book

Index 10

ငရဲနှင့်ကစားကြသူများ


" ထမင်းချိုင့်ထဲထည့်ဖို့ဟင်းက ဒီဟင်းပဲလား မိဘလုပ်နေပြီး ကိုယ့်သားသမီးတွေ စားဖို့ကို အဆင်ပြေအောင်မလုပ်ပေးဘူး"
ခေါင်းရင်းအိမ်မှ ခုနှစ်အိမ်ကြား ၊ ရှစ်အိမ်ကြား အော်ပြောနေသည့် ညီအစ်မအသံများကြောင့် အိပ်ချင်နေသော်လည်း ကျွန်မဆက်အိပ်၍မရတော့ပါ။ စကားပြောလျှင် တိုးတိုးသာသာမပြောတတ်သည်က သူတို့အကျင့်ထင်၏။
" မအေလုပ်ပြီး အသုံးမကျတာမသိဘူးလားအေ သူ့အကြောင်း
ပြောမနေပါနဲ့တော့ မအေလုပ်ပြီး ပိုက်ဆံကျတော့ရချင်တယ် ကျုပ်တို့အလုပ်သွားတော့မယ်
စားထားတဲ့ပန်းကန်တွေ ဆေးထား‌ေပးဦးနော် တော့်သမီးလာရင် ကျုပ်တို့အတင်းလည်း တုပ်မနေကြနဲ"
နံနက်စောစောစီးစီးကြားနေရသည့်စကားများကိုနားထောင်ပြီး ထိုညီအစ်မနှစ်ယောက်ကို ကျွန်မအော့နှလုံးနာမိ၏။ ကျွန်မနှင့်မပတ်သက်မှန်း သိသော်လည်း မိဘအား
အခိုင်းအစေတစ်ယောက်လို သတ်မှတ်ဆက်ဆံသည့် ထိုညီအစ်မနှစ်ယောက်ကို ကျွန်မအမြင်ကတ်မိသည်။ စရိုက်ကလည်း ကြမ်းတမ်းသလို ၊ အဆဲအဆိုများကလည်း အပျိုဆိုသည့်ဂုဏ်နှင့်မအပ်စပ်မိလောက်အောင် ရိုင်းလှ၏။ သူတို့၌ ညီအစ်မသုံးယောက်ရှိလေသည်။ အငယ်ဆုံးမလေးက အိမ်ထောင်ကျသော်လည်း သူ၏ လခအား သူ့အမေကို ပြန်ထောက်ပံ့လေ၏။ အကြီးမနှင့်အလတ်မက အိမ်ထောင်မကျသေးသလို အမေအား သူတို့အတွက် ထမင်းချက်ပြုတ် ၊ အဝတ်‌ေလျှာ်ဖွတ်ကို တစ်လနှစ်သောင်းပေး၍ ခန့်ထားသည်။
အမေက သူတို့စားသောက်ဖို့ချက်ပြုတ်ပေးရပြီး သူတို့ဝတ်သည့် အဝတ်အစားများကအစ လျှော်ဖွတ်မီးပူတိုက်ပေးရ၏။ ညီအစ်မနှစ်ယောက်က အလုပ်ကိုယ်စီလည်း ရနေကြပြီး အလတ်မက အပြင်ကျောင်းတွင် ကျောင်းဆရာမဖြစ်သလို ၊ အကြီးမက စတိုးဆိုင်တစ်ခု၌ အရောင်းစာရေးမတစ်ယောက် ဖြစ်သည်။
လခထုတ်သည့်နေ့ရောက်တိုင်း အမေကို ပိုက်ဆံမပေးသည့်အတွက် ပွက်ပွက်ညံနေကြသည်မှာ ဘေးပတ်ဝန်းကျင်ကပင် မကြားချင်တဆုံးပင် ။ တစ်နေ့လျှင် အမေကို ဆန်နှစ်ဗူးခွဲ ထုတ်ပေးလေ၏။ မနက်အစော ထမင်းကြမ်းအပြင် အလုပ်အတွက်
ထမင်းချိုင့်ကိုယ်စီထည့်ကြသည်။ ညနေ ပြန်လာလျှင်လည်း ညနေစာပါ အပြီး။ ထိုနှစ်ဗူးခွဲပေးရသည်ကို သူတို့နှစ်ယောက်မှာ များနေလေ၏။ ဟင်းချက်စရာကလည်း တစ်နေ့လျှင်
တစ်ထောင် ထုတ်ပေးလေ၏။ ခုခေတ် ဟင်းချက်စရာ
တစ်ထောင် မည်သို့ သုံးရမည်နည်း။ တစ်ခါတစ်လေ ရှစ်ရာပဲ ပေးသံကြားလေ၏။ ကျန်သည့်ဆီ ၊ ငြုပ်သီး
ဟင်းချိုမှုန့် ကအစ အမေက စိုက်ပေး၍ ချက်ပေးရှာသည်။ ဤသို့လုပ်ပေးသည့်ကြားက အမေကိုပြောသည့် ပွက်ပွက်ဆူအသံများက မကြားဝံ့စရာပင်။
သူတို့ပြောသည့် စကားသံများက ကြားနေရသောကျွန်မရင်ကိုပင် မသက်မသာဖြစ်စေ၏။
ထိုအန်တီကြီးကိုကြည့် ၍ ကျွန်မတို့ပင် စိတ်မချမ်းသာပါ။ အိမ်ချင်းကပ်ရက်ဖြစ်၍ နားမထောင်ဘဲ ကြားနေရသော စကားများကြောင့်
ကျွန်မသားသမီးမွေးရမှာပင် ကြောက်လာမိသည်ကအမှန်။ ကျွန်မသိလိုက်သည်က အလုပ်အကိုင်မရှိသော မိဘအား
သားသမီးတိုင်း ကြည်ဖြူစွာ မကျွေးနိုင်ပါလားဟု အသိသံဝေဂရမိသည်။ မိဘတိုင်းသည် မွေးလာသောသားသမီးအများအား မရှိရှိရာ ရှာဖွေကျွေးမွေးကြသော်လည်း သားသမီးများသည် မည်သို့သောအကြောင်းကြောင်းကြောင့် သူတို့လက်ထက်ရောက်သောအခါ နေနိုင်ရသနည်း။
" တော်ကြီးနော် သူများအဝတ်တွေ လိုက်ငှါးမလျှော်နဲ့ ကျုပ်တို့ရှက်တယ် "
" ငါလည်းသုံးစရာရှိတာလေးသုံးချင်လို့ပေါ့ ဝယ်စရာရှိတာလေးဝယ်ချင်လို့ပါအေ ညည်းတို့ငယ်ငယ်ထဲ က
ငါဒီအလုပ်လုပ်လာတာ ညည်းတို့ကျောင်းထားတာတောင် ဒီအလုပ်နဲ့ပဲ "
အိမ်ချင်းကပ်ရက်ဖြစ်သဖြင့် နားမထောင်သော်လည်း အတိုင်းသား ထပ်ကြားရပြန်ပြီ။
" အဲဒါ ကျုပ်တို့မသိခင်ကလေ. ကျုပ်တို့ ဒီအရွယ်ရောက်မှတော့ လုပ်စရာမလိုဘူး ကျုပ်တို့ရှက်တယ် အမေတစ်ယောက်ထဲကျမှ ဘာလုပ်လုပ် "
ကျွန်မသက်ပြင်းချမိ၏။ ထိုသို့ပြောဆိုကြသော စကားများအား ချိုသာနားဝင်စွာ ပြောလျှင် မည်မျှနားထောင်ကောင်းလိုက်မည်လဲဟု ကျွန်မတွေးမိလိုက်သည်။ သားသမီးများအရွယ်ရောက်လာလျှင် မိဘများသည် ထိုသို့နေရာ ရောက်သွားကြသည်လား။ တွေးကြည့်ရင်း စိတ်ထိခိုက်မိရသည်။ ကျောင်းဆရာမတစ်ယောက်ဖြစ်ပါလျှက် တပည့်များအပေါ် သင်ကြားပို့ချနေသည့်
ဆရာမတစ်ယောက်၏ နှုတ်မှ ထွက်သော စကားများပါလားဟု တွေးရင်းသက်ပြင်းအလီလီချမိ၏။ ဘွဲ့ရထားသည့် ပညာတတ်တစ်‌ေယာက်၏ စကားက ထိုသို့ပါလားဆိုပြီး အံ့ဩရပြန်သည်။ ထိုအန်တီကြီးက
နေ့လယ်ဆိုလျှင် သူ့သမီးများမရှိချိန် သူ့အစ်မ၀မ်းကွဲအား အကျိုးအကြောင်း ပြန်ပြောပြတတ်၏။ ထိုအခါတိုင်း သူတို့နှင့်ကပ်ရက် ပြတင်းပေါက်နား စာရေးနေသည့် ကျွန်မပါ အကြောင်းစုံ ကြားသိရလေသည်။ ထိုအဒေါ်ကြီး ရင်ဖွင့်စကားသံများ ကြားရတိုင်း ကျွန်မစိတ်ပါ မသက်မသာဖြစ်ရပြီး
စိတ်ထိခိုက်ရသည်က အမှန်ပါ။
သူတို့ပြောသည်ကိုနားထောင်၍ ကျွန်မအိမ်ကိုလွမ်းမိသည်။
ငြိမ်းချမ်းသော မိဘရင်ခွင်အား မည်မျှ ဆူဆူ ၊ဆဲဆဲ တမ်းတမိရသည်ကို မိဘနှင့် ခွဲမနေဖူးသော သူတို့က
နားလည်ကြဟန်မတူ။ ကျွန်မအတွက်တော့ မေမေချက်ကျွေးသော ဟင်းအရသာသည် တခြားမည်သူချက်ကျွေးသော ဟင်းအရသာနှင့်မှ မလဲနိုင်ပေ။ ကျွန်မမှတ်မိသေးသည်။ အိမ်တွင် ကျွန်မက ဟင်း‌ေကြးများသည်။ ဟင်းမကောင်းလျှင် ထမင်းပန်းကန်ကို တွေတွေကြီးကြည့်၍ မျက်ရည်ကျတတ်သည်။
ထိုအခါတိုင်း ကျွန်မမေမေက ကျွန်မအကြိုက်ဟင်းများ ချက်ပေးတတ်၏။ မိဘဟူသည် သူတို့မစားရလျှင် နေပါစေ၊။ သားသမီးအတွက်ဆိုလျှင် အရိုးနှင့်လည်းဗိုက်ဝတတ်သလို ၊ ဟင်းရည်နှင့်လည်း နှစ်ပါးသွားတတ်ကြသည်ကို သူတို့မသိရှိကြဟန်။ သားသမီးအကြိုက်အား လူကြုံလျင် ကြုံသလို ထည့်ပေးတတ်ကြသေး၏။ အနေဝေးသော်လည်း အမေ့အရိပ်သည် ကျွန်မအားလာရောက်လွှမ်းခြုံနိုင်သေးသည်။ မိဘကျေးဇူးအား မဆပ်နိုင်သော သားသမီးများ ခုခေတ်၌ ကျွန်မအပါ၀င် တောင်ပုံယာပုံ ပုံနေသည်။ မဆပ်နိုင်သည်က ငရဲမရသော်လည်း မစော်ကားကြဖို့တော့ လိုအပ်ပါ၏။ ကျွန်မလည်း မိဘအား ခံပြောဖူးပါသည်။ စိတ်ကောက်ပြီး
နှုတ်ခမ်းကြီးချွန်နေအောင် စူနေတတ်၏။ ခြေဆောင့်ပြီး ကျွန်မအခန်းထဲဝင် ဂျက်ချပြီး စိတ်ကောက်ဖူးသည်။ သို့သော် ထိုသို့တော့ခံမပြောဘူးခဲ့ပါ။ ကျွန်မအတွက်တော့ ထူးဆန်းအံသြဖွယ်ရာများဖြစ်နေ၏။
" အမလေး အမေဖြစ်နေလို့နော် အမေဖြစ်နေလို့ "
စူးစူးဝါးဝါးအော်သံက နားစည်အတွင်းထိုးဝင်လာပြန်သည်။
ညဘက်ကျ စာရေးရသည်ကို သဘောကျသောကျွန်မက မနက်ဆိုလျှင် အစောမထချင်ပါ။ ယခုတော့ လန့်နိုးသွားရသဖြင့် စိတ်ကမကြည်ချင်‌ေတာ့
"ဟိုညီအစ်မတွေ ဘာပြသနာရှာပြီလဲမသိဘူး"
ဟု ညည်းညူ ရင်း အိပ်ယာကထလိုက်သည်။ အိပ်ရေးကမဝသဖြင့် ခေါင်းကမကြည်ချင်။ ဆက်အိပ်၍မရတော့လောက်အောင် ဆူပွက်နေကြသည့်အသံများက ငှက်ဆိုးထိုးသံအလား နားထောင်ရခက်သည်။ အိပ်ရာကထပြီး မျက်နှာသစ်သောအခါမှ
သူတို့ဖြစ်ကြသည့်အကြောင်းစုံကို သိလိုက်ရ၏။
သက်ပြင်းရှည်ကို မှုတ်ထုတ်လိုက်သည်။ အပြစ်က မနက်အစောစာ မုန့်ဝယ်ပေးပြီး ပိုသောပိုက်ဆံကို အမေက ပစ်ချပေးသဖြင့် မကျေနပ်ရာက စ၍ ပြသနာဖြစ်ကြပြီး ငယ်ကျိုး ၊ ငယ်နာ ဖော်ကြခြင်းပင်။
" အမေဖြစ်နေလို့ပေါ့ ကျုပ်ကမတရားတာဆိုကြိုက်တာမဟုတ်ဘူး သူ့သမီးအတွက်ကျ ကြက်သားကြော်ထားပြီး ငါတို့အတွက်ကျ ကြက်ဥတဲ့ အမေသာမဟုတ်ရင်
အဲဒီနေရာတင်ပါးဆွဲရိုက်ပစ်တယ် "
" မြတ်စွာဘုရား "
ကျွန်မငရဲကြောက်လွန်းသဖြင့် တစ်ကယ်လန့်ဖျပ်သွားရသည်။ ကျွန်မတစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ တစ်ဖျန်းဖျန်းထသွားကြသည်အထိ ဘုရားတလိုက်မိ၏။
မိဘက မေတ္တာကြောင့်ခွင့်လွှတ်သော်လည်း ငရဲကမနေသည်ကို သူတို့တကယ်မသိကြဟန်။ သေချာပါသည်။ ဘွဲ့ရစာတတ်ကြသော်လည်း သူတို့ပညာမတတ်သေးပါလားဟု ကျွန်မတွေးမိလိုက်၏။ လူ့လောကကြီး၌ ထိုသို့သောသားသမီးမျိုး မည်ရွေ့မည်မျှ များပြားပြီး ထိုကဲ့သို့မိဘများသည်လည်း မည်မျှရှိနေကြသနည်း။ မိမိကိုယ်တိုင် ထိုသို့ရိုင်းစိုင်းနေသည့် ဆရာမတစ်ယောက်က သူသင်ကြားနေသော တပည့်များအပေါ်
မည်သို့သင်ကြားပါသနည်း။ ကလေးများအတွက် တွေးပြီး ကြားကနေ လှမ်းစိတ်ပူမိသည်။ ထိုအချိန်၌
" စျေးကားလာပါပြီ ဘာယူကြမလဲ လာကြပါခင်ဗျား "
ဟုအော်လိုက်သည့် နေ့စဉ်စျေးလာရောင်းသော သားငါးမှအစ ဟင်းသီးဟင်းရွက် အစုံပါသော ကားဆီသို့ ကျွန်မခြေဦးလှည့်လိုက်သည်။
" ဘာယူမလဲသမီး အစုံပါတယ် "
ဖော်ရွေစွာ မေးနေ‌ေသာ အပြုံးဝေနေသည့် ဈေးသည် ဦးလေးကြီးအား
" ကျောက်ဖရုံသီးပါလား ဦးလေး "
ဟု ကျွန်မမေးလိုက်သည်။
" ပါတယ်သမီးရေ့. တစ်ခြမ်းလား တစ်စိပ်လားသမီး "
ကျွန်မကိုမေးရင်း သူ့လက်ထဲက ဓားနှင့် ခုတ်ခြမ်းပေးဖို့လုပ်နေသည့် ဦး‌ေလးကြီးအား ကျွန်မအမြန်ပင် ဆိုလိုက်ရသည်။
" မခြမ်းနဲ့ ဦး အလုံးလိုက်ယူမယ် "
ကျွန်မလည်း အိမ်အတွက် ဟင်းစားများပါဆက်ဝယ်၍ ပိုက်ဆံရှင်းပေးလိုက်သည်။ ကျောက်ဖရုံသီးကို ပွေ့ပိုက်၍ ဝင်လာသည့် ကျွန်မအား ခင်ပွန်းသည်က ကြည့်ပြီး သဘောကျစွာ တဟားဟားရယ်နေပါတော့သည်။

ဆုပြည့်၀


rate now: