book

Index 4

အသိုက်ပျက်ထဲကငှက်ကလေး

အခန်း ၁
-----------
ပါးပြင်ပေါ် မျက်ရည်များစီးဆင်းလာသည်ကိုပွတ်သုတ်ရင်း ကျွန်မရှိုက်လိုက်သည်။ ကျွန်မဘဝအတွက် အားကိုးရမည့်အရာသည် အဘယ်မှာနည်း။ ဆောင်းမို့ထင်၏။ နှင်းတွေက တဖွဲဖွဲကျလာကြသည်။ ညအမှောင်က အရောင်နက်သထက် နက်လာ၏။ ကျွန်မကိုယ်ပေါ်သို့ တပေါက်ပေါက်ကျလာသော ဆီးနှင်းပေါက်တွေက ခန ္တာကိုယ်ကို ခံစားရခက်စေပြန်သည်။ ကျွန်မခြေဦးတည့်ရာ လျှောက်နေမိပြန်ပြီ။ သည်တစ်ညတော့ ကျွန်မအတွက် ခိုနားအိပ်စက်စရာ နေရာလေးတစ်ခု ရချင်မိ၏။ ထိုနေရာလေးတွင် အပူပင်ကင်းစွာ ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် တစ်ညလောက်အိပ်စက်ပစ်လိုက်ချင်သည်။ ထိုစိတ်ကူးနှင့် အနက်ရောင်ညထဲ ကျွန်မကြောက်ရွံ့စွာ ဖြတ်သန်းနေမိ၏။ ကျွန်မသွားနေရာမှ မီးရောင်လဲ့လဲ့လေးကို လှမ်းမြင်လိုက်ရသည်။ စိတ်ထဲပျော်သွား၏။ အားတက်လာပြီး ထိုနေရာသို့ ခြေလှမ်းသုတ်သုတ် လှမ်းလိုက်သည်။ ဟော။ မြင်ရပြီ။ ခရစ်ယာန်ဘုရား ကျောင်းစောင့်နေသောအဖိုးအိုတစ်ဦး။
ကျွန်မကိုတွေ့တော့ အဖိုးအိုက စူးစူးစိုက်စိုက်ကြည့်နေသည်။ အဖိုးအို၏ မျက်နှာသည် မုတ်ဆိတ်တွေက ပရပျစ်။ အင်္ကျီလက်ရှည်ထူထူဝတ်ထားပြီး အအေးဒဏ်ကို အံတုနေသည့်နှယ်။ ကျွန်မက အဖိုးအိုကို လှမ်းနုတ်ဆက်လိုက်သည်။
" အဖိုး "
ကျွန်မနုတ်ဆက်သံကြောင့် အဖိုးအိုက ကျွန်မကို လှမ်းကြည့်သည်။
" အဖိုး ကျွန်မကို ဒီတစ်ညလောက် ဒီမှာ အိပ်စက်ခွင့်ပြုပါလား "
ကျွန်မပြောသည်ကို သေချာနားထောင်ပြီး အဖိုးအိုက ခေါင်းခါပြသည်။ အေးစက်မာကျောသောအသံနှင့်
" ဒီအချိန်က မိန်းကလေးသွားလာရမယ့်အချိန်မဟုတ်ဘူး သွား ကိုယ့်အိမ်ကိုယ်ပြန် ကိုယ့်အိမ်လောက်နွေးထွေးလုံခြုံတဲ့နေရာ ဘယ်မှမရှိဘူး "
ဟုဆိုလေသည်။ အဖိုးအိုစကားကြားတော့ ကျွန်မတစ်ကိုယ်လုံး ခြေကုန်လက်ပန်းကျသွားသည်။ ကျွန်မအတွက် နွေးထွေးလုံခြုံသောနေရာသည် အိမ်တဲ့လား။ ကျောခိုင်းလှည့်ထွက်သွားသည့် အဖိုးအိုကိုတစ်ချက်လှမ်းကြည့်ပြီး ကျွန်မခြေဦးတည့်ရာ လျှောက်လာမိပြန်သည်။ ကျွန်မသွားနေသည့်နောက်ထပ် နေရာက ကျွန်မသူငယ်ချင်း နှင်းဆီတို့အိမ်။ သူနှင့်ကျွန်မကအချစ်ဆုံးသူငယ်ချင်း။ ကျောင်းထွက်လိုက်ရသည့်နောက်ပိုင်း ကျွန်မတို့ အဆက်သွယ်ပြတ်ခဲ့ရသည်။ သူတို့အိမ်ရှေ့ရောက်အောင် ကျွန်မလျှောက်လိုက်၏။
နှင်းဆီတို့အိမ်ကြီးက မီးများ လင်းထိန်နေသည်။ သံတံခါးကြီးကို ကိုင်ပြီး သူရှိရာ အိမ်ကိုငေးနေမိ၏။ သူ့ဘဝက ကျွန်မဘဝလိုမဟုတ်။ ပြည့်စုံသည်။ သံတံခါးကြီးကို ကျွန်မလက်လေးနှင့် လှုပ်ရမ်းလိုက်သော်လည်း တစ်အိမ်လုံးက သိပင်မသိ။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်ပြီး ခွေးအူသံတွေက ဘယ်ကလာမှန်းမသိရ။ ယခင်အခါက ကျွန်မအားကိုးတကြီး နှင်းဆီဆီ လာဖူးသည်။ သူက ကျွန်မကိုချစ်သော်လည်း သူ့အမေက ကျွန်မကို လက်မခံ။ ကျွန်မအိမ်ကလူကြီးတွေဆီ ပြန်ပို့လေသည်။ ထိုနေ့က ကျွန်မကို နှိက်စက်နေကြသည့်ပုံရိပ်တွေက ခုတွေး ခုကြောက်နေမိတုန်း။ ကျွန်မစိတ်ကို ပြန်သတိရစေသည့် ထိုနေ့ကနာကျင်မှု့ကို မေ့မရသောအခါ သူတို့အိမ်ရှေ့မှ ကျွန်မဆက်ထွက်လာခဲ့လိုက်သည်။
ညသည် ပို၍ ပို၍ နက်လာ၏။ တိတ်ဆိတ်ငြိမ်သက်လွန်းလာသလို ၊ ကျွန်မစိတ်တွေကို ပိုပြီးထိတ်လန့်ချောက်ခြားစေသည်။ သို့သော် ကျွန်မခြေလှမ်းတွေကတော့ မရပ်မနား ခရီးဆက်ဆဲ။ အပြင်မှာ
ချောက်ခြားစေသော်လည်း အိမ်ပြန်ရမှာ ပို၍ ကြောက်လန့်ပါသည်။ ကျွန်မအရမ်းချမ်းလာ၏။ တစ်ကိုယ်လုံး တုန်ရင်လာသည်။ မည်သည့်နေရာသွားရမှန်းမသိဘဲ လှမ်းနေသည့် ကျွန်မ၏ခြေလှမ်းတွေက အိမ်တစ်အိမ်ရှေ့ မှာ ပေပြီး ရပ်နေမိ၏။ ထိုအိမ်ထဲဝင်ရမှာ သေမတတ် ကြောက်ရွံ့သော်လည်း ကျွန်မ၏မသိစိတ်က ထိုအိမ်ဆီသို့သာ ခေါ်ဆောင်လာကြသည်။ သည်တစ်ညအတွက် ကျွန်မပင်ပန်းလှပြီ။ အေးဆေးစွာ အိပ်စက်အနားယူချင်မိသည်။ ကျွန်မကို " ကြိုက်သလိုသာလုပ်ကြပါတော့လေ" ဆိုသော အတွေးတစ်ခုနှင့်အတူ ကျွန်မအိမ်ထဲကိုလှမ်းဝင်လိုက်သည်။
ကျွန်မအိမ်ထဲရောက်သည်နှင့် ကျွန်မကို စူးစူးစိုက်စိုက်ကြည့်နေသော မျက်ဝန်းနှစ်စုံ။ သူတို့မျက်ဝန်းကို ကျွန်မအဓိပ္ပာယ်မဖော်တတ်။ ကျွန်မအနားကို မိန်းမကြီးကလှမ်းလာသည်။ အနားရောက်သည်နှင့် ကျွန်မပါးကို တစ်ချက်လှမ်းချသည်။ " ဖြန်း " ခနဲ အသံနှင့်အတူ နာကျင်မှု့က ကျွန်မရင်ကို နင့်စေသည်။ ဒေါသသံနှင့်
" ပြေးလေ သွားလေ သွားစရာ နေရာမရှိဘူးမဟုတ်လား "
ဟုဆိုသည်။ ပြီးသည်နှင့် သူ့ယောက်ျားကို လှမ်းခေါ်ကာ ကျွန်မအဝတ်အစားတွေကို ချွတ်ပစ်ကြသည်။ ကျွန်မရှက်လွန်းသဖြင့် အတင်းရုန်း၏။ ဆယ့်သုံးနှစ်အရွယ် ကျွန်မသည် ကလေးမဟုတ်တော့။
အပျိုပေါက်အရွယ်ဖြစ်နေလေပြီ။ ခွန်အားခြင်းမမျှသလို ကြောက်လည်းကြောက်ရွံ့ရသူတွေမို့ ကျွန်မတစ်ကိုယ်လုံး ဘာမှမရှိတော့။ အေးစိမ့်နေသော အငွေ့က ကျွန်မကိုယ်ကို
လွှမ်းခြုံသွားသည်။ ချမ်းအေးလွန်းသဖြင့် ကျွန်မတစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေ၏။ ကျွန်မပါးပြင်ပေါ် မျက်ရည်များ စီးဆင်းကျလာကြသည်။ မျက်စိကို စုံမှိတ်ထားလိုက်ပြီး ခါးသီးသော ဘဝကို ကျွန်မရပ်နားချင်လှပြီ။
ကျွန်မကိုယ်ပေါ်သို့ အဆက်မပြတ်ကျလာသော ကြိမ်ချက်များက ကျွန်မအသည်းကို ဆတ်ဆတ်ခါတုန်စေပြီ။
" ပြေးလေ ထွက်ပြေးလေ "
မိန်းမကြီး၏ အသံက ကြိမ်ချက်နှင့်အတူ
ပြင်းထန်လှသည်။ ထိုလင်မယားနှစ်ယောက်၏ ကြိမ်ချက်ကြောင့် ကျွန်မ ၏ အသိစိတ် ခဏ ခဏလွတ်သွား၏။ ကျွန်မတစ်ကိုယ်လုံး
မလှုပ်နိုင်တော့။ အားရပါးရ လှိမ့်ရိုက်သော ကြိမ်ချက်များ ရပ်နားချိန် ကျွန်မအခန်းဆီ ကြိုးစားပြီး တရွတ်စွဲ လှမ်းလာလိုက်သည်။ နေရာမလပ်သည့်အရှိုးရာချက်များကြောင့်ထင်၏။ အထိပင်မခံနိုင်အောင် နာသည်။ အခန်းထဲရောက်သည်နှင့် ကျွန်မလှဲချလိုက်၏။ " အ " ခနဲ နုတ်က ညည်းမိရင်း မျက်လုံးကိုမှိတ်ချလိုက်သည်။ ကျွန်မနှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်လှပြီ။
သည်လိုအိပ်ခွင့်ရဖို့ ကျွန်မနာကျင်မှူ့နှင့်
ရင်းခဲ့ရသည် မဟုတ်လား။
**********
အခန်း ၂
-----------
ကျွန်မသူငယ်ချင်းလေး ရောက်မလာသည်မှာ ကြာခဲ့ပြီ။ ကျွန်မဆီ သူရောက်လာသည့်အချိန်က တကိုယ်လုံးညိုမဲစွဲပြီး ငိုနေသည့်ပုံလေးက မျက်ဝန်းထဲကမထွက်။ ခုရက် ကျွန်မအရမ်းသတိရနေမိသည်။ သူ့ကိုခဏခဏ အိပ်မက်ဆက်တိုက်မက်နေမိ၏။ သူအရိုက်ခံနေရတုန်းလားဆိုသည့်အတွေးက ကျွန်မစိတ်ထဲ ကြီးစိုးနေသည်။ မိဘများ၏ ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် သူ့ကိုခေါ်ထားချင်သော်လည်း ကျွန်မဘာမှမတတ်နိုင်။
ကျွန်မနှင့်ခက်သစ္စာက ငယ်စဉ်ကလေးဘဝမှစပြီး အတူတူတွဲလာကြသည့်သူငယ်ချင်းရယ်။ ကျွန်မလိုတော့ သူကမပြည့်စုံခဲ့။ သူ့အမေဆုံးပြီး သူ့အဖေနောက်အိမ်ထောင်ပြုသည့်အချိန်ကစ၍ သူကံဆိုးခဲ့ခြင်းပင်။ သူ့အမေဆုံးပြီးနောက်တော့ သူ့အဖေက အရက်သမား ၊ ဆေးသမားဖြစ်နေသည်ဟု ပြောသံကြားဖူးသည်။ သူ့အမကြီးက အိမ်ထောင်ကျ၍ အဝေးတစ်နေရာရောက်နေခဲ့သလို ၊ သူ၏အကိုက ဘယ်ဆီရောက်မှန်းမသိ။ သူ့အဖေအနားကျန်ခဲ့သော သူသည် မိထွေး၏နှိက်စက်မှု့ကြား အမျိုးမျိုးလှိမ့်ခံခဲ့ရသည်။ နောက်ပိုင်း ကျောင်းမှထုတ်၍ သူ့မိထွေး၏ညီမအိမ်တွင် အိမ်ဖော်လုပ်စေသည်။ သူ့မိထွေးညီမက မတရား ခိုင်းသော်လည်း အစာရေစာဝအောင်မကျွေး။ သူသည် ထိုအိမ်မှ ခဏခဏထွက်ပြေးသည်။ သူ့ကိုမိလျှင် မိထွေးက နှိက်စက်ပြီး ထိုအိမ်သို့ပြန်ပို့သည်။ သူ့အဖေကလည်း သူ့မိန်းမလုပ်သမျှ အကောင်းထင်နေတတ်သူ။ သူ့သမီးထက် သူစိတ်ဝင်စားသည့်အရာက မူးယစ်ဆေးသာ။ သူ့ကိုလွမ်းလွန်း၍လားမသိ။ သူ့အကြောင်းချည်း စဉ်းစားနေမိသည်။ ထိုညက သူ့ကို အိပ်မက်မက်၏။ အိပ်မက်ထဲတွင် ကျွန်မကို ငိုပြီးလက်ယက်ခေါ်နေသည်။ အိပ်မက်ထဲ ကြောက်လန့်တကြားလန့်အော်ပြီး ကျွန်မနိုးသွား၏။ ကျွန်မအမေပါ နိုးသွားပြီး
" နှင်းဆီ သမီးလေး ဘာဖြစ်တာလဲဟင် အိပ်မက်ဆိုးတွေမက်နေပြီထင်တယ် "
ဟုဆိုပြီး ကျွန်မကိုထွေးပွေ့ထားသည်။ မေမေ့ကိုအိပ်မက်အကြောင်း ပြောပြလိုက်၏။ မေမေက သက်ပြင်းချရင်း ကျွန်မကိုချော့မော့သည်။
" မေမေ သမီး သူ့ဆီသွားချင်တယ် "
" သမီးရယ် သူတို့နဲ့ မေမေတို့မပက်သက်ချင်ဘူးကွယ် "
မေမေ့အငြင်းစကားကို ကျွန်မလည်း ဇွတ်တိုးမပြောရဲပါ။ သို့သော် ရက်ခြားဆိုသလို သူ့ကိုကျွန်မ အိပ်မက်များ ဆက်ဆက်မက်လေသည်။ အိပ်မက်ထဲတွင်လည်း သူသည် ကျွန်မကို သူ့အိမ်၏ အခန်းတစ်ခုထဲ ဇွတ်အတင်းခေါ်လေသည်။ သူ့နောက်လိုက်ရင်း ကျွန်မအိပ်မက်က လန့်အော်နိုးရစမြဲ။ ကျွန်မစိတ်ထဲ သူ့ကို စိတ်ပူလာသည်။ သူနေမှကောင်းရဲ့လား။ သူ့အိမ်အကြောင်း ကျွန်မသိသည်။ နေမကောင်းဖြစ်နေလည်း သူ့ကိုဂရုစိုက်မည့်သူမရှိ။
ကျွန်မအိပ်မက်ကို ပြောပြပြီး မေမေ့ကိုလိုက်ဖို့ပေးဖို့ ပူဆာမိသည်။ နေ့စဉ်ရက်ဆက် ကျွန်မပူဆာမှ ကျွန်မဆန္ဒကို မေမေလိုက်လျောပေးသည်။ ကျွန်မပျော်လိုက်သည့်ဖြစ်ခြင်းပင်။ မေမေစိတ်လိုလက်ရ လိုက်ပို့ပေးသဖြ င့် ကျွန်မသူငယ်ချင်းကို တွေ့ရတော့မည်။ သူ့ကိုကျွန်မသိပ်ချစ်သလို ခင်လေသည်။ ကျွန်မအပေါ်လည်း အနွံအတာခံလွန်းသည်။ သူ့မေမေရှိတုန်းကတော့ သူနှင့်ကျွန်မပေါင်းသင်းသည်ကို မေမေကခွင့်ပြုခဲ့သည်။ သူ့မေမေဆုံးပြီးနောက်ပိုင်းမှ
မေမေက မပက်သက်စေချင်တော့ပေ။
အိမ်တစ်အိမ်ရှေ့ရောက်တော့ ကားကိုရပ်လိုက်သည်။ ကျွန်မတို့ကားပေါ်ကဆင်းလိုက်ပြီး သူတို့အိမ်ထဲဝင်လိုက်၏။ အိမ်ရှေ့ဧည့်ခန်းတွင် အခန့်သင့်ထိုင်နေသော သူ့ဖေဖေကို တွေ့လိုက်ရသည်။ ကျွန်မတို့ကို အကြည့်စိမ်းစိမ်းများနှင့်စူးစိုက်ကြည့်နေ၏။
" ခက်သစ္စာ ဆီလာတာပါအန်ကယ် ခက်ကိုခေါ်ပေးပါနော် "
ကျွန်မစကားအဆုံးတော့ သူ့ဖေဖေမျက်နှာတစ်ချက် ပျက်သွားလေသည်။ ပြီးမှ အေးဆေးသည့်အသံနှင့်
" ညည်းသူငယ်ချင်း မရှိဘူးသမီးရေ
သူ့အကိုက အလုပ်အကိုင်အဆင်ပြေလာလို့ သူ့ညီမကို လာခေါ်သွားလေရဲ့ "
ဟုဖြေသည်။ သူတို့တခုခုကို ဖုံးကွယ်ထားသည်ကို ကျွန်မစိတ်ထဲကသိနေသည်။ ကျွန်မစိတ်ထဲ လုံးဝမကျေနပ်ပါ။
" ကျွန်မကို သူနဲ့တွေ့ခွင့်ပေးပါဦးရယ်
တွေ့ခွင့်ပေးပါနော် သူ့အခန်းဆီ သွားခွင့်ပြုပါလားဦးရယ် "
အရဲစွန့်ပြီး ကျွန်မပြောတော့ သူ့ဖေဖေမျက်နှာကြီးက နီရဲလာသည်။ သူ့ပုံစံကြည့်ပြီး ကျွန်မစိတ်ထဲကြောက်သလိုဖြစ်သွားသဖြင့် မေမေ့လက်ကို တင်းတင်းဆုပ်လိုက်မိသည်။
" မင်းတို့က သူများအိမ်လာပြီး စပ်စပ်စုစု မရှိပါဘူးပြောနေတာကို ကဲထွက်သွားကြ သွား "
ဒေါသတကြီးမောင်းထုတ်နေသဖြင့် ကျွန်မတို့ထွက်လာခဲ့ရသည်။ နောက်ဆုံး
မေမေ့ကို ဇွတ်ပူဆာ ကာ ရဲစခန်းသွားအကြောင်းကြားပြီး ပြန်လာခဲ့လေတော့သည်။
**********
အခန်း ( ၃ )
-----------
ကျုပ်ကြားရသည့်သတင်းက သေချာရဲ့လား။ တွေးရင်း အံ့သြထိတ်လန့်မိပါသည်။ ထိုသို့ဖြစ်မည်ဆိုလျှင် ထိုကောင်မလေးကိုခေါ်ထားမိခဲ့မည်မှာအမှန်ပါ။ ညသန်းခေါင်အချိန်တွင် ကျောင်းရှေ့သို့ အားကိုးတကြီးရောက်လာသော သူ့ပုံစံအား မျက်ဝန်းထဲကမထွက်။
ဆောင်းရာသီဖြစ်သဖြင့် ဆီးနှင်းများက အဆက်မပြတ် ကျနေကြသည်။ ကျောင်းတံခါးနား တရွေ့ရွေ့ကပ်လာသော အရိပ်ကလေးကြောင့် သူခိုးလား ၊ လူဆိုးလား လှမ်းအကဲခတ်လိုက်သည်။ သေချာကြည့်မှ မိန်းကလေးငယ်တစ်ဦးမှန်း သတိထားမိ၏။
ထိုကောင်မလေးက သူ့ကိုလှမ်းနုတ်ဆက်၏။ သူလှည့်ကြည့်တော့ မဝံ့မရဲနှင့်
" အဖိုး ကျွန်မကို ဒီတစ်ညလောက် ဒီမှာ အိပ်စက်ခွင့်ပြုပါလား " ဟု ခွင့်တောင်းသေးသည်။ သူပြောဆိုသည့်ပုံစံက ယဉ်ကျေးသိမ်မွေ့သည်ကို သတိထားမိသည်။ အချိန်မဟုတ် အခါမဟုတ်သွားလာနေသည်ကတကြောင်း ၊ အိပ်စက်ခွင့်ပြုရန် ညအချိန်အခါဖြစ်၍ မတင့်တယ်သည်က တကြောင်းမို့ ကျုပ်ငြင်းလိုက်ခြင်းဖြစ်သည်။ သွားချင်ရာလျှောက်သွားနေမှာ စိတ်ကပူလာသဖြင့် အိမ်ပြန်ဖို့ ဆူသလို ပြောလိုက်မိသေးသည်။
ကျုပ်ငြင်းလိုက်သဖြင့် လှည့်တကြည့်ကြည့်နှင့် တရွေ့ရွေ့ထွက်ခွာသွားသော သူ့ကို ကျုပ်ငေးကြည့်နေမိသေးသည်။ ညအချိန်မတော် တမိုးအောက်ထဲ ကျုပ်လိုအဖိုးကြီးနှင့် ရှိနေ၍ မသင့်ပေ။ ခေတ်ကာလက ကောင်းသည်မဟုတ်။ ချီတုံချတုံနှင့် အတွေးစုံလာသဖြင့် ကျုပ်ဥပေက္ခာပြုလိုက်ရခြင်းမဟုတ်လား။ ကိုယ်ချင်းမစာ၍မဟုတ် ဆိုသည်ကို ကျုပ်သာသိပါသည်။
ခွေးအူသံတဆူဆူကြား မကြောက်မရွံ့သွားလာနေသည့် သူ့ပုံစံကြည့်ပြီး အံ့သြမိရသည်ကအမှန်။ သူ့ဆီမှာ လူစိတ်မရှိသောမိဘများ ရှိလိမ့်မည်ဟု ယောင်ရမ်းပင်မတွေးမိပေ။ မိဘအလစ် ထွက်လာသော ပေပေတေတေကောင်မလေးဟုသာ ထင်မိသည်။ ယခုတော့ ထိုနေ့က တွေ့ခဲ့သော ကောင်မလေးက လူ့လောကမှာ မရှိတော့ဘူးတဲ့လား။ ကံဆိုးလွန်းလှချည်လား။ ကျုပ်ရင်ထဲ ဆို့နင့်နာကျင်လှသည်။ ကျုပ်လို ခဏတာမြင်ဖူးသူပင် စိတ်ထိခိုက်ခံစားနေရသေးလျှင် ထိုကောင်မလေး၏ အဖေကော ထိုသို့မခံစားရဘူးလား။
ကျုပ်တို့မြို့တွင် အလွန်နာမည်ကြီးသော မှု့ခင်းတစ်ခု ပေါ်ပေါက်လာခဲ့၏။ လူတိုင်း စုတ်တသပ်သပ်နှင့် နာကျင်စိတ်ထိခိုက်ကြရသည်။ နှင်းဆီဆိုသော ကောင်မလေး၏ တိုင်ကြားခြင်းသာမရှိခဲ့ပါက ဒီလူသတ်မှု့ကြီးပေါ်လာမည်မဟုတ်ပါ။ သူ့သူငယ်ချင်း ပျောက်ဆုံးနေပါသဖြင့် ကူညီရှာဖွေပေးရန် နှင်းဆီဆိုသည့်ကောင်မလေးက ရဲစခန်းတွင် လူပျောက်တိုင်ထားသည်ဆိုပါလား။ ထိုကောင်မလေးကိုလည်း လေးစားမိပါ၏။ ထိုတိုင်ကြားမှု့ကြောင့်သာ ရဲများက ရုတ်တရက် ဝင်ရောက်ရှာဖွေရင်း မပုတ်မသိုးအောင် ဆေးစိမ်ထားသော ခက်သစ္စာ၏အလောင်းကို တွေ့ရှိကြရခြင်းပင်။
ထိုကောင်မလေး၏အဖေက မူးယစ်ဆေး၏သားကောင်ပင်။ အဆိုးအကောင်းထက် ကြင်နာစိတ်များပျောက်ကင်းနေသည်ကို အံ့သြရပါ၏။
ကျုပ်ကကော။ လူ့အသက်တစ်ချောင်းအား ကယ်ခွင့်ရပါလျှက် မကယ်တင်ခဲ့မိသည့်အတွက် နောင်တတစ်ခုကို တစ်သက်လုံး ကျုပ်ခံစားနေရတော့မည်။ သည်လောက် ခိုက်ခိုက်တုန်နေသော ဆောင်းနှင်းထဲကအပြန် အိမ်ရောက်သည်နှင့် အဝတ်အစားချွတ်ပြီး သေလောက်အောင်ရိုက်ပစ်သည်တဲ့လား။ ရင်နာလိုက်သည့်ဖြစ်ခြင်း။
ကျုပ်မျက်ဝန်းထဲ ထိုနေ့က ကောင်မလေးကိုသာ မြင်ယောင်နေမိသည်။
ကျုပ်ဖတ်နေသော သတင်းစာတွင် ခေါင်းစဉ်မည်းမည်းကြီးနှင့် ပါလာသည့် နာမည်ကြီးမှု့ခင်းသတင်း ဖတ်ရင်းစုတ်တသပ်သပ်ဖြစ်ရသည်။ သေဆုံးသွားသူကောင်မလေးပုံကို မြင်လိုက်ရတော့ ကျုပ် ရင်းရင်းနှီးနှီး မှတ်မိနေသော မျက်နှာလေး။ မီးရောင်လင်းလင်းကြား အသနားခံခွင့်တောင်းနေသော မျက်နှာနုနုလေးကို
ခုထိ ကျုပ်မှတ်မိနေဆဲ။ ရက်စွဲအလိုအရဆို ကျုပ်ဆီလာခွင့်တောင်းသော ညက ဖြစ်မည်။
ကျုပ်ရင်ထဲ ဟာခနဲ ၊ ဟင်ခနဲ ဖြစ်သွားသည်။ ကျင်ခနဲ ၊ နင့်ခနဲဖြစ်စေ၏။
ယူကြုံးမရစိတ်က ကျုပ်ခန္ဓာကိုယ်ထဲစီးဝင်နေလေ၏။ မူးယစ်ဆေးကြောင့် အမှားအမှန်မသိဘဲ မိန်းမဘက်ပါပြီး ရက်စက်လွန်းသောဖခင်ကို ရွံရှာမိသည်ကအမှန်။
ထိုကောင်မလေးကို မြင်ယောင်ပြီး ခွင့်လွှတ်ဖို့ အထပ်ထပ်တောင်းပန်မိသည်။ တတ်နိုင်သလောက် ကောင်းမှု့ကုသိုလ်များလုပ်ပေးပြီး ဘဝအဆက်ဆက် အသိုက်ပျက်မှာ လူမဖြစ်ဖို့ ဆုတောင်းပေးရဦးမည်။ စိတ်ထဲ မချိတင်ကဲညည်းညူနေမိ၏။
" ကောင်မလေးရေ ငါအကူညီ ပေးချင်လိုက်တာကွယ် နောက်ထပ်လာတောင်းပါလား ကလေးရယ် "
ကျုပ်ညည်းညူသံအဆုံး ကျုပ်ပါးပြင်ပေါ် ပူခနဲ နွေးသွားသည်ကို သတိထားလိုက်မိသည်။ ခုထိ ကျုပ်နှလုံးသားက နာကျင်နေဆဲပါလား။
ထိုကောင်မလေး၏ စိတ်ဝိညာဉ် လွတ်လပ်စွာ ပျံသန်းနိုင်ဖို့ ကျုပ် ဘုရားသခင်ရှေ့မှာ ဆုတောင်းပေး‌ေနရပါဦးမည်။


ဆုပြည့်၀


rate now: