book

Index 5

လှိုင်းအောက်မှာကတဲ့ဘဝ

နေဝင်တော့မယ်ဆိုတာ နေလုံးကြီးကရဲတောက်ပြီး ငိုတော့မယ့်ပုံသက်သေပြတယ်။ ငါးရှာသွားတဲ့ကိုသာဝလှေလေးကို ကမ်းစပ်မှာ ဒီအချိန်ဆို ကျွန်မလာကြိုနေကြပါ။ ခင်ပွန်းသည်ရလာမယ့်ငါးတွေကို အမျိုးမျိုးအစားခွဲပြီး
ဒိုင်သွင်းချင်သွင်း ၊ မသွင်းချင်ရွာထဲလည်ရောင်း။ ဒါမှမဟုတ်ရင် ကျွန်မတို့ရွာနဲ့ငါးမိုင်လောက်ဝေးတဲ့မြို့လေးကို တက်ရောင်းရုံပေါ့။ တံငါနဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ရွာလေးဆိုတော့လည်း ဒီအလုပ်ပဲ လုပ်ရတယ်။ တခါတလေ ငါးတွေအလျှံပယ်ရတတ်ပေမယ့် တခါတခါကျ ဟင်းစားသာသာလောက်နဲ့ကိုသာဝ ပြန်လာတတ်တယ်။ အဲဒီလိုနေ့မျိုး ကြုံလာရင်တော့ ကျွန်မတို့အိမ် အူမစိုဘဲ ထမင်းတောင်နပ်မမှန်ပါဘူး။ ကျွန်မလည်း ရွာထဲအလုပ်ထွက်လုပ်ချင်တာပေါ့။
ငါးဒိုင်အိမ်မှာ အလုပ်ပေါတယ်။ ရသမျှငါးမှန်သမျှ အကုန်ဝယ်ပြီး နည်းမျိုးစုံနဲ့ ရန်ကုန်ပို့ကြတာလေ။ တစ်ရွာလုံးအလုပ်လိုချင် သူတို့အိမ်သာသွား။ ကျွန်မလုပ်ချင်ပေမယ့် ကိုသာဝက လက်မခံဘူး။ အလုပ်လုပ်မယ်ပြောတိုင်း ပြောတတ်တဲ့စကားက " `ကလေးတွေကိုပဲ ရင်အုပ်မကွာ စောင့်ရှောက်စမ်းပါဟာ၊ သမီးကြီးကလည်း အပျိုဖော်ဝင်တော့မှာ၊ မအေရဲ့ အနီးကပ်စောင့်ရှောက်မှု လိုတယ်´" တဲ့။ အိမ်မှာကလေးတွေကလည်း ငယ်သေးတယ်လေ။ သမီးအကြီးဆုံးမှ ဆယ့်နှစ်နှစ်ရှိသေးတယ်။ ကလေးက မများပါဘူး။ ငါးယောက်ပဲရှိတာပါ။ အငယ်ဆုံးလေးကနို့မပြတ်သေးဘူး။ ခုမှအခါလည်ခြောက်လရှိသေးတာ။ သမီးကြီးဆို ကျောင်းကိုမထားနိုင်ဘူး။ မအေကိုအစစကူဖော်ရလို့ အားကိုးရတယ်ဆိုရမယ်။ သူများကလေးတွေလို အချိန်ပြည့်တောင် မကစားရရှာပါဘူး။ ၊ ဟော..။ ဟိုးမှာလှေလေးမြင်ရတယ်။ ကိုသာဝထင်တယ်။
ရင်ထဲပျော်သွားပြီး လက်ကလေးလှမ်းပြလိုက်တယ်။ ဒီတစ်နေ့တော့ ကိုသာဝအတွက် ပူပင်ရတဲ့စိတ်လေး အေးသွားပြန်ပြီ။
တဖြည်းဖြည်းကမ်းနားဆိုက်လာတဲ့ငါးဖမ်းလှေလေးကိုငေးပြီး ကျွန်မစိတ်တွေ ကလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ်။ လှေဝမ်းဗိုက်ထဲအပြည့်တင်လာတဲ့ငါးတွေကို ကြည့်ပြီး ကျွန်မအားရပါးရပြုံးလို့ပေါ့။
" ငါးတွေရလာလိုက်တာအများကြီးပဲ ကျုပ်ယောက်ျားတော်လိုက်တာ "
ကျွန်မကြည်ကြည်နူးနူးဆိုလိုက်တော့ ကိုသာဝရဲ့အညာသားကျောကုန်းရောင်ပေါက်နေတဲ့မျက်နှာကြီး ပြုံးနေလိုက်တာများ။ လှေရပ်တာနဲ့ ကျွန်မအဆင်သင့်ယူလာတဲ့ ငါးသယ်တဲ့ခြင်းကြီးထဲ ငါးတွေကောက်ထည့်ရတယ်။ပြီးရင်ကိုသာဝကပိုက်ကွန်ကိုပုခုံးပေါ်တင်ပြီး ငါးတောင်းကို စွေ့ကနဲမြှောက်ပြီး ထမ်းတော့တာ။ ကျန်တဲ့ငါးတွေကို နောက်ထပ်ခြင်းထဲဆက်ကောက်ပြီး ကျွန်မပါခေါင်းပေါ်ရွက်လာရတာပဲ။ ကျွန်မတို့နေတဲ့အိမ်က ကမ်းစပ်နဲ့သိပ်မဝေးပါဘူး။ မြေပိုင် ၊ ယာပိုင် မပိုင်တဲ့ကျွန်မတို့အတွက် နေစရာအိမ်က ကမ်းခြေနဲ့မနီးမဝေးနေရာမှာလေ။ ကျွန်မတို့လို ရေလုပ်သားအများစုက ကိုယ်စီတဲလေးတွေထိုးပြီးနေကြတာအိမ်ခြေရှစ်ဆယ်လောက်ရှိတယ်။ ဆင်းရဲသားချင်းဆိုတော့ ရိုင်းပင်းကြပါတယ်။ အချင်းချင်းလည်းကူညီတတ်ကြတယ်။ လေထန်ထန်နေပူမှာ နေုကြလို့လည်း ညိုမှောင်နေတဲ့အသားတောင်အမဲဘက်ကူးလာပေါ့။
ငါးတွေကဆိုဒ်စုံ ၊ အရွယ်စုံ ၊ အမျိုးစုံမို့ ရွေးရ ၊ ဆယ်ရဦးမယ်။ ကျွန်မတို့တဲနားရောက်တော့
ငါးတောင်းကိုချလိုက်တာနဲ့ ကြမ်းပြင်ကသိမ့်ခနဲဖြစ်သွားတယ်။ ကျွန်မတို့အိမ်လေးက အဲဒီလောက်ခိုင်ခန့်တာ။ ဒါပေမယ့် ကိုယ်နေရတဲ့နေရာက ကိုယ့်နန်းတော်ပဲလေ။ အိမ်ပေါ်ကို လှမ်းကြည့်တော့ ကလေးတွေဆော့ထားကြတဲ့ အဝတ်အစားတွေက ဟိုတစ်စ ၊ ဒီတစ်စ။
" ဟဲ့ အေးသာ သိမ်းစရာရှိသိမ်းစမ်း ညည်းအဖေမောလာတယ် "
ကျွန်မအော်လိုက်တာနဲ့ သမီးအေးသာက သူ့ညီမတွေ မောင်တွေကို ပွစိပွစိလုပ်ပြီး သိမ်းဆည်းနေသလို ကိုသာဝတစ်ယောက်လည်း သူ့ငါးဖမ်းပိုက်ကွန်ကြီးကို ဖြန့်လှမ်းနေလေရဲ့။
" ဟဲ့ အကြီးကောင်နဲ့အလတ်ကောင် နင်တို့ထပ်ကမျင်းရင် ငါ့အဆိုးမဆိုနဲ့ "
သမီးကြီးအေးသာအသံက ကျွန်မတို့တဲလေးထဲ ဆူညံသွားတယ်။ ကျွန်မတစ်ယောက်ထဲ ရလာတဲ့ငါးတွေကိုအမျိုးအစားခွဲနေတဲ့အချိန် ကိုသာဝကတော့ ပိုက်ကွန်လှမ်းပြီးတာနဲ့ ခေါင်းအုံးတစ်လုံးယူပြီး လဲလျောင်းနေလေရဲ့။ ခုမှ ပင်ပန်းသမျှ အားရပါးရ ခြေပစ်လက်ပစ်နားနေရှာတာ။ ကျွန်မလည်း ငါးတွေရွေးဆယ်ပြီးတာနဲ့
" ကဲ ယောက်ျားရေ. ပြန်မှနားတော့ အချိန်ရှိတုန်း ဒိုင်သွားသွင်းကြရအောင် " "
လို့ဆိုပြီး ငါးတောင်းတစ်တောင်းကို ကိုသာဝပုဆိုးအနွမ်းလေး ခေါင်းခုလုပ်ပြီးရွက်လိုက်တယ်။ ကိုသာဝက လှဲနေရာကထပြီး
" ကလေးတွေအတွက် ဟင်းစားဖယ်ထားဦးလေ အေးရီ "
လို့ ဆိုလာတယ်။ တံငါသည် ငါးဟင်းစားရတာ ကောင်းတဲ့အခြေအနေမဟုတ်ဘူးလေ။ ငါးသိပ်မရတဲ့နေ့တွေဆို ရတဲ့ငါးကိုပဲ ချက်စားနေရတာ ကလေးတွေလည်း ဝက်သားလေး ကြက်သားလေး စားချင်ရှာရော့မယ်။ ဒီနေ့တော့အချိန်လင့်ပြီ။ မနက်ဖြန်မှပဲ ဝက်သားဟင်းချက်ကျွေးတော့မယ်လို့ ကျွန်မတွေးနေမိတယ်။
" ဖယ်ထားပါတယ်ကိုသာဝရယ် ဒီညစာကတော့ ငါးဟင်းပဲစားကြတာပေါ့ မနက်ဖြန်ကြမှ တော်ကြိုက်တဲ့ဝက်သားဟင်းချက်ကျွေးမယ်"
ပြောပြောဆိုဆို ငါးဒိုင်ဆီ ခြေဦးလှည့်ရတော့တယ်။ ကျွန်မတို့လင်မယားကိုကြည့်ပြီး အိမ်နီးနားချင်း ကိုကျော်ကြီးက
" ကိုသာဝကြီး ဒီနေ့ရလှချည်လား ပြန်လာ တဖလားလောက်ချကြရအောင် "
လို့ လှမ်းအော်ပြောတော့ ကိုသာဝက လက်မလေးပြန်ထောင်ပြလိုက်တယ်။ ကျွန်မလည်း သူတို့ယောက်ျားလေးအကြိုက် ကို နားလည်ပေးလိုက်ပြီး မသိချင်ယောင်ဆောင်ပေးလိုက်ရတယ်။ ကိုသာဝက အရက်သောက်လို့လည်း တခြားယောက်ျားသားတွေလို သားမယားကိုပြန်နှိက်စက်ခြင်းမရှိဘူးလေ။ မူးလာရင် သူ့ဖာသာအိပ်တော့တာ။
ငါးဒိုင်အိမ်ရောက်ဖို့ ကျွန်မတို့အိမ်ကနေ နာရီဝက် လောက်လမ်းလျှောက်ရတယ်။ ကျွန်မတို့မြင်တာနဲ့ ငါးဒိုင်
ဒေါ်တုတ်က လှမ်းရယ်ပြတယ်။
" အေးရီတို့လာလာ ဘာငါးတွေရလာလဲ "
ကျွန်မတို့ငါးတောင်းထဲကငါးတွေကြည့်ပြီး သူ့အကြိုက်ငါးဆို ဒေါ်တုတ်တစ်ယောက် အပြုံးတွေရွှန်ရွှန်းစိုနေတာပဲ။ ကြီးမားဝတုတ်ပြီး သယ်ရခက်တဲ့ခန္ဓာကိုယ်ကြီးကို လှူပ်လှူပ်ပြီး ရယ်တတ်သေးတယ်။
" ဟဲ့ ထွန်းကျော် အေးရီတို့ငါးတွေအရင်ချိန်လိုက် "
သူ့အလုပ်သမားကတ္တားချိန်တဲ့ ထွန်းကျော်ကို လှမ်းခိုင်းတော့တာပဲ။ ချိန်တွယ်ပြီးတာနဲ့ ကျသင့်သလောက်ငါးဖိုးကို ကျွန်မလှမ်းယူလိုက်တယ်။ စျေးပိုတောင်းလည်း အပိုပဲမို့လျှာရှည်ပြီး တောင်းမနေတော့ဘူး။ ကျွန်မတို့လင်မယားငါးရောင်းပြ်ီးတာနဲ့ အိမ်အတွက်လိုအပ်တာလေးတွေ ရွာထဲကနေဝယ်ခြမ်းလာပြီး ပြန်လာကြတယ်။ ကိုသာဝကလည်း သူ့အကြိုက်လေး သူဝယ်ရင်း တနေကုန်ပင်ပန်းသမျှ စည်းစိမ်ခံတော့မယ်လေ။ ကျွန်မတို့ အိမ်ပြန်ရောက်တော့ သမီးကြီးအေးသာက
ထမင်းနဲ့ဟင်းကိုအဆင်သင့်ချက်ထားပြီးပြီ။ ကျွန်မလောက်ဟင်းချက်မကောင်းပေမယ့် အေးသာက တော်တော်ချက်တတ်နေပြီ။ ကိုသာဝကတော့ သူ့ရိက္ခာကိုင်ပြီး
ကိုကျော်ကြီးတို့အိမ် သွားတော့တာပဲ။ အိမ်ကအေးသာချက်တဲ့ငါးဟင်းကို အမြည်းထည့်သွားလေရဲ့။ ကျွန်မလည်း ရေမိုးချိုးလိုက်တယ်။ ကိုသာဝငါးရှာဖို့က နောက်ငါးရက်ပဲကျန်တော့တယ်။ အဲဒီငါးရက်အတွင်း ငါးရပါစေဆုတောင်းရမယ်။ ဒါမှ အလုပ်နားမယ့်ရေသေရက်မှာ ထိုင်စားဖို့အဆင်ပြေမှာလေ။
" အေမ "
သမီးကြီးအေးသာအသံကြားတော့ ကျွန်မအတွေးတွေရပ်တန့်သွားတယ်။
" ဘာလဲအေ့ "
" ကျုပ်ကို ရှင်မီးအင်္ကျီဝယ်ပေးပါလား "
အေးသာစကားကြောင့် ကျွန်မ အံ့သြဟန်နဲ့ အေးသာကိုကြည့်မိတယ်။ ကျွန်မသမီးအေးသာတောင် ဝလာပြီး အသားရည်တွေစိုလာတယ်။ အပျိုဖော်ဝင်တော့မှာပါလား။
" ဟိုနေ့က ကျုပ်ရွာထဲသွားတော့ ရွာထဲက လူတွေက
ကျုပ်ကိုဝိုင်းကြည့်တယ် ကုန်စုံဆိုင်က ဒေါ်ဘုမက
ညည်းအမေကိုပူဆာတဲ့ အင်္ကျီတစ်ထပ်တည်းမဝတ်နဲ့တဲ့ ကြည့်မကောင်းဘူးတဲ့ အဲလိုပြောတော့ကျုပ်ရှက်တယ်"
အေးသာက နုတ်ခမ်းလေးချွန်ပြီးပြောတော့ ကျွန်မသက်ပြင်းချမိတယ်။
" အေးပါအေ အမေဝယ်ပေးမယ် နော် "
ကျွန်မဆိုမှ အေးသာကျေနပ်သွားတယ်။
" အမေ ထမင်းစားကြရအောင် ထမင်းခူးတော့မယ် "
" ညည်းအဖေမလာသေးဘူးအေ့ အဖေ့ဖို့ ဟင်းဦးဖယ်ထားလိုက် ညည်း တို့မောင်နှမတွေစားတော့"
ကျွန်မပြောတော့ အေးသာခေါင်းညိတ်ပြရင်း သူတို့မောင်နှမတွေခူးခပ်စားကြပါရော။ ကျွန်မလည်းအိမ်အတွက် စဉ်းစားရင်း သက်ပြင်းပဲချနေမိတယ်။
ရေသေရက်ကျရင် ငါးရှာထွက်မရတော့ဘူး။ တစ်လမှာ ရေထရက် ဆယ့်ငါးရက် ၊ ရေသေရက်ဆယ့်ငါးရက်ရှိတယ်။ ရေထရက်ဆယ့်ငါးရက်က ကျွန်မတို့လိုတံငါသည်တွေအတွက် ငါးရှာရက်အဖြစ်သဘာဝကချမှတ်ပေးထားတယ်ထင်ပါရဲ့။ ရေသေရက်ဆို တံငါသည်တွေ ငါးမရှာကြတော့ဘူး။ ရှာလည်းရမှမရတာ။ ကျွန်မတို့မှာ ပိုင်ဆိုင်တာဆိုလို့ ငါးဖမ်းလှေလေးတစ်စီးသာရှိတယ်။ ဒီငါးဖမ်းလှေလေးကိုယ်ပိုင်ဖြစ်ဖို့လည်း ကိုသာဝမနည်းကြိုးစားထားရတာ။။ ကျွန်မတို့မိသားစုအတွက် ငါးဖမ်းလှေတစ်စီးရှိရင် ထမင်းကတော့မငတ်ဘူး။
" မိန်းမရေ. ထမင်းစားမယ်ဟေ့ "
ကိုသာဝရဲ့လျှာလေးအာလေးသံကြောင့် ကျွန်မလည်းအတွေးထဲက လန့်နိုးသွားရတယ်။ ဗိုက်ဆာလာတဲ့ကျွန်မယောက်ျားကို ခူးခပ်ပြင်ဆင်ပေးရင်း လင်မယားနှစ်ယောက် ထမင်းအတူစားလိုက်တယ်။ သမီးအေးသာချက်ထားတဲ့ငါးဟင်းလေးက ကြက်သွန်ဖြူ မပါလို့ ညှီနံ့ထွက်နေပေမယ့် ခပ်စပ်စပ်လေးမို့ထမင်းစားလို့မြိန်လေရဲ့။
" ကိုသာဝ. သားကြီးလည်း ကိုးနှစ်ထဲဝင်လာပြီနော်
ရွာတောင်ပိုင်းက ဒေါ်ကြီးလှတို့အလှူလုပ်မလို့တဲ့ ရွာထဲက ပါဝင်ချင်သူတွေ ပါခွင့်ရအောင် စာရင်းလာပေးတဲ့ ကျုပ်လည်း ကျုပ်သားကြီးကိုရှင်ထည့်ပြုချင်လိုက်တာ
သားငယ်ကတော့ သင်္ကန်းမနိုင်လောက်သေးဘူး "
ကျွန်မပြောတော့ ကိုသာဝခေါင်းညိတ်ပြတယ်။
" အေးပါဟာ ငါးတွေအများရရင် ငါတို့လည်းဝင်ပါနိုင်မှာပါ ကြိုးစားကြည့်ကြတာပေါ့ ဒါနဲ့ရက်ကသတ်မှတ်ပြီးပြီလား "
" နှစ်လကျော်ကျော်လိုသေးတယ် ကိုသာဝရဲ့
ရှာချိန်တော့ရှိသေးတယ် "
ကိုသာဝစကားကြားတော့ ကျွန်မပျော်လိုက်တာ။ ကိုယ့်သားသမီးကို ရှင်သာမဏေမပြုချင်တဲ့မိဘ လောကမှာရှိမလားရှင်။ ကျွန်မကျစ်ကျစ်လစ်လစ်စုထားတဲ့ပိုက်ဆံလေးတွေတော့ ကျွန်မအဝတ်စားထည့်ထားတဲ့သံသေတ္တာလေးရဲ့ အဝတ်စားကြားမှာ ညှပ်သိမ်းထားတယ်။
ဘယ်လောက်ရပြီဆိုတာတောင် ကိုသာဝတစ်ယောက်မသိဘူး။ ယောက်ျားကိုလိမ်တာမဟုတ်ပေမယ့် အရေးပေါ်ကြုံလာရင် မျက်နှာမငယ်ရအောင် ခြေစောင့်လက်စောင့်ဆိုတာ ရှိကိုရှိရမယ်လေ။ ဟောင်းနွမ်းနေပေမယ့် ကျွန်မသံသေတ္တာလေးက အမြဲသော့ခတ်မပြတ်ဘူး။ ကိုသာဝ ငါးရှာရာကို သားသမီးတွေမရခင်ကတော့ ကျွန်မလည်းလိုက်ဖြစ်တာပေါ့။ ဒီရေမြေမှာမွေးသူမှန်သမျှ ငါးဖမ်း ၊ ငါးရှာအလုပ် မတတ်သူခပ်ရှားရှားရယ်။ သမီးကြီးအေးသာကိုယ်ဝန်ကို လွယ်ရမှ ကိုသာဝက ကျွန်မကိုမခေါ်တော့တာ။ ခုတော့ကလေးတွေနဲ့ကျွန်မက
အိမ်ကခွာမရဘဲ အိမ်စောင့်နတ်ဖြစ်နေပါပြီ။
" မေမေ သားက ကိုရင်ဝတ်ရမှာပေါ့နော် "
သားကြီးအမေးကို ကျွန်မက ရယ်ရင်း ခေါင်းညိတ်ပြတယ်။ သားကြီးကံထင်ပါရဲ့။ ခုရက် ငါးတွေတအားရတယ်။ လက်ထဲလည်းစုမိဆောင်းမိလေးဖြစ်လာပေါ့။ သမီးကြီးအတွက် ရှင်မီးအင်္ကျီပင်မက ပွဲကျ ဝတ်နိုင်အောင် အဝတ်အစားပါချုပ်ထားပေးလိုက်တယ်။ သားကြီးကိုသင်္ကန်းဝတ်ဖို့ ဒေါ်ကြီးလှတို့ထဲ စာရင်းလည်းပေးပြီးနေပြီ။ ကိုယ်နိုင်ရာ ပိုင်ရာ ထည့်ဝင်ရတာမို့ ကျွန်မတို့အတွက်လည်း အဆင်ပြေပါ့ရှင်။ ကိုသာဝကလည်း
ရေထရက်ရောက်လာပြီဆို သူ့တာဝန်မလစ်ဟင်းစေရအောင် ကြိုးစားလိုက်တာ။ ကျွန်မတို့ တံငါအိမ်စုလေးမှာလည်း " အေးရီတို့တော့အလှူ့အမဖြစ်တော့မယ် " ဆိုတဲ့ချီးကျူးစကားသံတွေ ညံနေတာပေါ့။ ကျွန်မမျက်နှာမှာလည်း သားကိုရှင်ပြုပေးနိုင်တဲ့ ဂုဏ်က မျက်နှာပေါ်မှာထင်းလင်းနေတာပဲ။ ကျွန်မယောက်ျားကိုသာဝကြီးကလဲ အမြဲတမ်း ပြုံးနေတော့တာ။။ သူငါးဖမ်းကရတဲ့ပိုက်ဆံလေးနဲ့ ကုသိုလ်ကောင်းမှု့လုပ်ခွင့်ရတာ ဆိုတော့ သူလည်းပီတိတွေဝေနေမှာပေါ့ရှင်။
အလှူရက်ကလည်း တဖြည်းဖြည်းနီးကပ်လာပြီ။
" ယောက်ျား ဒီရေထရက်လေးမှာ ငါးတွေရဖို့လိုတယ်နော် ဒါမှ ကျုပ်တို့ ပိုပိုလျှံလျှံလေး မျက်နှာမငယ်အောင်သုံးရမှာ "
" စိတ်ချပါ မိန်းမရာရေထရက် နောက်ဆုံးရက်ထိ ငါးဖမ်းလို့ရပါတယ်ကွ ပူမနေပါနဲ့ "
ကိုသာဝစကားကြားတော့ ကျွန်မကျေနပ်လိုက်တာ။ အလှူအတွက် လိုအပ်တဲ့အစစအရာရာ စီစဉ်ထားနိုင်လာပြီး သားကြီးတောင်သင်္ကန်းတောင်းတွေသင်နေရပြီ။
" မိန်းမရေ နင့်သားကြီးကို ပစ်မထားနဲ့. ရေထဲလည်းအရင်လိုမဆင်းစေနဲ့ အမြင့်တွေပေါ်လည်းမတက်စေနဲ့နော် ဂရုစိုက် "
ကိုသာဝမှာတော့ "သိပါ့တော် "ဆိုပြီး မဲ့ပြလိုက်မိတယ်။ ကျွန်မကို ဘာမှဗဟုသုတမရှိတဲ့အမေကျနေတာပဲ။ ကျွန်မလည်း ခုရက် သားကြီးကိုအမြဲဂရုစိုက်နေရတာ။ သားကြီးရဲ့ကံကြောင့်ထင်တယ်။ ကိုသာဝတစ်ယောက်
တစ်ခါမှမရဘူးလောက်အောင်ငါးတွေရနေခြင်းပဲလေ။
ရေထရက်ကုန်ဖို့ သုံးလေးရက်လောက်အလို ကိုသာဝကိုကျွန်မနားခိုင်းတယ်။ ဘယ်လိုမှနားမထောင်ဘူး။
" အလှူကြောင့် ဒီငါးတွေရနေတာမိန်းမရ အခွင့်ရေးပေးတုန်းမနားဘူးဟာ အလှူပြီးရင် ရချင်မှရတော့မယ်"
ကိုသာဝဆိုတာလည်းမှန်တာပဲ။ ရွာထဲကလူတွေကတောင် ငါးတွေရလွန်းလို့အံ့သြနေကြတာမဟုတ်လား။
ကျွန်မ မှာလည်း လောဘရှိတာပေါ့။ ရလာတဲ့အခွင့်ရေးကို လက်လွှတ်မခံသင့်ဘူးထင်မိတယ်။ ကိုသာဝကိုနှစ်ခါမတားမိတော့ဘူး။ အလှူမှာဝတ်ဖို့ ကိုသာဝအတွက် တိုက်ပုံအကျီင်္နဲ့ကော်လာကတုံးရှပ်လက်ရှည်လေးဝယ်လိုက်တယ်။ ပုဆိုးကလည်း ပိုးပုဆိုးလေး။
တစ်ခါမှမဝတ်ရရှာတဲ့ကိုသာဝကို အဲဒီနေ့ကျရင် လင်းလက်ပြီး ကျက်သရေရှိစေချင်တယ်လေ။ ကျွန်မကလည်း ဇင်းမယ်ဝမ်းဆက်လေးဝယ်ထားပါ့။ သားသမီးတွေအတွက်လည်းအသီးသီးဝယ်ခြမ်းထားတာ ကျွန်မအတွက် သားကြီးကိုရှင်ပြုပေးမယ့်နေ့က ကျွန်မအပျော်ဆုံးနေ့ပဲလေ။
ရေထရက်လည်း ဒီနေ့ဆို ပြည့်ပြီ။ မနက်ဖြန်ဆိုအလှူဝင်တော့မယ်။ ကိုသာဝက ငါးသွားဖမ်းဖို့ပြင်ဆင်နေတော့
ကျွန်မမသွားစေချင်တာနဲ့ တားမိတယ်။
" ကိုသာဝ ဒီနေ့တော့နားလိုက်ပါရှင် ကျွန်မတို့ရွာထဲသွားကြရအောင် "
" နောက်ဆိုနားရတော့မှာကို ဒီတစ်ရက်လေးတော့ရှာဦးမယ်ဟာ"
ကျွန်မစကားကို နားမထောင်တဲ့ကိုသာဝ ကို ဆက်ပြီးမပြောဖြစ်တော့ဘူး။ အလုပ်သွားခါနီးရင် ကိုသာဝကို ဘယ်လောက်မကျေနပ် မကျေနပ် စကားအခြေတင် ကျွန်မမပြောဘူး။ သူသွားလာရတာ ရေပြင်မဟုတ်လား။
" သားကြီးရှင်ပြု ုပြီးရင် ရေသေရက်ကျ စားဖို့သောက်ဖို့လိုနေသေးတယ်လေ အဲဒီအတွက် မနားဘူးမိန်းမရေ ငါစောစောပြန်လာခဲ့မယ် "
ကိုသာဝကိုခေါင်းသာညိတ်ပြလိုက်တယ်။ တချက်တချက် မိုသားဆင်နေတဲ့ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ကိုသာဝလှေလေး မျက်စိအောက်ကပျောက်တဲ့အထိ ငေးမောနေမိတယ်။ ကျွန်မလည်းအိမ်ပြန်လာကာ သမီးကြီးကို ကလေးထိန်းခိုင်းထားခဲ့ပြီး ရွာထဲသွားဖို့ပြင်ဆင်ရပြန်တယ်။
" အေးသာ အမေရွာထဲသွားမယ်နော် မနက်ဖြန်အလှူအဝင်ဆိုတော့ မသွားလို့မရဘူး မောင်လေး ညီမလေးတွေဂရုစိုက် ဘယ်မှမသွားနဲ့ကြားလား "
အေးသာကိုမှာပြီးထွက်လာခဲ့တယ်။ ကျွန်မတို့တံငါအိမ်စုက လူတော်တော်များများတောင် ရွာထဲက ဒေါ်ကြီးလှတို့အိမ်ရောက်နေကြပြီ။ ရွာမှာအလှူတစ်ခုခုရှိရင် ဝိုင်းဝန်းကူညီကြတာ ရွာရဲ့ချစ်စရာ့ဓလေ့လေးဖြစ်သလို အလှူနေ့ဆိုလည်း မီးခိုးတိတ်သွားစားကြတာလေ။ ကျွန်မလည်းအလှူအိမ်ရောက်တာနဲ့လိုအပ်တာတွေကူလုပ်ရတာပေါ့။
" အေးရီရေ ညကရေဒီယိုမှာ မုန်တိုင်းသတင်းကြေငြာထားတယ်သိလား ဒီနေ့ ကိုသာဝကြီးမလွှတ်သင့်ဘူးအေ့ "
ကျွန်မကိုဝိုင်းသတိပေးတော့ ကိုသာဝအတွက် စိတ်ပူလာမိတယ်။ အတန်တန်တားတာကို ဇွတ်ထွက်သွားတဲ့ကိုသာဝကို ခုမှတွေးမိပြီးစိတ်တိုနေရတယ်။ ကျွန်မနေသာနေရတယ်။ စိတ်ကကိုသာဝဆီပဲရောက်နေပေါ့။
လုပ်သာလုပ်နေရ ၊ ကိုင်သာကိုင်နေရတယ် စိတ်ကမပါဘူးရှင်။
ကျွန်မတခုဖြေသာရတာက မိုးသာအုံ့နေပေမယ့် မိုးမရွာလို့. သောကနည်းနည်းအေးမိတာပါပဲ။ အလှူတစ်ခုလုပ်ရင် အဖျက်တစ်ခုမဟုတ်တစ်ခုရှိနေတတ်တာတဲ့။
မိုးမရွာတာကလည်း အလှူ့ရှင်တွေ မိုးတားလုပ်ထားလို့လည်း ဖြစ်ချင်ဖြစ်မပေါ့။ ကိုသာဝငါးသွားဖမ်းရာ ရေပြင်မှာရွာမရွာ ဘယ်သူသိရမှာလဲ။ ကျွန်မစိတ်တွေက
ယောက်ယက်ခတ်နေရတယ်။ ညနေစောင်းလာတော့
ကျွန်မလည်းအားလုံးကိုနုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ တဲရောက်တော့ တဲပေါ်ပင်မတက်ဘဲ
" အေးသာရေ အမေ နင့်အဖေသွားကြိုဦးးမယ် "
ဆိုပြီး ထွက်လာလိုက်တယ်။ ကိုသာဝက စောစောပြန်လာမယ်သာဆိုတယ်။ ခုထိအရိပ်တောင်မမြင်ရဘူး။တဖြည်းဖြည်းမှောင်စ ပြုလာတယ်။
ကျွန်မမျက်နှာတစ်ခုလုံးလည်းရွာတော့မယ့်မိုးလို အုံ့မှိူင်းလာတယ်။ ခင်ပွန်းမျက်နှာကိုမြင်ယောင်လာပြီး နေလို့မရ ၊ ထိုင်လို့မရ ။ ကျွန်မနုတ်ခမ်းတွေတဆတ်ဆတ်တုန်လာပြီး ကျွန်မရင်တွေပူလောင်နေတာပဲ။ ကမ်းခြေနားမှာ ကိုသာဝအရိပ်ကိုမမြင်ရလေဆက်နေမရလေဘဲ။ ခြောက်ခြားပြီးတုန်ရင်လာတယ်။ ငါးဖမ်းထွက်သွားတဲ့တခြားလှေတွေသာ အသီးသီးပြန်ရောက်လာကြတယ်။ ကိုသာဝကိုမေးတော့ နေရာမတူတော့မသိကြဘူးလေ။ ကျွန်မဟိုဘက်ပြေးလိုက် ၊
ဒီဘက်ပြေးလိုက်နဲ့တစ်ယောက်တည်း ယောက်ယက်ခတ်နေမိတယ်။ မဖြစ်သေးဘူး။ ကျွန်မအိမ်ပြန်မှဖြစ်မယ်။
အိမ်မှာ အေးသာနဲ့ အငယ်လေးသုံးယောက်ပဲကျန်နေခဲ့တယ်။ အလင်းရောင်ပျောက်လာတော့ မျော်လင့်ချက်က နည်းနည်းလာသလို ကျွန်မပါးပြင်ပေါ်မျက်ရည်တွေ က တားမရဘဲ
စီးဆင်းလာကြတယ်။ ကျွန်မအံကြိတ်ရင်း မျက်ရည်တွေကိုပွတ်သုတ်လိုက်ပြီး ဝေဝေဝါးဝါးသာ မြင်ရတဲ့ရေပြင်ကိုထားခဲ့ကာ အိမ်ကိုသွက်သွက်ပြန်လာခဲ့တယ်။
အိမ်နားရောက်တာနဲ့ အိမ်နားက လူရိပ်တစ်ရိပ် ထွက်ပြေးသွားတာမြင်လိုက်တော့ ဘယ်သူပါလိမ့်လို့ စဉ်းစားနေမိတယ်။ အိမ်ကိုသူခိုးကပ်တာထင်တယ်။ ကျွန်မတို့ငါးတွေရပြီး အလှူလုပ်တာကြားတော့ ခိုးချင်လို့နေမယ်။ ကျွန်မလည်း စိတ်ပူပြီး အိမ်ကိုအပြေးလာလိုက်တယ်။
"အေးသာရေ သမီး ဟဲ့ မီးမထွန်းကြဘူးလား "
ပြောပြောဆိုဆို အိမ်ပေါ်လှမ်းတက်လိုက်ပြီး ဘထ္ထရီအိုးထားရာ မှန်းသွားလိုက်တယ်။ ထားနေကြနေရာကို သိနေတော့ ဘယ်နားဘာရှိတယ်ဆိုတာ ကျင့်သားရနေတယ်လေ။
ကျွန်မ ကလစ်တစ်ချောင်းပြုတ်နေတာကို ဘထ္ထရီငုတ်မှာ ညှပ်လိုက်တယ်။ မီးရောင်ဖျော့ဖျော့အောက်မှာ ကျွန်မမြင်တွေ့လိုက်ရတဲ့မြင်ကွင်းက. ခြင်ထောင်ပါးလေးထဲမှာ အိပ်ပျော်နေရှာတဲ့ သားငယ်နဲ့ သမီးငယ်နှစ်ယောက်ကိုတွေ့ရသလို ခြင်ထောင်အပြင်ဘက်မှာ ထွက်အိပ်နေတဲ့အေးသာ။ အေးသာက အအိပ်အရမ်းဆတ်တာပါ။
" အေးသာ အေးသာ ထစမ်း "
အေးသာအနား အပြေးရောက်သွားပြီး အေးသာကိုကျွန်မလှူပ်နိူးလိုက်တယ်။ အေးသာခန္ဓာကိုယ်က လှုပ်ရှားလာခြင်းမရှိဘူး။ ကျွန်မငယ်ထိပ်ကို မိုးကြိုးပစ်ချလိုက်တဲ့အတိုင်းပဲ။ စောစောကထွက်သွားတဲ့လူရိပ်က ပစ္စည်း လာခိုးတာမှဟုတ်ရဲ့လား။ ကျွန်မ ရှင်ပြုမယ့်သားကြီးနဲ့ ကိုသာဝကိုသာတွေးပူနေတာ။ အေးသာကိုစိတ်ပူရကောင်းမှန်းမသိခဲ့ဘူး။ ကျွန်မရင်တစ်ခုလုံး ရူးသွပ်မတတ်ခံစားလိုက်ရတယ်။ တစ်ကိုယ်လုံးလည်း ခြေမကိုင်မိ ၊ လက်မကိုင်မိနဲ့။ ကျွန်မရင်ပွင့်မတတ် တအားအော်ချမိလိုက်တယ်။
" အေးသာ "
ကျွန်မငိုလို့မရအောင် ရင်တစ်ခုလုံးတစ်ဆို့နေတယ်။ အေးသာကိုလှူပ်ခါရမ်းရင်း မျက်ရည်တွေစီးကျနေပေမယ့်
ငိုမရဘူး။ ကျွန်မအော်သံကြောင့် အိမ်နီးနားချင်းတွေရောက်လာကြတယ်။ တယောက်တပေါက်ဆိုရင်း အေးသာကို ဆေးရုံပို့ဖို့ စီစဉ်နေကြတယ်။ ဒီအချိန်မှာ ကျွန်မမရူး ၊ ဘယ်သူရူးမလဲ။
" စောစောက အေးရီတို့အိမ်ကထွက်ပြေးလာတဲ့
ကိုကျော်ကြီးကို တွေ့လိုက်တယ် "
" ဟာ ဒီလူတော်တော်ယုတ်မာတာပဲ လာကွာ လိုက်ရှာကြမယ် ပြီးရင်သတ်ပစ်ကွာ "
ကျွန်မတို့တဲနဲ့ကပ်ရပ်တဲက မခင်မြိုင့်အသံကြောင့် တရားခံဘယ်သူဆိုတာ အားလုံးရိပ်မိကုန်ကြတယ်။
တယောက်တပေါက်ဆိုနေကြတဲ့ အိမ်နီးနားချင်းတံငါသည်တွေရဲ့စကားကိုကြားပြီး ကျွန်မခြေကုန်လက်ပန်းကျနေပြီ။ ကိုကျော်ကြီးက ကိုသာဝနဲ့ အတူတူသောက်နေကြ သူငယ်ချင်းတွေ။ အရမ်းခင်ကြတာပါ။
မိန်းမဆုံးပြီး သားနှစ်ယောက်နဲ့ နေထိုင်သူ။ ကျွန်မသမီးလေးကို ဒီလိုလုပ်မယ်လို့ အိပ်မက်တောင်မမက်ဖူးပါဘူးရှင်။ နောက်ဆုံးကိုကျော်ကြီးကိုမိပြီး ဝိုင်းရိုက်ပစ်ကြလို့ သတိလစ်ပြီး ဆေးရုံတင်လိုက်ကြတယ်။
" အေးရီ "
ကျွန်မနားနား ကပ်ခေါ်လိုက်တဲ့အသံကြောင့် ကျွန်မမော့ကြည့်လိုက်တော့ ကျွန်မပုခုံးကိုလာရောက်ဆုပ်ကိုင်လိုက်တဲ့ ကျွန်မယောက်ျားကိုသာဝ ။ ကိုသာဝမသေဘူးပေါ့။ ကျွန်မဒေါသတကြီး ကိုသာဝရင်ဘတ်ကိုထုရိုက်ပစ်လိုက်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တယ်။
" ရှင့်ကြောင့် ရှင့်ကိုစိတ်ပူနေရလို့ ကျွန်မကလေးတွေနားမနေမိတာ "
" ငါ့အမှားပါကွာ ငါးတွေကမထင်မှတ်အောင်ရနေတော့
လောဘနောက်လိုက်ရင်း ငါမိုးချုပ်ခဲ့ရတာ ငါခုလိုတွေဖြစ်မယ်မှန်းမတွေးမိခဲ့ဘူးဟာ "
ကိုသာဝရှိုက်ကြီးတငင်ငိုပြီး တောက်တခတ်ခတ်။ ကျွန်မတို့ဆေးရုံကို တန်းလိုက်လာကြရတယ်။ ကိုကျော်ကြီးကိုလည်း သက်ဆိုင်ရာတာဝန် ရှိသူတွေက လာရောက်ဖမ်းဆီးသွားကြတယ်။ ကျွန်မသမီးလေးရဲ့အသက်မသေခဲ့ပေမယ့် ဘဝတော့သေခဲ့ရပါပေါ့လား။ ကျွန်မ တို့ရဲ့ကံကဆိုးလိုက်တာ။ ကျွန်မသမီးလေးကို ဆေးရုံမှာ အစောင့်ငှါးထားခဲ့ပြီး သားကြီးရှင်ပြုရောက်အောင်လာရပြန်တယ်။ သားကြီးအလှူမှာ ရေစက်ချအမျှဝေနေတဲ့ကျွန်မတို့လင်မယား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း မျက်ရည်တွေကျလာတယ်။ ဘဝမှာ ခက်ခက်ခဲခဲလှူဖို့ကြိုးစားရင်း ရလာတဲ့အခက်ခဲ ၊ ပေးဆပ်ရတဲ့အရင်းအနှီးတွေက မမျှ တသလိုပါပဲ။
" ကိုသာဝ. ကျုပ်တို့ တံငါအလုပ်ကို နားကြရအောင်တော် "
" ဟ. အေးရီရ ငါဒါပဲလုပ်တတ်တာလေ "
" ကျုပ်သိတယ် တော်စဉ်းစားကြည့်စမ်း အလှူလှူရဖို့ ငါးတွေကို ရဖို့ဆုတောင်းလိုက်ရတာ ကျုပ်တို့အကုသိုလ် ဘယ်လောက်ကြီးလဲတော် အလှူအထမြောက်ခဲ့ပေမယ့် တစ်ဖက်မှာ ကျုပ်တို့တအားစိတ်ဆင်းရဲရတယ် ကုသိုလ်တစ်ပဲရဖို့ ငရဲ တစ်ပိသာ ဝယ်နေရသလိုပဲ ကျ ုပ်တို့တခြားအလုပ်ပြောင်းလုပ်ကြရအောင်နော် "
ကျွန်မကိုကြည့်ပြီးကိုသာဝ ငူငူငိုင်ငိုင်နဲ့ တွေးနေပုံပေါ်တယ်။ ခဏနေတော့မှ စိတ်ပိုင်းဖြတ်လိုက်ဟန်နဲ့ ခေါင်းညိတ်ပြတယ်။ သမီးလေးအေးသာဆေးရုံကဆင်းတာနဲ့ အေးသာရဲ့ရှေ့ရေးအတွက် ကျွန်မတို့နေထိုင်ရာ အရပ်က ပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်တယ်။ ရောက်တဲ့အရပ်မှာ ရတဲ့ဘဝကို
ကြံ့ကြံ့ခံရင်ဆိုင်ရင်း ကျွန်မသားသမီးလေးတွေရဲ့ဘဝ အနာဂတ်မှာလင်းလက်စေဖို့ ကျွန်မနဲ့ကိုသာဝ ဆက်ပြီး ကြိုးစားကြရဦးမှာပါ။


ဆုပြည့်၀
ရွှေကလောင် အလွတ်တန်း
တတိယဆုစာမူ



rate now: