. . . . . . မင်းကဘယ်လမ်းကြောင်းပေါ်ကလဲ?
B မြို့ ၊ ဟေးရွှေမြို့ငယ်လေးရှိ အစိုးရလုံခြုံရေးရဲဌာန။
"ရှဲ့ယွီရဲ့ အုပ်ထိန်းသူပါလား?"
"ကျွန်မက ရှဲ့ယွီရဲ့ အမေပါ။"
ကုရွှယ်လန်သည် ရဲစခန်းအတွင်းခြေချနေရသည့်အတွက် အနည်းငယ်ရှက်ရွံ့သိမ်ငယ်မိ၏။
"သူ အဆင်ပြေရဲ့လား? ထိခိုက်ဒဏ်ရာတွေများ ရသွားသေးလား? ဆေးဖိုးဝါးခကရော ဘယ်လောက်ကျသလဲ? သူသာ မြန်မြန်လွတ်လာမယ်ဆို ဘယ်လောက်ဖြစ်ဖြစ်ပေးနိုင်ပါတယ်။"
ရဲမေဖြစ်သူမှာ ခေါင်းပင်မော့မလာ ၊ လှုပ်ရှားမှုမှာ ကျွမ်းကျွမ်းကျင်ကျင်ရှိလှပြီး ညာဘက်လက်က ဖိုင်တွဲကြားရှိ စာရွက်တစ်ရွက်ကိုဆွဲထုတ်လိုက်ကာ စားပွဲထက်တင်ကာပေးသည်။
"အဲ့ဒါတွေ နောက်မှပြော ၊ ဖောင်ကိုအရင်ဖြည့်ပေးပါ။"
ခဏမျှအကြာ၌ ထိုရဲမေမှာ လက်ထဲရှိအလုပ်တွေ ပြီးမြောက်လို့သွားပြီဖြစ်တဲ့အတွက် ဘောပင်အဖုံးကို ပိတ်လိုက်ပြီး ခေါင်းမော့လာလျက်မှဆိုလိုက်၏။
"ရှင့်သားက တော်တော်ထက်တာပဲ။ တစ်ယောက်နဲ့ ငါးယောက်ယှဉ်တာ ၊ လူကိုရိုက်တာက အတွင်းဒဏ်ရာတွေရော ၊ ဆေးရုံသာမသွားလိုက်ရင် သတိထားမိမှာမဟုတ်ဘူး။"
ကုရွှယ်လန်မှာ တစ်ကိုယ်လုံးတောင့်ခနဲ ဖြစ်လို့သွား၏ ၊ မျက်နှာမည်သို့ထားရမည်မှန်းလည်း မသိတော့ပေ။
ရဲမေသည် သူမအားတစ်ချက်ခြုံငုံကြည့်လိုက်ပြီးနောက် အမေးရှိလာ၏။
"ရှင်တို့က ဒီကမြို့ခံလူမဟုတ်ဘူးမလား?"
ကုရွှယ်လန်သည် ပြန်လို့ဖြေကြားလိုက်သည်။
"ကျွန်မတို့က. . . . . . Aမြို့ကပါ။"
ရှဲ့ယွီ ဒီတစ်ခေါက်ရန်ဖြစ်တာရဲ့ အခြေအနေမှာ ပြင်းထန်သည်ဟု မဆိုသာ။ သို့တိုင် ရဲတိုင်လိုက်သည့် တပည့်လေးသုံးလေးယောက်ရဲ့ နှုတ်ထွက်စကားဟာဆိုရင်တော့ သူတို့အစ်ကိုကြီး အနိုင်ကျင့်ခံရပါတယ် ၊ မြေပြင်ထက်ဖိချုပ်ထားပြီး ထိုးနှက်ခံနေရပါတယ်ဟူ၏။ သို့ပေသိ မှတ်တမ်းယူရန် တာဝန်ရှိသည့် ရဲအရာရှိ သုံးလေးဦး၏ စိတ်ထဲ၌တော့ မယုံသင်္ကာဖြစ်နေလေသည်။
ဖုန်းဆက်တိုင်ကြားလာသည်များအား သူတို့ မရေမတွက်နိုင်အောင် လက်ခံရရှိခဲ့ဖူးသည်။ သို့တိုင် ဤသို့မျိုး 'ထိခိုက်နစ်နာသူ' ကိုဖြင့် ပထမဦးဆုံး ကြုံတွေ့ရခြင်းဖြစ်သည် - ထိုးထိုးထောင်ထောင် အရောင်စုံငှက်သိုက်ဆံပင်ကေနှင့် ၊ နား နဲ့ နှာခေါင်းတို့ကိုလည်း အပေါက်ဖောက်လို့ထားပြီး ၊ တစ်ကိုယ်လုံးက ဆေးလိပ်နံ့တွေ မွှန်ထူ နေသည့်အပြင် လက်မောင်း၌ကြီးစိုးထားသည်မှာ ဘယ်ဘက်တွင် နက်ပြာရောင်နဂါး ၊ ညာဘက်တွင်မူ အဖြူရောင်ကျား တက်တူးများဖြင့်။ အထူးသဖြင့် သူတို့ကိုယ်တိုင်ပေးလာသည့် မှတ်ပုံတင်နံပါတ်အရ စစ်ဆေးကြည့်ချိန် ပြစ်မှုငယ်များ မြောက်များစွာကျူးလွန်းထားဖူးသည်ကိုလည်း သွားရောက်တွေ့ရှိသည်။
"မင်းတို့ပြောတဲ့ အကြောင်းအရာအားလုံးက အမှန်တွေပဲလား?"
"အမှန်တွေ အမှန်တွေ ၊ လုံးဝကိုအမှန် ၊ ကျွန်တော်တို့အစ်ကိုကြီး အခုမတ်တပ်တောင်မရပ်နိုင်ဘူး။"
ဤသို့ဖြင့် သူတို့အားလုံး၏ အကြည့်တွေသည် နားနေခန်းဆိုဖာထက်က မနှစ်မြို့ဖွယ် မျက်နှာထားရှိပြီး လည်ပင်းထက်၌လည်း ရွှေဝါရောင်ချိန်းကြိုး 'ခွေးလည်ပတ်' နှင့်လူထံရောက်ရှိလို့သွားကြသည်။ ထိုလူမှာ ဗိုက်ကိုဖိထားပြီး အဆက်မပြတ်ညည်းတွားကာနေလေသည်။
"နာလို့သေတော့မယ် ၊ အားယိုး. . ရိုးသားတဲ့လူကို အနိုင်ကျင့်တယ် ၊ အခုခေတ်ကလေးတွေ ဘာလို့အဲ့လို. . . . . . နာ နာ နာတယ် ၊ စကားပြောတာတောင် နာတယ်။"
". . . . . ."
ကုရွှယ်လန်သည် ဖောင်ကိုဖြည့်လိုက်သည် ၊ ညာဘက်အောက်ထောင့်စွန်းရှိ လက်မှတ်ထိုးရန်နေရာထက်၌ မိမိ၏နာမည်အားရေးထိုးလိုက်သည်။
ရဲမေက ဆိုလာ၏။
"ရပြီ ၊ ဒီမှာစောင့်နေပါ ၊ ရှင့်သားက စစ်ဆေးမှုမပြီးသေးဘူး။"
ကုရွှယ်လန်သည် လက်ကိုင်အိတ်အား ဆုပ်ကိုင်လိုက်မိချေသည် ၊ သူမမှာ ဤနေရာ၌ ကြာကြာရှိမနေချင်။
"စစ်ဆေးမှုက မပြီးသေးဘူး?"
ဖုန်းလက်ခံရရပြီးချင်း သူမမှာ ချက်ချင်းပင် Aမြို့ကနေထွက်လာပြီး (၂)နာရီကြာကားမောင်းလို့လာရသည်။
ရဲမေသည် သူမအား တစ်ချက်လှမ်းလို့ကြည့်လာပြီး. .
"နှစ်ဖက်စလုံးရဲ့ နှုတ်ထွက်တွေက မကိုက်ညီနေလို့။"
စစ်မေးရာအခန်း၌မူ. .
ရှဲ့ယွီသည် သုံးကြိမ်မြောက်ထပ်မံဆိုလိုက်သည်။
"ကျွန်တော် သူ့ကိုမရိုက်ဘူး။"
ဟူကောမှာ ဒီမရှည်လျား မတိုတောင်းလှသည့် အချိန်(၂)နာရီအတွင်း လူ့ဘဝရဲ့ အလှည့်အပြောင်း အကွေ့အကောက်အား လက်တွေ့ကြုံလိုက်ရသည်။ ကံအကြောင်းမလှသည့် အရသာအားလည်း ခံစားမိရသည်။ ရှေ့ရှိ အထက်တန်းတက်တုန်းပဲရှိသည့် ကောင်စုတ်ကလေးရဲ့ သင်ခန်းစာပေးခြင်းကို ခံလိုက်ရသည် ၊ အရှက်ကင်းမဲ့လေပြီဟုပင် ခေါ်ရပေလိမ့်မည်။
သူသည် ရှဲ့ယွီနှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး စားပွဲမှာရှည်ရှည်ကျယ်ကျယ်ရှိသည်။ သူသည် စားပွဲအား တစ်ချက်ရိုက်လိုက်ပြီး ခေါင်မိုးလွင့်မတတ် အာခေါင်ခြစ်အော်လိုက်၏။
"___ ___ Fxxk ပဲ! ရဲအရာရှိ! သူလိမ်ပြောနေတာ!"
ထိုရဲအရာရှိတွေကို ယီးတီးယားတားတော့ သွားလုပ်လို့မရ။ ဟေးရွှေလမ်း နယ်နိမိတ်တစ်ဝှမ်း တာဝန်ကျသူများမို့ စိတ်သဘောထားနူးညံ့တဲ့ စရိုက်တွေဟာလည်း သွေးထားသလို ထက်ထက်မြက်မြက်ရှိလာကြသည်။
"ဘာကို ဆဲတာလဲ ၊ ကောင်းကောင်ထိုင်စမ်း ၊ ပုံစံကိုက! မဖြစ်တော့ရင်တော့ ဆွဲထုတ်မှာနော် ၊ မင်းကိုစကားရောပြောခိုင်းလို့လား။"
ဟူကောသည် အင်တင်တင်ဖြင့် ပြန်လည်ထိုင်ချလိုက်ရ၏။
ရဲအရာရှိသည် ဟူကောမျက်နှာချင်းဆိုင်ရှိ 'နုနယ်သိမ်မွေ့လှတဲ့ ကောင်ငယ်ကလေး' ထံစောင်းငဲ့လို့ကြည့်လျက် လေသံကိုတိုး၍ပြောလို့လာသည်။
"ရှဲ့ယွီဟုတ်တယ်နော်? မင်းမကြောက်နဲ့ ၊ ငါတို့ရှိတယ်ရယ် ၊ သူဘာမှ မင်းကို မလုပ်ရဲဘူး။"
ရှဲ့ယွီသည် ကုပ်ကုပ်ကလေး ကြောက်ရွံ့နေဟန်နှင့်အတူ အလွန်ကိုယဉ်ကျေးသိမ်မွေ့စွာဆိုလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ရဲဦးဦး။"
ဟူကောသည် ဒေါသတွေထွက်လာရပြီး ကမူးရှူးထိုးပင် ရှေ့စီသို့ စားပွဲကိုတွန်းလှန်ပစ်ချင်သွားရကာ ထိုသူ၏ အယောင်ဆောင်မျက်နှာဖုံးအား ဆွဲချွတ်ပစ်ချင်မိရသည်။
"မင်း လခွမ်းနဲ့မှ သရုပ်တွေဆောင်မနေစမ်းနဲ့ ၊ အရိုက်ခံရတဲ့လူက ငါ ၊ ငါက ထိခိုက်နစ်နာတဲ့လူပါ!"
ရဲအရာရှိမှာ ဖိုင်တွဲဖြင့် စားပွဲကိုရိုက်ချလိုက်ပြီး. .
"မင်း ထပ်ပြီးဆူညံနေမယ်ဆိုရင် ငါဆွဲထုတ်မှာ! မင်း ကလေးကိုခြောက်လန့်နေတာ ဘယ်လိုပုံဖြစ်နေပြီလည်း မင်းကြည့်စမ်း!"
ရှဲ့ယွီသည် ကြောက်လန့်တုန်ယင်နေဟန် ထပ်ဆင့်လုပ်ပြလျက် ဒုစရိုက်လောကရဲ့ ခြိမ်းခြောက်မှုကိုခံနေရဟန် ဟန်ဆောင်လိုက်သည်။ သရုပ်ဆောင်ချက်အပေါ် သိပ်အာရုံမထားသည့်တိုင် ရလဒ်ကတော့ပြောင်မြောက်လှပေ၏။
အတုအယောင် ၊ အကုန်ဟန်ဆောင်ထားတာ!မင်းကန်းနေလား!
ဟူကောသည် စိတ်ထဲမှနေ အော်ဟစ်လို့နေမိ၏။
ဒီလူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ! အသက်အရွယ် ငယ်ငယ်ကလေးနဲ့ ဘယ်လိုလုပ် သိုးသားရေခြုံတတ်နေရတာလဲ!
ဒင်းကတကယ်တော့ ဝံပုလွေတစ်ကောင်ပဲ!
ရှဲ့ယွီ ထွက်လာချိန်က မိုးပင်ချုပ်တော့မည်။ ဘာတာဝန်ယူမှုမှမလုပ်လိုက်ရပဲ လွတ်လွတ်ကျွတ်ကျွတ် အဆင်ပြေပြေပဲဖြစ်သည်။
လက်ကားစျေးရှိ အန်တီကြီးများ၏ ကွန့်ညွှန့်ကာချဲ့ကားမှုဖြင့် ဟူကောမှာ ပြစ်မှုကျူးလွန်သူ အမည်ခံ၍သွားသည်။ ကိုယ်ပေါ်က ရိုက်ခံထားရသည့် ဒဏ်ရာတွေအားလည်း 'ဘယ်နေရာမှာ ဘယ်သူရိုက်လွှတ်လိုက်သလဲ သရဲသာသိမယ်' ဟူ၍လက်ခံယူဆလိုက်ကြ၏။ ယွမ်(၅၀၀) ပေးချေရမည်ဖြစ်ပြီး အာမခံစာတမ်းလည်း ရေးရပေလိမ့်မည်။ ဟေးရွှေလမ်းရှိ လူထုကို နောက်ပြဿနာမရှာတော့ပါဘူးဟုလည်း ကျိန်ဆိုစေလျက် စိတ်တွေကိုစင်ကြယ်အောင် ဆေးကြောပစ်ပြီး လူကောင်းအဖြစ် အသစ်တဖန်ပြန်လည်မွေးဖွားစေဟူ၏။
ဟူကောသည် ဖင်ဘူးတောင်းထောင်လျက် စားပွဲထက်ကုန်းပြီး လက်နားရှိ ရှင်းဟွာအဘိဓာန်မှ မရေးတတ်သည့် စာလုံးများကို လှန်လှောရှာနေလေသည်။ သူတို့က သူ့အား အသံထွက် pinyin ဖြင့်မရေးခိုင်းပဲရှိ၏။
လူဘဝမှာ အရှက်အရဆုံး အတွေ့အကြုံဟုပင် ပြောလို့ရပေ၏။
ရှဲ့ယွီ အပြင်သို့ထွက်ရန်ပြင်ခိုက် ဟူကောက လှမ်းအော်တား၍လာသည်။
ရဲအရာရှိမှာ လက်ထဲတွင် တုတ်တစ်ချောင်းကိုင်ဆောင်၍ထားသည်။ အသေအချာကို စောင့်ကြပ်လျက်ရှိပြီး အသံမြင့်မြင့်ဖြင့် သတိပေးစကားဆိုလိုက်၏။
"ချိန်ရှုံဟူ! မင်း ဘာထပ်လုပ်ချင်သေးတာလဲ။"
"ဘာမှမလုပ်ဘူး ၊ မင်းကဘေးကနေ ထိန်းကာထားမှတော့ ကျုပ်က ဘာလုပ်နိုင်မှာလဲ ၊ ကျုပ် သူနဲ့ စကားနည်းနည်းပြောချင်ရုံပဲ။"
ပြောပြီးနောက်တွင် ဟူကောသည် ရှဲ့ယွီအား စိုက်ကြည့်လို့လာလျက် မအောင့်အည်းနိုင်စွာဖြင့် မေးလိုက်လေသည်။
". . . . . . မင်းက ဘယ်လမ်းကြောင်းပေါ်ကလဲ?"
ရှဲ့ယွီသည် ခြေလှမ်းတွေကို ရပ်တန့်လျက် ရှုပ်ထွေးသွားဟန်ဖြင့် အရူးအားကြည့်သည့်အကြည့်မျိုးနှယ် သူ့အားလှမ်းကြည့်၍လာသည်။
ဟူကောသည် နောက်တစ်ခေါက်ထပ်၍ မေးလိုက်၏ ၊ မလျှော့သောဇွဲ့ဖြင့်။
"မင်းက တကယ်ပဲ ဘယ်လမ်းကြောင်းပေါ်ကလဲ?"
(T/N : ဘယ်ဂိုဏ်းကလဲ လို့ ဆိုလိုတာပါ)
သူ ထင်မိရသည်မှာ ဒီလူ၏ နောက်ခံအဖွဲ့အစည်းက ခက်ခဲနက်နဲပေရမည်ဟု။ ဒီတစ်ခေါက်တွင်မူ မိမိသည် အဘယ်သို့မျိုး အမတနတ်ဘုရားကို စိတ်အနှောက်အယှက်ဖြစ်စေပြီး စော်ကားလိုက်မိလေသလားဟု ထင်မြင်နေမိရ၏။ သေမည်ဆိုရင်တောင် သိရှိသွားပြီးမှပဲ အသေခံလိုက်မည်။
ဟူကော၏ အကြည့်စူးစူးတွေအောက် ရှဲ့ယွီသည် လေးလေးတွဲ့တွဲ့ဖြင့် ဖွင့်ဟဆိုလိုက်သည်။
"ငါလား? ငါကတရုတ်ဆိုရှယ်လစ် လမ်းကြောင်းပေါ်ကလေ။"
ဟူကော : ". . . . . . "
ရဲစခန်းအပေါက်ဝ၌ ရင်းနှီးလျက်ရှိသည့် ခဲရောင် Bentley ကားတစ်စီးရပ်လျက်ရှိသည်။ ကုရွှယ်လန်သည် ကားအတွင်း ထိုင်လျက်ရှိ၏ ၊ ပြတင်းပေါက် အပြင်ဘက်ကနေပြီး သူမ၏ဘေးတစ်စောင်း မျက်နှာဘက်ခြမ်းအား ဝိုးတဝါးလှမ်းမြင်တွေ့နေရသည်။
ရှဲ့ယွီသည် ကားပေါ်သို့တက်လိုက်ပြီး. .
"မား။"
ကုရွှယ်လန်သည် စကားမဆိုချေ။
ရှဲ့ယွီသည် ဆက်ကာပြောလိုက်၏။
"တကယ်တော့ ဒီနေ့က မား လိုက်လာဖို့မလိုဘူး ၊ ဘယ်လိုဖြေရှင်းရမလဲ ကျွန်တော်သိတယ်။"
ဟူကောဆိုသည့် ထိုလူက ဟုတ်တာမဟုတ်ဘဲ ဂိုက်ပေးနေခြင်းသာဖြစ်ကြောင်း သူအစောကတည်းက သိလို့နေသည်။ တကယ့်ဗီလိန်ဇာတ်ကောင်မျိုးက တစ်နေကုန်တစ်နေခန်း 'ထောင်ကျဖူးတယ်' ဆိုသည်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် စမြုံပြန်နေမည်မဟုတ်။ ထို့အပြင် ပိုပြီးမဟုတ်တာက သောက်ထားခြင်းမရှိပါဘဲနဲ့တော့ ဒီကွမ်မောက်စျေးကြီးသို့ ထိုအချိန်ကြီးဘယ်သူမှလာရောက်သောင်းကျန်းရဲမှာမဟုတ်ဆိုတာပင်။ ဒါ့အပြင်ကို ကိုင်တိုင်ပင် ရဲကိုသွားရောက်တိုင်လိုက်သေးသည်။
တိတ်ဆိတ်ခြင်းက ကြီးစိုးလျက်ရှိ၏ ၊ ကားမောင်းထွက်လာပြီး အချိန်တစ်ခုကြာမှပင် ကုရွှယ်လန်က စကားဆိုလေသည်။
"ငါက မင်းအမေဆိုတာတော့ သိသေးတယ်ပေါ့လေ? ဘာမှမဖြစ်ဘူးဆိုပြီး ဒါဆို မင်းက အဲ့ကိုဘာသွားလုပ်တာလဲ? ရဲကတော့ မင်းမရိုက်ပါဘူးပြောတာပဲ. . . . . . မင်းရိုက်လိုက်တာပဲမဟုတ်လား။"
ရှဲ့ယွီသည် နောက်သို့မှီ၍ထိုင်လိုက်ပြီး အရေးမထားသည့်လေသံဖြင့်ပြောလိုက်၏။
"ဟုတ်တယ် ကျွန်တော်ရိုက်လိုက်တာ ၊ မားကို မျက်နှာပျက် အရှက်ရစေတယ်လား?"
ကုရွှယ်လန်သည် အမွှေးပွပွနဲ့ ကားကူရှင်အစွန်းအား လက်ဆစ်တွေ ထင်းခနဲပေါ်လာသည်အထိ တင်းကြပ်စွာဆုပ်ကိုင်ပစ်လိုက်မိ၏။ထို့နောက်မှာတော့ တစ်ခဏမျှတုံ့ဆိုင်းသွားပြီး စူးစူးရှရှအော်ပြော၍လာသည်။
"ဟုတ်တယ် ၊ မျက်နှာပျက်ရတယ်! အရှက်ရစေမယ်မှန်းသိရင်လည်း ဒီလိုမျိုး အရှက်ရစေမယ့် အလုပ်မျိုးတွေ ခဏခဏမလုပ်စမ်းနဲ့!"
ရှေ့ရှိ ဒါရိုက်ဘာဖြစ်သူမှာ သက်ပြင်းကိုချလျက် ကြားဝင်ဖျောင့်ဖျ၍လာသည်။
"ဒုသခင်လေး ၊ မမကြီးကို ပြန်မပြောပါနဲ့ ၊ လာတုန်းကတစ်လမ်းလုံးပဲ သခင်လေးကို စိတ်ပူလာတာရယ် ၊ သခင်လေး ဘာများဖြစ်သလဲ ၊ အခြေအနေ ကောင်းသလား ဆိုးသလားဆိုပြီးတော့။"
ရှဲ့ယွီမှာ ကျွန်တော့်ကို ဒုသခင်လေးလို့ မခေါ်နဲ့ ၊ ကျွန်တော်က ခင်ဗျားတို့ ကျုံးအိမ်တော်က ဒုသခင်လေးမဟုတ်ဘူး ဟုသာပြောပစ်ချင်မိရ၏။
ထိုစကားလုံးကို ကြားသည့်အခါတိုင်းတွင် သူ့တစ်ကိုယ်လုံး နေရထိုင်ရခက်လာလျက် ကိုယ်နဲ့မသင့်တော်သည့် အကျႌအားဇွတ်အတင်းဝတ်ခိုင်းသည်နှင့် တူနေရော့၏။ လည်ချောင်းတစ်လျှောက် တင်းကြပ်ပြီး အသက်ရှူမဝဖြစ်၍လာသည်။
ကုရွှယ်လန်သည် စိတ်ကိုတည်ငြိမ်အောင်ထားလျက်မှ စကားလမ်းကြောင်းလွှဲလိုက်လေသည်။
"ငါ မင်းအတွက် ဂိုက်ဆရာသုံး၊လေးယောက် ရှာထားပေးတယ် ၊ မနက်ဖြန်ကစရှိလိမ့်မယ် ကျောင်းပြန်မဖွင့်သေးချိန်အထိ။ မင်း ဘယ်ကိုမှလျှောက်မသွားပဲ အိမ်မှာပဲနေပြီး စာကောင်းကောင်းလုပ်ချေ။ မင်းရဲ့အခုအဆင့်က ဘယ်လိုအရည်အချင်းမျိုးဖြစ်နေသလဲ မင်းသေသေချာချာသိမှာပါ။"
ရှဲ့ယွီသည် ပြန်၍ဆိုလိုက်၏။
"မလိုဘူး ၊ ကျွန်တော့်အဆင့်က အဲ့အတိုင်းပဲမို့ အလကားလျှောက်မလုပ်နဲ့။"
ကုရွှယ်လန် : "နိုင်ငံခြားသွားဖို့ စီစဉ်ပေးတော့လည်း မင်းကလက်မခံဘူး ၊ ဒီမှာပဲနေပြီး တစ်နေကုန်တစ်နေခန်း မင်းဘာတွေလုပ်နေသလဲ မင်းကြည့်ဦး။ အရည်အချင်းဆိုလည်း ဘာမှမရှိနဲ့ ၊ ပြော မင်းကဘာများလုပ်ချင်တာလဲ?!"
ကားက ဖြေညင်းစွာဖြင့် မြေအောက်ကားဂိုဒေါင်အတွင်း ဝင်ရောက်လို့လာသည်။ စိမ်းစိုပြာလဲ့နေသည့် တောတောင်ရေမြေပတ်လည်ဝိုင်းရာ သီးသန့်အပန်းဖြေအိမ်တစ်အိမ်ပင်ဖြစ်သည်။ ရှေ့သုံး/လေးရက်ကမှ မိုးရွာထားခြင်းကြောင့် စိုထိုင်းမှုက မပျောက်ပျက်သေးပဲရှိကာ မြေသင်းရနံ့တို့ ပျံ့လွင့်လျက်ရှိ၏။
ရှဲ့ယွီသည် ကားတံခါးအားတွန်းဖွင့်၍ ကားပေါ်မှဆင်းလိုက်ပြီး ပြန်လည်ဖြေကြားလိုက်လေသည်။
"ကျွန်တော့်ကိစ္စဖြစ်လို့ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိတယ်။"
သူ့ရဲ့ထိုကဲ့သို့ပြုမူပြောဆိုပုံကြောင့် ကုရွှယ်လန်မှာ ဒေါသထွက်၍လာရသည်။ ဒါရိုက်ဘာဖြစ်သူက ဖျောင်းဖျလို့လာ၏။
"ဆိုဆုံးမဖို့ခက်တဲ့အချိန် ၊ ဆိုဆုံးမဖို့ခက်တဲ့အချိန်ပဲ ၊ ယောက်ျားလေးမဟုတ်လား ၊ ရှောင်လွှဲလို့ကိုမရတာ ၊ စိတ်အနှောင့်အယှက်အဖြစ်စေဆုံးပေါ့။ ကျွန်တော်တို့အိမ်က ကလေးလည်း အရင်ကအဲ့လိုပဲ ၊ နောက်တော့လည်း ကောင်းသွားတာပါပဲ ၊ သိတတ်လာတယ်ရယ်။"
ကုရွှယ်လန်သည် ကားအတွင်းထိုင်နေမိရင်း နားထင်အားဖိပွတ်နေလျက် ဘာစကားမှ မဆိုမိချေ။
_____ အံ့ဖွယ်ပါပဲ ရှဲ့Boss ၊ ပြောရရင် အကုန်လုံးရဲစခန်းရောက်ကုန်တော့ ကျွန်တော်ဖြင့်တကယ်ကို လန့်သွားတာ
_____ မင်း ရဲစခန်းကနေပြန်ထွက်လာပြီလား ၊ ငါတို့လာပြီး အာမခံလုပ်ပေးရမလား?
လေကျစ်(Lei zi) ထံမှစာတိုပို့လာခြင်းဖြစ်သည်။
ရှဲ့ယွီသည် စာကိုငုံ့ကာဖတ်ရင်းမှ အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။
သူ့မှာ အဝတ်လဲဖို့ရှုပ်နေပြီး စာပြန်ရိုက်ချိန်မရှိတာနဲ့ပဲ ဖုန်းကိုသာလှမ်း၍ခေါ်လိုက်တော့သည်။
ဒီအချိန်ဆို လေကျစ်တစ်ယောက် အကင်ဆိုင်မှာ ဝင်ကူနေလောက်သည်။
တကယ်လည်းပဲ ဖုန်းချိတ်မိသွားစဉ်တွင် နားအတွင်းဝင်ရောက်လာသည်က လေကျစ်၏အသံမဟုတ်ပဲ ဘယ်သူပြောနေသည့် အသံမှန်းမသိရ။
"နောက်ထပ် ဆိတ်သားကင် (၁၀)ချောင်း။"
"လာပြီ လာပြီ ၊ စားပွဲနံပါတ် ၃ က ဆိတ်သားကင် (၁၀)ချောင်းနော်။"
လေကျစ်သည် ခါးစည်းကိုဆွဲချွတ်လိုက်ပြီးနောက် ခါးကိုကုန်းလျက်မှ အနောက်ပေါက်ကနေ လစ်ထွက်လာခဲ့သည်။
"ရှဲ့ Boss ၊ မင်းဘာမှမဖြစ်ဘူးမလား? မင်း အိမ်ပြန်ရောက်ပြီလား? လခွမ်းနဲ့မှ ရဲစခန်းထဲ ချက်ချင်းကိုရောက်သွားတာပဲ ၊ ဆယ်နှစ်လောက်စုထားတဲ့ ဒေါသတွေ တစ်ရက်တည်းနဲ့ ပေါက်ကွဲထွက်လာတာလား။"
ရှဲ့ယွီသည် တီရှပ်အားဆွဲ၍ချွတ်လိုက်စဉ် အပေါ်ပိုင်းက ဗလာကျင်း၍သွားလေသည်။
"ငါလည်း ဘယ်တတ်နိုင်မလဲ ၊ ဒါနဲ့ မင်းလူရှာပြီး အဲ့ ကိုကော ဆိုတဲ့လူကိုစောင့်ကြည့်ခိုင်းထားပေး ၊ အန်တီမေစီ ထပ်သွားပြီး နှောက်ယှက်နေမှာစိုးလို့။"
(T/N ကိုကော - 狗哥/Gou Ge - အစ်ကိုခွေးဆိုတဲ့ အဓိပ္ပာယ်ပါ ၊ ကျား နဲ့ ခွေးကို လွဲပြော)
"ကိုကော?"
လေကျစ်မှာ တစ်ခဏမျှစဉ်းစား၍မရဖြစ်သွားပြီးမှ သဘောပေါက်၍လာ၏။
"မင်းပြောတာက အဲ့ ဟူကော ဆိုတာကိုလား?"
ရှဲ့ယွီ : "အင်း နှစ်ခုကသိပ်မကွာပါဘူး။"
လေကျစ် : "တော်တော်တော့ ကွာပါတယ်။"
လေကျစ်သည် ထပ်မံအမေးရှိလာ၏။
"မင်း အရင်တုန်းကလည်း အဲ့တိုင်းပဲ ၊ လူတွေရဲ့နာမည်ဆို အမြဲမှတ်မထားဘူး ၊ မင်း ငါ့နာမည် ဘာလဲရော မှတ်မိသေးရဲ့လား?"
ရှဲ့ယွီ : "ကျိုးသာ့လေ ၊ မင်း အရူးပဲ။"
"မှတ်မိလို့ တော်သေး ၊ ငါက မင်းရဲ့ ဒီပုံစံဒီစရိုက်ကြောင့် တကယ်ကြီးမေ့သွားပြီပဲ ထင်နေတာ။"
လေကျစ်သည် ပလပ်စတစ်ခွေးခြေပုလေးအား တွေ့တာနဲ့ သွားရောက်ထိုင်လိုက်ကာ အိတ်ကပ်အတွင်းမှ ကျုံးဟွာစီးကရက်အား
ထုတ်ယူလိုက်ပြီး ပါးစပ်အတွင်းခဲထားလျက်မှစကားဆက်၍ဆိုလိုက်၏။
"အန်တီမေက ငါကာကွယ်ပေးဖို့ဘယ်လိုမလဲ ၊ သူကပြန်ပြီးတောင် ငါ့ကိုကာကွယ်ပေးဦးမယ်။ ငါဆိုတာက အကင်ဆိုင်က မင်းသားလေး ၊ သူကမှ လူသိများနာမည်ကြီးတဲ့ ဟေးရွှေလမ်းက အစ်မကြီး။"
ရှဲ့ယွီမှာ သူ၏ဆိုလိုရင်းထဲ၌ တစ်စုံတစ်ရာပြောဖို့ကျန်ဦးမည်ဟု ရိပ်စားမိသည်ကြောင့်. .
"ဘယ်လို?"
"မင်းက အစောကြီးကတည်းကထွက်သွားလို့ မသိလိုက်ရတာ ၊ အန်တီမေက လူရှာလာပြီး အဲ့လူရဲ့နောက်ကြောင်းတွေကို အကုန်အစင်ဖော်ထုတ်ပစ်တာ။ ဘယ်လိုထောင်ကျဖူး ၊ လူသတ်ဖူးတယ်ဆိုတာတွေက အကုန်ပါးစပ်ထဲရှိတာလျှောက်ပြောထားတဲ့အလိမ်အညာတွေ ၊ သူက ပစ္စည်းခိုးလို့ အဲ့နေရာမှာပဲ အိမ်ပိုင်ရှင်က ဖမ်းမိသွားရုံလေးပဲ ဘာညာ. . . . . . ကြည့်ရတာတော့ အဲ့ဒီလူ ဟေးရွှေလမ်းမှာ ဆိုးသွမ်းလို့ရမှာမဟုတ်တော့ဘူး ၊ အဲ့နားတစ်ဝိုက်ကို လုံခြုံးရေးကြေးကောက်တာကလည်း ဘယ်နားများကောင်းလို့လဲ။"
ရှဲ့ယွီသည် ဖုန်းအား ကုတင်ထက်တင်လိုက်ပြီး ဘောင်းဘီလဲရန်ပြင်လိုက်သည်။
လေကျစ်သည် ပြောရင်းပြောရင်းဖြင့် တစ်ယောက်တည်း ဆေးလိပ်သောက်နေရလို့ပဲလားတော့မသိ အထီးကျန်လာသလိုခံစားလာရပြီး သက်ပြင်းကိုချ၍ ပြောလာလေ၏။
"အရင်က ငါတို့သုံး/လေးယောက်အဖွဲ့ အတူရှိနေကြတုန်းကအချိန်ကို သတိရမိတယ် ၊ အဲ့တုန်းက တကယ်ကောင်းတယ်။ ဒါပေမယ့်လည်း ငါ မင်းအစား ဝမ်းသာပါတယ် ၊ Aမြို့မှာဆို ကျုံးအိမ်တော်က ဂုဏ်သရေရှိအသိုင်းအဝိုင်းပဲ ၊ Bမြို့မှာလည်း ကုမ္ပဏီခွဲတွေလာဖွင့်ထားသေးတယ် ၊ မင်းအမေက လက်ထပ်လိုက်ပြီး မင်းကိုပါခေါ်သွားတော့. . . . . . စားဝတ်နေရေးမပူပင်ရတော့ဘူးပေါ့ ၊ အရင်ကလိုလည်း အကြွေးတောင်တဲ့လူတွေကို ရှောင်ပုန်းနေစရာမလိုတော့ဘူး။"
ရှဲ့ယွီသည် ဘောင်ဘီအားမချွတ်တော့ပဲ ထိုအတိုင်းပဲထားလိုက်ကာ ကုတင်ထက်သို့လဲချလိုက်သည်။ ချိတ်ဆွဲထားသည့် မီးဆိုင်းက လင်းလွန်းအားကြီးသည်ကြောင့် မျက်စိပင်ပြာဝေလို့သွားရပြီး သူတစ်ပါးကိုပဲ မေးမိသလား ကိုယ်ကိုယ်တိုင်ပဲ ပြန်မေးမိသလားမသိတော့။
"ဟုတ်လား။"
လေကျစ်၏ဘက်က ဆူနေခြင်းကြောင့် ရှဲ့ယွီဘာပြောလဲဆိုသည်အား လုံးဝမကြားလိုက်ပဲရှိ၏။ သူသည် စီးကရက်အားနောက်ဆုံးအကြိမ်ရှိုက်၍ဖွာပြီးနောက် ထရပ်လိုက်ရင်းပြောလိုက်သည်။
"ရှဲ့Boss ၊ ငါ မင်းနဲ့လေမပေါအားတော့ဘူး ၊ table 3ကလောနေလို့ စားပွဲတွေပါထုရိုက်ကုန်ပြီ ၊ မီးသွေးတွေပြာတွေကောက်ယူပြီး အဲ့ကောင်မျက်နှာကို ပစ်မပေါက်မိအောင် သတိထားနေရတယ်. . . . . ."
ဖုန်းလိုင်းမှာ ပြတ်တောက်၍သွားလေ၏။
ရှဲ့ယွီသည် ကုတင်ထက်လဲရင်း တွေဝေသွားမိ၏။
နောက်တစ်ခဏမျှကြာလွန်ပြီးချိန်တွင်တော့ ဆံပင်တွေကို ဆွဲကာဖွပစ်ရင်း ရေချိုးဖို့ရန်ထလာခဲ့ပြီးမှ ဘောင်းဘီအိတ်ကပ်တွင်းက ခုလုခုလုဖြစ်နေသည့် လေးထောင့်လိုလိုအရာအား သွားရောက်စမ်းမိသည်။ ဆွဲကာထုတ်ကြည့်လိုက်တော့ လက်ကမ်းစာစောင်တစ်ရွက်___ ___ လွှင့်ပစ်တဲ့စီမရောက်လိုက်သည့် ပရောပရည်ဆန်သည့် ညစ်ညမ်းအပြာကြေငြာတစ်စောင်ပင်။
မမျှော်လင့်ထားသည်မှာကား အောက်တွင်ကြေငြာထားသည်များက ဘာအပြာစာတွေမှမဟုတ်ဆိုတာပင်။ လက်ကမ်းစာစောင်အောက်ဖက်နားက စာလုံးအမည်းကြီးကြီးဖြင့် ရေးထားသည်အား သူဖျတ်ခနဲမြင်လိုက်လေ၏ ___ ___ Question King အဆင့်ဆင့်ယှဉ်ပြိုင်ပွဲ။
ရှဲ့ယွီသည် မျက်မှောင်ကြုတ်လိုက်မိ၏ ၊ ဒီလိုမျိုး ဆိတ်ခေါင်းကြီးချိတ်ပြထားပြီး ခွေးသားရောင်းသည့်နည်းလမ်းက သစ်ဆန်းလွန်းပေသည်။
သူသည် ထိုလက်ကမ်းကြော်ငြာအား နောက်တစ်ရွက်သို့ လှန်လိုက်၏။
တစ်ဖက်၌ရေးထားသည်မှာ - ဒီတွင် အသစ်ဆုံး ၊အပြည့်စုံဆုံး အိုလံပစ်ခေါင်းစဉ်တွေရှိပါတယ် ၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ ကွင်းထဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ရမှာဖြစ်ပါတယ် ၊ မေးခွန်းမှာ ပါဝင်တာတွေကတော့ စာပေ ၊ သချင်္ာ ၊ အင်္ဂလိပ်စာ ၊ ဇီဝဗေဒ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ခေါင်းစဉ်တွေပါပဲ။ ပရော်ဖက်ဆာ အယောက်တစ်ရာကျော်ရဲ့ အပတ်တကုတ်ထုတ်ထားတဲ့ မေးခွန်းတွေဖြစ်ပြီး သင် မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေကို တွေ့ကြုံရမှာပဲဖြစ်ပါတယ် ၊ အခက်ဆုံးဆိုတာတွေမဟုတ်ပဲ ပိုပြီးတော့တောင် ခက်တာတွေပါ။
သင်ဟာ ကျွန်ုပ်တို့ မျှော်လင့်စောင့်စားနေတဲ့ Question King ဖြစ်လာနိုင်မလား?
လျှို့ဝှက်ဆန်းကြယ် လွန်းမနေဘူးလား ၊ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းလွန်းမနေဘူးလား ၊ အစ်ကိုတို့ရေ ~ အရောက်လာခဲ့ကြပါ~
ရှဲ့ယွီ : ". . . . . ."