တကယ့်ကို ညံ့ဖျင်းတဲ့ကျောင်းသားပဲ
ရှိန်ကျယ်တစ်ယောက် ဟယ့်ကျောင်းထံမှဖုန်းလက်ခံရရှိချိန်ဟာဆိုလျှင် ညသန်းခေါင်းကျော်(၁)နာရီပင်ရှိတော့မည်။
သူသည် အိပ်ချင်မပြေသေးဘဲရှိရင်း လက်ဆန့်လို့ဖုန်းကိုလိုက်စမ်းရာ အတော်ကြာသည့်တိုင်အောင် ဖုန်းကိုမစမ်းမိဘဲ ပါးစပ်ဘေးနားကသွားရည်တွေကိုသာ သွားလို့စမ်းမိလေသည်။ ထိုအချိန်ကြခါမှ အိပ်ချင်မူးတူးဖြင့်ထလို့ထိုင်လိုက်မိပြီး စိတ်အခြေအနေမှာလည်း သိပ်ပြီးအေးချမ်းနေတာတော့မဟုတ်။
". . . . . . ညသန်းခေါင်ကြီးကို. . ဘယ်သူလဲကွာ။"
အိပ်လို့ကောင်းနေတုန်းတွင် ရုတ်တရက်ဆူညံသံကြောင့်နိုးသွားခဲ့လျှင် မည်သူမဆို အနည်းငယ်တော့ စိတ်အနှောက်အယှက်ဖြစ်မည့်ကြပေမည်။ သို့တိုင် ရှိန်ကျယ်တစ်ယောက် ဖုန်းစခရင်ထက်က 'ကျောင်းကော' ဆိုသည့်စာလုံးကြီးကြီးနှစ်လုံးကိုမြင်တွေ့သွားချိန်မှာတော့ အပြုအမူကရုတ်ချည်းပင်ပြောင်းလို့သွားတော့၏။
"အစ်ကိုကျောင်း ၊ ဘာခိုင်းစရာများရှိလို့လဲ?"
ရှိန်ကျယ်သည် စားပွဲတင်မီးအိမ်ကိုလှမ်းဖွင့်ပြီးနောက် ထလို့ထိုင်လိုက်ပါသည်။
"မိုးချုပ်လို့လူခြေတိတ်ဆိတ်နေတဲ့ညအချိန်ကြီးမှာ လူကြီးမင်းဘာများအလိုရှိတာပါလဲ ၊အရသာ(၁၃)မျိုးပါတဲ့ပုစွန်လား ဒါမှမဟုတ် ဟိုယန်ယွမ်လမ်းမှာရှိတဲ့ နာမည်ကြီးဆိုင်က မန့်ထိုပေါက်စီကြော်? နောက်ဒါမှမဟုတ် အဖော်ပြုစကားစမြည်ပြောပေးရမယ့်ဝန်ဆောင်မှုများ လိုအပ်တာပါလား?"
". . . . . ."
ရှိန်ကျယ်သည် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုကျော်ဖြတ်ဖို့ရန်ပင် အသင့်အနေအထားပြင်ဆင်လို့ထားမိပေမယ့် ဟယ့်ကျောင်းမှာ ဤသို့သာလျှင်ဆိုလာချေသည်။
"မင်းကို မေးခွန်းတစ်ခုမေးမလို့။"
"မေး! မေးပါ!"
"မင်းအထင် ၊ ရှဲ့ယွီ. . . . . . ဟိုမင်းသိတဲ့ရှဲ့ယွီကလေ. ."
ဟယ့်ကျောင်းသည် မည်သို့ပြောရမည်မသိဖြစ်စွာဖြင့် ဆံပင်တွေကိုဆွဲလို့ဖွမိရင်း နှစ်စက္ကန့်လောက်တွေဝေလို့သွားပြီးနောက်၌ ရှိန်ကျယ်အားညလုံးပေါက်အိပ်မပျော်ဖြစ်စေမည့် မေးခွန်းတစ်ကြောင်းအားမေးလို့လာပါတော့သည်။
"ငါသူ့ကိုဖက်ပြီးအိပ်မယ်ဆိုရင် သူလက်ခံပါ့မလား?"
ရှိန်ကျယ်မှာ လူတစ်ကိုယ်လုံးပင် တုန်လှုပ်ချောက်ချားသွားသလိုခံစားလိုက်ရ၏။
"ဟမ်?"
သူအခုတလောပိုင်း အခန်း(3)ဘက်သိပ်မသွားဖြစ်ဘဲရှိလို့နေရာ မဟုတ်မှကြားထဲအရေးကြီးတဲ့တစ်စုံတစ်ရာကိုများ လွတ်သွားခဲ့လေသလား?
ဘာလိုဖြစ်လို့ အခြေအနေက ဒီလောက်တောင်ထူးဆန်းနဲ့ဦးတည်ရာဘက်ရောက်သွားရတာလဲ။
အိပ်မက်များမက်နေတာလား ၊ နိုးများနိုးမလာသေးတာလား?
"အစ်ကိုကျောင်း ၊ ကျွန်တော့်အထင်တော့လေ ကျွန်တော်သိတဲ့ရှဲ့ယွီပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် မင်းသိတဲ့ရှဲ့ယွီပဲဖြစ်ဖြစ် လက်ခံမှာကိုမဟုတ်ဘူးရယ်။"
ရှိန်ကျယ်က ကြောင်အမ်းအမ်းဖြင့် ပြန်ဖြေကာပြောလို့လာသည်။
"မင်းမှာ သေဖို့နည်းလမ်းတွေဘယ်နှစ်မျိုးလောက်တောင်ရှိသလဲဆိုတာ ငါဖြင့်တကယ်ကိုစိတ်ကူးကြည့်လို့မရဘူးပဲ။"
ဟယ့်ကျောင်းက ဆိုလာခဲ့သည်။
"ဒီကိစ္စက အဲ့ဒီလောက်တောင် သေချာသလား?"
ရှိန်ကျယ် : "သေချာတယ် ၊ သေချာတာထက်တောင် ပိုပြီးသေချာသေးတယ်။"
ရှိန်ကျယ်သည်ပြောလို့အပြီးမှာတော့ သူ့ရဲ့အစ်ကိုကျောင်းမှာ အလွန်မှမျှော်လင့်ချက်ကင်းမဲ့စွာဖြင့်ဖုန်းချလို့သွားကြောင်း ခံစားမိလိုက်ရသည်။ ထိုမျှော်လင့်ချက်ကင်းမဲ့ပုံမှာ သာမန်မျှော်လင့်ချက်ကင်းမဲ့သွားတာနဲ့မတူ ၊ မြောက်များစွာသော သဲသဲကွဲကွဲမရှိသည့် ဖောက်ထွင်းမမြင်နိုင်သည့် စိတ်ခံစားချက်တွေလည်း ရောလို့ပါနေလေသည်။
နောက်တစ်နေ့၌ ရှဲ့ယွီသည် ဟယ့်ကျောင်းရဲ့တံခါးလာခေါက်ပြီး သူ့အားမနက်စာအတူသွားစားဖို့ လာအော်ခေါ်မည်ကို မစောင့်ဖြစ်တော့။
သူသည်ထွက်ခါနီးမှာတော့ မျက်နှာချင်းဆိုင်ကအခန်းကိုတစ်ချက်လှမ်းလို့ကြည့်လိုက်ပါ၏။ တံခါးကခိုင်ခိုင်မာမာပင်ပိတ်လျက်ရှိပြီး ဘာလှုပ်ရှားသံကိုမှလည်းမကြားရ။ တစ်ခဏမျှတွေဝေပြီးနောက်တွင်တော့ တံခါးသွားခေါက်မနေတော့ဘဲ တောက်လျှောက်ပင်စာသင်ခန်းစီသာသွားလိုက်တော့သည်။
"ငါတို့ကျောင်းရဲ့အဆောင်အကြောင်းကိုပြောရရင်တော့ တကယ်ကိုထူးဆန်းတယ်. ."
စာသင်ခန်းအတွင်းဝင်ရောက်လိုက်သည်နှင့် ဗရုတ်သုတ်ခသတင်းတွေလျှောက်ပြီးလွှင့်နေတဲ့ ဝမ့်သာ၏အသံကိုကြားလိုက်ရသည်။
"ရှေ့ရက်တုန်းက ဒုတိယထပ်မှာတံခါးခေါက်သံကြားရတယ်လို့ ငါပြောခဲ့တယ်မဟုတ်လား? မနေ့ညကကြမရှိတော့ဘူး ၊ တကယ်ကိုထူးဆန်းတယ် ၊ လူတော်တော်များများကိုကြားကြတာဆိုတော့ ထင်ယောင်ထင်မှားဖြစ်တာတော့လုံးဝမဟုတ်ဘူးပဲ။"
လျှိုချွိင်ဟောက်မှာ အဆောင်မနေသည့်အတွက် ဒီထူးထူးဆန်းဆန်းပြောလာကြသည့်အပေါ်၌ တုန်လှုပ်ခြင်းမရှိ။
"မင်းတို့တွေ ဒီမှာလာပြီးကိုယ့်ကိုယ်ကိုယ်ခြောက်မနေကြစမ်းနဲ့ ၊ ဘာမှမရှိတဲ့ကိစ္စကို ၊ သိပ္ပံနည်းပညာကိုပဲ ယုံကြည်ကြစမ်းပါကွ ဟုတ်ပြီလား? ငါနဲ့အတူလိုက်ရွတ် ၊ သိပ္ပံနည်းပညာကို ယုံကြည်မယ်။"
ရွှီချင်ချင် : "ဝမ့်ရှစ်ထုံး ၊ တစ်ခါနှစ်ခါပြောတော်ပြီပေါ့ ၊ ပြောလို့မပြီးတော့ဘူးလား။ ငါတို့မိန်းကလေးအဆောင်ဘက်ကြတော့ ဒီလိုမျိုးဘာလို့မဖြစ်ရတာလဲ ၊ တကယ်လာပြီး တံခါးခေါက်လို့ကတော့ ငါကချက်ချင်းတံခါးဆွဲဖွင့်ပြီးကို ဒင်းရဲ့ခေါင်းကိုရိုက်ခွဲပစ်မှာ။"
ထိုအချိန်မှာပင် အနောက်နားကကျောင်းသားတစ်ယောက်မှာ နှေးနှေးကွေးကွေးနဲ့လက်ထောင်လို့လာသည်။
"ငါ. . . . . . ငါလည်းကြားတယ် ၊ တကယ်။ မနေ့ညက တံခါးခေါက်သံက တတိယထပ်မှာပေါ်လာတာ။"
ဟယ့်ကျောင်းကမလာသေး ၊ ရှိန်ကျယ်ကတော့ အခန်း(3)စီအပြေးအလွှားရောက်ချလာပါသည်။
ရှိန်ကျယ်သည် ဟယ့်ကျောင်းနေရာ၌ဝင်ထိုင်လိုက်ပြီး. . .
"အစ်ကိုကျောင်းရော? မလာသေးဘူးလား?"
ကိုယ့်ဘာကိုယ်သာခန့်မှန်းဟူသည့်သဘောဖြင့် ရှဲ့ယွီက သူ့အားတစ်ချက်မျှသာလှမ်းကြည့်လို့လာသည်။
ရှိန်ကျယ် ခန့်မှန်းမိလိုက်သည်။ ဒါကသောက်အဓိပ္ပာယ်မရှိဘူးဆိုပေမယ့်လည်း သူသည် မနေ့ညကဟယ့်ကျောင်းတစ်ယောက် ထူးဆန်းပြီးအန္တရာယ်ရှိပါသည့်အတွေးကိုဖြင့် တကယ်ပဲအကောင်အထည်ဖော်လိုက်လေသလား မဖော်လိုက်လေဘူးလားဆိုတာကိုတော့ဖြင့် သိချင်မိရသည့်အခါ ထပ်မံမေးလိုက်ပါသည်။
"မနေ့ညက မင်းအိပ်ရတာအဆင်ပြေရဲ့လား?"
တတိယထပ်ကတံခါးခေါက်သံဆိုတဲ့ သတင်းအား ဝေဖန်လေကန်လျက်ရှိကြသည်မှာ ကျွတ်ကျွတ်ညံလို့ပင်နေသည်။ ရှဲ့ယွီသည် သူ့အားအတင်းအဖျင်းပြောတဲ့သူတွေထဲကတစ်ယောက်ဟုသာ မှတ်ယူလိုက်ပြီး တန်ပြန်မေးလိုက်ပါ၏။
"မင်းဘယ်လိုထင်တုန်း?"
"ငါ့အထင်တော့. . . . . . မင်း နည်းနည်းပါးပါးလောက် . . . . . . အင်း . . . . . . ဗလက္ကာရလုပ်ခံရ?"
ဟယ့်ကျောင်းရောက်လာချိန်က မနက်ပိုင်းအတန်းချိန်ပင် တစ်ဝက်ကျိုးလို့နေလေပြီ။
"အစ်ကိုကျောင်း ၊ နေ့လည်ကျရင် ဆရာထန်ကသူ့ရုံးခန်းကိုလာခဲ့ဦးတဲ့. ."
လျှိုချွိင်ဟောက်တစ်ယောက် ဆရာတွေရုံးခန်းကနေပြန်ရောက်ရောက်ချင်းမှာပင် အတန်းထဲသို့ဖြည်းဖြည်းအေးအေးလျှောက်ဝင်လို့လာသည့် ဟယ့်ကျောင်းကိုတွေ့လိုက်ရသည်။ သူသည် ပြောပြီးနောက်၌ တုန့်ဆိုင်းလို့သွားမိပြန်၏။
"--- --- မင်း မျက်ကွင်းတွေ တော်တော်ကိုညိုနေတာပဲ။"
ဟယ့်ကျောင်းသည် အိပ်ယာမှကပျာကယာထလာခဲ့ရခြင်းကြောင့် သေသေသပ်သပ်ပြင်ဆင်တဲ့စီမရောက်ဘဲရှိ၏။ သူသည်ခေါင်းငုံ့လို့ အနီရောင်ကြိုးမျှင်နဲ့ ဆွဲကြိုးလေးအား လည်ဟိုက်အတွင်းထည့်လိုက်ပြီးနောက် ဆိုလိုက်သည်။
"သိပြီ။"
ထန်စန်းသည် မနက်ပိုင်းတုန်းက ဆရာတွေစီကနေပြီးတိုင်ကြားချက်လက်ခံရရှိလေသည်။ ခင်ဗျားတို့အတန်းကအမြဲတမ်းကိုလူလျှော့နေတော့တာ ၊ ကျောင်းကိုအိမ်များမှတ်နေကြသလားပဲ ၊ တက်ချင်ရင်လာတက်မယ် မတက်ချင်ရင်လာမတက်ဘူး အဲ့လိုလား ဟုဆိုလာချေသည်။ သူသည်သဘောထားကောင်းစွာဖြင့်ပင် ဦးစွာထိုပျက်ကွက်သည့်ကျောင်းသားအစား တောင်းပန်စကားဆိုကာ ဘာသာရပ်ဆရာတွေရဲ့ဒေါသကိုပြေငြိမ်းစေလိုက်ပါသည်။
"ဟုတ်ကဲ့ပါ ၊ ကျွန်တော်သူ့ကို သေချာပေါက်ကောင်းကောင်းပြောထားပါ့မယ် ၊ တော်တော်လေးလည်း ရှက်ဖို့ကောင်းပါတယ်ဗျာ။"
ထိုပျက်ကွက်တဲ့ကျောင်းသားအလာကိုစောင့်နေရင်းမှ ထန်စန်းသည် ထိုကျောင်းသားနှင့်ကောင်းကောင်းဆွေးနွေးပြောဆိုချင်တာကြောင့် စကားလုံးတွေအား ကြိုတင်ပြင်ဆင်လို့နေမိလေသည်။
"ကျောင်းသား ဟယ့်ကျောင်း ၊ မင်းထိုင်။"
သူ့ကိုထိုင်ပါဆိုပြီး ဖိတ်ခေါ်သည့်ဆရာမျိုးအား ဟယ့်ကျောင်းဒါပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် ထိုင်ချလိုက်ပြီးနောက် ထန်စန်းထံမှစကားတစ်ဝက်ထပ်မံဆိုလာသည်ကို ကြားလိုက်ရပြန်သည်။
". . . . . . ဘာလို့ဆို ဆရာတို့ဒီတစ်ခေါက်ပြောမယ့် အကြောင်းအရာက နည်းနည်းလေးတော့များလောက်မှာမို့။"
နာရီဝက်ခန့်ကြာပြီးနောက်တွင်တော့ ဟယ့်ကျောင်းသိနားလည်သွားရသည်မှာ 'နည်းနည်းလေးတော့များလောက်မှာမို့' ဆိုတာကဘယ်လောက်တောင်ကြာလိုက်သလဲဆိုတာကိုပင်။
"မင်းတို့လူငယ်တွေမှာ မင်းတို့ကိုယ်ပိုင်ခံယူချက်တွေရှိကြမှန်း ဆရာသိပါတယ် ၊ စာသင်ရတာကိုမနှစ်သက်ဘူးဆိုတာကလည်း ပုံမှန်ပါပဲ. ."
ထန်စန်းသည်ပြောနေရင်းကနေ ခဏရပ်ကာရေသောက်လို့ပြီးမှ ဆက်လို့ပြောကြားလာသည်။
"ဆရာလုံးဝနားလည်ပေးလို့ရတယ် ၊ ဒါပေမယ့် ဘာသာရပ်တစ်ခုကိုစိတ်မဝင်စားတာနဲ့ဘဲ ရှောင်ပြေးတာကတော့ ကောင်းတဲ့ဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူး ၊ ယောက်ျားတစ်ယောက်ဆိုတာ အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်ရှိရမယ် ၊ စိန်ခေါ်ရဲရမယ် ၊ အထွတ်အထိပ်ရောက်အောင်တက်နိုင်တဲ့သတ္တိရှိရမယ်။"
ဟယ့်ကျောင်းသည် ဖြတ်လို့ပြောလိုက်၏။
". . . . . . ဆရာဘယ်လောက်ကြာအောင်ထိပြောဦးမှာလဲ?"
ထန်စန်းသည် မိမိရဲ့ဆွေးနွေးမှုအပေါ်အကြမ်းဖျင်းကြည့်လိုက်ပြီးနောက် မှန်မှန်ကန်ကန်ပင်ဆိုလိုက်ချေသည်။
"အခုက ၅ပုံ၃ပုံပဲပြောလို့ပြီးသေးတာ ၊ နောက်မှာအရေးကြီးတာတွေနည်းနည်းကျန်သေးတယ်။"
". . . . . ."
အဆုံးမှာတော့ ကျောင်းတက်ခေါင်းလောင်းမြည်လာချိန်ကြမှ ထန်စန်းမှာပြောတာရပ်တော့သည်။
"ဒါဆိုလည်း ဆရာတို့ဆွေးနွေးတာဒီနေ့တော့ဒီလောက်ပါပဲ။"
စကားဆုံးတာနဲ့ ဟယ့်ကျောင်းသည်ထရပ်လို့ထွက်သွားချင်နေပေမယ့် ထန်စန်းကစကားအမျှင်တန်းလို့ ဆိုလာပြန်၏။
"မင်း ဒီမျက်ကွင်းညိုတာက. . . . . ."
ဟယ့်ကျောင်းသည် လက်ကတံခါးကိုဆွဲထားရင်းမှ ဆရာစီကအခေါ်ခံရပြီး ပြောကြားခြင်းခံရသည်က တော်တော်ကြီးကိုစိတ်ရှုပ်စရာကောင်းတဲ့ကိစ္စတစ်ရပ်ဖြစ်မှန်း ပထမဆုံးအကြိမ်ခံစားမိလာရလေသည်။
"ကျွန်တော်တို့လူငယ်တွေရဲ့ ညပွဲလမ်းသဘင်က တော်တော်ကိုပေါများလွန်းတယ်လေ။"
ဟယ့်ကျောင်းသည်ပြန်လာပြီးနောက်မှာတော့ စားပွဲထက်ခေါင်းမှောက်ချလို့အိပ်တော့သည်။
သူသည် အင်္ကျီကော်လာကကြယ်သီးတွေကိုတပ်မထားတာကြောင့် ကော်လာကပွင့်ဟလို့နေပြီး လည်တိုင်ထက်ကအနီရောင်ကြိုးမျှင်ကလေးမှာ တွဲလဲလေးထွက်ကျလို့လာပါသည်။ ရှဲ့ယွီသည် မတော်တဆသုံး/လေးကြိမ်ခန့်အကြည့်ရောက်မိရင်း တအားပဲimageပျက်လိုက်တာဟူ၍တွေးမိလာရသည်။
ကော်ရစ်တာတွင်တော့ ကျောင်းသူလေးတွေသုံး/လေးယောက်ခန့်ရပ်လို့နေကြ၏။ သူတို့စီကိုလက်ညှိုးထိုးလို့ ပါးစပ်ကိုကာလျက်ဘာတွေပြောနေကြသည်မသိရ ၊ မျက်နှာအမူအရာတို့မှာတော့စိတ်လှုပ်ရှားလျက်ရှိကြသည်။
ကျောင်းစလို့ဖွင့်စဉ်ကတည်းက ထိုကျောင်းသူတစ်စုမှာ တပူးတွဲတွဲအုပ်စုလိုက်ဖြင့် လက်ထဲ၌ရေခွက်လေးတွေတစ်ခွက်စီကိုင်လို့ထားကြပြီး အတန်းချိန်တစ်ချိန်ပြီးလေတိုင်း ရေနွေးလာလာထည့်ကြသည်။ ထို့နောက်ရေခွက်ကလေးတွေကိုင်လို့ ကော်ရစ်တာထက်ရပ်လျက် ဘာတွေလုပ်နေကြသည်မသိရပါ။ အတန်းထဲကတချို့မှာတော့ သူတို့တစ်တွေဘယ်သူ့ကိုလာကြည့်သလဲဆိုသည်အား လောင်းကြေးထပ်ကြလေသည်။ ဝမ့်သာကတော့ ယွမ်(၅၀)ထည့်လို့လောင်းလိုက်ပြီး အဆုံးမှာတော့ မစောင့်နိုင်တော့ဘဲ ရဲရဲဝင့်ဝင့်နဲ့အတည်ပြုပေးဖို့ရာ မျှော်လင့်ပြီး ဟယ့်ကျောင်းထံသို့သွားလိုက်သည်။
ထိုအချိန်၌ ဟယ့်ကျောင်းနှုတ်မှပြောလို့လာသည်မှာတော့ 'သေချာတာပေါ့ အဲ့ဒါငါ့ကိုလာကြည့်ကြတာလေ' ဟူ၍ ၊ ပြီးလျှင်ပြီးချင်း ပြတင်းပေါက်နားသို့လျှောက်လို့သွားမိခိုက် စကားပင်မဆိုရသေးချေ ထိုကျောင်းသူတစ်စုမှာ မျက်နှာကိုလက်ဝါးဖြင့်အုပ်လျက်ပြေးထွက်လို့သွားကြသည်။
ဝမ့်သာသည် ချက်ချင်းပဲထခုန်၍အော်လိုက်ပါသည်။
"ငါနိုင်ပြီကွ! ယေး!"
ဟယ့်ကျောင်းမှာတော့ နားမလည်ဘဲရှိရရင်း. .
"မင်းကဘာနိုင်တာတုန်း? သူတို့ကရောတကယ်ပဲဘယ်သူ့ကိုလာကြည့်ကြတာလဲ? စကားတောင်မပြောရသေးဘူး ပြေးပြီ. . . . . . တော်တော်ကိုယဉ်ကျေးမှုမရှိကြတာပဲ။"
ဝမ့်သာသည် အူမြူးနေရာကနေဣန္ဒြေပြန်ဆည်လိုက်ပြီးနောက် တစ်ခုခုမှားယွင်းလို့နေသည်အား ရိပ်မိလို့လာလေ၏။
"အစ်ကိုကျောင်း ၊ မင်း. . . . . . မင်းမိန်းကလေးတွေရဲ့စိတ်ကို. . . . . . နားလည်တဲ့အရည်အချင်းက. . . . . ."
"ဟေ့။"
ရှဲ့ယွီသည် တစ်ချက်လှမ်းခေါ်လိုက်၏။
ဟယ့်ကျောင်းကတော့ တုံ့ပြန်မလာပါ။
ရှဲ့ယွီသည်နောက်သို့ကျောမှီလိုက်ပြီး အင်္ဂလိပ်စာအုပ်ကိုကောက်ယူလို့ လက်ထဲတွင်လိပ်လိုက်ပြီးမှ တိုက်ရိုက်ဆိုသလိုဟယ့်ကျောင်းရဲ့ခေါင်းအားရိုက်ချပစ်လိုက်ပါသည်။
". . . . . ."
ဟယ့်ကျောင်းသည် မျက်လုံးတစ်ဖက်သာဖွင့်လို့လာလျက်. .
"ဘာလုပ်တာလဲ။"
ရှဲ့ယွီသည် သူ၏ရင်ဘက်စီသို့ညွှန်ပြလိုက်၏။
"အင်္ကျီ၊ ကောင်းကောင်းဝတ်။"
ဟယ့်ကျောင်းမှာ အလိုက်သင့်မတုံ့ပြန်လာနိုင်သေး။
"ဟမ်?"
ရှဲ့ယွီကပြောသည်။
"အမြင်မတော်ဘူး။"
ဟယ့်ကျောင်းသည် ပြောရင်းမှ ကြယ်သီးပြန်တပ်လိုက်ပါသည်။
"မင်းမျက်စိကန်းနေလို့ပါ ၊ အစ်ကို့ရဲ့ကိုယ်လုံးကိုယ်ပေါက်က အရမ်းပဲကြည့်ကောင်းတာ။"
ရှဲ့ယွီထံမှပြောလာသည်အား ထပ်လို့ကြားလိုက်ရ၏။
"မင်းမနေ့ညက မအိပ်ဘူးလား?"
ဟယ့်ကျောင်းက ခေါင်းထောင်လို့လာသည်။
"ထုံကျောဖြစ်လာတာ ဒီလောက်ကြာနေပြီဆိုတော့လည်း နောက်ဆုံးတော့ အချည်းနှီးဖြစ်မသွားဘူးပဲ ၊ မင်း ငါ့ကိုစိတ်ပူတယ်ပေါ့?"
"ဟုတ်တယ်။"
ရှဲ့ယွီသည် မတုံ့မဆိုင်းပင် သရော်လိုက်လေသည်။
"မနေ့ညကတံခါးခေါက်သံကြောင့် မင်းကြောက်ပြီးများအိပ်မပျော်တာလားဆိုပြီး စိတ်ပူတာ။"
". . . . . ."
ဟယ့်ကျောင်းသည် စိတ်ထဲကနေတော့ လန့်ပြီးရူးလုမတက်ပဲဟုပြောမိရသည်။
သူဆိုတဲ့လူကလေ တကယ်ပါဘာကိုမှမကြောက်ခဲ့ဖူးပါ ၊ တစ်ခုပဲသရဲကြောက်တာကလွဲလို့ပေါ့။
တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ပုံပြင်အား နတ်သမီးပုံပြင်အနေနဲ့ပြောတတ်သည့် အမေတစ်ယောက်ရှိခဲ့ပါသည်။ သို့တိုင်အိပ်ချင်စိတ်ကိုတော့ မဖြစ်ပေါ်စေဘဲ ကလေးဘဝကအရိပ်မည်းကြီးမှာ နက်သထက်နက်လို့သာလာတော့၏။ ယခုတွင်မှု ထိုကဲ့သို့ပင်ဖြစ်နေခဲ့လေပြီ။
သို့ပေမယ့် သူသည်အသရေတော့ဆည်ရမည်ပေ။
"ဘယ်လိုဖြစ်နိုင်မှာလဲ။"
ဟယ့်ကျောင်းသည် နောက်တစ်ခေါက်ထပ်မံဆိုလိုက်ပါသည်။
"မဖြစ်နိုင်တာ။"
"မင်းတို့ဘာတွေပြောနေကြတာလဲ?"
ဝမ့်သာကအနားရောက်လာကာ နေရာလွတ်တစ်နေရာ၌ဝင်လို့ထိုင်သည်။
"ဟိုလေ ၊ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို မင်းတို့စီကအကြံဉာဏ်လေးတောင်းချင်လို့။"
လျှိုချွိင်ဟောက်သည်လည်း စိမ်ပြေနပြေနဲ့လျှောက်လို့လာပြီး ဝင်ပြော၏။
"မင်းတို့ရဲ့ခိုးချတဲ့နည်းလေး ငါတို့ကိုပေးနိုင်မလားလို့?"
နောက်အချိန်က အင်္ဂလိပ်စာအလွတ်ရေးရမည့်အချိန်ဖြစ်သည်။
သူတို့အတန်း၏အင်္ဂလိပ်ဆရာက ဝေါဟာရတွေအပေါ်၌အလွန်ပင်တင်းကျပ်၏ ၊ အကယ်၍အလွတ်ရေးတာမှာ အရည်အချင်းမပြည့်မှီပါက ထိုအခါကြ သူ့ရုံးခန်းစီသွားပြီးအချိန်သက်သက်ပေးလို့ ထပ်အလွတ်ရေးရမည်ပဲဖြစ်သည်။
အတန်းထဲကကျောင်းသားများကတော့ စားပွဲထက်၌ မှတ်စုလေးတွေရေးမှတ်လို့ထားပြီးကြလေပြီ။ သူတို့တစ်တွေက လှုပ်ရှားမှုသေးသေးလေးလုပ်ထားကြခြင်း ကွာခြားတာဆိုလို့များများမှတ်ထားတာနှင့် နည်းနည်းမှတ်ထားတာသာကွာသည်။ ဝမ့်သာနှင့် လျှိုချွိင်ဟောက်တို့မှာတော့ ဘယ်သူခိုးချတဲ့နည်းကပိုမိုက်တယ်ဆိုသည်အား အတော်ကြာငြင်းခုံလို့နေကြသည်။
"ငါ့ရဲ့ဒီဟာကို မင်းကြည့်ကြည့် ၊ အမိလုံးဝခံရမှာကိုမဟုတ်ဘူး ၊ မင်းရဲ့ဟာကဘာလုပ်ရမှာလဲ ၊ ဒိတ်အောက်တာတောင်ကြာလှပြီဟာ. . . . . ."
လျှိုချွိင်ဟောက်သည် စားပွဲထက်ခိုးကူးလို့ထားသည့်စာအားစာအုပ်နှင့်လှမ်းလို့ကွယ်လိုက်ပြီး ကိုယ်ဘာကိုယ်တော့ကျေနပ်လျက်ရှိပါ၏။
"မင်းကဘာသိလို့တုန်း ၊ ငါဒီနည်းပဲသုံးလာတာကြာလှပြီ။"
သူတို့နှစ်ယောက်သားမှာ သတ်ရင်းနဲ့မှ အမှုမဲ့အမှတ်မဲ့ဖြင့် ဝေါဟာရစာလုံးတွေအလွတ်ရေးရာမှာ တစ်တန်းလုံးတွင် အညံ့ဆုံးသောကျောင်းသားနှစ်ဦးအား သွားလို့မြင်မိလေသည်။ တစ်ယောက်ကအိပ်နေပြီး တစ်ယောက်ကကြဖုန်းသုံးလို့နေကာ တည်ငြိမ်လွန်းလျက်ရှိကြပါသည်။
"သူတို့နှစ်ယောက်က ခိုးချဖို့လုပ်များပြီးသွားကြတာလား?"
"တကယ်တော့ ငါ့အထင် စားပွဲပေါ်ကူးရေးထားတာက သိပ်ပြီးမလုံခြုံဘူးလားလို့ ၊ သူတို့ကိုမေးကြည့်ကြည့်ရင်ရော? သူတို့နှစ်ယောက်က ပိုပြီးအတွေ့အကြုံရှိတယ်။"
"သူတို့နှစ်ယောက်ရဲ့ စကေးကတော့ သေချာပေါက်ထိပ်တန်းပဲနေမှာ။"
". . . . . ."
ဝမ့်သာနှင့် လျှိုချွိင်ဟောက်တို့၏ မျှော်လင့်ချက်အပြည့်နဲ့မျက်လုံးအကြည့်များကြောင့် ဟယ့်ကျောင်းသည် ပြည့်စုံတဲ့အဖြေအားပေးလိုက်တော့သည်။
"ဘာတွေများ ဒုက္ခခံနေတာတုန်း? စာအုပ်ကိုတိုက်ရိုက်ချဖွင့်ပြီးကူးတယ်လေ။"
ရှဲ့ယွီ : ". . . . . ."
ဝမ့်သာသည် တစ်ခဏလောက်ဆွံ့အသွားပြီးနောက်မှ တုံ့ပြန်နိုင်လာသည်။
"ခိုးကူးမထားဘဲနဲ့ကို အောင်အောင်မြင်မြင်ကူးချနိုင်တာပဲ။"
လျှိုချွိင်ဟောက် : "တော်တယ် ၊ တော်ပါပေတယ်။"
သို့တိုင် ဟယ့်ကျောင်းဆိုတဲ့သူက သူတို့ထင်နေသလောက်ကြီးလည်း တော်မိုက်မနေကြောင်းကို အမှန်တရားကသက်သေထူလို့ပေးလာသည်။
စာအုပ်ကိုလှန်ဖွင့်ကြည့်တာတောင် ဝေါဟာရစကားလုံးတွေက ဘယ်နားရှိလို့ရှိမှန်းပင် ရှာမတွေ့ပဲဖြစ်နေလေသည်။
"ဘယ်နားမှာလဲဟ?"
ဟယ့်ကျောင်းသည် နောက်တစ်မျက်နှာသို့လှန်လိုက်၏။
"ဘယ်လိုဖြစ်လို့ ခဏနေအင်္ဂလိပ်လိုပြောလိုက် ၊ ခဏနေကြတရုတ်လိုပြောလိုက် ဖြစ်နေရတာလဲ ၊ ဒီUnit ကစကားလုံးတွေဆိုတာတော့ဟုတ်ပါတယ်နော်?"
ရှဲ့ယွီသည် ဒီနှစ်တွေအတွင်း ညံ့ဖျင်းတဲ့ကျောင်းသားအဖြစ်သရုပ်ဆောင်နေသည့် မိမိကိုယ်ကိုယ်မိမိ အရည်အချင်းပြည့်ဝသည်ဟုပဲ တစ်လျှောက်လုံးထင်ထားခဲ့တာဖြစ်သည်။ ယခုတော့ မိမိညံ့ဖို့ကဟိုးအဝေးကြီးကိုလိုသေးပါကြောင်း သွားရောက်တွေ့ရှိရသည်။ တကယ့်ကိုမှညံ့ဖျင်းတဲ့ကျောင်းသားကတော့ သူထင်ထားသည်ထက်ကိုပိုပြီး အသိဉာဏ်နည်းပါးလျက်ရှိချေလေတော့သည်။