ကျွန်မရှေ့မှာ ဒူးတုပ်ထိုင်နေတဲ့ သားရဲ့မျက်နှာလေးကို ကျွန်မငေးနေမိတယ်။
သားကတော့ ကျွန်မကို မော့ကြည့်ပြီး
" ကာယကံ ဝစီကံ မနောကံနဲ့ ပစ်မှားမိတာရှိရင် သားကိုခွင့်လွှတ်ပါနော် မေမေ "
သားနုတ်ခမ်းက ပွင့်ဟလာတဲ့စကားသံက ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ ပေါက်ခနဲ ပေါက်ခနဲ စီးဆင်းကျလာစေတယ်။ ကျွန်မရင်ထဲ သူ့အလိုလိုစီးဆင်းသွားတဲ့ ပီတိအဟုန်က ဖော်မပြတတ်လောက်အောင်ပါ။ မိဘဆိုတာ သားသမီးသိတတ်ရင်ကို အလိုလိုပျော်နေမိကြတာမဟုတ်လား။
သားငယ်လေး ရိုရိုသေသေ ထိုင်ကန်တော့နေတာကြည့်ပြီး မပြီးဆုံးနိုင်တဲ့ ဆုရှည်ကြီးကို ကျွန်မတတွတ်တွတ်ပေးနေမိတယ်။ ပေးလေ ပေါ်လာလေဆိုတော့ ကျွန်မပေးတဲ့ဆုက အားကိုမရနိုင်ဘူး။ သားငယ်လေးမျက်နှာကြည့်ပြီး
ကျွန်မမျက်နှာမှာ အပြုံးတွေ ဝေလို့။
သားငယ်လေးကို ငေးကြည့်မိရင်း ငယ်ငယ်ကအကြောင်းတွေ တွေးမိတော့ ကျွန်မရင်ဘတ်ထဲ ခုထိနာကျင်နေတုန်း။
အမေတစ်ယောက်ရဲ့ ရင်ကွဲနာကျသံကို
ကျွန်မခုထိ ကြားယောင်နေမိရဆဲပါ။
**********
ကြားလိုက်ရတဲ့ သတင်းက ကျွန်မရင်ကို
မီးတောက်စေတယ်။ ငယ်ထိပ်ကို မိုးကြိုးပစ်ချလိုက်သလိုပဲ။ လူက ကယောင်ကတမ်းနဲ့ ဟိုဘက်ပြေးလိုက် ၊ ဒီဘက်ပြေးလိုက် ပြေးနေမိတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ စိတ်တွေချောက်ခြားလိုက်တာရှင်။
" ဟဲ့ သင်းမှုံ သတိထားလေ "
ကျွန်မရဲ့အဒေါ် မခင်ကြည်ရဲ့သတိပေးသံက ကျွန်မကို အသိဝင်လာစေတယ်။ ရင်ထဲစိုးရိမ် ပူပန်လွန်းတော့ ကျွန်မ ငိုချပစ်လိုက်တယ်။ ကျွန်မကိုကြည့်ပြီး ဒေါ်လေးက
" ငါတို့သွားကြရအောင် လာ ငိုမနေနဲ့တော့ "
ဆိုပြီး ကျွန်မလက်ကို ဆွဲခေါ်လိုက်တယ်။ ကျွန်မလည်း ဒေါ်လေးနဲ့အတူ ကားပေါ်တက်လိုက်တယ်။ ကျွန်မတို့ရွာကနေဆို ငားမိုင်လောက်ဝေးတော့
ဆိုင်ကယ်နဲ့သွားရင် ရပါတယ်။ ဒါပေမယ့် ကျွန်မ ဆိုင်ကယ်မစီးတတ်ဘူးလေ။ ပြီးတော့ လိုအပ်တဲ့ပစ္စည်းပစ္စယတွေက များသား။ ဘာတွေပါမှန်း ကျွန်မမသိဘူး။ ဒေါ်လေးစီစဉ်ပြီး ထည့်ထားတာ။ ကျွန်မရင်တွေပူနေတာကလွဲရင်
ဘာမှမသိဘူး။ ကျွန်မမှားပြီလားလို့ တွေးလေ တားမရတဲ့မျက်ရည်တွေက ပါးပေါ်စီးလာလေပဲ။
ကျွန်မရင်ထဲ ယူကျူံးမရတဲ့စိတ်တွေက
ကြီးစိုးနေကြလေရဲ့။
" သင်းမှုံ ရောက်ပြီ ဆင်းတော့ "
ဒေါ်လေးအသံကြားမှ ကျွန်မသတိဝင်လာတယ်။ ဒေါ်လေးနဲ့အတူ ဆေးရုံဝင်းထဲ ဟိုကြည့် ဒီကြည့် လိုက်ကြည့်တော့ သားကြီးအာကာကို တွေ့လိုက်ရတယ်။
" မေမေ လာ သားနောက်လိုက်ခဲ့ "
သားကြီးက ကျွန်မတို့ကိုထွက်ကြိုပြီး
လာခေါ်တယ်။ သားကြီးခေါ်ရာအခန်းကို လိုက်ခဲ့ပေမယ့် ကျွန်မစကားတစ်ခွန်းမှ မဆိုနိုင်ဘူး။ အခန်းတစ်ခန်းရှေ့ရောက်တော့ သားကြီးက နောက်လှည့်ကြည့်ရင်း
" အထူးခန်း ယူထားတယ်မေမေ
ဆရာမတွေက သီးသန့်ထားစေချင်လို့ "
လို့ပြောတယ်။ ဘာမှမပြောနိုင်ဘဲ ကျွန်မအခန်းထဲ ဇွတ်ဝင်လိုက်တယ်။ ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သားငယ်လေးပုံစံကြည့်ပြီး ကျွန်မနှလုံးသားတစ်ခုလုံး ဆို့နင့်ကြေကွဲစွာ ခံစားလိုက်ရတယ်။ညထဲက တရေးမှ အိပ်မပျော်တဲ့ ကျွန်မ ခု လည်း ရင်ကွဲနေရပြီ။
ကျွန်မတို့ရောက်ပြီး ခဏအကြာမှာပဲ
ဆရာဝန်ကြီးနဲ့ ဆရာမတွေ ဝေါင်းရ်လှည့်လာတယ်။ ကျွန်မကိုမြင်တော့ ဆူလိုက်တာ။ ရစရာမရှိဘူး။ ကံကောင်းလို့မသေတာတဲ့။ နောက်ကို ခုလိုမလုပ်ဖို့
အကုန်ပြသနာတက်ကုန်မယ်တဲ့။ ကျွန်မသိပါတယ်။ ကျွန်မမှားတာကို။ ဒါပေမယ့် ကျွန်မဘာကြောင့်လုပ်လဲဆိုတာ
သူတို့မွမသိျကတာ။
အဖေမရှိတဲ့ သူတို့ကို ကျွန်မပဲ ရှာကျွေးလာတာပါ။ အဖေနေရာမှာလည်း ကျွန်မ အမေနေရာမှာလည်း ကျွန်မပါ။ သားသုံးယောက်ရဲ့အမေအဖြစ်နဲ့ သူတို့အဖေမရှိကထဲက ကျွန်မပြုစုကျွေးမွေးလာတာ။သားငယ်လေးမွေးပြီး တစ်နှစ်ပြည့်တာနဲ့ ကျွန်မယောက်ျား ကိုသာအောင်ဆုံးတာ။ ကံဆိုးတဲ့ ကလေးမို့ အဖေ့မေတ္တာမရလို့ ကျွန်မစုပုံပြီး အလိုလိုက်ထားတာ။ ဒါကြောင့်လဲ သားငယ်လေးက အရမ်းဆိုးတယ်။ အရွယ်ရှိသေးပေမယ့် နောက်အိမ်ထောင်ဆိုတာ ယောင်လို့တောင်ကျွန်မ မစဉ်းစားဘူး။
သူတို့ကို ကျွန်မ စျေးရောင်းကျွေးတယ်။
ကျွန်မတို့ရွာက စျေးနေ့ နေ့တိုင်းမရှိဘူး။ ငါးရက်မှ တစ်ခါစျေးလေ။ အဲဒီစျေးနေ့ရောက်ရင် စျေးနေ့တိုင်း ကျွန်မအကြော်ရောင်းတယ်။ အဲဒီတစ်နေ့ရောင်းရအမြတ်ငွေက ကျွန်မတို့မိသားစု ငါးရက်စားလောက်တယ်။ ဟင်းကောင်းတော့ နေ့တိုင်းဘယ်စားရမလဲ။ အသားကို အသီးအရွက်လေးနဲ့ ရောကြော်။့ပီးရင် ပဲပုတ်စေ့ကို ငြုပ်သီးစပ်စပ်လေးနဲ့ ကုလားနံနံလေးခပ်ကြော်ပေးရင် ကျွန်မသားသမီးတွေ တအားကြိုက်ကြတာ။
ရေနွေးပူပူလေးနဲ့ ကျွန်မတို့မိသားစု လေးယောက် ထမင်းဝိုင်းက စားလို့ ချိုမှချို ။ သြော် ချိုတယ်ဆိုတာ စားလို့အရမ်းကောင်းတာကို ပြောတာပါ။
ကျွန်မတို့ဒေသသုံးစကားပေါ့။ ကျန်တဲ့လေးရက်ဆိုလည်း ကျွန်မတို့ဒေသမှာရှိတဲ့ အလုပ်ကို အငှားလိုက်တယ်။ နေ့စားပေါ့။ လက်ဖက်ခူးတယ်။ လိမ္မော်ခြံ
ခြံပေါက် ၊ ခြံရမ်း အငှားလိုက်တယ်။
တစ်ခါတစ်ခါကျ လယ်စိုက် အငှားလိုက်တယ်။ ကျွန်မပင်ပန်းပေမယ့် ကျွန်မကလေးတွေကို ကျောင်းထားနိုင်အောင်
ကျွန်မကြိုးစားရတယ်လေ။ ဒေါ်လေးကဆို ကျွန်မကို နောက်အိမ်ထောင်ပြုဖို့
ခဏခဏတိုက်တွန်းတယ်။ ကျွန်မ မစဉ်းစားပါဘူး။ ကျွန်မသားသမီးတွေကို
ပထွေးနဲ့မထားနိုင်ဘူး။ ခုခေတ်ယောက်ျားတွေကလည်း ကိုသာအောင်လိုလူက ရှားသွားပြီရှင့်။ ကျွန်မယောက်ျားလို
ယောက်ျားမျိုးကတော့ တွေ့ဖို့မလွယ်တော့ပါဘူး။ နောက်တစ်ခုက ကျွန်မကလေးတွေ စိတ်ဆင်းရဲအောင် ကျွန်မမလုပ်ချင်တာပဲ။ သူတို့လေးတွေ စိတ်ဒဏ်ရာ ဖြစ်အောင် ကျွန်မမလုပ်ရက်ပါဘူးရှင်။ ကျွန်မဘဝမှာ ကိုသာအောင့်နေရာကို တခြားတစ်ယောက် ထပ်အစားမထိုးနိုင်သလို ကျွန်မသားသမီးတွေကသာ ကျွန်မဘဝပါ။ သူတို့တွေ လူလားမြောက်ဖို့ သူတို့တတွေဘဝမှာ တင့်တောင့်တင့်တယ် ဖြစ်ဖို့ ကျွန်မအရိုးတွေ သယ်နိုင်သေးသ၍ ကျွန်မကြိုးစားနေမိမှာပဲ။ ကျွန်မသားကြီးအာကာ ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်တော့ ကျွန်မပျော်လိုက်တာရှင်။ သားကြီးကသိပ်လိမ်မာတာ။ မအေလည်းသိပ်ညှာတာပေါ့။ သားကြီးဆယ်တန်းရောက်တော့ ကျွန်မတို့မြို့ရဲ့စခန်းမှူးက ကျွန်မသားကို သူ့ဆီမှာ ခေါ်ထားလေရဲ့။ ထမင်းဟင်း သူ့ကိုချက်ပြုတ်ကျွေးရတာပေါ့။ ကျွန်မလည်း ဘယ်ထားချင်မလဲ။
သူ့ဘဝတက်လမ်းအတွက် ထားရတာပါ။ ဘယ်လိုအဆက်သွယ်ရသွားလဲဆိုတော့ ကျွန်မအဒေါ်ရဲ့သား ကျွန်မမောင်တစ်ဝမ်းကွဲက ရဲလေ။ သူကတစ်ဆင့်ပါ။အဲဒီအကျိုးကြောင့် ကျွန်မသား ဆယ်ဆန်းအောင်နဲ့ဝန်ထမ်းဖြစ်နေပြီ။ မြို့နယ်တရားရုံးမှာ စာရေးတွေခေါ်တော့ လူပေါင်းရာချီလျှောက်ကြတဲ့အထဲ ကျွန်မသားရခဲ့တာ စခန်းမှူး မျက်နှာကြောင့်ပါ။ တက္ကသိုလ်ကတော့ အဝေးသင်ပေါ့ရှင်။သူ့လခလေးကို အမေကိုပြန်ထောက်ပံ့သေးတယ်။ ကျန်တာလေးစုပြီး ကျောင်းဆက်တက်ရှာတယ်။ ခုဆို ဒုတိယနှစ်တောင် ဖြေပြီးပြီလေ။ သူကရည်မှန်းချက်ကြီးတယ်။ တရားသူကြီးဖြစ်ရမယ်တဲ့။ သူယူတဲ့မေဂျာက လော ဆိုလားပဲ။ သားလတ်ကဆိုးတယ်။ စာတော့တော်တယ်။ ပျင်းတယ်။ မအေကိုကူရကောင်းမှန်းမသိဘူး။ တစ်ခါ တစ်ခါ အမေဆူရင် ခံအော်တယ်။ ခံပြောတယ်။
သူတို့အဲဒီလိုလုပ်ရင် ကျွန်မရင်တွေ နာကျင်လိုက်တာရှင်။ ဒါပေမယ့် သူတို့အကိုကို ကြောက်တယ်။ အာကာက စကားနည်းတယ်။ တော်ရုံတန်ရုံ လည်း
မဆူဘူး။ သူ့ညီ အလတ်ကောင် ကျွန်မကိုခံအော်တော့ တစ်ခါတည်း ရိုက်ပစ်လိုက်တာ တစ်ချက်ကောင်း။ အဲဒီလိုလုပ်တော့လည်း အမေလေ။ စိတ်ထဲဘယ်ကောင်းပါ့မလဲ။ သားကြီးအာကာကို
နှစ်ရက်လောက် စကားမပြောဘဲ နေပစ်လိုက်တယ်။ အဲဒီနောက်ပိုင်းတော့ သားလတ်က တော်တော်အပိုးကျိုးသွားတာပါပဲရှင်။
ကျွန်မစိတ်ညစ်ရတာ ရှစ်နှစ်အရွယ်သားအငယ်လေးပါ။ အငယ်ဆုံးလေးမို့ စုပြီးအလိုလိုက်သမျှ အငယ်လေးကဆိုးလာတယ်။
သူဆိုးတာကတမျိုး။ အိမ်မှာ ပိုက်ဆံအနုတ် အရွက်သေးဆို ပျောက်တာပဲ။ သူ့ကို အဲဒီလောက် မသုံးတတ်ဘူးထင်နေတာ။ ပိုက်ဆံခဏခဏပျောက်တယ်။
အစကတော့ အလတ်ကောင်ယူတာထင်မိတာပေါ့။ နောက်မှအငယ်လေးမှန်းသိတာ။ ကျွန်မကျန်တာ အလိုလိုက်နိုင်တယ်။ ဒီလိုစာရိတ္တပျက်တာမကြိုက်ဘူး။ မိတာနဲ့ ကျွန်မရိုက်တယ်။ သူ့ရဲ့လက်ဆစ်လေးတွေကို ပေတံနဲ့ ခေါက်တယ်။ ခိုးရင် ဖြစ်တဲ့ဆိုးကျိုးတွေ ပြောပြတယ်။ ဒါလည်း နောက်ထပ်ထပ်ခိုးတယ်။ ဒီတစ်ခါတော့ ကျွန်မမညှာနိုင်တော့ဘူး။ ဝါးစိမ်းတုတ်ကို တမင်ရှာပြီး
တင်ပါးကိုသုံးချက်ရိုက်တယ်။ ဒါလည်း ရိုက်တုန်းခဏပဲ။ ပြီးရင် ပြန်ခိုးတယ်။ အရွက်သေးမဟုတ်တော့ဘူး။ သောင်းချီ ခိုးတတ်လာတယ်။ ပိုက်ဆံများ အိတ်ထဲတွေ့ရင် လှစ်ခနဲဆို ပျောက်သွားတာ။ ကျွန်မစိုးရိမ်နေမိပြီ။ ဒီအကျင့် ကျွန်မသားလေးဆီ တစ်သက်လုံးပါသွားမလားဆိုပြီး စိတ်ပူနေရတယ်ရှင်။ အိမ်မှာ ပိုက်ဆံကို ကျွန်မအလစ်မထားတော့ဘူး။ သေချာသိမ်းရပြီ။ ငွေနှမျောတာထက် ကျွန်မသားလေးဆီ ဒီအကျင့်ပါမှာစိုးတာပါ။ ကျွန်မစိတ်ပူလို့မှမဆုံးသေးဘူး။ တစ်နေ့ သားလတ်နဲ့သားငယ် ဆူပွက်ပြီး ပြန်လာကြတယ်။
" ဟဲ့ ဘာဖြစ်လာကြတာလဲ ဒီညီအကိုတွေ "
" အမေ့သားလေ မေမေကြီးတို့စျေးဆိုင်က ပိုက်ဆံတစ်သောင်းတန် ခိုးတယ်
ကျောင်းကဆိုင်မှာ မုန့်ဝယ်စားလို့ မေးကြည့်တာမေးမရဘူး ခုမေမေကြီးပြောမှသိတယ် "
လို့ဆိုတယ်။ ကျွန်မရင်ထဲ မောသွားတာပဲ။ ပါးပြင်ပေါ်မျက်ရည်တွေစီးကျလာတယ်။ ကျွန်မဒီလောက် ပြောနေဆိုနေတဲ့ကြားက လုပ်ရမလားဆိုပြီး ဒေါသကအလိပ်လိုက်ထွက်လာတယ်။ မျက်စိရှေ့
တွေ့လိုက်ရတာက ဝါးစိမ်းတုတ်။ ဝါးစိမ်းတုတ်ဆိုတာ ဝါးပင် အသေးလေးတွေ။ သိပ်နာတာ။ အရှိန်ပြင်းရင် ပြင်းသလို အသားထဲထိ နစ်မတတ်ဖြစ်ပြီး
ခံစားရသူကလဲ အသည်းခိုက်ခိုက်နာတယ်။ ကျွန်မမျက်စိထဲ ဘာမှမမြင်တော့ဘူး။ အသားကုန်လှိမ့်ရိုက်ပြစ်တာ။ ပါးစပ်ကလည်း
" ဒီလောက်ပြောတာ မရတဲ့အကောင်
မအေစကားကို နားထဲမထည့်တဲ့အကောင် ဟင် နင့်ကိုပြောနေတာကို ပန်းနဲ့ပေါက်တယ်မှတ်နေလား ဒီလောက်ဖြစ်တာ ကဲဟယ် ကဲ "
လို့ တတွတ်တွတ်ရွတ်ပြီး တဖြန်းဖြန်းနဲ့ရိုက်ပစ်လိုက်တယ်။ သူတို့အဘွား ကျွန်မဒေါ်လေး လာဆွဲမှ ရပ်ပစ်လိုက်တာ။
ကျွန်မစိတ်ပြေတော့ သားငယ်လေးတင်ပါးမှာ သွေးစိမ်းဆို့ပြီး ထိုင်လို့တောင်မရပါဘူး။ ကျွန်မရင်ထဲ ကြိတ်ငိုနေတာ ဘယ်သူသိမှာလဲ။ ချစ်လွန်းလို့ဆိုတာ ကျွန်မပဲသိတာလေ။ဒီမကောင်းတဲ့အကျင့်ကို ကြီးတဲ့အထိ ကျွန်မအပါမခံနိုင်ဘူး။ သားသမီး နားရွက်ကိုက်ဖြတ်တာခံရတဲ့ အမေ ကျွန်မအဖြစ်မခံနိုင်ဘူး။
ကျွန်မပဲရိုက်ချင်တယ်။ ကျွန်မသားသမီးကို သူများအရိုက်မခံနိုင်ဘူး။ ဒီအတိုင်းပစ်ထားရင်
ကျွန်မမရိုက်ပဲနေရင် ရဲရိုက်တာခံရလိမ့်မယ်။
သူများရိုက်တာ ဘယ်မိဘမှမကြိုက်ဘူး။ သူခိုးလေးက သူခိုးကြီးအဖြစ်မခံနိုင်ဘူးလေ။ကျွန်မ စိတ်ထဲမကောင်းပေမယ့် မျက်နှာလွှဲနေရတယ်။ ဒီတစ်ခါတော့ မှတ်ပြီ ထင်တာပဲ။ သူ့အကိုကလည်း
" နင် ပိုက်ဆံဘာလို့ ခိုးတာလဲ "
လို့မေးတယ်။
" မုန့်စားချင်လို့" လို့ ဖြေတယ် ။ သားကြီးက သူတို့အဘွားဆိုင်က မုန့်တွေကို
ခြင်းအပြည့်ဝယ်ချလာတယ်။ ပြီးတော့ သားငယ်လေးရှေ့ ချပေးပြီး
" ရော့ အဲဒီမှာ အကုန်ကုန်အောင်စား
နောက်တစ်ခါ ခိုးရင် နင့်ကို အချုပ်ထဲထည့်မယ် ကြားလား "
တဲ့။ ကျွန်မလည်း မသိချင်ယောင်ဆောင်နေလိုက်တယ်။ စိတ်ထဲက နေ သွားလေသူကြီးကို သတိရနေမိတယ်။ သူသာရှိရင် ကျွန်မခုလိုဆုံးမရမယ့်နေရာမှာ သူဆုံးမမှာသေချာတယ်လေ။ အဲဒီညက ကျွန်မအိပ်မရဘူး။ ဒီအကျင့် သားငယ်လေးဆီ တစ်သက်လုံးပါသွားခဲ့ရင် ကျွန်မဖြေရမယ်မထင်ဘူး။
မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်ကြတာ။ မြင်းကန်ခံရတာ ဘယ်သူမြင်ချင်မလဲ။
ကျွန်မအတွက်တော့ သားငယ်လေးကို
ဘယ်လိုပြုပြင်ရမလဲပဲတွေးနေမိတာပါ။
*********
အိမ်ရှေ့ကနေ ကျွန်မနာမည်ကို တစာစာအော်နေသံကြားလို့ ကျွန်မထွက်ကြည့်တော့ ကျွန်မတို့အိမ်နဲ့ ငါးအိမ်ကျော်က ဒေါ်ခင်နွဲ့။ သူ့ကိုတွေ့တော့ ဘာပါလိမ့်ဆိုပြီး တွေးနေမိတယ်။
အတွေးနဲ့အတူ
" လာလေ ဒေါ်နွဲ့ ကိစ္စရှိလို့လား "
လို့မေးလိုက်တယ်။ ဒေါ်ခင်နွဲ့
မြေးက ကျွန်မသားငယ်နဲ့သူငယ်ချင်း။
ဒီအသိဝင်တော့ ကျွန်မရင်ထဲ ထိတ်ခနဲ။
'" မပြောချင်ပါဘူးအေ မပြောလို့လည်း
မဖြစ်ဘူး သင်းမှုံ ညည်းသားအငယ်လေ
ကျုပ်သမီးထားတဲ့ ပိုက်ဆံတစ်သောင်း
ယူသွားတယ်အေ ဟိုကောင်မကလဲ လူငယ်ဆိုတော့ ဒေါသူပုန်ထနေတာ
သင်းမှုံသိအောင် ငါသွားပြောပါ့မယ်ဆိုပြီး ထွက်လာတာ အိမ်နီးနားချင်းတွေ ပြသနာ မဖြစ်ချင်ဘူးအေ "
ကျွန်မရှက်လိုက်တာ။ မျက်နှာတွေထူပူနေတာပဲ။ ရှက်လွန်းတာရော ၊ ဝမ်းနည်းတာရော စုပြုံလာတော့ ပါးပြင်ပေါ်
မျက်ရည်တွေတရစပ် စီးဆင်းလာတယ်။ ငွေဆင်းရဲရင် ဆင်းရဲမယ်။ စာရိတ္တတော့ကျွန်မဆင်းရဲမခံဘူး။ သူတို့ကိုတောင်းပန်ပြီး ငွေတစ်သောင်းကို ကျွန်မအလျော်ပေးလိုက်တယ်။ ကျွန်မဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ကျွန်မမျက်နှာက ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး။ ကျွန်မမလုပ်ချင်ပါဘူး။ ချော့ပြောတယ်။ ပုံပြင်တွေပြောပြီး ဆုံးမတယ်။
တုတ်နဲ့အဆင့်ဆင့်ရိုက်တယ်။ သွေးစို့အောင်ရိုက်တယ်။ ဘယ်လိုမှမမှတ်ဘူး။ သူတစ်သက်တာကြောက်ရွံ့အောင် စိတ်ထဲစွဲသွားအောင် ကျွန်မလုပ်ရတော့မယ်။ မချစ်လို့မဟုတ်ဘူး။ ကျွန်မလုပ်တာ သူ့အတွက်ပါ။ ဒီဆုံးဖြတ်ချက်ဟာ အမေတစ်ယောက်အတွက် ဘယ်လောက်ခက်ခဲလဲဆိုတာ ဘယ်သူမှနားမလည်လောက်ဘူး။ သားကြီးကိုဖုန်းဆက်ပြီး ကျွန်မလှမ်းမှာလိုက်တယ်။ အကျိုးအကြောင်း ပြောပြီး သားငယ်ကိုထည့်ပေးလိုက်တယ်။ သားငယ်ကို ဆိုင်ကယ်နဲ့တင်သွားတဲ့ သားကြီးကို ငေးကြည့်ရင်း ကျွန်မငိုချလိုက်တယ်။ မှားလား မှန်လားမသိပေမယ့် ကျွန်မနှလုံးသားတစ်ခုလုံး ရင်ကွဲမတတ် ခံစားနေရတယ်။ အကြောင်းစုံသိတော့ ဒေါ်လေးက လာဆူတော့တာပဲ။ ကျွန်မတစ်ညလုံး အိပ်မရပါဘူး။ မျက်စိသူငယ် နားသူငယ်နဲ့ ကြောက်ရွံ့နေရှာမယ့် သားငယ်မျက်နှာမြင်ရင်း ကျွန်မခဏခဏ ငုတ်တုတ်ထထိုင်နေမိရတယ်။ ကျွန်မရက်စက်လွန်းရာ ကျနေပြီလား။ ဟင့်အင်း။ ချစ်ရင် သူ့နောင်ရေးအတွက် ရက်စက်နိုင်ရမယ်။ ကျွန်မအတွက် ထိုနေ့ညတာက ရှည်လျားဆုံးပါပဲ။ မနက်မိုးလင်းတာနဲ့ ဖုန်းဆက်လာတဲ့သားကြီးကြောင့် ဒေါ်လေးနဲ့ကျွန်မ ဆေးရုံကိုအပြေးရောက်လာမိတယ်။ အလန့်လွန်ပြီး မေ့မျောသွားတဲ့သားငယ်ကို ဆေးရုံမှာ ဆယ်ရက်လောက်ဆေးကုသလိုက်ရတယ်။
" မေမေ့ကို သားကန်တော့ပါတယ် မေမေ "
ပြောပြောဆိုဆို ကျွန်မကို ထိုင်ကန်တော့လိုက်တဲ့သားငယ်အသံက အတိတ်ထဲရောက်နေတဲ့ ကျွန်မကိုနိုးထစေတယ်။ မျက်ရည်ဝေတဲ့မျက်ဝန်းတွေနဲ့ ကြည့်ပြီး ကျွန်မပြုံးနေမိတယ်။ ခုဆို ကျွန်မသားငယ်က ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်နေပြီး တာဝန်ကျရာ ကလောမြို့မှာ တာဝန်ထမ်းဆောင်နေတယ်။ သားကြီးကလည်း သူဖြစ်ချင်တဲ့ တရားသူကြီး ဖြစ်ပြီး အိမ်ထောင်တောင် ကျနေပြီ။ သားလတ်ကတော့ ဘွဲ့ရပြီး ကျွန်မနဲ့အတူတူနေနေလေရဲ့။ အိုးကောင်း ၊ အိုးလှရဖို့ ကျွန်မ နာနာရိုက်ခဲ့မိတဲ့ သားငယ်ဟာ ခုတော့ သိပ်ကိုလှပတဲ့ အိုးလှလှလေးတစ်လုံး ဖြစ်ခဲ့ပါတယ်။ အချုပ်ခန်းထဲ မီးပိတ်ပြီး အမှောင်ထဲမှာ တစ်ယောက်တည်း ပစ်ထားခဲ့တဲ့အကျိုးက ကျွန်မသားလေးရဲ့အသက်ကို သေမတတ်ဖြစ်စေတာပါပဲ။ အဲဒီကြောက်စိတ်က သူ့ခန္ဓာအတွင်း ကိန်းအောင်းခဲ့သလို ခိုးရင်ဒီလိုနေရတယ်ဆိုတဲ့အသိက သားငယ်ရင်ထဲ ရိုက်သွင်းလိုက်သလို ဖြစ်သွားတယ်။ ကျွန်မရဲ့ အချစ်တွေ မေတ္တာတွေနဲ့ တမင်ရက်စက်ခဲ့ရတဲ့ ရက်စက်မှု့ကို
ခုတော့ အားလုံးနားလည်နေကြပါပြီ။
ကျွန်မကတော့ ဆုတွေ တသီကြီးပေးရင်း ကျွန်မရဲ့အိုးလှလှလေးကို ကြည်နူးစွာ ငေးနေမိတော့တာပါပဲရှင်။
ဆုပြည့်ဝ