"လောင်ရှဲ့ ၊ လာခဲ့!"
"အလွတ်ရေးတာ မအောင်တဲ့သူတွေ ကိုယ့်ဘာသာအချိန်ပေးပြီး ရုံးခန်းကိုလာခဲ့ကြ။"
အင်္ဂလိပ်ဆရာမမှာ အခုလေးတင်မှကပ်ရပ်ကအခန်း(2)မှာသင်လို့ပြီး၍ အလျင်းသင့်ပင် အမှန်ပြင်ကာစစ်လို့ပေးထားသည့် အခန်း(3)ကအလွတ်ရေးထားတဲ့စာရွက်တို့ကိုသယ်လို့ အတန်းဆင်းတာနဲ့လာရောက်ဝေလေသည်။ သူမသည်အပေါက်ဝ၌ရပ်ကာ မှာကြားလို့ပြီးနောက် ထပ်မံဆိုလာ၏။
"ဟယ့်ကျောင်း ၊ မင်းကတယ်ဟုတ်နေတာပဲ ၊ အလွတ်ရေးတာကိုလည်း ပုစ္ဆာတွက်သလိုမျိုး အလွတ်မရတော့ နောက်တစ်ခုစောင့်နဲ့ အဆုံးမှာတော့ ငါ့ကိုစာရွက်ဗြောင်ကြီးတစ်ရွက်လာထပ်တယ်ပေါ့?"
ရှဲ့ယွီမှာ ရယ်ချင်သည်ကိုထိန်းမရတော့ဘဲ ခေါင်းငုံ့လို့အသာရယ်မိလေတော့သည်။
ဟယ့်ကျောင်းသည် ထုံကျော၏ပုခုံးထက်လက်တင်လိုက်ပြီး အနားကိုတိုးကပ်သွားလိုက်ကာဆိုသည်။
"အကြင်နာတရားကိုမရှိဘူး ၊ ခုနတုန်းက မင်းကိုပြပါဦးဆိုတုန်းကကြ မင်းမှမပြတာ. . . . . ."
ရှဲ့ယွီကပြန်လို့နှက်သည်။
"ဘာတွေများ အလုပ်ရှုပ်ခံနေတာတုန်း? စာအုပ်ကိုတိုက်ရိုက်ချဖွင့်ပြီးကူးလေကွာ။"
ဟယ့်ကျောင်းတစ်ယောက် ဘာစကားမှမပြောနိုင်တော့ချေ။
အလွတ်ရေးရသည့်အချိန်တုန်းကဆို ရှဲ့ယွီသည်တစ်ခဏမျှတွေဝေမိသေး၏။ မိမိမှာ တကယ်ကို ထိုအကျဉ်းအကျပ်ထဲကနေထွက်လို့မရသေးသည်ကို ခံစားမိရသည်ကြောင့် ပွင့်ပွင့်လင်းလင်းပဲ စာလုံးတွေကိုကူးလို့ချပြီး အဖြေမှန်နှုန်းကိုဖြင့် 60%လောက်ကိုကို အလွန်ပင်အသေအချာထိန်းချုပ်ထားမိရသည်။
ဟယ့်ကျောင်းသည် စာအုပ်အားအတန်ကြာအောင်လှန်ရင်း ရှဲ့ယွီစာရွက်ထံဖျတ်ခနဲအကြည့်ရောက်မိခိုက်မှာတော့ စတင်လို့ထုံကျော၏အကြံအစည်ကိုတိုက်ခိုက်မိတော့သည်။
"မင်းကတစ်ဝက်လောက်တောင်ချရေးနိုင်တယ်ပေါ့?"
ရှဲ့ယွီ၏ မျက်နှာအမူအရာကတော့ ဗလာနတ္ထိ။
"သိပ်အံ့သြသွားလား?"
အင်္ဂလိပ်ဆရာမကဆက်လက်ပြောလို့လာသည်။
". . . . . . ကျန်တာတွေကို ရွှီချင်ချင်ပဲဆက်ဝေပေးလိုက်တော့ ၊ ကိုယ့်ကိုယ်ကိုယ်ဘယ်နားမှားတယ်ဆိုတာကြည့်ကြ။ ဒီညအိမ်ပြန်ရောက်ရင် လုပ်ရမယ့်အိမ်စာကတော့ ဒီUnitကနမူနာမေးခွန်းလွှာတစ်စုံကိုပဲ ၊ အားလုံးပဲသေသေချာချာလုပ်ခဲ့ကြ ၊ နောက်တစ်ပတ်လပတ်စာမေးပွဲမှာ ဒီလောက်အမှတ်လေးတွေနဲ့ ငါတို့အတန်းကိုအရှက်ရတာမျိုးမဖြစ်စေကြနဲ့။"
ဟယ့်ကျောင်းကတော့ ဆရာမဘာတွေပြောနေလဲ သေချာနားမထောင်ချေ ၊ သူသည် ရှဲ့ယွီရဲ့ရုတ်တရက်ပြောလာသံကိုသာ ကြားမိရသည်။
"မင်းရဲ့ ညာဘက်ကိုကြည့်လိုက်။"
"ဘာကြည့်ရမှာလဲ. ."
ဟယ့်ကျောင်းသည် နားမလည်စွာဖြင့်လှည့်လို့ကြည့်လိုက်ပါ၏။
"ဘာမှလည်းမရှိ. . . . . ."
ပြောတာတစ်ဝက်မျှသာရှိသေးသည် ရုတ်ချည်းနှုတ်ဆိတ်သွားမိရလေသည်။
ဝမ့်သာနှင့် လျှိုချွိင်ဟောက်ပါပေ။
ထိုနှစ်ဦးမှာ အကြည့်တစ်ချက်မရွေ့ဘဲ အလွန်မှဝေခွဲမရဟန်အကြည့်မျိုးဖြင့် သူတို့နှစ်ယောက်အားစိုက်လို့ကြည့်နေလေသည်။
သူတို့မျက်နှာထက်၌ စာလုံးရေ(၈၀၀)စာစီစာကုံးတစ်ပုဒ်ကဖြင့် အထက်အောက်ရွေ့ဖြတ်ပြေးနေသယောင်ယောင် ဟယ့်ကျောင်းမြင်တွေ့ရလေသည်မှာ - ခိုးချတဲ့နေရာမှာဘုရင်လို့ မင်းကိုငါကထင်နေတာ ၊ မင်းကတော့ စာရွက်ဗြောင်ကြီးပဲထပ်လိုက်တယ်ပေါ့ ဟူ၍။
အကြည့်တို့ကတောက်လောင်ကာ သူ့အားဖောက်ထွင်းမတက်စိုက်ကြည့်ကာနေသည်။
". . . . . ."
ဟယ့်ကျောင်းသည် မတုန်မလှုပ်ပင် အကြည့်ကိုလွှဲလိုက်ပြီး ဘာကိုမှမမြင်ဟန်ပြုကာ ရှဲ့ယွီထံသာခေါင်းလှည့်လို့မေးလိုက်သည်။
"ညကြရင်ဘာစားမလဲ?"
ညနေခင်းကျောင်းတံခါးဖွင့်လို့ထားချိန်တစ်ဖြတ်အတွင်း၌ အပြင်သို့လစ်ထွက်ကာ ထမင်းတစ်နပ်လောက်သွားစား၍ရလေသည်။
အဆောင်နေကျောင်းသားများအနေနဲ့ အပြင်ကိုထွက်ချင်တိုင်းထွက်၍မရသော်ငြားလည်း ကျောင်းဆင်းချိန်ဆို လူတွေများလွန်းခြင်းကြောင့် ခွေးရူးသည်လည်းလာရောက်မထိန်းကျောင်းနိုင်ချေ။
ကန်တင်းကဟင်းတို့မှာ သာမန်မျှဖြစ်ပြီး လက်ရာကလည်းဘယ်နားမှကောင်းမနေ ၊ စားဖိုမှူးလက်တစ်ချက်တုန်သွား၍ ဆားထည့်တာများသွားခြင်းဆိုသည်ကား ပုံမှန်ဖြစ်စဉ်အတိုင်းပင်ရှိလို့နေပြီး ထိုဟင်းနှင့်တွဲဖက်ပေးသည့် ဟင်းချိုမှာတော့ပေါ့ရွှတ်လို့နေတော့သည်။ ဝက်နံရိုးစွတ်ပြုတ်ထဲတွင်တော့ ကျောက်ဖရုံသီးသုံး/လေးတုံးသာလျှင်ပါလေသည်၊
ဟယ့်ကျောင်းက ထပ်မံဆိုလာသည်။
"ငါ အစောကတည်းက ရှိန်ကျယ်ကို ကျင်းပန်မှာနေရာကြိုဦးခိုင်းထားတယ် ၊ ကျောင်းဆင်းလို့ရှိရင်အတူသွားကြမလား?"
"ကျင်းပန်?"
ရှဲ့ယွီသည် မေးလိုက်မိ၏။
ဟယ့်ကျောင်းကတော့ သဘောတူသည်ဟုသာချက်ချင်းမှတ်ယူလိုက်ပြီး ခေါင်းငုံ့လို့ရှိန်ကျယ်ကိုအကြောင်းပြန်လိုက်သည် - နေရာတစ်နေရာပိုယူထားပေး ၊ ငါ့ထုံကျောရောလာမှာ။
ရှဲ့ယွီမှာ ငြင်းချိန်ပင်မရလိုက်တော့။
သူက အစားအလွန်ရွေးသော်ငြား ကျောင်းအပြင်ကိုတော့အလွန်ပင်ထွက်ခဲလှပါသည်။
အမှတ်(၂)ကျောင်း၏အနီးဝန်းကျင် မီတာ(၅၀၀)အတွင်း၌ ထမင်းဆိုင်လေးတွေတွေဆယ်ဆိုင်ကျော်မျှရှိလေသည်။ အချင်းချင်းအပြိုင်အဆိုင်ရှိကြပြီး ဧည့်သည်တွေလာရောက်ဖို့ရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြသည်။ သို့တိုင်သူတို့က စျေးလျှော့ပေးတာတွေတော့မလုပ် ၊ စျေးလည်းလျှော့မပေးသည့်အပြင် နှစ်ပွဲယူရင်တစ်ဝက်စျေးဆိုတာမျိုးလည်းမရှိခဲ့ချေ။ ကျင်းပန်ထမင်းဆိုင်ကနေစပြီးမှ လမ်းတစ်လျှောက်လုံးက စားသောက်ဆိုင်လုပ်ငန်းတွေအားလုံးလည်း နာမည်ပြောင်းခြင်းမျိုးတွေ ဒီရေအလားတိုးလို့လာကြတော့သည်။
No. 1 House ၊ ပေကျင်းတက္ကသိုလ် ဖတ်ထုပ်ပြုတ် ၊ ချင်းဟွာပေါက်စီဆိုင်စသဖြင့်။ လမ်းဘေးဆိုင်ငယ်ကလေးများနှင့် အချိန်မရွေးအစိုးရကသိမ်းယူသွားမည့် အကင်ဆိုင်များအားလုံးကိုဖြင့် 985အသားကင် ဟူ၍ခေါ်နိုင်ပေသည်။
ကျောင်းဂိတ်ပေါက်ဝ၌ရပ်လို့ တစ်ချက်ပြန်လှည့်ကြည့်မိရင်ဖြင့် တကယ်ကိုစိတ်လှုပ်ရှားစရာမြင်ကွင်းပေ။
ကျင်းပန်စားသောက်ဆိုင်မှာ လမ်းရဲ့အဆုံးမှာရှိပြီး ကျောင်းနဲ့ကအဝေးဆုံးမှာပင် ၊ ကွေ့လိုက်ရင်ဖြင့် နောက်တစ်လမ်းကိုရောက်လို့သွားမှာဖြစ်ပြီး အလွန်ပင်တိတ်ဆိတ်လွန်းလှသည်။
ရှိန်ကျယ်သည် လေးယောက်ထိုင်စားပွဲတစ်လုံးကိုရွေးလိုက်ပြီး ဝင်ထိုင်လို့menuကြည့်ရင်း လူစောင့်နေလိုက်သည်။
Menuထဲရှိအများစုကတော့ အိမ်ထမင်းအိမ်ဟင်းတွေသာဖြစ်သည် ၊ ရှိန်ကျယ်သည် ပုံမှန်မှာနေကြဟင်းပွဲ သုံး/လေးပွဲလောက်ကိုရွေးလိုက်ပြီးနောက် ဖုန်းထုတ်လို့ဟယ့်ကျောင်းကို မေးလိုက်ပါသည် - ငါဟင်းမှာမလို့ ၊ မင်းရဲ့ယွီသခင်လေးကဘာစားမှာလဲ? ရှောင်တာတွေဘာတွေများရှိလား?
ဟယ့်ကျောင်းသည် ဟိုတစ်ခေါက်က အချိုပါတဲ့ပဲနို့နဲ့ အချိုမပါတဲ့ပဲနို့ကို သတိရလို့သွားပြီး ဘာတွေရှောင်သလဲအား ရှဲ့ယွီကိုပြောခိုင်းရင်ဖြင့် သုံးရက်သုံညလောက်တောင် ပြောယူရလောက်မည်ဟု တွေးလိုက်မိလေသည်။
-နံနံပင် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ မစားဘူး ၊ ဆီများတာတွေမစားဘူး ၊ ချိုလွန်းတာတွေဆိုလည်း မရဘူး ၊ ငရုတ်သီးမှုန့်အစပ်တွေမပါတာဆို အကောင်းဆုံးပဲ။
ရှိန်ကျယ်မှာ ဟယ့်ကျောင်းရဲ့ပြန်စာကိုကြည့်ပြီးနောက် အတွေးနက်လို့သွားခဲ့ရ၏။ သူသည်menuကိုသေသေချာချာလှန်ဖွင့်ရင်းမှ မိမိပုခုံးထက်ထမ်းထားရသည့်တာဝန်က တော်တော်လေးကိုလေးလံလှပါကလားဟု ပထမဆုံးခံစားလို့လာရလေသည်။
"သူဌေး ဒီကြက်အစပ်ကို အစပ်မထည့်လို့ရမလား? ဆီလည်းနည်းနည်းပဲထည့်မှာ ၊ ကြက်သွန်နီမထည့်ဘူး။"
သူသည်ပြောပြီးနောက်မှ ဒီပုံအတိုင်းသာဆို ဒီကြက်အစပ်ဟင်းရဲ့အာနိသင်တွေအကုန်ပျောက်ဆုံးသွားမှာပေါ့ဟု တွေးမိလာရပြန်သည်။
". . . . . . ခဏလေး ၊ ကျွန်တော်ခဏလောက်ထပ်ကြည့်လိုက်ဦးမယ်။"
ရှိန်ကျယ်သည် menuကြည့်ရင်းမှခေါင်းကိုက်လို့ပင်လာရ၏။ ထို့နောက်ဟယ့်ကျောင်းထံ စာပို့လိုက်သည် - အဲ့လောက်တောင်ရှုပ်ရလား ၊ ဒါမင်းတို့ ငါ့ကိုအခက်တွေ့စေတာပဲ။
ဟယ့်ကျောင်း - မင်းဝမ်းတောင်သာသင့်တာ ၊ ဒါကငါမှတ်မိတဲ့ဟာတွေကိုပဲ ပြောရသေးတယ်။
ကျင်းပန်စားသောက်ဆိုင်မှာ ဖွင့်တာနှစ်ပေါင်းအတော်ပင်ကြာနေလေပြီ။ ဆင်ယင်ထားသည်များမှာ အနည်းငယ်ရှေးကျလွန်းပြီး တကျွိကျွိမြည်နေသည့်ပန်ကာကြီးအား ခေါင်းမိုးထက်ချိတ်ဆွဲထားလျက်ရှိသည်။
ရှဲ့ယွီအပေါက်ဝသို့ရောက်စဉ်မှာတော့ ဆိုင်ပေါက်ဝ၌ချိတ်လို့ထားသည့် ခေါင်းစီးစာတန်းကိုတွေ့လိုက်ရသည်။ ထိုခေါင်းစီးစာတန်းထက် ရွှေရောင်အနားကွပ်ဖြင့် မြှပ်သွင်းစီခြယ်ထားသည့်စာလုံးလေးလုံးသည်ကား - ကျင်းပန်ထီမင် ဟူ၏။
ကျင်းပန်ထီမင် = စာမေးပွဲ၌ အမှတ်များများဖြင့်အောင်မြင်ခြင်း။
အတွင်း၌ လူရှိသည့်စားပွဲတစ်ဝိုင်းရှိကာ စားသောက်လို့နေကြသည်။ ကြည့်ရသည်မှာ အမှတ်(၂)ကလူတွေတော့မဟုတ် ၊ တစ်ခေါင်းလုံးကရွှေရောင်ရှုပ်ပွပွဆံပင်တွေနှင့် ၊ အမှတ်(၂)သို့သာခြေချမိပါက ဌာနမှူးကျန်းကလက်ချည်းသက်သက်နဲ့ကို ပြောင်အောင်ဆွဲနုတ်ပေလိမ့်မည်။
"ဒီမှာ။"
ရှိန်ကျယ်သည် ထရပ်ကာလက်လှမ်းပြလိုက်၏။
ဟယ့်ကျောင်းတံခါးကိုတွန်းဖွင့်လိုက်စဉ် တံခါးထက်၌ခေါင်းလောင်းတစ်တွဲရှိခြင်းကြောင့် ထိုခေါင်းလောင်းထံမှ အသံတစ်ချက်မြည်လို့လာတော့သည်။
ဘေးဝိုင်းက ဆံပင်ရွှေရောင်နဲ့လူတစ်စုသည်ကား အရက်သောက်လို့နေကြသည်။ လူဝင်လာသည်ကိုလည်းတွေ့ရော အရက်ခွက်တွေကိုပါးစပ်နားတေ့ထားလျက်မှ မသိမသာလှမ်းကြည့်လို့လာ၏။ ထို့နောက်မှာတော့ ခေါင်းကိုမော့လို့ စိမ်ပြေနပြေအရက်သောက်ကြလေသည်။
ထိုအထဲမှ တစ်ယောက်ကတော့သိသာအပေါ်လွင်ဆုံးပေ ၊ လည်တိုင်တစ်လျှောက်မှတည် ကော်လံအတွင်းထိတိုင် ပါးစပ်ဟအဆွယ်ဖြဲပြလို့နေသည့် မြွေတစ်ကောင်ပုံအားတက်တူးထိုးလို့ထား၏။
"ထိုင်ကြ။"
ရှိန်ကျယ်က နှုတ်ဆက်စကားဆိုသည်။
"ဘီယာမှာမလား?"
အရှေ့နှင့်အနောက်ဆောင်က နာမည်ကျော်ကြားလှသည့် အစ်ကိုကြီးနှစ်ယောက် အတူထိုင်လျက်ရှိနေကြမှတော့ တစ်ခွက်လောက်ကသေချာပေါက်သောက်သင့်သည်။ ရှိန်ကျယ်၏အတွေးထဲ၌ ဤကဲ့သို့ပုံရိပ်မျိုးထင်ဟပ်လို့လာပါ၏ - သူတို့နှစ်ယောက် ထမင်းစားရင်း အရက်သောက်ရင်းဖြင့် အရင်တုန်းက အစ်ကိုကြီးလုပ်ခဲ့သည်တို့ကို ထပ်တလဲလဲ ပြန်လည်စားမြုံ့ပြန်လာကြမည့်မြင်ကွင်းကိုပင်။
ထို့နောက်တွင်တော့ သူသည် ရှဲ့ယွီပြောလာသည့် စာလုံးသုံးလုံးကိုကြားလိုက်ရ၏။
"သောက်ရေသန့်။"
ဟယ့်ကျောင်းသည်လည်း menuစာအုပ်ကိုပိတ်လိုက်ပြီးနောက် ဆိုလာ၏။
"ဖရဲသီးဖျော်ရည်။"
ရှိန်ကျယ် : ". . . . . ."
ရှိန်ကျယ်ဆိုတဲ့တစ်ယောက်က သောက်ရေးမပါတာတွေသိပ်ကိုပြောလွန်းတဲ့သူ ၊ ဟယ့်ကျောင်းကတော့ သူအစပျိုးလာသည်နှင့် အေးစက်စက်ခပ်တည်တည်သာနေပြလိုက်သည်။ ရှဲ့ယွီမှာ အဲ့တစ်ယောက် ကျိုးသာ့လေနဲ့ပေါင်းပြီး နှစ်ယောက်အတူသီဆိုကခုန်duetလုပ်ရမှာဟု တွေးမိလိုက်၏။
"ငါတို့အတန်းကဆရာလေ ကျူရှင်ခိုးဖွင့်တာရယ် ၊ အဲ့ဒါဘယ်သူတိုင်လိုက်တယ်မသိဘူး ပညာရေးဝန်ကြီးဌာနကို ဆွဲခေါ်သွားခံရတော့တာပဲ. . . . . ."
ရှိန်ကျယ် အားရပါးရပြောနေခိုက်မှာပင် ဘေးဝိုင်းကတစ်ယောက်ကထလို့လာ၏ ၊ သောက်တာများသွားသည်ထင် ထရပ်လိုက်ချိန်၌ တည်ငြိမ်မှုမရှိဘဲ သူတို့စားပွဲဝိုင်းအား တစ်ချက်လာလို့တိုက်သည့်အခိုက် ရှိန်ကျယ်ကိုသွားရောက်တိုက်မိလေသည်။
"တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ၊ ဟို. . နည်းနည်းမူးသွားလို့ပါ။"
ထိုလူမှာ တောင်းပန်လာခဲ့ပြီးနောက် ဒယိမ်းဒယိုင်ဖြင့် ညာဘက်ခြမ်းရှိသန့်စင်ခန်းရှိရာလျှောက်လို့သွားတော့သည်။
ဟယ့်ကျောင်းသည် ရုတ်တရက်တူကိုချလိုက်၏။
"ခဏ။"
ထိုလူမှာ ခြေတစ်လှမ်းတန့်သွားခဲ့သည်။
ဟယ့်ကျောင်းသည် ထလို့ရပ်လိုက်ပြီး ထိုလူ့ဘေးနား ဖြည်းဖြည်းချင်းလျှောက်လို့သွားသည် ၊ မျက်နှာထားကလည်း အေးစက်စက်ဖြစ်လို့လာနေ၏။
"ဘယ်လိုဖြစ်ရတာလဲခင်ဗျားက?"
"အစ်ကိုကျောင်း ၊ ကိစ္စမရှိဘူး ၊ တိုက်မိရုံလေးပဲဟာ. ."
ရှိန်ကျယ်က ဖျောင်းဖျလို့လာသည်။
". . . . . . မင်းဒီဖရဲသီးဖျော်ရည်ပဲသောက်တဲ့ဟာကို ဘယ်လိုဖြစ်လို့ ဒေါသကကြီးနေရတာတုန်း။"
ရှဲ့ယွီခေါင်းမော့လို့ကြည့်ခိုက် လည်တိုင်ထက်တွင်မြွေတက်တူးရှိသည့်လူမှာ အရက်ခွက်အားချလိုက်ပြီး ဘေးနားကလူတွေထံ မျက်ရိပ်ပြလို့နေသည်ကို သွားရောက်တွေ့မိရသည်။
ဟယ့်ကျောင်းက ပြောလို့လာသည်။
"သောက်ရူး ၊ မင်းပဲငါ့ကိုဒေါသထွက်အောင်လုပ်တာလေ ၊ ဘာပစ္စည်းလျှော့နေလဲ မင်းကိုယ့်အိတ်ထောင်ကိုယ်စမ်းကြည့်ဦး။"
ရှိန်ကျယ်သည် တစ်ချက်မျှကြောင်လို့သွားရပြီး စက္ကန့်အနည်းငယ်ကြာမှအသိပြန်ကပ်တော့သည်။ သိလျှင်သိချင်း အိတ်ကပ်ထဲစမ်းမိရလေ၏။
"ငါ့ပိုက်ဆံအိတ်ရော. . . . . ."
ရှဲ့ယွီသည် ပန်းကန်ထဲကနောက်ဆုံးလက်ကျန်တစ်လုပ်ကိုစားလိုက်ပြီးနောက် အရွက်ပန်းကန်စီတူကိုလှမ်းလိုက်သည်။
"လှည့်ကွက်ကလေးတွေ သိပ်တတ်လှချေလား ၊ အသက်မွေးမှုလုပ်ငန်းမှာ တော်တော်ကျွမ်းကျင်နေပြီပဲ။"
ဟယ့်ကျောင်းသည် ပြောရင်းမှ အင်္ကျီလက်ကိုပင့်တင်လိုက်ပြီး လိမ္မာပါးနပ်စွာကိုင်တွယ်ပြလို့လာသည်။
ထို့နောက်သူသည် ထိုလူ့အနားတိုးကပ်သွားလိုက်ပြီးနောက် ထိုလူ၏အိတ်ကပ်အတွင်းသို့ လက်နှိုက်လိုက်၏။ သေချာပေါက်ပင် သားရေသားနဲ့အရာတစ်ခုအားစမ်းမိလိုက်လေသည်။ ထိုလူမှာ မသိစိတ်ကနေဆွဲမထုတ်ဖို့ရာဖိချုပ်ချင်လာသည့်အခိုက် ဟယ့်ကျောင်းကဆိုလိုက်သည်။
"ကျုပ်တစ်ခွန်းပဲပြောမယ်နော် ၊ လက်ကိုလွှတ်။"
"Bro အထင်လွဲနေတာပါ။"
ရွှေရောင်ဆံပင် ကိုယ်ထက်မြွေတက်တူးနဲ့လူ၏လေသံက ခြိမ်းခြောက်သံအတန်ငယ်စွက်၏။ ဆိုလိုရင်းကရှင်းသည် ၊ မင်းအခုနောက်ဆုပ်လိုက်တော့ ၊ ဒီကိစ္စမရှိခဲ့ဘူးလို့ပဲသဘောထားပြီး လစ်လိုက်တော့ဟူ၍။
ဟယ့်ကျောင်းသည် ရယ်လျက်မှ ပြောင်ပြောင်တင်းတင်းပင်ဆွလိုက်ပါသည်။
"ဒါက အထင်လွဲနေတာပါဆိုတဲ့စာလုံးကို မင်းအဓိပ္ပာယ်ကောက်လွဲသွားတာပဲဖြစ်ရမယ်။"
ဤသို့ဖြင့် လည်တိုင်ထက်မြွေတက်တူးနှင့်ထိုလူမှာ တူကိုပစ်ချလျက် သူ့အပေါင်းအဖော်တို့ကိုခေါ်လို့ မတ်တပ်ထရပ်လို့လာလေတော့သည်။ ရွှေရောင်ခေါင်း ခုနှစ်လုံး/ရှစ်လုံးတစ်စုတစ်စည်းတည်းရှိနေသည်ကို မြင်တွေ့ရသည်မှာ အတော်လေးတော့ရှိန်စရာကောင်းလှ၏။
ရှိန်ကျယ်သည် ကိုယ့်အုပ်စုအရေအတွက်ကိုကြည့်ကာ ဟယ့်ကျောင်းအား 'ထားလိုက်ပါတော့ ၊ ငါ့ပိုက်ဆံအိတ်ထဲမှာက ယွမ်(၁၀)ပဲပါတာ. . . . . .' ဟုပြောချင်လာရသည်။
ဒီလောက်အုပ်စုကလေးက ဟယ့်ကျောင်းအတွက်တော့ ဖြုံပင်မဖြုံပါချေ ၊ သို့တိုင်အရှိန်ကရလို့နေပြီဖြစ်တာကြောင့် ရှဲ့ယွီအားလှမ်းလို့အော်ခေါ်လိုက်သည်။
"လောင်ရှဲ့ ၊ လာခဲ့!"
ပတ်ဝန်းကျင်အနေအထားက ထိပ်တိုက်ဖြစ်လို့နေပြီး ပြင်းထန်တဲ့တိုက်ပွဲတစ်ခု အချိန်မရွေးဖြစ်ပွားလာနိုင်၏။
ရှိန်ကျယ်မှာကား အပြင်ပန်းကြည့်ရတာသာကြံ့ခိုင်ပုံပေါက်နေခြင်း ၊ အခြားသူတွေအမြင်၌ အမြဲသူကဟယ့်ကျောင်းအနောက်လိုက်နေခြင်းကြောင့် သူ့အားပေါ့သေးသေးမဟုတ်ရှိန်လောက်စရာဇာတ်ကောင်ဟုထင်နေကြပေမည်။ တကယ်တမ်းကြ သူကခိုက်ရန်ဖြစ် ဖိုက်ရတာမျိုးတွေသိပ်မရ ၊ ထို့ကြောင့်ပင် ဟယ့်ကျောင်းသည်လည်း သူ့အားမျှော်လင့်မနေတော့။
သို့သော်ငြား အာရုံစိုက်ခြင်းခံနေရသည့် ရှဲ့ယွီမှာကား ငါးအရိုးနွှင်နေလေ၏။ သူသည်တူကိုကိုင်လို့ ငါးအရိုးကိုတစ်ချောင်းချင်းဂရုတစိုက် နွှင်လို့နေပါသည်။
"မင်းတို့အရင်ချနှင့် ၊ ငါပြီးအောင်စားလိုက်ဦးမယ်။"
ရှိန်ကျယ် : ". . . . . ."
ဟယ့်ကျောင်း : ". . . . . ."
ရှဲ့ယွီသည် ယနေ့စိတ်အခြေအနေကောင်းနေခြင်းကြောင့် လူမသတ်ချင်။ သို့တိုင် အမြဲလိုလိုပင်ဦးအောင်ခေါင်းကိုလာဆက်သသည့် သောက်ရူးကောင်များကြောင့် ထိန်း၍ကမရ။
"ဘာလဲ ၊ ငါတို့ကိုအထင်သေးတာလား?"
ရွှေရောင်ခေါင်းက သူတို့စားပွဲရှေ့လျှောက်လို့လာပြီးနောက် ငါးဟင်းပန်းကန်အားမလိုက်၏ ၊ ပြီးလျှင်ပြီးချင်း စားပွဲအောက်သို့ပစ်ချလိုက်လေသည်။ မှောက်၍တော့မသွား ၊ ထို့နောက်မှာတော့ ထိုငါးဟင်းခွက်အား ခြေထောက်ဖြင့်တွန်းလို့ပို့ကာပြောလာသည်။
"စား ၊ ငါမင်းကိုစားခိုင်းနေတာ ၊ ဒူးထောက်ပြီး လျှာနဲ့လျက်စား။"
ရှဲ့ယွီ : ". . . . . ."
"ဘယ်လိုနေနေ ခင်ဗျားရဲ့ခေါင်းကို ကျုပ်စီဆက်သရမှာပဲ။"
ကျင်းပန်စားသောက်ဆိုင်ကနေ ထွက်လာခဲ့ချိန်မှာတော့ ဟယ့်ကျောင်းသည် ရှဲ့ယွီနှင့်အတူယှဉ်တွဲချရသည့်အတွေ့အကြုံက ဆိုးရွားလှကြောင်းပြောနေသေးသည်။
"မင်းက အဲ့လောက်တောင်လူကိုလုရသလား ၊ ငါချနေတာအကောင်းကို မင်းကဆွဲလုပြီးရိုက်ရတယ်လို့။"
ရှဲ့ယွီက ပြောလာပါ၏။
"မင်းကနှေးလွန်းတယ် ၊ အဲ့ဒါကို မင်းကရန်ဖြစ်တယ်ခေါ်တယ်လား?"
သုံးယောက်သားသည် လမ်းဘေး၌ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ ရှိန်ကျယ်မှာ စိတ်ငြိမ်စေရန်အလို့ငှာ ခဏတစ်ဖြုတ်ထိုင်နေဖို့ဆုံးဖြတ်လိုက်၏။
ခုနလေးတုန်းက အစုလိုက်အပြုံလိုက်ကိုထိုးကြိတ်သည့် မြင်ကွင်းသည်ကား တကယ်ကိုတုန်လှုပ်ဖွယ်ရာပင်။
သူသည်စိတ်ထဲကနေပြီး လုံးဝကိုမှသွားရောက်မထိသင့်သည် လူစာရင်းကိုဖြင့်တစ်ခေါက်ပြန်လိုပြင်လိုက်မိလေ၏။ ထိုစာရင်း၌ သေချာပေါက်ကို ရှဲ့ယွီကိုဖြင့် ခွေးရူး၏ရှေ့၌ထားကိုထားရမည်ပေ။
ဟယ့်ကျောင်းရန်ဖြစ်လျှင်ကား လေပြည်ကလေးဖြင့် အရှက်တကွဲအကျိုးနည်းဖြစ်အောင် ကိုင်တွယ်ဖြေရှင်းတတ်ပေသည်။ ဖြည်းဖြည်းချင်းညှဉ်းဆဲကာ ထိုအတောအတွင်း၌ စကားလုံးတွေနဲ့သာ တစ်ဖက်သားကိုဆွပေးလေသည်။ တစ်ပါးသူနှုတ်မှ 'မင်း ငါ့ကိုရိုက်သာရိုက်လိုက်ပါတော့ ၊ တောင်းဆိုပါတယ် မင်းငါ့ကိုရက်ရက်စက်စက်သာရိုက်လိုက်ပါ' ဆိုသည်ကို ပျော်ပျော်ကြီးပင်ပြောထွက်လာမည့်အတွေးမျိုးကိုဖြစ်ပေါ်စေသည်။ ရှဲ့ယွီကတော့မတူပေ ၊ နှစ်ခွန်းမပြော သေလောက်အောင်မရှူနိုင်မကယ်နိုင်အောင်ဖြစ်စေပြီး လူကိုမုန်ညင်းထုပ်ကလေးအလား ပစ်လို့ထုတ်သည်။
ဟယ့်ကျောင်းသည် ရှိန်ကျယ်ဘက်လှည့်လို့ ဆိုလိုက်သည်။
"မင်းပိုက်ဆံအိတ်မင်းပြန်ကြည့်ကြည့်ဦး ၊ ပိုက်ဆံလျှော့မလျှော့။"
ရှိန်ကျယ်သည် ပိုက်ဆံအိတ်အား အိတ်ကပ်အတွင်းမှထုတ်လိုက်ပြီးနောက် ဖွင့်လို့သူတို့အားပြလာသည်။
"အကုန်ရှိတယ် ၊ မလျှော့ဘူး။"
(၁၀)တန် တစ်ရွက်။
အသစ်ကျပ်ချွတ်ပင်။
". . . . . ."
"ပိုက်ဆံကအဲ့ဒါပဲ?"
ဟယ့်ကျောင်းမှာ မိမိအလကားနေအလကား အားထုတ်လိုက်ရတာပဲဟု တွေးမိလာရသည်။
"ပိုက်ဆံက အဲ့လောက်ကလေးပဲဆိုရင်လည်း မင်းအစောကတည်းကငါ့ကိုပြောပါလား ၊ ခိုးလည်းခိုးသွားပါစေဟာ။"
ရှဲ့ယွီကလည်း ဆိုလာ၏။
"မင်းမေ (၁၀)တန်ပဲ?"
ရှိန်ကျယ် : "ငါလည်းပြောချင်တာပါပဲ ၊ အခွင့်အရေးကရမှမရလိုက်တဲ့ဟာကို မဟုတ်ဘူးလား!"
တစ်ခဏမျှစကားပြောဆိုပြီးကြသည့်နောက် ရှိန်ကျယ်သည်အချိန်ကိုကြည့်လိုက်၏။ ဘတ်စကားစီးပြန်ရမည်မို့ သူတို့ကိုနှုတ်ဆက်လိုက်ပြီး ဘတ်စကားဂိတ်စီသွားတော့သည်။
"တရားမျှတမှုကိုလက်ကိုင်ပြီး ကျွန်တော့်အစား(၁၀)တန်လေးကိုကာကွယ်ပြီး အကူအညီပေးခဲ့လို့ အစ်ကိုကြီးနှစ်ယောက်ကိုကျေးဇူးတင်ပါတယ်။ မနက်ဖြန်မှတွေ့ကြတာပေါ့ ၊ အိမ်ပြန်မလာသေးလို့ကတော့ ငါ့အမေစီကနေဖင်ပုပ်အောင်ရိုက်ခံရတော့မှာ။"
မိုးပင်ချုပ်လေပြီ ၊ လမ်းမီးတို့ပင် လင်းလတ်လို့နေ၏။
ညပိုင်းself-studyအချိန်မို့ ကျောင်းတံခါးကိုလည်းပိတ်လို့ထားမည်ပေ။ ကျောင်းထဲဝင်ချင်ရင်တော့ နံရံကျော်ပြီးဝင်မှပဲရတော့မည်။
ဟယ့်ကျောင်းသည် အင်္ကျီအားဖုတ်ဖက်ခါလျက် ထရပ်လိုက်၏။
"သွားကြစို့။"
လမ်းလျှောက်လို့လာကြရင်းမှ ဘယ်သူအရင်စလို့ရယ်လိုက်သည်မသိပါချေ ၊ ထို့နောက်မှာတော့ နှစ်ဦးသားသည်အတူတကွရယ်လိုက်မိကြပြီး အတောပင်မသတ်နိုင်တော့။ ဟယ့်ကျောင်းသည် ရှဲ့ယွီ၏လည်ပင်းအားဆွဲဖက်လိုက်ပြီးနောက် တီးတိုးပြောလိုက်၏။
"သောက်လခွမ်း ၊ ယွမ်(၁၀)တဲ့။"