book

Index 1

အိပ်မက်တစ္ဆေ

အခန်း ၁
---------
"ကျွီ"
တံခါးပွင့်သံလို တံခါးရွက်က တကျွီ့ကျွီ့မြည်သံကို
ကြားလိုက်ရသဖြင့် သူဆတ်ကနဲထထိုင်လိုက်သည်။
ရင်သည် တစ်ခုခုကို စိုးရွံ့နေသလို ခံစားနေရ၏။
"ဖျပ် ဖျပ် ဖျပ်"
ခြေသံကတရွေ့ရွေ့နီးလာသလိုခံစားရသဖြင့် သူနားစွင့်လိုက်သည်။ သူ့အခန်းရှေ့ရောက်သောအခါ ခြေသံကရပ်တန့်သွား၏။
" ကျွီ "
တံခါးရွက်၏ ညီးညူသံကြောင့် နားကိုဆက်စွင့်ထားလိုက်သည်။
" ကို ကိုရေ "
" ဟင် "
သူကြားလိုက်သည်က ခေါ်သံသဲ့သဲ့လေးရယ်။ သည်ခေါ်သံကြားလိုက်သောအခါ သူ့ရင်ထဲဗုံးတစ်လုံးဖောက်ခွဲလိုက်သည့်အတိုင်း မြည်ဟီးသွားလေသည်။
" ကို ကိုရေ ကို ကယ်ပါဦး ကို "
" ပေါက် ပေါက် "
" ဟင် "
ခေါ်သံနှင့်အတူ ရေစက်ကျသံများကိုထပ်မံကြားလိုက်ရသဖြင့် သူ့ရင်ထဲမွန်းကြပ်လာပြီး တစ်ကိုယ်လုံးတုန်ရင်လာရ၏။
" မလာနဲ့ မလာနဲ့ သွား သွား "
သူအထိတ်တလန့် အော်လိုက်သည်။
" ကို ကိုရေ ကိုရေ ကယ်ပါဦး "
" မလာနဲ့ မလာနဲ့ သွား ငါ့ဆီမလာနဲ့ အား "
အသံကိုခြစ်ကာ အော်ပစ်လိုက်မိသည်။ အိပ်မက်ဆိုးထဲက
လန့်နိုးသွားရပြီး သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေလေပြီ။
နိမ့်ချည် မြင့်ချည်ခုန်နေသော ရင်ကြောင့် အိပ်ယာနံဘေးတွင် ထားထားသည့် ရေကရားထဲမှ ရေကို
ငှဲ့သောက်လိုက်သည်။
" ငါ အိပ်မက်မက်နေတာပဲ "
အိပ်မက်မှန်း အသိစိတ်က သိလိုက်သည်။ ထိတ်လန့်စိတ်က တည်ငြိမ်သွားသဖြင့် အိပ်ယာပေါ်က ဆင်းကာ အခန်းတံခါးကို
ဖွင့်လိုက်၏။ သူ့အခန်းရှေ့တွင် ရေများအိုင်နေသည်ကို
တွေ့လိုက်ရသဖြင့် သူ့စိတ်ထဲဇဝေဇဝါ ဖြစ်သွားသည်။
" ဒီရေတွေ ဘယ်ကရောက်လာတာလဲ "
တစ်ယောက်တည်း နားမလည်စွာ ပြန်မေးလိုက်သည်။ မျက်ဝန်း၌ ပေါ်လာသော ပုံရိပ်တစ်ခုကြောင့် သူ့ရင်ထဲစူးခနဲဖြစ်သွား၏။
" မင်းကို မေ့ထားပါရစေ ငြိမ်းရယ် "
ရင်ထဲမှ တိတ်တိတ်ညည်းမိသည်။ပါးပြင်
ပေါ် အလိုအလျောက်စီးဆင်းလာသည့် မျက်ရည်များကို မပွတ်သုတ်တော့။
ထိုနေ့လေးကို တစ်သက်တာ မေ့နိုင်မည်မဟုတ်။
မျက်ဝန်း၌ ပုံရိပ်အချို့ထင်ဟပ်လာလေ၏။
*********
အခန်း ၂
---------
သူဒေါသများ ပေါက်ကွဲနေလေ၏။ သူ့အပေါ် သစ္စာဖောက်ရက်သော ငြိမ်း ကို အသေသတ်ပစ်ချင်လောက်အောင် စိတ်နာရသည်။
ငြိမ်းနှင့်သူ ချစ်သူဖြစ်ခဲ့သည်မှာ နှစ်နှစ်ပင်ပြည့်တော့မည်။
သည်နှစ်ထဲ လက်ထပ်ရန် တိုင်ပင်ထားကြ၏။ ငြိမ်းနာမည်က သစ်သစ်ငြိမ်း ။ ငွေကြေးပြည့်စုံ၍ ပညာတတ် ၊ရုပ်ချော သဖြင့် ချွေးမတော်ချင်သူ ပေါလေသည်။
သူက ငွေကြေးနိမ့်ပါးသူပင်။ ငြိမ်းအချစ်ကိုရရှိသော်လည်း
ငြိမ်းနှင့်နီးစပ်ရန် ကြိုးစားနေရသူတစ်ယောက်။ အမြဲလိုလိုပင် ငြိမ်းအတွက် စိတ်ပူပင်နေရသူတစ်ယောက် ဖြစ်ခဲ့ရသည်။ ကြားရသည့်သတင်းက သူ့ရင်ကို ဒေါသဖြင့်လောင်မြိုက်စေ၏။ နေ့လယ်က သူငယ်ချင်းအောင်စိုး လာပြောပြသော စကားများအား နားမှာ ပြန်ကြားယောင်လာသည်။
" ငြိမ်း လက်ထပ်တော့မယ် သက်ထင် သူ့အိမ်ကသဘောတူတဲ့သူနဲ့ "
" ဘာ ဘယ်လို "
အောင်စိုးကို မယုံနိုင်သလို ပြန်မေးမိလိုက်၏။ အောင်စိုးက ဆက်ဖြေသည်။
" ဟုတ်တယ် သူ့အိမ်ကိုသူလွန်ဆန်မရဘူးလေ သူ့အမေကိုယ်တိုင် ငြိမ်းဆီငါသွားလည်တော့ ပြောလိုက်တာ
ငြိမ်းကိုမေးကြည့်တော့ သူငိုတယ် မင်းကိုချစ်ပေမယ့်
သူ့အိမ်ကို သူမငြင်းရဲဘူးတဲ့ သူဘယ်လောက်ချစ်ချစ်
မင်းကိုသူမေ့ရတော့မယ်တဲ့ မင်းတို့နှစ်ယောက်အတွက် ငါလည်းစိတ်မကောင်းဘူးသက်ထင် "
" တောက် "
အောင်စိုးစကားတွေပြန်ကြားယောင်သောအခါ တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်မိ၏။ ယခုချိန်မှာ
သူခံစားနေရသော အပူမီးအား ဒေါသစိတ်များ ၊ ထပ်ဆင့်ဖုံးလွှမ်းလာသည့်အခါ ပို၍ရင်မှာလောင်မြိုက်လာ၏။
" ကို "
ငြိမ်း၏ ချိုအီနေသော အသံလွင်လွင်လေးအား သူကြားလိုက်ရသဖြင့် ငြိမ်းကိုပြန်လှည့်ငေးကြည့်ဖြစ်သည်။
ငြိမ်းတို့အိမ်၏ အနောက်ဖက်တွင် ကျယ်ပြန့်သော ကန်ကြီးတစ်ကန်ရှိ၏။ ထိုကန်ထဲတွင် ငါးများမွေးမြူထားလေသည်။ လသာနေသဖြင့် ကန်ကြီးက
လှပနေသလို ခံစားနေရ၏။ လေတဖြူးဖြူးတိုက်ခတ်နေသဖြင့် ကန်ရေပြင်ပေါ်တွင် လှိုင်းကြက်ခွပ်လေးများ ပြေးနေသည်ကို လရောင်အောက်တွင် မထင်မရှား မြင်ရသည်။ သက်ထင်နှင့် ငြိမ်း
တို့နှစ်ယောက် အမြဲတွေ့နေကြနေရာလေးလည်းဖြစ်၏။
ငြိမ်းကို နောက်ဆုံးလာတွေ့ရန် သူချိန်းလိုက်သဖြင့် ငြိမ်းရောက်လာခြင်းပင်။
" ငြိမ်း "
သူရင်တစ်ခုလုံး နာကျင်လွန်းသဖြင့် သူမချိတင်ကဲ ခေါ်လိုက်မိ၏။
သူ့ခေါ်သံကြောင့် ရွှန်းလဲ့လဲ့ မျက်၀န်းများဖြင့် သူ့ကို စိုက်ကြည့်၍ ငြိမ်းက ပြန်ထူးသည်။
" ကို "
" ကိုကြားတာတွေ အမှန်လား "
သူ့မေးသံအဆုံးတွင် ငြိမ်းထံမှသက်ပြင်းချသံ သဲ့သဲ့ ကြားလိုက်ရ၏။
ပြီးမှ ဖြည်းလေးစွာနှင့်
" ကို ရယ် ငြိမ်းကိုခွင့်လွှတ်ပါ ငြိမ်း ကိုနားလည်ပေးပါ ငြိမ်းကြောင့် မေမေ့ကိုစိတ်မဆင်းရဲစေချင်သလို မေမေ့ကိုမနာကျင်စေချင်ဘူး ငြိမ်း ငြိမ်း အိမ်ကိုလွန်ဆန်မရလို့ပါကိုရယ် ကို့ကိုငြိမ်းသိပ်ချစ်ပါတယ် "
ဟုဖြေသည်။ သူနာနာကျင်ကျင် ထရယ်လိုက်၏။
" ဟား ဟား ဟား ဟား "
သူရယ်သည်ကိုမြင်တော့ငြိမ်းက ခေါင်းလေးကို ငုံ့ထားသည်။
" ချစ်တယ် ငါ့ကိုသိပ်ချစ်တယ်လား ဟုတ်လား "
သူဒေါသတကြီးအော်‌ေမးတော့
တအိအိနှင့် ငြိမ်းကရှိုက်ငိုနေသည်။
" မင်းနဲ့ငါ ချစ်ခဲ့ကြတာဘာလဲ အပျင်းပြေလား
ငါက မင်းအတွက် ဘာလဲ ပြောစမ်း ငြိမ်း
ငါ့ကိုကျ မင်းဘယ်လိုသဘောထားတာလဲ
ငါသာ ချမ်းသာတဲ့သူတစ်ယောက်ဆို မင်းဒီလိုလုပ်ရက်မလား ငါ့ရဲ့အိပ်မက် ၊ စိတ်ကူး ၊ မျှော်လင့်ချက်တွေ အားလုံးပျက်ဆီးခဲ့ရပြီ
မင်းကိုငါသိပ်မုန်းတယ် ငြိမ်း "
" ဟင့် ဟင့် မဟုတ်ပါဘူး မဟုတ်ပါဘူး ကိုရယ် ငြိမ်းရှင်းပြပါရစေ "
ပြောပြောဆိုဆိုလှည့်ထွက်လာသည့် သူ့ရင်ထဲ နာကျင်မှုကြောင့် ပါးပြင်၌ စိုစွတ်နေသည့် မျက်ရည်များကို
မပွတ်သုတ်ဘဲ အားရပါးရငိုချပစ်လိုက်၏။
နောက်တစ်နေ့တွင် ငြိမ်းတစ်ယောက် ရေကန်ထဲခုန်ချပြီး
ကိုယ့်ကိုယ်ကိုယ်သတ်သေသော သတင်းကြားလိုက်ရသည်။ သည်နေ့ထိ ငြိမ်းကို စိတ်ထဲစွဲ၍
အိပ်မက်ထဲ၌ ခဏ ၊ ခဏ တွေ့နေရခြင်းပင်။
ငြိမ်း၏ စိတ်ဝိညာဉ်သည် မသေခင်ပင် သူ့အား စိတ်ပဲစွဲသွားလား
မသိသော်လည်း သူ့ကိုတော့ အစဉ်အိပ်မက်ပေးနေတော့သည်။
***********
အခန်း ၃
---------
" ဖျပ် ဖျပ် ဖျပ် "
ခြေသံကို ကြားနေရလေပြီ။ သည်ခြေသံက သူနှင့် ယဉ်ပါးလွန်းလှ၏။ သူ့ရင်ထဲ တုန်ရင်လာရပြန်သည်။
" ကို ကိုရေ "
" ဟင် ငြိမ်း "
ငြိမ်းတစ်ကိုယ်လုံးရေများ ရွှဲရွှဲစိုနေသည်။ ငြိမ်း၀တ်ထားသည့် အဝတ်စားများမှ ရေများ တပေါက်ပေါက် ကျနေ၏။
ငြိမ်း၏မျက်နှာ၌ အေးစက်သော အငွေ့များ လွှမ်းခြုံနေကြသည်။ သူ့ကိုစူးရဲသော မျက်ဝန်းနှင့်စူးစိုက်ကြည့်နေ၏။
" ကို ကိုရေ ငြိမ်းကိုကယ်ပါ ကို ငြိမ်းရေမကူးတတ်ဘူး "
" ကို ငြိမ်းကိုလာခေါ်ပါ "
ထိုစကားများသာ တတွတ်တွတ်ရွတ်နေသည့် ငြိမ်းက သူ့အနား တစ်ဖြည်းဖြည်း တိုးလာသည်။
" မ လာနဲ့ သွား သွား ငါ့အနားမလာနဲ့ နင့်ကိုကြောက်တယ် ငါကြောက်တယ် သွား သွား နင့်ကိုငါမုန်းတယ်
အား မလာနဲ့ နင်မလာနဲ့နော်"
သူ့အော်သံအဆုံး ငြိမ်းက သူ့အနား ပိုပို တိုးလာကာ သူ့ကို လက်ယပ် ခေါ်သည်။
" ငြိမ်းနောက်လိုက်ခဲ့ပါ ကိုရေ ငြိမ်းကို လာကယ်ပါ "
" မလာဘူး သွား သွား "
သူ့ကိုအော်ခေါ်နေသည့် ငြိမ်းအား ဒေါသတကြီး သူပြန်အော်ထုတ်ပစ်လိုက်၏။ တဖြည်းဖြည်း ငြိမ်းမျက်နှာပေါ်၌ ဒေါသရောင်များ ပြောင်းလာကြကာ သူ့ကို အော်‌သည်။
" ငါ့ကိုသတ်တဲ့နင့်ကို ငါပြန်သတ်မယ် ငါပြန်သတ်မယ် "
" မဟုတ်ဘူး မဟုတ်ဘူး မလာနဲ့ သွား သွား "
သူ‌ေမာင်းထုတ်‌ေသာ်လည်း နောက်မဆုတ်ဘဲ ငြိမ်းက သူ့အနားရောက်လာကာ သူ့လည်ပင်းကို သူမ၏အေးစက်သည့်လက်နှင့် ဆုပ်ပြီး ညှစ်တော့၏။
" အား လွတ်ပါ လွတ် "
" ငါ့ကိုနင်သတ်ကြောင်း ဝန်မခံရင် နင့်ကို ငါသတ်ပစ်မယ်"
" ငါသတ်ပါတယ် နင့်ကို ငါချစ်လွန်းလို့ပါ ငါဝန်ခံပါ့မယ် "
" လွှတ်ပါ လွတ် "
သူအလန့်တကြားလှိမ့်အော်မိလေတော့သည်။ အိပ်မက်က
လန့်နိုးလာပြီး အရာရာကို ထိတ်လန့်လာ၏။ တစ်ကိုယ်လုံးလည်း ကြောက်စိတ်ကြောင့် ချွေးများရွှဲနစ်နေသည်။ ငြိမ်း၏ အေးစက်စက်မျက်နှာအား မြင်ယောင်ရင်း ချုံးပွဲချငိုလိုက်၏။ သူမခံစားနိုင်တော့ပါ။ ညစဉ်ခြောက်လှန့်နေသော အိပ်မက်တွေ၏ခြောက်လှန့်ခြင်းဒဏ်ကို သူမခံစားနိုင်တော့။
သူဆုံးဖြတ်ချက်ချလိုက်သည်။ နောက်တစ်နေ့တွင်
ရဲစခန်းသွား ၍ ဖြောင့်ချက်ပေး ဝန်ခံလိုက်လေတော့၏။
ထိုနေ့ညက
" မိန်းမရိုင်းမ ငါ့ကိုအရူးလုပ်တာ နင့်ကိုသိပ်ရွံတယ် "
" မဟုတ်ဘူး မဟုတ်ပါဘူး ကိုရယ် ငြိမ်းရှင်းပြပါရစေ "
" ဘာရှင်းပြမှာလဲ ဘာအရူးလုပ်ချင်သေးတာလဲ
နင့်ဘဝကိုနင်ရွေးချယ်ပြီးပြီ ငါပြန်မယ် ငါသေတဲ့အထိ
နင့်ကို မုန်းနေမယ် "
" ကို ကို ငြိမ်းပြောတာနားထောင်ပါဦး "
နာကျည်းစွာ ပြောရင်းလှည့်ထွက်သော သူ့ကို ငြိမ်းက
လှမ်းဆွဲလေ၏။ ဒေါသစိတ် ၊ နာကျည်းစိတ် ပြင်းထန်နေသော သူက ငြိမ်းလက်ကိုပုတ်ထုတ်ရင်း
ငြိမ်းကို ဆောင့်တွန်းလိုက်သည်။ သူ့အားနှင့် အားကုန်ဆောင့်တွန်းမှုကြောင့် ငြိမ်းတစ်ယောက်
ရေကန်ထဲ ပြုတ်ကျသွားလေ၏။
" ဗွမ်း "
သူအံ့ဩစွာ ငေးကြည့်နေမိရင်း ရုတ်တရက် ဘာလုပ်ရမှန်းမသိပါ။
" ကို ကိုရေ ကယ်ပါ ငြိမ်းရေမကူးတတ်ဘူး "
ရေထဲမှ ဝူးဝူးဝါးဝါး အားကိုးတကြီး အော်နေသော ငြိမ်းကို
ကြောင်ပြီး ကြည့်နေမိသည်။
တဖြည်းဖြည်းရေထဲ ယက်ကန်ယက်ကန်ဖြစ်နေသော ငြိမ်းကို ကြည့်ရင်း နာကျည်းစိတ်က ပြန်ဝင်လာ၏။
ထိုစိတ်ကလွှမ်းမိုးလာသောအခါ ၊ အပြစ်မရှိဘဲ သူ့အားထားခဲ့သော ငြိမ်းကို ကျောခိုင်းခဲ့လေတော့သည်။

ဆုပြည့်ဝ


rate now: