book

Index 3

ကြေမွသွားသောပိတောက်ခက်လေး

အပိုင်း ( ၁ )
-------------
" ပိတောက် "
ခေါ်သံကြောင့် လှပ်ခနဲရင်တုန်သွားသည်။ သည်အသံ ၊ သည်အသံ တစ်သက်မေ့မရသော အသံလေး။ အမြဲလွမ်းဆွတ်တသရသော အသံလေး။ ရက်စက်ခဲ့ဖူးသူ၏ အသံလေး ။ နာကျင်သည့်ဝေဒနာကြောင့် မျက်ဝန်းမှာ မျက်ရည်ကြည်များ ရစ်ဝဲလာသည်။
သူမကျောပြင်လေးပေါ် မွှေးပျံ့သော ရေမွှေးရနံ့နှင့်အတူ
အေးခနဲ ရေခဲရေအတွေ့ကြောင့် အလန့်တကြား မော့ကြည့်မိ၏။
" ဟင် "
စူးရဲသောမျက်ဝန်းအကြည့်များနှင့်ပြုံးပြနေသော လူတစ်ယောက်။
" အို တူလိုက်တာ မောင်မဟုတ်ဘူးဘဲ အပြုံးက မောင်နဲ့ဆင်လိုက်တာ "
အပြင်သို့လွင့်စင်မကျလာသည့် စကားစုများက ရင်ထဲမှာ လုယက် တွန်းထိုးနေကြသည်။ မျှော်လင့်ချက်မဲ့သွားသော ရင်ဘတ်က ဗလာတစ်ခုလို ဟာဆင်းသွားကြ၏။
" မမ သိပ်လှတယ် အဝေးက ကြည့်နေတာ
မမပုံစံလေးက ပိတောက်ခက်လေး အသက်ဝင်ပြီးထိုင်နေတဲ့ပုံလေး "
ရင်တစ်ခုလုံး ဝုန်းခနဲ ဖြစ်သွားပြန်သည်။ တူလိုက်တာ ။
မောင်နှင့်စတွေ့တုန်းက မောင်ပြောခဲ့သော စကားလေးနှင့် တူလှသည်။ အသိမဲ့စွာ ငေးနေမိသော
နန်း ဘာပြေန်ပြောရမှန်းမသိတော့ပါ။
" ကျွန်တော့်နာမည် စိုင်းသက်လူ ပါမမ
မမနာမည်ကကော "
သူ့အပြောကို နန်းခေါင်းညိတ်ပြလိုက်သည်။
" တို့နာမည်လား နန်းမြတ်မွန်ပါ "
" လှတယ် စိုင်းက ပိတောက်လို့ပဲ ခေါ်ချင်တယ် ရလားဟင်မမ"
ခေါင်းညိတ်ပြမိလိုက်သည့် နန်းရင်ထဲ ကျင်ခနဲခံစားလိုက်ရလေသည်။ သည်အခေါ်ဝေါ်က နန်းနှလုံးသား၏ ပိုင်စိုးသူ ခေါ်ဆိုခဲ့သော အသုံးနူန်းပင်။
ဘာလို့ လက်ခံမိလိုက်ပါလိမ့်....။
သူ့အသံ၏ ထူးခြားမှု့က မောင်နှင့်တအားတူနေခြင်းပင်။
စိုင်းဆိုသော ကောင်လေးနှင့် ခဏတွင်း ခင်မင်သွားရ၏။ နန်းသူငယ်ချင်း အိနွယ်လာခေါ်သဖြင့် မဏ္ဍပ်တွင်
ယိမ်းအကနှင့် ဧည့်ခံဖျော်ဖြေရသည်။
နန်းကတာကို လက်တွေဝှေ့ယမ်းရင်း အားပေးနေသည့်
စိုင်းသက်လူဆိုသော ကောင်လေးကို နန်းပြုံးပြမိလိုက်၏။ နန်းကိုကြည့်ပြီး အိနွယ်က သက်ပြင်းချသည်။ နန်းအကြောင်းအစအဆုံးသိထားသဖြင့် နန်းကိုစိတ်ပူနေပုံရသည်။ နန်းသိသော်လည်း စိုင်းဆိုသော ကောင်လေးကိုဥပက္ခာမပြုနိုင်ပါ။
" နန်း အဲဒီကောင်လေး နန်းဘယ်လိုမြင်လဲ"
" ဘာကိုလဲနွယ် "
" သူက နန်းကိုအတိုင်းတာပိုနေသလိုပဲ "
" အဲဒါတော့နန်းမသိဘူး နန်းသိချင်တာက သူ့အသံ ၊ သူ့အပြုံးတွေက မောင်နဲ့ဘာကြောင့်တူနေရတာလဲ အဲဒါကို ပိုစိတ်ဝင်စားနေတယ်"
နန်းဆိုတော့ အိနွယ်သက်ပြင်းရှိုက်သည်။
" နွယ့်အထင်တော့ သူ့ကိုမေ့သင်ပြီထင်တယ် မပေါ်လာတာ ဒီနှစ်ဆိုသုံးနှစ်ပြည့်ပြီလေ သူသာ နန်းကိုတစ်ကယ်ချစ်ရင် အဆက်သွယ်လုပ်ကိုလုပ်မှာ "
အိနွယ်စကားကို နန်းမငြင်းသော်လည်း နန်းသိချင်နေသော ပုစ္ဆာ၏အဖြေကိုတော့ ကြိုးစားရှာ‌ေဖွနေမိမှာပါ။ သင်္ကြန်ရောက်တိုင်း စိတ်တွေနာကျင်ကြေမွနေခဲ့ရသည်။ မသိစိတ်က ပြန်များရောက်လာမလားဆိုသော မျှော်လင့်ချက်အောက်မှာ
သေဆုံးနေခဲ့ရသည့် နန်း၏နှလုံးသားလေးက တလွန့်လွန့်။
အကြို ၊ အကျ ၊ အကြတ် ၊ အတက် နေ့ထိ နန်းတို့မဏ္ဍပ်မှာသာ အချိန်ဖြုန်းတတ်‌ေသာ စိုင်းကြောင့် ခင်မင်မှုများ တိုးလာရသည်က‌ေတာ့ အမှန်ပင်။
အထီးကျန်ဆန်ရသော သင်္ကြန်ရက်များက သည်နှစ်တော့နန်းကို အထီးမကျန်စေတော့ပါ။
နှစ်ဆန်းတစ်ရက်နေ့ .....။
ဘုရားကို စိုင်းနှင့်အတူတူလာဖြစ်၏။ ဘုရားကို ရွှေသင်္ကန်းကပ်၊ ရေသပ္ပါယ်သည်။ ပန်းကပ်ရင်း ဆုတောင်းဖြစ်ပြန်၏။ ငှက်ကလေးများအား လှောင်အိမ်က
လွှတ်ပေးရင်း ကုသိုလ်ယူဖြစ်သည်။ ခုချိန်မှာ နန်း အရာရာကို မေ့ထား၏။
" ပိတောက် "
"ရှင် "
" စိုင်းနဲ့သွားလာရတာပျော်လားဟင် "
" အင်း ပျော်ပါတယ် မောင်လေးတစ်ယောက်ကောက်ရသလိုပေါ့ "
" ပိတောက်ကလဲ "
မအီမလည်ရုပ်ကြီးနှင့် စိုင်းဆိုတော့ နန်းရယ်မိသည်။ စိုင်းရင်ထဲကို နန်းမြင်နေ၏။
" ပိတောက် "
"ရှင် "
"အိမ်လိုက်လည်ပါလား "
စိုင်းကို ဖြတ်ကနဲမော့ကြည့်မိသည်။ စိုင်းအိမ်ကို နန်းလိုက်ချင်၏။ အရင်တစ်ခါလို ဘုမသိ ၊ ဘမသိ အဖြစ်မျိုး ဒုတိယအကြိမ် အဖြစ်ခံနိူင်မည်မဟုတ်ပါ။
" အင်း မနက်ဖြန် လိုက်လည်မယ် စိုင်းတို့အိမ်က ဝေးလား "
" မဝေးပါဘူး မြို့နဲ့တော့လှမ်းတယ်လေ ဆိုင်ကယ်နဲ့ နှစ်နာရီလောက်ပဲ မောင်းရတယ် "
" အင်းပါ စိုင်းကို မြို့ပေါ်ကပဲမှတ်တာ "
" စိုင်းက တောင်ကြီးမှာ အဒေါ်ရှိတယ်လေ လာရင်အဒေါ့်အိမ်တည်းတာ "
စိုင်းကို ခေါင်းညိတ်ပြလိုက်သည်။ နန်းရင်ထဲ တစ်စုံ ၊ တစ်ယောက်လွမ်းမိသည့်စိတ်ကို ခုချိန်ထိ ဖျောက်မရပါ။
ငယ်ရွယ်ရူးသွပ်မိသော နှလုံးသား၏ ကြေကွဲသံက ခုချိန်ထိ နန်းရင်ထဲ ပဲ့တင်ထပ်နေတုန်းပါ။
" ပိတောက်"
" ပြောလေ စိုင်း "
" မနက်ဖြန်တစ်ကယ်လိုက်လည်မယ်နော် "
" လိုက်မယ်လေ အိနွယ်ခေါ်ခဲ့မယ်နော် "
" ခေါ်ခဲ့လေ စိုင်းသူငယ်ချင်းတစ်ယောက်ပါ ခေါ်ခဲ့မယ်
ဆိုင်ကယ်နှစ်စီးသွားကြမယ် "
စိုင်းကို ခေါင်းညိတ်ပြလိုက်၏။ ပျော်ရွှင်မြူးထူးသွားသော စိုင်းကိုကြည့်ရင်း နန်းသက်ပြင်းတစ်ချက်ရှိုက်မိသည်။
***********
အပိုင်း ( ၂ )
-------------
သည်နေ့လေးက စိုင်းတို့ရွာလေးဆီ အလည်လာဖြစ်၏။ ရွာလေးက ပျော်စရာလေးပါ။ စိမ်းစိုနေသော အပင်များက ရွာ၏အလှကို ပို၍ သာယာစေသည်။ ကြီးမားခန့်ထည်လှသော ခြံဝန်းကြီးတစ်ခုရှေ့ရောက်တော့ ဆိုင်ကယ်ရပ်သွားသည်။
ဆိုင်ကယ်ဟွန်းသံကြားသည်နှင့် ခြံထဲမှ ဦးလေးကြီးတစ်ယောက် ထွက်လာပြီး ခြံတံခါးလာဖွင့်ပေး၏။
" ဘဘ မေမေရှိလား "
" မရှိဘူး စိုင်း ရွာထဲခဏသွားတယ် "
" ဧည့်သည် တွေပါလာတယ် ဘဘ "
စိုင်းအပြောကို ဘဘဆိုသော ဦးလေးကြီးက ခေါင်းညိတ်ပြသည်။ ခြံထဲဝင်လိုက်သည်နှင့် အရောင်အသွေးစုံသော နှင်းဆီပန်းရနံ့များက နှာဝကို လာကလူသည်။ သစ်ခွပန်းပင်များလည်းတွေ့ရပြီး တစ်ချို့က အပွင့်မရှိသလို ၊ တစ်ချို့က လှပစွာ ပွင့်နေကြ၏။ ပန်းပင်လေးများ သပ်သပ်ရပ်ရပ် စိုက်ထားသဖြင့် စိုင်းတို့အိမ်ရှေ့ပန်းခင်းလေးက ကြည့်လိုက်သည်နှင့် ပျော်စရာပါ။
" လာကြ မမအိနွယ်နဲ့ပိတောက် အိမ်ထဲဝင်ကြမယ် "
စိုင်းကိုခေါင်းညိတ်ပြရင်း အိနွယ်လက်ကလေးကို ဆုပ်ကိုင်၍ အိမ်ထဲဝင်လိုက်ကြသည်။
အိမ်ရှေ့ဧည့်ခန်းဆိုဖာဆက်တီတွေပေါ် စိုင်းကထိုင်စေသည်။
" ထိုင်ကြနော် စိုင်း တစ်ခုခုစီစဉ်အုံးမယ် "
စိုင်းကိုခေါင်းညိတ်ပြရင်း အိမ်ရှေ့ဧည့်ခန်းတစ်နှံ့ စူးစမ်းသလို မျက်လုံးဝေ့ကြည့်လိုက်၏။ နန်းအကြည့်က တစ်နေရာအရောက်မှာ ရပ်တန့်သွားရင်း တစ်ကိုယ်လုံးအသက်မဲ့သွားသလို ၊ ခံစားလိုက်ရသည်။
နန်း၏မသိစိတ်က ကိန်းအောင်းနေသော တစ်စုံတစ်ခုက
တစ်ကယ့်ကို သေချာနေလေပြီ။ ဓာတ်ပုံထဲမှ အပြုံးပိုင်ရှင်ကို စူးစိုက်ကြည့်ရင်း နန်းရင်တစ်ခုလုံး အနိမ့်အမြင့်မညီစွာ လှိုင်းထန်လာကြ၏။
နန်း၏လက်ကို အသာယာ ဆုပ်ကိုင်လာသည့် သူငယ်ချင်းနွယ်ကို မျက်ရည်ဝေသောမျက်ဝန်းများနှင့်
ပြန်ကြည့်မိသည်။ နွယ့်လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ကိုင်လိုက်ရင်း
" နွယ်. အရမ်းအံ့ဩဖို့ကောင်းတယ်နော် နန်းအထင်တွေမှန်နေပြီ "
ဟု နာကျင်စွာဆိုဖြစ်သည်။ ပါးပြင်ပေါ်စီးဆင်းကျလာသော မျက်ရည်များနှင့်အတူ နန်း၏စိတ်က အတိတ်ဆီသို့ ရွေ့လျားသွားလေသည်။
********
" ဟိတ် ပိတောက်ခက်လေး "
အနားမှကပ်ပြီး ခေါ်လိုက်သံကြောင့် ရုတ်တစ်ရက် နန်းလန့်သွား၏။ စိတ်လည်းတိုသွားသဖြင့် ရန်တွေ့ရန် လှည့်ကြည့်သောအခါ စူးရဲသောမျက်ဝန်းတစ်စုံနှင့် ပြုံးကြည့်နေသောလူတစ်ယောက်။
" ဘာ ပိတောက်လဲ နာမည်ရှိတယ် ကြောင်တောင်တောင်လာလုပ်နေတယ် "
စိတ်တိုစွာ ဆိုနေသော နန်းကိုကြည့်ရင်း သူက ဟတ်ခနဲရယ်သည်။ ရယ်လိုက်သောအခါ သွားစွယ်လေးများ ပေါ်သွားသည်ကို ကြည့်ကောင်းလွန်းသဖြင့် နန်းငေးမိသွား၏။
" ဘာငေးနေတာလဲ မြင်မြင်ခြင်းကြွေသွားပြီလား "
" ဘာ "
သူ၏ တင်တင်စီးစီးအပြောကြောင့် နန်းဒေါသဖြင့်အော်ပစ်လိုက်သည်။ သူကတော့ နန်းစိတ်ဆိုးလေ ၊ ရယ်လေ။
" သက်ပိုင်စိုး နန်းကို စနေတာလား နင်ကလေ တစ်ကယ်ပဲ "
နန်းတို့မဏ္ဍပ်မှာ အတူတူကသော ဒေလီယာ့အသံကြောင့်
နန်း အားနာသွားရသည်။ ဒေလီယာကို အားနာစွာ ပြူံးပြဖြစ်၏။
" နန်း သူက ဒေလီယာ့သူငယ်ချင်း သက်ပိုင်စိုးတဲ့
မှတ်ထားနော် အစအနောက်နည်းနည်းသန်ပေမယ့် စိတ်ရင်းကောင်းတယ် သက်ပိုင် နန်းနာမည်က နန်းမြတ်မွန် တဲ့ အားလုံးက နန်းပဲခေါ်တယ် "
ဒေလီယာ့စကားအဆုံး နန်းကအသိမှတ်ပြုခေါင်းညိတ်ပြလိုက်သည်။ သူကလည်း အပြုံးတစ်ပွင့်နှင့်
" ဒါဆို ပိတောက်နဲ့ကိုယ် သူငယ်ချင်းဖြစ်ပြီနော် ကိုယ်ကတော့ ပိတောက်လို့ပဲခေါ်မယ် "
ဟု ဆိုတော့ သူ့ကို နန်း ဘာမှမဆိုဖြစ်တော့ပဲ သူငယ်ချင်းအဖြစ် သာ အသိမှတ်ပြုလိုက်ရသည်။ ငယ်ရွယ်သူတို့၏ထုံးစံတိုင်း ခဏနှင့်ရင်းနှီးသွားကြရပြီ။ သက်ပိုင်စိုးတစ်ယောက်ကတော့ နန်းအနားကမခွာတော့ပါ။ အစစ အရာရာဂရုစိုက်လွန်းသော သက်ပိုင်စိုးကို နန်းလည်းရင်ခုန်မိရလေသည်။
" ပိတောက် မနက်ဖြန် ကိုယ်တို့ကားနဲ့ သင်္ကြန် လည်လိုက်ခဲ့ကြလေ "
" အင်း လိုက်မယ်သက်ပိုင် သူငယ်ချင်းတွေ တိုင်ပင်လိုက်မယ် "
နန်းတို့သူငယ်ချင်းမလေးတွေ တိုင်ပင်ပြီး ငါးယောက်အဖွဲ့ သက်ပိုင်တို့ကားနှင့်လည်ကြ၏။
မဏ္ဍပ်ရှေ့ရောက်တိုင်း ရေပက်လာသော မီးသတ်ပိုက်တွေ၏ဒဏ်မှကာကွယ်ရန် သက်ပိုင်က နန်းရှေ့မှ လုံခြုံစွာ ကာကွယ်ပေးသည်။ နန်းတစ်ယောက် သက်ပိုင်ရင်ခွင်ထဲမျက်နှာအပ်ထားရင်း တစ်ဦးရင်ခုန်သံ
တစ်ဦးကြားနေရ၏။
" ချစ်တယ်ပိတောက်ရယ် "
" ဟင် "
တိုးဖွဖွ နန်းနားနားကပ်ပြောလိုက်သောအသံကြောင့် နန်းအံ့ဩစွာ ရင်ခုန်ရလေပြီ။ သူ့ရင်ခွင်ထဲ ခေတ္တ ခဏ ငြိမ်သက်မိရင်း မာန ၊ သိက္ခာတွေနှင့် မူရဖို့ပင်မေ့နေခဲ့သည်။ အချစ်နတ်၏ဖမ်းစားခြင်းကို လှလှပပ ခံနေရလေ၏။ မချစ်ဖူးတော့ ရူးရမတတ် ဖြစ်ခဲ့သည်။
" ပိတောက် သိပ်ချစ်တယ် မောင့်ကိုချစ်လား "
" မသိဘူး. "
" ဖြေကွာ မဖြေဘူးလား အဲဒါဆိုမချစ်ဘူးပေါ့ ဟုတ်လား"
" ဘယ်သူက ပြောလဲ "
မျက်နှာညှိုးသွားတာမြင်မိတော့ နန်းမနေတတ်တော့ပါ။
နန်းရင်ထဲ မကောင်း ။
" အဲဒါဆို ဖြေလေ မောင့်ကိုချစ်လား "
" အင်းဆို "
နန်းအဖြေကြားတော့ နန်းကို တင်းကြပ်စွာ ထွေးပွေ့ထားသည်။ နန်းနှင့် မောင် ချစ်သူဖြစ်သွားကြ၏။ မြန်သည် ၊ နှေးသည် စဉ်းစားဖို့ပင် အချိန်မရ။ ငယ်ရွယ်သူတို့၏ သင်္ကြန်မှာ နီးစပ်လွတ်လပ်မှု့က မြန်မြန်ချစ်သူဘဝရောက်စေသည်။
ချစ်ကြပြီဆိုတော့ မိုးမမြင် ၊ လေမမြင်။ ကားနှင့်လည်း မလည်ဖြစ်တော့ဘဲ ချစ်သူဆိုင်ကယ်နောက်မှာ ချစ်သူခါးဖက်ရင်း လည်လို့မဝကြပါ။ မိဘများကတော့
အကမဏ္ဍပ်ထင်နေသည်။ သူ့အကြောင်းလည်း ကိုယ်မသိ၊ ကိုယ့်အကြောင်းလည်းသူမသိ။ အချစ်က အချစ်ပဲဖြစ်သည်။ ဘာမှမလို ။ ရူးသွပ်စွာ ချစ်နေတာကိုက သူရဲကောင်းလိုလိုပင်။
" ပိတောက် မောင်တို့ထွက်ပြေးကြရအောင်နော်
မောင်အရမ်းချစ်တယ် မခွဲနိုင်တော့ဘူးကွာ "
ချစ်သူက ချွဲတော့ နန်းစိတ်ထဲ တယောလေးပင်အရှူံးပေးရ၏။
" မောင်ကလဲ ပိတောက်ကြောက်တယ် ကျောင်းလည်း မပြီး အိမ်ကသိရင် သတ်လိမ့်မယ် "
" အိမ်ထောင်ကျပြီးမှ ကျောင်းဆက်တက်လည်းရတယ်လေကွာ ဘာလဲ ပိတောက်က မောင်ချစ်သလိုမချစ်ရင်လည်းသဘောပါကွာ "
ချစ်သူက မျက်နှာညိုတော့ နန်းမနေတတ်တော့ပါ။ နောက်ဆုံးတော့ချစ်သူအလိုကျ ခေါင်းလေးညိတ်ကာ
ချစ်သူကိုယုံကြည်ပြီး ချစ်သူနောက် လိုက်ခဲ့လေသည်။
မောင့်သူငယ်ချင်း တစ်ဦး၏ အကူညီနှင့် တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာ၏။ နန်းတွင်ဘာမှမပါပါ။ မောင့်သူငယ်ချင်းဦးလေး ဖြစ်သဖြင့် နန်းတို့ကို လက်ခံထားသည်။
နန်းတို့အတွက် အခန်းတစ်ခု ရသည်နှင့်
" ပိတောက် ဘာမှမကြောက်နဲ့နော် မောင် ခုချက်ချင်းပြန်လာခဲ့မယ် မောင်တို့သုံးဖို့ ရေလိုတယ်
မောင့်မှတ်ပုံတင် ၊ အဝတ်စား ပြန်ယူမှရမယ်
မောင်ပြန်မလာမချင်း ဘယ်မှမထွက်နဲ့နော် ဘယ်သူလာလာ တံခါးမဖွင့်နဲ့ကြားလား "
" ဟုတ် မြန်မြန်ပြန်လာနော် နန်းကြောက်တယ် "
" စိတ်ချ အမြန်ဆုံးပြန်လာခဲ့မယ် "
ပြောပြောဆိုဆို နန်းနဖူးပေါ် အနမ်းတစ်ပွင့်‌ေခြွချပြီး မောင်ထွက်သွားလေသည်။ ထိုအချိန်ကထဲက မောင့်ကိုနန်းနောက်ဆုံးမြင်တွေ့ခဲ့ရခြင်းပင်။ နန်းရင်တစ်ခုလုံး နာကျင်ခဲ့ရသည်။ အချစ်တစ်ခုအတွက်
နန်းသိက္ခာ ၊ နန်း၏မာန ၊ နန်း၏အရှက်အားလုံး ပေးဆပ်လိုက်ရသည်။
နန်း၏ပါးပြင်ပေါ်သို့ မျက်ရည်များကအဆက်မပြတ်စီးဆင်းကျလာ၏။ တစ်ယောက်တည်း ခြောက်ခြားစွာ တစ်ညလုံးဆောက်တည်ရာမဲ့စွာ ငိုကြွေးခဲ့ရသည့်အဖြစ်က ယခုထိ ပြန်တွေးတိုင်းအသစ်ဖြစ်တုန်းမဟုတ်လား။ နောက်တစ်နေ့မနက် အိမ်ကိုဖုန်းဆက်ပြီး လာပြန်ခေါ်ခိုင်းသဖြင့် နန်းဘဝဘာမှမဖြစ်ခဲ့သော်လည်း
နန်းအသိုင်းဝိုင်းကြား နန်းပေးဆပ်လိုက်ရသည့် တစ်ညတာ ယောက်ျားနောက် လိုက်ပြေးဖူးခဲ့သောအမည်းစက်က ယခုထိ ဖျက်မရတော့ပေ။ သူငယ်ချင်းဒေလီယာကို စုံစမ်းသော်လည်း တိကျစွာ ဘာတစ်ခုမှမသိရ။
" သက်ပိုင်နဲ့ဒေလီယာက ကျောင်းမှာခင်တာပါ သူ့အကြောင်းတိတိကျကျ ဒေလီယာလည်းမသိဘူး
တောင်ကြီးမြို့ပေါ်ကမဟုတ်တာတော့ သိတယ်နန်း"
ဒေလီယာ့ဆီက စုံစမ်းသမျှလည်း သည်လောက်ပဲသိခွင့်ရခဲ့လေသည်။
" ကဲ အားလုံးသုံးဆောင်လိုက်ဦးနော် ကော်ဖီနဲ့မုန့်တွေ "
စိုင်းစကားသံကြောင့် နန်းအသိဝင်လာရ၏။ သိချင်စိတ်ပြင်းပြလာသဖြင့်စိုင်းကို မေးခွန်းထုတ်လိုက်သည်။
" စိုင်း အဲဒီဓာတ်ပုံထဲကသူက ဘယ်သူလဲ စိုင်းနဲ့ဘာတော်လဲဟင် "
နန်းမေးတော့ ဓာတ်ပုံကိုလှမ်းကြည့်လိုက်သည့် စိုင်းမျက်နှာက ညှိုးသွား၏။
" စိုင်းအစ်ကိုလေ သက်ပိုင်စိုးတဲ့ ကိုကိုက စိုင်းထက်သုံးနှစ်ကြီးတယ် "
" နန်းကိုမိတ်ဆက်ပေးပါလား နန်းတွေ့ဖူးချင်တယ်စိုင်း "
" ဟင် "
စိုင်းပါးပြင်သို့မျက်ရည်များ စီးဆင်းကျလာသည်။ ဆို့နင့်စွာနှင့်
" မနောက်ပါနဲ့ပိတောက်ရယ် ကိုကိုက စိုင်းတို့ကိုထားခဲ့တာ သုံးနှစ်ပြည့်ပြီလေ ကိုကိုက လူ့လောကမှာမရှိတော့ဘူး ပိတောက် "
ဟုဆိုသည်။
" ရှင် "
နန်းတစ်ကိုယ်လုံး မြောက်ခနဲ လွင့်သွားသလိုခံစားလိုက်ရသည်။ မထင်မှတ်ထားသော
တုန့်ပြန်မှု့က နန်းရင်ကို လှိုင်းထန်စေ၏။ နန်း၏အံ့ဩမှုကို စိုင်းက ခေါင်းညိတ်ပြသည်။ နန်းကိုလည်း စူးစိုက်ကြည့်ရင်း
" ပိတောက်က ကိုကို့ကိုသိနေလား "
ဟု မေးသည်။
" သိတယ် စိုင်း သိပ်သိတာပေါ့ သူ့ကြောင့် နန်းဘဝအဖတ်ဆည်မရအောင် ဖြစ်ခဲ့ရတာ "
" ဟင် ဒါဆို ပိတောက်က ကိုကို့ချစ်သူပေါ့
ကိုကိုသိပ်ချစ်ရသူပေါ့ "
" ဘယ်လို "
စိုင်းကို အံ့ဩသလို တုန့်ပြန်မေးရင်း နန်းငေးမောကြည့်နေမိ၏။
" တိုက်ဆိုင်လိုက်တဲ့ ကံကြမ္မာရယ် အရမ်းအံ့ဩစရာပါပဲ အဖြစ်အပျက်အကုန် စိုင်းပြောပြပါ့မယ် "
*******,**
အပိုင်း ( ၃ )
-------------
" ဝေါ. ဝေါ. ကျွီ "
အိမ်ရှေ့က ဆိုင်ကယ်ရပ်သံကြောင့် စိုင်းအိမ်ထဲကပြေးထွက်လာသည်။ ကိုကိုပြန်လာပြီ။
" ကိုကို ပြန်လာပြီလား အပြင်ထွက်ဦးမလား
ညီလိုက်ချင်တယ် "
စိုင်းဆိုတော့ စိုင်းခေါင်းကို လက်နှင့်ပုတ်ရင်း ကိုကိုရယ်သည်။ ပြီး အသံနှိမ့်ပြီး
" မေမေ ဘယ်သွားလဲညီ "
ဟူမေး၏။
" မရှိဘူးကိုကို အပြင်သွားတယ် ဥပုဉ်သွားစောင့်တာပြန်မလာသေးဘူး"
" အင်း ညီညီ ကိုကိုမိန်းမခိုးထားပြီကွ လိုအပ်တာတွေ
လာယူတာ မင်းအစ်မချောချောလေးရပြီ "
" တစ်ကယ်လား ကိုကို ပျော်တာ ညီလိုက်ချင်တယ် "
" မရသေးဖူးလေညီရ အိမ်ကိုခေါ်လာမှာ နောက်ရက်"
ကိုကိုဆိုတော့ စိုင်းပျော်မိ၏။ အစ်မချောချောလေးရတော့မည်။ ကိုကိုက မေမေ့အခန်းထဲဝင်ကာ ပိုက်ဆံတွေအထပ်လိုက် နိူက်ရင်း
အိတ်ထဲသို့ ထည့်သည်။ စိုင်းကိုကြည့်ကာ ရယ်၍ ဆို၏။
" သူ့ကိုငါသိပ်ချစ်တာ ညီရ "
အဝတ်အစားနှင့် ပိုက်ဆံများ ထည့်ပြီး ထွက်ခွာသွားသောကိုကို့ကိုငေးရင်း စိုင်းကျန်ခဲ့လေသည်။
" ကိုကို ဆိုင်ကယ်ဖြည်းဖြည်းမောင်းနော်"
အရှိန်နှင့်မောင်းထွက်သွားသော ကိုကို့နောက်ကျောကိုငေးမောရင်း စိတ်ပူစွာ လှမ်းအော်သတိပေးဖြစ်၏။
ကိုကိုထွက်သွားပြီးမကြာမီ မေမေပြန်ရောက်လာသည်။
" သားငယ် မင်းကိုကို ပြန်လာပြီလား "
" ခဏပြန်လာပြီး ပြန်ထွက်သွားတယ်မေမေ"
" ဒီကောင်လေး ဒီညလည်း တောင်ကြီးအိပ်မယ်ထင်တယ် "
မေမေ့အပြောကို နားထောင်ရင်း စိုင်းမသိမသာ ပုခုံးတွန့်မိသည်။ ကိုကိုမိန်းမခိုးတာ မေမေသိလျှင် ဘယ်လောက်ဆူမည်လဲမသိပါ။
မေမေရောက်ပြီး နာရီဝက်ခန့်အကြာ
ဖုန်းဝင်လာ၏။
" တီ တီ တီ "
" ဟဲလို အမိန့်ရှိပါရှင်"
" ရှင်... ဟုတ်ပါတယ် ဟုတ်ကဲ့ ကျွန်မသားပါရှင် "
" ဆိုင်ကယ်က တစ်ဖက်က ကားကိုဝင်တိုက်တာ အမလေး ဘုရား. ဘုရား ခုပဲ ကျွန်မတို့လာပါ့မယ် ဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင်"
ဖုန်းချပြီး ရှိုက်ကြီးတငင်ငိုချလိုက်သော မေမေ့ကြောင့် စိုင်းလန့်ဖျတ်သွားရသည်။ လိမ္မော်ခြံထဲသွားနေသော ဖေဖေ့ကို
ခေါ်ခိုင်းကာ ဖေဖေရောက်သည်နှင့် ကိုကိုရှိရာ လိုက်သွားကြ၏။ စိုင်းတို့ရောက်တော့ ကိုကို့အသက်မမှီတော့ပါ။ ဆိုင်ကယ်ပါ တစ်စစီဖြစ်၍ သွေးအိုင်ထဲ အသက်မဲ့နေသည့် ကိုကို့ကိုကြည့်ကာ စိုင်းချုံးပွဲချငိုပြီးသတိလစ်ခဲ့ရသည်။
ကိုကိုမြေကျသည်အထိ စိုင်းတစ်ယောက် အိပ်ယာထဲလဲခဲ့ရ၏။ ကိုကိုမိန်းမခိုးသည့်အကြောင်း
စိုင်းမပြောဖြစ်ပါ။ အချိန်ကြာလာသည်နှင့် ထိုမမ ဘယ်လိုများနေလေမလဲ တွေးပြီးစိတ်ပူရသည်။
တိုက်တိုက်ဆိုင်ဆိုင် ကံကြမ္မာက ပိတောက်နှင့်တွေ့ခွင့်ပေးလေပြီ။
စိုင်းရှင်းပြသည်ကို နားထောင်ရင်း နန်းကြေကွဲစွာ ငိုရလေပြီ။
တစ်သက်လုံးချစ်သူအပေါ် သည်အကြောင်းများ မသိခဲ့ရပါက
မုန်းတီးနာကျည်းနေမိမည်ထင်၏။
" ပိတောက်က ကိုကို့ကြောင့် ထိခိုက်ကြေမွခဲ့ရတယ်ဆိုရင် စိုင်းက အဲဒီကြေမွနေတဲ့ပိတောက်ခက်လေးကို တစ်သက်လုံးသိမ်းဆည်းခွင့်ရချင်တယ်"
စိုင်းကို ခေါင်းခါပြလိုက်သည်။ တစ်ချိန်က နာကျည်းစိတ်နှင့်ပင် သစ္စာရှိစွာ စောင့်ခဲ့သော နန်းတစ်ယောက် ၊ ခုချိန်မှာ ပို၍သစ္စာရှိစွာ နေမိပါလိမ့်မည်။ ခုချိန်ထိ ရင်ထဲမှာ နေရာပေးမိနေသည့်ချစ်သူကို ကြေမွနေသော နှလုံးသားနှင့် သင်္ကြန်ရောက်တိုင်း နန်းအမြဲလွမ်းနေရပါတော့မည်။
ငယ်ရွယ်ရူးသွပ်စိတ်နှင့် အချစ်ကိုကိုးကွယ်မိခဲ့သော
နန်းတစ်ယောက် ၊ သင်္ကြန်ကိုမမေ့နိုင်သလို ၊ မောင့်ကိုလည်းမေ့နိုင်မည်မဟုတ်ပါ။ နန်းသိချင်သော ပုစ္ဆာတစ်ပုဒ်၏အဖြေအား တိကျစွာသိခွင့်ရလိုက်သဖြင့် ရင်မှာ နာကျင်‌ေနရသောအမုန်းများလွင့်စင်သွားကြလေပြီ။
နန်းတို့ကို စိုင်းတို့သူငယ်ချင်းနှစ်ယောက်ပြန်လိုက်ပို့ကြသော အပြန်လမ်းတွင် တိတ်ဆိတ်ခြောက်သွေ့နေတော့သည်။


ဆုပြည့်ဝ


rate now: