အဲ့တစ်ဖွဲ့လုံး တအားညစ်ပတ်တာ
'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - အဲ့ X ဆိုတဲ့တစ်ယောက် တတိယနေရာရောက်နေပြီ။
'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - ဒုတိယနေရာရောက်အောင် အမြန်လိုက်နေတယ်။
'အင်္ဂလိပ်စာအတန်း ကိုယ်စားလှယ်' - ကြည့်ရတာတော့ ပွဲကြီးပွဲကောင်းပဲဟေ့ ၊ လောင်းကြမလား? ငါ့အထင် ဒီXက လုံးဝကို အလားအလာရှိတဲ့ လူငယ်လေးပဲ ၊ မြင်းနက်တွေကြားထဲက မြင်းနက်ပဲ ၊ ပြီးတော့ ဒီနေ့အချိန်ထိကို သူစကားပြောတာ မတွေ့ဖူးသေးဘူး ၊ ခပ်တန်းတန်းနေပြီး အေးစက်စက်နိုင်တယ် ၊ တစ်ချက်ကြည့်တာနဲ့ ကြီးကြီးမားမားလုပ်ဆောင်တဲ့ လူမျိုးပဲ ၊ လွယ်တော့မလွယ်ဘူး။
'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - ဘာလောင်းမှာလဲ?
'အမိနိုင်ငံအတွက် တာဝန်ထမ်းဆောင်မယ်' - သီးသန့်ပေါင်းချုပ်တစ်အုပ်ဖြစ်တဲ့ 1982ခုနှစ်ကအလယ်တန်းရဲ့《စာပေနဲ့ဘာသာစကား》ထဲက အတွဲ(၅)သင်ရိုးညွှန်းတမ်းကို လောင်းကြမယ်။ မမျှော်လင့်ပဲ ကြုံတွေ့ကြရပြီပဲ။
'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - သူက သူ့စိတ်အကုန်ကို စာထဲပဲလုံးလုံးလျားလျားမြှုပ်နှံထားတဲ့လူမှန်းသေချာတယ် ၊ သူ့ရဲ့တစ်နေကုန် စာထဲပဲမွေ့လျော်နေပုံကိုကြည့်ရတာတော့ အောင်မြင်မြင် ၊ ကျရှုံးရှုံး စိတ်လှုပ်ရှားမှု မရှိမယ့်ပုံပဲ ၊ အခြားအပျော်အပါးတွေလည်း စိတ်ဝင်စားမှုရှိပုံမရဘူး။ ငါဒီမှာလာပြီး အားအားယားယားလေလာပေါနိုင်နေသေးတဲ့အတွက်လည်း ရှက်ဖို့အလွန်ကောင်းတယ်လို့ ခံစားမိနေပြီ။
". . . . . ."
ရှဲ့ယွီ သုံး/လေးညလောက် မေးခွန်းတွေလုပ်ပြီး၍ အဆင့်ဇယားထက် တဟုန်ထိုးတက်သွားခဲ့ပြီးနောက်တွင်တော့ user 'jsdhwdmaX' ဆိုသည့်ခေါင်းစီးဖြင့်ပြောလာကြသည်မှာ ထိုအကြောင်းအရာသည် တစ်လျှောက်လုံးပဲ တက်လာလျက် ပြန်ကျသည်ကိုမရှိတော့ပေ။
ဒီ စာလေ့လာရသည်ကို ချစ်မြတ်နိုးသည့် ကစားသူတစ်စုအနေနှင့်ပြောရလျှင် အဆင့်ဇယားဟာ အတန်းထဲကအဆင့်အလားကဲ့သို့ပင် အရေးပါလှ၏။ ထင်ပေါ်ကျော်ကြားသည့် အမှတ်လက္ခဏာ ဖြစ်သည့်အပြင်ကို အပတ်တကုတ်ကြိုးစားထားသည့် ရည်မှန်းချက်ပန်းတိုင်လည်းဖြစ်ပေ၏။ နေ့စဉ်ပင် ထိပ်ဆုံးအဆင့် ကျောင်းသားတွေကို မော်ကြည့်လျက် မိမိကိုယ်ကိုယ်အားပေးကာ သူတို့ခြေလှမ်းအတိုင်းလိုက်၍ စာများများဖတ် ၊ များများကြည့် ၊ များများမှတ် ၊ များများလုပ် ကြလေသည်။
Question King အဆင့်ဆင့်ယှဉ်ပြိုင်ပွဲ ကစားသူတို့၏ စုစုပေါင်းရမှတ်ဟာဆိုလျှင် ဘာသာတိုင်း၏ ပျမ်းမျှရမှတ်ဖြင့်ခွဲတာဖြစ်သည့်အတွက်ကြောင့် တစ်ဘာသာတည်း ထူးချွန်ပြောင်မြောက်နေရင်လည်း အသုံးမဝင်လှချေ။ ထို့ကြောင့်ပင် အဆင့်ဇယားထက် ပါဝင်ကြသူများမှာ ဘက်စုံတော်ကြသူများပင်ဖြစ်သည်။ ထို့အပြင် ဂိမ်းစဝင်ကတည်းက ထိုလူတွေ၏အဆင့်တွေဟာဆိုလျှင်တော့ လိုးဝကိုပင်ပြောင်းလဲသွားသည်မရှိ။
တစ်ညတည်းမှာပင် လူသစ်ဖြစ်သူကတော့ တဟုန်ထိုးတက်လာခဲ့သည်။ လူတွေမမှတ်မိနိုင်သည့် နာမည်နှင့် ထိုလူသစ်သည် အဆင့်ဇယားထက် တစ်နေ့ကိုတစ်ဆင့် ပြောင်း၍နေတော့သည်။ ဓာတ်လှေကားဖြင့်တက်လာသည့်အလား အေးအေးဆေးဆေးပင် အပေါ်သို့တက်၍သာလာနေလေ၏။
'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - ကြီးကျယ်တယ်ပေါ့လေ ကောင်းပါ့ ၊ အရှက်မရှိချက်ဆိုတာကြီးက ငါ့ပေါ်နက်နက်ရှိုင်းရှိုင်းပဲ အရိပ်လာထင်စေတယ် ၊ ငါအခုဆို နေ့တိုင်းပဲ လွှင့်တဲ့စနစ်ကနေပြီး ဘယ်သူနဲ့ဘယ်သူ PKဆွဲ ၊ ဘယ်သူရှုံးနိမ့်သွားလည်းကြည့်ဖြစ်တယ် ၊ တစ်ခုပဲကြောက်တာ chat ထဲကို နောက်စက္ကန့်ပိုင်းအတွင်း 'one kill' ဆိုတဲ့စာလုံးနှစ်လုံးပေါ်ထွက်လာမှာကိုပဲ။
(T/N : PK means player kill)
'အင်္ဂလိပ်စာအတန်း ကိုယ်စားလှယ်' - သူ့ရဲ့အမြင့်ဆုံးက တစ်ညတည်းကို (၁၄)ယောက်သတ်ထားတာပဲ ၊ သူဂိမ်းမှားပြီးဝင်လာတယ်လို့ပဲ ခံစားမိနေတယ်။ (/မျက်ရည်အရွှဲသားနဲ့emoji)
'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - အဲ့လောက် စိတ်အနှောင့်အယှက်ဖြစ်အောင်တောင်လုပ်တယ်လား? PK ချပြီးတစ်ယောက်ကိုဖြုတ်ချလို့ပြီးသွားရင် chatထဲဝင်လာပြီး 'တစ်ခါသတ် ၊ နှစ်ခါသတ် ၊ သုံးခါသတ်' ပြောတဲ့သူ? ငါသိတဲ့ ဟိုအရှက်မရှိတဲ့တစ်ယောက်လား?
'အင်္ဂလိပ်စာအတန်း ကိုယ်စားလှယ်' - ဟုတ်တယ်သူပဲ ၊ သူကလွဲပြီး ဘယ်သူရှိသေးလို့လဲ ၊ အမှန်အတိုင်းပြောရရင် သူဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေလုပ်နေသလဲ ငါတစ်လျှောက်လုံးပဲသိချင်နေတာ။
'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - နားမလည်ဘူး ၊ ငါတို့လို သာမန်လူတွေက ဘယ်လိုလုပ်နားလည်မလဲ။
'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - အရာအားလုံးထဲမှာ စာလေ့လာဖို့က အရေးကြီးဆုံးပဲ ၊ အတင်းအဖျင်းပြောနေတာက အဓိပ္ပာယ်ကိုမရှိဘူး ၊ ထိပ်ဆုံးအဆင့်ကျောင်းသားX စီကအတုယူကြစမ်း ၊ 4008 အခန်းကိုလာခဲ့ ၊ ယှဉ်ပြိုင်ဖို့စောင့်နေမယ်။
Question King ဆိုသည့်တစ်ယောက် မြစ်ချောင်းတွေ တောင်တန်းတွေကိုဖြတ်ကျော်သလိုမျိုး ခက်ခက်ခဲခဲနဲ ့ အားလုံးကိုအနိုင်ယူပြီးသည့်နောက် လိုင်းပြန်မတက်လာသေးသည့်တိုင် ဂိမ်းထဲတွင်တော့ ထိုသူ့အကြောင်းပဲ တစ်ဆင့်စကားတစ်ဆင့် ပြောဆိုလို့နေကြသည်။
ရှဲ့ယွီသည် chat ထဲရံဖန်ရံခါအကြည့်ရောက်မိသည့် အကြိမ်တိုင်းပင် အရှက်မရှိပါသည့် ထိုလူ့အကြောင်း အသစ်အသစ်တွေ တွေ့မြင်လို့လာရ၏။ အဲ့လောက်တောင်ပဲ အထာတွေပေါသလား ၊ ရူးကြောင်ကြောင်ပဲ။
သူသည် (၂)နာရီကျော်ထိ မေးခွန်းတွေလုပ်ကာ PK ဆွဲဖို့ သုံး/လေးခုလောက် လက်ခံဖြစ်ပြီးနောက် အမှတ်လေးတွေ အတော်အသင့်စုဆောင်းမိသည့်အခါမှာတော့ ဂိမ်းထဲကထွက်၍ အိပ်ဖို့ရာပြင်တော့သည်။
အိပ်တာဖြင့် သုံး/လေးနာရီလောက်ပဲရှိသေးသည်ကို မနက်(၇)နာရီထိုးမှာတော့ ကုရွှယ်လန်၏ အော်ကာနှိုးခြင်းကိုခံလိုက်ရလေသည်။
"ဆရာက ခဏနေလာတော့မှာနော် ၊ သိမ်းစရာရှိတာသိမ်းပြီး အရင်မျက်နှာသစ် ၊ သွားတိုက်လုပ်ချေ ၊ ပြီးရင် မနက်စာလာစား ၊ ခပ်သွက်သွက်လုပ်။"
ရှေ့ကပြောသွားသည့် စကားတို့မှာတော့ လေသံကပုံမှန်ပေ ၊ သို့တိုင်းပြောရင်းနဲ့ နောက်ကရှဲ့ယွီ၏ ကလန်ကဆန်မျက်နှာဘေးအား တွေ့ချိန်မှာတော့ ဒေါသကထွက်လို့လာရလေပြီ။
"ကြားရဲ့လား?"
ရှဲ့ယွီသည် သူမ၏အော်သံကြောင့် ခေါင်းပင်ကိုက်လို့လာရ၏။
". . . . . . သိပြီ။"
ကုရွှယ်လန်ဆိုသည့် အမျိုးသမီးကတော့ ပြောရင် ပြောသလို တကယ်လည်းဆရာရှာလို့ထားလေသည်။ ထိုဆရာသည် သီးသန့်သင်ကြားပြသရာနယ်ပယ်၌ အတော်လေး နာမည်ရှိလှသူဖြစ်၏။ လမ်းမှားရောက်နေသည့် လူငယ်တော်တော်များများအားလည်း ပြန်လည်တည့်မှတ်လို့ပေးသည်။ အချုပ်အားဖြင့် လေလုံးထွားရသော် အံ့ဖွယ်သရဲပင်ဖြစ်ပေ၏။ သူသင်ကြားမပေးနိုင်သည့် ကျောင်းသားဟူ၍လည်းမရှိ ၊ အဆိုးကို အကောင်းဖြစ်သွားစေမည့် မှော်ဆန်သည့် လက်တစ်စုံက ကျောက်တုံးကို ရွှေဖြစ်စေသလိုမျိုး ကလေးတစ်ယောက်ချင်းစီရှိ ငုပ်လျှိုးနေသည့် ဉာဏ်ရည်ဉာဏ်စွမ်းတို့အား ဖော်ထုတ်ကာပေးသည်. . . . . .
ရှဲ့ယွီသည် နားထောင်နေရင်း ရယ်ချင်လာရ၏ ၊ လှောင်ရယ်ရယ်ချင်စရာပေ။
ကုရွှယ်လန်ကတော့ ထိုဆရာရောက်လာဖို့အရေး မျှော်လင့်ချက်အပြည့်ဖြင့် စောင့်မျှော်လို့နေလေ၏။ ပုံမှန်ဆို ကိုယ်ခန္ဓာထိန်းသိမ်းဖို့ရန် အစာကိုချင့်ချိန်စားသည့်အမျိုးသမီးက ပျော်ပျော်နှင့် မနက်စာအား သုံး/လေးလုတ်ခန့်ပိုလို့စားဖြစ်လေသည်။
"မဒမ်ချန်ရဲ့သားဆိုလေ တစ်နွေရာသီတည်းနဲ့ အဆင့်တွေအများကြီးတက်လာတယ် ကြားတယ်။"
ကျုံးကော်ဖေးသည် ရယ်လိုက်ရင်း ရှဲ့ယွီအားပြောလိုက်၏။
"ကြားတယ်မလား ၊ ကောင်းကောင်းကြိုးစားနော် ၊ မင်းအမေကို စိတ်ပျက်အောင်မလုပ်နဲ့ဦး။"
ရှဲ့ယွီသည် ဆန်ပြုတ်ကိုသာအာရုံစိုက်သောက်နေလျက် ခေါင်းပင်မမော့ပဲ ကိစ္စပြတ်ဖို့ရန် ပေါ့ပေါ့တန်တန်ပဲ 'အင်း' တစ်လုံးဆိုလိုက်ပါ၏။
တစ်စုံတစ်ယောက်ကတော့ မနှစ်မြို့ချေ။
ရှဲ့ယွီ၏ မျက်နှာချင်းဆိုင်၌ထိုင်နေသည့် ကျုံးကျယ်သည် စိတ်မပါ့တပါဖြင့် စကားစလာခဲ့သည်။
"လူတစ်ယောက်နှင့်တစ်ယောက်က တူတာမဟုတ်ဘူး ၊ သူများသား အဆင့်အများကြီးတက်တာနဲ့ပဲ ခင်ဗျားသားလည်း ရမှာလို့ မဆိုလိုဘူးနော်။ သူ့သွားပြီး ဖိအားတွေအများကြီးပေးမနေနဲ့ဦး ၊ မလုပ်နိုင်ရင် မလုပ်နိုင်ဘူးပေါ့။"
ထိုစကားတစ်ခွန်းထွက်လာသည်နှင့် နဂိုက သင့်မြတ်လျက်ရှိသည့် ထမင်းစားပွဲထက်ကအခြေအနေဟာ တစ်ခဏအတွင်းပဲ အေးစက်လို့သွား၏။
ကုရွှယ်လန်သည် ကိုးရိုးကားရားဖြင့် စွပ်ပြုတ်ခပ်သည့် ယောက်ချိုအားချလိုက်မိရင်း ဘာပြောရကောင်းမှန်းပင်မသိ ဖြစ်သွားခဲ့လေသည်။
"စကားမပြောတတ်ဘူးလား?"
ရှဲ့ယွီသည် အေးအေးလူလူပင် ဆန်ပြုတ်အားကုန်အောင်သောက်လိုက်ပြီးမှ ခေါင်းထောင်၍ ကျုံးကျယ်၏မျက်လုံးတို့ထံ စိုက်ကြည့်လျက် နောက်တစ်ကြိမ်ထပ်မံဆိုလိုက်သည်။
"မင်း စကားမပြောတတ်ဘူးလား?"
ကုရွှယ်လန်သည် ရှဲ့ယွီ၏အကျႌအား ခပ်မြန်မြန်ပင် ဆောင့်ဆွဲလိုက်ရ၏။
ရှဲ့ယွီပါးစပ်ထဲ 'မင်းသောက်အပူမပါဘူး' ဆိုသည့် စကားက တစ်ဝဲလည်လည်ရှိနေသည့်တိုင် အဆုံးမှာတော့ ပြောမထွက်လိုက်ရတော့ချေ။
"ငါပြောတာမှားလို့လား?"
ကျုံးကျယ်နှုတ်ခမ်းစွန်းရှိ အပြုံးတို့ကပိုလို့ပင် အသက်ဝင်လို့လာချေသည်။
"မင်းက အထက်တန်းဝင်ခွင့်စာမေးပွဲမှာ စာခိုးချခဲ့တော့ တက္ကသိုလ်ဝင်စာမေးပွဲကြရင်လည်း ထပ်ခိုးချဖို့များ စိတ်ကူးထားတာလား?"
ကုရွှယ်လန်သာ မတားခဲ့လျှင် ရှဲ့ယွီသည် ကျုံးကျယ်အား ဆေးရုံသို့ပင် ပို့လိုက်ချင်သေး၏ ၊ တစ်လလောက် အိပ်ယာထဲလှဲနေရပြီး မိမိကိုယ်ကိုယ်ပင်ဂရုမစိုက်နိုင်သည့် အနေအထားဖြစ်အောင် လုပ်မိလိမ့်ဦးမည်။
ကျုံးကျယ်သည် ကျုံကော်ဖေးနှင့် အတော်လေးဆင်သည်။ သို့တိုင် လူတွေနှင့်ပေါင်းသင်းဆက်ဆံရာနေရာမှာတော့ အကွာကြီးဖြစ်လေသည်။ သူ့ထံ၌တွင်ကား အမျက်မပြေခြင်း နှင့် ဆိုးသွမ်းခက်ထန်ခြင်းတို့သာ အစဉ်ကိန်းဝပ်လျက်ရှိ၏။
သူသည် မကြာခင်မှာပဲ တက္ကသိုလ်စ၍ တက်ရတော့မည်။ ကျောင်းတစ်ကျောင်းကိုတက်ရောက်ဖို့ရာ အမှတ်မမှီသော်ငြားလည်း ကျုံးကော်ဖေးတွင်ကား အဆက်အသွယ်တွေများစွာရှိသည့်အားလျော်စွာ အမှတ်သုံး/လေးဆယ်မျှလိုနေသေးသည့်တိုင် နန်ကျင်းတက္ကသိုလ်၌ ရအောင်တွန်း၍ပို့လေသည်။ ထိုသို့ တွန်းပို့ခြင်းက ကျုံးကျယ်အား 'နာမည်ကြီးတက္ကသိုလ်က ကျောင်းသား' ဆိုသည့် ယုံကြည်ခြင်းနှင့် မာနပလွှားခြင်းအား ဖြစ်ပေါ်လို့လာစေသည်။
"တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ငါဘယ်လိုဖြေဖြေ မင်းအပူမပါဘူး။"
ရှဲ့ယွီသည် ပါးစပ်ကိုသုတ်ပြီးနောက် ထ၍ရပ်လိုက်၏။ သုံး/လေးလှမ်းခန့် လျှောက်ထွက်လာခဲ့ပြီးကာမှ ရပ်၍တစ်ခွန်းလှမ်း၍မေးလိုက်လေသည်။
"ဒါနဲ့. . မင်းစားလို့ဝပြီလား?"
သူ့၏ထိုမေးခွန်းထဲ၌ အဓိပ္ပာယ်ဘယ်နှစ်မျိုးလောက်ပါဝင်နေသလဲ ကျုံးကျယ်ကတော့မသိပဲရှိသည်။
ရှဲ့ယွီသည် ဆိုလိုက်၏။
"ထမင်းဝအောင်စား ၊ ပြီးရင် လုပ်စရာတစ်ခုခုရှာလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။"
ကျုံးကျယ် - ". . . . . . "
ဒါက သူ့ကို အရေးမပါတဲ့အလုပ်တွေလုပ်ဖို့ ဝအောင်စားထား ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ ဆဲတာပေါ့လေ။
မနက်စာစားပွဲသည် အဆုံးမှာတော့ စိတ်မချမ်းမြေ့မှုနဲ့သာ အဆုံးသတ်သွားခဲ့လေ၏။
စားပြီးသောက်ပြီးနောက်မှာတော့ ကျုံးကျယ်နှင့် ကျုံးကောဖေးသည် အတူတူပင်ကုမ္ပဏီသို့ထွက်သွားကြသည်။ ကုရွှယ်လန်ကတော့ အိမ်မှာနေရစ်ခဲ့ပြီး ဂိုက်ဆရာအားစောင့်လို့နေရင်းနဲ့မှ အလျဉ်းသင့်ရှဲ့ယွီအား စကားဆိုမိရသည်။
"ရှောင်ကျယ် အဲ့ကလေးလုပ်တာတွေက မမှန်ပေမယ့် မင်း သူ့ကိုအဲ့လိုမျိုးကြီးသွားမပြောရဘူးလေ။"
"အဲ့ကလေး?"
ရှဲ့ယွီသည် ပြောလိုက်ပါ၏။
"အဲ့ ဟိုကို ကလေးလို့ သဘောထားတော့ ဒီကကျွန်တော်ကကျတော့ရော?"
ကုရွှယ်လန်သည် အဘယ်သို့ပြန်ပြောရလေမည်မသိ ဖြစ်သွားခဲ့၏။ သူမက အိမ်တွင်နေ့တိုင်းနီးနီး ဒီလောက်ရှားစောင်းစေးနှင့် မျက်ချေးကဲ့သို့ မျက်မုန်းကျိုးနေကြခြင်းအား မဖြစ်စေချင်တော့ရုံသက်သက်သာရှိသည်။
"မင်း. . . . . . သူဘယ်လိုစရိုက်ရှိလဲဆိုတာ မင်းလည်းသိသားနဲ့ ၊ သည်းခံလိုက် ပြီးနေရောဟာ ၊ ခြေတစ်လှမ်းနောက်ဆုတ်ပေးလိုက်တော့ လွတ်လွတ်ကျွတ်ကျွတ်ဖြစ်တာပေါ့။"
ရှဲ့ယွီကတော့ မခံမရပ်နိုင်ဖြစ်လို့နေစဲပင်။
"ဘာအတွက်များတုန်း? အဲ့ သောက်ရေးမပါ ကြွတ်ဆတ်ဆတ်စရိုက်ရှိတဲ့ကောင်မျိုးနဲ့ကို ကျွန်တော်က အသားကျနေသလို ရှိရမယ်ဆိုတာကြီးကတော့ မဖြစ်နိုင်ဘူးပဲ။"
"မင်း ကျုံးဦးလေးလည်း သူ့ကိုပြောထားပါသေးတယ် ၊ နောက်တစ်ခါဆို နည်းနည်းလောက်လေး ရည်ရည်မွန်မွန်ရှိပေါ့ ၊ မား မင်းကိုတောင်းဆိုပါတယ် ဟုတ်ပြီလား? မင်းက ပုံမှန်ဆို အမြဲလိုလိုကျောင်းမှာပဲဆိုတော့ မား မင်းကိုတွေ့ချင်ရင်တောင် တွေ့လို့မရဘူး ၊ ရှားရှားပါးပါး ကျောင်းပိတ်ရက်အိမ်မှာရှိတုန်းလေး လိမ်လိမ်မာမာ နဲ့ စကားနားထောင် နော်။"
စကားပြောနေဆဲမှာပင် ဘဲလ်သံကမြည်၍လာခဲ့သည်။
ဂိုက်ဆရာက ရုံးသုံးလက်ဆွဲအိတ်အမည်းကြီးကို ကိုင်ဆွဲထားလျက် တံခါးပေါက်၌ရပ်လျက်ရှိသည်။ ကြည့်ရသည်မှာ အတော်လေး ငယ်ရွယ်နုပျိုလျက် ရွှေရောင်အနားကွပ်မျက်မှန်အားတပ်၍ထားပြီး လူကောင်းသူကောင်းဟန်ပန်ရှိလှပါ၏။
"မဒမ်ကျုံး ၊ ကျုံးသခင်လေး။"
ဆရာလာတာလည်း တွေ့လိုက်ရော ကုရွှယ်လန်သည် စကားကိုအဆုံးသတ်၍ အိမ်ရှေ့အထိသွားကာ ဧည့်သည်အားကြိုလေတော့သည်။ နှစ်ဦးသားသည် ဆိုဖာထက်ထိုင်လိုက်ကြပြီး စာဘက်မှာ ကလေးက ဘယ်လိုအဆင့်မကောင်းကြောင်း အစရှိသည်တို့အား ပြောကြတော့သည်။
ရှဲ့ယွီကတော့ သူတို့၏မျက်နှာချင်းဆိုင်၌ ထိုင်လျက်ရှိရင်း သေမလိုပျင်းရိလှစွာဖြင့် စားပွဲထက်က စပျစ်သီးတွေကိုသာ တစ်လုံးပြီးတစ်လုံးဖြုတ်ယူကာနေမိသည်။
ဂိုက်ဆရာ၏မျိုးရိုးအမည်ကား ဟွမ်ဖြစ်ပြီး နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရရှိထားသူဖြစ်သည်။ ပညာရေးအကြောင်းပြောရာတွင်မူ အာမခံချက်ရှိရှိဖြင့် စိတ်အားထက်သန်စွာပြောကြားလျက်ရှိ၏။ ရှဲ့ယွီသည်လည်း ဒဏ္ဍာရီပုံပြင်တွေထဲမှာပြောကြသည့်အတိုင်း ကျောက်တုံးကနေ ရွှေဖြစ်သွားသလိုပဲ ထူးလှပါကလားဟုပင် တွေးထင်မိလိုက်ပါသေး၏။ သို့တိုင် ဤမျှလောက် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှမည်ဟု မထင်ထား ၊ ယခုတော့ ခေတ္တမျှသာနားထောင်ရသေး အိပ်ချင်လို့ပင်လာရလေသည်။
"ကျောင်းသားတွေအတွက် စိတ်ပါဝင်စားမှုဆိုတာက အကောင်းဆုံးဆရာတစ်ဆူပဲ ၊ ကျွန်တော့်ရဲ့ သင်ကြားပုံ အယူအဆကတော့ ကျောင်းသားတွေကို စာသင်ကြားရေးအပေါ် စိတ်ပါဝင်စားလာအောင် ညွှန်ပြပေးမယ် ၊ ဦးစွာ သင်ကြားချင်စိတ်ဖြစ်ပေါ်လာပြီဆိုရင်တော့ သူတို့ရဲ့ သဘောထားနှင့်အညီ ကူညီသင်ပြပေးသွားမှာပါပဲ ၊ သူကတော့ ဘယ်လိုသင်ကြားရေးစနစ်နဲ့ ကိုက်ညီသလဲဆိုတာကိုကြည့်ပြီး သင့်လျော်မှန်ကန်တဲ့ သင်ကြားရေးနည်းလမ်းကို ရှာဖွေတွေ့သွားပြီဆိုရင်တော့ ဒီကိစ္စက တစ်ဝက်အောင်မြင်ပြီလိို့ဆိုလို့ရသွားပြီ။"
ထိုဆရာဟွမ်မှာ ဆံပင်ကို gel ထူထူလိမ်း၍ ပုံသွင်းကာထားထားလေသည် ၊ စကားပြောရာတွင်လည်း အကျင့်ပါနေကျအတိုင်း မျက်မှန်အား လက်ဖြင့်ပင့်မတင်လျက်ရှိ၏။
စပျစ်သီးတွေက ချိုချိုချဉ်ချဉ်ရှိလှသည် ၊ ရှဲ့ယွီသည် တစ်ရှူးတစ်ရွက်အား ဆွဲယူလျက် စပျစ်သီးစေ့တွေထုတ်ပစ်နေမိလေသည်။
သူသည် ဖုန်းမက်ဆေ့ချ်ကိုအသာခိုးဖွင့်ရင်း လေကျစ်အားရှာလိုက်ပါ၏။ ကုရွှယ်လန်တစ်ယောက် ဆရာနဲ့စကားပြောတာ စျာန်ဝင်နေသည့်အချိန်မှာပဲ လက်တစ်ဖက်တည်းဖြင့် စာရိုက်ကာပို့လိုက်တော့သည် - ငါ့ကို ဖုန်းခေါ်လိုက် ၊ မြန်မြန်။
နှစ်အတော်ကြာ ညီအစ်ကိုတွေလိုဖြစ်နေတာမို့ ဒီလိုကိစ္စမျိုးဆို ဒက်ခနဲသဘောပေါက်လိုက်ပါ၏။
နောက်တစ်စက္ကန့်မှာပဲ ကျိုးသာ့လေထံမှ ဖုန်းဝင်လို့လာခဲ့လေသည်။
ရှဲ့ယွီသည် ထကာရပ်၍. .
"မား ၊ ဆရာဟွမ် ၊ ကျွန်တော် ဖုန်းသွားကိုင်လိုက်ဦးမယ်။"
ကျိုးသာ့လေ၏ ဘက်ကနေပြီး ကီးဘုတ်ရိုက်သည့် အသံတွေသာကြားလို့နေရသည်။ 'မင်းက အင်တာနက်ဆိုင်မှာပေါ့' ဟု ရှဲ့ယွီကပြောမည်ရှိသေး တစ်ဖက်ရှိ သာ့လေ၏ ကျယ်လောင်သည့် အသက်ရှူသံပြင်းပြင်း နှစ်ချက်နှင့်အတူ အာခေါင်ခြစ်၍ ဒေါသတကြီးအော်သံက ပေါ်ထွက်၍လာသည်။
"--- --- Fxxk ငါလိုးနဲ့မှ ၊ ငါ့လက်နက်ကို လုသွားတယ်ပေါ့ ၊ မင်းတို့တစ်မိသားစုလုံးကို ငါသတ်ပစ်မယ်!"
ရှဲ့ယွီ - ". . . . . . "
ကျိုးသာ့လေသည် အတော်ကြာ ဆဲဆိုကြိမ်းမောင်းလျက်ရှိ၏ ၊ mouse ကိုလည်းလွှတ်ချပစ်ပြီး ကီးဘုတ်အားလည်း ရိုက်ခွဲပစ်ချင်လုနီးဖြစ်သွားခဲ့လေတော့ ဆိုင်ရှင်သူဌေးက ကပျာကယာဖြင့် အနားရောက်ချလို့လာတော့သည်။
"လေကျစ် ၊ စိတ်လျှော့ စိတ်လျှော့ ၊ မင်းရိုက်ခွဲပစ်လိုက်ရင်လည်း ပြန်လျော်နေရမှာပဲဥစ္စာ။ ဂိမ်းထဲကပစ္စည်းဆိုတာက တိမ်တွေ မြူခိုးတွေလို တစ်ခဏနဲ့လွှင့်မျောပါသွားမယ့်အရာတွေ ၊ စိတ်အေးအေးထား ၊ နေရာတိုင်းပဲ အမှား နဲ့အမှန်. . . . . ."
"ဘယ်လိုမှ စိတ်မအေးနိုင်ဘူး ၊ ဒီကိစ္စက မပြီးဘူး။"
ကျိုးသာ့လေသည် အလွန်ကိုမှ ဇွတ်တရွတ်ဖြင့် မလျှော့တမ်းရှိ၏။
"အချစ်ဆိုတာကို ဖြစ်သလိုလုလို့ရတယ် ၊ လက်ကျန်မရှိတော့တဲ့ လက်နက်ကတော့ မဖြစ်ဘူးပဲ။"
ကျိုးသာ့လေသည် ပြောဆိုပြီးသွားသည့်နောက်မှပဲ ဖုန်းခေါ်ထားမိစဲပင်ဖြစ်သည်ကို သတိရလို့သွား၏။
"ရှဲ့Boss? ငါပြောမယ် ငါတကယ်ကြီးကို ဒေါသထွက်လို့သေတော့မယ်။"
ရှဲ့ယွီသည် မေးလိုက်၏။
"လက်ကျန်မရှိတော့တဲ့ လက်နက်?"
"ဟုတ်တယ် ၊ အဲ့အကောင်ကြီးကို သေချာပေါက်ကို ငါတို့အဖွဲ့ကသတ်လိုက်တာ ၊ ပေါက်ကွဲမယ့်နှုန်းက 0.1% ပဲရှိတယ် ၊ ငါတို့က ဒီလျှို့ဝှက်ထားတဲ့ BOSS ကိုရှာနေတာ သုံး/လေးရက်ရှိပြီ ၊ လိုးပဲ. . လက်ထဲရောက်လုရောက်ခင်ကျမှ လမ်းတစ်ဝက်ကနေ ဖြတ်လုခံလိုက်ရတာ။"
ကျိုးသာ့လေသည် ပြောလာခဲ့သည်။
"အဲ့တစ်ဖွဲ့လုံး တအားညစ်ပတ်တာ ၊ တကယ်ကို ညစ်ပတ်ချက်။"
ကျိုးသာ့လေသည် ထပ်မံဆိုလာ၏။
"ဒီနေ့ သေသေကျေကျေချကြမယ်ဆိုပြီး ငါသူတို့ကို ချိန်းထားတယ် ၊ ဘယ်သူမလားလဲ မလာတဲ့သူက မြေးလေးပဲ ၊ မင်းလာခဲ့မလား?"
ရှဲ့ယွီ : "မင်းရဲ့ အဲ့လိုစစ်တိုက်တဲ့ဂိမ်းတွေ ငါမဆော့ဘူး။"
"ဂိမ်းထဲမှာမဟုတ်ဘူး ၊ နန်ကျင်းလမ်းမှာ။"
သောက်လခွမ်းပဲ ဒါလေးနဲ့ကို ချိန်းလိုက်ကြတယ်တဲ့လား?
ကျိုးသာ့လေ : "သူတို့က Aမြို့က ၊ ငါ့တို့က Bမြို့ ၊ မြေပုံမှာ မျဉ်းဆွဲဆက်ချလိုက်ပြီး အလယ်တည့်တည့်ကို သတ်မှတ်ယူလိုက်ကြတာ။ နောက်နှစ်နာရီကျ နန်ကျင်းလမ်း Central ပလာဇာမှာ။"
ရှဲ့ယွီသည် ဂိုက်ဆရာဖြင့် လေပေါနေစဲဖြစ်သည့် မဒမ်ကုထံလှည့်ကာ ကြည့်လိုက်မိ၏။
"အိုခေလေ စောင့်နေ ၊ အစ်ကိုကြီး မင်းကိုပွဲအရောက် လာအားပေးမယ်။"
ကုရွှယ်လန်နှင့် ဆရာဟွမ်တို့ စကားပြောနေကြသည်မှာ မိနစ်(၂၀)ခန့်ပင် ရှိလို့နေလေပြီ။ မဟုတ်သေးပါဘူးဟူ၍ သူမသတိထားမိချိန်မှာတော့ ရှဲ့ယွီက ထွက်လို့သွားချေပြီဖြစ်သည်။
ပြောတော့ ဖုန်းသွားကိုင်တာ ၊ ဖုန်းလေးတစ်ခါသွားကိုင်ပါတယ် ပြန်ကိုရောက်မလာတော့ပေ။
"သူ ဘယ်ရောက်သွားတာလဲ?"
မမကြီးမျက်နှာမကောင်းသည်ကိုတွေ့တော့ အားဖန်းသည်လည်း အတော်ကြာချီတုံချတုံဖြင့် မည်သို့ပြောရမည်မသိပဲရှိ၏။
". . . . . . သွား ၊ သွားပြီ ၊ ဒုသခင်လေးက သွားခါနီး မမကြီးကို အလဟဿအစီအစဉ်တွေကျိတ်မချပါနဲ့ ဆိုပြီး ပြောသွားပါတယ်။"
ကုရွှယ်လန်၏ လက်ထဲရှိ ကြွေရေနွေးပန်းကန်လုံးမှာ ဖိတ်စဉ်ကျလုနီးဖြစ်သွားခဲ့လေသည်။
ရှဲ့ယွီက နောက်ဆုံးရောက်လာခဲ့သူပင်ဖြစ်သည်။
သူ Centralပလာဇာ သို့ရောက်ချိန်၌ နှစ်ဖွဲ့လုံးက အတန်းလိုက်တန်းစီလို့ မျက်နှာချင်းဆိုင်လျက်ရှိကြပြီ။ ကြည့်ရသည်မှာ အရင်သဘောထားစမ်းကြည့်ကြပြီးမှပဲ ချကြမည်ထင်သည်။
အားမာန်အပြည့်ဖြင့် လူဆယ်ယောက်ကျော်ခန့်ရှိလေ၏။
ရှဲ့ယွီသည် ရန်ဖြစ်ဖို့ရာ စိတ်ကူးမရှိချေ ၊ လှော်ပေးဖို့သက်သက် ရောက်လာခဲ့ရုံသာရှိသည်။ ထို့ကြောင့်ပင် မဝေးလှသည့်နေရာရှိ ရှုခင်းကောင်းကောင်း နေရာတစ်နေရာရွေးပြီး အရိပ်ရနေကွယ်ရာ၌ နေနေလိုက်သည်။
ပူပြင်းအိုက်စပ်နေပါသည့် နွေရာသီ၌ ပျမ်းမျှအားဖြင့် အသက်၁၅/၁၆ခန့်သာရှိဦးမည့် အဖွဲ့နှစ်ဖွဲ့ဟာဆိုလျှင် မနက်(၁၀)နာရီခွဲနေရောင်ခြည်အား အံတုလျက် ဂိမ်းထဲကပစ္စည်းကိစ္စအတွက်နှင့် အချင်းချင်းအပြန်အလှန် နှုတ်ခွန်းဆက်လျက်ရှိကြလေသည်။
ကျိုးသာ့လေသည် ထိပ်ဆုံးကနေဦးဆောင်ဦးရွက်ပြုလျက်မှ လေသံကလည်း ခပ်ကျယ်ကျယ်ရှိလှပါ၏။
"သောက်ရှက်မရှိ ပြောရဲသေးတယ်ပေါ့? အဲ့ဒါက မင်းတို့ဟာမို့လို့လား?"
မျက်နှာချင်းဆိုင်ရှိ လူတစ်စုသည်လည်း ခေသူတွေတော့မဟုတ် သူမသာကိုယ်မသာရှိချေသည်။
"ငါတို့ရဲ့ဟာလေ ၊ ဘယ်လိုဖြစ်ပြီး ငါတို့ဟာမဟုတ်ဘူးဖြစ်ရတာလဲ။"
"Broတို့က ဘယ်လိုတောင်အရှက်မရှိရတာလဲ ၊ ဂိမ်းဆော့တာပဲကို အဲ့လောက်ထိတအားမညစ်ပတ်နဲ့လေ။"
"အခွင့်အရေးဆိုတာ အမြဲတစေအဆင်သင့်ဖြစ်နေတဲ့သူစီပဲလာတာကွ ၊ ငါတို့က ပစ္စည်းလုဖို့အတွက် သုံးည လေးညလောက်ကို ငုတ်တုတ်စောင့်နေကြတာ ၊ မင်းကဘာသိလို့လဲ!"
"ယောဟော. . အတော်လေး ဂုဏ်ဆာနေတာပဲ ၊ မင်းတို့က ပွဲရှာတာပေါ့လေ ဟုတ်လား?"
"လာလေ ၊ ဘယ်သူက ဘယ်သူ့ကိုကြောက်နေရမှာလဲ!"
ကျိုးသာ့လေသည် သေမတတ်ဒေါသထွက်လို့လာရ၏။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အံကြိတ်ရင်း သွားကြားထဲကထွက်သည့်လေသံဖြင့် တစ်ခွန်းမျှဆိုလာခဲ့ချေသည်။
"အစ်ကို အခုမင်းကို အေးအေးဆေးဆေးနဲ့ စကားအကောင်းပြောနေတုန်းမှာ ပေးလာခဲ့ ၊ ပစ္စည်းကို ပြန်လွှဲပေး ၊ ငါ မင်းတို့ကို အခက်မတွေ့စေချင်ဘူး ၊ ဒီကိစ္စ မဖြစ်ခဲ့ဘူးလို့ပဲ ယူဆပေးလိုက်မယ်။"
ရှဲ့ယွီသည် လူစုကြားထဲ နဂိုကတည်းကအဖွဲ့၏နောက်ဆုံးနားတွင် ရပ်လျက်ရှိသည့် လူတစ်ဦးအား မြင်လို့သွားခဲ့သည်။ အနက်ရောင် mask ကိုတပ်ထားပြီး လူအုပ်ကြားထဲကနေ ရှေ့စီ ဖြည်းညင်းစွာလျှောက်လှမ်းထွက်ပေါ်လာခဲ့၏။ သူ့ဘေးနားပတ်လည်ရှိ လူတွေသည်လည်း ပူးပေါင်းဆောင်ရွက်လျက်သူ့အတွက်လမ်းကြောင်းရှင်းပေးလို့လာချေသည်။
ထိုလူ၏အသံမှာ အဝတ်စကိုထိုးဖောက်၍ ခပ်အုပ်အုပ်ဖြင့် လေသံအေးအေး ပေါ်ထွက်လို့လာခဲ့သည်။
"ကိုယ့်အစွမ်းအစနဲ့ကိုယ် လုပြီးရလာခဲ့တဲ့ပစ္စည်းကို ဘာကြောင့်ပြန်ပေးရမှာလဲ?"