" ဘုန်း ဘုန်း "
အသားတွေ တစ်ဆတ်ဆတ်တုန်ရင်နေပြီး ကျွန်မကုန်းအော်လိုက်သည်။ ဒေါသကြောင့် ခြေကုန်လက်ပမ်းကျလာသလိုဖြစ်ပြီး ဘယ်ဘတ်ရင်ညွန့်က ထိုးထိုးအောင့်လာ၏။
ကျွန်မရှေ့တွင်ပုံ၍ ခွေကျနေသော သူ့ကိုကြည့်ပြီး ကျွန်မပါးပြင်ပေါ်သို့ အဆတ်မပြတ်ကျလာသည့် မျက်ရည်တွေက တားမရ ဆီးမရ။ ကျွန်မတို့အိမ်မှ ဆူညံပွက်သံကြောင့် ပတ်ဝန်းကျင်မှ လူများ ရောက်လာကြသည်။
" ဟယ် တာရာ ဘယ်လိုဖြစ်ကြတာလဲဟင် "
" တာရာ နင့်ေယာက်ျား သတိလစ်နေပါလား ခေါင်းမှာလည်း သွေးတွေနဲ့ "
ပတ်ဝန်းကျင်မှလူများပြာတာကို ကျွန်မမကြားတော့ ။ ကျွန်မရင်တစ်ခုလုံး လစ်ဟာသွားသည်သာ သိလိုက်သည်။
ကျွန်မကိုခေါ်ရင်း ပြေးပွေ့လာသော မေမေ့ရင်ခွင်ထဲဝင်၍
တင်းထားသမျှ စိတ်ကိုဖြေလျှော့လိုက်သည်။ အားကိုးတကြီးဖက်တွယ်ထားပြီး ရှိုက်ကြီးတငင် ငိုချလိုက်၏။
" ဒီအတိုင်းထားရင် သေသွားလိမ့်မယ် မမနွယ်
လူနာကိုဆေးရုံပို့ကြရအောင် "
"ရွာမှာတင်ကုမရဘူးလား ဆေးရုံပို့ရင် ကျွန်မသမီးလေးတစ်ခုခုဖြစ်မှာစိုးရတယ် "
" လူနာက သတိကိုမရဘူး မခင်နွယ် ခေါင်းကိုထိထားတာ သွေးထွက်လွန်ပြီး တစ်ခုခုဖြစ်သွားရင် နင့်သမီးပိုဒုက္ခရောက်လိမ့်မယ်"
ရပ်ကွက်လူကြီး ပြောသည်ကို နားထောင်ပြီး ကျွန်မမေမေက ခေါင်းညိတ်ပြလိုက်၏။ ကျွန်မက အားလုံးကို အသက်ကင်းမဲ့သော မျက်ဝန်းများနှင့်သာ ငေးကြည့်နေမိတော့သည်။ အရာအားလုံးက ကျွန်မနှင့်မသက်ဆိုင်သည့်အလားကြောင်၍ကြည့်နေမိ၏။ ရွာထဲမှ သူများ၏ အကူညီဖြင့် သူ့အားဆေးရုံတင်လိုက်ကြသည်။ မေမေက ကျွန်မကို သူ့အိမ်သို့ပြန်ခေါ်သွားလေ၏။ နာရီဝက်လောက်ကြာသောအခါ ရဲများရောက်လာပြီး ကျွန်မကို ခေါ်ဆောင်သွားသည်။
" သမီး လေး ဖြစ်ရလေ အေ ဟင့် ဟင့် "
မေမေ့ငိုသံကြားရသောအခါ ကျွန်မရင်သည်နင့်မောသွား၏။
တာဝန်ရှိရဲများ ခေါ်ဆောင်ရာ လိုက်လာသောကျွန်မသည်
ယခုအခါ ကြောက်ရွံ့ခြင်းများ ကင်းသွားလေ၏။ စခန်းသို့ ရောက်သောအခါ အမျိုးသမီးထားသော အခန်းတွင်းသို့ ကျွန်မကို ထားကြသည်။ ကျွန်မကြားဖူးသည်က
အချုပ်ခန်းထဲဝင်လျှင် အထဲအရင်ရောက်သူက ပုံစံပေးတန်းစီခိုင်း၍ ရိုက်နှက်သည်ဟုကြားဖူးထားသော်လည်း
ယခုအခါတွင် ကျွန်မကို မည်သူမှမနှိက်စက်ကြသလို လူဆိုသည့်အရိပ်အယောင်ပင်မတွေ့။ အခန်းထဲဝေ့ကြည့်မိလိုက်သည်။ မီးမှိန်မှိန်၏ အလင်းက အခန်းတစ်ခုလုံးအား အလင်းပေးထားလေပြီး နံရံတွေက ပိတ်ပိတ်ထုပ်နေသလိုထင်ရသည်။ အေးစိမ့်သောအတွေ့က ရှမ်းပြည်၏ ရသကိုအပြည့်ဖေါ်ဆောင်ထား၏။ ကျွန်မကို
ရဲစခန်းမှလာခေါ်သည်နှင့် မေမေက စောင်နှင့်အနွေးထည် ထည့်ပေးလိုက်သည်။ ယခု မေမေထည့်ပေးသောစောင်လေးက အသုံးဝင်လေပြီ။ ကျွန်မပင်ပန်းနွမ်းလျလွန်းသဖြင့် အချုပ်ခန်းကြမ်းပြင်တွင် ပါလာသောအနွေးထည်လေးအား ခေါင်းခု၍ လဲလျောင်းလိုက်သည်။ မှန်းချေဆယ့်နှစ်ပေ ပတ်လည်ရှိသော အချုပ်ခန်းက ထိုက်သင့်သလောက်ကျယ်ဝန်းသော်လည်း အလုံပိတ်အား ကြောက်ရွံ့သောကျွန်မအတွက် အခန်းသည်မွန်းကြပ်ကာ အသက်ရှူ ကြပ်စေသည်။ တစ်ခါမှမရောက်ဘူးသော အခန်းတစ်ခုအတွင်း တစ်ယောက်ထဲရှိနေသော ကျွန်မသည် သာမန်အချိန်ဆိုလျှင် ခံနိုင်ရည်ရှိရန်မလွယ်။ သေမိန့်သာ ရှိချင်သော ကျွန်မအား ထိုအချုပ်ခန်းက လှောင်ပြောင်နေကြလေပြီ။ အားငယ်စိုးထိတ်စိတ်သည် ကျွန်မရင်သို့ တစ်ဖြည်းဖြည်းဝင်ရောက်လာလေ၏။
ညဉ့်နက်လာသောအခါ လမ်းမရှိခွေးများက အသံကုန်ဆွဲ၍ အူသဖြင့် ရဲစခန်းအတွင်းရှိ ခွေးများကလည်း သံရှည်စွဲ၍ အပြိုင်အူကြတော့သည်။ ထိုအသံတွေသည် အိပ်မပျော်သော ကျွန်မမျက်ဝန်းများအား စုံမှိတ်ထားစေတော့၏။
******************
မနေ့က ထူပူနေသော စိတ်ကြောင့် ထမင်းပင်မစားခဲ့။ ဆာလည်းမဆာသလို စားရန်လည်းသတိမရ။ လူသည်သေလူလိုဖြစ်နေခဲ့သည်မှာ ကျွန်မဘာသာအသိဆုံးပင်။ မိုးကား လင်းခဲ့လေပြီ။ နေခြည်အလင်းရောင်တို့က အခန်းထဲ တစ်စွန်းတစ်စ တိုးဝင်လာကြ၏။ နေရောင်ခြည်မရသဖြင့် အချုပ်ခန်းအတွင်း အအေးဓာတ်တို့က ထူးထူးခြားခြား ပိုကဲနေသည်။ ယခုမှ ဗိုက်ထဲက ကျုတ်ကျုတ်နှင့် မြည်လာသလိုပင်။ အိမ်ကိုမျှော်သော်လည်း အရိပ်အယောင်မမြင်ရ။ ရုတ်တရက်လာရမလွယ်ကူသော မေမေ့အဖြစ်ကို ကျွန်မအသိဆုံးပင်။ ထိုအချိန်တွင်
ကျွန်မနာမည် ခေါ်လိုက်သဖြင့် ကျွန်မပြန်ထူးလိုက်သည်။
အမှု့စစ်အရာရှိဖြစ်ဟန်တူသူက ကျွန်မကိုစစ်ချက်ယူလေတော့၏။ ကျွန်မကို ဖြစ်ပျက်ပုံအစအဆုံး မေးသည်။ ကျွန်မကိုမေးလိုက် ၊ ကျွန်မကဖြေလိုက်နှင့် ထိုနေ့က အချိန်တွေကုန်သွားသည်။ ကျွန်မစကားအဆုံး အမှု့စစ်ထံမှ သက်ပြင်းချသံအား ကြားလိုက်ရ၏။
ကျွန်မကိုအချုပ်ခန်းထဲပြန်ထည့်ထားရင်း ကျွန်မစားဖို့ ထမင်းထုပ်ဝယ်ပေးသည်။ ယခင်ကဆိုလျှင် ငြင်းဆန်မိမည်ဖြစ်သော်လည်း ယခုဆာလောင်မှု့ဒဏ်အား မလွန်ဆန်နိုင်တော့သဖြင့် လက်ခံလိုက်မိသည်။ ဆာလောင်သောစိတ်ကိုဖြေဖျောက်ရန် ထမင်းထုပ်ကို ခပ်မြန်မြန်ဖွင့်ဖေါက်၍ စားလိုက်စဉ် ဝမ်းနည်းလာသဖြင့် ပါးပြင်ပေါ်သို့မျက်ရည်ပူများ စီးဆင်းကျလာလေတော့၏။
ထိမ်းချုပ်ထားသောစိတ်ကို ဖွင့်ထုတ်ပစ်ရင်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။ ရှိုက်သံနှင့်အတူ ကျွန်မ၏ စိတ်အစဉ်က အတိတ်ဆီသို့တရွေ့ရွေ့။
" ကိုကို ဒါက ကိုကို့အကြိုက် ကြက်သားဟင်း
ဒါကတော့ သရက်ချဉ်သုတ် ဒါကငံပြာရည်ချက် "
ခင်ပွန်းသည်ပန်းကန်ထဲ ကြက်သားဖတ်များ ဦးဆယ်ထည့်ပေး၍ ကျွန်မဆိုလိုက်သည်။ ကျွန်မ၏ခင်ပွန်းသည် ကြက်သားဆိုလျှင် စီပီကြက်မစား။ ဗမာကြက်ခေါ်၍ အိမ်တွင်မွေးသော အိမ်ကြက်သာစားသဖြင့် ရွာထဲက ဝယ်၍ ချက်ရခြင်းပင်။ ထမင်းစားပြီးသွားသော ခင်ပွန်းသည်အား
" ကိုကို ဒီနေ့ခြံထဲသွားပါလား ဒီနေ့လိမ္မော်ပင်တွေ ဆေးဖြန်းဖို့လိုနေတယ် ပျဖြူ ရော ပင့်ကူနီရောကျနေတာ လူငှါးထည့်ပေးလိုက်မယ် ကြာရင် တစ်ခြံလုံးကုန်လိမ့်မယ် "
ဟုဆိုလိုက်သည်။ ကျွန်မကသာ အားတက်သရောပြောနေသော်လည်း ကိုကိုကတော့အင်းမလုပ် ၊ အဲမလုပ်။ အိမ်ထောင့်တာဝန်မကျေပွန်သော်လည်း ယူမိသည့်ခင်ပွန်းဖြစ်သဖြင့် သည်းခံရင်း နေလာခဲ့သည်မှာ နှစ်ပင်မနည်း။ သက်ပြင်းသာကြိတ်ရှိုက်မိသည်။ ခြံထဲသွားမည့်အလုပ်သမားများရောက်ရှိလာသဖြင့် သေချာမှာပြီး လိုအပ်တာတွေ ထည့်ပေးလိုက်၏။
" မိန်းမရေ ငါရွာထဲခဏသွားပြီ"
ပြောပြောဆိုဆိုထွက်သွားသောခင်ပွန်းသည်နောက်ကျောကိုငေးကြည့်မိရုံမှလွဲ၍ မတတ်နိုင်။ အချိန်တန် အိမ်ပြန်လာပြီးလျှင် မည်သို့ပြသနာရှာမလဲသာတွေးပူနေမိတော့သည်။
" တာရာရေ ကြက်ဥရှိလား ငါးရာဖိုးလောက် "
" ညည်းယောက်ျားနဲ့လမ်းမှာတွေ့လိုက်တယ် အပြင်သွားပြီနေမှာ"
" ဟုတ်မမငယ်ရေ ထုံးစံအတိုင်းပေါ့"
စျေးလာဝယ်သူများကို ဟန်မပြတ်ဖြေလိုက်သည်။ အားလုံးက ကိုကို့ အကြောင်းသိနေပြီးသားပင် ဖြစ်သဖြင့် ကျွန်မအပေါ်ဂရုဏာသက်စွာ ဆိုကြသည်။
" တာရာရယ် ကိုယ်ကလဲရှာကျွေးရသေးတယ်
အနှိက်စက်လည်းခံရသေးတယ် ညည်းကိုကျုပ်တို့ အံ့သြမိပါရဲ့အေ ဒီလောက်ထိ သည်းခံနိုင်လိုက်တာ "
ကျွန်မပြုံးပြလိုက်ပါသည်။ အချစ်နှင့်တည်ဆောက်ကြသော အိမ်ထောင်ရေးဖြစ်သဖြင့် ဆိုးမှန်းသိသော်လည်း ခွင့်လွှတ်မိရပြန်သည်။
" အမလေး အစ်မရယ် ဒီထက် သည်းခံတာ အစ်မမှမသိတာ "
အမှတ်မထင် ကြားလိုက်ရသည့်အသံကြောင့် ကျွန်မလှည့်ကြည့်သောအခါ ကျွန်မ၏ အချစ်ဆုံးသူငယ်ချင်း သက်သက်ဝေကို တွေ့လိုက်ရသည်။
" ဟယ် သက်သက် နင်ဘယ်တုန်းက ရောက်လဲ
ခုဘယ်မှာတည်းလဲ "
" ငါ့အဒေါ်အိမ်မှာလေ ရောက်ကထဲက နင့်အကြောင်း
ကြားရတာ ငါစိတ်မချမ်းသာဘူး တွယ်တာရယ် "
" ဘဝပေါ့ဟာ ကိုယ်ဖန်တီးတဲ့အရာကို ဆိုးဆိုးကောင်းကောင်း ကိုယ်ကပဲလက်ခံယူရမှာလေ သူဆိုးပေမယ့် ငါ့အပေါ်မဖောက်ပြန်သေးဘူးသက်သက် ငါ့အိမ်ထောင်ရေးကို သာယာအောင်တော့ကြိုးစားတည်ဆောက်ရမှာပေါ့"
ကျွန်မဆိုတော့ သက်သက်က မျက်စောင်းထိုးသည်။ မဲ့ကာရွဲ့ကာနှင့်
" သိပါတယ် အချစ်သူရဲကောင်းမကြီးရယ် ဟွန်း "
ဟုဆိုလေသည်။ သက်သက်စကားကို ကျွန်မနားထောင်ရင်းရယ်မိ၏။
" သက်သက် နင်ဘယ်နေ့ပြန်မလဲ နေဦးဟာ "
" နေတာက ဟုတ်တယ် ဘယ်သူထမင်းကျွေးမလဲ"
" နေရဲဘူး နင့်ယောက်ျားက မူးလာအလွန်သွေးဆိုးဆို "
သက်သက်အမေးကို ကြားတော့ ကျွန်မသက်ပြင်းရှိုက်မိသည်။ ဟုတ်သည်။ ကျွန်မယောက်ျားက မူးလျှင်သွေးဆိုးသလို တစ်ညလုံးရန်ရှာတတ်သည်။ သည်ညမျိုးတွေသည် ကျွန်မအတွက် ရိုးနေသယောင်ယောင်ရှိနေလေပြီ။ မေမေကဆိုလျှင် တဖွဖွရွတ်တတ်သည်။
" လင်ဆိုးမယားတဖားဖား သားဆိုးမအေ တတေတေတဲ့ ငါ့သမီးလေးကြည့်ရတာ ရင်နာတယ်အေ"
မေမေဆိုတိုင်း ကျွန်မ ထိုသို့ရွတ်တတ်သည်။ ကိုကိုနှင့်ချစ်သူစဖြစ်ကထဲက သက်သက်ကသဘောမတူ။ မလိုက်ဘူးဟု တဖွဖွပြောတတ်သူ။ ကျွန်မတို့နှစ်ယောက်ကို အမြဲတမ်းကြံဖန်ပြတ်အောင် ဖန်တီးသူမို့ ကိုကိုက သက်သက်ဆိုလျှင် ကြည့်မရ။ ကိုကိုက ကျွန်မနှင့် ချစ်သူဖြစ်ပြီးသိပ်မကြာခင် အစာအိမ် အူပေါက်သဖြင့် ဆေးရုံတင်လိုက်ရသည်။ ထိုအချိန်က နွမ်းပါးသော ကိုကိုတို့ဖက်မှ ဆေးကုသစားရိတ် ထုတ်ဖို့မရှိဟု သိရသောအခါ အိမ်မှမသိအောင် ကျွန်မလက်ဝတ်လက်စားတွေ ဖြုတ်၍ ဆေးကုသစားရိတ်ထုတ်ပေးမိခဲ့ခြင်းပင်။ ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းတွင်တော့ သက်သက် မတားတော့။ ကျွန်မအိမ်က သိသောအခါ သဘောမတူသဖြင့် ကိုကို့နောက် ကျွန်မခိုးရာလိုက်ခဲ့လေသည်။
စိတ်ဆိုးတုန်းခဏပြစ်ထားသော်လည်း နောက်ပိုင်းတွင်
ပြန်ခေါ်၍ နေဖို့အိမ်နှင့် ခြံပေးသဖြင့် ကျွန်မကုန်ဆုံဆိုင်လေးဖွင့်၍ ရပ်တည်ခဲ့သည်။ ရိုးရာဒေသအလိုက်
လိမ္မော် ၊ လက်ဖက်တ်စိုက်သလို မွေးမြူရေးအဖြစ် ဝက်လည်း မွေးထားသည်။ အိမ်အလုပ်ကို ယောင်၍ပင်စိတ်မဝင်စားသောကိုကိုက စီးပွါးရေးအလုပ်လည်းစိတ်မဝင်စား။ သူ့အလုပ်က သူ့အပေါင်းအသင်းများနှင့်သာ အချိန်ကုန်နေခြင်း။
" တာရာ သားသမီးမယူဘူးလား သားသမီးရရင် စိတ်ပြောင်းရင်ပြောင်းသွားမှာပေါ့ "
သက်သက်စကားကြောင့် ကျွန်မပြုံးမိသည်။ အပြစ်ဟုမဆိုသော်လည်း နှလုံးသားကနာကျင်သည်။ ကျွန်မမျက်ဝန်းမှဝေ့သီလာသော မျက်ရည်များအား ပုတ်ခတ်ထုတ်ပစ်လိုက်သည်။
" မထင်ပါဘူးသက်သက်ရယ် ခု ကလေးပျက်ကျတာ သုံးလကျော်ကျော်ရှိသေးတယ် ပျက်ကျခါစရက်ပိုင်းတောင် အိမ်မှာ ပြန်မအိပ်ဘူး အပေါင်းသင်းတွေနဲ့ ဟင်းပေါ်ပြီးစုသောက်စားနေကြတာလေ ငါးရက်လောက်ကြာတယ် အိမ်မှာက ဆိုင်တစ်ဖက်နဲ့ ဝက်တွေနဲ့ ရာသီဥတုကဖောက် မိုးကမရပ် မိုးရေကခံမရ သိပ်ဒုက္ခရောက်တာပေါ့ "
သက်သက်ကို ပြုံးပြလိုက်သည့် ကျွန်မအပြုံးက အသက်မဲ့နေမည်ထင်၏။
" မိန်းမတွေဘဝက အိမ်ထောင်တစ်ခုပြုရတာ ထီထိုးရသလိုပဲနော် ကံတရားကိုအရင်းနှီးပြုရသလိုပဲ တာရာရယ် နင့်ကြည့်ရတာ နွေရာသီတစ်နှစ်လုံးကျနေသလိုပဲ ဒါကြောင့်ငါယောက်ျားမယူတာ"
" ဘာတတ်နိုင်မလဲဟာ မိန်းမဆိုတာ ဆိုးလို့ဆိုပြီး
ကိုယ့်ခင်ပွန်းကိုပြစ်ပယ်လို့မှမရတာ လင်သားအရိပ်ကလေး ရှိနေတယ်ဆိုတဲ့အသိနဲ့ ဘဝကိုရှေ့ဆက်နေရတာ
တစ်ခါတစ်လေကျရင် ငါလည်းတွေးမိတာပေါ့ လင်ရယ်လို့အားကိုးအားထားမရတဲ့အခါ ငါ့ဘဝက လင်ရှိပေမယ့် မုဆိုးမတစ်ယောက်နဲ့မခြားတာတွေ ယောက်ျားတစ်ယောက်နေရာမှာ လူငှါးတွေသာ အသုံးပြုနေရတော့
ကိုယ့်ကိုယ်ကိုယ် လင်ရှိမုဆိုးမတစ်ယောက်ပါလားတွေးမိလာတယ် ငါ့ဝဋ်ကြွေးပါလို့ ဒီလိုဖြစ်တာဆိုပြီး ဖြေသိမ့်ရတာပေါ့"
" အမှောင်ကို အမှောင်မှန်းသိရင် အလင်းကိုထွက်မသွားသင့်ဘူးလား တာရာ"
" အိမ်ထောင်တစ်ခုတည်ထောင်ပြီးရင် ငါတို့မြန်မာမိန်းကလေးတွေဟာ တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးကြတယ်လေဟာ သူဆိုးတယ် ငါမခံနိုင်လောက်အောင်ဆိုးတယ် သိနေတာပဲသက်သက်ရယ် ငါ့အပေါ် သူမဖောက်ပြန်သေးဘူး အဲဒီအသိနဲ့ဒီအိမ်ထောင်ရေးကို ဆက်ရပ်တည်နေရတာ"
" သည်းခံပါ မသည်းခံကြီးရယ် ငါလည်းကြားထဲကငရဲကြီးတယ် နင်အကူညီလိုလာရင် ငါ့ဆီ ပြေးလာခဲ့ သူငယ်ချင်းကောင်းအနေနဲ့ငါတတ်နိုင်တာ ကူညီပေးမယ်"
" ကျေးဇူး သူငယ်ချင်း ခုထိတော့မလိုသေးဘူး"
" အေးပါ ငါမပြန်ခင် လာလည်ဦးမယ် ခုတော့ပြန်ပြီ
ဒေါ်လေးမျှော်နေတော့မယ်"
နုတ်ဆက်ထွက်ခွါသွားသည့် သက်သက်ကျောပြင်ကိုငေးကြည့်မိရင်း ကျွန်မသက်ပြင်းချမိသည်။ သက်သက်ပြောသည့်စကားများ နားမှာပြန်ကြားယောင်မိသောအခါ
ခေါင်းကိုအသာခါရမ်းလိုက်သည်။
ကိုကို့ကို ကျွန်မသိပ်ချစ်ပါသည်။ သို့သော် နေ့စဉ် နွေလိုပူပြင်းနေရသော ဘဝကိုတော့ စိတ်ကုန်မိသည်။ ပင်ပန်းသည်ကို မကြောက်သော်လည်း စိတ်ဆင်းရဲရသည်ကိုတော့ ကျွန်မကြောက်သည်။
" မိန်းမရေ မိန်းမ ငါပြန်လာပြီ "
ကြားလိုက်ရသောအသံက ကျွန်မရင်ကိုထိတ်ကနဲဖြစ်စေသည်။ လူတစ်ကိုယ်လုံးလည်း နွမ်းချိသွားသလို ခံစားလိုက်ရ၏။
" ဟဲ့ ကောင်မ ဘာလုပ်နေလဲ ငါ့ကိုသောက်ဂရုမစိုက်တာလား .........နင့်လင်ငယ်တွေနဲ့ချိန်းတွေ့နေတာလား "
အရှက်မရှိစွာ ဆဲဆို နင်းအော်နေသည့် ခင်ပွန်းသည်အသံကြောင့် စိတ်ရှုပ်စွာ ခေါင်းကို ကုတ်လိုက်မိသည်။ အိမ်ထဲမဝင်သေးဘဲ အပြင်မှဟိုကြည့် ဒီကြည့် ချောင်းကြည့်နေသော ပုံသဏ္ဍန်ကြောင့် အသည်းဆတ်ဆတ်ခါ
နာသော ခံစားချက်က ရင်ထဲဝင်ရောက်လာသည်။
အိမ်ထဲဝင်လာပြီးသည်နှင့် ဘာကိုမကျေနပ်မှန်းမသိစွာ ရှိသမျှပစ္စည်းတွေ အကုန်ပေါက်ခွဲတော့သည်။ ထိုတင်မကသေး စျေးဆိုင်ပစ္စည်းများ ဆွဲယူပြီး အိမ်ရှေ့အကုန်ဆွဲပစ်တော့သည်။ ကျွန်မ ရင်ထဲ ဒေါသစိတ်များ ဝင်ရောက်လာသော်လည်း တတ်နိုင်သလောက် မျိုသိပ်လိုက်လေ၏။
" ကောင်မ ပြော နင့်လင်ငယ်ဘယ်မှာဖွက်ထားလဲ
နင့်လင်ငယ်ခုထုတ်ပေး ခုထုတ် မထုတ်ရင် နင့်ကိုအသေသတ်မယ် "
ပြောပြောဆိုဆို အိမ်ထောင့်မှသံချိတ်တွင်ချိတ်ထားသည့်
တံမြတ်စည်းကို ဖြုတ်ပြီး ကျွန်မကိုလာရိုက်လေတော့၏။ ဒေါသကို အမျိုးမျိုးမျို သိပ်နေသောကျွန်မအား သည်းခံနိုင်မှု့မရှိရန် လာဆွနေသည်နှင့် တူတော့သည်။
မျက်စိထဲ ပြာခနဲဖြစ်သွားကာ ခြေလှမ်းက အိမ်ထောင့်တွင်ထောင်ထားသော ခြံရမ်းလျှင်အသုံးပြုသည့် ဓါးမကောက်ရိုးနှင့်လှိမ့်ရိုက်မိလေတော့သည်။ အိမ်ထောင်သက်တစ်လျှောက် သည်းခံခဲ့သော သည်းခံမှု့များက
စုပြုံ ၍ ပေါက်ကွဲခဲ့လေပြီ။ အသိများကင်းလွတ်သွားရ၏။
ကျွန်မခန္ဓာကိုယ်တွင် အသိတရားများ ပြန်လည်ရောက်ရှိလာသောအချိန်၌ ထင်မှတ်မထားသည်များ ဖြစ်နေခဲ့လေပြီ။ ဆိုးသူက ဆိုးသည်မှာ မှန်သော်လည်း တရားဥပဒေကမနေ။
" သမီးလေး အားမငယ်နဲ့နော်
စိတ်မကောင်းမဖြစ်နဲ့ ကြောက်လည်းမကြောက်နဲ့နော် "
မေမေ့အားပေးစကားကို ကျွန်မခေါင်းညိတ်ပြလိုက်မိသည်။ နာကျင်သောရင်က နေသားကျသလိုရှိလာ၏။ ကျွန်မသိချင်နေသည်က သူ့အကြောင်း။
" ပြောလေသမီး ဘာလိုလို့လဲ"
ကျွန်မ မေးတော့ မေမေသက်ပြင်းရှိုက်သည်။ ဖြည်းညှင်းစွာနှင့်
" သတိမရသေးဘူး သမီး ခေါင်းကိုထိသွားတာလေ
စိတ်မကောင်းဖြစ်နေတာလား "
ဟုမေးသည်။ မေမေမေးမှ ရင်ထဲပိုနာကျင်လာ၏။ ဝမ်းနည်းဆို့နင့်မှုက ရင်ထဲ လှိုက်ခနဲ လှိုက်ခနဲ တက်လာပြန်သည်။ ဒေါသစိတ် ၊ သည်းမခံနိုင်စိတ် ၊ နာကျည်းစိတ်တို့က မထင်မှတ်သည့်အချိန်တွင် စုပြုံ ကျလာသဖြင့် သတိလွတ်သည့် ခဏ ကျူးကျော်မိလိုက်သည့်အဖြစ်။ မုန်း၍မဟုတ် ဆိုသည်ကို ကျွန်မကလွဲမည်သူမျှမသိ။ တစ်သက်လုံးသည်းခံမည်ဆိုသော စိတ်ကိုအနိုင်ယူသွားသည်က ဒေါသစိတ်ပင်။ ပါးပြင်ပေါ်စီးဆင်းကျလာသည့် မျက်ရည်များကို ပွတ်သုတ်ပြီး ရှိုက်မိသောအခါ မေမေက စိတ်မကောင်းစွာ ညည်းလေသည်။
" ဝဋ်ကြွေး ကြီးလိုက်တာသမီးရယ် "
မေမေ့ကို ပြန်မပြောဘဲ ရှိုက်သာနေမိသည်။
" သူလည်း ဘာမှမဖြစ်လောက်ပါဘူး ဆရာဝန်တွေကြိုးစားကုနေကြတယ် သမီးလေးသာ ကိုယ့်ကိုယ်ကိုယ်ပူ ညလည်းဘုရားရှိခိုးပြီးမှအိပ် ဘုရားစာသာရွတ်နော်
ဒါမှငါ့သမီးလေး မြန်မြန်အပြင်ပြန်ရောက်မှာ ဖြစ်လာသမျှ အကောင်းပေါ့သမီးရယ် အားမငယ်နဲ့ "
မေမေ့ကိုခေါင်းညိတ်ပြမိသော်လည်း ကျွန်မရင်တစ်ခုလုံး
ပူလောင်နေရပေသည်။ ခင်ပွန်းသည် တစ်စုံတစ်ခု ဖြစ်သွားမည်ကို သေမလောက်ကြောက်ရွံ့မိပါ၏။ မေမေပြန်သည်နှင့် ဘုရားရှိခိုး၍ ဆုတစ်ခုတောင်းမိသည်။ ထိုဆုက
" သူဘာမှမဖြစ်ဘဲ အမြန်ဆုံးနေကောင်းပါစေ အရှင်ဘုရား"
" မတာရာခင် ဧည့်တွေ့လာတယ် "
အပြင်မှ တာဝန်ကျ ရဲသားလေးတစ်ယောက်၏အသံကြောင့် ကျွန်မခေါင်းထောင်ကြည့်မိသည်။ အပြေးလေး
တံခါးပေါက်နား တိုးကပ်သွားမိ၏။ မေမေ့ကိုတွေ့လိုက်ရသဖြင့်
" မေမေ သူ့အခြေနေ ဘယ်လိုနေလဲဟင် "
" သူသတိရလာပြီသမီး သွေးက အပြင်ထွက်လို့ ဦးနှောက်ထဲသွေးခဲမှာ မကြောက်ရတော့ဘူးလေ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ဘူး သူ့အသိုင်းဝိုင်းလည်း ရောက်လာကြတယ် သူ့အသက် မသေရင် မေမေ့သမီးလေးပူစရာမရှိတော့ဘူး ခုရက်လေးတော့ သမီးလေးသည်းခံနေနော် "
မေမေပြောတာနားထောင်ပြီး ကျွန်မခေါင်းညိတ်ပြလိုက်သည်။ ကျွန်မစိတ်ချမ်းသာရလေပြီ။ နေ့စဉ် ၊ ညတိုင်း
တောင်းမိသောဆုတစ်ခု ပြည့်သည်ကိုပဲ ကျေနပ်လေပြီ။
" သမီးလေး မေမေကြော်လာတယ် ကြက်သားကြော်လေး သမီးအကြိုက် စားနော် သမီးဖေဖေက အမှု့စစ်တွေဆီ အခြေအနေ စုံစမ်းနေတယ် "
ကျွန်မ နုတ်ခမ်းများ၌ ပထမအဆုံးအကြိမ် အပြုံးရောင်သမ်းခြင်းပင်။ မေမေ့မျက်နှာ အနည်းငယ်ချောင်သွားသည်ကို သတိထားလိုက်မိသည်။ သူ မသေလျှင်
ကျွန်မစိတ်ချမ်းသာရလေပြီ။ ကျွန်မရင်ထဲ မီးလိုပူလောင်နေရသည်များ တခဏနှင့် ပြေပျောက်ရလေ၏။
အချုပ်ထဲ နေနေရစဉ် ယခုအခါသည် ပထမဆုံး ထမင်းကို အားရပါးရစားမိသော အကြိမ်ဖြစ်သည်။
ကျွန်မထမင်းစားနေစဉ် မေမေနှင့် အပြင်မှ အမှု့စစ်တို့ပြောနေသော စကားတစ်ခွန်းတစ်စအား ကြားနေရ၏။
ဘဝတွင် ယခုလိုအချုပ်ထဲ လာနေရမည်ဟု ယောင်၍ပင်
မတွေးမိ။
" လင်မယားမှန်ပေမယ့် သူ့ယောက်ျားက အသက်မသေလို့ ကျေအေးပြီး အမှု့ပိတ်ပေးရင်တော့ ထောင်မကျနိုင်ဘူးလေ သူ့ယောက်ျားနဲ့သာ အဆင်ပြေအောင်ညှိလိုက်ကြပါ "
အပြင်မှ ပြောသံတွေ နားထောင်ပြီး ကျွန်မသက်ပြင်းရှိုက်မိသည်။ ကျွန်မယောက်ျားက မူးပြီး ဆူပွက် ၊ ရန်လုပ်သည့်အချိန်က လင်ယောက်ျားဆိုသည့်အရာနှင့် ခွင့်လွှတ်ခဲ့ရသော်လည်း စိတ်မထိမ်းနိုင်သဖြင့် ဒေါသအလျှောက် ကျူးလွန်မိခဲ့သောကျွန်မအတွက်ကျ ဥပဒေကမနေခဲ့။ ဘဝသည် ထူးခြားစွာသံဝေဂ ရစရာ ကောင်းလှသည်။ ကျွန်မယောက်ျားရင်ခွင်သည် ကျွန်မအတွက် အေးမြခြင်းကို စလက်ထပ်သည့်အချိန်မှ ယခုအချိန်ထိ မပေးသည်မှာသေချာလေပြီ။
" အမှောင်ကို အမှောင်မှန်းသိရင် အလင်းကိုထွက်မသွားသင့်ဘူးလား"
သူငယ်ချင်းသက်သက် ပြောသောစကားကို ကြားယောင်လာမိ၏။ ဟုတ်သည်။ မှောင်နေသည်ကို သိလျှက် အလင်းထွက်ခွင့် မရှိခဲ့သည်လား။ အမှောင်မှာပင် ဇွတ်နေရမည်လား။ နွေခသောရင်ခွင်တစ်စုံကို တစ်သက်တာ ကိုးကွယ်သင့်သည်လား။ သက်တမ်းတိုသောလူ့ဘဝတွင်
ရှိနေသေးသည့်အချိန်လေးအား တန်ဖိုးရှိရှိနှင့် ငြိမ်းအေးစွာ ကျော်ဖြတ်ချင်ပါ၏။ ကျွန်မကို သိပ်ချစ်ပါသည်ဆိုသော ခင်ပွန်းသည်၏ ရင်တွင်း ကျွန်မဝင်ကြည့်မိသည်။
သူသာ ကျွန်မကို ချစ်ခဲ့သည်ဆိုလျှင် ကျွန်မကို စိတ်ဆင်းရဲအောင်လုပ်ရက်မည်လား။ ကျွန်မနားလည်လိုက်သည်။ ကျွန်မခင်ပွန်းသည် ကျွန်မကိုမချစ်ပါ။ သူ့ကိုယ်သူပဲ
ချစ်သည်ကို ကျွန်မမြင်တွေ့လိုက်ရလေ၏။ ကျွန်မဆုံးဖြတ်ချက်တစ်ခုကို အတည်ချနိုင်ရန် စိတ်ကိုအမျိုးမျိုး ခွန်အားပေးမိလေသည်။ ထိုဆုံးဖြတ်ချက်ကိုအတည်ပြု ရန်
ကျွန်မ ခွန်အားမနည်းမွေးမြူ နေရလေပြီ။
လတ်ဆတ်သော နေခြည်နှင့် လေပြည်တွေက ကျွန်မ၏ ပြင်ဆင်ခြင်းကင်းကွာနေသော မျက်နှာကိုလာရောက်ထိခတ်ဆော့ကစားနေကြသည်။ ထိုအေးမြသောအထိအတွေ့အား ယခင်ကမကြိုက်သော်လည်း ယခု ကျွန်မသဘောကျနေမိသည်။ လှောင်ပိတ်သောအခန်းငယ်တွင် မွန်းကြပ်ရသမျှ ယခုမှအသက်ခပ်ဝဝရှူ မိလေခြင်း။ ကျွန်မနောက်လှည့်မကြည့်သော အချုပ်ခန်းသည် ကျွန်မနှင့်တဖြည်းဖြည်းဝေးကျန်ခဲ့လေ၏။
လွမ်းဆွတ်တသခဲ့ရသော ထိုအသံက အနားနား ကပ်ကြားလိုက်ရသည်။ တခဏတော့ မိန်းမောသာယာမိရပြန်၏။ ထိုအသံအား နှလုံးသားမှ လိုလားနေသေးသည်ကို သိလိုက်ရပြန်သည်။ အချစ်တို့သည် ကုန်ဆုံးခြင်းမရှိသေးပါတကား။ ရင်သည် တဆတ်ဆတ်ခုန်လာပြန်၏။ စိတ်တို့သည် ငယ်ရွယ်သူတို့၏ ရင်ခုန်သံအား
အစားထိုး ငှါးပေးနေသယောင်ယောင်။ မျှော်လင့်မိသော
ရင်ခုန်သံက တမ်းတခြင်းအား အပိုင်စားပေးနေပြန်၏။
မုန်းမရသေးသော စိတ်က အသံရှင်အား ငေးမောကြည့်ရှူစေပြန်သည်။
" ကိုကိုစောင့်နေတာ အိမ်ပြန်ကြရအောင်"
ထိုအသံကြားသည်နှင့် အိပ်မောကျနေသောကြောက်စိတ်က နိုးထလာကြ၏။ အိမ်ဆိုသော အသံသည် ကျွန်မအား ချောက်နက်နက်ထဲ ခေါ်နေသယောင်။ ကန္တာရတစ်ခုထဲ မောင်းသွင်းနေသယောင်။ မျက်ဝန်းမှာမြင်လာသည်က ဆူပူကြိမ်းမောင်းနေသော လူတစ်ယောက်၏
ပုံစံ ၊ မူးယစ်ရမ်းကားနေသောအသွင်သဏ္ဍန် ။ ပုံရိပ်တွေက ရုပ်ရှင်ပြနေကြသည့်အလား။ အချစ်တစ်ခုကို ကိုးကွယ်ရန် အင်အားက ဆိတ်သုဉ်းစေပြီ။ ထိတ်လန့်တုန်လှုပ်စွာနှင့် ကျွန်မနုတ်ခမ်းပါးက စကားတစ်ချို့ လွင့်စင်ကျလာသည်။ ကျွန်မကိုယ်တိုင်ပင် သတိမထားမိသောစကားစု။
" ကျွန်မတို့လမ်းခွဲကြရအောင် "
" ဘယ်လို ကိုကိုနဲ့မင်းခွဲနိုင်လို့လား မင်းကို ကိုကိုသိပ်ချစ်တယ် "
နာကျင်ကြေကွဲစွာ ရွတ်လိုက်သည့် သူ့အသံက ယခင်ကဆိုလျှင် ကျွန်မမိန်းမူးသွားမည်ထင်၏။
" ဟင့်အင်း ကိုကို ကျွန်မကို မချစ်ပါဘူး ကိုကို့ကိုယ် ကိုကိုပိုချစ်တာ ကိုကို့ရင်ခွင်က ကျွန်မအတွက် အမြဲတမ်း နွေခနေတဲ့ရင်ခွင်တစ်စုံပါ အဲဒီနွေရာသီရဲ့ ပူပြင်းရိုက်ခတ်မှု့ကြောင့် ကျွန်မနှလုံးသားလေး သေဆုံးလုလု
ကျန်တော့တယ် ကျန်ရှိနေသေးတဲ့ လူ့ဘဝမှာ ကျွန်မ
ငြိမ်းငြိမ်းအေးအေးနေပါရစေတော့ "
ကျွန်မ ကို မျက်ရည်ကြည်များ ပြည့်ရွှန်းသော မျက်ဝန်းအစုံနှင့် စိုက်ကြည့်ကျန်ခဲ့သော ကိုကို့ကို ကျွန်မကျောခိုင်းလိုက်လေပြီ။ နှလုံးသားမှ နင့်နင့်စူးစူးလေး ခံစားလိုက်ရသော်လည်း ကျွန်မသည် လှောင်ချိုင့်မှ လွှတ်သွားသော ငှက်ငယ်ကလေးပမာ ပေါ့ပါး လွတ်လပ်နေလေ၏။
တစ်ချိန်က ကျွန်မကိုကြည့်ပြီး မေမေပြောခဲ့သောစကားတစ်ခွန်းကို ဖြတ်ကနဲကြားယောင်လာ၏။
" ဝဋ်ကြွေးကျေမယ့်တစ်နေ့ ရောက်လာမှာပါသမီးရယ်
အဲဒီနေ့ကိုပဲ ဆုမတောင်းချင်ပေမယ့် ဆုတောင်းပေးချင်နေမိတယ် "
ထိုစကားကို ကြားယောင်လာရင်း ကျွန်မ မျက်ရည်များနှင့်ပြူံးလိုက်မိလေတော့သည်။
ဆုပြည့်ဝ