book

Index 2

ပြက္ခဒိန်ပေါ်မှဘဝစာမျက်နှာများ

ကျွန်တော့်နာမည်က နေလင်း။ သည်နေ့က ကျွန်တော်သိပ်ချစ်ရသော ချစ်ဇနီး၏ ဆံချမည့် နေ့ရက်လေး။ ဆိုးတူကောင်းဖက် ၊ ချစ်လိုက် ၊ မုန်းလိုက် သံသရာ၏ဘဝစာမျက်နှာ‌ေတာ်‌ေတာ်များများမှာ သူနှင့်ကျွန်တော်
သေဖော်သေဘက် ၊ ရှင်ဖော်ရှင်ဘက် ၊ ပါရမီဖြည့်ခဲ့ကြတာပါ။ ဘုရားလောင်းက ပါရမီဖြည့်ဖက် ယသော်ဓရာရှိမှပြည့်စုံသလို၊ ကျွန်တော့်ဘဝမှာလည်း ကျွန်တော့်ချစ်ဇနီး ခင်ခင်နွေရှိမှပြည့်စုံရမှာပါ။ ခုတော့ နွေ့ခင်ပွန်းအနေနှင့် ဆံချမည့် ပဝါစမှာ သားကြီးကတစ်ဖက် ၊ ကျွန်တော်ကတစ်ဖက်။
ကျွန်တော့်မျက်ဝန်းမှာ ဆံပင်တွေအစား မြင်နေရသည်က ညနေကျလျှင် ဆုံမည့် ရောင်နီတို့အဖွဲ့သာ ဖြစ်၏။ သည်နေ့လေးမှစ၍ နွေ မလာမချင်း ကျွန်တော်လွတ်လပ်ရေးရလေပြီ။ တရားဓမ္မအောက်မှာ တည်ငြိမ်စွာ မျက်လွှာလေးချထားသည့် နွေ၏မျက်နှာလေးက ငြိမ်းချမ်းလေစွတကား။
ကျွန်တော့်ရင်မှာလည်း လွတ်လပ်ရေးအရသာက
ခုန်ပေါက်နေလေ၏။ ယခင်လို ဆိုမည့်သူ ၊ ဆူမည့်သူ မရှိပေ။
" တော်တို့တတွေ တစ်နေ့တစ်နေ့ ဒီပိုက်ဆံမရတဲ့စာတွေပဲ ပြောနေကြတာ အဲဒီလိုနေမယ့်အစား အလုပ်သာအားကျိုးမာန်တက်လုပ်ကြည့် ခင်ခင်နွေတို့ လည်ပင်းကျိုးပြီသိလား "
" ဟာ မိန်းမလည်ပင်းကျိုးမှာစိုးလို့ပါကွာ
ငါမကြည့်ရက်ဘူး ဟီး "
" ကိုနေ "
စိတ်ကပြန်ကြားယောင်ရင်း ၊ မိန်းမအော်သံက နားနားကပ်လာသဖြင့် မိန်းမစကားမီးသေရသူပီပီ ၊ ဇတ်ကအလိုလိုပုဝင်သွား၏။
" ဒကာကြီး ဆရာလေးက ပျော်သလောက်ဝတ်ပြီး တရားဓမ္မအရိပ်အောက်မှာ ခိုလှုံချင်သေးတယ် "
ဆရာလေးစကားကြားရပြီးနောက် ကျွန်တော်တစ်ယောက် ၊ ရင်ထဲတွင် ကုလားဘုရားလှည့်သလို ဒိန်းတပ်တပ် ၊ ဒိန်းတပ်တပ်။
" ဆရာလေး စိတ်ချမ်းသာသလိုနေပါ
နောက်ကိုနောက်ဆံမတင်းပါနဲ့ဘုရား "
သိမ်သိမ်မွေ့မွ့လေးထိုင်ပြီး ဆိုလိုက်ရ‌ေသာ်လည်း ကျွန်တော့်ရင်ထဲမှာတော့
" တစ်သက်လုံးမထွက်လည်းစိတ်မဆိုးဘူး ဟီး "
ဟုဆိုနေမိသည်။
ဆရာလေးနှင့် စကားစမပြတ်သဖြင့် ထမရသောကျွန်တော်တစ်ယောက် ၊ စိတ်က ရေမရှိသည့် ကုန်းပေါ်အနေခက်နေသော ပုဇွန်ဆိတ်တွေလို ခုန်ဆွ ၊ ခုန်ဆွဖြစ်‌ေနသည်။ အတောင်ပံခတ်၍ ပျံချင်နေပြီ။ အိမ်၌ကျန်ခဲ့သော ရောင်နီနှင့်အပေါင်းပါများက ယခုလောက်ဆိုလျှင် ပြင်ဆင်ပြီး
စောင့်နေကြတော့မည်။
" ဆရာနေ မြန်မြန်ပြန်လာနော် ဒီည ကျွန်တော်လည်း မိန်းမကိုအပီ ဘတ်လာတာ "
တပည့်ကြီးရောင်နီ၏ စကားကိုကြားယောင်သောအခါ မြန်မြန်ပြန်ချင်လာ၏။ ကျွန်တော့်စိတ်များအား ထွင်းဖောက်သိလေလားမသိပါ။ ဆရာလေးက မိန့်သည်။
" ဒကာလေး ပြန်ချင်နေပြီလား ပြန်လေ ဆရာလေးလည်း တရားမှတ်တော့မယ် "
" တင်ပါ့ ဆရာလေး "
ဆရာလေးကို နုတ်ဆက်စဉ် ကျွန်တော့်အားညစဉ်ရှိခိုးအိပ်သော ဇနီးသည်အား မြင်ယောင်မိစဉ်တခဏ
" အယ် ငါ့အလှည့် မကန်‌တော့ရလို့ တော်သေး " ဟု တွေးမိလေသည်။
ခြေလှမ်းခပ်သွက်သွက်နှင့် အိမ်ကိုမည်သို့ရောက်လာလဲပင် မသိလိုက်ပါ။ တပည့်ကျော်ကြီး၏ဖွယ်ဖွယ်ရာရာ အပြင်ဆင်များက ကျွန်တော့်အား ဖမ်းစားထားလေ၏။
အိမ်ရှေ့ဧည့်ခန်းဆက်တီခုံပေါ်တွင် ခင်းကျင်းထားသည့် ဟင်းလျာများက အစုံအလင်။
" ဝါး စုံလှချည်လား တော်လိုက်တဲ့ငါ့တပည့်
တွတ်ပီတပည့် ဗိုက်ကလေးထက်သာတယ်ကွာ
နေလင်းတပည့် ရောင်ဗိုက်လေးကွ အဲ "
အိမ်နောက်မီးဖိုချောင်မှ ဟင်းပန်းကန်များ ကိုင်ပြီးထွက်လာသော ရောင်နီကြောင့် အားရပါးရရေရွတ်နေသည့် ကျွန်တော် အိုးတို့အမ်းတန်း ဖြစ်သွားသည်။
" ရောင်ဗိုက်လေးတော့လုပ်ပါနဲ့ဗျာ ဆရာနေရာ
တော်ကြာ ဘာမှမစားရမသောက်ရနေပါဦးမယ် "
" ဟား ဟား ဟား "
တပည့်ကျော်စကားကြောင့် ကျွန်တော်တစ်ယောက် ၊
ဗိုလ်အောင်တင်ရယ်နည်းကို အားကျစွာအသုံးပြုလိုက်လေ၏။
" ရေမိုးချိုးတော့ တော်ကြာ ဖိုးဇော်တို့ ဖိုးထင်တို့လာတော့မယ် "
တပည့်ကြီး၏ အလိုက်သိမှု့ကို ကျေနပ်သော စတိုင်နှင့် ဂိုက်ပေးကြမ်းရင်း ရေချိုးခန်းထဲဝင်လိုက်သည်။ ယခုမှ လူငယ်လေးတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ( သ ) နေလေ၏။ ဇနီးနွေရှိတုန်းကဆို ရေချိုးလျှင်လည်း
" ကိုနေ ရှင့်ကိုယ်ရှင် ဆယ့်ခြောက်နှစ်သားထင်နေလား ရေအကြာမချိုးနဲ့လေ သားသမီးတွေမပြောရဘူး
ရှင့်ပဲပြောနေရတာ "
ဟု ရေချိုးခန်းအပြင်က လှိမ့်အော်‌ေတာ့သည်။ နွေမရှိသော်လည်း ကျွန်တော့်အနားတွင် နွေ့အသံများက
ငှက်တစ်ကောင်၏တောင်ပံတွေအတိုင်း ကျွန်တော့်နှလုံးသားနားမှာ တဖျတ်ဖျတ်လာပျံနေကြလေ၏။
နှလုံးသားက တမ်းတစွာနှင့်
" လွမ်းတယ်နွေ "
ဟုရေရွတ်မိလိုက်သည်။ စာရေးဆရာဆိုသည့်အတိုင်း ကျွန်တော့်နှလုံးသားက အထိခိုက်မခံ ၊ နုဆတ်လှလေ၏။
" ဝုန်း ဝုန်း ဆရာနေ ဆရာနေ ကြာလှချည်လား အအေးပတ်လိမ့်မယ် "
အခန်းရှေ့တံခါးကို တစ်ဝုန်းဝုန်းထုရင်း လာရောက်အော်နေသော ကျွန်တော်၏ချစ်လှစွာသော တပည့်ကျော် ရောင်ဗိုက်လေး ။ အဲ...။ မှားလို့ ၊ ရောင်နီ။
ခဏတာလွမ်းမိသောအလွမ်းတွေပင် ကြက်ပျောက် ငှက်ပျောက်ဖြစ်အောင်ဖန်တီးလိုက်သော တပည့်ကျော်အား စိတ်ဆိုးရခက်စွာ အခန်းပြင်သို့ထွက်လာလိုက်၏။
" အပြင်မှာ ရောက်နေကြပြီ "
" ဟေ ဘာလဲဟ "
တပည့်ကျော်အ‌ေပြာအား နားမလည်သလို ၊ အံ့ဩစွာမေးခွန်းထုတ်လိုက်သည့်ကျွန်တော့်ကို ရိုသေစွာပြန်ထိုးလာသည့် တပည့်ကျော်၏ မိန်းကလေးပင်အရှုံးပေးရသော
မျက်စောင်းတစ်ချက် ။ ရင်ဘတ်ပေါ် လက်နှစ်ဖက်တင်ရင်း စိတ်ထဲကရွတ်မိလိုက်၏။
" ဘုရား ဘုရား ချက်ပြုတ်ရင်းများ ငါ့တပည့်ခြောက်သွားပြီလားဟယ် "
" အပြင်မှာ ဖိုးဇော်ရယ် ဖိုးထင်ရယ် ရောက်နေကြပြီ "
တပည့်ကျော်၏မျက်စောင်းကို ထပ်မကြုံချင်တော့သဖြင့် ခေါင်းတစ်ချက်ညိတ်ရင်း
နွေနှင့် ကျွန်တော့်၏ အိပ်ခန်းထဲဝင်လိုက်သည်။မျက်နှာသုတ်ပုဝါ (သဘက် )နှင့်ရေစိုသည့်နေရာမှန်သမျှသုတ်ရင်း ၊ ကျွန်တော်ဝတ်ရန် ဗီရိုတံခါးဖွင့်၍ အင်္ကျီယူလိုက်သည်။
ဖြတ်ကနဲအရိပ် ထင်သွားသည့်ပုံရိပ်က
ကျွန်တော်ရေချိုးပြီးတိုင်း အဆင်သင့်ထုတ်ထားသော
ကျွန်တော့်အင်္ကျီ‌ေလးကိုကိုင်ရင်း ရောက်လာတတ်သောနွေ။
ရင်သည်ဟာဆင်းသွားလေပြီ။ နှလုံးသားကတမ်းတစွာ
" လွမ်းမိပြန်ပြီနွေ "
ဟု ထပ်ဆင့်ဆိုလိုက်မိပြန်သည်။
" ဆရာနေ ထွက်လာလေ အခန်းထဲဘာလုပ်နေတာလဲ "
ဖိုးဇော်အသံကြားလိုက်ရ၏။ နောက်ဆက်တွဲ ဖိုးထင်အသံပါ ထပ်ကြားရသည်။
" မမနွေ မရှိတုန်း လူပျိုလုပ်မို့နေမှာပေါ့ "
" ဟား ဟား ဟား "
ဘာကိုသဘောကျမှန်းမသိစွာ ရယ်နေကြသံက အခန်းထဲထိလွင့်လာသည်။ မှန်ထဲမှ အဖြူတွေစွတ်နေသော ဆံပင်ကေကိုသပ်ရပ်စွာ ဘီးနှင့် ဖြီးသင်လိုက်၏။ နွေပြောဖူးသည့်
" ကိုနေနဲ့ဒီစပိုစ့်ရှပ်လေး သိပ်လိုက်တာ "
ဆိုသော အင်္ကျီ‌ေလး ထုတ်ဝတ်လိုက်၍ အဝတ်စားလဲပြီးသည်နှင့် အပြင်ထွက်လာလိုက်သည်။
မမြင်ရတာကြာနေသော ၊ မဆုံဖြစ်တာကြာနေသောကျွန်တော်တို့အဖွဲ့လေး၏ သက်ဝင်လှုပ်ရှားဖွယ်တွေက
ပျော်ရွှင်ဖွယ်။
ဖိုးဇော်နှင့် ဖိုးထင်က ဘလက်ခ်လေဘယ် ( black lable ) နှစ်လုံး ထောင်ထားလေပြီ။
တပည့်ကြီးရောင်နီ၏ လက်ရာတွေကလည်း အံ့မခန်းနီးနီး။ ကမ္ဘာကျော် စားဖိုမှူးများပင် လက်ဖျားခါ အရှုံးပေးရလောက်အောင် အချက်ပြုတ်ပိုင်ဆိုင်၏။ (သူ့ဇနီး ၏လက်ထပ်သင်ပေးသော မီးဖိုချောင်မှ ကွင်းဆင်းသင်ယူခဲ့ခြင်း)။ သူ့တပည့်ကြီးကလည်း
သူ့အိမ်မှာ အချက်ပြုတ်ကို တာဝန်ခွဲယူထားလေသည်။ ( ဒါကြောင့်ထင်သည် တစ်ချက် ၊ တစ်ချက်နွဲ့နွဲ့သွားလေ၏။)ဖိုးဇော်က ဖန်ခွက်လေးခွက်ကို ရေခဲအနေတော်ထည့်လိုက်သည်။ ပြီးသည်နှင့် ဘလက်က်လေဘယ်တွေအား ငှဲ့ထည့်လေရာ
ပုလင်းထိပ်ဝတွင် ဘော့လ်စိ ခံနေသဖြင့် စိတ်ရှည်စွာ စောင့်နေရ၏။ ကျွန်တော်က တပည့်ကြီးလက်ရာဖြစ်သည့် အမည်မသိသော
ဟင်းလျာတွေကို တစ်ဇွန်းဆီခပ်ယူမြည်းလိုက်သည်။
" ဟား ကောင်းလိုက်တဲ့လက်ရာ နွေ့ထက်တောင်သာတယ်ဟေ့ "
" အဲဒီလိုဆိုရင် မမနွေကိုယ်စားခေါ်ထားလိုက်တော့ "
သူ့စကားကို ဖိုးထင်က ထောက်ခံပေးသည်။
" ဟင့် ကြောက်ဆည် နေဘူး "
ကနွဲ့ကလျနှင့် တပည့်ကျော် ရောင်ဗိုက်ကလေး၏
ပုံစံကိုကြည့်၍ အားလုံးရယ်မိကြသည်။ ယမကာလေး နည်းနည်းစီဝင်သောအခါ ၊ လျှာလေးသော်လည်း အာကသွက်လာသည်။ ကျွန်တော်သိသော ၊ သူတို့သိသော စာပေလောကအကြောင်း စုံလင်စွာ နှီးနှော တိုင်ပင်ကြ၏။ ကျွန်တော်ပြောပြသော အတွေ့အကြုံများကို အားကျစွာ နားထောင်နေကြပုံက အားရှိကြည်နူးစရာပင်။
ချစ်ဇနီးနွေသာ မြင်လျှင် ဘယ်လောက်ပေါက်ကွဲမည်မသိပါ။
သူမ၏ဓာတ်ပြားဟောင်းဖြစ်သော
" ရှင့်စာပေကို ဖြတ်မလား ကျွန်မကိုဖြတ်မလား "
ဆိုသောစကားဖြင့် မလှုပ်နိုင်အောင် ကိုင်ပေါက်မည်ဖြစ်သည်။ ကျွန်တော်တို့အစည်းဝေးဝိုင်းလေး အရှိန်ရစပြုသောအခါ အမှတ်မထင် မဖိတ်ခေါ်ထားသည့် လူတစ်ယောက်ပေါက်ချလာလေ၏။ သူကား ကိုထိုက်ပင်။
" ဆရာနေ ဆရာနေရေ "
တစ်ကျော်ကျော်အော်ခေါ်ရင်း ရောက်လာသည့် ကိုထိုက်ကို ကျွန်တော်တို့အားလုံး အံ့ဩစွာ ကြိုဆိုလိုက်ကြ၏။
" ဟာ ကိုထိုက် လာဗျာ "
အနားတွင်ခြေပစ် ၊ လက်ပြစ်ထိုင်ချလိုက်သော ကိုထိုက်ကိုကြည့်ရင်း အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ တပည့်ကြီး ရောင်ဗိုက်ကလေးက အလိုက်သိစွာနှင့် ကိုထိုက်အား မေးလိုက်သည်။
" ကိုထိုက် ဘာဖြစ်လာလဲအစ်ကို "
ခေါင်းကြီးငိုက်စိုက်ချ၍ ပါးပြင်ပေါ်မျက်ရည်များစီးကျလာသော ကိုထိုက်ကိုကြည့်ရင်း ကျွန်တော်တို့တစ်တွေ ဘာပြောရမှန်းမသိပါ။
"ကျွန်တော်ကွာမယ် ဒီမိန်းမကို ကျွန်တော့်သိက္ခာ ၊ ကျွန်တော့်မာနကိုရိုက်ချိုးတဲ့မိန်းမ ကျွန်တော့်စာပေကို စော်ကားတဲ့မိန်းမ မပေါင်းဘူးဗျာ ကွာပစ်မယ် ဆရာနေ သက်သေလိုက်ပေးပါ "
" ဖျား ဖျား ဘုန်းကြီးအမှု့ ရွာမပတ်ပဲ ငါ့လာပတ်နေပြီ "
အပြင်တွင် မပြောရဲတော့ စိတ်ထဲကကြိတ် ၊ ရေရွတ်လိုက်ပြီး ကိုထိုက်ကို ချော့မော့ရတော့သည်။
သူ့လိုပင် ကျွန်တော်လည်း ဖြစ်ခဲ့ဖူးသည်မဟုတ်လား။
" ဒီလိုလဲ ဘယ်ဟုတ်မလဲ ကိုထိုက်ရာ ငါ့တုန်းကဆို ဒီ့ထက်မက ဖြစ်ခဲ့ရတာ လင်နဲ့မယားလျှာနဲ့သွားတဲ့ သူတို့ပြောတာလည်း ချစ်လို့ပြောတာမဟုတ်လား "
ကျွန်တော့်‌ေဖြာင်းဖျစကားကြားတော့ ကိုထိုက်ဒေါသနည်းနည်းပြေသွားလေသည်။ အလိုက်သိသော တပည့်ကျော်ရောင်ဗိုက်လေးက ဖန်ခွက်တစ်ခွက်ယူ၍ ကိုထိုက်အတွက် စိတ်ပြေဆေးလေး စပ်ပေးလိုက်သည်။ ကိုထိုက်က ဘယ်အချိန်ကထဲကသောက်ချင်နေသည်မသိ ၊ တစ်ခါတည်း ဂွပ်ကနဲနေအောင် မော့သောက်လိုက်သည်။
တစ်စခန်းထလာသည်က ဖိုးဇော်နှင့်ဖိုးထင်။
" ဆရာနေ ကျွန်တော်တို့နားထောင်ချင်တယ်ပြောပြပါလား ဆရာနေတို့အကြောင်း "
ဖိုးဇော်က ကလေးဂျီကျသလို ကျလေ၏။
" ဆရာနေ ဆရာ့နေနဲ့မမနွေအကြောင်း ပြောပြဗျာ ကျွန်တော်တို့နားထောင်ချင်တယ် "
ဖိုးထင်က ထပ်မံတိုက်တွန်းသောအခါ ၊ နဂိုကမှလွမ်းစိတ်ဝင်နေသော နှလုံးသားက မငြင်းချင်တော့ပါ။ နှလုံးသား၏ဆန္ဒအတိုင်း စိတ်တွေက စီးမျောသွားတော့သည်။
*****************
အပိုင်း ( နှစ် )
နေလင်းဆိုသောကျွန့်တော့်ပုံစံက ခပ်မိုက်မိုက်။ အသားကညိုညို၊
အရပ်မြင့်မြင့် ၊ နှာတံပေါ်ပေါ် လူချောတစ်ယောက်စာရင်းဝင်သလို ၊ မိန်းမတွေကို
အထင်မကြီးသူရယ်ပါ။ စာပေလေး မတောက်တစ်ခေါက်ရေးရင်း၊ စာယောင်ယောင် ၊ ပေယောင်ယောင်။ ဆိုးသည်။ ရွတ်သည်။ လူမိုက်မဟုတ်သော်လည်း တေသည် ၊ ပေသည်။
ဘာကိုမှဂရုမစိုက်တတ်ပါ။ မိန်းမတွေလည်းအတည်မထားပါ။ ( ဘာကြောင့်ဆို ကျွန်တော်ကရိုးသားစွာချစ်ခွင့်ပန်ခြင်းကို ရှင့်လိုလူမစဉ်းစားဘူးဆိုသော မာနသခင်မနှင့်ကြုံဖူးလေ၏။) ထို့အပြင် ကျွန်တော်နှင့်ကြိုက်ပြီး နောက်တစ်ယောက်ကို ပါအပြိုင်ထက်ကြိုက်နေသော မိန်းမနှင့်ကြုံဖူးသောအခါ ၊ နေလင်းဆိုသော ကျွန်တော်တစ်ယောက်
အချစ်ကိုအယုံကြည်မရှိတော့ပါ။ ခင်ခင်နွေဆိုသော ရပ်ကွက်ထဲတွင် အလှတစ်ပါးလို ထင်ပေါ်သည့် သူ့ကိုတော့ သတိထားမိလာသည်။ ခင်ခင်နွေ၏ မောင်ဝမ်းကွဲနှင့်ကျွန်တော်ကဘော်ဒါ‌ေတွပင်။
"ရည်းစားစာပေးပေးကွာ " ဟုဆိုရင်း စာရွက်တစ်ရွက်အပေါ် "မင်းကိုချစ်တယ် "တစ်ကြောင်းထဲ စာရေးပြီး ပေးခိုင်းလိုက်လေ၏။ စိတ်ထဲ လှသော ၊ မာနကြီးသော ခင်ခင်နွေ၏အချစ်ကို ပြန်ရမည်ဟု
အယုံအကြည်မရှိသလို ၊ ကျွန်တော်ကိုယ်တိုင်လည်းတစ်ကယ်မချစ်သောကြောင့်(အဲဒီအချိန်က) ရည်းစားစာ ပေးထားခြင်းပင် မေ့လျော့နေလေသည်။
တစ်နေ့ ...။ ကျွန်တော်က အဖော်တွေနှင့်ထွေနေချိန်တွင် ၊ တွေ့လိုက်ရသည်က အလှဘုရင်မ ခင်ခင်နွေ။
ရသည့်အခွင့်ရေး လက်မလွှတ်သော ကျွန်တော့်အတွက်
ခင်ခင်နွေရှေ့က ဆီးပိတ်ကာထားလိုက်သည်။ ခင်ခင်နွေက
ပြူးကျယ်ဝိုင်းစက်သော မျက်ဝန်းလေးနှင့်မော့ကြည့်သောအခါ ၊ ကျွန်တော့်ရင်တွေပင်
ခုန်သွားလေ၏။
" နွေ ကိုယ့်ကို အဖြေပေးပါ ကိုယ်အရမ်းချစ်နေပြီနွေ "
ပြောပြောဆိုဆို ခင်ခင်နွေ့လက်ကိုဖမ်းဆွဲထားလိုက်သည်။ ရှက်မူပိုသောမျက်နှာလေးနှင့် နွေက ဖြေ၏။
" အို လွှတ်ပါ ဘာလုပ်တာလဲ အဲဒါ "
" လွှတ်ဘူး ချစ်တယ်ပြောမှ လွှတ်မယ် "
" လွှတ်လို့ပြောနေတာကို "
သူကသာသာရုန်းလိုက် ကျွန်တော်က လက်ဆွဲလိုက်နှင့် နောက်ဆုံးဖြစ်ချင်ရာဖြစ်ဆိုသောအတွေးနှင့် ရင်ခွင်ထဲဆွဲသွင်းရင်း ဖတ်ထားလိုက်သည်။
ကျွန်တော့်ရင်ခွင်ကို လက်သီးဆုပ်ဖွဖွလေးထုရင်း ထိုနေ့ကပင် ခင်ခင်နွေအချစ်ကို မထင်မှတ်ပဲရလိုက်လေ၏။ ချစ်ကြပြီဆိုတော့လည်း အရူးအမူး။ ခင်ခင်နွေအိမ်က အထည်ကြီးပျက်တွေပါ ။
ခင်ခင်နွေ့အဖေက (အဲဒီခေတ်က တိုက်နယ်သူကြီး ) ကျွန်တော်နှင့်နွေ့ကို သဘောမတူ။ ကျွန်တော့်လို ဟိုလိုလို ၊ ဒီလိုလို
ဘာမှမဟုတ်သောသူနှင့် သူ့သမီးအားသဘောမတူသဖြင့် ယောက်ျားပေးစားရန် စီစဉ်တော့သည်။ ချစ်သူတို့သဘာဝ မခွဲနိုင်ကြသောအခါ ၊ ကျွန်တော့နောက် ခင်ခင်နွေ အဝတ်ထုတ်ပိုက်ပြီး ၊
ခိုးရာလိုက်ခဲ့လေ၏။ တရားရုံးနှစ်ဦးသဘောတူ
လက်မှတ်တတ်ထိုးရင်း ၊ အလုပ်ဆိုတာဘာမှန်းမသိသော ကျွန်တော် မိန်းမရသွားပါတော့သည်။ ကျွန်တော် တော်တော်ပေသည်။ မိန်းမရသည်အထိ ပေစိတ် ၊ တေစိတ် မပျောက်ပါ။ ကျွန်တော့်အမေက ကျွန်တော့်ကိုကြည့်ဖ၍ ဆူသည်။
" နေလင်း နင့်ကိုယ်နင် ပြင်ဆင်သင့်ပြီ ခုထိအသိတရားမရှိဘူး မိန်းမရလို့ကလေးတောင်ရတော့မယ် အလုပ်လုပ်ဖို့မစဉ်းစားသေးဘူး လူပျိုမဟုတ်တော့ဘူးဆိုတာစဉ်းစားဆင်ခြင် "
" အမေကလဲဗျာ "
အမေဆူတော့ နားပူသဖြင့် ခြေဦးက ဘော်ဒါတွေရှိသော အပြင်သို့။ တစ်နေကုန်လည်နေလိုက်သည်။ ညနေအိမ်သို့ပြန်ရောက်သည်နှင့်
" ကိုနေ အလုပ်လုပ်ဖို့စဉ်းစားပါတော့ နွေတို့မှာရင်သွေးလေးရလာပြီ ဒီအရက်တွေလည်း သောက်တာလျှော့ပါ ။ နွေ့မျက်နှာလည်း ပြန်ကြည့်ပါဦး ဟင့် ဟင့် "
ပြောရင်း နွေငိုတော့ ကျွန်တော်စိတ်မကောင်းစွာခံစားလိုက်ရသည်။ ဇနီးမျက်ရည်က ကျွန်တော့်ရင်ကိုပူလောင်စေပြီ။
နောက်နေ့ကစ ကျွန်တော်အလုပ်ရှာသည်။ ကျွန်တော် ဆယ်တန်းမအောင်သော်လည်း ရုံးတစ်ခုတွင် စာရေး ရလေ၏။ ကျွန်တော်အလုပ်ရတော့ အမေနှင့်နွေ ပျော်နေကြသည်။ ရုံးတွင် အလုပ်လုပ်ရင်း ကျွန်တော်ဝါသနာပါသည့်စာပေကို
စတင်ရေးလေတော့၏။ ရေးလိုက် ၊ ပို့လိုက် ၊ ပယ်လိုက် ၊ သံသရာကလည်နေသည်။ အချိန်တွေကြာလာသည်နှင့်အမျှ ကျွန်တော့်မိန်းမနွေက
ပထမဦးစွာ သားယောက်ျားလေးမွေးဖွားပေးလေ၏။ နွေနှင့် ကျွန်တော့်၌ ရှိသော အလှတစ်ရားများ သားကရရှိထားသည်။ အမေကတော့ သူ့မြေးဦးလေးကို လက်ကမချလောက်အောင် တမမ။ ကျွန်တော်တို့အိမ်၌ သားလေးငိုသံနှင့်ဝေစည်နေသည်။ နွေကလေးမွေးသည့်သတင်း ဘယ်ကကြားသည်မသိ။ သဘောမတူ၍အမွေဖြတ်ထားသော ခင်ခင်နွေ့မိဘများ ပေါက်ချလာတော့သည်။ သူတို့သမီးနှင့်မြေးကို ဝယ်ခြမ်းပေးသည်မှာ အလျှံပယ်ပင်။
အစကတော့ ချစ်ဇနီးအတွက် ကျွန်တော်ဝမ်းသာမိ၏။ ကြာလာသောအခါ ၊ နွေနှင့်ကျွန်တော် စကားခဏခဏများလာရသည်။
မဝယ်မခြမ်းပေးနိုင်သောကျွန်တော်က အသုံးမကျသောဘဝ ရောက်ရှိလာ၏။ ကျွန်တော့်ကိုယ်ကျင့်တရားထိပါးလာသောစကားတွေဆိုသောအခါ ၊ ခင်ခင်နွေနှင့်ကျွန်တော် သား‌ေလး ၊ လေးလသားမှာပင် ရပ်ကွက်ကောင်စီရုံးတွင် တရားဝင် ကွာရှင်းလိုက်ကြသည်။
" ဟူး "
သက်ပြင်းရှည်ကို မှုတ်ထုတ်ရင်း ဖိုးဇော် ငှဲ့ပေးသော အရက်ကိုမော့သောက်လိုက်၏။
" ဟာ ဆရာနေ ဆက်ပြောလေ အရမ်းစိတ်ဝင်စားလာပြီ"
ဖိုးထင်က အားမလို ၊ အားမရ ပြောလေ၏။ အားလုံးက ကျွန်တော့်ဇာတ်လမ်းတွင် နစ်မြောနေကြသည်။ ချောင်းတစ်ချက်ဟန့်ရင်း
အတိတ်ဟောင်းထဲ ပြန်လည်စီးဝင်သွားပြန်၏။
*************
အပိုင်း ( သုံး )
အိမ်၌ နွေမရှိသည့်နေ့မှစပြီး ပျော်ရွှင်ခြင်းများ ထွက်ပြေးကုန်သည်။ အမေကလည်း သူ့မြေးကိုလွမ်းသည့်စိတ်နှင့် မျက်ရည်လေးတစမ်းစမ်း။ ဘာမှမဟုတ်သည့်ကိစ္စကစပြီး မာနခြင်းပြိုင်မိကြသည်ကို တစ်ချက် ၊ တစ်ချက်နောင်တရမိ၏။ မည်သည့်နေရာကြည့်ကြည့် နွေ့အရိပ်၊ နွေ့ရယ်သံ၊ နွေ့စကားများ ခဏခဏကြားမိတိုင်း န
ရင်ဘတ်ထဲ နာကျင်ရသည်။ နားထဲ၌ သားလေးငိုသံများ တရစပ်ကြားယောင်လာပြန်သည်။ နွေမရှိလျှင် သူ့ဘဝက အလိုလိုခြောက်သွေ့နေပါလား။
နွေ့ကို တစ်ကယ်ချစ်မိသွားပြီဆိုသောအသိက
နှလုံးသားကိုနာကျင်လာစေသည်။ ယောက်ျားတန်မဲ့ စီးဆင်းကျလာသည့် မျက်ရည်များအား နွေ့ကိုမြင်စေချင်၏။ မာနများက ခေါင်းထောင်လာသောအခါ ၊ နွေ့ကိုလွမ်းသည့်စိတ်အား အရက်နှင့်ဖြေဖျောက်ရလေပြီ။ အမေက နေ့စဉ်နှင့်အမျှ တတွတ်တွတ်။ ဆူလိုက် ၊ နားချလိုက်။ နဂိုကပင် လွမ်းစိတ်တွေပိုနေရသော ကျွန်တော်သည် အမေ့ဖြောင်းဖျစကားတွင် ခဏခဏအရည်ပျော်ရသည်။
" လွမ်းလိုက်တာနွေရယ် "
နှလုံးသားမှ တမ်းတမ်းတတညီးညူသံက ကျွန်တော့်ရင်ကို
ပိုနာကျင်စေ၏။ စိတ်ညစ်ညစ်နှင့်အပြင်ထွက်လာသော ကျွန်တော်
အမှတ်မထင်နွေ့ကိုမြင်လိုက်ရသည်။ သားလေးကိုပွေ့ချီထားသည့် နွေလည်း တော်တော်ပိန်သွားပါလား။ နွေ့ကိုလွမ်းဆွတ်စွာ ကျွန်တော်ငေးနေမိ၏။ ကျွန်တော့်ကိုမြင်သွားသော နွေက ခဏမျှငေးစိုက်
ကြည့်နေသည်။ ပြီးလျှင် ချာခနဲမျက်နှာလွှဲသွားလေ၏။ ထိုအပြုမူအား
နှလုံးသားက ခံနိုင်ရည်မရှိကြောင်း ဆန္ဒပြသည်။
နွေ့လက်ကို သွားရောက်ဆွဲခေါ်ချင်စိတ်ကို မနည်းမွေးမြူထားရသည့်မာနက ဇွတ်တားဆီးသည်။ ကျွန်တော့်ရင်ကို ကျွန်တော့်မာနက ဓားတစ်ချောင်းလို ပြန်ခွဲနေသည်။
ထိုနေ့က ကျွန်တော်ပြိုလဲအောင်အမူးသောက်ပြစ်လိုက်၏။
အလွမ်းများက ဘာမှမလုပ်နိုင်အောင် ဆိုးလွန်းလှသည်။ ကျွန်တော့်ဝေဒနာအား မကြည့်ရက်သည့်အမေက နွေ့မိဘများဆီသွားပြီး
ကျွန်တော့်အဖြစ်တွေကို တင်ပြ၏။ နွေ့ကိုလည်း
ဖြောင်းဖျလေသည်။ မှတ်မှတ်ယယ သုံးလပြည့်သည့်နေ့တွင် မိဘများ၏နားချပေးမှု့နှင့်
နွေနှင့်ကျွန်တော် ပြတ်စဲပြီးမှ ပြန်ပေါင်းထုတ်ကြလေသည်။ ကျွန်တော့်အနား နွေပြန်ရောက်လာပြီးမှ ခြောက်သွေ့နေသော ကျွန်တော့်နှလုံးသားသည် အိုအေစစ်လေးလို အေးမြနေ၏။ ကျွန်တော့်ဘ၀၌ နွေမရှိလျှင်မဖြစ်ဆိုသောအသိက နှလုံးသားတွင် မင်းမူနေလေပြီ။ ထိုနေ့ကစ ကျွန်တော့်အပေါ် နွေ့ဩဇာ အလွန်ညောင်းလေ၏။ နွေ့ကိုပျော်စေချင်သည့်စိတ်နှင့် နွေ့ကိုတင့်တယ်စေချင်သည့်စိတ်များ ပေါင်းစုလာသောအခါ ၊ ဝင်ငွေနည်းသော စာရေးအလုပ်မှထွက်ပြီး လူပင်ပန်းသော်လည်း ငွေရများသော ပွဲရုံမှ ကူလီထမ်းအလုပ်ကို လုပ်ဆောင်ခဲ့သည်။ ဆန်တစ်အိတ်၏ လေးပင်မှု့သည် နွေ့အပြုံး၏ထောက်ပံ့မှု့ကြောင့် ဖက်ရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးသွားသည်။ လူပင်ပန်းသော ကူလီထမ်းဘဝမှ ငွေရလွယ်သော
ခေတ်ပေါ်လစီ နှစ်လုံး ၊ သုံးလုံး ရောင်းခြင်းကို ဆက်လက်လုပ်ကိုင်ခဲ့လေ၏။ တစ်ဖြည်းဖြည်းနှင့်
မိသားစုစီးပွားရေးလည်းချောင်လည်လာသည်။
လောဘက ထပ်ဆင့်တိုက်တွန်းလာသောအခါ ၊
ရောင်းသားဘဝမှ ဒိုင်အဆင့်သို့တိုး၍လုပ်ဆောင်ခဲ့၏။ စစ်အုပ်ချုပ်ရေးခေတ်တွင် စီမံချက်နှင့်တိုးသောအခါ ၊ ကျွန်တော် ထောင်ငါးနှစ်ကျခဲ့လေသည်။ ကျွန်တော့်မိန်းမတွင်
ထောင်ကျနေစဉ်အတွင်း သမီးလေးကိုယ်ဝန်ကျန်ခဲ့၏။ ကျွန်တော့်အပြစ်ကြွေးကို ဆပ်ပြီး ထောင်ကထွက်လာသောအခါ ၊ ကျွန်တော့်ဇနီး နွေက အထည်ဆိုင်လေးတစ်ဆိုင် ပိုင်ဆိုင်ပြီး မိသားစုစားဝတ်နေရေးကို ထိမ်းကျောင်းနိုင်လေပြီ။ ကျွန်တော်ကလည်း ဇနီးနွေအား ကူညီရင်း ပျော်ရွှင်ဖွယ် မိသားစုလေးဖန်တီးသည်မှာ သားသမီးပင်သုံးယောက်ရရှိခဲ့ပြီ။ ယခုဆို အိမ်ထောင်သက်ပင် သုံးဆယ့်ငါးနှစ်ရောက်ခဲ့လေပြီ။ သားကြီးနှင့်သမီးတွေပင် အိမ်ထောင်ရက်သားကျ၍ ကျွန်တော်ပင် မြေးတို့အဖိုး ဖြစ်လာသည်။ ကျွန်တော့်စကားအဆုံး ကိုထိုက်တစ်ယောက်လည်း စလာတုန်းကကွဲမည်ဆိုသည့်စကားအား မသိတော့သလိုလို ပုံစံဖြစ်သွားလေ၏။ ကျွန်တော့်ကို
အားလုံးက ဝိုင်းကြည့်လာကြ၍
" ဆရာနေ၏ အိမ်ထောင်သက် သုံးဆယ့်ငါးနှစ်မြောက် အထိမ်းအမှတ်
ချီးယားစ် "
ဟုဆိုကာ ဖန်ခွက်ငါးလုံး လေထဲတွင်ပလူပျံသွားသည်။ အားလုံးချီးယားစ်ကြသဖြင့် ကျွန်တော်လည်းချီးယားစ်ရင်း ထိုနေ့ညက မိုးလင်းမှအတုံးအရုန်း အိမ်ရှေ့ခန်း၌ပင် အိပ်ပျော်သွားကြလေ၏။
" အမလေး ကိုနေ ဒါက ဘယ်လိုဖြစ်နေကြလဲ
ခင်ခင်နွေမရှိရင် မရှိသလိုပဲ "
နားနားကပ်အော်လိုက်သော နွေ့အသံကြောင့် လန့်ပြီး ထထိုင်လိုက်၏။ ကျွန်တော်တွေ့လိုက်ရသည်က နွေမဟုတ်ပဲ
အိပ်ပျော်နေသော တပည့်ကျော် ရောင်ဗိုက်ကလေးနှင့် ကိုထိုက် ၊ ဖိုးဇော် ၊ ဖိုးထင်။
" ခူး ခေါ ခူး ခေါ "
သံပြိုင်ဟောက်နေကြသံကို နားထောင်ရင်း အိပ်မက်ထဲထိ ဩဇာညောင်းသော မိန်းမဆီသွားရန် အမြန်ပြင်ဆင်ရလေတော့သည်။


ဆုပြည့်ဝ
(ဒီစာမူလေးက ဖေကြီးမိုးသီးရဲ့ အိမ်ထောင်သက် ၃၅ နှစ်အထိမ်းမှတ်အနေနဲ့ ဆုရေးထားတာပါ။ နည်းနည်းလေး ပြုံးရမယ်ဆိုရင် ကျေနပ်ပါတယ်။)


rate now: