ချို မြနေသော အသံသာသာလေးကိုကြားရသည့်အချိန် ၊ ကျွန်မရင်ထဲ ပရမ်းပတာခုန်နေလေသည်။ ကျွန်မထိုင်နေသည့်စားပွဲခုံရှေ့တွင် အလိုက်သင့်ဝင်ထိုင်လိုက်သည့်မောင့်ကို ကြည့်ရင်း ကျွန်မမျက်နှာတွင် နှင်းဆီပန်းခင်းလေး ဖြတ်သန်းသွား၏။ ရဲခတ်နေသော မျက်နှာပြင်ကို တွင်တွင်ငုံ့ပစ်လိုက်ပြီး လက်သည်းက စိတ်လှုပ်ရှားစွာ စားပွဲခုံကို ခြစ်နေမိသည်။
မောင့်အသံတိုးရှရှက ကျွန်မကိုယစ်မူးသွားစေသည်။ ဘဝစာမျက်နှာအချို့တွင် အထီးကျန်ဆန်မှု့တွေနှင့်ဖြတ်သန်းနေရသောကျွန်မအား မောင့်အကြင်နာ
အသံလေးများက. ညှို့ယူဖမ်းစားနေခဲ့လေ၏။ အချစ်ဆိုသည့်အရာက ကျွန်မနှလုံးသားအား အသစ်တဖန် ပြန်လည်မွေးဖွားစေခဲ့ကာ နွေးကနဲ နွေးကနဲ စီးဆင်းသွားသော သွေးအချို့က ခန္ဓာကိုယ်ကို ဆူပွက်လာစေ၏။ စိတ်လှူပ်ရှားရလွန်းသဖြင့် အသက်ရှူသံတွေပင်
ပြင်းထန်လာသည်။
" မကို ဒီလောက်ကျက်သရေရှိမယ်မထင်ဘူး တကယ်ပါ မရဲ့ အချစ်ကိုရတာ မောင်ကံကောင်းတာပေါ့နော် "
မောင့်အပြောကြားလိုက်သည့်တခဏ ကျွန်မတွင် ဖြစ်ပေါ်နေသော အားငယ်စိတ်များ တမဟုတ်ခြင်း ပျောက်ကွယ်သွားလေသည်။ ဖြစ်မှဖြစ်ပါ့မလားဆိုသော တထိတ်ထိတ်စိုးရိမ်နေမိသော စိတ်များက အဝေးသို့ ထွက်ပြေးသွားကြ၏။ ကျွန်မနုတ်ခမ်းလေးများတွင် အပြုံးပွင့်လေးခိုတွဲလာကာ မောင့်ကို ချစ်စဖွယ်မျက်စောင်းလေးတစ်ချက် လက်ဆောင်ပေးလိုက်မိသည်။
" မနော် မောင့်ကို အဲလိုမကြည့်နဲ့ မောင်အသဲယားလာပြီ "
မချင့်မရဲ ချစ်သူကဆိုလာသောအခါ ကျွန်မကျေနပ်စွာရယ်မိသည်။ ကျွန်မလက်ကလေးကို ကိုင်လာသော မောင့်လက်ကလေးအား မရုန်းမိတော့။ မောင့်ကိုပြန်ကြည့်နေသော ကျွန်မမျက်ဝန်းတို့သည် ချစ်ရည်ရွှန်းလဲ့နေမှာသေချာပါ၏။
" အရမ်းချစ်တယ် ကျေးဇူးပါမ "
မောင့်အသံကြားမှ ကျွန်မအသိဝင်လာကာ မောင့်ရင်ခွင်မှ ရုန်းထွက်လိုက်သည်။ မောင်နှင့်ကျွန်မ ကမ္ဘာတစ်ခုကို အတူတူသွားကြပြီးပြီ။ သင့်သည် ၊ မှန်သည် စဉ်းစားရန် အချိန်တစ်ခုအား လက်သင့်မခံခဲ့။ စိတ်၏စေစားရာကို နှစ်ဦးသား စီးမျောမိကြပြီ။ မောင့်အနမ်းကြမ်းတွေကို ငြင်းပယ်ရန် ခွန်အားမရှိ။
" ဖြေဖို့လိုသေးလို့လားမောင်ရယ် "
မောင့်ကိုဖြေရင်း မောင့်ရင်ခွင်တွင် မျက်နှာဝှက်လိုက်သည်။ ကျွန်မအတွက် အိပ်မက်တစ်ခုလေလား ၊ ကျွန်မမခွဲခြားတတ်တော့။ သူငယ်ချင်းတစ်ယောက်၏ အလှူသို့ ညအိပ်သွားရမည်ဟူသောအကြောင်းပြချက်ဖြင့် ကျွန်မထွက်လာခဲ့ခြင်းပင်။ ယခု ကျွန်မရောက်နေသည်က တိတ်ဆိတ်လွတ်လပ်သော တည်းခိုခန်းတစ်ခုသို့။ အိမ်အတွက် စိတ်ပူပင်နေရမည့်အစား မောင့်အကြင်နာတွေအား ကျွန်မမက်မောနေခဲ့ပြီ။ မောင့်အယုအယနှင့် အကြင်နာတွေက ကျွန်မစိတ်တွေကို လှူပ်ရှား နုပျိုလာစေသည်။ မောင့်ကို အကြာကြီး ကျွန်မငေးမောနေမိ၏။
ငယ်ရွယ်နုပျိုသော မောင့်မျက်နှာနုနုလေးက ကြည့်မဝချင်စရာ။ စူးရှရီဝေနေသောမောင့်မျက်ဝန်းအား ရင်ဆိုင်ကြည့်မိသည်နှင့် ကျွန်မစိတ်တွေက မောင့်ဆန္ဒအား ငြင်းဆန်ဖို့ခွန်အားမရှိလောက်အောင် ပျော့ညံနေတတ်ကြသည်။ နီရဲသောနုတ်ခမ်း ၊ နှာတံပေါ်ပေါ်နှင့် စိုပြည်လွန်းလှသည့်အသားဝါဝါကို ပိုင်ဆိုင်သော မောင်သည် တစ်ကယ့်မင်းသားတစ်ယောက်လို ကြည့်ကောင်းနေရခြင်းပင်။ မောင့်ဓာတ်ပုံကို မြင်ဖူးခဲ့သော်လည်း အပြင်တွင်
သည်လောက်ချောမည်မထင်ခဲ့။ မောင်နှင့်စသိခဲ့သည်က ဖေ့ဘုတ်ခ် ပေါ်တွင်ပင်။ အထီးကျန်အားငယ်နေမိသော ကျွန်မသည် အပျင်းပြေဟူသော အကြောင်းပြချက်အောက်တွင် မောင်နှင့်ခင်မင်ခဲ့ရခြင်း။ ကျွန်မ၏ အချိန်တော်တော်များများတို့တွင် မောင်ကအပိုင်စားနေရာယူလာ၏။ မောင့်ကို ယုံကြည်လာသည်နှင့်အမျှ ကျွန်မအကြောင်းအားလုံးအား မောင့်အားရင်ဖွင့်ပြခဲ့သည်။
ကိုယ်ချင်းစာနာ ကရုဏာ သက်သော မောင့်အကြင်နာများတွင် ကျွန်မမျက်ရည်ခဏခဏကျဖူးသည်။ မောင့်ဒေါသများသည် ကျွန်မအတွက် ကူခံစားပေးရာ အားအင်တစ်ခုဖြစ်စေသည်။
မောင့်ကိုမမြင်ဘူးသော်လည်း မောင့်အသံကြားတိမ်းမူးခဲ့ရသည်။ မောင်ကတွေ့ချင်သည်ဟု ခဏ ၊ ခဏ ဂျီကျသောအခါ ကျွန်မငြင်းဆန်နိုင်ရန် အားမရှိတော့။ ဖြစ်ချင်ရာဖြစ် ဟူသော အတွေးနောက်ကွယ်တွင် ကျွန်မက
မောင့်အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ။ အသိတရားတို့သည် မောင့်အပြုံးအောက်တွင် တိတ်တိတ်ပုန်းနေကြလေ၏။
ဖုန်းရိန်းတုန်း သံလေးက ရုတ်တရက်ထမည်လိုက်သဖြင့် ကျွန်မလန့်သွားရသည်။ အသာအယာယူကြည့်လိုက်သောအခါ အိမ်ကဆက်သောဖုန်းဖြစ်လေ၏။ ဖုန်းကို စပီကာပိတ်လိုက်ပြီး အသာယာချထားလိုက်သည်။
ဖုန်းကျသွားမှ ဖုန်းကို လေယာဉ်ပျံ ထောင်ထားလိုက်၏။
ကျွန်မဘေးနား နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသော မောင့်ကို ငုံ့ကြည့်နေမိရင်း မောင့်နဖူးဆံစပ်မှ ဆံပင်လေးများအား
ကျွန်မလက်ကလေးနှင့် ပွတ်သပ်တင်ပေးနေမိသည်။ သက်ပြင်းတစ်ချက်ခိုးချရင်း
ကျွန်မစိတ်အစဉ်က အတိတ်ဆီသို့တရိပ်ရိပ် ရွေ့လျားနေခဲ့ကြလေ၏။
***************
" ကို အပြန်အရမ်းမိုးချုပ်တယ်နော် တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် "
ကျွန်မမျက်ဝန်းတို့တွင် ဒေါသရိပ်တို့ ခိုတွဲနေသော်လည်း ကျွန်မအသံကတော့ ချိုသာနေကြသည်။ ကိုက ကျွန်မကို ကြည့်ရင်း
" အလုပ်မအားလို့ပေါ့ကွာ မင်းကလဲ အလုပ်ကိစ္စကြောင့် မိုးချုပ်တာ "
ကို့စကားသံကို နားထောင်ရင်း ကျွန်မရင်တွေ နာကျင်နေရသည်။ ကိုညာနေသည်ကို သ်ိလျှက်နှင့် ကျွန်မမသိချင်ယောင်ဆောင်ရသော ဝဋ်ဒုက္ခ က အလွန်ကြီးမားလှသည်။ ကို့အတွက် ကျွန်မ၏လှပမှု့၊ နုပျိုမှ ု့များအား သစ္စာရှိစွာ အသုံးတော်ခံခဲ့သော်လည်း ယခုအခါကျ ကိုသည် အရာရာကို တန်ဖိုးမထားစွာ မေ့လျော့ထားဟန်။
ကိုသွားနေကျ နေရာများမှ ခပ်ကဲကဲ ၊ ခပ်လန်းလန်းချာတိတ်များ၏ ကယုကယအသံလောက် ကျွန်မက စွဲဆောင် ညှိ ု့ငင်နိုင်ခြင်း မရှိခဲ့ပြီလား။ ကို့အပေါ် ကရုတစိုက် မယားတစ်ယောက်၏တာဝန်ဝတ္တရား များအား မပျက်မကွက်လုပ်ဆောင်ပေးလျက်ရှိသော ကျွန်မ၏ပြုစုအယုအယများက ကို့အတွက် အမှိုက်တစ်စလောက်တောင် တန်ဖိုးမရှိတော့ပြီလား။ နှလုံးသားမှ နင့်နင့်နဲနဲနာကျင်လွန်းသဖြင့် ကျွန်မသည် ကို့ကွယ်ရာတွင် တိတ်တိတ်ကြိတ်ငိုခဲ့ရသော နေ့ ၊ည တွေက မရေတွက်နိုင်တော့။ ကိုပြန်မလာသောညတွေက များများလာပြီး အထီးကျန်ဆန်ဆန် ခြောက်ကပ်စွာတစ်ယောက်တည်း ဖြတ်သန်းရသောညတွေက ကျွန်မကို အပိုင်စားယူခဲ့၏။ မိန်းမတစ်ယောက်၏ ဗွီတိုအာဏာကို အပြည့်သုံးပြီး ကန့်ကွက်သောအခါ ကို့နုတ်ဖျားမှ လွင့်စင်ကျလာသောစကားက ကျွန်မအား ထိတ်လန့်စေကာ အရုတ်ကြိုးပြတ်ခွေကျသွားစေသည်။
" ငါ့ကို မယုံကြည်ရင် သင်္ကာမကင်းဖြစ်ရင် မင်းသဘောပဲ ဘာလုပ်ချင်လဲ လမ်းခွဲချင်လား မင်းကြိုက်တာ ဆုံးဖြတ်လို့ရတယ် "
ကို့နုတ်မှ လွင့်စင်ကျလာသော စကားအချို့က မီတောင်ပေါက်ကွဲ၍ လွင့်စင်လာသော အပိုင်းစများကဲ့သို့ ကျွန်မရင်ကို ထိခိုက်နာကျင်လွန်းစေ၏။ တစ်ချိန်က ကျွန်မကိုမရလျှင် သေတော့မတတ်ဖြစ်ခဲ့သော ကို့ပုံရိပ်အား အစရှာမရတော့။ ကျွန်မအချစ်ကိုရရှိရန် ရူးရူးမူးမူး ကြိုးစားခဲ့သော ကိုနှင့် ယခု ကိုသည်မတူညီနိုင်လောက်အောင် မည်သို့သောအကြောင်းကြောင့် ပြောင်းလဲသွားကြရသနည်း။ ကျွန်မရင်ထဲ မိုးတွေရွာနေခဲ့ရသည့်အဖြစ်ကို မမြင်နိုင်တော့ခြင်းကြောင့် ဖြေမဆည်နိုင်ခဲ့။ ကျွန်မမည်သို့နေမည်လဲ ကိုမတွေးတော့။ ကို့အားမပြတ်နိုင်သောအခါ ကျွန်မသည် ကိုဘာလုပ်လုပ် ငေးကြည့်နေတတ်သော သံပတ်ပေးထားသော အရုပ်တစ်ရုပ်ကဲ့သို့. စက်ရုပ်ဆန်နေတော့သည်။ အထီးကျန်ဆန်သော
ညတွေကို ထွေးပွေ့တတ်လာပြီး အရာရာသည်
ကျွန်မကို အသက်မဲ့စေလာ၏။ ဘဝသည် ရှင်လျက်နှင့်သေနေသောသူတစ်ယောက်ကဲ့သို့ ခံစါးလာရသောအခါ ကျွန်မ၏ အားလပ်ချိန်တွေအား ဖေ့ဘုတ်ခ် ဆိုသော အရာပေါ်တွင် အပျင်းပြေအကြောင်းပြ၍ နှစ်မြုပ်ထားလိုက်သည်။
မက်စင်ဂျာက စာပို့သံလေးမှစ၍ မောင်နှင့် စတင်ခင်မင်ခဲ့ရခြင်း။ ခင်မင်လာသောအခါ ကျွန်မ၏တိုင်ပင် ရင်ဖွင့်ဖော်အဖြစ် မောင်ကနားထောင်ပေးတတ်သည်။ ကျွန်မကို အကြင်နာစကားများဖြင့် ချော့မြူ ဖျောင်းဖျတတ်သည်။ အစစ ကျွန်မဘဝအား နားလည်ပေးသည်။
နောက်ဆုံး ကျွန်မဘဝအား သိလျှက်နှင့် မောင်ကချစ်ရေး ဆိုလာသောအခါ ကျွန်မရင်တွေ ဆယ်ကျော်သက်လေးလို တဖျပ်ဖျပ်ခုန်နေသည်။ ကျွန်မလိုချင်သော ၊ တမ်းတသော အချစ်တို့အား မောင့်ဆီမှာ တွေ့ခွင့်ရလိုက်ရသဖြင့် ကျွန်မ၏အသိတရားတို့က အဝေးသို့ထွက်ပြေး၍ မျက်စိကန်းစေတော့သည်။ ကျွန်မထွက်ပြေးခဲ့ပါသေးသည်။ ကျွန်မပုန်းရှောင်ခဲ့ပါသေးသည်။ ကျွန်မရှိရာ မောင်က မရောက်ရောက်အောင် လာသောအခါ
ကျွန်မ မငြင်းနိုင်လောက်အောင် ကျရှူံးခဲ့ရသည်။
" မ. မကို မောင်သနားပြီး ချစ်တာဆို ပိုမှန်မယ် "
" မဖြစ်နိုင်ပါဘူး မင်းနဲ့ မက အစစ အရာရာ မတူညီနိုင်ဘူး စိတ်ကူးမယဉ်ပါနဲ့ကွာ မင်းနဲ့ရွယ်တူတွေသာ ရှာချစ်ပါ "
ကျွန်မ ထိုသို့ငြင်းဆန်မိတိုင်း ကျွန်မရင်ဘတ်တို့သည် ထိုးထိုးအောင့်သွားကြလေသည်။
" ဘာဖြစ်လဲ အသက်ကွာတာနဲ့ မချစ်ရဘူးလား
ကျွန်တော်လည်း မသိဘူးဗျာ သူ့ဘာသာ ဟောဒီရင်ဘတ်က အလိုလို ဖြစ်လာတာ ကျွန်တော်ကိုယ်တိုင် တောင် နားမလည်ဘူးဗျာ မနော် ကျွန်တော့်ကို ပြန်မချစ်ရင် ကျွန်တော့်ကိုယ် ကျွန်တော် တစ်ခုခု လုပ်ပစ်မယ် "
မောင်က ထိုသို့ခြိမ်းခြောက်လာသောအခါ ကျွန်မအနားမှ မောင်ပျောက်ကွယ်မှာ အလိုလိုကြောက်လာသည်။ မောင်မရှိလျှင်ဆိုသောအသိက ကျွန်မနှလုံးသားအား အနိုင်ယူကြပြန်သောအခာ မောင်နှင့်ကျွန်မ ချစ်သူဘဝရောက်ခဲ့ရသည်။ ခြောက်လဆိုသော အချိန်ကာလတစ်ခု ရောက်လာတော့ မောင်က ကျွန်မအားတွေ့ခွင့်တောင်းခဲ့ခြင်းပင်။
" မ. မအိပ်သေးဘူးလား "
ကျွန်မဘေးနားမှ တရေးနိုးလာသော မောင့်အမေးစကားကြောင့် ကျွန်မ " ဟင့်အင်း " ဟု ဖြေလိုက်သည်။
မောင်က ကျွန်မကို လှမ်းဖက်ရင်း
" ဒီအခြေနေရောက်မှ မေးနေစရာ လိုသေးလားကွယ်
မင်းကိုချစ်မိလို့ ဘဝမှာ အမှားဆိုတာကို ကျူ းလွန်ဖို့ တစ်ခါမှမစဉ်းစားဖူးဘူး ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြတယ်
ခုလိုတွေ ယောင်လို့တောင်မတွေးဖူးဘူး ခုတော့ ခုတော့ကွာ "
ကျွန်မစိတ်မှ အသိတရားအချို့က သတိပေးလာတိုင်း
ကျွန်မ ပိုပိုမွန်းကြပ်သွားခဲ့ရသည်။ ကျွန်မနုတ်ခမ်းပါးထက် မောင်က သူ့လက်ကလေးနှင့်ပိတ်လိုက်သည်။
" တော်ပြီဗျာ စိတ်ညစ်စရာတွေ မကြားချင်ဘူး သိလည်းမသိချင်ဘူး မကို မောင်ချစ်တယ် မ ဘာကြီးဖြစ်နေ ဖြစ်နေ. ချစ်တယ်ဗျာ ကျွန်တော်သိတာ အချစ်ပဲ "
မောင့်စကားသံကြားတော့ ကျွန်မသက်ပြင်းချမိသည်။
" မ. မောင်တို့ အတူတူနေကြရအောင်နော် မောင့်နောက် မ လိုက်မယ်မဟုတ်လား "
မောင့်ကို အံ့သြသောမျက်ဝန်းနှင့် ငေးကြည့်မိသည်။ မောင်ကစူးစိုက်ကြည့်ရင်း
" ဖြေလေ မောင့်ကိုချစ်ရင် မောင်တို့ တစ်နေရာ ထွက်ပြေးကြရအောင် နော် "
ကလေးတစ်ယောက်လို ပြောနေသော မောင့်နဖူးလေးအား ကျွန်မ မြတ်နိုးစွာ ငုံ့နမ်းလိုက်၏။ အပြုံးတစ်ပွင့်နှင့် ခေါင်းလေးညိတ်ပြလိုက်သည်။
" မ အဆင်သင့်ဖြစ်ရင် မောင့်ကိုဖုန်းဆက်နော် "
နောက်တစ်နေ့ ကျွန်မကို ကားပေါ်တင်ပေးရင်း မောင်ကတဖွဖွမှာသည်။ ခဏတာခွဲရမည်ကိုပင် ကျွန်မရင်က မခံစားနိုင်လောက်အောင် ဖြစ်နေသည်။ မျက်နှာညှိုးငယ်စွာ လက်ပြကျန်ခဲ့သော မောင့်ပုံရိပ်က ကျွန်မမျက်ဝန်းမှမထွက် ။ ကျွန်မစိတ်တွေသည် မောင့်ဆီ အပြီးကျန်ခဲ့လေပြီ။
**************
အဝတ်အစားထည့်ထားသော အိတ်အား ကားသမားကို တင်ခိုင်းလိုက်သည်။ ကျွန်မကို လာစောင့်နေမည့် မောင့်အား မျက်လုံးထဲမြင်ယောင်လာပြီး ကျွန်မပြုံးမိသည်။ မောင်နှင့် ကျွန်မအဆင်သင့်စွာ ဘဝတစ်ခု တည်ဆောက်ခွင့်ရလေပြီ။ ကားပေါ်တွင် ငြိမ်သက်စွာ လိုက်ပါလာရင်း ကျွန်မစိတ်တွေက တောင်စဉ်ရေမရ။
" မင်း ဘယ်ကပြန်လာတာလဲ သက်ထား "
မောင့်ဆီကအပြန် အိမ်ထဲကို ဝင်လိုက်သည်နှင့် မီးးဝင်းဝင်းတောက်သော မျက်ဝန်းများနှင့် ဆီးကြိုနေသော ကို ...။
ကို့မေးသံကို ကျွန်မက ဟန်မပြတ်ပင်
" သူငယ်ချင်းအလှူ သွားတာ လေ "
ဟု ဖြေလိုက်သည်။ ကျွန်မအဖြေကို ဒေါသကြီးစွာနှင့် စားပွဲတွင် အလှတင်ထားသော ပန်းအိုးအား ကောက်ခွဲရင်း ကိုက ပေါက်ကွဲပြသည်။ ကို ယခုလို ဒေါသကြီးသည်ကို ကျွန်မတစ်ခါမှမမြင်ဘူးပါ။
" မင်း တော်တော်လိမ်တတ်နေတာပဲ သက်ထား
မင်းသူငယ်ချင်းနဲ့ ငါတွေ့ပြီးပြီ မင်းမလာသလို သူတို့လည်းအလှူမလုပ်ဘူး မင်းဘယ်သွားတာလဲ ငါ့ကိုဖြေ "
ကျွန်မတွင် ဖြေစရာ အဖြေမဲ့နေလေပြီ။ ဘာတစ်ခွန်းမှ တုံ့ပြန်မဆိုဖြစ်တော့ပါ။ ကျွန်မစိတ်ကုန်နေသော အိမ်ထောင်ရေးအား ဆက်လက်၍ မဖြတ်သန်းချင်တော့။ ဖြစ်ချင်ရာဖြစ်ဟူသော အတွေးတစ်ခု ဝင်ရောက်လာသောအခါ
" ကျွန်မလည်း ရှင့်လိုပေါ့ ကျွန်မစိတ်သာယာမှု့နောက်လိုက်တာလေ "
ကျယ်လောင်စွာအော်ဟစ်လိုက်သော ကို့အသံကြောင့် ကျွန်မလန့်ဖျပ်သွားရသည်။ ဒေါသတကြီး နာကျည်းစွာဆိုနေသော ကို့စကားတွေကြား ကျွန်မခေတ္တခဏ ဆွံ့အနေမိပြန်သည်။
" မင်း မင်း သိပ်အောက်တန်းကျတဲ့မိန်းမပဲ မင်းအသက်အရွယ်နဲ့ကွာ အသက်လေးဆယ့်ရှစ်နှစ်ရှိနေတဲ့မင်းကိုဘယ်သူကအတည်ချစ်မှာလဲ ဘယ်သူကအတည်လက်ထပ်မှာလဲငါ ကယောက်ျားကွငါ့အတွက်ဘာမှမဖြစ်ဘူး သက်ထား မင်း မင်းကွာ "
ကို့ပုံစံက နာကျင်ထိခိုက်နေဟန်။ ကို့ကိုကြည့်ပြီး ကျွန်မစိတ်ထဲ နောင်တတစ်ခုခုရသလိုလို ခံစားလာရသည်ကအမှန်။ သို့သော် ကျွန်မမျက်ဝန်းမှာ မြင်ယောင်လာသည်က အတိတ်က ကိုပြုခဲ့သော အပြုအမူများက အစီအရီ။ ညမှောင်မှောင် တိတ်ဆိတ်ခြောက်ကပ်နေသော အချိန်တွင် ကျွန်မကြောက်သော လျှပ်လက်ပြီး
မိုးတွင်တွင်ခြိမ်းသော ညတို့တွင် စောင်ခေါင်းမြီးခြုံ၍ ကျော်ဖြတ်ခဲ့ရသောညများ။ ထမင်းစားပွဲဝိုင်းတွင် နေ့စဉ်နည်းနည်း တစ်ယောက်ထဲ မျက်ရည်ကျပြီး ကုန်လွန်ခဲ့ရသောအချိန်များ။ ကျွန်မစိတ်ပူစွာ ပြောမိ ၊ တားမိတိုင်း ကို့အကြည့်စူးစူးအောက်တွင် ကျွန်မခေါင်းငုံ့နေပေးခဲ့ရသည်များ မြင်ယောင်လာတော့ ကျွန်မနုတ်ခမ်းပါးမှ ကျွန်မသတိမထားမိလိုက်သော စကားများ က ခုန်ကျလာလေ၏။
" ရှင် ကြိုက်သလိုထင်နိုင်တယ် ရှင်ဘာဖြစ်ချင်လဲ
ရှင်ဖြစ်ချင်သလို လုပ်လို့ရတယ် "
ကျွန်မနုတ်ခမ်းလွှာမှ နာကျည်းစွာ ကြွေကျလာသော စကားတွေက အေးစက်မာကျောနေလေသည်။ ကိုက
ကျွန်မကို စူးစူးစိုက်စိုက် စိုက်ကြည့်၍ တောက်တစ်ချက် ပြင်းပြင်းခေါက်ရင်း လက်တစ်ဖက်က အပေါ်သို့ မြောက်တက်သွားလေ၏။ ကျွန်မမျက်ဝန်းနှစ်ခုလုံးအား မှိတ်ပစ်လိုက်ပြီး ငြိမ်သက်နေမိသည်။
ကျယ်လောင်သောအသံတစ်ခုကြောင့် ကျွန်မမျက်ဝန်းကို ဖွင့်ကြည့်လိုက်သောအခါကျွန်မကိုမရိုက်ဘဲ အလှစိုက်ထားသော ဂမုန်းအလှပန်းအိုးက ကွဲကျေနေလေ၏။
" ငါချစ်တဲ့ မိန်းမ ငါတန်ဖိုးထားတဲ့မိန်းမက မင်းမဟုတ်တော့ဘူးဘဲ မင်းက လူရော စိတ်ဓာတ်ရော ပျက်ဆီးနေတဲ့ မိန်းမဖြစ်နေပြီ. ငါ့အပေါ်ကို ဖောက်ပြန်တဲ့မင်းကို ငါလည်းဆက်ပေါင်းဖို့ မသထီတော့ဘူး ငါတို့နှစ်ယောက် လမ်းခွဲကြမယ် "
ဟု ကိုဆိုလေသည်။ ကို့စကားကို ကြားလိုက်ရသော ကျွန်မ တခဏတော့ ငြိမ်သက်တွေဝေနေမိ၏။ နှစ်ဆယ်ချီ အတူနေလာကြသော ကိုနှင့်ကျွန်မ။ ယခုတော့ သူစိမ်းအဖြစ်သို့ ပြောင်းလဲကြရန် မာနတွေ ၊ အတ္တတွေ နှင့် ကြိုးစားနေမိကြသည်။ တစ်ယောက်က မလျှော့သလို တစ်ယောက်က တင်းဖို့အဆင်သင့်ဖြစ်နေပြန်၏။ ရှေ့နေနှင့် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကာ ရှိသည့်ပစ္စည်းများအား တစ်ယောက်တစ်ဝက် ခွဲဝေလိုက်ကြသည်။ ကိုက ရှိသည့်ပစ္စည်းများအား တန်ကြေးဖြတ်ကာ ကျွန်မအားငွေပြန်အမ်းပေးလေ၏။ ကိုနှင့်အတူနေခဲ့သော အိမ်ကြီးအား နောက်ဆုံးအနေနှင့် ခပ်ကြာကြာငေးစိုက်ကြည့်နေမိသည်။ ထို့နောက် တစ်ချက်မှ ပြန်လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့လိုက်၏။
ကားဆရာက လှမ်းမေးသဖြင့် ကျွန်မအသိဝင်လာကာ
ခေါင်းညိတ်ပြလိုက်သည်။ ကားရပ်သည်နှင့် အဆင်သင့်စောင့်နေသော မောင်က အပြေးကြိုလေ၏။ မောင့်ကို အပြုံးတစ်ပွင့် ပြုံးပြရင်း ကျွန်မအရာအားလုံးကို မေ့ပစ်ရန်ကြိုးစားလိုက်သည်။
" မ. လာ မောင်တို့ ကားငှါးပြီး မောင်တို့့ရွာလေး ပြန်ကြမယ်နော် "
" ဖြစ်ပါ့မလား မောင်ရယ် မ ကြောက်တယ် "
ကျွန်မက ကြောက်ရွံ့သလို ဆိုတော့ မောင်ကရယ်သည်။ ကျွန်မနဖူးကို သူ့လက်သီးဆုပ်နှင့် ထုရင်း
" မ လှမ်းအကြောင်းကြားကထဲက မောင်က အိမ်ကို
ဖွင့်ပြောလိုက်ပြီမရဲ့ ဖေဖေနဲ့မေမေက ဖြစ်လာမှတော့ အိမ်ကိုခေါ်လာခဲ့တော့တဲ့ "
ဟု မောင်က ဆိုသည်။ မောင့်ကို ကျွန်မ ပြုံးပြလိုက်သည်။ လှောင်ချိုင့်ထဲကလွတ်လာသော ငှက်တစ်ကောင်ကဲ့သို့ ကျွန်မစိတ်တွေလွတ်လပ်နေသည်။
မောင်က ချက်ခြင်းအစီစဉ်ဆွဲကာ ကားငှါးနေ၏။
ကားသမားနှင့် စျေးညှိနေကြသံလည်း ကြားရသည်။
ကျွန်မထက် ငယ်သော မောင်သည် ယခုအခါ လူကြီးလေးနှင့်တူနေပြန်၏။ ကျွန်မနှင့် မောင် ဘဝသစ်တစ်ခုကို တည်ဆောက်ကြရတော့မည်။ ကျွန်မရရှိလာသော ငွေကြေးများအားလုံးနှင့် မောင့်ကို ပျော်စေချင်ပါသည်။ ကျွန်မတို့စီးလာသော ကားလေးက ရိပ်ကနဲ ရိပ်ကနဲ ပြေးနေလေ၏။ ကျွန်မမသိသော နယ်မြေရှူ့ခင်းများက လှပစိမ်းလန်းလျှက် ။ ကျွန်မက ပတ်ဝန်းကျင်ရှူ့ခင်းများကို ငေးမော၍လိုက်လာသည်။ တစ်နေရာအရောက် ကားကထိုးရပ်သွားသည်။
" မ. မောင်တို့ရွာလေးက ဟိုး တောအုပ်စိမ်းစိမ်းလေးပဲ
လမ်းတော့နည်းနည်းလျှောက်ရမယ် "
မောင်ကပြောပြောဆိုဆို ကားပေါ်ကဆင်းသည်။ ကျွန်မလည်း အလိုက်သင့်ဆင်းလိုက်သည်။ မောင်က ကားသမားကို ပိုက်ဆံပေးလိုက်ပြီး ကျွန်မတို့အဝတ်အစားအိတ်တွေ ချလိုက်သည်။ လမ်းလျှောက်ရမည် ဆိုသောအခါ ကျွန်မမျက်နှာလေး နွမ်းသွားသော်လည်းမောင်စိတ်ညစ်မည်စိုးသဖြင့် မည်သည့်စကားမျှမဆိုဖြစ်တော့။ မောင်ညွှန်ပြသော တောအုပ်စိမ်းစိမ်းလေးကိုသာ လှမ်းငေးနေမိသည်။
မာကျောသော အရာတစ်ခုက ကျွန်မခေါင်းအား လာရောက်ထိတွေ့သည်။ နာကျင်မူးဝေသွားသောဝေဒနာက ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေ၏။ ကျွန်မမျက်ဝန်းများ ပြာဝေသွားကာ လူက ညွတ်ခွေလဲကျသွားသည့်အသိကို ခံစားလိုက်ရသည်။ ကျွန်မ၏အသိတွေက နီးသွားလိုက် ၊ အဝေးရောက်သွားလိုက်။ ကျွန်မနောက်ဆုံးသိလိုက်မိသည်က မောင်းထွက်သွားသော
ကားသံလေးသာ.....။
ဆုပြည့်၀