ရိုးရာမကောင်းဆိုးဝါးနှင်နည်းပေါင်းချုပ်
ညပိုင်းself-studyအချိန်ပြီးချိန်၌ ဟယ့်ကျောင်းသည် ရှဲ့ယွီအားတွယ်ကပ်ရင်းမှ အဆောင်သို့ပြန်လာလေသည်။
သူသည် ဘယ်ဘက်လက်နဲ့ဝမ့်သာကိုပါဆွဲလို့ထားချင်သေးပြီး ရှဲ့ယွီနှင့် ဝမ့်သာတို့နှစ်ယောက်အား သူ၏ဘေးတစ်ဖက်တစ်ချက်၌ရှိနေစေချင်သည်။ ဝမ့်သာသည်ကားသတိရှိစွာဖြင့် ရှောင်ကာတိမ်းလိုက်ပါ၏။
"ဒီလိုကကြ သိပ်မ မ မ မ မကောင်းဘူးလေ ၊ မင်းတို့နှစ်ယောက်သားပဲ အချင်းချင်းချစ်ချစ်ခင်ခင်ရှိကြရင်ကိုရပါပြီ။"
ရှဲ့ယွီက အတန်ငယ်စိတ်တိုလို့သွားခဲ့ပါ၏။
"ချစ်ချစ်ခင်ခင်ဆိုတာကို မင်းကဘယ်ကမျက်စိနဲ့ကြည့်နေတာလဲ?"
ဝမ့်သာသည် စိတ်ထဲမှနေပြောမိရလေ၏ ၊ မျက်စိနှစ်လုံးနဲ့ကိုမြင်တွေ့နေရတာလေကွာ။
ရှဲ့ယွီကိုယ်ထက် လူတစ်ကိုယ်လုံးဖက်တွယ်ကပ်နေပါသည့် ဟယ့်ကျောင်းထံသို့ သူသည်လှမ်းလို့ကြည့်လိုက်ပါပြီး နောက်ဆုံး၌ဘာကိုမှမပြောတော့ပါချေ။
"ငါ့အခန်းထဲလာပြီး ဂိမ်းလာမဆော့ချင်ဘူးလား?"
"မဆော့ချင်ဘူး။"
"ဒီညဘောပွဲရှိတယ် ၊ စိတ်ဝင်စားလား?"
"ဟင့်အင်း။"
အဆောင်အခန်းပေါက်ဝသို့ရောက်ချိန်မှာတော့ ရှဲ့ယွီသည်သော့ထုတ်လိုက်ပြီး တံခါးဖွင့်လိုက်၏ ၊ ဟယ့်ကျောင်းကတော့ လက်မလျှော့သေးပဲ ဆက်လက်ပြောလို့လာပြန်သည်။
"လပတ်စာမေးပွဲက ရောက်တော့မှာဆိုတော့ ငါတို့အတူပြန်လှန်လေ့ကျင့်ခန်းလုပ်ကြရင်ရော?"
ရှဲ့ယွီမှာ စကားပင်မဆိုပဲ ချက်ချင်းတံခါးပိတ်လို့သွားပါလေ၏။
". . . . . ."
ရှဲ့ယွီနှင့် ကျိုးသာ့လေတို့ဖုန်းပြောပြီးနောက်မှာတော့ နာရီကိုတစ်ချက်လှမ်းကြည့်ရာ ည(၁)နာရီပင်ထိုးနေလေပြီ။
တံခါးခေါက်သံဟာဆိုလျှင် များသောအားဖြင့် (၁၂)ခွဲမှ (၁)နာရီကြားအတွင်းထွက်လာတတ်ပြီး တစ်ညတစ်ညခေါက်တဲ့အထပ်လည်းမတူညီ။ သို့တိုင် များသောအားဖြင့်တော့ပထမထပ်မှ တတိယထပ်ထိသာ။ ဖြစ်နိုင်သည်မှာ 'အဲ့ဟာ' ကကရိကထများမှာကြောက်သည်ထင် အပေါ်ထပ်သို့ထက်တက်မလာတော့ချေ။ လေးထပ်မြောက်နှင့်အပေါ်ကတော့ အခုချိန်ထိ အန္တရာယ်ကင်းလို့နေပါ၏။
အကယ်လို့ တစ်စုံတစ်ယောက်က တကယ်ပဲသရဲဟန်ဆောင်နေလျှင်မူ ၊ ညသန်းခေါင်ကြီးအထိမအိပ်ဘဲရှိနေသည့် အဲ့ဒီလူကတော်တော်တော့ သက်လုံကောင်းလှပေသည်။
ရှဲ့ယွီသည် အလျဉ်းသင့်သလို အင်္ဂလိပ်စာမေးခွန်းနမူနာစာအုပ်ကိုကောက်ယူလိုက်ပြီး တံခါးဖွင့်လို့အပြင်ထွက်လိုက်ချိန်မှာတော့ တံခါးခေါက်သံက ရပ်လို့သွားပြီဖြစ်သည်။ ကော်ရစ်တာတစ်လျှောက်၌ ဘာမှမရှိ။
လူလာမှအလိုအလျောက်လင်းသည့် မီးသီးကလည်း ကောင်းကောင်းအလုပ်မလုပ်ချေ။ ခဏနေလင်းလိုက် ခဏနေမှိန်သွားလိုက်ဖြင့် ၊ မီးအရောင်ကလည်းမှိန်ဖျော့လို့နေပါသေးသည်။
ရှဲ့ယွီတစ်ယောက် မျက်နှာချင်းဆိုင်ကအခန်းကို တံခါးသွားခေါက်မိချိန်၌ အထဲမှနေဘာပစ္စည်းမှန်းမသိပစ်ပေါက်လိုက်၍ တံခါးကိုလာထိသည်အားခံစားလိုက်မိရသည်။ ထို့နောက်မှာတော့ ဟယ့်ကျောင်း၏အသံ ၊ ကြားရသည်မှာကွဲအက်အက်နိုင်လှ၏။
"မပြီးတော့ဘူးပေါ့လေ ဟုတ်လား ၊ နောက်တစ်ခေါက်ထပ်ခေါက်ပြီးစမ်းကြည့်လိုက်စမ်း!"
". . . . . ."
ရှဲ့ယွီသည် နှစ်ချက်ခန့်ထပ်မံခေါက်လိုက်သည်။
ခေါက်ပြီးချိန်မှာတော့ အတွင်း၌လှုပ်ရှားမှုဟူသည်တစိုးတစိမှမရှိတော့ဘဲ ငြိမ်ဆိတ်သွားခဲ့ပါတော့သည်။
ဟယ့်ကျောင်းသည် တစ်ကိုယ်လုံးအားစောင်နဲ့ပတ်လို့ထားပြီး လက်ထဲ၌ဖုန်းကိုကိုင်ထားကာ စိတ်ထဲ၌အခါတစ်သောင်းဆဲရေးပြီးဖြစ်သည်။
"ငလူး။"
ပါးစပ်ထဲတွေ့ကရာဆဲဆိုနေသည်အား ထိုအရာက တကယ်ကြီးနားလည်နေသလားမှတ်ရသည်။
သူ့အား ရွဲ့လို့ဆန္ဒပြရဲနေတုန်းပင်။
ရှဲ့ယွီသည်အတော်ကြာအောင်စောင့်ဆိုင်းပြီးနောက် ဒီလူရဲ့ဘာကိုမှထည့်မတွက်ဘဲ လက်နက်တစ်ခုခုရှာပြီး တံခါးဆွဲဖွင့်တစ်ရှိန်ထိုးထွက်လာပြီး ရိုက်နှက်ကာတစ်ပွဲတစ်လမ်းနွှဲလာနိုင်ချေရှိခြင်းကြောင့် ပြေရာပြေကြောင်းပြောလိုက်တော့သည်။
"တံခါးဖွင့် ၊ မင်းဘိုးအေ ငါရယ်။"
မိနစ်ဝက်ခန့်ကြာပြီးနောက်မှာတော့ တံခါးကပွင့်လို့လာသည်။
ဟယ့်ကျောင်းသည် တံခါးဖွင့်လိုက်စဉ်မှာတော့ မျက်နှာအမူအရာကတည်ငြိမ်အေးဆေးလို့နေပါ၏ ၊ သရုပ်ဆောင်မှုက အမှတ်ပြည့်ပင်။
"မင်းဘယ်လိုရောက်လာတာလဲ?"
မျက်စိရှေ့ကဒီလူ တမင်တကာများ ဆံပင်တွေကိုဖွလာလေသလားဟုပင် ရှဲ့ယွီသံသယဝင်မိရ၏။ ဆံပင်အပြင်ကို အင်္ကျီကော်လာအားလည်း ကျယ်ကျယ်ဖွင့်ဟလို့ထားသည်က မသင်္ကာစရာကောင်းလှပေသည်။ မျက်စိကိုလည်းအားကြီးနဲ့ ဖိပွတ်ထားပုံရကာ ကြည့်ရသည်မှာတော့ အိပ်ပျော်နေဟန်ပုံစံမျိုးပေါက်အောင် တော်တော်လေးကြိုးစားအားထုတ်လို့ထားပုံရလေသည်။
မျှော်လင့်ထားသကဲ့သို့ရှိ၏ ၊ ဟယ့်ကျောင်းတစ်ယောက် သူ့ကိုတော့စိတ်မပျက်စေ။ တံခါးကိုဟန်ရေးပြဟန်မှီကာ ဆံပင်တို့ကိုဆွဲလို့ဖွရင်း. .
". . . . . . အာ ၊ ငါအိပ်ပျော်နေတာ။"
ရှဲ့ယွီသည် သူ့အားကြည့်ရင်းမှပင် အတန်ငယ်ခေါင်းကိုက်သလိုဖြစ်လာရ၏။
ဟယ့်ကျောင်းဆိုတဲ့ဒီလိုလူမျိုးကလေ အကယ်လို့ တစ်နေ့သေလို့ရှိရင် အဲ့ဒါသေချာပေါက်အိုဗာအိုက်တင်တွေကြောင့် သေတာပဲဖြစ်လောက်မယ်။
တစ်ခဏကြာပါမှ ရှဲ့ယွီနှုတ်ဟဖြစ်သည်။
"အနှောက်အယှက်ပေးမိပြီ။"
". . . . . ."
ဟယ့်ကျောင်းမှာ ဟန်ရေးမပြနိုင်တော့။
"ဟမ်?"
တုံ့ပြန်မှုကသမားရိုးကျအတိုင်းမရှိ အခြားဘယ်သူနဲ့မှကိုမတူညီကွဲပြားနေပါရောလား?
ရှဲ့ယွီမှာ သူများကိစ္စဝင်စွက်ဖက်မနေသင့်တော့ဟုသာ တွေးမိလိုက်သည် ၊ သူ့ဘာသာသေရင်သေပါစေ ထားလိုက်တော့မည်။
"နိုးသွားအောင်လုပ်မှတော့ အဲ့အတွက်ငါ့ကိုတာဝန်ယူရမယ်လေ. ."
ဟယ့်ကျောင်းသည် လူကိုလှမ်းဆွဲလို့ထားကာ မလွှတ်ပေးတော့။ ရှဲ့ယွီလက်ထဲကအရာအား မြင်တွေ့သွားချိန်မှာတော့ ဆိုလို့လာသည်။
". . . . . . အင်္ဂလိပ်စာမေးခွန်းနမူနာစာအုပ်? ငါနဲ့အတူအိမ်စာလာလုပ်ချင်တာလား? ကြိုဆိုပါတယ် ၊ မင်းအားနာနေစရာမလိုဘူး ၊ မင်းမလုပ်တက်တဲ့အပုဒ်ဆို ငါလည်းမလုပ်တက်မှာအသေအချာပဲမို့ လုံးဝမင်းကိုလှောင်ရယ်ရယ်မှာမဟုတ်ဘူး။"
ဟယ့်ကျောင်း : "မင်းစိတ်ချလက်ချထားပြီး ငါနဲ့စာအတူတူလုပ်လို့ရတယ်။"
ငလူးထဲမှပဲ မင်း။
ရှဲ့ယွီသည် စိတ်ထဲမှနေတွေးမိရပေမယ့် ထုတ်တော့မပြောဖြစ်လိုက်။
ဟယ့်ကျောင်း၏အဆောင်ခန်းအနေအထားက အဆင်တော့ပြေပါသည်။
သူက ဒီစာသင်နှစ်မှစနေဖြစ်ခြင်းကြောင့် ပစ္စည်းတို့သည်လည်း မများလှဘဲ ကြည့်ရတာဟင်းလင်းကြီးဖြစ်လို့နေသည်။ ရှဲ့ယွီအစကထင်ထားသည်မှာ သူဆိုတာက နေတဲ့နေရာကိုရှုပ်ပွနေအောင်ဖွထားမှာပဲ စနစ်တကျသပ်သပ်ရပ်ရပ်နေမှာမဟုတ်လောက်ဟု ၊ ယခုဤသို့မြင်တွေ့သွားချိန်မှာတော့ မျှော်လင့်မထားတာကြောင့် အံ့သြမိရသည်။
ဟယ့်ကျောင်းသည် ထိုင်ခုံထက်တင်ထားသည့် အင်္ကျီအားဖယ်ပေးလိုက်ပြီးနောက် ထိုင်ခုံနောက်မှီအားပုတ်လို့ ဆိုလာသည်။
"ထိုင်။"
အခန်းထဲ၌ ထိုင်ခုံတစ်လုံးသာလျှင်ရှိသည်။ ဟယ့်ကျောင်းသည် ကုတင်ထက်တင်ပျဉ်ခွေထိုင်လျက် နှစ်ယောက်လုံးမေးခွန်းလွှာအတူကြည့်လို့ရအောင် စားပွဲကိုမှီလိုက်ပါသည်။
"ခဏလေး ၊ ငါဘောပင်ရှာလိုက်ဦးမယ်။"
ဟယ့်ကျောင်းသည် ပြောပြီးနောက်ဖိနပ်စီးကာ ကုတင်ထက်မှဆင်းလို့သွားသည်။
ရှဲ့ယွီသည် မေးခွန်းလွှာအားစားပွဲထက်ချထားလိုက်၏ ၊ စားပွဲတင်မီးအိမ်မှ မှိန်ဖျော့ဖျော့မီးရောင်အကူအညီဖြင့် စားပွဲစွန်း၌တင်လို့ထားသည့် အသစ်စက်စက်ဖတ်စာအုပ်တစ်ပုံတစ်ပင်အားတွေ့လိုက်ရသည်။ ထုတ်ပေးလိုက်ကတည်းက ထိကိုမထိရသေးပုံရလေသည်။ ဖတ်စာအုပ်တွေဘေးနား၌ ချိုချဉ်တွေအပြည့်နဲ့သံဘူးတစ်ဘူးရှိသည် ၊ အကုန်လုံးlollipopတွေချည်းသာ။
. . . . . . ဒါသူ့ဝါသနာပဲ။
ရှဲ့ယွီတစ်ဖက်သို့ ခေါင်းလှည့်မိခိုက် ခုနလေးတင် ဟယ့်ကျောင်းတင်လိုက်သည့် စားပွဲထောင့်ရှိဖုန်းမှာပွင့်လျက်ရှိနေစဲဖြစ်သည်ကို အမှတ်မထင်တွေ့လိုက်ရသည်။
စခရင်ထက်က စာလုံးကြီးများမှာ အလွန်ပင်သိသာထင်ရှားလှပေ၏။
-ရိုးရာမကောင်းဆိုးဝါးနှင်နည်းပေါင်းချုပ်။
ဟယ့်ကျောင်းသည် အတော်ကြာအောင်ရှာပြီးနောက်မှ ဘောပင်နှစ်ချောင်းရှာလို့ရခဲ့သည်။ ရှဲ့ယွီသည် ယူလိုက်ရင်းမှနေ တကယ်တမ်းကြ သူလည်းပဲမသိတော့ ဟယ့်ကျောင်းရဲ့အင်္ဂလိပ်စာအရည်အချင်းနှင့် သူ့ရဲ့ 'လက်ရှိအရည်အချင်း' အရသူတို့နှစ်ယောက်ဘောပင်ကောက်ကိုင်ထားတောင် ဘာကသွားအသုံးဝင်မည်လဲလေ။
လုပ်နေတဲ့ပုံစံတွေကတော့ တကယ်ကြီးကိုသေချာပေါက်မေးခွန်းတွေလုပ်နိုင်မည့်အတိုင်းရှိနေ၏။
"ငါတို့ ဘယ်ဥစ္စာကိုအရင်စပြီးလုပ်ကြမလဲ?"
ဟယ့်ကျောင်းသည် ဘောပင်အဖုံးကိုကိုက်လာကာ ပါးစပ်ထဲကိုက်ထားရင်းမှမေးလိုက်သည်။
ရှဲ့ယွီ : "မင်းရွေး။"
ဟယ့်ကျောင်းသည် ဖြစ်နိုင်သောအဖြေများထဲမှ အမှန်ကိုရွေးချယ်ရတဲ့ မေးခွန်းပုံစံ(mutiple-choice question) ကိုဝိုင်းလိုက်ပါ၏ ၊ အနေအထားက မောင်းမဆောင်ကနေ ကိုယ်လုပ်တော်ရွေးချယ်နေသကဲ့သို့ပုံစံမျိုး အတော်လေးပေါက်နေပါ၏။
"ဒီဟာ။"
ရှဲ့ယွီက ဘာထင်မြင်ယူဆချက်မှမပြု ၊ ဟယ့်ကျောင်းတစ်ယောက်ကတော့ ထိုတစ်ပုဒ်အားအတော်ကြာအောင် စိုက်ကြည့်လို့နေပြီး ဘာတွေစဉ်းစားနေသည်မသိပါချေ။
ဒီလူ့ရဲ့ အင်္ဂလိပ်အချိန်တုန်းက အပြုအမူအား ရှဲ့ယွီအမှတ်ရလို့သွားလေတာကြောင့်. .
"လက်လျှော့ပြီး နောက်တစ်ပုဒ်ကြည့်မယ်?"
ထိုစကားထဲ၌ သရော်တဲ့အရိပ်အယောင်တွေပါနေတာတောင် ဟယ့်ကျောင်းကတော့လုံးဝမရိပ်မိလာ။
"ဟုတ်ပြီ ရတယ်လေ ၊ ဒါဆိုငါတို့ အောက်ကိုဆက်ကြည့်ကြည့်ကြတာပေါ့။"
ရှဲ့ယွီ : ". . . . . ."
ဟယ့်ကျောင်းရဲ့ လက်လျှော့တဲ့နှုန်းက အတော်လေးကိုမြန်လှသည်။ သူတို့ ဘောပင်ကိုပင်မလှုပ်မရွှေ့လိုက်ကြရ မသိလိုက်မသိဘာသာဖြင့် နောက်တစ်မျက်နှာသို့ရောက်လို့သွားသည်။
"Readingပိုင်းလုပ်ကြမယ်. ."
ဟယ့်ကျောင်းကဆိုလာပြန်သည်။
"ဒါလေးလွယ်တယ် ၊ ငါ့ကိုယုံလိုက် ၊ အနည်းငယ်လောက် စာကိုအာရုံခံနိုင်စွမ်းရှိရင်ကို မှန်းကြည့်ကြည့်လို့ရပြီ။"
ဟယ့်ကျောင်း ထိုစကားအားပြောနေစဉ်က ယုံကြည်ချက်အငွေ့အသက်တို့ဟာဆိုလျှင် ရှဲ့ယွီ၏မျက်နှာသို့ပင် လာလို့ဟပ်လေသည်။
"မင်းမှာ စာကိုအာရုံခံနိုင်စွမ်းရှိတယ်?"
ဟယ့်ကျောင်းကပြောသည်။
"ရှိတယ်လေ။ သုံးကြောင်းကတိုပြီး တစ်ကြောင်းကရှည်နေရင် အဲ့အရှည်ဆုံးတစ်ကြောင်းကိုရွေးတယ် ၊ အဲ့လိုမျိုးစာအာရုံခံနိုင်စွမ်း။"
အဆုံးမှာတော့ ဟယ့်ကျောင်းသည် ဒီလိုမျိုးလုပ်နေတာက သိပ်ကိုဖြစ်ကတတ်ဆန်းဆန်သည်ဟု ခံစားလာရ၏ --- --- သေချာတာက မေးခွန်းလွှာတွေအကုန် မြန်မြန်လုပ်ပြီးသွားမှာစိုးတာလည်းပါသည် ၊ အဲ့လိုသာဆိုသူသည် ရိုးရာမကောင်းဆိုးဝါးနှင်နည်းပေါင်းချုပ်ဆိုတာကြီးကိုပိုက်လို့ ညတာရှည်ကြီးကိုဖြတ်ကျော်ရတော့မည်လေ ၊ ဤသို့ဖြင့် သူသည်မေးခွန်းတွေအား ကောင်းကောင်းမွန်မွန်လုပ်ဖို့ရာ အဆိုပြုမိတော့သည်။
"မေးခွန်းထုတ်တဲ့လူရဲ့ ရည်ရွယ်ချက်ကို ခံစားကြည့်ကြည့်ကြရအောင်. ."
ဟယ့်ကျောင်းသည် Baidu Translateကိုဖွင့်လိုက်ပြီး တစ်ကြောင်းချင်းတစ်ကြောင်းချင်း ဘာသာပြန်လို့ကြည့်သည်။
"အရင်ဆုံးအဓိပ္ပာယ်နားလည်အောင်လုပ်ရမယ်။"
(T/N : Baidu translate = Google translate နဲ့တူပါတယ် ၊ တရုတ်မှာက googleအစား baiduသုံးတာပါ။)
နှစ်ဦးသားအလုပ်ခွဲကာ တစ်ပိုဒ်စီဘာသာပြန်လို့ကြည့်ကြသည်။
ထိုအင်္ဂလိပ်စာလုံးတို့အား ရှဲ့ယွီသည်တစ်ချက်ကြည့်လိုက်တာနှင့် သိပါ၏ ၊ အခုကဟန်ဆောင်နေခြင်းသာ။ ဘေးနားကဒီလူကတော့ တကယ်ပဲ ဉာဏ်ရည်ချို့တဲ့နေတာလား ၊ ဒါမှမဟုတ် မိမိဟန်ဆောင်နေတာကပဲ မလုံလောက်သေးတာလား ဟူ၍သူသည်စတင်လို့အလေးအနက်စဉ်းစားမိလာရသည်။
မင်းမေ ဒါကတကယ်ပဲ ညံ့ဖျင်းတဲ့ကျောင်းသားကမ႓ာကြီးများလား?
ရှဲ့ယွီသည် ခေါင်းကိုစောင်းငဲ့လို့ ကုတင်ထက်ထိုင်ကာ ဘောပင်အဖုံးအားမကြာခဏကိုက်လို့နေသည့် တည်ကြည်လေးနက်မှုမရှိပါသည့် ဟယ့်ကျောင်းအားတစ်ချက်လှမ်းလို့ကြည့်လိုက်သည်။
"ဒီလူက သူ့ရဲ့အမေရိကကသူငယ်ချင်းစီ တရုတ်ရဲ့ယဉ်ကျေးမှုနဲ့ ကျော်ကြားမှုတွေအကြောင်း စာရေးပို့ပြီးပြောထားတာ. ."
ဟယ့်ကျောင်းက ဘာသာပြန်ပြလာ၏။
"ဂရိတ်ဝေါတံတိုင်းကြီး ၊ တရုတ်ပြည်ရဲ့အထင်ကရ ၊ အဲ့ဒါ. . . . . . ဂရိတ်ဝေါကြီးကိုကြည့်ချင်ရင် တရုတ်ကိုလာတဲ့အခါကြ။"
". . . . . ."
ဟယ့်ကျောင်းတစ်ယောက် translateအကူဖြင့်ပြောနေတာတောင် ကမောက်ကမနဲ့မရှင်းမလင်းဖြစ်လို့နေသေးသည်။
ရှဲ့ယွီသည် အာရုံအနည်းငယ်ပြောင်းလို့သွား၏ ၊ ဘောပင်ကိုကိုင်လို့ထားရင်းမှ သူသည်ရုတ်တရက် ကျုံးအိမ်သို့ပထမဆုံးအကြိမ်ခြေချမိသည့် ထိုနေ့အားပြန်ပြောင်းသတိရမိလာရသည်။
ကျုံးကျယ်သည် ချက်ချင်းပဲပစ္စည်းတို့ကိုရိုက်ခွဲပြီးနောက် နှစ်ခွန်းမပြောလှည့်ထွက်ကာ အပေါ်ထပ်သို့တက်လို့သွားပါ၏။ ကျုံးကော်ဖေးသည်လည်း အပေါ်ထပ်လိုက်တက်လို့သွားပြီး သားအဖနှစ်ယောက်စာဖတ်ခန်းထဲ၌ အတော်ကြာစကားများကြလေသည်။ ထို့နောက်မှာတော့ ကျုံးကျယ်သည် အင်တင်တင်ဖြင့်အပေါ်မှဆင်းလို့လာခဲ့ပြီး လေးယောက်သား အလွန်ပင်ကသိကအောင်ရှိလှသည့် နေ့လည်စာတစ်နပ်အားစားဖြစ်ကြသည်။
ကျုံးကော်ဖေးသည် ကုရွှယ်လန်အပေါ်တွင်တော့ အတော်လေးကောင်းလှပေသည်။ ဒီလူနှစ်ယောက်စိတ်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်နှစ်သက်သဘောကျကြမှန်း သူသည်လည်းယုံကြည်ပါ၏။
သို့ပေသည့် ဒါကထိုသူ ကုရွှယ်လန်အပေါ်၌သာလျှင်ထားသည့် အချစ်သာလျှင်ဖြစ်သည်။
ရှဲ့ယွီကိုပါ တစ်စိတ်တစ်ပိုင်းလောက်ခွဲဝေပေးမည်ဟု မဆိုလို။
"ကျုံးကျယ်အဲ့ကလေးက ၊ ထူးချွန်ဖို့ကိုတအားပဲစိတ်ထက်သန်တာ ၊ ဘာမဆိုသူများထက်ပိုကောင်းအောင်လုပ်ချင်တာ။"
ကျုံးကော်ဖေးသည် ရှဲ့ယွီအားရှာ၍ပြောလာစဉ်၌ အမူအရာကမာနထောင်လွှားကာ စိုးရိမ်ဝမ်းနည်းနေဟန်လည်းရှိသည်။
"အထူးသဖြင့် သူ့အမေဆုံးသွားပြီးနောက်ပိုင်း သူတစ်လျှောက်လုံးပဲစိတ်ထိခိုက်နေတာ။"
ထိုသူဒီစကားအားဆိုလာသည်မှာ အလွန်ပင်လိမ္မာပါးနပ်ကာ စကားကလှ၏။ ရှဲ့ယွီသည် ငတုံးမဟုတ် ၊ ထိုထဲကဆိုလိုရင်းမှာ သိသာထင်ရှားလွန်းလှပါသည်။
မင်္ဂလာဆောင်သည့်နေ့တုန်းကဆို ကုရွှယ်လန်မှာအလွန်ပင်ပျော်နေလေသည်။ ရှဲ့ကျန်း(ရှဲ့ယွီအဖေ)က သူတို့အားအကြွေးတွေတစ်ပုံတစ်ပင်နဲ့ထားခဲ့ရာ သူတို့ဘဝအတွက် ဒီဆယ်နှစ်လုံးလုံးဟိုပြေးပုန်းရဒီပြေးပုန်းရဖြင့်ရှိခဲ့ရ၏။ သူမထိုသို့အပြုံးမျိုးပြုံးသည်ကိုဖြင့် ရှဲ့ယွီဘယ်တုန်းကမှမမြင်ဖူးခဲ့။
ကုရွှယ်လန်သည် မြေပြင်ထက်အပုံလိုက်ကျနေသည့် မင်္ဂလာဝတ်စုံအားဝတ်ထားရင်း မှန်ထပ်ကပုံရိပ်အားကြည့်ကာ အနည်းငယ်ရှက်သွေးဖြာလို့နေသည်။
"ကျွန်မဒီလို ဝတ်ထားတာ. . . . . ."
ကျုံးကော်ဖေးသည် သူမအား အနောက်ကနေသိုင်းဖက်လိုက်ပြီး. .
"အရမ်းပဲလှတယ်။"
ရှဲ့ယွီသည် ထိုနေ့က အိမ်သာထဲရှောင်ကာပုန်းရင်း စီးကရက်တစ်လိပ်သောက်ဖြစ်ခဲ့ပါသည်။
"လှတာတော့ တော်တော်လေးလှတယ် ၊ လောင်ကျုံးနဲ့ကဘယ်လိုများ ချိတ်ဆက်မိကြလဲမသိဘူး ၊ ဒီအမျိုးသမီးရိုးတော့မရိုးဘူး။"
"ငါ့အနေနဲ့ပြောရရင်တော့ သူခေါ်လာတဲ့ဟိုကလေးကပိုပြီးတော့တောင် မရိုးသေးတယ်။"
နောက်တစ်ယောက်ကပြောလာသည့် စကားသံ။
"သာမညောင်းညတစ်ယောက်ဆိုရင်တော့ တော်သေးမှာ ၊ အဲ့လိုမှမဟုတ်ရင် . . . . . . အဲ့ကောင်လေးဘာတွေတွေးနေလဲဆိုတာ အာမခံနိုင်တာမဟုတ်ဘူး။"
"ကြည့်ရတာတော့ မတူဘူးလားလို့?"
"ကျုံးအိမ်က စီးပွားရေးလုပ်ငန်းတွေမှာ တအားအောင်မြင်တဲ့ဟာ ၊ အခုသာဘာမှမဟုတ်သေးဆိုပေမယ့် နောက်ပိုင်းကြ မဖြစ်လာဘူးလို့မပြောနိုင်ဘူးလေ။ ဟွမ်အိမ်လိုမျိုးပဲ သူတို့မိသားစုကလည်း မဟုတ်လို့လား ၊ မယားပါသားက သာမန်ချိန်ဆို ပေါ်ပေါ်ထင်ထင်မနေဘဲ ဘာမှမဟုတ်သလိုမျိုးဟန်ဆောင်နေတာ နောက်ဆုံးကြတော့ ပြဿနာရှာလာတာပဲလေ ၊ ကုမ္ပဏီကိုအပိုင်သိမ်းလုချင်လာရော။"
"ဟွမ်အိမ်?"
"နင်တို့မသိကြဘူးလား? ဟိုးတလောတုန်းကလေ ရှယ်ယာရှင်အနည်းငယ်ကို အပါခေါ်သွားပြီ . . . . . ."
"ဒီတစ်ပုဒ်က သေချာပေါက် Bကိုပဲရွေးရမှာ!"
ဟယ့်ကျောင်းသည် မိမိကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ဖြင့် အဖြေကိုရွေးကာ ဝိုင်းလိုက်၏ ၊ ထိုသို့အဝိုင်းဝိုင်းလိုက်သည်မှာ ချေးပုံကြီးနဲ့ပင်တူနေသေးတော့သည်။ သူသည်ဝိုင်းပြီးသွားသည့်နောက် လက်လေးတစ်ချောင်းဖြင့် ရှဲ့ယွီ၏နဖူးအား ဆတ်ခနဲတောက်လိုက်ပါ၏။
"ဝေ့ ၊ မင်းဘာတွေစဉ်းစားနေတာတုန်း။"
ရှဲ့ယွီသည် အသိပြန်ဝင်လို့လာလျက်မှ ခေါင်းငုံ့၍ထိုအဝိုင်းအားကြည့်လိုက်ပါသည်။
ဟယ့်ကျောင်းဆိုတဲ့ဒီလူ နာရီဝက်နီးပါးလောက် Baidu Translate သုံးရှာပြီးသွားတာတောင် . . . . . . အမှားကြီးကိုပဲရွေးသေးတယ်လား။