ဒေါက် ဒေါက် ဒေါက်
ကျောင်းတွင်း၌ အမြဲလိုလိုတုန်လှုပ်ချောက်ချားစေသည့် ကောလဟလအနည်းငယ်တော့ရှိတတ်ပါသည်။
ကျောင်းသားတစ်ယောက် တိုက်ပေါ်ကခုန်ချသည့်ကိစ္စမှာ တကယ်တော့ဘာသက်သေအထောက်အထားမှမရှိ ၊ အားလုံးကအရင်ကကျောင်းသားတွေထံမှပျံ့လို့လာခြင်းသာဖြစ်သည်။ ကျောင်းက နာမည်ဂုဏ်သတင်းအတွက် ထိုကိစ္စကိုဖုံးဖိလို့ထားခြင်းဖြစ်တာကြောင့် ဘာသတင်းထုတ်ပြန်ချက်ကိုမှမမြင်လိုက်ရတာဟူ၍လည်း ပြောကြပြန်သေးသည်။
တိုက်ပေါ်ကခုန်ချရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီးတော့လည်း ထင်မြင်ချက်မျိုးစုံပေါ်ထွက်လို့လာပါ၏ ၊ ပညာရေးအခက်အခဲ ဖိစီးမှုဒဏ် ၊ အချစ်ရေးအဆင်မပြေမှု ၊ အိမ်ကဒေဝါလီခံလိုက်ရခြင်း ၊ ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်း. . . စသဖြင့်။
. . . . . .
ဝမ့်သာတို့တစ်တွေမှာ ပြောရင်းပြောရင်းဖြင့် အာတတ်သရောပြော၍လာကြတော့သည်။ အဆောင်အား တကယ်ကိုသရဲအိမ်ဖြစ်သွားသလိုအထိပြောကြပြီး အလွန်မှသရုပ်သကန်ပေါ်လာအောင် 'ဆတ်ခနဲ'မီးခလုတ်အားလှမ်းလို့ပိတ်လိုက်၏။
(၈)နာရီခွဲအချိန် ၊ အပြင်ဘက်တွင်ကား လက်ဆန့်ထုတ်လို့ကြည့်တောင် လက်ငါးချောင်းကိုမမြင်ရအောင်အထိ မည်းမှောင်လို့နေပြီး မီးအလင်းရောင်တစ်စွန်းတစ်စသာလျှင်ရှိသည်။ ကျောင်း၏အနီးနား၌ အဆောက်အအုံအကြီးကြီးတစ်ခုရှိ၏ ၊ ထိုအဆောက်အအုံကြီး၌ လက်တလောနှစ်ပတ်လည်ပွဲကျင်းပလို့နေသည်ကြောင့် မီးအလင်းရောင်နီရဲရဲတို့ထင်ဟပ်လို့နေပါသည်။ ယခုစာသင်ခန်းအတွင်းမီးပိတ်လိုက်သည့်အခါမှာတော့ ထိုမီးအနီတို့ကရောင်ပြန်ဟပ်လို့လာပြီး သိသိသာသာကိုထူးခြားလို့နေပါတော့သည်။
ရှိသည့်ကျောင်းသူတစ်ဦးမှာ ချက်ချင်းဆိုသလိုပြဲလန်နေအောင်အော်တော့သည်။
"ဝမ့်သာ နင်ဘာလုပ်တာလဲ!"
"ရူးနေတာလား!"
"မီးဖွင့် ၊ မီးမြန်မြန်ပြန်ဖွင့်စမ်း!"
ဝမ့်သာသည် မလှုပ်မယှက်သာနေပြီး မလျှော့တမ်းပေလို့သာနေသည်။
"ပုံပြင်ပြောရင် ဝန်းကျင်အခြေအနေကအရမ်းအရေးကြီးတာ ၊ ဝန်းကျင်အခြေအနေ။"
ဟယ့်ကျောင်းသည် မီးမှိတ်လို့သွားသည့် တဒင်္ဂအတွင်းမှာပင် ရှဲ့ယွီ၏လက်ကောက်ဝတ်အားဆုပ်လို့ကိုင်လိုက်မိပြီး ခပ်တိုးတိုးဆဲရေးလိုက်၏။
"ငါလိုး"
ဂိမ်းကပြီးဆုံးလို့သွားပြီမို့ ရှဲ့ယွီ၏ဖုန်းစခရင်သည်လည်းမှောင်လို့သွားလေပြီ။ သူသည်လှည့်လို့ကြည့်ကာ ဟယ့်ကျောင်း၏လက်ကိုတော့မဖယ်ပစ်ဘဲ ထိုအစားစိတ်ဝင်တစားမေးလိုက်မိလေသည်။
"မင်းကသရဲကြောက်တယ်?"
ဝမ့်သာတစ်ယောက်မှာတော့ နောက်ဆုံးတန်း၏ထောင့်နားလေး၌ ဘာတွေဖြစ်ပျက်နေသည်ကိုဖြင့်မသိသေးဘဲရှိ၏။ သူသည်ထိတ်လန့်ဖွယ်ရာ ဆံပင်အလှပြင်ဆိုင်ပုံပြင်အကြောင်းပြောဖို့ရာ ပြင်ဆင်လို့နေပြီး အစ်ကိုကြီးနှစ်ယောက်အားလည်း အတူလာပြီးနားထောင်ဖို့ရန်ခေါ်လာပါသည်။
"အစ်ကိုကျောင်း ၊ အစ်ကိုကျောင်း --- --- လာပါ ၊ လာပြီးပါလှည့်ပါဦး ၊ လုံးဝကြောက်ဖို့ကောင်းပြီး အရမ်းလည်းစိတ်လှုပ်ရှားစရာကောင်းတယ်ရယ် ၊ နားထောင်ပြီးသွားတာတောင် ညတစ်ယောက်တည်းအိပ်ရဲသေးတယ်ဆို မင်းကိုပြား(၅၀)ပေးမယ်။"
ဟယ့်ကျောင်းမှာ ငြင်းဖို့ရာပင်မမှီလိုက်တော့ချေ ၊ ကြားမိရပါသော သူ၏ဒီအလွန်တရာမှပေါင်းသင်းဆက်ဆံရေးမကောင်းသည့် ၊ သေလောက်အောင်အဖော်မဲ့ အထီးကျန်လှသည့် ၊ ဘယ်တုန်းကမှ လူအများနဲ့ရောကာပျော်ပါးရခြင်းကိုမနှစ်သက်သည့် ထုံကျောကဆိုလာခဲ့လေသည်။
"ကောင်းပြီလေ။"
". . . . . ."
စာသင်းခန်းထဲ၌ စုစုပေါင်း(၁၂)ယောက်ရှိ၏။
ကျောင်းသား(၈)ယောက် ၊ ကျောင်းသူ(၄)ယောက်။
ဝမ့်သာကအလယ်တွင်ထိုင်ကာ ကျန်သူများကသူ့အားပတ်လည်ဝိုင်းလို့ထားကြသည်။ ကျောင်းသူတစ်စုကတော့ပူးကပ်ဖက်တွယ်လို့နေကြပြီး ထိုင်စရာမရှိသူများကတော့ ကိုယ်တိုင်ထိုင်ခုံဆွဲပြီး ထိုင်စရာနေရာရှာလို့ဝင်ထိုင်ကြသည်။
ရှဲ့ယွီကတော့ အပြင်ဘက်အစွန်း ထောင့်နံရံကိုမှီလို့ရသည့်နေရာ၌ထိုင်ကာ ဟယ့်ကျောင်းကတော့သူ၏ဘေးတွင်ရှိလေသည်။
ရှဲ့ယွီသည် တစ်ချက်ခေါင်းငုံ့လို့ကြည့်မိရာ ဟယ့်ကျောင်း၏လက်က သူ့အားဆုပ်ကိုင်လို့ထားစဲဖြစ်ပြီး မလွှတ်ပေးသေးဘဲရှိသည်ကို သွားလို့တွေ့မိရသည်။
"မင်းလက်ဖယ်ဖို့စိတ်ကူးများမရှိဘူးလား?"
ပြောနေရင်းမှ ထိတ်လန့်ချောက်ချားဖွယ်ရာ ဆံပင်အလှပြင်ဆိုင်ဆိုသည့်သရဲပုံပြင်ကို စတင်ပြောလာစဉ်မှာတော့ ဝမ့်သာသည် တမင်အသံကိုလုပ်ပြီး ကံဆိုးမိုးမှောင်ကျကာ ကြမ္မာဆိုးနဲ့ကြုံလာပုံကို အသံနေအသံထားဖြင့်ဆိုလာချေသည်။
"ရှောင်ကျယ်ဆိုတာက အလွန်တရာမှလှပတဲ့မိန်းမပျိုလေးပေါ့ ၊ တစ်ခေါင်းလုံးမှာ နက်မှောင်ပြီးအလွန်မှရှည်လျားလှပတဲ့ဆံပင်တွေရှိပြီး သူမကိုတွေ့သူတိုင်းက သူမရဲ့ဆွဲဆောင်မှုရှိတဲ့ဆံပင်တွေအပေါ် နက်နက်ရှိုင်းရှိုင်းကိုစွဲလမ်းလို့သွားကြလေတယ်. . . . . ."
ရှဲ့ယွီသည် မျက်မှောင်ကြုတ်မိလာရသည် ၊ ဟယ့်ကျောင်းလက်ငါးချောင်းဖြင့် ဆုပ်ကိုင်လို့ထားသည့် သူ့လက်ကောက်ဝတ်စီမှ နာကျင်ခံစားလာရမှုသည် နက်နက်နဲနဲကိုစွဲထင်လို့လာပါ၏။
ဝမ့်သာရဲ့ပုံပြင်ပြောသည့်အရည်အချင်းက တကယ်တော့သာမန်မျှဖြစ်သည့်တိုင် ကိုယ်နေဟန်ထားက တိကျကောင်းမွန်ပြီး ဇာတ်လမ်းလစ်ဟသွားသည်မရှိဘဲ ဝန်းကျင်အခြေအနေကိုပါထပ်ပေါင်းလိုက်သည့်အခါ တကယ်ကိုမဆိုးပဲရှိလှချေသည်။ ပြောတာတစ်ဝက်လောက်ရောက်လာသည့်အခါမှာတော့ ကျောင်းသူ(၄)ယောက်မှာ ပြိုင်တူပြဲလန်အောင်အော်လို့လာကြသည်။
ကျောင်းသူတွေရဲ့အော်သံက ပုံပြင်ထဲကအကြောင်းအရာထက်ကို လူကိုပိုလို့လန့်စေပါ၏။
သေချာလေးအာရုံစိုက်လို့ ပုံပြင်နားထောင်နေခိုက် ရုတ်တရက်ကြီးထိုအသံထွက်လို့လာသည်မှာ လူကိုရင်တုန်နှလုံးတုန်ဖြစ်လို့သွားစေသည်။
ရှဲ့ယွီမှာတော့ ဟယ့်ကျောင်းတစ်ယောက်လည်း မိန်းကလေးတွေနဲ့အတူစုထိုင်ပြီး သူတို့နှင့်အတူလိုက်ပြီအော်သင့်သည်ဟုတွေးမိရ၏။ သို့ပေသိ ဟယ့်ကျောင်းမှာ 'အစ်ကိုကြီးလည်း အသရေတော့ဆည်ရမှာပေါ့' ဟူသည့်ကိုယ်နေဟန်ထားမျိုးဖြင့်သာ အများကိုမြင်စေပြီး ကြက်သေသေလို့ဆွံ့အလျက်ဖြင့် စိတ်တည်ငြိမ်သလိုသာဟန်ဆောင်လို့နေလေသည်။
". . . . . .ဆံသဆရာက ကိုယ်ကိုလှည့်လိုက်စဉ် မျက်နှာထက်မှာတော့ အလွန်တရာမှထူးဆန်းတဲ့အပြုံးတစ်ရပ်ကလှစ်ဟပေါ်လွင်လို့လာကာ နှုတ်ခမ်းစွန်းတို့က တစ်ဖြည်းဖြည်းချင်း ၊ တစ်ဖြည်းဖြည်းအထပ်သို့ကော့တက်လို့လာလေတယ်။ သူက ကပ်ကြေးကိုယူလိုက်ပြီး သိုလှောင်ခန်းအပေါက်ဝနားမှာရပ်လိုက်လေပြီး ၊ ရှေ့သို့ချထားသည့်ဆံမြိတ်ရှည်ရှည်က မျက်ဝန်းတစ်ဖက်ကိုကာလို့ထားထားတယ်။ ယင်းနှယ်အသက်မပါသလိုပုံစံမျိုးက ကြည့်ရသည်မှာလုံးဝဥဿုံကိုမှ သာမန်လူတစ်ယောက်နဲ့တူမနေခဲ့ဘူး ၊ ဒါ့အပြင်ကိုအသက်ရှိနေတဲ့လူနဲ့ပင်တူမနေခဲ့။"
ဝမ့်သာသည် ပြောရင်းပြောရင်းလေသံကတဖြည်းဖြည်းတိုးလို့လာသည့်တိုင် ဇာတ်လမ်းအထွတ်အထိပ်သို့ရောက်စဉ်အခါတိုင်း၌ ရုတ်ချည်းလေသံကမြင့်တက်လို့လာတတ်သည်။
"သူကတံခါးကို ဆွဲဖွင့်လိုက်တယ်! သိုလှောင်ခန်းအတွင်းမှာတော့ စင်တွေတန်းစီနေအောင်ရှိလို့နေပြီး တစ်ချက်အကြည့်ရောက်သွားခိုက် စင်တွေထက်ပြွတ်သိပ်လို့ရှိနေတာတွေကတော့ --- --- လူရဲ့ဦးခေါင်းတွေ!"
ဟယ့်ကျောင်း၏လက်က အောက်ဘက်သို့လက်မအနည်းငယ်ရွေ့လို့သွားပြီး ချက်ချင်းပဲရှဲ့ယွီ၏လက်ကိုဆုပ်ကိုင်လို့လာတော့သည်။
ရှဲ့ယွီသည် အကြိမ်အနည်းငယ်ရုန်းပစ်လိုက်သည့်တိုင် ရုန်းထွက်လို့မရခဲ့။
"ဦးရေပြားနဲ့ဆက်စပ်နေတဲ့ မည်းနက်နက်ဆံပင်ရှည်တွေက မျက်နှာဘေးနားတစ်ဝိုက်ဝေ့ဝဲကျလို့နေပြီး သူမတို့ရဲ့မျက်နှာအမူအရာတွေကတော့ သူမတို့သေဆုံးခါနီးတဒင်္ဂအခိုက်အတန့်က ဘယ်လောက်တောင်မှ နာကျင်ခဲ့ရမှု ၊ ရက်စက်ခံရမှု ၊ ကြောက်ရွံ့ခဲ့ရမှု ၊ တစ်ဆစ်ချိုးပြောင်းလဲသွားမှုတွေကို ဖြစ်ကြောင်းကုန်စင်ဖော်ပြလို့နေလေတယ်။"
"လက်ဖယ်. ."
ရှဲ့ယွီသည် ပြောလာ၏။
"မင်းလွှတ်မှာလား မလွှတ်ဘူးလား?"
ဟယ့်ကျောင်း : "လွှတ်ဘူး။"
"မင်းတကယ်ကြီး အဲ့ဒါကိုကြောက်တယ်ပေါ့?"
"ကြောက်တယ်လို့ ဘယ်သူပြောလဲ?"
"ဒါဆို မင်းလက်ကိုလွှတ်။"
"မလွှတ်ဘူး။"
ဝမ့်သာတစ်ယောက် အဖြတ်ခံရတဲ့လူဦးခေါင်းတွေက ဘယ်လောက်တောင်ကြောင်ဖို့ကောင်းလိုက်သလဲဆိုတာကို အပင်ပန်းခံလို့သရုပ်ဖော်ပြနေခိုက် စာသင်ခန်းရဲ့ပြတင်းပေါက်ထက်သို့ မျက်နှာတစ်ခုကထွက်ပြူလို့လာလေသည်။
ထိုမျက်နှာမှာ တစ်ခြမ်းကလိုက်ကာစနဲ့ကွယ်လို့နေခြင်းကြောင့် ကျန်တစ်ခြမ်းသည်သာ မှုန်ဝါးဝါးထွက်ပြူလို့နေပါ၏။
သွင်ပြင်အားရှင်းရှင်းလင်းလင်းမမြင်ရ ၊ ကောက်ကြောင်းအရိပ် ဝိုးတစ်ဝါးကိုသာမြင်တွေ့လို့နေရသည်။
သို့တိုင် ယောက်ျားတစ်ယောက်ဆိုသည်ကိုတော့ သိနိုင်သည်။
ခေတ္တမျှကြာပြီးနောက်၌မူ ထိုလူကနှုတ်ဟလျက်အမေးရှိလာ၏။
"--- --- မင်းတို့တွေ ဘာလုပ်နေကြတာလဲ?"
ဝမ့်သာမှာ ပုံပြင်ပြောတာတစ်ဝက်သို့ရောက်လာစဉ် ခေါင်းလှည့်မိခိုက်၌ ပြတင်ပေါက်ထက်မျက်နှာတစ်ခုပေါ်လာသည့်အခါမှာတော့ ကိုယ်တိုင်လည်းလန့်ဖျန့်သွားခဲ့ပါလေသည်။
"အမေရေ။"
ကျောင်းသူတစ်စုကလည်း အော်လို့လာချေ၏။
"အားးး!"
"ဘာတွေအော်ဟစ်နေကြတာတုန်း. ."
ဌာနမှူးကျန်းသည် တံခါးကိုတွန်းဖွင့်ကာ ဝင်ရောက်လို့လာပြီး မီးခလုတ်အားစမ်းလို့ မီးဖွင့်လိုက်ပါ၏။
"ညပိုင်းselfstudyအချိန်ကို မင်းတို့ဘာလုပ်နေကြတာလဲ? အိမ်စာတွေအကုန်ရေးပြီးကြပြီလား? ဟမ်? ဒီမှာစုပြီးtea partyကျင်းပနေကြတာလား?"
သူသည် ဒီအုပ်စုလိုက်ရဲ့အော်လိုက်သံကြောင့် ခေါင်းပင်ကိုက်လို့သွားရကာ စာအုပ်ကိုယူလို့စင်ပေါ်ကိုလှမ်းလို့ရိုက်လိုက်သည်။
"ကော်ရစ်တာကိုဖြတ်လျှောက်လာတုန်း မင်းတို့အခန်းကအသံကြားလိုက်ရလို့ ၊ အိမ်စာပေးထားတာကဘာလဲ အရမ်းပဲနည်းနေလို့လား ၊ ပြောစမ်းပါဦး ငါမင်းတို့ဆရာကိုပြန်ပြောရအောင်။"
ဝမ့်သာ : "မ မ မ မလိုပါဘူး ၊ ဌာနမှူးကျန်း ကျွန်တော့်တို့အိမ်စာတွေကလုံလောက်နေပါပြီ ၊ တကယ်ကိုလုံလောက်နေပြီ ၊ ဒီထပ်များရင်လူလည်းခံနိုင်တော့မှာတောင်မဟုတ်ဘူး။"
ဌာနမှူးကျန်းသည် ကျောင်းဆင်းတာနဲ့ အတန်းတိုင်းသို့သွားကာ သုံး/လေးပတ်လောက်လှည့်ပတ်ကြည့်ရှုပြီးနောက်မှပြန်တတ်တာက အလေ့အကျင့်ဖြစ်နေလေပြီ။ စိတ်အခြေအနေကလည်းကောင်းပြီး မြန်မြန်အလုပ်ဆင်းချင်တာကြောင့်လည်းပါမည် ၊ သူသည်ဆက်လက်စစ်မေးမနေတော့ဘဲ သတိစကားနှစ်ခွန်းလောက်သာပြောလိုက်တော့၏။
"ငြိမ်ငြိမ်နေကြ ၊ မှာထားတာကိုလိုက်နာ ၊ ငါနောက်တစ်ကြိမ်ထပ်တွေ့လို့ရှိရင်. . . . . ."
"ဟုတ်ဟုတ်ဟုတ်ဟုတ်။"
ဌာနမှူးကျန်းထွက်သွားပြီးတော့မှပဲ သူတို့တစ်တွေလည်း သက်ပြင်းချနိုင်ကြတော့သည်။ ထိုင်ခုံတွေကိုဆွဲပြီး ကိုယ့်နေရာ၌ကိုယ်ပြန်ထိုင်ကြဖို့ပြင်ခိုက် ကျောင်းသူတစ်ယောက်ထံမှ အော်သံထွက်လို့လာပြန်သည်။
"အမိန့် ၊ ငြိမ်ငြိမ်နေ. ."
ဝမ့်သာကပြောလို့လာသည်။
"ရွှီချင်ချင် ၊ ငါပြောတဲ့ပုံပြင်က အဲ့လောက်တောင်ကြောက်ဖို့ကောင်းနေလို့လား?"
ရွှီချင်ချင်မှာ ဒီကမိန်းမကြီးက နင်ထင်နေသလောက်ကြီးတော့ သတ္တိနည်းမနေဘူးဟူသည့်အမူအရာပြလို့လာခဲ့ပြီး သူမသည်အဆက်မပြတ်မျက်ရိပ်ပြလို့လာ၏။ အဆုံးမှာတော့ အစ်ကိုကြီးနှစ်ယောက်ရဲ့ တစ်ယောက်လက်တစ်ယောက်တင်းတင်းဆုပ်ကိုင်လို့ထားကြသည့်ထံ အားလုံးရဲ့အကြည့်တွေကိုလွှဲပြောင်းဆွဲဆောင်လိုက်နိုင်သွားပါသည်။
ဝမ့်သာအပါအဝင် အခြားအတန်းဖော်များ : ". . . . . . !"
ရှဲ့ယွီမှာ ဆုပ်ကိုင်ခံထားရတာပင်ကြာလှပြီမို့ တစ်ခုခုမှားယွင်းနေသည်ကိုပင် သတိမပြုမိတော့။
ဟယ့်ကျောင်းသည် ပုံပြင်ဇာတ်ကြောင်းဘက် ပြန်လှည့်လို့လာသည်။
"သူမ အဆုံးသတ်မှာထွက်ပြေးလွတ်မြောက်သွားလား?"
"မသေရင်တော့ ရူးမှာပဲ. ."
ရှဲ့ယွီက တည်တည်ငြိမ်ငြိမ်ပင်ဆိုလို့လာသည်။
"အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ်ပြီးထိတ်လန့်ချောက်ချားစရာပုံပြင်လို့ ခေါ်ထိုက်တော့မလဲ။"
ဟယ့်ကျောင်းနှင့်ရှဲ့ယွီနှစ်ယောက်သည်ကား 'ခပ်ဆိုးဆိုးလူရွယ်' ဆိုသည့်နာမည်ဂုဏ်ပုဒ်ရှိတာကလွဲပြီး နှစ်ယောက်လုံး၏ ပုံပန်းသွင်ပြင်ကတော့ ညီတူညီမျှပင်မျက်စိကိုအတော်လေးဖမ်းစားဆွဲဆောင်ပါ၏။
အထက်တန်းပထမနှစ်စတင်တက်စဉ် ကျောင်းသို့စရောက်စဉ်အခါက ကျောင်းကpostတင်ပြီး ကျောင်းရဲ့အချောဆုံးသူကိုရွေးရာ၌ ဤနှစ်ယောက်၏နာမည်က ရှေ့ဆုံးတွင်ပါလေသည်။ ဒီကျောင်းကကျောင်းသား/သူများမှာတော့ အရာအားလုံးကအဝေးကနေမှ ပိုလို့လှပတယ်ဆိုသည့် သဘောတရားကြောင့်ပေလားတော့မသိ သူတို့နှင့်သိပ်ပြီးအဆက်အဆံမလုပ်ရဲသော်ငြား အပြင်ကျောင်းကသူများကတော့ အမြဲလိုလိုလာရောက်မေးတတ်သည်မှာ - "နင်တို့ကျောင်းက ဟိုXX ဆိုတဲ့တစ်ယောက်စီကို ဆက်သွယ်လို့ရမယ့်နည်းလေးဘာလေးများမရနိုင်ဘူးလား ၊ တကယ်ကိုချောတာပဲဟယ်။"
ကော်လဟလတွေအများကြီးထွက်သည့်တိုင်အောင် ဒီနှစ်ယောက်ရဲ့အချစ်ရေးရာဇဝင်ကတော့ဖြင့် ဆန်းကြယ်စွာပင်သိုဝှက်လျက်ရှိပါ၏။
ဝမ့်သာတစ်ယောက် အခန်း(3)ကိုလည်းကျရော အရင်ကတည်းကအဆက်အသွယ်ရှိတဲ့သူတွေရော ၊ မရှိတဲ့ကျောင်းသူတွေရောကပါ တစ်အုပ်လိုက်ကြီး သူ့ကိုလာမေးကြသည်။ သူသည်တွေဝေလို့နေမိရင်းမှ အဆုံးမှာတော့ ထိုတစ်စုအားအဖြေတစ်ခုပြန်ပေးဖို့ရာရှိသွားခဲ့ပြီဟု ယူဆလိုက်မိ၏ - တော်ပါပြီ၊ ငါတို့အတန်းရဲ့ အတွင်းအဖွဲ့ကနေပြီး အတွင်းသတင်းတွေရောင်းရင်လည်းရောင်းလောက်မှာ။
(၈)နာရီခွဲချိန်မှာတော့ ညပိုင်selfstudyအချိန်ပြီးဆုံးလို့သွားလေပြီ။
ဝမ့်သာသည်ပစ္စည်းတွေကိုကောက်သိမ်းပြီးနောက် သူတို့နှင့်အတူလိုက်လို့လာခဲ့၏။ ဒီရက်ပိုင်းထဲ၌ အားလုံးမှာချစ်ချစ်ခင်ခင်နဲ့ မိသားစုလိုလိုကိုဖြစ်လို့လာခဲ့သည်ဟု ခံစားမိရလေသည်။ အထူးသဖြင့် ဆရာပြောင်းသည့်ကိစ္စပြီးနောက်တွင် တစ်စုတစ်စည်းနဲ့ ရဲဘော်ရဲဘက်တွေအလားရှိကြပါ၏။
"ကိုယ်တွေ့သတင်းတစ်ခု မင်းတို့ကိုတိတ်တိတ်လေးပြောပြမယ်. ."
ဝမ့်သာသည်ရှေ့ကနေလျှောက်လို့နေရင်းမှ. .
"နောက်တစ်ပတ်ဖြေရမယ့် လပတ်စာမေးပွဲလေ ၊ ဆရာထန်ရဲ့ရုံးခန်းထဲကနေငါကြားလာခဲ့တာ ၊ နှစ်အလိုက်သူ့အုပ်စုနဲ့သူဖွဲ့ထားတဲ့ဆရာတွေကိုယ်တိုင်မေးခွန်းထုတ်မှာတဲ့ ၊ အမှတ်(၄)ကိုကြည့်ပြီး မေးခွန်းကိုခက်မယ်တဲ့ ၊ ဘာပဲဖြစ်ဖြစ် ငါတို့ပုံမှန်လုပ်နေကြမေးခွန်းတွေထက်တော့ ခက်မှာပဲ။"
ရှဲ့ယွီ : "ဒီလိုသတင်းကို ငါ့ကိုပြောတာက?"
ဟယ့်ကျောင်းသည်လည်း နားမလည်နိုင်ဖြစ်မိလေ၏ ၊ သူနှင့်ရှဲ့ယွီနဲ့က နှစ်တိုင်းလိုလို တစ်ကျောင်းလုံးမှာဆို နောက်ဆုံးကရေရင် အဆင့်(၁) နှင့် အဆင့်(၂)အား ကန်ထရိုက်ဆွဲလို့ထားကြတာဖြစ်သည်။ သူတို့နှစ်ယောက်အနေနဲ့ပြောရလျှင် စာမေးပွဲဆိုတာကဘာမှမဟုတ်။
"ဒီသတင်းက ဘယ်နားတန်လို့လဲ?"
ဝမ့်သာ : "ခိုးချဖို့အတွက်ကြိုပြီးပြင်ဆင်ထားနိုင်အောင်လို့ မင်းတို့ကိုသတိပေးတာပါ ၊ ဒီတစ်ခေါက်က ခိုးချတာကိုတော်တော်တင်းကြပ်မှာ ၊ ကြားတာတော့ စာမေးပွဲခန်းကို ဆရာသုံးယောက်တောင်စောင့်မှာတဲ့။"
ကျောင်းဝင်းထဲ၌ လမ်းမီးတို့သာလင်းလျက်ကျန်ရှိနေပြီး အင်းဆက်ပိုးကောင်လေးများ၏ ကျည်ကျည်ကျာကျာမြည်သံတို့သာရှိတော့သည်။ နွေလယ်ကာလပြီးဆုံးတော့မည်ဖြစ်တာကြောင့် မျက်နှာထက်တိုက်ခတ်လာသည့်လေထုထဲ၌ အေးမြခြင်းတို့ကပ်ပါလာခဲ့၏။
ဟယ့်ကျောင်း : "ဪ။"
ရှဲ့ယွီ : "တကယ်ပဲ မင်းကိုကျေးဇူးတင်ပါတယ်။"
ရှဲ့ယွီသည် ပြန်ရောက်တာနဲ့ မျက်နှာသစ်၊ပလုတ်ကျင်းပြီးနောက်တွင် 《နမူနာမေးခွန်းလွှာ --- --- လပတ်စာမေးပွဲမေးခွန်းလွှာ》စာအုပ်အားလှန်လို့ဖွင့်လိုက်၏။ Aမြို့ရှိ အထက်တန်းကျောင်းတိုင်းက နှစ်စဉ်လပတ်စာမေးပွဲမေးခွန်းလွှာတွေအားလုံးကို စုစည်းလို့ထားတာပဲဖြစ်သည်။ မနှစ်ကအမှတ်(၄)ရဲ့ လပတ်စာမေးပွဲကိုရှာပြီး အနည်းငယ်ကြည့်လိုက်သည်။
လွယ်တဲ့မေးခွန်းတွေကိုတော့ ကြည့်ရုံပဲကြည့်လိုက်ပြီး စိတ်ဝင်စားဖို့ကောင်းသည့် မေးခွန်းအခက်များနှင့်ကြုံလျှင်တော့ ခဏရပ်ကာဖြေလို့ကြည့်သည်။
မသိလိုက်မသိဘာသာဖြင့် မီးမှိတ်ချိန်သို့ရောက်လာခဲ့၏။ ရှဲ့ယွီသည် စားပွဲတင်မီးအိမ်က တစ်နာရီလောက်တော့ သုံးလို့ရဦးမှာပါဟုမှန်းဆလျက် မေးခွန်းဆက်လုပ်နေမိစဉ် ဖုန်းစခရင်ကရုတ်တစ်ရက်လင်းလို့လာသည်။
QQက စာတိုတစ်စောင်ပါပင်။
ဟယ့်ကျောင်း : အိပ်ပြီလား?
ရှဲ့ယွီ : ?
ဟယ့်ကျောင်း : အထီးကျန်ဆန်လွန်တဲ့ညပါပဲ ၊ ငါနဲ့စကားလာပြောပါ့လား။
ရှဲ့ယွီ : မအားဘူး ၊ မပြောဘူး ၊ သွား။
ဟယ့်ကျောင်းမှာ ထုံကျော၏ဒီလိုမျိုးအဖက်မလုပ်တဲ့ပုံစံမျိုးနဲ့က နေသားပင်ကျလို့နေပြီမို့ ထိုသို့ပြောပုံမျိုးအား ဆိုးသည်ဟုပင်မခံစားမိတော့ဘဲ စာတစ်ကြောင်းထပ်ပြန်လိုက်၏။
: ဘာတွေမအားနေတာလဲ?
ရှဲ့ယွီသည် သချင်္ာမေးခွန်းအထူကြီးရယ် ၊ ခုနလေးကမှတစ်ဝက်တွက်လို့ထားထားသည့် functionပုစ္ဆာတစ်ပုဒ်ရယ်ကို မျက်နှာချင်းဆိုင်လိုက်ရင်း ဗလာနတ္ထိမျက်နှာနှင့် စာလုံးသုံးလုံးရိုက်လိုက်ပါသည်။
:ဂိမ်းဆော့။
ဟယ့်ကျောင်း : ဘာဂိမ်းလဲ?
ထိုစာလုံးသုံးလုံးထဲ၌ 'ငါ့ကိုပါခေါ်လေ ၊ နှစ်ယောက်ကစားရအောင် အတူတူဆော့ရအောင်' ဟူသည့်အငွေ့အသက်တို့လွှမ်းလျက်ရှိရာ ရှဲ့ယွီသည်အေးစက်စက်နဲ့ငြိမ်လို့နေပြီးနောက် စကားပြောနေခြင်းအမှုရပ်လို့သွားစေဖို့ ဆုံးဖြတ်လိုက်ပါ၏။
: တစ်ယောက်တည်းဆော့ရတဲ့ဂိမ်း။
ဟယ့်ကျောင်း : . . . . . .
ရှဲ့ယွီသည် ဖုန်းကိုချပြီးကာမှ ရုတ်တရက်ညပိုင်းselfstudyအချိန်တုန်းက ဒီတစ်ယောက်ရဲ့အပြောအဆိုနဲ့အပြုအမူတို့ကို ပြန်လည်သတိရလိုက်မိသည့်အခါမှာတော့ တစ်ကြောင်းထပ်လို့ပို့လိုက်ပါသည်။
: မင်းကြောက်လို့မအိပ်ရဲနေတာလား?
ဒီတစ်ခေါက်မှာတော့ ဟယ့်ကျောင်းသည် ထပ်ပြီး စကားမရှိစကားရှာပြောမလာတော့။
ဟယ့်ကျောင်း : [/အပြုံး အီမိုဂျီ]
ဟယ့်ကျောင်း : ဟာသလာလုပ်နေတယ် ၊ ငါကဘယ်သူ့ကိုကြောက်လို့တုန်း။
ဟယ့်ကျောင်း : [/လက်ပြ အီမိုဂျီ]
ရှဲ့ယွီသည် နဂိုတုန်းကတော့ ဝမ့်ရှစ်ထုံးပြောသည့် အဆောင်ကိုသရဲခြောက်သည့်ကိစ္စအား အမှန်လို့ကိုမမှတ်ယူထား ၊ ထိတ်လန့်စရာဆံပင်အလှပြင်ဆိုင်လိုပဲ ပုံပြင်နားထောင်နေသလိုသာသဘောထားပြီး အသစ်အဆန်းမျိုးနားထောင်ရုံသက်သက်သာရှိခဲ့သည်။
သူသည် အထက်တန်းပထမနှစ်တုန်းကလည်း အဆောင်နေခဲ့ပါသည် ၊ တစ်နှစ်လုံးလုံး ဘာကိစ္စမှမရှိခဲ့။
ပြီးတော့ ထူးဆန်းတဲ့တံခါးခေါက်သံ ၊ တော်တော်ကို စိတ်ကူးယဉ်ဆန်လွန်းသောပါပဲ။
အိပ်ဖို့ပြင်ချိန်က ညသန်းခေါင်းကပ်နေလေပြီ ၊ ရှဲ့ယွီသည် ကုတင်ထက်လဲအိပ်ရင်းမှ friend groupထဲဝင်ကြည့်လိုက်၏။ ကောက်ကျစ်ယုတ်မာပုံရသည့်လူတစ်ယောက်အား အန်တီမေကမြေပြင်ထက်သို့ဖိလို့ချထားသည့်ပုံနှင့်တကွ လက်ဗလာနဲ့သူခိုးကိုဖမ်းထားတာ ၊ မိုက်ချက်မိုက်ချက် ဆိုသည့်captionနဲ့အတူရေးလို့ ကျိုးသာ့လေကတင်ထားသည်အား တွေ့လိုက်ရသည်။
commentထဲမှာတော့ အန်တီမေက ကျိုးသာ့လေရဲ့ဓာတ်ပုံရိုက်သည့်စကေးကိုမကြိုက်ကြောင်း ပြောလို့ထားသည်။
လေကျစ်အမေကတော့ သူ့သားကိုကာပြောပေးလို့လာပါ၏ - ကြည့်တဲ့သူအပေါ်ပဲ အဓိကမူတည်တာပါ ၊ စကေးတွေဘာတွေနဲ့မဆိုင်ဘူး! ငါ့သားရိုက်ထားတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ!
ရှဲ့ယွီသည် အတော်ကြာကြည့်ပြီးနောက် အဆုံးမှာတော့ commentဝင်မရေးဖြစ်တော့ဘဲ likeပဲပေးလိုက်တော့သည်။ သူဖုန်းကိုလက်ကချလို့ပြီးပြီးချင်းမှာပဲ နဂိုကတိတ်ဆိတ်လျက်ရှိပါသည့် ကော်ရစ်တာတစ်လျှောက်၌ ဘာသံမှန်းမသိသည့် ခပ်တိုးတိုးအသံတစ်သံထွက်ပေါ်လို့လာသည်အား ကြားလိုက်ရသည်။
--- --- ဤသည်မှာ အလွန် အလွန်မှဖြည်းညင်းလွန်းသည့် ခြေသံနှင့်တူလေ၏။
အသံက ဝေးရာမှနေ နီး၍လာသည်။
ထို့နောက်မှာတော့ ဘယ်အိပ်ခန်းတံခါးပေါက်ဝရှေ့၌ ရပ်တန့်လို့သွားခဲ့သည်မသိ။
ရှဲ့ယွီသည် တံခါးခေါက်သံနှစ်ချက်ကိုဖြင့် ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်ရပါလေသည်။
"ဒေါက်"
"ဒေါက်"