book

Index 5

အခန်း (၂)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

ဘယ်လိုပြုမူပြောဆိုရတယ်ဆိုတာ ဘယ်သူကမှ မင်းကိုသင်ပေးမထားတော့ ငါသင်ပေးရတာပေါ့


ထိုလက်ကမ်းစာစောင်များထဲ၌ လုပ်ငန်းတွေအမျိုးစုံပါဝင်၏၊ လိင်အင်္ဂါအရေပြားဖြတ်တောက်ခြင်းမှတည် ချေးငွေပမာဏနည်းနည်းထိတိုင် လိုအပ်တာမှန်သမျှရှိလေသည်။ ဒါ့အပြင်ကို သော့ဖြတ်ခြင်း ၊ အံ့ချည်းဖွယ် တရုတ်တိုင်းရင်းဆေး ၊ အလွတ်စုံထောက် ၊ စာမေးပွဲ အစားထိုးဖြေဆိုပေးခြင်း. . . . . များလည်းရှိသည်။


ရှဲ့ယွီသည် မဆိုင်းမတွပင်ထုတ်ယူလိုက်ပြီး အမိုက်ပုံးအတွင်းပစ်ထည့်လိုက်လေသည်။ နောက်ဆုံးတစ်စောင်အား ပစ်ရန်ပြင်ခိုက်မှာတော့ ခေါင်းစီး၌ရေးထားသည်အား ဖတ်မိလိုက်၏ - လျှို့ဝှက်ဆန်းကြယ်သည့် Game ၊ သင့်ရဲ့ စိတ်အားထက်သန်မှုကို လှုံ့ဆော်ပေးမည် ၊ အစ်ကိုတို့ ~ ~ အရောက်လာခဲ့ပါ ~ ~ ~


မိုးကုပ်စက်ဝိုင်းကိုပင် ကျော်လွန်မတက် ပရောပရည်ဆန်လွန်းလှသည့် ထိုလက်ကမ်းစာစောင်တချို့အား ရှဲ့ယွီသည်ပစ်မလို့လုပ်နေတုန်းမှာပင် အနောက်ကနေ တစ်စုံတစ်ယောက်၏ အသံကုန်ဟစ်၍အော်ခေါ်သံအား ကြားလိုက်ရသည်။

"ကောင်စုတ်ကလေး။"

ရှဲ့ယွီသည် လက်တောင်တုန်လို့သွား၏ ၊ သူ့အတွေးရေယာဉ်အား သရဲတစ္ဆေတစ်ကောင် လာရောက်နှောက်ယှက်ဖျက်စီး ခံရသလိုလို ၊ သူသည် လက်ကိုပြန်ရုပ်လိုက်ပြီး ထိုလက်ကမ်းကြော်ငြာအား ဘောင်းဘီအိပ်ကပ်အတွင်းသို့သာ ထိုးထည့်လိုက်တော့သည်။

ရွှီယန့်မေသည် လက်နှစ်ဖက်ကိုပွတ်နေရင်းမှဆိုလာ၏။

"ဘာလဲ အားတာနဲ့ ငါ့ကိုလာတွေ့တာပေါ့?"

သူမကိုတွေ့သည့်အချိန်၌ ရှဲ့ယွီ၏ ပထမဆုံးလှုပ်ရှားမှုမှာ အမည်းရောင်ပလပ်စတစ်အိတ်ကြီးအား ကမ်းပေးလို့လာတာပဲဖြစ်သည်။ ပြီးနောက် ခပ်မြန်မြန်ပင်အနောက်သို့ ခြေသုံးလေးလှမ်းခန့်ဆုပ်၍သွား၏ ၊ သို့တိုင် နောက်ကျလို့သွားလေပြီ။

"ကိုယ်ပေါ်က ဘာအနံ့ကြီးလဲ အိမ်သာ လေသန့်ဆေးနံ့လား? အကြောင်းမရှိဘဲနဲ့ ဒီလိုတွေဖျန်းပြီး ဘာတွေလုပ်ထားတာလဲ။"

"လခွမ်းမှပဲ အိမ်သာ လေသန့်ဆေး ၊ ဒါက သက်လက်ပိုင်းအမျိုးသမီးတွေရဲ့ ကိုယ်သင်းရနံ့ဟဲ့။"

ရေမွှေးအား ပုလင်းတစ်ဝက်ခန့်လောက်ကို ဆွတ်ဖျန်းလို့ထားမိတာပဲဖြစ်သည်။

ပြောပြီးနောက်တွင်တော့ သူမသည် ပလပ်စတစ်အိတ်ကြီးကိုဖွင့်လိုက်လျက် အထဲကပစ္စည်းကိုမြင်တွေ့ချိန်မှာတော့ နှစ်စက္ကန့်လောက် မှင်တက်လို့သွားလေ၏။

"ငါက ဒီတိုင်းပဲပြောလိုက်တာကို နင်ကတကယ်ကြီး အသံချဲ့စက်ကြီးယူလာပေးတယ်. . .   . . . ဒါဘယ်လိုလုပ်ရတာလဲ ၊ ဒါကခလုပ်လား?"

ရှဲ့ယွီ၏ နားထင်ကသွေးကြောတွေပင် တုန်လှုပ်လို့သွားသည်။

". . .   . . .  မနှိပ်လိုက်နဲ့ ၊ အသံတအားဆူတယ်။"

ပြောတာပင် နောက်ကျလို့သွားခဲ့၏ ၊ ရွှီယန့်မေသည် အနီရောင်ခလုတ်ကလေးအား နှိပ်ပင်ပြီးသွားလေပြီ ၊ ကစားစရာတွေ့သွားသည့် ကလေးတစ်ယောက်ပုံစံနဲ့လည်း ဆင်ဆင်တူ၏။ ထို့နောက်မှာတော့ ကုန်စုံဆိုင်မှာကတည်းက မပြီးသေးဘဲရှိသည့်သီချင်းမှာ စပီကာကနေပြီး ကျယ်လောင်စူးရှစွာနဲ့ ထွက်၍လာတော့သည်။ သုံရက်လောက်ကို ပဲ့တင်ထပ်နေလောက်မည့် အသံအားနဲ့။

ရွှီယန့်မေသည် အနည်းငယ်မျှကြောင်အမ်းလို့သွား၏။

"WTF. . အဲ့လောက်တောင်ကျယ်တယ်?"

"မြန်မြန်ပိတ်လိုက်တော့။"
  
ရှဲ့ယွီသည် ဆက်၍ပြောလိုက်သည်။
  
"နောက်ပြီး အသံ ၊ ကိုယ့်ကိုယ်ကိုယ်ကြ သတိမထားမိဘူးမဟုတ်လား ၊ ဆေးလိပ်ကသောက်တုန်းပဲ ၊ သောက်ပါ သောက်ပါ။"
  
ရွှီယန့်မေ : "အဲ့လောက်ကြီး ချဲ့ကားမပြောစမ်းပါနဲ့ ၊ ငါ့ရဲ့ ကျန်းမာသန်စွမ်းတဲ့ ဒီခန္ဓာက အနည်းဆုံး နှစ်ပေါင်း(၃၀၀)လောက်ကိုတော့ ခုခံနိုင်ပါသေးတယ်။"
 
ရှဲ့ယွီသည် အသံမပြုဘဲ နှုတ်ဆိတ်လျက် သူမအား အကဲခတ်ကြည့်မိ၏။ တစ်ချက်ကြည့်လိုက်သည်နှင့် သတိထားမိလိုက်သည်မှာသူမ၏ညာဘက်လက်သည် မသိစိတ်နဲ့ ခါးနားတစ်ဝိုက်အား ဖိထောက်ထားသည်ကိုပင်။ နှစ်ရှည်လများ အလုပ်ကိုပင်ပင်ပန်းပန်းလုပ်ကိုင်ခဲ့ခြင်းကြောင့် ရွှီယန့်မေ၏ခါးမှာ အခြေအနေမကောင်းဘဲရှိ၏။ နေ့တိုင်းပင် ဆေးပလာစတာတစ်ခုတစ်ခုကပ်ထားရသည် ၊ ထိုသို့မှမဟုတ်လျှင် တစ်ခါတစ်လေတွင် နာလွန်းသဖြင့် အိပ်ယာပေါ်ကနေတောင်မထနိုင်ပဲရှိလေသည်။

"ကျန်းမာသန်စွမ်းတယ် ၊ ပြောရဲတယ်နော်။"

ရွှီယန့်မေမှာ ရှဲ့ယွီ၏အကြည့်ကို သတိမူမိလိုက်သဖြင့် ချက်ချင်းပင် လက်အား အောက်ပြန်၍ချလိုက်လေပြီ။ ပါးစပ်မှဆိုလာသည်များမှာလည်း ဟုတ်သည်မဟုတ်သည်တော့ မသိရ ၊ ချောချောမွေ့မွေ့နှင့်တော့ ထွက်၍လာသည်။

"ငါ့ခါးက အဆင်ပြေပါတယ် ၊ ဟိုလေ. . အရင်တစ်ခေါက်က နင်ငါ့ကိုဆေးခန်းသွားပြခိုင်တုန်းက ငါသွားလိုက်တယ် ၊ ကောင်းတယ်ရယ် ၊ ဆရာဝန်ကတော့ ဘာမှကြီးကြီးမားမားမဖြစ်ဘူးပြောတယ်။"

ရှဲ့ယွီသည် နားထောင်နေရင်းဖြင့် ကွမ်မောက်(Guang Mao)အဆောက်အအုံကြီးအတွင်း ဝင်ရောက်လိုက်သည်။ သူ့ကိုယ်၌ဝတ်ဆင်ထားသည်မှာတော့ သာမန်မျှဖြစ်သည့် အနည်းငယ်လည်း စျေးပေါသည့် အနက်ရောင်တီရှပ်ကလေး___  ___ ရွှီယန့်မေ အရင်က သူ့ကိုဝယ်ပေးထားသည့် အကျႌပင်ဖြစ်သည်။ သူမသည် အမြဲပင် သူ့အတွက် အကျႌတွေပို့ပေးတတ်၏၊ ကောင်းတာလေးတွေတွေ့သည်နှင့် ဝယ်လို့လာပြီး အတော်လေးလည်းစုမိပြီဆိုလျှင် လူတစ်ဝက်လောက်ရှိသည့် သေတ္တာကြီးဖြင့်ပို့လို့လာတတ်သည်။
  
သူသည် လက်နှစ်ဖက်အား အကျႌအိပ်ကပ်အတွင်းထိုးထည့်လို့ထား၏ ၊ အကျႌလက်ကိုဖြင့် သုံးလေးထပ်ထပ်ခေါက်ထားသောကြောင့် ပိန်သွယ်သွယ်လက်ကောက်ဝတ်မှာ ထင်ရှားစွာပေါ်လွင်လို့နေသည်။ ဆံပင်မှာ အနည်းငယ်ရှည်ပြီး ကြည့်ရသည်မှာ အတော်လေးပျော့ပြောင်းနူးညံ့လှသည်၊ သဘာဝအတိုင်း အနည်းငယ် ကောက်လျက်ရှိပြီး သူ့ရုပ်သွင်အား အေးစက်စက်နဲ့ အတန်ငယ် ခက်ထန်သည့်ပုံစံပေါက်စေသည်။
  
သူသည် အမေးရှိလို့လာ၏။
  
"ဒီနေ့ ကုန်ဘယ်နှစ်စီးချမှာလဲ?"

ရွှီယန့်မေ၏အသက်မှာ ဒီနှစ်ထဲတွင် (၄၀)ကျော်ရှိပြီဖြစ်သည်။ အမြဲပင် ကုန်ဝင် ၊ ကုန်ထွက်အလုပ်တွေနဲ့ အလုပ်များနေတတ်ပြီး တစ်နေကုန် ဟိုကြည့်ရ ဒီကြည့်ရဖြင့် တေလေကြမ်းပိုး အနုပ်စုတ်ကုပ်စုတ်တွေရဲ့ ဆိုင်ကိုလာဖျက်ဆီးပြဿနာရှာသည်တို့အားလည်း သူမသည်သာ ဒိုင်ခံဖြေရှင်းရ၏။ ထိုအတွက်ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ အချိန်ဆိုတာကမရှိ။ ဆံပင်မှာလည်း မနှစ်ကနှစ်ကူးတုန်းကတည်းက လုပ်နေကြဆံပင်ဆိုင်မှာပဲကောက်လို့ထားတာဖြစ်ပြီး ပြန်လည်မပြုပြင်ဘဲနေသည်ကြောင့် ယခုတော့ဖြင့် ရှုပ်ရှုပ်ပွပွဖြစ်ကာ ခေါက်ဆွဲခြောက်နှင့်ပင်တူနေပေ၏။ အဝါရောင်သန်းကာ မွဲခြောက်ခြောက်နှင့်။

သူမ၏သွင်ပြင်လက္ခဏာကိုကြည့်ခြင်းအားဖြင့် ငယ်ရွယ်စဉ်က ချောမောလှပသူဖြစ်ကြောင်း အလွယ်တကူပင်သိနိုင်သည်။ သို့သော်ငြားလည်း အချိန်နှင့်ဒီရေသည် လူကိုမစောင့်။
  
တကယ်လို့ သူမအား လူအုပ်ကြားထဲထည့်သွင်းလိုက်မည်ဆိုလျှင် သာမန်မျှသာဖြစ်သည့် ထပ်ပင်သာမန်လို့မရတော့သည့် သက်လတ်ပိုင်းအမျိုးသမီးသာလျှင်ဖြစ်လေမည်။ သူမ၏ မျက်လုံးမျက်ခုံးတို့မှ ရိပ်ခနဲမြင်ရတတ်သည့် ငယ်ရွယ်နုပျိုစဉ်အခါက ချောမောလှပခဲ့ခြင်းအား အထင်များမှားလေသလားဟု အများကသံသယပင်ရှိနိုင်၏။ 

"(၁၈)စီး ၊ အခုမှနွေရာသီရှိပါသေးတယ် လုပ်မရဘူး ဆောင်းဦးအတွက်အထည်တွေဘက်လည်း လှည့်မှရယ် ၊ နို့မို့ အဲ့အချိန်ကြမှဆိုရင် အာ်ဒါတွေက အချိန်မှီရောက်မလာ ဖြစ်တတ်တယ်။"

အလုပ်အကြောင်းရောက်သွားတော့ ရွှီယန့်မေသည် မသိစိတ်ကနေပြီး အိတ်ကပ်ထဲစမ်းမိရ၏ ၊ အာသာပြေဖို့ရာအတွက် ဆေးလိပ်တစ်လိပ်အား စမ်းမိလိုစမ်းမိငြား ရှာမိပေမယ့် မီးခြစ်ကိုသာစမ်းမိရပြီး ဆေးလိပ်ကတော့ရှိမနေ။
  
ရှဲ့ယွီသည် ထပ်မံမေးမိ၏။

"ခန့်ထားတဲ့လူတွေနဲ့ လောက်ရဲ့လား?"
 
"လောက်တယ် ၊ လောက်တယ် ၊ နင် အပင်ပန်းခံဖို့မလိုဘူး။"
 
ရွှီယန့်မေသည် ပြောလို့လာ၏။
  
"ဟိုတစ်ခေါက်က နင် အသံမပေးဘာမပေးနဲ့ ရောက်လာပြီးကူတုန်းကအကြွေးလည်း ငါနင့်ကိုတွက်တောင်မပေးရသေးဘူး။"

တစ်ခါက ရှဲ့ယွီသည် ကုန်ချခါနီးအချိန်ကြမှ သူမခါးအဆစ်လွဲသွားသည်ကို တွေ့သဖြင့် ကျောင်းတစ်ရက်လစ်လေ၏။ သူ့ကိုရှာတွေ့သည့်အချိန်မှာတော့ သူသည်အလုပ်သမားများနဲ့ အတူရောလျက် လေးငါးစီးစာခန့်ရှိသည့်ကုန်တွေအား ချလို့နေလေသည်။ ထိုကောင်လေးမှာ ကျောင်းဝတ်စုံအားချွတ်ထားလျက် တစ်ကိုယ်လုံးလည်း ချွေးတလုံးလုံးနှင့်။
  
ထိုအချိန်က လက်ကားစျေး၏ စီးပွားရေးမှာ သိပ်ပြီးမကောင်းလှ ၊ ဒီနှစ်နှစ်ဝက်လောက်ကမှသာ စပြီးကောင်းလာခြင်းဖြစ်သည်။ ကုန်ချဖို့ရာ လူငှားရာမှာ ဘယ်လောက်နည်းနည်းငှားချင်လည်း ငှား၍ရသောကြောင့် လူနည်းနည်းသာငှားဖြစ်လေသည်။ ကွမ်မောက်အဆောက်အအုံကြီးနှစ်ထပ်ကိုစီမံရတာဆိုတော့ အားသွန်ခွန်စိုက်လုပ်ရတာပေမယ့် အကုန်အကျလျော့နည်းဖို့အတွက်လည်း တွေးရသေးသည်။

နှစ်ဦးသားသည် ဓာတ်လှေးကားအတွင်းရပ်လိုက်ကြသည်။ နေရာကျဉ်းကျဉ်းတွင် ကပ်လျက်ရှိသည်ကြောင့် ဟိုလေသန့်ဆေးနံ့နှင့်တူသည့် ရေမွှေးနံ့မှာ ပိုပြီးတော့ပင်ခပ်ပြင်းပြင်းပျံ့နှံ့လို့လာ၏။ ဒီအလုပ်အတွက်သုံးသည့် ဓာတ်လှေကားမှာ သားစိမ်းငါးစိမ်းတွေပါသယ်သည့်အတွက်  မွှန်ထူနေသည့် ရေမွှေးနံ့အပြင်ကို ငါးညှီနံ့ကပါ ကြိုကြားကြိုကြား ခပ်ဖျော့ဖျော့ရလျက်ရှိသည်။
  
ရွှီယန့်မေသည် မေးလာ၏။
  
"အရပ်ထပ်ရှည်လာပြန်ပြီပေါ့။"
  
ရှဲ့ယွီသည် ပြန်လို့ဖြေလိုက်သည်။
  
"၅ပေ ၁၀ ပြည့်တော့မှာ။"
  
ရွှီယန့်မေသည် သူ့အား ခေါင်းကနေခြေဖျားထိ စုန်ချည်ဆန်ချည်ကြည့်လိုက်မိပြီး ပြုံးလည်းပြုံးချင် မျက်မှောင်လည်းကြုတ်ချင်သွားရ၏။

"ပိန်သွားတယ်။"

ဓာတ်လှေကား ပွင့်လာသည်နှင့် ရှဲ့ယွီသည်အပြင်သို့ထွက်လိုက်သည်။ ရွှီယန့်မေကတော့ ပိန်တယ်ဆိုတာကို ပါးစပ်ကမချတော့။
  
"တစ်နေ့သုံးနပ် မှန်အောင်စား ၊ အခုခေတ်လူငယ်တွေများ မကြာမကြာပဲ ဝိတ်ချတာကိုသဘောတွေ့နေကြတာ ၊ နင်တော့ လုပ်ဖို့မစဉ်းစား. . .  . . .  အယ် ၊ ဘာလို့မသွားပဲရပ်လိုက်တာလဲ?"

ရှဲ့ယွီသည် သူမရှေ့တွင်ရပ်လိုက်ပြီး သူမ၏ အမြင်တစ်ခုလုံးကွယ်သွားအောင်ထိ ဘာမှမမြင်တော့အောင်ကို ကာထားလိုက်သည်။

"ဘာလဲ? ဘာဖြစ်တာလဲ?"

ရှဲ့ယွီသည် သူမအား ရှေ့တွင်ဘာဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်းမြင်ရဖို့ရန် ခွင့်မပေးချေ။ 
  
သူသည် ရွှီယန့်မေအား ဓာတ်လှေကားအတွင်း ပြန်တွန်းပို့လိုက်ပြီး ခပ်မြန်မြန်ပင် ဓာတ်လှေကားခလုတ်အားနှိပ်လိုက်လေသည်။ 
  
အပြုအမူမှာ မြန်ဆန်လွန်းလှပေ၏ ၊ မြန်ဆန်သည်မှာ အတွင်းရှိ တင်းမာခက်ထန်လျက်ရှိသည့် လူတစ်စုအဖို့ တဒင်္ဂအတွင်း မတုန့်ပြန်လိုက်နိုင်ဖြစ်၍သွား၏။ ထိုသူတို့ သတိပြန်ဝင်လာသည့်အခါမှာတော့ ဓာတ်လှေကားတံခါးမှာ ဖြည်းဖြည်းချင်းပိတ်၍လာနေလေပြီ။

"Fxxk"

ဦးဆောင်သည့်သူ၏မျက်နှာမှာ ကြမ်းကြုတ်ရက်စက်သည့်အသွင်ရှိပြီး လည်ပင်း၌ ရွှေဆွဲကြိုးတစ်ကုံးဆွဲ၍ထားသည်။ ထိုလူသည် နှုတ်ခမ်း၌ခဲထားသည့် ဆေးလိပ်အားဆွဲထုတ်လိုက်လျက် ခြေထောက်အနီးပစ်လို့ချပြီးနောက်တွင် အယုတ္တ အနတ္တဆဲရေးရင်းဖြင့် ရှေ့သို့လှမ်းလျှောက်၍လာသည်။

". . .   . . . ရွှီယန့်မေဆိုတဲ့ကောင်မ ၊ အဲ့နားမှာရပ်နေလိုက်စမ်း!"
  
ထိုလူတစ်ဦးတည်းကသာ သတိထားမိတာဖြစ်ပြီး အခြားအဖွဲ့သားတွေမှာမူ သူတို့ရှာနေသည့်အမျိုးသမီးက သူတို့မျက်စိရှေ့ကနေ လစ်ပြေးသွားသည်ကိုပင် မသိလိုက်ပေ။ ရွှေဆွဲကြိုးနဲ့လူကြီးမှာ လက်ကိုဝေ့ယမ်းလိုက်ရင်း သူ့ဒေါသသူ မထိန်းနိုင်စွာဖြင့် ကျွဲမြီးတိုလေပြီ။
  
"ဘာကြောင်ရပ်နေကြတာလဲ ၊ လိုက်ကြစမ်း! အားလုံးပဲ ဒီနားမှာရပ်ပြီး ပွဲကြည့်ကြဟေ့ ၊ မင်း! ဟိုဘက်နားကလှေကားကနေ အမြန်ဆင်းပြီး သွားဖမ်းလာခဲ့ချေ!"

ဓာတ်လှေကားတံခါးမှာ တစ်ဝက်ခန့်မျှစိ၍သွားလေပြီ။ ရှဲ့ယွီသည် အသံကိုတိုး၍ ခပ်သွက်သွက်ပြောလိုက်လေ၏။
  
"အရင်ဆင်းသွား ၊ လူရှာလာခဲ့။"
  
ရွှီယန့်မေသည် ဓာတ်လှေကားအတွင်းကနေ ထိုလူ၏မျက်နှာအား ရိပ်ခနဲမြင်တွေ့စဉ်၌ ပြောချင်သည့် စကားတွေရှိလို့လာသည်။ သို့တိုင် အချိန်မလောက်တော့ ၊ သူမသည် အလောတကြီးအော်မိရသည်။
  
"ရှဲ့ယွီ!"
 
ရှဲ့ယွီသည် သူမအားကြည့်လိုက်ပြီး. . . 
  
"အန်တီမေ ၊ ကျွန်တော့်စကားနားထောင်။"

သူမထံသို့ တစ်ခဏမျှသာအကြည့်ရောက်လိုက်ရ၏ ၊ ကွာဟလို့နေသည့် တံခါးနှစ်ရွက်မှာ မြဲမြဲမြံမြံပိတ်စိသွားလျက် ဓာတ်လှေကားမှာ သူမကိုတင်ဆောင်လို့ အောက်ဘက်သို့နှိမ့်ဆင်းသွားတော့၏။

ဓာတ်လှေကားဘေးနားတွင် ကြမ်းတိုက်တုတ်တံရှည်တစ်ချောင်းရှိလေသည်။ သန့်ရှင်းရေးဝန်ထမ်းမှာ သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ယူသွားဖို့ရာ မေ့ခဲ့ဟန်တူသည်။ ရှဲ့ယွီသည်လှမ်းလို့ယူလိုက်ပြီး ထိပ်ရှိကြမ်းတိုက်သုတ်ဖတ်အား ခြေထောက်ဖြင့် ဖိနင်းလိုက်လျက် အားကုန်သုံး၍ သစ်သားတုတ်တံရှည်တစ်ခုလုံးပြုတ်ထွက်လာအောင် ဆွဲဖြုတ်လိုက်လေသည်။

ရှဲ့ယွီသည် လက်ထဲရှိ သစ်သားတုတ်အား ဝေ့ယမ်းလျက် ထိုသူတို့ထံအကြည့်ပို့လိုက်၏။
  
"ဘာလုပ်ချင်ကြတာလဲ?"

သူသည် ထိုလူတစ်စုအား သိသည်။

ဟေးရွှေလမ်း၏ နေရာတိုင်းမှာ လူဆိုးလူမိုက်တွေပေါလှပေသည်။ လုံခြုံရေးအတွက် ဆက်ကြေးဆိုသည့် ခေါင်းစဉ်ဖြင့် ရိုက်နှက်တောင်းယူလျက် ပတ်ရမ်းကြသူများပင်။ မျက်စိရှေ့ရှိ ဟူကောဆိုသည့်လူမှာ ရှေ့သုံးလေးလလောက်ကမှ ထောင်ကထွက်လာသူဟုကြားသိရသည်။ အကြောင်းမူကား အသက်ပါလုနီးနီး ဓားထိုးမှုဖြင့် ကျခံရခြင်းဖြစ်သည်။ မယုံနိုင်လောက်အောင်ကို ရက်စက်လွန်းသူပေ။ ထိုသူကဘယ်လိုပဲပြောလာခဲ့သည်ရှိသော် အကြောင်းအရင်းအမှန်ကဘာလဲဆိုသည်ကို မည်သူကမှလည်း မသိချင်ကြတော့။
  
(T/N ဟူကော - 虎哥/Hu Ge - အစ်ကိုကျား ဆိုတဲ့ အဓိပ္ပာယ်ပါ)
  
ဟူကောသည် နဂိုက လုံးခြုံးရေးဆက်ကြေးမှရသည့်ငွေကို မှီခိုပြီး နေ့ရက်တွေကိုကုန်ဆုံး ၊ အူတူတူလက်အောက်ငယ်သား တပည့်လေးတွေရဲ့ အစ်ကိုကြီး အဖြစ်ရှိနေတဲ့အရသာကိုမွေ့လျော်လို့နေခဲ့သည်မှာ သူသည် ရွှီယန့်မေဆိုသူနှင့်မတွေ့ဆုံခင်ကဖြစ်လေသည်။ အရာအားလုံးမှာ ကိစ္စတစ်ရပ်ကနေ အစပြုခဲ့ခြင်းဖြစ်သည်။ သူသည် သူမအားနှစ်သက်သဘောကျမိသွားခဲ့၏။

ရွှီယန့်မေသည် အတန်ငယ်ဆွဲဆောင်မှုရှိလျက် နှစ်လိုဖွယ်ကောင်းလှ၏ ၊ ပင်ကိုစရိုက်မှာ စွာလှသူဖြစ်ပြီး တက်တက်ကြွကြွရှိသူဖြစ်သည်။ တစ်ခုလေးပဲ မကောင်းတာရှိသည် ၊ ရှက်ဖွက်လိလိပင်။ အကြိမ်ပေါင်းများစွာ သူ့အား ငြင်းဆိုခဲ့ခြင်းပင် . . .   . . .  တကယ်ကိုဘာလုပ်၍ဘာကိုင်ရမည်မသိအောင်ပင် ဖြစ်ခဲ့လေသည်။ ထိုအထိ ပြန်ကာတွေးမိလေတော့ ဟူကော၏မျက်ဝန်းတို့မှာ ရီဝေသွားခဲ့ပြန်ပါ၏။
 
"ကောင်ဆိုးကလေး လျှောက်ပြီး အများကြီးမတွေးစမ်းနဲ့။"

ရှဲ့ယွီသည် မလှုပ်မယှက်သာရှိနေပါသေးသည်။ အထဲမှာပင်ကုပ်နေလျက် အသံပင်မထွက်ရဲကြသည့် ဆိုင်ရှင်တို့မှာ စိတ်ထဲမှာတော့ ခပ်မြန်မြန်ပင် အသံပြုလိုက်ချင်ကြသည်။ သူတို့အတွက်တော့ ဒါက ပထမဦးဆုံးအကြိမ် နဖူးတွေ့ ဒူးတွေ့ကြုံဖူးကြခြင်းဖြစ်လေသည်။ ထိုလူတစ်စုမှာ ထောင်ထောင် ထောင်ထောင်နဲ့ ဝင်ရောက်လာကြပြီး ပစ္စည်းတွေကို ရိုက်ခွဲဖျက်စီးကြ၏ ၊ တစ်ချက်ကြည့်လိုက်တာနဲ့ အလိုက်အထိုက်ဆက်ဆံလို့ ရမည့်ပုံလည်းမပေါက်ပေ။

ရဲကိုခေါ်လိုက်သင့်လား မသင့်လားလည်း မသိကြ။ ဟေးရွှေလမ်းတွင်ကား ပြဌာန်းမထားပေမယ့် လိုက်နာရမည်ကိုဖြင့် အားလုံးကသိကြသည် ၊ ဒီမှာဖြစ်တဲ့ကိစ္စ ဒီမှာသာရှင်းဆိုသည်ပင်။

ထို့အပြင် မမမေပါးစပ်ကနေအမြဲပြောသည့် 'လိမ္မာတဲ့ ကလေး' ဆိုသူကိုဖြင့် ဓာတ်လှေကားအပေါက်ဝ၌ ရပ်နေသည်ကို သူတို့အားလုံးမြင်တွေ့ကြရသည်။ တစ်ယောက်တည်းနဲ့ ငါးယောက် ၊ မျက်နှာအမူအရာသည်ကား ဗလာနတ္ထိ ၊ ဘောင်းဘီအိတ်ကပ်အတွင်း ထည့်ကာထားသည့် လက်တစ်ဖက်ကို ထုတ်လိုက်ပြီး ထိုလူတစ်စုအား အသာလေးလက်ယပ်ခေါ်လေသည်။ ရန်ပဲစသည်လား ဒါမှမဟုတ် တကယ်ပဲ ဘာကိုမှအရေးမထားသည်လား မသိရချေ၊ 
  
"အဲ့လောက်တောင် သေချင်နေကြတယ်ဆိုလည်း ဒီကိုလာခဲ့ကြတော့ ၊ မင်းတို့နဲ့ သောက်ရေးမပါတာတွေပြောဖို့ အချိန်မရှိဘူး ၊ အကုန် လာခဲ့ကြစမ်းပါ။"
  
". . .  . . . "

ဟူကော လက်မခံချင်သည်မှာ ထိုအချိန်ခဏလေးအတွင်း၌ ကြည့်တာနဲ့ ကျောင်းတက်တုန်းပဲရှိဦးမှာဖြစ်သည့် ကောင်လေးရဲ့ စိန်ခေါ်ခြင်းအားခံလိုက်ရသည်ကိုပင်ဖြစ်သည်။
  
ထိုကလေး၏ မျက်ဝန်းတို့က သုန်သုန်မှုန်မှုန် နဲ့ အေးစက်စက်နိုင်လှ၏။ သူတို့အားကြည့်သည့် အကြည့်မှာ မစင်ပုံအားကြည့်သည့် အကြည့်နှင့်မခြားဟု ခံစားမိရသည်။ အတိုချုပ်ရသော် နွေးထွေးတဲ့ပန်းလေးတစ်ပွင့် ကိန်းဝပ်နေတဲ့ မျက်ဝန်းအကြည့်မျိုးနဲ့ မဟုတ်တာတော့ လုံးဝသေချာသည်။
  
ဟူကောသည် ဒေါသငယ်ထိပ်တက်လေပြီ ၊ အကျင့်ပါနေသည့်အတိုင်း အကျႌကော်လံစအား ထောင်လျက် ဆိုလိုက်၏။
  
"ဒီအသက်အရွယ်ရှိပြီ ငယ်တယ်လို့လည်း ပြောမရတော့ဘူး ၊ ငါ ဘယ်သူလဲ ဆိုတာကိုရော သိလား? အပြင်ထွက်ပြီး မေးမြန်းကြည့်လိုက် ၊ ဟူကောဆိုတာကိုတွေ့တာနဲ့ မည်သူမဆို မဖြစ်မနေ လေးစားသမှုပြုရမှာချည်းပဲ. . .  . . . မြင်လား ၊ လည်ပင်းက အမာရွတ် ၊ ထောင်အစောင့်တွေနဲ့ ချတုန်းက ရလာတာ။ မင်းလို အမွှေးအတောင်တောင် မစုံသေးတဲ့ ကောင်စုတ်ကလေးကများ ၊ မင်းက ဟိုသောက်ကောင်မနဲ့ ဘယ်လိုပတ်သက်တာလဲ? ဒါကရော ဘာလုပ်တာလဲ. .  ဟမ်. . ငါ့ကိုရိုက်မလို့? ဒါမှမဟုတ် ဘယ်လိုတိုက်ခိုက်ရလဲဆိုတာ ငါ့စီကသင်ချင်တာလား? ဒီ သစ်သားတုတ်သေးသေးလေးနဲ့ ၊ မင်းက. . .  . . . "

ရှဲ့ယွီသည် နှစ်ခွန်းမပြော ၊ ဟူကောရဲ့ အကျႌကော်လံစအား ဆောင့်ဆွဲ၍ သူ့အနီးတိုးကပ်လာစေလိုက်ပြီး မညှာမတာ တစ်ဖက်လူ၏ ဝမ်းဗိုက်အား ဒူးဖြင့်ဆောင့်ချပစ်လိုက်၏။ ဆက်လက်ပြီး ဟူကော၏တံတောင်ဆစ်အား လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားလိုက်ပြီး တိမ်းရှောင်ရန်အချိန်မပေး သက်ညှာမှုမပေးပဲ တစ်ဖက်လူအား ဖမ်းဆွဲလိုက်လေသည်။
  
ထိုသည်မှာ အတော်လေးကိုလှပစွာ ကိုင်ပေါက်လိုက်သည့် ဂျူဒိုအကွက်ပင်ဖြစ်လေသည်။ သပ်ရပ်ကျွမ်းကျင်လှ၏။ အကယ်၍ ဝန်းကျင်၌က အခုလောက်ထိ အခြေအနေမတင်းမာနေဘူးဆိုလျှင်ဖြင့် နောက်တွင်ရှိနေကြသည့် ဆိုင်ရှင်တစ်စုမှာ လက်ခုပ်သြဘာပေးမိကြပေမည်။
 
ဟူကောမှာ မြေပြင်နဲ့ ပြင်းထန်စွာညားလိုက်ရခြင်းကြောင့် မျက်စိမှာ အမှောင်ဖုံးသွားလျက် စကားလည်း မဆိုနိုင်တော့ချေ။
 
သို့တိုင် ရှဲ့ယွီသည် ထိုသူ့အား လွယ်လွယ်နဲ့ လွှတ်ပေးဖို့ရာ စိတ်ကူးမရှိသေး။ သူသည် ထိုလူ့အားမြေပြင်ထက်ကနေ ဆွဲ၍မလိုက်ပြီး ဓာတ်လှေကား၏ သံတံခါးဘက်စီသို့ ဆောင့်တွန်းကပ်ပစ်လိုက်သည့်အခါမှာတော့ 'ဒုန်းခနဲ' အသံတစ်သံထွက်ပေါ်၍လာသည်။ ထို့နောက် ရုတ်ခြည်းဆိုသလို ဟူကော၏လည်ပင်းမှာ လက်ချောင်းတွေရဲ့ တင်းတင်းကျပ်ကျပ်ညှစ်ဆုပ်ထားခြင်းအားခံလိုက်ရသည်။
  
"အတော်ကို စိတ်ကြီးဝင်နေတာပဲ ၊ ယောက်ျားဆိုတဲ့အတွက်  ထောင်ကျဖူးတယ်ဆိုတာက ဆုတံဆိပ်ပဲလို့ ယူဆလိုက်တာပေါ့လေ ဟုတ်လား။"
  
ဟူကောမှာ ပြန်လည်တိုက်ခိုက်လို့လာသည်။ ကန်ပစ်ရန်ခြေထောက်အားမြှောက်လိုက်ပေမယ့် ထိုခြေထောက်မှာ ရှဲ့ယွီထံမှ ဒုတ်နဲ့ခပ်ပြင်းပြင်း တစ်ချက်အဆော်ခံလိုက်ရပြန်၏။ ခြေသလုံးမှာ တဆတ်ဆတ်တုန်ယင်မပြတ်ရှိလေတော့၏။ ရှဲ့ယွီကလက်ကိုလွှတ်လိုက်သည့် အချိန်မှာတော့ ထိုသူမှာမြေပြင်ထက်သို့ တဖန်ပြန်၍ ပစ်လဲကျသွားပြန်သည်။ ထိူသူသည် လက်တစ်ဖက်ကမြေပြင်ကို ထောက်လို့ထားပြီး ကျန်လက်တစ်ဖက်မှာ ဝမ်းဗိုက်အားဖိထားလျက် တင်းမခံနိုင်တော့သည့်အဆုံး အန်ချပစ်မိလေတော့သည်။

". . .  . . .  Fxxk"

"ခုနလေးက ဘယ်သူ့ကို သောက်ကောင်မလို့ဆဲလိုက်တာလဲ?"
  
ဟူကောသည် မျက်လုံးပြူးကြီးဖြင့် ရှဲ့ယွီ၏ ချောမောလှပသည့်မျက်နှာအားကြည့်ရင်းမှ ဖြည်းညင်းစွာနဲ့ အနားတိုးကပ်လို့သွားမိ၏။ လူငယ်၏ မျက်ဝန်းအိမ်အတွင်း၌ ရက်စက်တဲ့အငွေ့အသက်တွေအပြည့်ကိန်းဝပ်လျက်ရှိနေသည်မှာ ပြည့်လျှံလို့ပင်ကျလာတော့မည်။ ထိုကဲ့သို့ ထင်ရှားပေါ်လွင်သည့် ရုပ်ရည်ထက်ကို မျက်စိရှေ့ကလူရဲ့ အေးစက်စက်နိုင်မှု ၊ ထက်မြက်မှုနှင့် သုန်သုန်မှုန်မှုန်ရှိခြင်းတို့က သူအားပို၍ အံအားသင့်စေသည်။
  
ရှဲ့ယွီသည် နောက်တစ်ခေါက် ထပ်မေးလို့လာ၏ ၊ ဒေါသကိုချုပ်တည်းထားလျက် အသံမှာ တိုးညှင်း၍ကွဲအက်အက်နိုင်၏။
  
"မင်း ခုနက ဘယ်သူ့ကို သောက်ကောင်မလို့ဆဲလိုက်တာလဲ?"
 
ဟူကောသည် စကားတစ်ခွန်းမျှမဆိုချေ။
  
"ဘယ်လိုပြုမူပြောဆိုရတယ်ဆိုတာ ဘယ်သူကမှ မင်းကိုသင်ပေးမထားတော့ ငါသင်ပေးရတာပေါ့လေ။"
  
ရှဲ့ယွီသည် မြေပြင်ထက်စီက ထိုအမှိုက်သရိုက်ကောင်အား ခြေဖျားကိုသုံးပြီး ကန်ချပစ်ချေသည်။

ဟူကောနောက်ဘက်ရှိ တပည့်သုံးလေးယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက် အပြန်ပြန်အလှန်လှန်ကြည့်လာကြ၏။ တစ်ယောက်ချင်းစီ၏ မျက်ဝန်းထဲ၌ ချီတုံချတုံဖြင့် တွန့်ဆုတ်လျက်ရှိကြကြောင်း မြင်တွေ့ရသည်။ ထို့နောက်တွင်တော့ ပြိုင်တူပင် ထွက်ပြေးကြလေတော့သည်။
 
"သွားပြီးပဲ ၊ ဘယ်လိုလုပ်ကြမလဲ?"
  
အရပ်ရှည်ရှည်နဲ့တစ်ယောက်သည် ပြေးရင်းလွှားရင်းမှ မေးလာ၏ : "ငါတို့ ရဲသွားတိုင်ကြရင်ရော?"
  
"လခွမ်းကို ရဲတိုင်!"
  
ကျန်တစ်ယောက်က ဆိုလာ၏။
   
"အဲ့လိုသာလုပ်လိုက်ရင် နောက်ဆို ငါတို့ဒီလမ်းမှာ ဘယ်ရမ်းကားလို့ရတော့မလဲ!"

ကုရွှယ်လန် ရဲစခန်းကနေ ဖုန်းလက်ခံရရှိချိန်သည် ညနေခင်းရေနွေးကြမ်းသောက်သုံးနေစဉ်အတွင်း၌ဖြစ်သည်။
  
ထိုအမျိုးသမီးသည် ပိုးထည်ပဝါအား ချွတ်လိုက်၏ ၊ အတွင်း၌မူကား အဆင့်မြင့် ဇာပန်းထိုးဂါဝန်ရှည်တစ်ထည်အား ဝတ်ဆင်လို့ထားသည်။ ကိုယ်လုံးကိုယ်ပေါက် ပေါ်လွင်အောင် ချုပ်လုပ်ထားခြင်းလည်းဖြစ်ပြီး ပြောမပြတတ်အောင် တင့်တယ်၍ ကျက်သရေရှိလှပေသည်။ ဂါဝန်အနားကွပ်တွင်တော့ မှိန်ဖျော့ဖျော့အရောင် ပန်းနှစ်ပွင့်အား ခပ်လျှိုလျှိုထိုး၍ထား၏ ၊ ခြေချင်းဝတ်သည် ဖြူဥ၍ သေးသွယ်သွယ်ရှိလျက် တောက်ပြောင်ရှင်းသန့်လှသည့် ကျောက်စိမ်းအသွင်ဆောင်၏။
  
ဂရုတစိုက်ပုံသွင်းကာ ကောက်ထားသည့် ဆံပင်ရှည်တို့က မျက်နှာဘေးဘက်တွင်ဝဲကာကျ၍နေသည်။ သူမသည် မျက်နှာချင်းဆိုင်ရှိ ဂုဏ်သရေရှိအမျိုးသမီးတွေရဲ့ လက်တလောသဘောကျမိသည့် ဆောင်းရာသီဖက်ရှင်တွေအကြောင်း ပြောလို့နေကြသည်အား ပြုံးလျက်နားဆင်၍နေလေသည်။ ရံဖန်ရံခါတော့ တစ်ခွန်းစနှစ်စ ဝင်ပြောတတ်၏။
  
"မဒမ်ချန်က ဒီလောက်တောင်သဘောကျနေမှတော့ နောက်နေ့ကြအရောက်သွားဝယ်လိုက်လေ. . .   . . . "

"မမကြီး ၊ ဖုန်းလာတယ်။"
  
ကုရွှယ်လန်သည် လှည့်လာလျက် ကြွေထည်ရေနွေးခွက်စီလက်လှမ်းရင်း အမေးရှိလာ၏။
 
"ဘယ်သူဆက်လာတာလဲ?"
 
ဖုန်းကိုင်သည့်သူမှာ ပြောသင့်မပြောသင့် စက္ကန့်အနည်းငယ် တွေဝေလို့သွား၏။ ထို့နောက်တွင်မူ ကိုယ်ကိုကိုင်းညွှတ်လျက် ကုရွှယ်လန်၏နားအနားကပ်၍ နှစ်ဦးတည်းကြားရရုံ လေသံမျှဖြင့် ဆိုလိုက်သည်။
  
"ရဲ ၊ ရဲစခန်းက။ ဒုသခင်လေး ခိုက်ရန်ဖြစ်လို့လို့ပြောတယ် ၊ ရိုက်တာ အတော်ပြင်းလို့ တစ်ဖက်လူက ဆေးဖိုးဝါးခအော်တောင်းနေတယ်တဲ့ ၊ မမကြီး ဒီကိစ္စဘယ်လိုလုပ်လိုက်ရမလဲ? လူလွှတ်ပြီး ကြည့်ခိုင်းလိုက်ရမလား?"
  
ကုရွှယ်လန်သည် မျက်နှာကွက်ခနဲပျက်၍ သွားလေသည်။

~ ~ ~


rate now:

1 Reviews
  • reader Nami Athene 28.09.2021, 16:01 5

    👍

    reply