ်ဦးကို အချစ်မပါဘဲ လက်ထပ်ဖို့အထိ ကတိပြုခဲ့မိသည့် သူ့ကိုယ်သူ ပထမဆုံး အနေနှင့် ကြီးမားသော နောင်တတရားများစွာနှင့်အတူ ခါးသက်မုန်းတီးမိသည်။ ဇနီးလောင်းတစ်ဦးအပေါ် သစ္စာဖောက်ဖျက်မိသည့် ယောက်ျားတစ်ဦးအတွက် ညီမျှထိုက်တန်သော ပြစ်ဒဏ်သည် ထိုမကောင်းမှုကို ကျုးလွန်မိသည့် မိမိ၏ ယောက်ျားမပီသမှုအပေါ် ခံပြင်းစွာ ယူကျုံးမရဖြစ်မိခြင်းပင် ဖြစ်သည်။
ချစ်သူသက်တမ်း လေးနှစ်တာ၏ သံယောဇဉ် တစ်ခုတည်းနှင့် အိမ်ထောင်တစ်ခုကို ထူထောင်နိုင်လိမ့်မည်ဟု ဘုန်းဗညားမောင် ယူဆမိခဲ့သည်မှာ အချစ်ဆိုသည့်အရာကို လျှော့ပေါ့စွာ လျစ်လျူရှုမိခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ကြောင်း နောက်ကျစွာ သိလိုက်ရလေသည်။
သူ့အပေါ် လိုက်လျောနိုင်စွမ်း အရှိဆုံး၊ နားလည်သည်းခံစွမ်းနိုင်ဆုံး မိန်းမတစ်ဦးအပေါ် သစ္စာဖောက်မိလေခြင်းဟူသည့် ယူကြုံးမရခြင်း ခံစားချက်များသည် ဘုန်းဗညားမောင်၏ နှလုံးသားကို ပွန်းပဲ့ပြတ်ရှစေနိုင်သည့် ကျောက်ဆောင်တစ်ခုလို သူ၏ ရင်တွင်းတစ်နေရာ၌ ခိုင်မာစွာ ဖြစ်တည်လျက်ရှိသည်။
သူ သည်လို လုပ်သင့်ပါရဲ့လား…။ သူ လမ်းမှားနေခဲ့ပြီလား…ဆိုသည့် သံသယများစွာနှင့် လွန်ခဲ့သည့် ခုနစ်ရက်တိတိမှာ သူ ခြောက်ခြားနေခဲ့ရသည်။ ခုနစ်ညတိတိ ထိုအတွေးများစွာနှင့် ယောက်ယက်ခတ်ကာ အိပ်မပျော်နိုင်ဖြစ်ခဲ့ရသည်။
သူမအပေါ်မှာ သူ တရားမျှတမှုရှိပါရဲ့လား…။ ထိုမေးခွန်း၏ အဖြေကို သူ သဲကွဲထင်ရှားစွာသိလိုက်ရချိန်တွင် သူ၏ အတ္တများဖြင့် ဖန်တီးထားသည့် အိပ်မက်တစ်ခုအပေါ် သံသယဝင်မိသည်အထိ မလုံမလဲဖြစ်ရပြန်သည်။
ညှို့ မျက်ဝန်းလေးတစ်စုံ အတွက် လေးနှစ်တာ ပေးဆပ်ခဲ့ရသည့် မိန်းမတစ်ယောက်၏ ချစ်ခြင်းများနှင့် ယောက်ျားတစ်ယောက်၏ ကတိသစ္စာများကို ပေးထိုးလဲလှယ်ဖို့အတွက် စိတ်ကူးမိသည်မှာ ဘုန်းဗညားမောင်၏ ရူးသွပ်မှုတစ်ခုပဲလား။ သူ့၏ တစ်ကိုယ်တော် ရူးသွမ်းမှုအတွက် မိန်းမတစ်ယောက်၏ နှလုံးသားကို ချနင်းခြေမွပစ်ဖို့အထိ သူ ရဲရင့်နိုင်ပါ့မလား။ သူ ရဲရင့်သည်ပဲ ဆိုပါစေဦး။ သူ့လုပ်ရပ်အတွက် သူ လိပ်ပြာသန့်နိုင်ပါမလား။
ထိုကဲ့သို့သော အတွေးများစွာနှင့် တစ်ပတ်တိတိ တွေဝေနေခဲ့ခြင်းမှာ သူမအပေါ် အကောင်းဆုံး သက်ညှာခြင်း တစ်ခုဆိုသည်ကိုသာ သူမ သိသွားခဲ့လျှင် ယောက်ျားတစ်ယောက်အပေါ် လေးနှစ်တိတိ နှစ်မြှုပ်စောင့်ဆိုင်းခဲ့ရသည့် သူမကိုယ်သူမ ယူကျုံးမရဖြစ်နေမည်မှာတော့ သေချာသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။ သို့သော် အချစ်တစ်ခုတည်းကိုသာ ကြည့်၍ ဆင်ခြင်တုံတရား ကင်းမဲ့စွာ၊ (သို့မဟုတ်) မိုက်ရူးရဲဆန်စွာ (သို့မဟုတ်) သူမ အပေါ် သက်ညှာစာနာမှုကင်းမဲ့စွာ သူ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိပါသည်။
သူ့ကို သည်းခံလိုက်လျောနိုင်ဆုံး၊ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ရန် အသင့်တော်ဆုံး မိန်းမတစ်ယောက်ကို ရက်စက်စွာ ထားပစ်ခဲ့ခြင်းအတွက် သူရရှိမည့် အပြစ်ဒဏ်သည် ဘာများ ဖြစ်နိုင်မလဲဆိုသည်ကို သူ သွေးအေးအေးနှင့် ချိန်ထိုးတွက်ဆကြည့်သည်။
သူ၏ နောင်တတရားတွေများလား။ သည်လိုတော့ ဖြစ်လိမ့်မည် မထင်ပါ။ သူ သည်လမ်းကို ရွေးချယ်မိသည့်အတွက် နောင်တတစ်စုံတစ်ရာ ရနိုင်လိမ့်မည် မဟုတ်ဟူ၍ သူ ပြတ်သားခိုင်မာစွာ ယုံကြည်ပါသည်။ ညှို့မျက်ဝန်းပိုင်ရှင်လေးအတွက် ဘဝတစ်ခုလုံးတောင် ပုံအောပြီး ပေးအပ်စွန့်စားဖို့ အသင့်ဖြစ်နေခဲ့သည့် သူ့အတွက်တော့ နောင်တတရားများသည် ထည့်သွင်း တွက်ချက်နေရလောက်အောင် အရေးပါသည့် ကဏ္ဍတစ်ခု မဟုတ်ခဲ့ပါချေ။
ဒါဖြင့် သူ့အတွက် အပြစ်ဒဏ်က မိန်းမတစ်ယောက်၏ ပြင်းထန်ခါးသီးသော အမုန်းတရားလား။ ဖြစ်နိုင်ပါလိမ့်မည်။ သူ့အတွက် ထိုက်တန်သော ရလာဒ်တစ်ခုဖြစ်သည့်အတွက် သူ ကျေနပ်စွာ ခံယူနိုင်ဖို့ ကြိုးစားရပါလိမ့်မည်။ သို့မဟုတ် မိန်းမတစ်ယောက်၏ သဘောထားကြီးစွာ နားလည်ခွင့်လွှတ်ပေးနိုင်မှုများလား။ သည်လိုသာဆိုလျှင် သစ္စာဖောက်ဖျက်မိသည့် သူ့မျက်နှာကိုသူ ဓားနှင့် လှီးချင်မိလောက်အောင် ရှက်ရွံ့သိမ်ငယ်မိမည်မှာ တွေးကြည့်ရန်ပင် မလိုပါ။
နောက်ဆုံးတော့ သူ တစ်ပတ်တိတိ စိုးရိမ်သောကရောက်နေခဲ့ရသည့် နေ့တစ်နေ့၏ ညနေခင်းတစ်ခုသည် သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ သူ၏ သစ္စာဖောက်မိခြင်းကို ဝန်ခံရန်အတွက် အသင့်တော်ဆုံးနေရာအဖြစ် လူစည်ကားသည့် ဟိုတယ်တစ်ခု၏ ကော်ဖီဆိုင်လေးတစ်ဆိုင်ကိုသာ သတ္တိကြောင်စွာဖြင့် သူ ရွေးချယ်လိုက်မိသည်။ ဇနီးလောင်း အမျိုးသမီးတစ်ဦးအပေါ် သစ္စာပျက်ယွင်းမိသည့် အမျိုးသားတစ်ဦးသည် နောက်ထပ် ယောက်ျားမပီသသည့် လုပ်ရပ်များအတွက် ထွေထူးပြီး ခံစားမနေသင့်တော့ပါဟူ၍ သူ မျက်နှာပြောင်စွာနှင့်ပင် ကောက်ချက်ချလိုက်မိသည်။
ဆယ်ထပ်အဆောက်အဦးကြီး ဖြစ်သည့် Hotel Hazel ၏ အပေါ်ဆုံးထပ်တွင် ဖွင့်လှစ်ထားသော Coffee Bar လေး၏ အနောက်ခြမ်းထောင့်က စားပွဲလေးကို သူ ရွေးချယ်လိုက်သည်။ သူတို့ စားပွဲ၏ မျက်နှာမူရာ အခြမ်းသည် မှန်နံရံကြီးတစ်ခုသာ ရှိသည့်အတွက် မန္တလေးမြို့၏ အနောက်ဘက်ခြမ်းတစ်ခွင်ကို အပေါ်စီးမှ နေ၍ လှပစွာ ခံစားကြည့်ရှုနိုင်သည်။ ဘယ်လောက်ပဲ လှပသည့် ရှုမြင်ကွင်းတစ်ခုဖြစ်ပါစေဦးတော့ သူ့အတွက်တော့ သည်အခိုက်အတန့်သည် ခြွင်းချက်တစ်ခုအနေနှင့် လှပနိုင်မည်မဟုတ်ပါ။
“ကို… နေဝင်ချိန်လေးက လှလိုက်တာနော်”
သူ့ဘေးတစ်ဖက်မှာ ထိုင်နေသည့် ချစ်တေးသံစဉ်က မှန်နံရံမှတဆင့် ဖောက်ထွင်းကာ မြင်နေရသည့် မန္တလေးမြို့၏ နေဝင်ချိန်အလှတရားများကို သက်ဝင်လှုပ်ရှားနေသည့် ပန်းချီကားတစ်ချပ်လို ခံစားကြည့်ရှုနေသည်။ မျက်ဝန်းဝိုင်းဝိုင်းလေးများသည် သူမ၏ မျက်နှာပြင်တွင် လှပစွာ ထင်ရှားသည့် အစိတ်အပိုင်းများဖြစ်သည်။ သူမမျက်ဝန်းများကို ငေးကြည့်နေရင်း လွန်ခဲ့သည့် တစ်ပတ်ကျော်ခန့်က ဆုံခဲ့ရသည့် မျက်လုံးညိုလေးများနှင့် နှိုင်းယှဉ်တွက်ဆကြည့်မိသည်။ သူ့အတွက်တော့ ထိုမျက်ဝန်းညိုလေးများသည် သူ့နှလုံးသားကို ပို၍ ဆွဲဆောင်နိုင်သည်ဟု သူမအပေါ် အားနာစွာ သတ်မှတ်လိုက်မိသည်။
“ဟင်… ကို့၊ ကော်ဖီတွေလဲ မသောက်ရသေးပါလား။ ဘာတွေ တွေးနေတာလဲ”
ဟုတ်ပါရဲ့။ သူမ၏ ကော်ဖီခွက်အတွင်းမှာ ကော်ဖီများ ကုန်လုနီးဖြစ်သည့်အထိ သူ့ ကော်ဖီကို လက်နှင့်ပင် မထိရသေးပါ။
“ကိုယ်… သံစဉ့်ကို ပြောစရာရှိတယ်”
သံစဉ် ဟူသည့် အသုံးအနှုန်းကြောင့် ဖြစ်မည်ထင်သည်။ သူမ၏ ပြုံးယောင်သန်းနေသည့် နှုတ်ခမ်းတစ်စုံသည် အမူအရာ ပျက်ယွင်းသွားခဲ့သည်။ ချစ်သူသက်တမ်း (၄)နှစ်တွင် သူ တစ်ခါလေးမှ မနမ်းရှိုက်ခဲ့ဖူးသည့် နှုတ်ခမ်းဖူးဖူးလေးကို သူ ငေးကြည့်နေမိရင်း အဝေးမှ တစ်ကြိမ်တစ်ခါ မြင်တွေ့ရုံလေးနှင့် မြတ်နိုးစွာ စုပ်ယူနမ်းရှိုက်ချင်သည့် ဆန္ဒများဖြစ်ပေါ်စေနိုင်အောင် ဆွဲဆောင်ညှို့ငင်နိုင်စွမ်းသည့် နှုတ်ခမ်းလေးတစ်စုံကို သူမအပေါ် သက်ညှာမှု ကင်းမဲ့စွာ လွမ်းဆွတ်မိပြန်သည်။
“တို့ဘက်ကရော ညားလို့ပဲ ခေါ်ပေးဖို့ လိုမလား”
ချစ်တေးသံစဉ်သည် ခပ်ရွဲ့ရွဲ့ ထိုးနှက်စကားများကို ပြောင်မြောက်လွန်းစွာ ပြောဆိုတတ်သူတစ်ဦး ဖြစ်သည်။ သူမလည်း သူ၏ ပျက်ယွင်းနေသည့် အမူအရာများကို မျက်လုံးလေးများ ဝေ့ကာ ခဏမျှ အကဲခတ်လိုက်ရုံနှင့် သူ့ကို နားလည်နိုင်စွမ်းရှိသူပီပီ ရိပ်စားသိရှိနေနှင့်ပြီးဖြစ်ပါလိမ့်မည်။ သူ စိတ်မသက်မသာဖြစ်စွာ အေးစက်နေသည့် ကော်ဖီခွက်ကို ယူပြီး တစ်ငုံ ငုံ့သောက်လိုက်သည်။ အေးစက်နေ၍လား မသိ။ ကော်ဖီ၏ အရသာသည် အရင်နေ့များကထက် ပိုမို ခါးသက်၍ နေသည်ဟု ထင်သည်။
“ကိုယ့်ကို အခုလောလောဆယ်တော့ မခနဲ့ပါနဲ့လား သံစဉ်။ ကိုယ် သံစဉ်ကို ကြိုတောင်းပန်ပါတယ်”
သူမသည် ဝိုင်းဝန်းလဲ့ရွှန်းသော မျက်ဝန်းနက်နက်များဖြင့် သူ့မျက်လုံးများ၏ အဓိပ္ပါယ်ကို အလောတကြီး ရှာဖွေနေဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ အပြင်ပိုင်းတွင် တည်ငြိမ်ဟန်ဆောင်နေသည့် သူမ မျက်ဝန်းများ၏ အတွင်းဘက်က ယောက်ယက်ခတ်မှုများကိုလည်း သူ ကြိုးစားအားထုတ်စရာ မလိုဘဲ မြင်နေရသည်။
“ကိုယ် တစ်ခါပြောဖူးခဲ့တယ်နော်။ ကိုယ့်ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကို ကိုယ်တစ်ခါမှ နောင်တမရခဲ့ဖူးဘူးလို့။ ဒါပေမယ့် ကိုယ် အဲ့စကားကို ပြန်ပြင်ရမလိုဖြစ်နေပြီ သံစဉ်”
သူ့စကားတစ်ခွန်း၏ အသွားအလာကို သူမ နားလည်ရိပ်စားမိပါရဲ့လား။ သူမ မျက်ဝန်းများ၏ ခံစားချက်များကို သူ ဖတ်ကြည့်ဖို့ ကြိုးစားအားထုတ်လိုက်မိသည်။ သူ့စကား၏ အဓိပ္ပာယ်အတိုင်း သူမသည် တိကျပြတ်သားစွာ နားလည်သိမြင်နိုင်စွမ်း ရှိနေခဲ့သည်ကို သူ သိလိုက်ရချိန်တွင်တော့ သူမကို သူ ပထမဦးဆုံးအနေနှင့် စာနာသနားမိသွားသည်။
“ညားရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တော်တော်များများကို တို့ သိနေခဲ့တာပဲ။ ပထမဆုံးအနေနဲ့ ဆယ်တန်းအောင်ပြီးလို့ မြန်မာပြည်မှာ ကျောင်းဆက်မတတ်ဘဲ နိုင်ငံခြားက တက္ကသိုလ်တစ်ခုခုမှာ စီးပွားရေးစီမံခန့်ခွဲမှု အတတ်ပညာ နဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို ယူဖို့ ညား ဆုံးဖြတ်ခဲ့တာကို သေချာပေါက် နောင်တရမှာမဟုတ်ဘူး”
သူမ မှန်ပါသည်။ ထိုဆုံးဖြတ်ချက်သည် ဘုန်းဗညားမောင်၏ ဘဝတွင် နှစ်ခါပြန် ဆုံးဖြတ်စရာမလိုလောက်အောင် သံသယကင်းစွာ မှန်ကန်ခဲ့သည်ဟု သူ သတ်မှတ်ထားနိုင်ခဲ့သည်။
“ဒုတိယအနေနဲ့ ကျောင်းပြီးလို့ မြန်မာပြည် ပြန်ရောက်လာပြီးတဲ့နောက်ပိုင်း ညား ငယ်ငယ်လေးကထဲက စိတ်ကူးယဉ်ခဲ့တဲ့ Fashion ဆိုင်ကြီးဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း သေချာတယ်..ညား နောင်တရမှာမဟုတ်ဘူး”
သေချာပါသည်။ ထိုဆုံးဖြတ်ချက်ကိုလည်း သူနောင်တရစရာ အကြောင်းတစ်စုံတစ်ရာ မရှိပါ။ ကျောင်းမပြီးခင် တစ်နှစ်ခန့်အလိုကတည်းက မိဘများ (အထူးသဖြင့် ဖေဖေ)၏ ကူညီပံ့ပိုးပေးမှုများနှင့် အကောင်အထည်ဖော်ခဲ့သည့် Parallel Universe ဟု သူ့စိတ်ကြိုက်နာမည်ပေးထားသည့် Fashion ဆိုင်ကြီးသည် အခုဆိုလျှင် အတိုင်းအတာတစ်ခုအထိ အရှိန်ရကာ အောင်မြင်နေခဲ့ပြီး၍ ဖြစ်သည်။
“ဒီတော့ နောက်ဆုံးတစ်ခုပဲ ရှိတော့တယ်။ အဲ့ဒါ ဆယ်တန်းဖြေပြီးကာစ ညား ဩစတေးလျကို ကျောင်းသွားတတ်မယ့်အချိန် ကျောင်းပြီးလို့ ပြန်လာရင် တို့ကို လက်ထပ်ဖို့ ကတိပေးခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ။ ဟုတ်တယ်မလား ညား”
ထိုစဉ်က လေဆိပ်အတွင်းမှာ နိုင်ငံရပ်ခြားကို ထွက်ခွာသွားတော့မည့် ဘုန်းဗညားမောင်ကို မျက်ရည်လေး တရှုံ့ရှုံ့နှင့် လိုက်ပါပို့ဆောင်ခဲ့သည့် ချစ်တေးသံစဉ်ဆိုသည့် ကောင်မလေးတစ်ယောက်ကို သနားဂရုဏာသက်မိသည့် စိတ်ခံစားချက်လေး တစ်ခုတည်းနှင့် ကျောင်းပြီးလို့ ပြန်လာရင် လက်ထပ်မယ် ဆိုသည့် ကတိကို လွယ်လွယ်နှင့် ပေးခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်မိကာ ဆွဲထိုးပစ်ချင်လောက်အောင် မုန်းတီးမိပြန်သည်။ သူငယ်ချင်း သံယောဇဉ်လေးနှင့် အချစ်မပါတဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်လိမ့်မည်ဟု ပေါ့ပျက်စွာ ခံယူဆုံးဖြတ်မိခဲ့သည့် သူ့ ဦးနှောက်ကိုလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။
“အဲ့တုန်းကတော့ ကိုယ် ဘာမှ မတွေးမိခဲ့ဘဲ သံစဉ် မျက်ရည်ကျနေရတဲ့ အဖြစ်ကို နှစ်သိမ့်ပေးချင်တဲ့ စိတ်လေးတစ်ခုထဲနဲ့… ကိုယ် လွယ်လွယ်နဲ့ ကတိပေးခဲ့တယ်။ လက်ထပ်ဖို့ ဆုံးဖြတ်မိခဲ့တယ်”
သူ ထိုစကားကို သူ့ကိုယ်သူ ကာကွယ်ဖို့ ရည်ရွယ်ချက်နှင့် ပြောလိုက်ခြင်း မဟုတ်မှန်း သူ ကျိန်တွယ်ရဲပါသည်။ သူ့စကားကြောင့် ထိရှနာကျင်သွားရသည့် သံစဉ်၏ မျက်နှာလေးကို မြင်မိတော့မှ သူ့စကားကိုသူ နောင်တရမိသည်။
“တိတိကျကျ ပြောရရင် အချစ်မပါဘဲနဲ့ပေါ့…ဟုတ်တယ်မလား ညား”
သံစဉ်၏ စကားသံသည် အရင်ကလို ချိုမြကြည်လင်မှုများ ကင်းမဲ့စွာ ခြောက်သွေ့အက်ကွဲနေသည်။ သူမ မေ့ပျောက်ထားခဲ့သည့် အမှန်တရားတစ်ခုကို သူမကိုယ်တိုင် လက်ခံလိုက်ရချိန်တွင် နာကျင်နေသော နှလုံးသားသည် အပိုင်းပိုင်းအစစ ပေါက်ကွဲလွင့်စင်သွားတော့သည်။
“ကိုယ် တောင်းပန်ပါတယ် သံစဉ်။ ကိုယ် မင်းကို နာကျင်စေဖို့အတွက် မရည်ရွယ်ခဲ့ပါဘူး။ ကိုယ်မင်းအပေါ် သစ္စာပျက်ခဲ့မိပြီ သံစဉ်ရယ်”
“အို… မဟုတ်တာပဲ ညားရယ်။ တို့ နားလည်ပါတယ်။ တို့ဘက်က အစကထဲက တစ်ဖက်သက် ချစ်ခဲ့ရတာမလား။ တို့ကို လေးနှစ်လုံးလုံး သူငယ်ချင်းသံယောဇဉ်လေးတစ်ခုနဲ့ ချစ်သူတစ်ယောက်လို ဂရုစိုက် ကြင်နာပေးခဲ့တာတွေအတွက် တို့ကတောင် ကျေးဇူးတင်ရဦးမယ်…”
ချစ်တေးသံစဉ်၏ နားလည်ပါတယ် ဆိုသည့် စကားတစ်ခွန်းတည်းနှင့် သူ ထိုနေရာမှာတင် လဲသေချင်စိတ် ဖြစ်မိသွားရလောက်အောင် သူ့ကိုယ်သူ ရှက်ရွံ့သွားရသည်။ သူမ၏ သဘောထားကြီးစွာ နားလည်လိုက်လျောမှုသည် သူ၏ သစ္စာဖောက်ဖျက်မိသည့် ပြစ်ဒဏ်ကို ပို၍ ကြီးမားသွားအောင် ပံ့ပိုးလိုက်သလိုပါပင်။
“ဒါပေမယ့်… တို့ သိချင်တာတစ်ခုရှိတယ်။ ညား ချစ်မိသွားတဲ့သူက ဘယ်သူလဲဆိုတာလောက်တော့ တို့ သိခွင့်ရှိတယ်လို့ ယူဆတယ်”
ကြိုတင်တွက်ဆပြီးသား မေးခွန်းတစ်ခု ဖြစ်သော်လည်း တကယ်တမ်း နားနဲ့ဆက်ဆက် ကြားလိုက်ရချိန်မှာတော့ သူ ဟန်ချက်ပျက်ကာ အယောင်ယောင် အမှားမှားဖြစ်ရသည်။
သူ ဘယ်လို ပြောရမှာပါလိမ့်။
သူ ချစ်မိသွားသူဟာ သူချစ်နေသည့် အကြောင်းကိုတောင် မသိသေးတဲ့အကြောင်းကို သူ ဘယ်လို ပြောရမှာပါလိမ့်။ သူ ချစ်မိသွားသူဟာ မိန်းကလေးတစ်ဦး မဟုတ်ဘဲ ယောက်ျားလေးတစ်ဦးသာ ဖြစ်ကြောင်းကို သူ ဘယ်လို မျက်နှာမျိုးနှင့် ပြောပြရမှာပါလိမ့်။
လွန်ခဲ့သည့် ခုနစ်ရက်ခန့်က ခဏတာ တွေ့ဆုံမိရုံလေးနှင့် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားသည့် အညိုရောင် မျက်ဝန်းများ ပိုင်ဆိုင်သည့် ကောင်လေးတစ်ယောက်အကြောင်းကို သူ ဘယ်လို အရှက်မရှိမှုမျိုးနှင့် ပြောရမှာပါလိမ့်။ သို့သော် သည်ပြသနာကို သူကိုယ်တိုင် အစဆွဲထုတ်မိခဲ့ပြီဖြစ်၍ သူ အကောင်းဆုံး ရင်ဆိုင်ရဲရမည်သာ ဖြစ်၏။
“တကယ်တော့ ကိုယ်ချစ်မိတဲ့ သူ ကိုယ်တိုင်က ကိုယ့်ကိုတောင် မသိသေးပါဘူး သံစဉ်။ ကိုယ် တစ်ဖက်သက် ချစ်မိသွားတာပါ”
“ဘုရားရေ…”
သံစဉ်၏ အံ့ဩထိတ်လန့်မှုများကို သူ ကြိုတင်၍ တွက်ဆထားခဲ့ပါသည်။ အံ့အားသင့်စွာ ဝိုင်းစက်ကျယ်ဝန်းသွားသည့် သူမ၏ မျက်ဝန်းလေးများ အတွင်းတွင် သူ့အပေါ် စိတ်မကောင်းဖြစ်ဟန် သနားဂရုဏာသက်သည့် အရိပ်အယောင်များစွာကို သူ ရှက်ရွံ့သိမ်ငယ်စွာ တွေ့လိုက်ရသည်။ သူမ၏ မျက်ဝန်းများကို မလုံလဲစွာ ရှောင်ရှားလိုက်ပြီး သူ့စကားကို ဆက်လိုက်သည်။
“ပြီးတော့… သူနဲ့ကိုယ် ဆုံတွေ့ခွင့်ရတာ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ သံစဉ်။ တစ်ခါပဲ ဆုံရသေးတယ်”
သည်တစ်ခါတော့ သူမ၏ မျက်ဝန်းများသည် ထိခိုက်ကြေကွဲသွားဟန် မှေးဝင်မှိုင်းရီသွားပြန်သည်။ ငယ်သူငယ်ချင်းမဟုတ်သော်လည်း အထက်တန်းတတ်စဉ်ကာလကတည်းက ခင်မင်ရင်းနှီးခဲ့သည့် သူငယ်ချင်း သံယောဇဉ်နှင့် လေးနှစ်တာလုံးလုံး ချစ်သူအဖြစ် လက်တွဲခဲ့သည့် သံယောဇဉ်တို့၏ ထုထည်အတိုင်းအထွာသည် လွန်ခဲ့သည့် တစ်ပတ်ခန့်က တစ်ခါမျှသာ တွေ့ဆုံရသေးသည့် သူတစ်ဦးပေါ် ထားရှိသည့် တစ်ဖက်သက်အချစ်တစ်ခုကိုတောင် အနိုင်ယူ ဖုံးလွှမ်းမပစ်နိုင်သည့် အဖြစ်သည် သူမကို ညှာတာမှုကင်းမဲ့စွာ လှောင်ပြောင်သရော်ကြဟန်တူသည်။
“ပြီးတော့…၊ ပြီးတော့ ကိုယ်ချစ်မိသွားတဲ့သူက မိန်းကလေးတစ်ယောက် မဟုတ်ဘူး သံစဉ်”
“ဘုရားရေ…၊ ဖြစ်မှ ဖြစ်ရလေ ညားရယ်”
သူမ သည်လောက်ပဲ တုံ့ပြန်ခဲ့သည်ကို သူ ကျေးဇူးတင်ရသည်။ သူမ၏ ဗီဇအတိုင်း လှောင်ပြောင်သရော်ဟန် မျက်ဝန်းများနှင့် ထိုးနှက်ဖော်မရတာကို သူ ကျေးဇူးထပ်တင်ပါသည်။ ဝိုင်းစက်ရွှန်းလဲ့နေသော သူမ၏ မျက်ဝန်းများထဲတွင် သူ့အပေါ် စာနာနားလည်ပေးနိုင်စွမ်းသော အရိပ်အယောင်များကို သူ မထင်မှတ်စွာ တွေ့မြင်လိုက်ရသည်။
“သူ့နာမည်က မှိုင်းညှို့ဆွဲငင် တဲ့။ ကိုယ့်သူငယ်ချင်း ခေတ်မင်းဆက်ရဲ့ Bar က ပင်တိုင်အဆိုတော်တစ်ယောက်ပါ”
“မှိုင်း…ညှို့ …ဆွဲ…ငင်…”
သူမက သူ ရွတ်ပြလိုက်သည့် နာမည်တစ်ခုကို တစ်လုံးချင်းစီ ရွတ်ကြည့်နေသည်။ သူမ၏ မျက်ဝန်းများကို သူ မဝံ့မရဲ ရှာဖွေကြည့်မိသည်။ မျက်ရည်စများနှင့် ပြည့်နေသော သူမ၏ မျက်ဝန်းများသည် သူ့ရင်ကို အသွားထက်သည့် ဓားတစ်စင်းနှင့် မွှန်းဆွနေသလို ခံစားရသည်။ သူမ ရင်တွေ အခုလောက်ဆို ရစရာမရှိအောင် ပဲ့ကြွေစုတ်ပြတ်နေရောပေါ့။ သူမကို နှစ်သိမ့်ပေးဖို့ လိုဦးမလား။ သူသည် သူမအပေါ် ရက်စက်စွာ နာကျင်ခံစားစေပြီး တစ်ချိန်တည်းမှာပင် သူမ ဖြေသာနိုင်စွမ်းအောင် ဘယ်လိုစကားမျိုးနှင့် နှစ်သိမ့်ပေးနိုင်မလဲဟု ဆင်ခြေ ဉာဏ်မဲ့စွာ စဉ်းစားနေမိပြန်သည်။
“အင်း… နာမည်နဲ့တင် စိတ်ဝင်စားဖို့တော့ ကောင်းသား ညားရယ်။ ညားရဲ့နှလုံးသားကို အဲ့ကောင်လေးက တစ်ခါထဲနဲ့ ညှို့ယူလိုက်နိုင်တာကိုတော့ တို့ တကယ်စိတ်ဝင်စားတယ်။ တို့ကို ညား မချစ်ခဲ့ရင်တောင် သူငယ်ချင်းသံယောဇဉ်ရယ်၊ ချစ်သူအဖြစ် လက်တွဲခဲ့တဲ့ (၄)နှစ်တာ သံယောဇဉ်နဲ့ ညားကိုယ်တိုင် ပေးခဲ့တဲ့ ကတိတစ်ခုကို ခုနစ်ရက်လောက်အတွင်းမှာ လွယ်လွယ်ကူကူ ပစ်ပယ်နိုင်လောက်အောင် ဘယ်အရာတွေကများ ဆွဲဆောင်လိုက်ပါလိမ့်”
သူမက လက်ကျန်ကော်ဖီများကို မော့သောက်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ခြောက်ခမ်းသွားသည့်အခါ အရိပ်အယောင်တစ်မျိုးဖြင့် ပြောင်းလဲမာကျောသွားသည်ကို သူ သတိထားလိုက်မိသည်။ ပြုံးယောင်ဆောင်နေသည့် နှုတ်ခမ်းများမှာလည်း သတိထားကြည့်လျှင် တင်းမာစွာ စေ့ပိတ်ထားသည်ကို တွေ့မြင်နိုင်သည်။ သူမ အဝေးတစ်နေရာကို ကြည့်နေရင်း အချိန်အကြာကြီး ငြိမ်သက်နေပြန်သည်။
“ဒီမှာ ညား…၊ တစ်ခုတော့ ရှိတာပေါ့။ ညားက တို့ကို မချစ်ခဲ့ပေမယ့် တို့ကတော့ ညားကို တကယ်ချစ်ခဲ့တယ် ဆိုတာ ညား သိမှာပါ။ တို့က ညားကို ခွင့်လွှတ်နားလည်ပေးပေမယ့် တို့ရဲ့ ဖြူစင်တဲ့ အချစ်တွေကတော့ ညားကို ခွင့်လွှတ်ပေးနိုင်ပါ့မလား မသေချာဘူး။ နောက်ပြီး… လောကကြီးဟာ သိပ်ကို ကြောက်ဖို့ကောင်းအောင် မျှတတယ်ဆိုတဲ့ စကားကို တို့တော့ လက်ခံတယ်။ ဒီတော့… နောက်ဆုံးပြောချင်တာက တို့ရဲ့ မှန်ကန်တဲ့ သစ္စာတွေ ညား စူးမယ့်တစ်နေ့ကို တို့ စောင့်နေမယ်။ ဒါဟာ တို့ရဲ့ အစွမ်းကုန် လိုက်လျောပေးနိုင်ဆုံး စကားပဲ ညား”
သူ့ကို လှည့်မကြည့်ဘဲ အရှေ့တည့်တည့်သို့သာ စူးစူးစိုက်စိုက်ကြည့်ရင်း ခြောက်သွေ့မာကျောစွာ ပြောလာသည့် သူမ၏ စကားများသည် လေထဲမှ တဆင့် သူ၏ နားများအတွင်းသို့ အေးစက်စွာ ပီပီသသ သဲသဲကွဲကွဲ ဝင်ရောက်လာခဲ့သည်။ သူမ၏ နူးညံ့မယောင်နှင့် မာကျောသော စကားလုံးများသည် ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာတစ်ခုကဲ့သို့ သူ့ရင်ထဲသို့ စူးနစ်စိမ့်ဝင်သွားလေသည်။
#ခက်ဆစ်
#တိမ်တွေနေတဲ့အရပ်