book

Index 21

အခန်း (၁၈)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

လက်လျှော့မယ် ၊ နောက်တစ်ပုဒ်


နေ့သစ်တစ်နေ့၌။


အော်ဟစ်သံတစ်သံသည် မနက်ဝေလီဝေလင်းအချိန်၏ လက်ကျန်မြူနှင်းတို့ကိုပင်ဖောက်ထွက်ကာ အားလုံး၏စိတ်ဝိညာဉ်အား နိုးကြားလို့လာစေသည်။



"ကောင်းကောင်းရပ်ကြစမ်း ၊ လာ. . .   . . . အာလုံးပဲလာကြ ၊ ကောင်းကောင်းရပ်။"


"မြေပြင်ကိုပဲစိုက်ကြည့်မနေနဲ့ ၊ ပန်းပေါက်လာမှာမို့လို့ကြည့်နေကြတာလား? ရှက်မနေကြနဲ့ ၊ ရှက်ဖို့မလိုဘူး ၊ အစောကတည်းကမင်းတို့က အရှက်မဲ့ပြီးသားတွေ။"


"ရင်ဘက်ကိုဖြောင့်ဖြောင့်ထား! ခေါင်းမော့! အရှေ့တည့်တည့်ကိုကြည့် ၊ ငါ့မျက်လုံးကိုကြည့်။"



အမှတ်(၂)လိယန်ကျောင်း ဝင်ပေါက်ဝနားရှိ ကြေးရုပ်တုကြီးအနီးနား၌ လူဆယ်ယောက်ဝန်းကျင်ခန့်သည် မတ်မတ်ရပ်လျက်ရှိကြ၏။ သူတို့သည် နှစ်တန်းခွဲတန်းစီလျက်ရှိကြပြီး ခေါင်းငိုက်စိုက်ကျလျက် ကျောဘက်ရှိလွယ်အိတ်လေးလေးပင်ပင်တို့သည်ကား တွဲရရွဲကျလို့နေသည်။


လုံးလုံးလျားလျားမနိုးသေးသည့် ငိုက်မျဉ်းနေသည့် သုံး/လေးယောက်ခန့်မှာ အော်သံကြောင့် အိပ်ချင်စိတ်လေးတွေပင် လွင့်ပျံပါလို့သွားရတော့သည်။ နေရာမှာတင် တွန့်ခနဲဖြစ်သွားကြပြီး တုန်ယင်လာကြ၏။


ထိုအထဲရှိ ကျောင်းသားတစ်ဦးသည်ကား မအောင့်အည်းနိုင်တော့သည့်အဆုံး ခေါင်းထောင်၍ဌာနမှူးအားတစ်ချက်လှမ်းကြည့်ပြီးနောက် ခေါင်းပြန်ငုံ့ကာ လေသံတိုးတိုးဖြင့်ဆိုပစ်လိုက်သည်။


". . .   . . . ခွေးရူး။"


ဌာနမှူးကျန်းသည် နားပါးလှစွာ တစ်စုံတစ်ရာကိုကြားလိုက်ရသည်ကြောင့် ကျောင်းသားအုပ်ထံလက်ညှိုးထိုးကာဆိုလာသည်။


"ဘယ်သူစကားပြောနေသေးတာလဲကွ!"



ထိုလူကြီး၏ရင်ဘက်က အသက်ပြင်းပြင်းရှူထုတ်ခြင်းကြောင့် မြင့်ချည်နိမ့်ချည်ဖြစ်လို့နေ၏။ ရွှေရောင်မျက်မှန်တစ်လက်က နှာခွ၌ချိတ်လျက်ရှိသည့်တိုင် ရည်မွန်ဖွယ် ပညာတတ်အသွင်မျိုးတော့ရှိမနေချေ။ လက်ထဲတွင်တော့ ကျောင်းတက်ရောက်သူဦးရေ စာရင်းစာရွက်အားကိုင်ဆောင်လို့ထားပြီး ထိပ်ဆုံး၌အမြဲကျောင်းနောက်ကျသည့်လူစာရင်းအား မှတ်လို့ထားသည်။ ကျောင်းနောက်ကျခြင်း သုံးကြိမ်ထက်ကျော်ပါက တက်ရောက်သူစာရင်း၏နောက်ဆုံးတစ်ရွက်က 'နာမည်ပျက်စာရင်း' ဆိုသည်ထဲရောက်လို့သွားမည်ပဲဖြစ်သည်။


ခွေးရူးဆိုသည့် နာမည်ပြောင်ရသည်မှာ အချိန်အတော်လေးကြာဖြစ်သည်။ ရှေ့နှစ်တွေတုန်းကကျောင်းသားတွေပေးထားခဲ့တာဖြစ်ပြီး အခုထိကိုအဆင့်ဆင့်ပျံ့လျက်ရှိ၏။ အားလုံးဆိုကြသည်မှာ အခြားဘယ်ဆရာကိုမဆိုသွားလို့ဆွမိရင်တောင်မှ မျိုးရိုးနာမည်ကျန်းနဲ ့ကျန်းဌာနမှူးဆိုသူကိုတော့သွားမဆွမိလေနှင့်ဟု ပြောစမှတ်တွင်၏။ အထင်ကရဖြစ်ပါသော ခွေးရူးဆိုသည်မှာကား လစေ့နေသည့်ကျားမကြီးထက်ပင် ပိုလို့ကြောက်ဖို့ကောင်းသေးလေသည်။


ကျန်းဌာနမှူးသည် မျက်ဝန်းတို့ကိုမှေးကျဉ်းပစ်လိုက်ပြီး ရှေ့ဆုံးတန်းမှတည် နောက်ဆုံးတန်းရှိရာအထိ လျှောက်လို့သွားလိုက်ပြီးနောက် အေးစက်စက်ရယ်ကာဆိုလာလေသည်။


"---  --- ကျောင်းနောက်ကျ။ စာသင်နှစ်အသစ်စတာမှဖြင့် ဘယ်နှစ်ရက်မှတောင်မရှိသေးဘူး နောက်ကျတယ်ဆိုတာနဲ့ ငါ့လာကစားနေတယ်ပေါ့။"


သူသည်ရှေ့ဆုံးတန်းမှ နောက်ဆုံးတန်းသို့ရောက်ချိန်မှာတော့ ခြေလှမ်းတွေကိုရပ်တန့်လိုက်၏။ ကျန်းဌာနမှူး၏အသံပို၍ ကျယ်လောင်လို့လာချိန်မှာတော့ အခြားကျောင်းသားများမှာအသက်ရှူပင်အောင့်ထားမိကြတော့သည်။


"ဟယ့်ကျောင်း? မင်းကဘာဖြစ်ရတာလဲကွ ? !"


ဟယ့်ကျောင်းသည် အနေအထားပြောင်းလိုက်ပြီးနောက် ထွက်ဆိုလိုက်၏။


"ကျောင်းနောက်ကျတာပါ။"



"မင်းကဒီတစ်ခေါက်အဆောင်နေတာတောင်မှ ကျောင်းပေါက်ဝမှာငါ့အဖမ်းကိုခံသေးတယ်ပေါ့. ."


ဌာနမှူးကျန်းသည် အခြားကျောင်းသားများအား အတန်းသွားတက်ရန်အချက်ပြလိုက်ပြီး ဟယ့်ကျောင်းတစ်ယောက်တည်းကိုသာ ကျန်နေစေသည်။


"ဟုတ်ပါတယ်လေ ၊ ကျောင်းစည်းကမ်းတွေဖောက်ဖျက်တဲ့အစွမ်းကတော့ တကယ်ပဲလူကိုတော်တော်အာရုံစိုက်မိစေတာပဲ။"


ဟယ့်ကျောင်းသည် မိမိကမနက်စောစောအပြင်ထွက်အပြေးလေ့ကျင့်ခန်းလုပ်တာဖြစ်ကြောင့်နှင့် သတိမထားမိဘဲအချိန်အကြည့်မှားသွားကြောင်းပြောပြလိုက်ပါ၏။


ဌာနမှူးကျန်းသည် မျက်စိရှေ့မှောက်ရှိ တစ်ကိုယ်လုံးသပ်ရပ်တောက်ပြောင်လို့နေပါသည့် လူငယ်လေးအားကြည့်မိလေသည်။ အနားတိုးကပ်မည်ဆိုပါက အဝတ်လျှော်ဆပ်ပြာမှုန့်နံ့ပင်ရနိုင်ပါသေးသည်။


ချီးကိုမနက်စောစောထပြေး ၊ လူကြီးတွေလမ်းလျှောက်တာနဲ့ သိပ်ကွာမနေဘူး။


ဌာနမှူးကျန်းသည် သူ့အားအပြစ်ရှာဆက်ပြောရမည်တို့အား ငြီးငွေ့လို့သွားပါ၏။ အချိန်ကိုကြည့်လိုက်တော့ ကျောက်တက်ပြီးလို့(၁၀)မိနစ်ပင်ပြည့်လို့သွားပြီမို့ တစ်ခွန်းသာဆိုလိုက်တော့သည်။


"အရင်စည်းမျဉ်းဟောင်းပဲ။"


"ဆင်ခြင်သုံးသပ်ချက်စာတမ်းပဲမလား ၊ ကျွန်တော်သိတယ်။"


ဟယ့်ကျောင်းသည် ရှေ့သို့ဆက်လျှောက်ရင်းမှ ဆက်လက်ပြောလိုက်၏။


"နေ့လည်ကြ ကျွန်တော် ဆရာ့ရုံးခန်းကိုလာပေးလိုက်ပါ့မယ် ၊ နှုတ်ဆက်ပါတယ် ဌာနမှူးကျန်း။"


ဟယ့်ကျောင်းတစ်ယောက် အရိပ်ပင်မမြင်အောင်ပြေးထွက်တော့မည်ကိုမြင်တော့ ဌာနမှူးကျန်းသည်အလျင်စလိုလှမ်းလို့တားမိသည်။


"ခဏလေး ၊ မင်းပြန်လာခဲ့ဦး။"


ဟယ့်ကျောင်းသည် ခြေလှမ်းတို့ကိုရပ်တန့်လိုက်ပါ၏။


ဌာနမှူးကျန်း : "မင်းတို့အတန်းရဲ့ ပူးပေါင်းလက်မှတ်ထိုးတောင်းခံစာက ဘယ်လိုဖြစ်ရတာလဲ?"



မုန်တိုင်းတစ်သွင်ပြီးမြောက်သွားခဲ့ပြီးနောက် ရွှီရှာတစ်ယောက်မှာ ဘာအပြစ်ပေးခြင်းမှမခံရသည့်တိုင် စမ်းသပ်လေ့လာတဲ့အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ဖို့ကိစ္စကတော့ သေချာပေါက်မျှော်လင့်ချက်ပျက်သုဉ်းသွားလေပြီ။ ရှေးဦးစွာ သူမသည်အမှားကိုကောင်းကောင်းဝန်ခံပြီးဖြစ်တာရော သူမစာသင်လာသည့်နှစ်ပေါင်းကလည်း(၁၀)နှစ်ဝန်းကျင်ခန့်ရှိသည့်အပေါ်ထောက်ထားကာ သူမအားဆက်လက်ပြီးစစ်ဆေးမေးမြန်းခြင်းများမပြုလုပ်တော့။


သို့သော် ကျောင်းဘက်ကခေါင်းကိုက်လို့နေရသည်မှာတော့ အခန်း(3)ကကျောင်းသားများ အတန်းပိုင်ပြောင်းပေးဖို့ရာ ဆန္ဒရှိနေကြခြင်းကိုပင်ဖြစ်သည်။


ဟယ့်ကျောင်း ထိုကိစ္စကိုစတင်အဆိုပြုမိစဉ်အခါက အတန်းထဲကတစ်ယောက်မှသဘောတူလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့တာဖြစ်သည်။ ဒီအတန်းသည်ကား ပုံမှန်မဟုတ်ဘဲ သာမှန်ဆိုတိတ်ဆိတ်လို့သာနေပြီး တစ်ယောက်သော်မျှ အသံမထွက်ကြချေ ၊ မထင်မှတ်ထားသည်မှာ ဒီတစ်ခေါက်တွင်တော့ ရွှီရှာအပေါ်၌အားလုံးရဲ့ ထင်မြင်ချက်တို့ကပေါက်ထွက်လို့လာပါတော့၏။



လျှိုချွိင်ဟောက်က သူ၏အပေါင်းအပါတို့ကို ဦးဆောင်ခေါင်းရွက်ပြုလျက်မှ အားပေးထောက်ခံလို့လာသည်။


"သူမကိုဖြုတ်ချပစ်!"


ပြောသည့်သူမှာ အတော်ကိုအားအင်အပြည့်နှင့်တက်ကြွလှသောသွင်ပြင်ရှိပါသည့် ကျောင်းသားတစ်ယောက် ၊ အထူးသဖြင့် သူ၏မျက်ဝန်းတစ်စုံ ၊ လူကိုကြည့်သည့်အခါတိုင်း လင်းလက်တောက်ပနေသကဲ့သို့ပင်ရှိသည်။


"ငါတို့တစ်တန်းလုံးပဲပါဝင်ကြမှာဆိုတော့ နောက်ဆုံး မအောင်မြင်ရင်တောင်မှ စုပေါင်းအပြစ်လုပ်ကြတာဆိုတော့ အပြစ်ပေါ့လျှော့နိုင်ပါသေးတယ်။"


လျှိုချွိင်ဟောက်သည် ထိုကျောင်းသား၏နောက်စေ့အားရိုက်ချပစ်လိုက်၏။


"ဝမ့်ရှစ်ထုံး ၊ မင်းကဘယ်လိုတောင်အနုတ်လက္ခဏာပြနေရတာတုန်း ၊ ဘာမှတောင်မစရသေးဘူး မင်းကမအောင်မြင်မှာကိုစဉ်းစားနေတယ်။"


(T/N : 万事通/ဝမ့်ရှစ်ထုံး = အကုန်သိ ဆိုတဲ့အဓိပ္ပာယ်ပါ ၊ ကျောင်းသားတစ်ယောက်ရဲ့ nickname ၊ နာမည်ရင်းကတော့ ဝမ့်သာပါ။)


'ဝမ့်ရှစ်ထုံး'ဟုအခေါ်ခံရသည့် ကျောင်းသားကဆိုလာသည်။


"ဒါကိုအနုတ်လက္ခဏာပြတယ်မခေါ်ဘူး ၊ နည်းဗျူဟာလို့ခေါ်တယ်။ ငါအသက်တစ်ခါရှူတဲ့အတွင်းမှာကို မင်းကိုဒီလိုကိစ္စမျိုး(၁၀)ခုလောက်ဥပမာပေးလိုက်လို့ရတယ်---  --- မနှစ်ကအခန်း(5)တစ်ခန်းလုံးပဲ ကာယအချိန်အတန်းဝင်တဲ့ဆရာကိုစုပေါင်းကန့်ကွက်ကြတာ. . . . . ."



ဟယ့်ကျောင်းသည်နဂိုကဆို စိတ်အားထက်သန်စွာဖြင့် ရှဲ့ယွီကိုပါ သူတို့နှင့်အတူတကွ ဌာနမှူးကျန်းကိုသွားရှာကြဖို့ ဆွယ်လေသည်။


ရှဲ့ယွီသည် လျှိုချွိင်ဟောက်လက်ထဲ၌ကိုင်ထားသည့် လက်မှတ်ထိုးထားကြသည့်စာရွက်ကိုညွှန်လို့ပြလိုက်ပါသည်။ ထိုစာရွက်ပေါ်တွင်တော့ အခန်းထဲကလူတစ်ဝက်လောက်ရဲ့ လက်မှတ်တွေစုစည်းရောက်ရှိလို့နေပြီဖြစ်သည်။


"ငါအဲ့ပေါ်မှာ လက်မှတ်ထိုးပေးလိုက်တာကိုက အတော်လေးမျက်နှာသာပေးရာရောက်နေပြီနော် ၊ နားလည်လား?"



ဌာနမှူးကျန်းသည် သူ့အားတားပြီးစကားသုံး/လေးခွန်းမျှပြောပြီးနောက် ထွက်လို့သွားလေသည်။


ဟယ့်ကျောင်းသည် တစ်လမ်းလုံးအပြေးနှင်၍ စာသင်ခန်းရှိရာပြန်လာခဲ့၏။ အင်္ဂလိပ်ဆရာမသတိမထားမိအောင် အနောက်ပေါက်ကနေကိုယ်ကိုငုံ့လို့ လစ်ဝင်လို့လာခဲ့ပြီးနောက် ဖြည်းဖြည်းသက်သာဝင်လို့ထိုင်လိုက်ပါသည်။ ပုခုံးထက်က ကျောပိုးအိတ်အလွတ်ထဲကနေပြီး ပဲနို့ပူပူတစ်ဗူးအားထုပ်လို့ယူလိုက်ပြီးနောက် ရှဲ့ယွီအားကမ်းလို့ပေးသည်။


"ရော့။"


ရှဲ့ယွီသည် ပဲနို့နှင့်ပိုက်အားကြည့်လိုက်ရင်းမှ. .


"ဘာလုပ်ဖို့လဲ?"


"သောက်လေ. . ."


ဟယ့်ကျောင်သည်ကျောပိုးအိတ်အား ထိုင်ခုံအနောက်ချိတ်လိုက်ရင်း. . .


"မင်းကသကြားမပါတာလိုချင်တာမဟုတ်လား။"



မျက်နှာချင်းဆိုင်အခန်း၌ ရှဲ့ယွီနေသည်ကိုသိပြီးနောက်တွင်တော့ ဟယ့်ကျောင်းသည်ကိစ္စရှိရှိမရှိရှိ မကြာခဏရောက်ရောက်လာတတ်သည်။ သေချာပေါက်ပင် ထိုရောက်ချလာမှုများကို ရှဲ့ယွီကတော့ကြိုဆိုခြင်းမရှိလှ။ တစ်ခါတစ်လေ ဟယ့်ကျောင်းစောစောနိုးသည့်ရက်များတွင်ဆို မျက်နှာချင်းဆိုင်သို့သွားကာ ရှဲ့ယွီအားခေါ်တတ်လေသည်။


"သွားမယ် ၊ မနက်စာအတူသွားစားကြရအောင်။"


နောက်ပိုင်းမှာတော့ ရှဲ့ယွီဆိုတဲ့တစ်ယောက်ကအစားစားရာမှာအလွန်ကြေးများမှန်း ဟယ့်ကျောင်းသိလို့လာခဲ့လေသည်။ ရွေးလည်းရွေးလွန်းပြီး အဲ့လိုမှမဟုတ်လည်း မစားဘဲနေလေသည်။


"ပဲနို့ကပဲနို့ပဲဟာကို ၊ ဘာကွာလို့တုန်း?"


ဟယ့်ကျောင်းသည် မေးမိရ၏။


ရှဲ့ယွီ : "ငါကအချိုပါတဲ့ပဲနို့ဆိုမသောက်ဘူး။"


ကျောင်းကန်တင်း၌ ပဲနို့အမျိုးအစားတွေက များများစားစားမရှိလှ ၊ ကျောင်းအပြင်ဘက်က မနက်ခင်းပိုင်းဖွင့်သည့်ဆိုင်လေးတွေမှာသာ ရှိတတ်လေသည်။ ဟယ့်ကျောင့်သည် အစကတော့ ရှဲ့ယွီတစ်ယောက်သူ့အား အကြီးကြီးကူညီပေးလို့ထားခြင်းကြောင့် ထမင်းဝယ်လို့ကျွေးချင်မိတာဖြစ်သည်။ မထင်မှတ်ထားသည်မှာ အဆုံးမှာတော့ တောက်တိုမယ်ရလုပ်ရတဲ့သူသာဖြစ်လို့သွားတော့၏။



"ဘာလုပ်နေတာလဲ? မေးခွန်းတွေလုပ်နေတာလား? ဒါကဘာလဲ?"


ဟယ့်ကျောင်းသည် အချိန်အတော်ကြာအောင်ပင် အင်္ဂလိပ်စာစာအုပ်အားရှာလိုက်ရသည်။ လှန်ဖွင့်လိုက်ပြီးနောက်တွင်တော့ ပိုလို့ပင်ခေါင်းရှုပ်လို့သွားရ၏။


". . .  . . .ဘယ်အချိန်တုန်းက အိမ်စာပေးလိုက်တာတုန်း။"


ရှဲ့ယွီကတော့ ရှေ့တန်းစီကနေ အိမ်စာစာအုပ်ငှားကာ ကူးလို့နေခြင်းကြောင့် ခေါင်းပင်မော့မလာဘဲပြောလာသည်။


"မသိဘူး ၊ ဖြစ်နိုင်တာတော့ မင်း ဇာစကတ်ကကောင်းလား ဒါမှမဟုတ် punk leatherဘောင်းဘီကကောင်းလားဆိုပြီး စဉ်းစားနေတဲ့အချိန်တုန်းကလို့တော့ထင်တာပဲ။"



ဟယ့်ကျောင်း၏ ရိပ်ခနဲလှုပ်ရှားမှုမှာ အင်္ဂလိပ်ဆရာမရဲ့လျင်တဲ့မျက်လုံးတို့ကိုမလွန်ဆန်နိုင်ခဲ့။


အင်္ဂလိပ်ဆရာမသည် ကျောက်သင်ပုန်းထက် မေးခွန်းတစ်ခုချလို့ရေးလိုက်ပြီးနောက် မြေဖြူကိုချကာ ဟယ့်ကျောင်း၏နာမည်ကိုခေါ်လာသည်။


"နောက်ကျတဲ့တစ်ယောက် ၊ မင်းပြောကြည့်ကြည့် ၊ ဒီလိုမေးခွန်းမျိုးနဲ့သာကြုံရင် ပထမဆုံးအနေနဲ့ဘာလုပ်မလဲ?"


ဟယ့်ကျောင်းသည် ဖြည်းဖြည်းချင်းထလို့ရပ်ကာ တစ်ခဏမျှတွေဝေပြီးနောက်မှာတော့ စကားလုံး(၈)လုံးတည်းသာ ဆိုလို့လာခဲ့သည်။


"လက်လျှော့ပြီး နောက်တစ်ပုဒ်ကြည့်မယ်။"


ရှဲ့ယွီသည် ဘာသာပြန်အပုဒ်အားကူးရေးနေခြင်းအမှု တစ်ဝက်ခန့်ရောက်သည့်အခိုက်မှာပင် ထိုအဖြေကိုကြားလိုက်ရသည့်အခါ 'C'စာလုံးကိုရေးနေရာမှနေ အဆုံးမသတ်လိုက်မိဘဲ အရှည်ကြီးဆက်လို့ဆွဲချလိုက်မိတော့သည်။


". . . . . ."


အင်္ဂလိပ်ဆရာမ : ". . . . . ."


တစ်ခန်းလုံး : ". . . . . ."


ဟယ့်ကျောင်းသည် ဖြည့်စွက်လို့ဆိုလာပါ၏။


"မလုပ်တတ်တဲ့မေးခွန်းနဲ့ကြုံမှတော့ အချိန်ဖြုန်းမနေတော့ဘူးလေ။"



ဆိတ်ငြိမ်သွားပြီးနောက်မှာတော့ ဘယ်သူမှန်မသိ မအောင့်နိုင်တော့ပဲရယ်ချရာမှအစပြုလို့ တစ်တန်းလုံးခွက်ထိုးခွက်လန်ရယ်လို့လာကြတော့သည်။


"ဟားဟားဟားဟားဟားဟားဟား နောက်တစ်ပုဒ်တဲ့။"


"လူတော်ပဲ လူတော်။"


အင်္ဂလိပ်ဆရာမမှာလည်း အလွန်မှမျက်နှာကိုတည်လို့ထားချင်ပေမယ့် အဆုံးမှာတော့တည်ကာမထားနိုင်တော့။


"မင်းထိုင်တော့ ၊ ကောင်းကောင်းလိုက်နားထောင်။"



မနက်ပိုင်းself-studyအချိန်ပြီးသည့်နောက်တွင် အထက်တန်းပထမနှစ်အဖွဲ့ဘက်သို့ ရွှီရှာကပြောင်းလို့သွားကြောင်းနှင့်ပတ်သက်သည့် သတင်းက အတန်းတွင်းပျံ့လို့လာ၏။


"အထက်တန်းပထမနှစ်ဘက်က ဆရာတစ်ယောက်က လည်ချောင်းမကောင်းလို့ခွဲစိတ်ရမှာရှိတယ်တဲ့ ၊ ရွှီရှာကအဲ့အတန်းကိုယူမှာဖြစ်လောက်တယ် ၊ မကြာခင်ငါတို့ရဲ့ တရားဝင်ဖြစ်လာမယ့် အတန်းပိုင်အသစ်ကတော့ မျိုးရိုးနာမည်ကထန်တဲ့။"


ဝမ့်ရှစ်ထုံးသည် ဆရာတွေရုံးခန်းတံခါး၏ထောင့်နားလေးကနေ နားထောင်လာခဲ့ပြီးနောက် သတင်းလတ်လတ်ဆတ်ဆတ်တို့အားသယ်ဆောင်ကာ အတန်းတွင်းပြန်လို့ အပြေးဖောက်သယ်ချတော့သည်။


"ပြီးတော့ အရေးအပါဆုံးကျောင်းတစ်ကျောင်းကပြောင်းလာတာတဲ့ ၊ စပယ်ရှယ်ဆရာပဲ ၊ ကြားရတာနဲ့ကို အတော်မိုက်နေပြီ။"


ဝမ့်သာ ၊ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို မျိုးရိုးက 'ဝမ့်' ၊ အမြဲပင်ပြောလို့မကုန်နိုင်ပါသည့် သတင်းတွေသူ့တွင်ရှိတတ်၏။ ထိုသတင်းတွေဘယ်ကလာသလဲတော့မသိ ၊ မှန်မှန်မှားမှား မျက်စိတော့လည်သွားရတတ်သည်။ ထို့အပြင်ကို ဝမ့်သာသည်သူ့ကိုယ်သူလည်းလေလုံးထွားတတ်သေး၏ ၊ အမှတ်(၂)လိယန်ကျောင်းအပြင်ကို မြို့တစ်ဝက်လောက်နီးနီးမှာ သူမသိတဲ့ကိစ္စမရှိဟူ၍ပင်။ ဤသို့ဖြင့် 'ဝမ့်ရှစ်ထုံး/အကုန်သိ' ဆိုသည့်နာမည်ပြောင်လည်းတွင်လို့လာခဲ့ပါတော့သည်။


လျှိုချွိင်ဟောက်သည် အိမ်စာတွေလိုက်လို့သိမ်းနေရင်းမှ ပြောလာ၏။


"ခွေးရူးရဲ့ နံရံထောင့်နားသွားပြီးတောင် မင်းကနားထောင်ရဲတယ်?"


ဝမ့်သာသည် ဆိုလိုက်၏။


"သေချာတာပေါ့ ၊ ကိုယ်တွေ့သတင်းအချက်အလက်တွေရချင်မှတော့လည်း သေသေကြေကြေစွန့်စားရဲရတာပေါ့လေ။"



ဝမ့်ရှစ်ထုံး၏ သတင်းများဟာဆိုလျှင် ဆယ်ခါတွင်တစ်ခါသော်လေးမျှတိကျမှန်ကန်သည်ကို မကြုံတွေ့ရစဖူး။ သို့သော်ဒီတစ်ခေါက်မှာတော့ သူပြောတာကတကယ်မှန်လို့နေသည်။ အတန်းပိုင်အသစ်မှာ မျိုးရိုးကထန်ဖြစ်ပြီး နာမည်တွင်လည်း ထူးခြားသောပင်ကိုအရည်အသွေးတို့ရှိကာ ထန်စန်းဟုခေါ်တွင်၏။


ထန်စန်းကိုကြည့်ရသည်မှာတော့ သာမန်မျှဖြစ်သည့် သက်လက်ပိုင်းအရွယ်သို့ဝင်ရောက်နေပြီဖြစ်သည့် အမျိုးသားတစ်ယောက်ပင်ဖြစ်သည်။ လက်ကောက်ဝတ်၌ စိပ်ပုတီးတစ်ကုံးဆင်မြန်းလို့ထားပြီး စာသင်ကြားရာ၌လည်းတိကျသေချာလှပေ၏။ နှစ်ရက်ဆိုသည့်အချိန်အတွင်းမှာပင် အတန်းထဲကလူများ၏နာမည်နှင့်မျက်နှာတွေအား တွဲလို့မှတ်မိသွားပြီဖြစ်သည်။


အတော်လေးလည်း စကားပြောကောင်းလှသူဖြစ်ပြီး ဂိုက်တွေဆိုက်တွေလည်းမထုတ်. . .  . . . အနည်းငယ်စိတ်တိုလာလျှင်တော့ လေကြောရှည်လာတတ်ပါ၏။ ထို့အပြင် တစ်ကြောင်းကလေးနဲ့တင် ရှည်လျားထွေပြားသွားစေမည်ဖြစ်ပြီး တစ်စုတစ်စည်းတည်းသာဆိုလာခဲ့ပါက ရုတ်တစ်ရက်ခံစားလို့ပင်မရဖြစ်စေလိမ့်မည်ပေ။



"တာဝန်ကျတဲ့ကျောင်းသားတွေက အခန်းကိုသန့်ရှင်းရေးလုပ်ပြီးမှ ပြန်ကြနော် ၊ ညဆိုစောစောအိပ်ကြ အိပ်ရေးဝနေဖို့ကအရေးအကြီးဆုံးပဲ ၊ ထမင်းစားရင်လည်း ဆီတွေအများကြီးနဲ့မစားနဲ့ ၊ မလုပ်တတ်တဲ့မေးခွန်းတွေဆို ချန်ထားပြီး မေးလို့ရတယ် ဒါပေမယ့် ကူးတော့မကူးကြနဲ့နော် ၊ အိမ်ပြန်ရောက်ရင်လည်း မိဘတွေကိုဂရုစိုက်ဖို့မမေ့နဲ့ဦး ၊ သူတို့ကတစ်နေ့လုံး ပင်ပန်းထားကြရတာ ၊ ဟုတ်သား ဒါနဲ့ မနက်ဖြန်ကမိုးရွာလောက်မယ်နဲ့တူတယ် ၊ မင်းတို့ထီးယူလာခဲ့ကြတာကောင်းမယ်. . .  . . ."


". . . . . ."


နောက်ဆုံးအတန်းချိန်ပြီးလို့သွားချိန်မှာတော့ အဆောင်နေသည့်သူများက ညပိုင်းself-studyအချိန်ဆက်တက်ဖို့ရာ ကျန်နေခဲ့ကြ၏။


တကယ်ကို အရင်ကတိုက်ဆိုင်လွန်းခဲ့သည်မှာ ဟယ့်ကျောင်းနှင့်ရှဲ့ယွီတို့နှစ်ယောက်လုံးဟာဆို လျှင် ညပိုင်းself-studyအချိန်ကိုအလစ်ကြဆုံးပေ။ တစ်ယောက်ကလစ်ရင်လစ် အဲ့လို့မှမဟုတ်ရင်လည်း နှစ်ယောက်လုံးကပြိုင်တူလစ်လို့နေကြခြင်းကြောင့် ကျောင်းစဖွင့်တာလဝက်ခန့်ရှိပြီဖြစ်သည့်တိုင် အချင်းချင်းသည်လည်း အဆောင်နေကျောင်းသားများဖြစ်သည်ကို မသိကြ။


အတန်းတွင်းရှိ လူတစ်ဝက်ကျော်လောက်ကထွက်လို့သွား၏။ လူ(၁၀)ယောက်နီးပါးသာ ကျန်လို့နေခဲ့ပြီး အိမ်စာလုပ်ရင်း စကားပြောနေကြလေသည်။


အပြင်ဘက်တွင်တော့ မှောင်လို့လာနေလေပြီဖြစ်သည်။


ဝမ့်သာသည် သိုသိုသိပ်သိပ်ဖြင့်မေးလို့လာလေသည်။


"ငါတို့အဆောင်မှာ သရဲခြောက်နေတဲ့အကြောင်း မင်းတို့သိပြီးကြပြီလား?"



ဝမ့်ရှစ်ထုံးတစ်ယောက် သဘာဝလွန်ခေါင်းစဉ်အကြောင်းစတင်ပြောကြားလာစဉ်၌ ဟယ့်ကျောင်းသည် teamဖွဲ့ဆော့ရသည့်ဂိမ်း၌ ရှဲ့ယွီအားဆွဲကာ အတူဆော့လို့နေလေသည်။ လူကိုယ်တိုင်မှာလည်း ထူးချွန်ပြောင်မြောင်လှတဲ့ကိုယ့်အစွမ်းအစတွေထဲကိုယ်သာ နစ်မြုပ်လျက်ရှိပါ၏။


"ငါကတကယ်အားကောင်းတာပဲကွ---  --- မြင်တယ်မလား ၊ တစ်ချက်ထဲနဲ့နှစ်ယောက်ကိုသတ်လိုက်တာ ၊ လာခဲ့ အစ်ကိုမင်းကိုကာပေးထားမယ်။"


ရှဲ့ယွီ : "မင်းသေချာကြည့်စမ်းပါ ၊ အဲ့လူကိုငါသတ်လိုက်တာနော်။"


အကယ်၍ ကိုယ့်အဖွဲ့သားကိုယ်တိုက်ခိုက်လို့မရဆိုတာသာမရှိခဲ့ပါက ရှဲ့ယွီသည်ဒီလူကိုအရင်သတ်မိပေလိမ့်မည်။



"ငါတို့အထပ်မှာ ဒီရက်ပိုင်းညညဆိုရင် တောက်လျှောက်ပဲ ထူးဆန်းတဲ့အသံကြားကြားနေရတယ် ၊ အထူးသဖြင့် ည(၁၂)ကျော်ရင်ပေါ့ ၊ ပြီးတော့ တံခါးခေါက်တဲ့အသံရောပဲ. . ."


ဝမ့်သာသည် ပြောရင်းပြောရင်း လေသံကတစ်ဖြည်းဖြည်းတိုးလို့လာ၏။


"ပြောသံကြားတာတော့ ရှေ့ရက်အနည်းငယ်တုန်းကကြ အဲ့ဟာကပထမထပ်မှာပဲလှည့်ပတ်သွားလာနေတာတဲ့. . .  . . . ဒါပေမယ့် မနေ့ညကစပြီး ဒုတိယထပ်မှာလည်းထူးဆန်းတာတွေဖြစ်လာတယ် ၊ ငါကိုယ်တိုင်တံခါးခေါက်သံကို နားနဲ့ဆတ်ဆတ်ကြားရတာ ၊ တံခါးသွားဖွင့်ကြည့်တော့ကြ အပြင်ဘက်မှာဘာမှရှိမနေဘူး ၊ ကော်ရစ်တာအစွန်းနားမှာတော့ အရိပ်တစ်ရိပ်ဖြတ်လို့သွားတယ်ရယ်။"


ဝမ့်သာသည် ဆက်လက်ပြောလို့လာသည်။


"ငါပဲအမြင်မှားတာလားတော့မသိဘူး။ ဒါပေမယ့် နဂိုကတည်းကိုက ငါ့တို့ကျောင်းမှာအဲ့ကောလာဟလကရှိနေခဲ့တာမဟုတ်လား ၊ မင်းတို့လည်းသိမှာပါ ၊ ဟိုတိုက်ပေါ်ကခုန်ချသွားတဲ့တစ်ယောက်လေ။"


ကျန်တဲ့ကျောင်းသားများကလည်း သံယောင်လိုက်ကြ၏။


"သိတယ် သိတယ် ၊ ခေါင်းမိုးထပ်ကနေခုန်ချတာ။"


"ငါကပထမထပ်မှာနေတာ ၊ ငါသုံး/လေးခါလောက်ကြာဖူးတယ် ၊ အမြဲတံခါးလာခေါက်တာ ငါဖြင့်တံခါးကိုမဖွင့်ရဲဘူး။ ဒါပေမယ့် မနေ့ကတော့ တကယ်ပဲမရှိတော့ဘူး ၊ တကယ်ပဲအပေါ်ထပ်ကိုတက်သွားတာများလား?"



ရှဲ့ယွီကတော့ သူတို့ပြောနေတာတွေကိုမကြား ၊ ဂိမ်းကစားတဲ့ထဲသာအာရုံကရောက်လို့နေပြီး BOSSကြီးနှစ်ယောက်နဲ့တွေ့ပြီး ချရတော့မည့်အခါကြမှကြည့်မိရာ တွဲဖက်အဖွဲ့သားကဘယ်အချိန်ကတည်းကပျောက်လို့သွားမှန်းမသိသည်ကိုတွေ့တော့သည်။


"ကျစ် ၊ မင်းငါ့ကိုကာပေးထားမှာမဟုတ်ဘူးလား?"


ဟယ့်ကျောင်း၏ မျက်နှာအမူအရာကသိပ်ပြီးမူမမှန်ချေ။


". . .  . . . ငါတို့ကဘယ်အထပ်မှာနေတာလဲ? တတိယထပ်?"



rate now: