book

Index 9

မေတ္တာနှင့်စစ်ခင်းမည်

ကျွန်တော်တို့မြို့လေး၌ ကျန်းမာရေးနှင့်ပက်သက်၍ ဟောပြောပွဲလုပ်မည်ဟု သမီးလေးကိုကုသနေသည့်
ဆရာဝန်ကြီး ဒေါက်တာသိန်းထင်က ဆိုလာသောအခါ
အများပြည်သူအတွက် ကျွန်တော် ပီတိဖြစ်မိရပြန်သည်။ သမီးလေးကိုပါ အင်တာဗျူးးမည်ဆိုတော့ ကျွန်တော်အံသြ သွားရပြန်၏။
သိပ်ပြီးနားမလည်သော်လည်း လေးစားရသောဆရာဖြစ်သဖြင့် ကျွန်တော်လက်ခံလိုက်သည်။
" သမီးလေးရဲ့ ကြံကြံခံနိုင်မှု စိတ်ဓာတ်ခွန်အားကို
အရွယ်နဲ့မလိုက်အောင် လေးစားလို့ပါ ဗျာ
သမီးလေးလိုစိတ်ထားမျိုး လူတိုင်းထားသင့်တယ်
အဆိုးအကောင်းမှန်သမျှ ရင်ဆိုင်နိုင်ကြစေချင်တယ်
ကျွန်တော်ကိုယ်တိုင်လေးစားမိတဲ့သမီးလေးမို့ ကျွန်တော်တို့စီစဉ်တဲ့ပွဲမှာ သမီးလေးကိုပါဝင်စေချင်တာပါ "
ကျွန်တော့်အတွက် ဆရာ့စကားများက ချည်ပြီးတုတ်ပြီးနှယ်။ သမီးလေးအတွက် ဂုဏ်ယူမိသည်ကတော့အမှန်။ သမီးလေးအကြောင်းတွေးမိလျှင် ကျွန်တော်ကိုယ်တိုင်ပင် ရင်ထဲနင့်ကျင်စွာ ခံစားနေရတော့သည်။
စိတ်ထားဖြူ စင်နူးညံံ့လွန်းသည့် ကျွန်တော့်သမီးလေးကိုမှ ကံကြမ္မာက ရက်စက်လေခြင်း။ အရွယ်နှင့်မလိုက်အောင် ဝေဒနာကို အပြုံးမပျက်ကြံ့ကြံ့ခိုင်ရင်ဆိုင်တတ်သည့်သမီးလေးကို သနားလွန်းလှလေပြီ။
" သမီးလေးလှလားအစ်ကို "
ဇနီးသည်က လှမ်းမေးမှ ကျွန်တော်အသိဝင်လာကာ ခေါင်းကို သွက်သွက်ညိတ်ပြလိုက်၏။
သမီးလေးကချစ်စဖွယ်ရယ်ပြရင်း ပျော်ရွှင်သွက်လက်နေသည်။ သမီးလေးလက်ကိုဆွဲ၍ ကျွန်တော်တို့ထွက်လာလိုက်၏။ကျွန်တော်တို့ရောက်သည်နှင့် ဆရာက လာရောက်ကြိုဆိုပြီး သမီးလေးကိုခေါ်သွားတော့သည်။ ကျွန်တော့်ရင်ထဲသို့ အမည်မသိသည့်ဝေဒနာတစ်ရပ်က စီးဝင်နေ၏။ ပရိသတ်အားလုံးထိုင်ရာနေရာမှာ ထိုင်၍ အခမ်းနားစမည့်အချိန်အား စောင့်နေလိုက်သည်။
မကြာခင် အခမ်းနားစလေပြီ။
သမီးလေးကို စင်အောက်ကနေ ငေးကြည့်၍ ကျွန်တော်နှင့်ဇနီးသည်ရင်ထဲ ဖော်မပြတတ်သည့် နာကျင်မှုကို ခံစားနေကြရ၏။ ကျွန်တော်တို့အား လက်ကလေးဝှေ့ပြပြီး စတိတ်စင်ပေါ်မှာ ရဲရဲလျှောက်နေသည့် သမီးလေးကို လက်ပြန်ပြရင်း ကျွန်တော်ရယ်ပြလိုက်သည်။
" မင်္ဂလာပါရှင် "
စတိတ်စင်ပေါ်ရောက်သည်နှင့် စတိတ်စင်ပေါ်က လူကြီးမင်းများနှင့် စင်အောက်မှပရိသတ်များအား ခေါင်းလေးငုံ့၍ သမီးလေးက နုတ်ဆက်သည်။ သမီးလေး၏ ပါးဖောင်းဖောင်းများက ရယ်လိုက်လျှင် ချစ်စရာကောင်းလောက်အောင် ပင်ကိုယ်ထက် ပိုဖောင်းအိနေ၏။
စတိတ်စင်ပေါ်တွင် ရှိနေသည့် သမီးလေးကို အင်တာဗျူးမည့် မိန်းကလေးများက သမီးလေးကို စတင်နှုတ်ဆက်သည်။
" မင်္ဂလာပါ သမီးရယ် သမီးနာမည်လေး မိတ်ဆက်ပေးပါလား "
" သမီးနာမည်က. ဆုပြည့်ပါရှင့် "
သမီးလေးကလည်း သွက်သွက်လက်လက် နှုတ်ဆက်၍ ပြန်ဖြေသည်။
" နာမည်လေးက လှလိုက်တာ သမီးလေးက သိပ်ချစ်ဖို့ကောင်းတာပဲနော် "
ထိုမိန်းကလေးများ စကားအဆုံး သမီးကလည်း ပြန်ဖြေသည်။
" မမကလဲလှပါတယ်ရှင့် ဟီး ဟီး "
သွက်လက်ချက်ချာစွာ ရယ်ပြနေသည့် သမီးလေး၏ ပုံစံက အားလုံးကို ပွဲကျစေသည်။ ကျွန်တော်လည်း မျက်ရည်ရစ်ဝဲနေရာမှ လိုက်ရယ်မိ၏။ ဇနီးသည်က ရယ်နေရာမှ အင့်ခနဲ တစ်ချက် ရှိုက်သည်။ ဇနီးသည်လက်ကို တစ်ချက်ညှစ်ရင်း ဆုပ်ကိုင်အားပေးလိုက်၏။
" သမီးလေးက ဘယ်မြို့ကလာလဲရှင့် "
" သမီးက ရှမ်းပြည်နယ်က လာတာပါရှင် "
" ဟယ် မမတို့မြို့နဲ့ နီးတာပေါ့ "
" ဘယ်မှာနီးလို့လဲ အဝေးကြီးကို မမကလဲ "
ရယ်ရင်းပြောနေသည့် သမီးကလေး ပုံစံက အားလုံးကို ပွဲကျသွားစေပြန်သည်။ သမီးလေးက အရွယ်နှင့်မလိုက်အောင် သွက်လက်ချက်ချာလွန်း၏။
" သမီးလေးက ချစ်ဖို့ကောင်းလိုက်တာ မမတို့ကို ဘာလုပ်ပြချင်လဲ အမှတ်တရ တစ်ခုခုလောက် "
" သီချင်းဆိုပြမယ် "
" ဟယ် တကယ် "
" တကယ်ပါ "
" ဘာသီချင်းဆိုမလဲ သမီးလေး "
" ဖြူဖြူကျော်သိန်းရဲ့ အတွင်းကြေ "
" ဟယ်တော်လိုက်တာ မမတို့တောင် မဆိုတတ်ဘူး"
စတိတ်စင်ပေါ်မှမိန်းကလေးက သမီးလေးကိုလက်ဆွဲ၍ စတိတ်စင်အနောက်ဘက်ထဲ ၀င်သွားသည်။ ပြန်ထွက်လာသောအခါ ခေါင်းပေါ်၌ ဆံပင်ရှည်အတုကြီး
အုပ်ထားသည့်သမီးက သီချင်းကိုမာန်ပါပါနှင့်ဆိုပြတော့သည်။ သီချင်းဆိုရင်း ဂိုက်ပေးကြမ်းသဖြင့် ခေါင်းပေါ်မှ ဆံပင်တုကြီးက လျှောကျသွားတော့၏။ ဆံပင်ရှည်အတုကြီး လျှောကျသွားသောအခါပါးလေးနှစ်ဖက်ပေါ် လက်ကလေးတင်၍
" လျှောကျသွားပြီခစ်ခစ်"
ဟု ရယ်ရင်း ဆိုသည်။
" ဟယ် ဟား ဟား သမီးလေးက လည်တာအေ "
" ခစ် ခစ် "
သမီးလေးပုံစံကြည့်၍ အားလုံးကြည်နူးစွာရယ်မောကြသည်။ စတိတ်စင်ပေါ်မှ သမီးလေးကို အမေးအဖြေလုပ်သည့် ညီမငယ်များက ဆက်မေး၏။
" သမီးလေး ဆုပြည့်က ဒီလောက်ချစ်ဖို့ကောင်းပြီး
ဒီလောက်လည်တာ ကျောင်းမတတ်ဘူးလား "
" မတက်ဘူး, "
" သမီးက ဖုန်းတွေဘာတွေကော သုံးတတ်ပြီလား "
" ဖုန်းမသုံးပါဘူး ဖုန်းသုံးရင် သမီးမျက်စိကန်းသွားမှာပေါ့ ဒီလိုလေး "
ပြောပြောဆိုဆို မျက်လုံးလေးနှစ်ဖက်ကို မှေးစင်း၍ မမြင်ယောင်ပြုနေပုံက အရမ်းချစ်စရာကောင်းပြီး အားလုံးကို ရယ်မောစေပြန်သည်။
" ကျောင်းကောမသွားချင်ဘူးလား ကျောင်းမှာဆို ဆော့ဖို့ စကားပြောဖို့ သူငယ်ချင်းရမယ်လေ "
" သမီးက ကျောင်းတက်လို့ မရဘူး ရောဂါရှိတယ်လေမမရဲ့ "
သမီးလေးဖြေသံက ကျွန်တော့်ရင်ကိုနင့်စူးသွားစေသည်။
" ဟယ် သမီးလေးကလဲ ကျောင်းတက်မှပျော်စရာကောင်းတာကို "
" သမီးမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါရှိတယ် သိချင်ရင် မမကိုပြောပြမယ် "
သမီးလေးစကားကြောင့် သမီးကိုမေးခွန်းလုပ်နေသည့် စတိတ်စင်ပေါ်မှ မိန်းကလေးများ အံ့သြငြိမ်သက်သွားကြသည်။
" အင်း ဆိုပါဦးသမီးရယ် "
ဟု မေးခွန်းမေးသူအချို့၏ အသံလေးများပါ အဖျားခတ်တုန်ရင်သွားကြ၏။ ကျွန်တော့်ရင်မှာလည်း ဆို့နင့်လှိုက်တုန်လာရသည်။
" သမီးဆီမှာ ကျောက်ကပ်ရောဂါရှိတယ်မမရဲ့ "
" ဟင် ဟုတ်လား ရောဂါရှိတာတောင် သမီးလေးက
ပြုံးပျော်နေတာပဲ မကြောက်ဘူးလား "
ထိုမေးခွန်းမေးလိုက်သည့် မိန်းကလေးကို သမီးလေးက တည်တည်ငြိမ်ငြိမ်ပြန်ဖြေသည်။
" ကြောက်တာပေါ့မမရယ် သမီးလည်းငိုချင်တာပေါ့
ငိုမရဘူးလေ. မျက်ရည်ကထွက်မရဘူး"
မျက်နှာကို လက်ကလေးအုပ်ပြီး ငိုသည့်ဟန်နှင့်ပြောသောအခါ အစောကရယ်မော ပြောနေသည့် စင်ပေါ်ကမိန်းကလေးများပါ မျက်ရည်များ စီးကျလာကြသည်။ သမီးလေးက သူတို့ကိုကြည့်၍
" မမတို့ မငိုနဲ့. ဟိုးမှာ သမီးဖေဖေတောင်မငိုဘူး
ဖေဖေနဲ့မေမေကို မငိုရဘူးပြောထားတာ ပျော်ပျော်နေရမယ်လို့ မမတို့လည်းမငိုနဲ့ "
ဟု ပြောသည်။ သမီးလေးအပြောကိုနားထောင်ပြီး စင်ပေါ်မှမိန်းကလေးများ ၊ မျက်ရည်ကြားက ရယ်အောင်ကြိုးစားကြသည်။
" အင်း ဟုတ်ပါပြီ မငိုဘူးကွာ နော် သမီးကို
တစ်ခုမေးမယ် သမီးအခုနေ ဘာစားချင်လဲကွာ "
" သမီး စားချင်တာလား ဟီး အသားအရမ်းစားချင်တယ် "
" သမီးမှာ ရည်ရွယ်ချက်တို့ အိပ်မက်တို့မရှိဘူးလား "
" ရှိတာပေါ့ သမီးက သူနာပြု ဖြစ်ချင်တယ် "
" သမီးက ဘာလို့ သူနာပြုဖြစ်ချင်တာလဲ "
" သမီးကိုဆေးထိုးတဲ့ဆရာမတွေကို ဆေးပြန်ထိုးချင်လို့. သူတို့ဆေးထိုးရင်သိပ်နာတယ် သမီးသွေးကို ဆေးထိုးအပ်နဲ့ခဏခဏဆွဲထုတ်တာ "
သနားစဖွယ်ပြောပြနေသည့် သမီးလေးပုံစံကြည့်၍ ကျွန်တော့်ဘေးမှ သမီးမေမေ ဇနီးသည်က တအိအိရှိုက်ငိုနေတော့သည်။ ကျွန်တော့ရင်ဘတ်တစ်နေရာမှ စူးခနဲစူးခနဲ ထိုးပြီး နင့်ကျင်စွာခံစားနေရသည့် ဝေဒနာက အဖြေရှာရခက်စေ၏။
" သမီးကို မမတို့က အမှတ်တရ လက်ဆောင်ပေးမယ် ဘာလဲသိချင်လားသမီးလေး "
" ဟုတ်ကဲ့ ဘာလဲဟင် "
သမီးလေးနှင့်အတူ ကျွန်တော်တို့လည်းစိတ်ဝင်စားသွား၏။ မကြာမီပင် တွန်းလှည်းငယ်တစ်ခုနှင့် တင်ဆောင်လာကြသည်ကို ကြည့်၍ ကျွန်တော် အံ့သြသွားသလို ၊ သမီးလေးကလည်း ထိုအရာများကြည့်ရင်း မျက်ရည်များ ပေါက်ပေါက်ကျလာကာ ရှိက်ရှိုက်ငိုတော့သည်။ သမီးလေးငိုနေသည်ကို ကြည့်ရင်း ပရိသတ်များနှင့်အတူ ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံးပါ မျက်ရည်များစီးကျလာသည်။ သမီးလေးရောဂါနှင့်မတည့်သဖြင့် အသားဆိုလျှင် ကျွန်တော်မ‌ေကျွးခဲ့ပါ။ သမီးစိတ်ထဲ ဘယ်လောက်စားချင်နေမည်လဲဆိုသည်ကိုကျွန်တော်သိသော်လည်း မသိချင်ယောင်ဆောင်နေခဲ့ရပါသည်။
" သမီးလေးက ဘာလို့ငိုရတာလဲဟင် အရမ်းခံရခက်တဲ့ဝေဒနာဆိုးကိုတောင် အပြုံးအရယ်မပျက် ခံနိုင်ခဲ့ပြီး ခုသမီးလေးစားချင်တဲ့သမီးလေးအကြိုက်အသားတွေကိုကျွေးတာ ပျော်စရာမဟုတ်ဘူးလား အားရပါးရ စိတ်ကြိုက်စားလေ သမီး"
" ဟင့်အင်း သမီးမစားချင်ဘူး မမ"
" သမီးလေးအရမ်းစားချင်တယ်ဆို ခုဘာလို့မစားချင်ရပြန်တာလဲ "
" ဖေဖေနဲ့မေမေက သမီးကို အသားမစားရဘူးတဲ့
အသား မကျွေးဘူးလေ "
သမီးလေးစကားအဆုံး အားလုံး မျက်ရည်မဆည်နိုင်ကြတော့ပါ။ ကျွန်တော့်ရင်တွင်းတစ်နေရာ၌လည်း နာကျင်လွန်းလှပေပြီ။ သမီးလေးသည် အသက်လေးနှစ်ကျော်ကျော် သာရှိသေး၏။ နှစ်နှစ်ကျော်အရွယ်ကပင် ကျောက်ကပ်ဝေဒနာအား အပြင်းအထန်ခံစားလာရသည်။ အသက်အရွယ်ငယ်သော်လည်း မိဘကို စိတ်မညစ်စေတတ်သူပင်။ ယခု သမီးလေး၏ ရင်တွင်းတစ်နေရာမှ ဝေဒနာအစိုင်အခဲအချို့အား သိခွင့်ရသောအခါ ကျွန်တော်ဖြေမဆည်နိုင်စွာ ခံစားရလေ၏။ မိဘတစ်ယောက်၏ တာဝန်ဝတ္တရားများကို အစွမ်းကုန် ဖြည့်ဆည်းနိုင်အောင် ကြိုးစားခဲ့သော်လည်း သမီးလေး၏ စိတ်ဒဏ်ရာအား ကျွန်တော်ကုနိုင်မည်မထင်။ အင်မတန်လိမ္မာပြီး သူ့ရင်တွင်းတစ်နေရာမှ ဝေဒနာများအား မိဘများမသိအောင် သိမ်းဆည်းထားတတ်သည်မှာ အင်မတန်သနားစရာကောင်းလှလေသည်။
လိုတာထက် ပိုဖောင်းနေသော သမီးပါးဖောင်းဖောင်းလေးကို ကျွန်တော်ချစ်စဖွယ်နမ်းတိုင်း သမီးလေးပြောတတ်သည်က
" ဖေဖေ သမီးပါးတွေက ရောဂါသာမရှိရင် သိပ်ချစ်ဖို့ကောင်းမှာပဲနော် "
တဲ့.။
" ဒါပေါ့သမီးရယ် ဒါပေမယ့် ခုလည်းဖေဖေ့သမီးကအလှဆုံး "
ပြောပြောဆိုဆို ကျွန်တော်နမ်းလိုက်လျှင် သမီးလေးသည် အပြစ်ကင်းစွာ ရယ်မောနေတတ်ပြန်သည်။ ထိုအချိန်မှာပဲ သမီးလေးကို ကုသပေးနေသည့် ဒေါက်တာသိန်းထင်က စင်မြင့်ထက် တက်လာပြီး သမီးလေးကို ညွှန်ပြ၍ ဆက်ပြောသည်။
" ကျွန်တော် ဒီသမီးလေးကို စတွေ့တော့ သူ့ရောဂါကို ကုပေးရင်း အင်မတန်မှ အံ့သြရပါတယ် အသက်လေးနှစ်ကျော်အရွယ်နဲ့ ရောဂါရဲ့ ဆိုးကျိုးကို တော်တော်လေးကို အပြုံးမပျက် ခံနိုင်တာ ကျွန်တော့်ဘဝမှာမမြင်ဖူးပါဘူး များသောအားဖြင့် ရောဂါရှိပြီဆိုတာသိတဲ့ လူတော်တော်များဟာ အသက်အရွယ်ဘယ်လောက်ကြီးကြီး စိတ်ဓာတ်ထိုးကျသွားတတ်ကြပါတယ် ဒီကလေးကျတော့ သူ့ဝေဒနာကိုသိရက်နဲ့ စိတ်ဓာတ်ကြံ့ခိုင်တာ ကျွန်တော်အံသြလောက်အောင် ချီးကျူးးမိရပါတယ် "
စတိတ်စင်ပေါ်က သမီးလေးကိုကုပေးနသည့် ဆရာဝန်ကြီး၏ ကျန်းမာရေးပညာပေး ဟောပြောချက်များကို နားထောင်နေရင်း အဖေတစ်ယောက်၏သောကကို မနည်း မျိုသိပ်နေရသည်။ ကျန်းမာရေးအခြေနေ ဆိုးရွားပြီး ကုထုံးကုနည်းများ ကုန်ဆုံးမတတ် ဖြစ်နေသည်ကိုတော့ ဆရာဝန်ကြီးကထည့်မပြောသလို ၊ ကျွန်တော်လည်းမကြားချင်ပါ။ သမီးလေး၏အသက်အားဆွဲဆန့်လို့ရလျှင် ရသလောက်ကြိုးစားဆွဲဆန့်နေမိချင်သည်။ သမီးလေးအသက်အား ပြန်သာရမည်ဆိုပါက
ဘယ်အရာနှင့်ပေးဆပ်ရ ပေးဆပ်ရ ကျွန်တော့်အတွက် အသင့်ရှိနေသည်။
" ဖေဖေ "
ခေါ်သံနှင့်အတူ ကျွန်တော့်ပါးကို ရွှတ်ခနဲ နမ်းလိုက်သည့် သမီးလေးအနမ်းကြောင့် ကျွန်တော်၏နစ်မြောနေသောစိတ်များ ပြန်လည်စုစည်းမိသွားသည်။ ကျန်းမာရေး ဟောပြောမှု့များပြီးဆုံးသွားသလို ၊ သမီးလေးအတွက် လက်ဆောင်များကလည်းတပွေ့တပိုက်။
ကျွန်တော့်နုတ်ခမ်းမှ အပြုံးပွင့်များက. သမီးလေးကိုမြင်လိုက်သည်နှင့် အလိုလိုပြန်လည်ဖူးပွင့်လာကြသည်။
ကျွန်တော်သည် သမီးအတွက် ခံတပ်နှင့်လည်းဆင်၏။ အရာရာဖန်ဆင်းနိုင်သော တန်ခိုးရှင်အဖြစ်လည်း
ခံယူမိသည်။ ကျွန်တော့် သမီးလေးကို လာရောက်လုချင်နေသော သေမင်းအား ဘယ်တော့မှအလျှော့ပေးမည်မဟုတ်။ အရှုံးပေးမည်မဟုတ်။ ကျွန်တော့်အသက်ခန္ဓာတည်နေသ၍ ဆက်လက် စစ်ခင်းနေမိမှာ အသေအချာပါပင်။ သမီးလေးကို ကျွန်တော်သိပ်ချစ်သည်။

ဆုပြည့်၀

(ဝန်ခံချက်။ ။ ဖြစ်ရပ်မှန် တရုတ်ပြည်က ဗွီဒီယိုဖိုင်လေးကြည့်မိ‌ေတာ့ အဲဒီနေ့က အဲဒီထဲကသမီးလေးကို ကြည့်ပြီးမျက်ရည်ကျရတယ်။ ဒါကြောင့်သူ့နေရာလေးကို ဝင်ခံစားပြီးရေးထားတဲ့စာမူလေးပေါ့။ ကလေးသာရှိသေးပေမယ့် အရွယ်နဲ့မလိုက်အောင် စိတ်ဓာတ်ကြံ့ခိုင်ပါတယ်။ ဆုရဲ့စာချစ်သူတွေလည်း ဒီကလေးလေးလို ရောဂါဖြစ်လာရင် စိတ်ဓာတ်ကြံ့ခိုင်နိုင်ကြပါစေ။)


rate now: