book

Index 25

အခန်း (၂၂)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

သောက်ချောကြီးတော့ အခုချိန်ဆို စောင်ခေါင်းမြီးခြုံပြီး တုန်နေလောက်ပြီ


အခန်း(2-3) စာသင်ခန်းအတွင်းကြည့်လိုက်စဉ်မှာတော့ ပိန်းပိတ်အောင်မှောင်မည်းလျက်ရှိချေ၏။ မသိပါက ညပိုင်းself-studyအတန်းဆင်းသွားပြီလို့ပင် ထင်ရလောက်သည်။


"သူတို့ဘာတွေထပ်ပြီး လုပ်နေကြပြန်တာလဲ?"


ဟယ့်ကျောင်းသည် အနောက်မှလျှောက်လာရင်း မရေမရာဖြင့် အတန်ငယ်စိတ်ထင့်လို့လာရသည်။


ရှဲ့ယွီသည် တံခါးပေါက်ကိုမှီလိုက်ပြီး အခန်းတွင်းအားလှမ်းမြင်ရဖို့ မျက်ဝန်းတို့ကိုမှေးကျဉ်းလိုက်ပါ၏။


ဝမ့်သာမှာ ခြေသံကြားလိုက်ခြင်းကြောင့် လှည့်ကြည့်လာရင်းမှ အံ့သြဝမ်းသာစွာဖြင့်အော်ပြောလာသည်။


"တိုက်တိုက်ဆိုင်ဆိုင်ပဲ ၊ ငါတို့ကအခုမှစမလို့ ၊ အတူပါပါ့လား?"


ဟယ့်ကျောင်းက ခြေနှစ်လှမ်းမျှနောက်ဆုပ်လို့သွားရစဉ် ရှဲ့ယွီကလှမ်းဆွဲလို့ထားလေသည်။


"ဒီနေ့တော့ပုံပြင်မပြောတော့ဘူး. ."


ဝမ့်သာကဆိုလို့လာသည်။


"ငါတို့ ခဲတံထောက်ပြီး ဝိညာဉ်ခေါ်တမ်းကစားမလို့။ ခွေးရူးကခုနလေးတင်ထွက်သွားတာမို့ စိတ်ချရတယ်။"



"အစ်ကိုကျောင်း ၊ ဒီမှာထိုင် ၊ အထူးကိုမင်းအတွက် နေရာချန်ပေးထားတာ။"


ဟယ့်ကျောင်းက ပုံမှန်ဆိုအတော်လေးဖျတ်လတ်တက်ကြွလွန်းသူဖြစ်တာကြောင့် ဝမ့်သာကဘာပဲလုပ်လုပ် သူ့အားမမေ့မလျှော့ခေါ်တတ်သည်။


". . .  . . . အရမ်းပဲစိတ်လှုပ်ရှားဖို့ကောင်းတယ်။"



ဟယ့်ကျောင်းသည် စိတ်ထဲမှနေပြောမိရ၏။ ချီးကိုစိတ်လှုပ်ရှားဖို့ကောင်းတာလား ၊ တစ်နေ့တစ်နေ့ စာကောင်းကောင်းမလုပ်ဘဲနဲ့ ပတ်ပြီးဗရုတ်ကျ ကမြင်းနေကြတာပဲ။


ဝမ့်သာသည် ပြောပြီးနောက်မှ ရှဲ့ယွီကိုဖြင့်တစ်ယောက်တည်းမတ်တပ်ရပ်ချန်ထားခဲ့လို့ကလည်း မသင့်လျော်ဟု ခံစားမိရခြင်ကြောင့် ထပ်မံမေးလိုက်သည်။


"အစ်ကိုယွီ ပါမလား?"


"ပါမှာ. ."


ကိုယ်တိုင်ပုန်းရှောင်လို့မရမှတော့လည်း တစ်ယောက်ကိုပါ သူနှင့်အတူအပါခေါ်ကိုခေါ်ရမည်လေ ၊ ဟယ့်ကျောင်းသည် ရှဲ့ယွီအစားဖြေလိုက်ပါသည်။


"သူပါမှာ။"



ကစားသူက စုစုပေါင်း(၄)ယောက်။


အခြားသူများကတော့ ဘေးတွင်ရပ်ကာကြည့်လို့နေကြသည်။


ယောက်ျားတစ်ပိုင်း မိန်းမကြမ်းဖြစ်တဲ့ ရွှီချင်ချင်ကတော့ ပေါင်ကိုတစ်ချက်ရိုက်လိုက်ပြီး 'မေးခွန်းမေးတဲ့သူ' လုပ်မည်ဟုဆိုလာခဲ့သည်။


"ငါမေးမယ်!"


သူမက ပြောပြီးနောက် ခဲတံကိုကောက်ကိုင်လိုက်သည်။


ဝမ့်သာသည် ရွှီချင်ချင်၏လက်အပေါ်၌ သူ့လက်ကိုထပ်လိုက်ပြီး ငြင်းဆိုခြင်းမပြု။


"ကောင်းပြီ ၊ နင်မေး။"



ဟယ့်ကျောင်းမှာ နဂိုကတည်းကိုကမပါဝင်ချင်ခဲ့ ၊ သို့တိုင် ဝမ့်သာသည်ကား မမှိတ်မသုန်သူ့အားစိုက်ကြည့်လို့နေသည်။ သိသာလှပေ၏ ၊ ဝမ့်သာတစ်ယောက် ရှဲ့ယွီရဲ့လက်ကိုမထိရဲနေခြင်း ၊ ဤအတွက်ဟယ့်ကျောင်းကိုမြန်မြန်သူ့အပေါ် လက်လာတင်ခိုင်းနေခြင်းသာဖြစ်သည်။



ရှဲ့ယွီသည်ကား အလွန်မှခပ်တန်းတန်းနေတတ်တဲ့သူ။


သူဘာမှမလုပ်ပါဘဲ ငြိမ်ငြိမ်ဆိမ်ဆိမ်မှောက်အိပ်နေလျှင်တောင်မှ လူအပေါင်းကို ခပ်တန်းတန်းနေစေသည့် အဓိပ္ပာယ်မျိုးဆောင်သည်။ အတန်းထဲ၌ ဟယ့်ကျောင်းတစ်ယောက်သာလျှင် သူနဲ့ကရယ်ရယ်မောမောပြောဆိုဆက်ဆံရဲပြီး အခုချိန်ထိတိုင်ကြံ့ကြံ့ခံအသက်ရှင်နေသေးတာဆိုလို့ ဟယ့်ကျောင်းတစ်ယောက်သာ။



ရှဲ့ယွီက နောက်ဆုံးပေ။


သူသည် လက်ကိုမြောက်ကာ ဟယ့်ကျောင်း၏လက်ဖမိုးထက်တင်လိုက်လေသည်။ နွေရာသီကြီးဖြစ်နေတာတောင်မှ ရှဲ့ယွီ၏လက်ထိပ်လေးတွေက အေးစက်နေသယောင် ဟယ့်ကျောင်းခံစားမိလိုက်ရသည်။


ထိုအေးစက်မှုက သူ့လက်ဖမိုးထက်၌မူလောင်မြိုက်လို့နေ၏။


ထိုခံစားချက်က တကယ်ပဲဘယ်လိုဆိုသည်ကိုဖြင့် သူလည်းသေချာမပြောတတ်ချေ။ အတွေးတို့က ရုတ်တရက်ကြီး ယောက်ယက်ခတ်လို့သွား၏။ အစကတော့ ဒီအစုတ်အပြတ်ကစားနည်းကို စိတ်ပူနေတာဖြစ်ပေမယ့် ရုတ်တရက်အတွင်းမှာပဲ ဦးနှောက်အတွင်းဘာကိုမှမတွေးမိတော့။



"မျက်လုံးမှိတ် မျက်လုံးမှိတ် ၊ အရင်ဆုံးမျက်လုံးကိုမှိတ်. ."


ဝမ့်သာကဆိုလာသည်။


"မျက်လုံးမဖွင့်နဲ့ ၊ မဟုတ်ရင်တော့ အဲ့ဒါရောက်လာတဲ့အချိန်ကြ ဝိညာဉ်နုတ်သွားမယ်။"


"မျက်လုံးမှိတ်ထားရင်ကြ အဲ့ဒါကဘယ်ကိုရောက်နေတယ်ဆိုတာကို ဘယ်လိုကြည့်တော့မလဲ?"


". . .  . . . ဒီကလုပ်နည်းမှာတော့ အဲ့လိုပဲရေးထားတာပဲ ၊ ယုံချင်ယုံမယုံချင်လည်းနေ။"


"ဟုတ်ပါပြီ ၊ မှိတ်မှိတ်မှိတ် ၊ ခဏနေမှပြန်ဖွင့်ကြတာပေါ့။"



ရှဲ့ယွီကတော့ ဘယ်လိုမှ အဲ့ဒါတွေကိုအယုံအကြည်မရှိ ၊ လက်တစ်ဖက်က ဟယ့်ကျောင်းလက်ကိုကိုင်လို့ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ စားပွဲထက်တင်လို့ထားမိကာ ခေါင်းကိုစောင်းငဲ့လျက် ဟယ့်ကျောင်းကိုကြည့်မိလေသည်။


ပါးစပ်မှနေ မကြောက်ဘူး မကြောက်ဘူး ၊ ဘယ်သူကြောက် ကြောက်တဲ့သူကခွေးမလို့ပဲဟုပြောသည့်သူမှာ ယခု၌မူအားလုံးထက်ကိုပိုပြီး မျက်ဝန်းတို့ကိုအတင်းပဲမှိတ်လို့ထားလေ၏။



ဘယ်လောက်မှမကြာသေး ဟယ့်ကျောင်းမှာသည်းမခံနိုင်တော့ဘဲ မေးမိတော့သည်။


"မပြီးသေးဘူးလား?"


ရွှီချင်ချင်မှာ မန္တန်ကိုရွတ်ဆိုနေစဲပဲရှိသေးလေသည်။


"ရှေးဘဝ ရှေးဘဝ ၊ ငါကအခုမင်းရဲ့ ယခုလက်ရှိဘဝကပါ ၊ အကယ်လို့ ငါနဲ့အထုံရေစက် ဆက်လက်ရှိနေချင်သေးပါက. . .  . . . ကြားဝင်မဖြတ်စမ်းနဲ့ ၊ လာတာက ဘယ်နားသွားအဲ့လောက်မြန်မှာလဲဟ။"



ဒီလူရဲ့ မျက်တောင်တို့က အလွန်ပင်ရှည်၏။


ရှဲ့ယွီသည် ခဏကြာအောင် စိုက်ကြည့်လို့နေမိသည်။


စာသင်ခန်းတွင်းက မည်းမှောင်နေသော်ငြား ဝမ့်သာကလက်နှိပ်ဓာတ်မီးကို ဖွင့်လို့ထားပြီး စားပွဲထက်ကထိုစာရွက်ကိုထိုးလို့ပေးထားရာ အနားဝန်းကျင်တစ်ဝိုက်တော့ အနည်းငယ်လင်းချင်းလို့နေပါသည်။


ဟယ့်ကျောင်း၏ မျက်နှာတစ်ခြမ်းက အမှောင်ထဲကွယ်လို့နေပြီး ကျန်မျက်နှာတစ်ခြမ်းမှာမူ အဖြူရောင်အလင်းဖြင့် အနားသတ်ပုံကြမ်းရေးဆွဲထားသဏ္ဌာန်ပေါ်လွင်လို့နေ၏။



နှာတံမြင့်မြင့် ၊ မျက်နှာသွင်ပြင်က တိရိပေါ်လွင်ကာ မျက်ခုံးမျက်လုံးတို့က ငယ်ရွယ်နုပျိုခြင်းအငွေ့အသက်တို့ သိပ်သည်းစွာရှိနေသည်။ စကားမပြော ၊ ပြုံးရယ်ခြင်းမရှိသည့်အခါမျိုးတွင် တစ်စုံတစ်ရာသော ပြောမပြတတ်လောက်အောင်တင်းမာသည့်ခံစားချက်မျိုးပေးစွမ်းသည်။ ဟယ့်ကျောင်း၏ ညာဘက်နားထက်၌ နားပေါက်သုံး/လေးပေါက်ခန့်ရှိ၏ ၊ ရှဲ့ယွီသည် နွေရာသီကျောင်းပိတ်ခိုက် ပထမဆုံးအကြိမ်ဆုံတွေ့ကြစဉ်တုန်းကအချိန်ကို ရုတ်တရက်သတိရလို့သွားသည်။ ထိုအချိန်က ထိုသူ၏နားထက်၌ နားကွင်းနှစ်ကွင်းတပ်လို့ထားသည်မှာ ကလက်တက်တက်ဖြင့် မတော်တရော်ရှိလွန်းလှပါသည်။



ဟယ့်ကျောင်းတစ်ယောက် မျက်လုံးကိုမှိတ်လို့ အတန်ကြာသည်အထိ စောင့်ပြီးသွားချိန်မှာတော့ တကယ်ကိုဆက်လက်မှိတ်ထား၍မရတော့ချေ။ ဝမ့်သာသည်ကား ကျောချမ်းဖွယ်ရာ ထူးထူးဆန်းဆန်းနောက်ခံတေးသွားအား ခပ်တိုးတိုးဖွင့်လို့ထားကာ ရွှီချင်ချင်သည်လည်းပဲ မန္တန်ကိုကောင်းကောင်းမရွတ်ပါဘဲ သရဲဝင်ပူးနေသကဲ့သို့ရွတ်ဆိုနေလေသည်။


သူခံစားမိလာရသည်မှာ ဆက်လက်မှိတ်ထားပါက မကောင်းဆိုးဝါးတွေ သူ့ဘေးအနားဝိုင်းလာပြီး ပါတီပွဲကျင်းပ ကခုန်နေကြလောက်မည်ဟု။


ထို့နောက်မှာတော့ သူသည်မျက်ဝန်းတို့ကို ဖြည်းညင်းစွာဖွင့်လိုက်စဉ် မမျှော်လင့်စွာ ဗြုန်းစားကြီး ရှဲ့ယွီ၏မျက်ဝန်းတို့နှင့် ကြုံဆုံလို့သွားခဲ့ရသည်။


နှစ်ဦးသား အကြည့်ချင်းဆုံမိကြလေ၏။


". . . . . ."



ရွှီချင်ချင်သည်အဆုံးမှာတော့ မန္တန်ရွတ်လို့ပြီးဆုံးသွားခဲ့ပြီး မေးခွန်းမမေးခင်၌ သူမကထပ်မံပြောလာသည်။


"မျက်လုံးမဖွင့်နဲ့နော် ၊ ဝိညာဉ်နုတ်ခံရမယ်။"


သူ့ကိုကြည့်ပြီးဟယ့်ကျောင်းတစ်ယောက်မှင်တက်နေသည်ကိုတွေ့တော့ ရှဲ့ယွီမှာ ဒီလူထပ်ပြီး အပြင်မှာတည်ငြိမ်နေသလိုဟန်ဆောင်ပြီး စိတ်ထဲမှာကြတုန်လှုပ်နေလောက်တယ်ဟုတွေးမိကာ အေးစက်စက်လည်းမနိုင် နွေးထွေးမှုလည်းမရှိသည့် အပြုံးတစ်ပွင့်လှစ်ဟလို့ ဟယ့်ကျောင်းအား အသံမထွက်ဘဲနှုတ်ခမ်းလှုပ်ရုံဆိုလိုက်သည် - တကယ်မဟုတ်ဘူး။



ရွှီချင်ချင်သည်ကား ပုံမှန်ဆို ပေါ့ပေါ့တန်တန်နေတတ်သူဖြစ်လင့်ကစား မေးခွန်းမေးချိန်တွင်တော့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ဗီဇကထွက်ပြူလို့လာသည်။ အတော်ကြာသည့်တိုင်တွေဝေနေကာ အားလုံး၏နားရွက်များကိုလည်းပိတ်ထားချင်မိ၏ ၊ အဆုံးတွင်မူ မေးခွန်းတစ်ခုမေးလိုက်တော့သည်။


"သူ. . .  . . . ငါ့ကိုသဘောကျလား?"


"ဘယ်သူတုန်း. ."


ဝမ့်သာက ပထမဆုံးခုန်ထမိရ၏။


"နာမည်ပြော ၊ ဘယ်သူများတုန်း ငါကဘယ်လိုကြောင့်မသိရတာလဲ ၊ ဘယ်နွားကများ ငါတို့အခန်း(3)ရဲ့ပန်းတစ်ပွင့်ကို ဖြားယောင်သွားရတာလဲ?"


ရွှီချင်ချင် : "စိတ်ရှုပ်ဖို့ကောင်းချက်ပဲ နင် ၊ နင့်သောက်အပူမပါဘူး။"


ဝမ့်သာ : "မဖြစ်နိုင်တာ ၊ အတန်းအားလုံးရဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးမဆို ငါ့မျက်ဝန်းတစ်စုံကနေ လွတ်ထွက်မသွားနိုင်ဘူး။"


ရွှီချင်ချင် : ". . .  . . . နင်ချွေတာပြီးပြော။"



အဆုံးမှာတော့ ခဲတံအသွားက 'ငြင်းဆို' ဆိုသည့်စာလုံးပေါ်သို့ကျလို့သွားလေသည်။



ဟယ့်ကျောင်းသည် စိတ်ထဲ၌ထိတ်ထိတ်ပျာပျာဖြစ်သွားရ၏။


"ဒီအရာက တကယ်ကြီးလှုပ်တာလား?"


"ရှူး ၊ အဲ့လိုမပြောရဘူး ၊ ခဲတံဝိညာဉ်ကိုမလေးမစားမလုပ်နဲ့။"


ဝမ့်သာကပြောလာပါသည်။


ဟယ့်ကျောင်း : "မလေးစားရင် ဘယ်လိုဖြစ်မှာလဲ?"


ဝမ့်သာမှာ စကားလုံးတွေပင်သေချာမစီရသေး ရှဲ့ယွီ၏ခပ်ပြတ်ပြတ်ပြောလိုက်သံအားကြားလိုက်ရသည်။


"ညကြမင်းကိုလာရှာလိမ့်မယ်။"


". . . . . ."



ဟယ့်ကျောင်းတွင်ကား မေးစရာဘာမှမရှိ ၊ ခဲတံဝိညာဉ်ကိုမမေးဘဲနေလျှင် မလေးစားရာရောက်သည်ဟု ဝမ့်သာကဆိုလာပြန်သည့်အခါမှာတော့ ဟယ့်ကျောင်းသည် အတန်ကြာစဉ်းစား၍ အဆုံးမှာတော့မေးလိုက်ပါသည်။


"ကမ႓ာပေါ်မှာ ငါ့ထက်ချောတဲ့လူရှိသေးလား?"


ရွှီချင်ချင် : "အရှက်မရှိချက်။"


ဝမ့်သာ : "အရှက်မရှိချက်ပဲ။"


ရှဲ့ယွီ : "ဟက်။"



"အစ်ကိုကြီး ၊ မင်းအလှည့်ရောက်ပြီ။"


ဝမ့်သာသည် ရှဲ့ယွီထံမျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြလာခဲ့သည်။


ရှဲ့ယွီပြောလိုက်သည်။


"ငါ့မှာလည်း ဘာမှမေးစရာမရှိဘူး။"


ဟယ့်ကျောင်း : "မဖြစ်ဘူး ၊ မလေးစားရာရောက်တယ်။"


ရှဲ့ယွီ : ". . . . . ."



ကျိုးသာ့လေမှာ ရှဲ့ယွီထံဖုန်းဆက်လို့လာပြီး စကားနှစ်ခွန်းမျှပင်မပြောရသေး ကြားတာနဲ့ရှဲ့ယွီစိတ်ကြည်နူးလျက်ရှိမှန်းသိလိုက်ရသည်။


"ဘာတွေများဖြစ်လို့လဲ? အဲ့လောက်တောင်ပျော်နေတာ?"


ရှဲ့ယွီကမည်သို့မျှမဆို တန်ပြန်မေးလို့လာသည်။


"မင်းကြတော့ရော ၊ ဟိုကဖုန်းဆက်လာတာနဲ့ပဲ တစ်လျှောက်လုံးအူမြူးနေပြီး။"



"ချီးထုပ်ကောင်လေးသာ့မေလေ ဒီနေ့ဖုန်းဆက်လာတယ်!"


ကျိုးသာ့လေက ပြောလာ၏။


"မင်းစိတ်ချ ၊ ငါမင်းအစားပါ ဆူပေးလိုက်တယ်။ အဲ့ချီးထုပ်ကောင်လေးက တအားရွပိုးထိုးတာ မဆူပေးလို့မရဘူး။"


သာ့မေဒီလိုဖုန်းဆက်လာမှုက တကယ်ကိုမျှော်လင့်မထားတာကြီး ၊ oversea callဖြစ်တာတောင် အံ့သြစရာကောင်းစွာ မည်သူမှဖုန်းပြောခစျေးကြီးသည်ကိုစိတ်မပူမိကြ။ လေကျစ်အမေရော ၊ အန်တီမေရောကပါ တန်းစီလို့ သာ့မေနှင့်စကားပြောချင်နေကြသည်။ ကျိုးသာ့လေမှာ သေသေရှင်ရှင်ဖုန်းကိုမလွှတ်ဘဲ မောင်ပိုင်စီးလို့ထားတော့၏။ အဆုံးတွင်တော့ ပြတင်းပေါက်ဘောင်ပေါ်မှောက်လို့ ခန္ဓာကိုယ်တစ်ဝက်အားအပြင်ဘက်ထုပ်ထားပြီး ဖင်ထောင်ကာ ဖုန်းလုမယ့်ကြောက်စရာကောင်းလှသူများရန်မှ ကင်းအောင်လုပ်လိုက်ပါသည်။ ထို့နောက်၌မူ တင်ပါးထက်သို့ လေကျစ်အမေ၏ကန်ချက်နှစ်ချက်ကျရောက်လို့လာခဲ့ရာ လေးထပ်ကနေပြုတ်ကျလုနီးဖြစ်သွားခဲ့သေးသည်။



ရှဲ့ယွီသည် ထိုမြင်ကွင်းအား မြင်ယောင်ကြည့်မိ၏။


"ဒါမှတကယ့်အမေရင်းကွ။"


သာ့မေကပြောလာသည်။


"အမေရင်း ၊ ဘယ်လိုတောင်သရော်လိုက်တဲ့ အသုံးအနှုန်းတုန်း။"



"သာ့မေကပြောတယ် သူအဲ့ဘက်မှာအတော်အဆင်ပြေပါတယ်တဲ့ ၊ ငါတို့ကိုမစိုးရိမ်နဲ့တဲ့ ၊ ဒင်းကကြွားသေးတာ ၊ သူ့ရုပ်ရည်ကပြည်တွင်းမှာရှိတုန်းကတော့သိပ်ပြီးရေပန်းမစားပေမယ့် နိုင်ငံခြားလည်းထွက်ပြီးရော အားလုံးကသူ့ကို သူမတူအောင်ကိုချောတဲ့သူလို့ထင်လာကြတယ် ဆိုပြီးလည်းပြောသေးတယ်။ ပြီးတော့ ဟိုအစုတ်ပလုတ်ပန်းအိုးလေ ၊ အဲ့ပန်းအိုးက သူ့ရဲ့နှလုံးသည်းပွတ်တဲ့ ၊ အမြဲလိုလိုသတိတရတွေးမိတယ်ဆိုပဲ။"


"အရင်က ငါတို့ဘတ်စကက်ဘောအတူသွားကစားဖြစ်တဲ့ အစုတ်အပြတ်ကွင်းဖျက်လိုက်တာကိုလည်း ငါသူ့ကိုပြောလိုက်တယ် ---  --- သောက်အဝတ်စစုတ်အနည်းငယ်ကိုပတ်ပြီးလုပ်ထားတာကိုများ အားကစားကွင်းလုပ်ခေါ်နေတာ ၊ ဒါပေမယ့် ရပ်ကွက်ထဲကွင်းအသစ်လာလုပ်သွားပြီ ၊ အားကစားကွင်းအသစ်! ဒီလောက်နှစ်တွေအကြာကြီးနေလာတာ နောက်ဆုံးတော့ကွင်းအသစ်ရလိုက်ပြီပဲ! အဲ့ပလတ်စတစ်နေထိုးလို့ထွက်လာတဲ့ ရနံ့ကိုရှူမိရင်သက်သောင့်သက်သာသိပ်ရှိတာပဲ ၊ သူပြန်လာချိန်ကြ ငါတို့ထပ်ပြီးဘတ်စကက်ဘောအတူကစားကြရအောင်။"


ကျိုးသာ့လေမှာ တောင်စဉ်ရေမရ တစ်ပုံတစ်ပင်ပြောလို့လာသည်။


ရှဲ့ယွီသည်နားထောင်ရင်း တစ်ခါတစ်လေမှ တစ်ခွန်းစနှစ်ခွန်းစပြန်လို့ပြောသည်။



"ရှဲ့Boss မင်းအိပ်တော့မှာလား?"


"ဟင့်အင်း ၊ မင်းဆက်ပြော။"



ကျိုးသာ့လေမှာ ဝရံတာတွင်ထွက်ရပ်လို့ဖုန်းပြောနေခြင်းဖြစ်သည်။ ညသန်းခေါင်ချိန်မို့ အိမ်ကလူတွေနိုးသွားမှာစိုးတာလည်းပါသည်။ သူ၏လက်ချောင်းကြား၌စီးကရက်တစ်လိတ်ညှပ်လို့ထားရာ ဆေးလိပ်မီးမှာညအမှောင်ထဲ၌ တလက်လက်လင်းလို့နေသည်။ သူသည်ဆေးလိပ်ပြာတို့ကိုတောက်ချပြီးနောက် ဆိုလိုက်သည်။


"ဘာပြောရမှာတုန်း ၊ တကယ်တော့ငါအတော်လေးဝမ်းနည်းနေတာ။"


ရှဲ့ယွီသည် ဘာမှမပြောမိ။


"ငါပြောတာက ပျော်ရွှင်တဲ့ပုံပေါက်နေတာဆိုပေမယ့်. . ."


ကျိုးသာ့လေ၏ လေသံကတိုးလျလို့သွား၏ ၊ ဆေးလိပ်သောက်နေလို့ပဲလား ဘာလားတော့မသိ အဆုံးသက်လေသံမှာ ကွဲအက်အက်နိုင်လှသည်။


". . .  . . . ထားပါ ၊ မပြောတော့ဘူး ၊ ငါကဘာကိုပြောရမှာလဲ။"



ကျိုးသာ့လေသည် ဝရံတာထက်ရပ်ရင်းမှ အောက်ဘက်ရှိမြင်တွေ့နေရတာ ဆယ့်သုံး/လေးနှစ်ရှိပြီဖြစ်သည့် ရှုခင်းတို့အားလှမ်းကြည့်နေမိသည်။ ရှုပ်ပွနေတဲ့ လျှပ်စစ်မီးကြိုးတွေ ၊ ပြီးတော့ ဘယ်အိမ်ကသိမ်းဖို့မေ့သွားခဲ့မှန်းမသိတဲ့ ဂွမ်းကပ်စောင်တစ်ထည် လေတိုက်လို့တိုက်အောက်ပြုတ်ကျလာသည်တို့အား။


တဖန်ဟိုးအဝေးက အဝတ်စစုတ်သုံးလေးစဖြင့်ပတ်ပြီးလုပ်ထားသည့် ဘတ်စကက်ဘောကွင်းမှာ ယခုတော့အများသုံးသန့်စင်ခန်းအဖြစ်ပြောင်းလဲသွားပေပြီ။ အများသုံးသန့်စင်ခန်းအားဆောက်လုပ်ထားသည်မှာ သူတို့ယခုနေနေသည့်အိမ်တွေထက်ပင် ပိုလို့ကောင်းနေသေး၏။ ဥရောပစတိုင်ဖြစ်ပြီး ခေါင်မိုးအထွတ်အချွန်လေးများက ထိုးထိုးထောင်ထောင်ရှိလို့နေကြပါသည်။



သူသည်ဖုန်းကိုချတော့မည့်အခိုက် ရှဲ့ယွီပြောလိုက်သည်အား ကြားလိုက်ရလေသည်။


"ငါလည်းဝမ်းနည်းတယ်ကွ ၊ တစ်နေ့တစ်နေ့ဘာမဟုတ်တဲ့ ချီးလိုကျုံးအိမ်က ဒုသခင်လေးဆိုပြီး သခင်လေး ၊ ဒုသခင်လေး နဲ့ခေါ်ခေါ်နေတာကဦးနှောက်ထဲကိုမစင်လာစွန့်နေသလိုပဲ။"


ကျိုးသာ့လေ၏ စိတ်ထဲကဝမ်းနည်းနေမှုတို့မှာ  ဒီလိုနဲ့ပဲ ရှဲ့ယွီရဲ့ဆဲဆိုမှုနောက်လွှင့်ပါလို့သွားလေတော့သည်။


သူသည်ဆေးလိပ်မီးအားသတ်၍ ရယ်လိုက်ပြီးနောက် လိုက်လို့ဆဲသည်။


"ယီးပဲ ၊ ကျုပ်ကစုတ်စုတ်ပြတ်ပြတ်ကွင်းထဲမှာပဲ ညီအစ်ကိုတွေနဲ့ဘတ်စကက်ဘောကစားရတာကိုကြိုက်တာ ၊ ကွင်းနေရာအသစ်ပြောင်းတာက ငါကစားတာကိုထိခိုက်တယ်ကွ ၊ ဒီလိုကြောင့်နဲ့ ကမ႓ာပေါ်မှာ NBAဘတ်စကက်ဘောကစားသမားတစ်ယောက် လျှော့သွားတာကိုရော သိကြရဲ့လား။ ပြီးတော့ဒီအိမ်သာက တအားကိုကြည့်ရဆိုးချက်ပဲ ၊ တစ်နေ့ကြရင်တော့ ဖြိုကိုပစ်ဦးမယ်။"


နှစ်ဦးသားသည် ဟန်ဆောင်မှုကင်းစွာဖြင့် ရင်ထဲကချုပ်တည်းထားသမျှအားလုံးအား ဖွင့်ထုတ်ပြောပစ်လိုက်ရာ စိတ်ထဲအတော်ကိုလွတ်လပ်လို့သွားရ၏။



"ငါဒီနေ့ အရူးတစ်ယောက်နဲ့ အတူတွဲပြီး ရန်တစ်ပွဲနွှဲဖြစ်သေးတယ်. ."


ရှဲ့ယွီသည် ရယ်မောလိုက်လျက်မှ ပြောလိုက်၏။


"ငါ့ထုံကျောလေ ၊ မင်းသိပါတယ်။"


ကျိုးသာ့လေက အမေးရှိလာသည်။


"မင်းထုံကျောကို ငါကဘယ်လိုလုပ်ပြီးသိတာတုန်း? ငါတို့နှစ်ယောက်ကဖြင့် တစ်မြို့တည်းမှာတောင်ရှိတာမဟုတ်တဲ့ဟာ ၊ ချောလားသူက?"


ရှဲ့ယွီကဆိုလိုက်၏။


"သောက်ချောကြီး။"



". . . . . ."


ကျိုးသာ့လေသည် သူ့ရဲ့ဒီဘဝတစ်လျှောက်လုံးမှာ သောက်ချောကြီးဆိုတာမျိုးအား တွေ့ဖူးတာဆိုလို့ သုံး/လေးယောက်ပင်မရှိဟူ၍သာ တွေးဆမိလေသည်။ ထိုအမည်နာမမျိုးအား သူကိုယ်သူအားခေါ်တာကလွဲ နောက်တစ်ယောက်ဆိုလို့ ရှဲ့ယွီကိုသာလျှင်ရှိပေမည် ---  --- နွေကျောင်းပိတ်ရက်က ရဲစခန်း၌ သူသည်ဒူးထောက်လျက် လက်ကိုခေါင်းထက်တင်ထားရသည့် အနေအထားအတိုင်းရှိနေရရင်းမှ တစ်စုံတစ်ယောက်သော သောက်ချောကြီးအား ချီးကျူးစကားဆိုခဲ့လေသည့်ကိစ္စကိုဖြင့် လုံးလုံးမေ့လျော့လို့သွားခဲ့ပြီဖြစ်သည်။


"မဖြစ်နိုင်တာ ၊ မင်းငါ့ကိုလာနောက်နေတာမလား။"


နှစ်ဦးသား တစ်ခဏကြာပြောဆိုကြပြီးနောက် ကျိုးသာ့လေမှာ ရုတ်တရက်ကြီးစကားမဆိုတော့ချေ။ သူသည်အသက်အောင့်ကာ တစ်စုံတစ်ရာကိုအာရုံစူးစိုက်မိပြီးနောက်မှ မေးလာ၏။


"ဘာအသံလဲ?"


"ရှဲ့Boss မင်းရဲ့အဲ့ဘက်ကဘာအသံတုန်း? ထူးဆန်းတယ်။"



ရှဲ့ယွီသည်လည်း ကြားလိုက်ပါသည်။ ထပ်၍ဘယ်ကလာမှန်းမသိသည့် တံခါးခေါက်သံပင် ၊ ဒီတစ်ခေါက်တွင်တော့ သူ့အိပ်ခန်းနဲ့အတော်လေးကိုနီးကပ်လာ၏ ၊ သူကတော့ ပေါ့ပေါ့တန်တန်သာ ပြောလိုက်သည်။


". . .  . . . ဂုဏ်ယူပါတယ် ၊ အဲ့ဒါငါတို့အဆောင်ကမကောင်းဆိုးဝါးပဲ။"


ကျိုးသာ့လေ : "မင်းတို့အဆောင်က သရဲခြောက်တယ်?"


"အံ့သြသွားလား. ."


ရှဲ့ယွီကဆိုသည်။


"နောက်တော့မှ အဲ့အကြောင်းမင်းကိုပြောပြဦးမယ် ၊  သောက်ချောကြီးတော့ အခုချိန်ဆို စောင်ခေါင်းမြီးခြုံပြီး တုန်နေလောက်ပြီ ၊ ငါသွားပြီးရှုစားလိုက်ဦးမယ်။"



rate now: