လူဘဝဆိုတာ အမြဲအံ့သြဖွယ်ရာတွေနဲ့ပြည့်နှက်နေတာ
သူတို့သည် လူသူကင်း၍ချောင်ကျသည့်နေရာတစ်နေရာအားရှာလိုက်ကြသည်--- --- ပစ္စည်းပစ္စယများထားသိုရာအဆောက်အဦအနီးနားရှိ မြက်ခင်းပြင်ထက်၌ တောင်အတုသဖွယ်ဖြစ်နေပါသည့် ကျောက်တုံးအပုံလိုက်ကြီးရှိလေသည်။ သုံးဦးသားသည် ထိုတောင်အနား၌ ဆောင့်ကြောင့်ထိုင်နေမိကြလေသည်။
ရှဲ့ယွီမှာ မတ်တတ်ထရပ်တော့မည်ပြုခိုက် ဟယ့်ကျောင်းကပြန်လည်ဆွဲချလို့လာ၏။
"ဒီမှာပဲနေပါဦး ၊ ပြော ၊ ဆက်ပြော။"
တကယ်တော့ ပြန်ပြောပြစရာဘာမှတော့လည်းသိပ်မရှိ။
လျှိုယွမ့်ဆိုလားဘာလားကိုဖြင့် ရှဲ့ယွီမသိပါချေ ၊ မှတ်မိတာဆိုလို့ ထိုကျောင်းသူမှာလက်ဖဝါးထဲ သူမမျက်နှာကိုဖုံးကွယ်ဝှက်လို့ထားပြီး ဆောင့်ကြောင့်ထောင်ချလျက်ငိုယိုနေခြင်းကိုသာ။
ယန်ဝိန်ယွမ်သည်ကား ထိတ်လန့်လို့သွားလျက် ပြန်ကာရင်မဆိုင်ရဲ ၊ တုတ်နဲ့နှစ်ချက်လောက်ဆင့်ဆော်ပေးလိုက်တာနဲ့ လှည့်ကာထွက်ပြေးချေတော့သည်။ ရှဲ့ယွီမှာ ဆောင့်ကြောင့်ထိုင်ချပြီး ထိုကျောင်းသူအားနှစ်သိမ့်ပေးဖို့ရာတော့ စိတ်ကူးမရှိ ၊ မိမိလုပ်သင့်သည်အား အတတ်နိုင်ဆုံးလုပ်ပေးခဲ့ပြီးပြီဟုသာ ယူဆလိုက်ပြီး အလျဉ်းသင့်သလိုကောက်ယူထားသည့် သစ်သားတုတ်အား အိမ်သာခန်းအတွင်းပစ်လိုက်ပြီးနောက် အပြင်သို့ထွက်ရန်ပြင်လိုက်လေသည်။
ထွက်ရန်ခြေလှမ်းတစ်လှမ်းမျှပြင်မိခိုက်တွင် လက်တစ်ဖက်က သူ၏ဘောင်းဘီစအားလှမ်းဆွဲလို့လာပြီး ထိုကျောင်းသူ၏အားပျော့စွာပြောသံအားကြားလိုက်ရသည်။
". . . . . . ဘယ်သူ့ကိုမှမပြောပါနဲ့နော် ၊ တောင်းဆိုပါတယ်။"
"ဟုတ်တယ် ၊ သူမပဲ. ."
ရှိန်ကျယ်ကဆိုလာသည်။
"သတ္တိကနည်းဆိုတော့ ၊ အနိုင်ကျင့်ခံရတာတောင် အသံမထွက်ရဲရှာဘူးရယ်။"
ရှိန်ကျယ်ကဆက်လက်ပြောလာခဲ့၏။
"ဒါဆို အဲ့တုန်းက မင်းက ယန်စန်းဟောင်ကိုရိုက်လွှတ်လိုက်တာပေါ့?"
ဟယ့်ကျောင်းမှာ အတန်ငယ်နားမလည်မိဖြစ်ကာ. . .
"ဒါဆို အဲ့ကောင်ကဘာလို့ငါ့တစ်ယောက်ကိုပဲ မလွတ်တမ်းလိုက်ကိုက်နေရတာတုန်း? ငါရုပ်ချောနေတာကိုများ မနာလိုဖြစ်တာလား?"
ရှဲ့ယွီသည် မတုန်မလှုပ်ဆိုလိုက်၏။
". . . . . . ငါကmaskတပ်ထားတာ။"
အိမ်သာခန်းထဲရှိအနံ့အသက်က အရမ်းကြီးဆိုးရွားသည်မဟုတ်သော်ငြား ပိုးသတ်ဆေးရည်နံ့ကတော့ တော်တော်လေးကိုခံရခက်စေသည်။ ထိုနေ့ကသွားတုန်းက သူသည်maskကိုပါတစ်ပါတည်းကောက်ယူလာခဲ့ခြင်းက မထင်မှတ်ထားဘဲ အံကိုက်ဆိုသလိုအသုံးတည့်လို့သွားရ၏။
ဟယ့်ကျောင်းသည် 'ဪ'ဟူ၍အသံပြုမိရင်းမှ တစ်စုံတစ်ရာကိုတွေးတောလို့နေမိ၏။
ရှိန်ကျယ်သည် ချက်ချင်းပင် သူ့၏အတွေးများကမဖြစ်နိုင်ပါကြောင်း မြင်သာအောင်ပြောကြားလို့လာသည်။
"အစ်ကိုကျောင်း တွေးမနေနဲ့တော့ ၊ မင်းmaskတပ်လည်း အသုံးမဝင်တော့ဘူး --- --- အစ်ကိုကြီးရှဲ့က ရိုက်ရုံပဲရိုက်လိုက်တာ ၊ မင်းကကြဘာလုပ်ခဲ့လဲဆိုတာစဉ်းစားကြည့်ပါဦးလား?"
"ငါဘာလုပ်လို့တုန်း? ငါကသူ့ကိုရိုက်တောင်ရိုက်တာမဟုတ်ဘူး. ."
ဟယ့်ကျောင်းကပြောသည်။
"တော်တော်သက်ညှာထားတာပါကွ။"
တစ်စုံတစ်ယောက်၏ဘောင်းဘီအားဆွဲချွတ်၍ ဘေးတွင်ရပ်လျက်မှ မင်းရဲ့ငယ်ပါကသေးလိုက်တာကွာဟူ၍ သရော်ကာ ထိုလူအားနှစ်နာရီ/သုံးနာရီနီးပါးလောက် ဝတ်လစ်စလစ်ဖြင့်ပတ်ပြေးခိုင်းခြင်းအား သက်ညှာသည်ဟုယူဆမည်ဆိုလျှင်ဖြင့် ယန်ဝိန်ယွမ်မှာကား အရိုက်ခံရမှာကိုပဲပိုပြီးလိုလားလောက်ပေမည်။
ဖြစ်ရတဲ့အကြောင်းတရားနဲ့ အကျိုးဆက်အလုံးစုံအားနားထောင်ပြီးနောက်တွင်တော့ ရှဲ့ယွီသည် တိတ်ဆိတ်ခြင်းထဲသို့သာနစ်မြုပ်လို့သွားခဲ့ရသည်။
ဟယ့်ကျောင်းကပြောလာ၏။
"ငါကရိုက်ရနှက်ရမှာမျိုးတွေကို တကယ်မကြိုက်ဘူး ၊ များသောအားဖြင့်တော့ အေးအေးဆေးဆေးနဲ့ပြဿနာဖြေရှင်းတာမျိုးကိုပဲ ရွေးတယ်။"
အေးအေးဆေးဆေး. . . . . . တကယ်ကိုအေးဆေးလွန်းပါပေတယ်။
ယန်ဝိန်ယွမ်တစ်ယောက် တစ်သက်မမေ့တော့ဘဲရှိမည်ကို မအံ့သြတော့ ၊ အထူးသဖြင့် သူလိုစိတ်ကြီးဝင်နေသည့် ထူးချွန်တဲ့ကျောင်းသားတစ်ယောက်အတွက်မူ ဤသည်က ဘဝ၌အရှက်အရဆုံးအဖြစ် မှတ်ကျောက်တင်နေတော့မည်ဖြစ်တာကြောင့်လည်း ဘယ်နားသွားသည်းခံနိုင်ပါတော့မည်လဲလေ။ လျှိုယွမ့်ကျောင်းပြောင်းသွားသည်နှင့် သူက "သက်သေခံမည့်သူ ထွက်ဆိုမယ့်သူ" မရှိတော့သည်ကိုအခွင့်ကောင်းယူဖို့တွေးမိပြီး အဖက်ပြန်ဆယ်မည်ပဲဖြစ်သည်။
ရှဲ့ယွီသည် သူ၏ဒီထုံကျောအား အထင်ပင်ကြီးမိသွားရပါ၏ ၊ အနူးအညွတ်တောင်းဆိုထားတာရော ၊ မိန်းကလေးရဲ့ဂုဏ်သိက္ခာအတွက်ရောကြောင့် ယန်ဝိန်ယွမ်ဘယ်လောက်ပဲ အိမ်ပေါက်ဝထိလာဟောင်နေပါစေ သည်းခံပြီးဘာမှပြန်မပြောခဲ့ခြင်းသာ။
"အဲ့လိုသာမဟုတ်လို့ကတော့ ဒင်းကိုငါကအခုချိန်ထိအသက်ရှင်ခွင့်ပေးမတဲ့လား?"
ဟယ့်ကျောင်းသည် ကျောက်ခဲအသေးလေးအားကောက်ယူလိုက်ပြီး ပြောရင်းဖြင့် ရှေ့စီသို့ပစ်ပေါက်လိုက်၏။ အားကစားလုပ်သည့် ကိရိယာထံအံကိုက်သွားလို့ထိပြီးနောက် နှစ်ပတ်လောက်လှိမ့်ကာ ခပ်ဝေးဝေးသို့ရောက်လို့သွားလေသည်။ သူသည်ဆက်လို့ပြောလာ၏။
"ချုပ်ထိန်းထားရတာများ သောက်ကျိုးနည်း သည်းမခံနိုင်အောင်ကိုပဲ။"
ရှိန်ကျယ်တို့အတန်းက ကျန်ရှိသည့်အချိန်တစ်ဝက်အား ယောက်ျားလေးတွေချည်းသာပြောင်းလဲစုဝေးစေပြီး ဘောလုံးကွင်းထဲသွား၍ တန်းစီဘောလုံးပုတ်လေ့ကျင့်ရတော့မည်မို့ စကားဆုံးအောင်ပြောမပြီးသေးပေမယ့်လည်း တင်းပါးထက်ကဖုန်တို့ကိုဖုတ်ဖက်ခါ၍ထရပ်လိုက်ရတော့သည်။
"ငါတို့အတန်းကစုဝေးနေပြီ ၊ ငါသွားနှင့်တော့မယ် ၊ နောက်မှဆက်ပြောကြတာပေါ့ ၊ အစ်ကိုကျောင်းကတော့ စိတ်လျှော့ ၊ လုံးဝကိုစိတ်ကိုလျှော့ထား။"
ဟယ့်ကျောင်းကတော့ ကြည့်ပင်မကြည့်ဘဲ လက်သာရမ်းပြလိုက်၏။
"မင်းသွားမှာဖြင့် မြန်မြန်သာသွား။"
အပြင်ဘက်အပူချိန်သည်ကား 32°C ပင်ရှိသည်ကြောင့် ရှဲ့ယွီမှာဤနေရာ၌ နေပူစာသိပ်ပြီးလှုံချင်နေတာတော့မဟုတ်။
ထထွက်ဖို့စိတ်ကူးမိခိုက် ဟယ့်ကျောင်းမှာရုတ်တရက်ဆိုသလိုသူ့အားဆွဲချလို့လာပြီးမြက်ခင်းပြင်ထက် သူနှင့်အတူလဲချစေသည်။ နေ့လည်ပိုင်းရဲ့နေအလင်းရောင်ပြင်းပြင်းသည်ကား မျက်စိပင်ဖွင့်မရနိုင်အောင်ရှိသည်။ ရှဲ့ယွီသည် မျက်ဝန်းတို့ကိုမှေးကျဉ်းလို့ထားမိပြီး မိမိဒီရက်ပိုင်းတွေအတွင်း သဘောတွေများသိပ်ကောင်းနေမိလေသလားဟု ဇဝေဇဝါပင်ဖြစ်မိရ၏ ၊ ဒီထုံကျောသူ့အပေါ် ဘာအမှားတွေပဲလုပ်နေနေတောင်မှပဲလေ။ ထို့အချိန်မှာပင် စိတ်မပါ့တပါပုံစံမျိုးဖြင့်ဆိုလာသည့် ဟယ့်ကျောင်းအသံအားကြားလိုက်ရသည်။
"ဘယ်လိုလူမျိုးမဆို ဆရာ/မ လုပ်လို့ရတယ်လား။"
တိမ်စိုင်တချို့က ဖြည်းဖြည်းညှင်းညှင်း လွင့်မျောလို့သွားသည်။
ဟယ့်ကျောင်းသည် အိတ်ကပ်တွင်းသို့အမှတ်မဲ့စမ်းမိခိုက် ချိုချဉ်တစ်ချောင်းကိုသာသွားရောက်စမ်းမိလေသည်။ ရာသီဥတုပူတာကြောင့် ချိုချဉ်ကအနည်းငယ်ပျော်ကျချင်နေပြီး ဖိကြည့်မည်ဆို အပေါ်ပိုင်းကပျော့ပင်နေလောက်မည်။
ပြောမထွက်နိုင်အောင်ရှိသည့် စိတ်ခံစားချက်တို့ဝါးမျို၍လာပါ၏။ စကားလုံးတချို့ကနားအနား၌ ပဲ့တင်ထပ်လျက် ရွှီရှာ၏သောက်ရေးမပါတဲ့စကားတွေမှတည် ယန်စန်းဟောင်၏ 'မင်းကအဆင့်မှမကောင်းတာ' ဆိုသည့်စကားတို့ကတစ်ဝဲလည်လည်ရှိလို့နေ၏။
ဟယ့်ကျောင်းသည် ခေါင်းကိုစောင်းငဲ့၍ ရှဲ့ယွီအားမေးလိုက်သည်။
"စီးကရက်ရှိလား?"
ရှဲ့ယွီ : "မရှိဘူး။"
ဟယ့်ကျောင်းသည် မတတ်သာစွာဖြင့် ထိုတုတ်ချိုချဉ်ကိုသာဖွင့်ဖောက်လိုက်ရတော့သည်။
ရှဲ့ယွီသည် အနံ့ရလိုက်၏ ၊ လခွမ်းနဲ့မှလာပြန်ပြီ စတော်ဘယ်ရီပဲ။
နှစ်ဦးသားသည် မြက်ခင်းပြင်ထက်လဲလို့နေပြီး အတော်ကြာသည့်တိုင် စကားလည်းသိပ်မပြောဖြစ်ကြ။ ဟယ့်ကျောင်းသည် ချိုချဉ်အားတကျွတ်ကျွတ်နဲ့ဝါးစားနေခိုက် ရှဲ့ယွီမှာရုတ်ချည်းထရပ်၍ သူ့အားလှမ်းကန်လာ၏။
"သွားမယ်။"
ဟယ့်ကျောင်းသည် မေးမိရ၏။
"ဘယ်သွားမလို့လဲ?"
ရှဲ့ယွီသည် ပြောလိုက်ပါ၏။
"ဒီဆရာမကမဖြစ်မှတော့ ၊ နောက်တစ်ယောက်ပြောင်းကြတာပေါ့။"
ရာသီဥတုမှာပူအိုက်လို့နေခြင်းကြောင့် ရှဲ့ယွီသည်ပြောနေရင်းမှပင် အကျႌကော်လံစအားဆွဲကိုင်လို့ ယပ်ခပ်လိုက်ပါ၏။
ဟယ့်ကျောင်းဘက်မှကြည့်မည်ဆိုလျှင် အတိအကျပင် တပြင်တခွင်လှစ်ဟပေါ်လွင်လို့နေသည့်အသားအရေနှင့် ညှပ်ရိုးထင်းထင်းတစ်ဖက်က သူ၏ရှေ့မှောက်၌ဖြစ်တည်နေသည်အား မြင်တွေ့ရသည်။ ရှဲ့ယွီ၏အရပ်အမောင်း၊ပုံပန်းသဏ္ဌာန်မှာ အလွန်ပင်ကြည့်ကောင်းလှ၏ ၊ အရပ်ရှည်သည်ဟုမဆိုသာသော်ငြား ရှိသင့်ရှိထိုက်တာမှန်သမျှ အကုန်ရှိလေသည်။ အင်္ကျီကိုလိပ်တင်လိုက်မည်ဆိုပါက ပိန်ကပ်ကပ်နှင့် နံရိုးတွေပေါ်နေတာမျိုးမရှိ။ ဤအသက်အရွယ်ယောက်ျားလေးများမှာ အလုံးစုံတော့မဖွံ့ဖြိုးသေးဘဲ ပျိုမျစ်ငယ်ရွယ်တုန်းပဲရှိသေးလေသည်။ လှပ၍စိတ်ဓာတ်ခိုင်မာကြသည့်အပြင်ကို အစွယ်၊လက်သည်းချွန်တို့လည်းပါရှိပါ၏။
ဟယ့်ကျောင်းမှာ အနည်းငယ်အာရုံထွေပြားလို့သွားရ၏။
အကြောင်းရင်းသည်ကား ရှဲ့ယွီ၏ခေါင်းခြောက်စရာ ရဲတင်းလှသည့်စကားကြောင့်ပေလား ၊ သို့တည်းမဟုတ် မျက်စိရှေ့ကလူကိုယ်တိုင်ကြောင့်ပေလား ဆိုတာကိုဖြင့်မသိပါချေ။
ဟယ့်ကျောင်းနှင့်ရှဲ့ယွီတို့ နှစ်ဦးသားသည် အဆောင်အပြင်၌ကာထားသည့် သံပန်းတံတိုင်းကြီးကိုကျော်ပြီးနောက် အစောင့်ထားရှိရာအပေါက်ဝဘက်ကိုရှောင်ကွင်းလျက် အခြားတစ်ဖက်မှဝင်ရောက်လိုက်ကြသည်။
အဆောင်နေလူအရေအတွက်ကများခြင်းကြောင့် ကျောင်းဘက်မှ ကျောင်းသားတွေအဆောင်ကိုဝင်ထွက်သွားလာမှုအား စည်းကမ်းသက်မှတ်လို့ထား၏။ စာသင်နေချိန်အတွင်း အဆောင်ပြန်မည်ဆိုလျှင် ပစ္စည်းသွားပြန်ယူစရာရှိလို့ပဲဖြစ်ဖြစ် ၊ နေမကောင်း၍ပြန်အနားယူမှာပဲဖြစ်ဖြစ် သေချာပေါက်ဆရာ/မ၏လက်မှတ်ပါရှိရမည်ဖြစ်ပြီး အပေါက်ကအဆောင့်ဂိတ်၌လည်း စာရင်းပေးသွင်းရမည်ဖြစ်သည်။
သံပန်းတံတိုင်းမှာကျော်ရတာမခက်သော်ငြားလည်း အားလုံးမှာအဲ့လောက်သတ္တိရှိရှိမလုပ်ရဲကြချေ။ ခွေးရူးဟူ၍နာမည်ပြောင်ရှိသည့် ဌာနမှူး၏ရုံးခန်းပြတင်းပေါက်မှာ အဆောင်ဘက်ခြမ်းနှင့်မျက်နှာချင်းဆိုင်ပင်ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် သူသာမြင်တွေ့သွားခဲ့မည်ဆိုပါက အသက်ရှင်ဖို့ရာ ရာခိုင်နှုန်းနည်းချေတော့မည်ပေ။
"အိမ်သာ ၊ အခန်းငယ် ၊ ဖုန်း။"
ရှဲ့ယွီသည် ကျော်ဝင်လိုက်ပါ၏ ၊ လက်ကမြေပြင်ထက်ထောက်ထားမိရင်း စကားလုံးတွေကိုစီစဉ်လို့ပြီးနောက် လှည့်ပင်မကြည့်ပဲ ထပ်မံဆိုလိုက်လေသည်။
"မင်းစဉ်းစားကြည့်ကြည့်။"
ဟယ့်ကျောင်းက စဉ်းစားလိုက်ပြီး. . .
"ဘာလုပ်ဖို့လဲ? မူလတန်းဝါကျဖွဲ့လား?"
ရှဲ့ယွီ : ". . . . . ."
သူတို့နှစ်ဦးလုံးရဲ့လှုပ်ရှားမှုက ကျွမ်းကျင်ပိုင်နိုင်လှပြီး တံတိုင်းကိုကျော်ဖြတ်လိုက်သည့်ပုံစံကလည်း ကြော့ရှင်းကာ အလွန်ပင်လျင်မြန်ဖျတ်လတ်သည်မှာ အထူးသင်ယူထားသကဲ့သို့ပင်ရှိ၏။
ရှိန်ကျယ်မှာ ဘောလုံးကွင်းကနေပြီး ခပ်ဝေးဝေးမှအရိပ်နှစ်ခုဖြတ်ပြေးသွားသလိုမျိုး လှမ်းတွေ့လိုက်ရ၏။ ရေးတေးတေးမျှ ရင်းနှီးနေသလိုခံစားရပေမယ့် သူ့မှာသေချာအောင်ပင်အတည်မပြုရသေး ထိုအရိပ်နှစ်ရိပ်ကပျောက်လို့သွားတော့သည်။
"ထူးဆန်းလိုက်တာ. ."
ရှိန်ကျယ်သည်ခေါင်းကုတ်မိရရင်း. . .
". . . . . . ငါဘာလို့ အဲ့ထဲကတစ်ယောက်ကိုအစ်ကိုကျောင်းနဲ့တူတယ်လို့ မြင်မိပါလိမ့်။"
"မင်းလည်း အဆောင်နေတယ်?"
ဟယ့်ကျောင်းသည် အတူပင်အပေါ်ထပ်သို့လိုက်တက်လာခဲ့ပြီး လျှောက်လေလေသူ့အိပ်ခန်းရှိရာနှင့်နီးကပ်လာလေလေကိုသတိထားမိလိုက်သည်။ ရှဲ့ယွီမှာ သူ့အိပ်ခန်း၏ မျက်နှာချင်းဆိုင်ကအခန်းအပေါက်ဝရောက်မှသာ ခြေလှမ်းတန့်သွားလေ၏။
ရှဲ့ယွီသည် လက်ဆန့်လိုက်ပြီးတံခါးအပေါ်ဘက်ရှိ သော့အပိုအားလှမ်းစမ်းလိုက်သည်။
"မင်းလည်းလို့ဆိုတော့ မင်းကကြဘယ်မှာနေတာလဲ?"
"မင်းရဲ့မျက်နှာချင်းဆိုင်ကိုကြည့်လိုက်။"
ဟယ့်ကျောင်းသည် ညွှန်လို့ပြလိုက်ရင်း. .
"မင်းတည့်တည့်ကအခန်းပဲ။"
. . . . . .
လက်စသတ်တော့ တံခါးအပေါက်ဝမှာ 'တက္ကသိုလ်ဝင်စားမေးပွဲအတွက် ပြင်ဆင်နေပါတယ် ၊ မနှောက်ယှက်ရ' ဆိုတဲ့စာသားကပ်ထားတဲ့ အရူးကောင်ကမင်းကိုး? ဟု ရှဲ့ယွီသည် စိတ်ထဲမှနေပြောမိရ၏။
ဟယ့်ကျောင်းသည် ဦးစွာပင်မိမိတံခါး၌ကပ်ကာထားသည့် စာအားမိတ်ဆက်ပေးလို့လာလေသည်။
"ဆရာတွေ တောရုံတန်ရုံအခန်းထဲဝင်ပြီးမစစ်တော့ဘူးလေ ၊ စာလုပ်နေတာအနှောက်အယှက်ပေးမိမှာ စိုးကြပြီးတော့ပေါ့ ၊ တော်တော်အသုံးဝင်တယ် ၊ မင်းလည်းစမ်းကြည့်ကြည့်သိလား။"
"နိုးပါ ၊ ကျေးဇူး။"
ရှဲ့ယွီသည် အခန်းတွင်းဝင်လိုက်ပြီးနောက်မှာတော့ ကုတင်အောက်ထဲရှိသေတ္တာတစ်လုံးအားဆွဲထုတ်လို့ ဖွင့်ကာရှာလေတော့သည်။
အထဲ၌ရှိသည်များမှာ ဗောက်သောက်အမျိုးစုံပင်ဖြစ်သည် ၊ လက်နှိပ်ဓာတ်မီး ၊ အရန်ထားထားသည့် ဓာတ်ခဲများ နှင့် ကော်တိပ်စသည်တို့. . . . . .
ဟယ့်ကျောင်းသည် ထိုင်ခုံထက်ဝင်ထိုင်လျက်မှ သူ့အားလှမ်းကြည့်လို့လာသည်။
"ဘာရှာနေတာလဲ?"
ရှဲ့ယွီသည် သူ့အားအရေးလုပ်မနေ။
ဟယ့်ကျောင်းမှာ ပျင်းလို့လာသည်ကြောင့် အခန်းတွင်းပတ်ပတ်လည်အားလိုက်လို့ကြည့်မိရသည်။ အခန်းကသန့်ရှင်းသပ်ရပ်လို့နေပြီး စာကြည့်စားပွဲထက်၌ laptop တစ်လုံးတင်ကာထားလေသည်။ ဟယ့်ကျောင်း၏အကြည့်တို့မှာ laptopကိုကျော်ပြီးနောက် ဘောပင်ထည့်တဲ့ခွက်၏ဘေးတွင်ချထားသည့် rubik tubeထံရောက်လို့သွားတော့သည်။
ရှဲ့ယွီတစ်ယောက် ဖုန်းအဟောင်းအားရှာလို့တွေ့သွားချိန်မှာတော့ ဟယ့်ကျောင်းသည်လည်း rubik tubeအား ဘက်တွေအကုန်ညီအောင်ဖြေရှင်းလို့ပြီးနေချေပြီ။ မျက်နှာတိုင်း၌ အရောင်အကုန်ညီတူညီမျှဖြစ်၍နေလေပြီး ရွှေ့ထားသည်မှာ ညီညီညာညာပင်။
"ရှိသေးရဲ့လားတော့မသိဘူး. ."
ရှဲ့ယွီသည် ဖုန်းပါဝါအားနှိပ်လိုက်၏။
"ငါအသံသွင်းထားတာ။"
Rubik cubeအားကိုင်ထားသည့် ဟယ့်ကျောင်း၏လက်တို့မှာ ရုတ်တရက်လှုပ်ရှာမှုရပ်တန့်သွားခဲ့ပြီး မိမိနားကြားများလွဲလေသလားဟူသည့် သံသယပင်ဝင်၍လာရသည်။
ရှဲ့ယွီသည် တစ်ခေါက်ထပ်လို့ဆိုလိုက်ပါသည်။
"အဲ့နေ့ကအိမ်သာခန်းထဲမှာ ငါအသံသွင်းထားခဲ့တာ။ အဲ့ယန်ဘယ်သူဆိုလားရဲ့ဟာကိုလေ ၊ သူပြောထားသမျှစကားအကုန် အသံသွင်းတဲ့ထဲပါတယ် ၊ ငါမေ့နေတာ။"
အထက်တန်းကျောင်းသားတစ်ယောက်အနေနှင့်ဆို ဒီလိုအတွေးမျိုးက အရွယ်နဲ့မလိုက်အောင်ထက်မြက်သည်ဟုပင်ဆိုရပေမည်။ မဆင်မခြင်နှင့် တစ်ဇွတ်ထိုးလုပ်တတ်ကြသည့်အရွယ် ၊ အရေးပေါ်ကိစ္စရပ်များဖြင့် ကြုံတွေ့မည်ဆိုပါက အားလုံးမှာလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ရှေ့သို့ချီတက်ကြမည်သာ။ ဘယ်နားသွားပြီး ဒီလိုကွေ့ပတ်ဝေ့ဝိုက်ပါတဲ့အတွေးမျိုးရှိကြပါမည်လဲ။
သို့တိုင် ယန်ဝိန်ယွမ်တစ်ယောက် လျှိုယွမ့်အားအိမ်သာထဲဆွဲသွင်းလာသည့်အချိန်၌ ရှဲ့ယွီ၏ပထမဆုံးလှုပ်ရှားမှုသည်ကား အသံဖမ်းစက်ကိုဖွင့်လိုက်တာပဲဖြစ်သည်။
ထိုနောက်ပိုင်း၌ သူသည် လျှိုယွမ့်အား ဖော်ထုတ်ဖို့ရာအတွက် သက်သေထွက်ဆိုပေးဖို့လိုသလားဟု မေးရန်ရည်ရွယ်မိသေးသည့်တိုင် လျှိုယွမ့်၏တုံ့ပြန်မှုမှာ ခိုက်ရန်ဖြစ်ခြင်းကိုဖာထေးလို့ ပြေသာပြေလည်စေချင်ပြီး သာယာအေးချမ်းမှုကိုသာလိုလားသည့်ဘက်က ပိုလို့အားကောင်းကာနေတော့သည်။ အကယ်၍ သူမသာပြန်လည်ခုခံမည်ဟုဆုံးဖြတ်ပါက ဒီလိုတွေအထိဖြစ်လာမှာမဟုတ်။
သူမကစော်ကားခံရသူဖြစ်နေတာတောင်မှ အခြားသူတွေ သိကုန်မည်ကိုပဲစိုးရွံ့နေရှာလေသည်။
"ကျောင်းထုတ်အပြစ်ပေး. . . . . . ဝိုး ၊ ကျောင်းကအရေးယူဆောင်ရွက်တာ မြန်လှချည်လား။"
ရက်အနည်းငယ်ကြာပြီးသည့်နောက် ကျောင်း၏ကြေညာသင်ပုန်းထက်၌ သတိပေးစာအသစ်ကပ်လို့လာသည်။ ဘေးနား၌လူတွေဝိုင်းအုံလျက်ရှိပြီး လျှိုချွိင်ဟောက်မှာနောက်ကျမှရောက်လာခဲ့ခြင်းကြောင့် သူငယ်ချင်းနှင့်အတူနောက်ဘက်အစွန်းနားမှာသာရပ်လိုက်ရပြီး ခြေဖျားထောက်၍ မျက်လုံးကိုမှေးကျဉ်းလို့ကြည့်မိရလေသည်။
"ထုတ် ၊ ကျောင်းထုတ်အပြစ်ပေး. . . . . ."
လျှိုချွိင်ဟောက်မှာ နောက်တစ်ကြောင်းကိုမြင်သည့်အခါမှာတော့ လုံးဝကိုလန့်ဖျန့်ကြက်သေသေလို့သွားခဲ့ရ၏။
"Fuck ၊ ယန်ဝိန်ယွမ် ? !"
"ကျောင်းထုတ်ခံရတာက ယန်ဝိန်ယွမ်? ဒါဆို ဟယ့်ကျောင်းကကြရော?"
လျှိုချွိင်ဟောက်ဘေးနားရပ်လျက်ရှိသည့် ကျောင်းသားတစ်ယောက်ကလည်း လန့်လို့သွားပါလေ၏။
"ဒါကဘယ်လိုတောင်ဖြစ်ရတာလဲ?"
ထင်ထားတာထက်ကိုကျော်ပြီး အခြေအနေကတင်းမာလို့နေလေသည်။ ထိုကျောင်းသားတွေဆိုတာတော့မပြောပါနှင့် ၊ ယခုလက်ရှိ၌ ရွှီရှာကိုယ်တိုင်ပင်လျှင် စိတ်ချောက်ချားသွားခဲ့ရပါသည်။
ယန်ဝိန်ယွမ်အား သူမသည် တစ်နှစ်ခန့်စာသင်ပြပေးခဲ့ဖူးသည် ၊ စာလေ့လာမှုမှာလည်း အတော်ဆုံးတွေထဲကတစ်ယောက်ဟု သတ်မှတ်လို့ရပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာဝင်ခွင့်ရလိမ့်မည်ဟုလည်း တော်တော်လေးမျှော်လင့်ထားကြတာဖြစ်သည်။
သူမသည် ယခုကြမှပင် ကျောင်းအာဏာပိုင်တွေရှေ့၌ ကိုယ်တိုင်ကိုယ်ကျ ယန်ဝိန်ယွမ်အစားအာမခံလို့ပေးခဲ့သည်ကို ပြန်သတိရမိလာ၏။ မိမိပြောခဲ့သည့်စကားများအား ပြန်တွေးကြည့်ပြီးနောက် ခေါင်းတွေပင်အူထူသွားရလေသည်။ ကောင်ကင်နဲ့မြေကြီးအထက်အောက်ပြောင်းပြန်လှန်လို့ အဆုံးမှာတော့ သွားပြီ ဟုသည့်စကားလုံးနှစ်လုံးသာထွက်လာခဲ့တော့သည်။
ဟယ့်ကျောင်း ကျောင်းကိုပေးလိုက်သည့်အသံဖိုင်မှာ အထူးပြင်ဆင်ပြီးဖြစ်တဲ့ လျှိုယွမ့်၏အသံဖျက်ထားသည့်ဟာပင်ဖြစ်သည်။ သို့တိုင် ယန်စန်ဟောင်၏စက်ဆုပ်ဖွယ်စကားများကတော့ တစ်လုံးမကျန်အကုန် ထိုအထဲ၌ပါလေသည်။ ယန်ဝိန်ယွမ်တစ်ယောက် ကျဉ်းထဲကျပ်ထဲရောက်စဉ်အခါမှာတော့ မျက်နှာကပြောင်းလို့သရုပ်ဆောင်လာသည့်အခါ ယန်ဝိန်ယွမ်၏တစ်အိမ်သားလုံးသည်လည်း ချက်ချင်းပင်ထိုသရုပ်ဆောင်တဲ့နောက်လိုက်ကြတော့သည်။ ရှေ့ရက်ကမောက်မာခဲ့သည့်ဟန်ပန်တို့ကို လွှတ်လို့ချပြီး သူတို့သားအတွက်ဟယ့်ကျောင်း၏လက်ကိုဆွဲလို့ အသနားပင်ခံချင်လာကြသည်။
"အန်တီတို့သိပါတယ် မင်းကလိမ္မာတဲ့ကလေးဆိုတာ. . . . . ."
ဟယ့်ကျောင်းကတော့ ရယ်သာရယ်ချင်မိတော့သည်။
"အာ ၊ ခင်ဗျားဟာသပြောနေတာပဲ ၊ အခုကြတော့ ကျွန်တော်ကလိမ္မာတဲ့ကလေးဖြစ်သွားပြီတဲ့လား။"
ကျောင်းဘက်ကနေပြီး ကျောင်းသူလေးကမည်သူနည်းဟုမေးလာချိန်တွင် ဟယ့်ကျောင်းမှာလည်းပြန်လို့မေးလိုက်ပါသည်။
"စော်ကားခံရသူရဲ့ privacyကိုမထိခိုက်ပါဘူးလို့ ခင်ဗျားတို့အာမခံနိုင်မလား?"
ကျောင်းရဲ့အရေးပါတဲ့အထက်ကသူများသာလျှင် ကိစ္စရပ်အလုံးစုံအားသိရှိလို့သွားရပြီး အချက်အလက်တို့ကိုလည်း တင်းတင်းကြပ်ကြပ်ပင်လျှို့ဝှက်ထားလိုက်ကြသည်။
သို့တိုင် ယန်စန်းဟောင်၏ပြစ်မှု တရားစွဲဆိုခြင်းကတော့ ပြီးပြတ်လို့သွားချေပြီ။
ကျောင်းထုတ်အပြစ်ပေးခြင်းထုတ်ပြန်လာသည်နေ့တုန်းကဆို ရှိန်ကျယ်သည်ပျော်လွန်း၍ တစ်တန်းလုံးအားဖျော်ရည်ဝယ်တိုက်လေသည်။ ပြီးနောက် ဟယ့်ကျောင်းကိုသွားလို့ရှာခိုက် အခန်း(3)၏အတန်းခေါင်းဆောင်မှာ သူ၏အစ်ကိုကျောင်းအား တောင်းပန်နေသည်ကိုမြင်လိုက်ရသည်။
အတန်းခေါင်းဆောင်ကလွဲပြီး အခန်း(2-3)တစ်ခန်းလုံးသည် ပြတင်းပေါက်တွေနောက်နား၌ကွယ်လျက်ဖြင့် ခိုးလို့ကြည့်နေကြသည်။
အံ့ချီးလောက်စရာမြင်ကွင်းပင်။
လျှိုချွိင်ဟောက်မှာ မျက်နှာရဲရဲဖြင့်ဆိုလို့လာ၏။
"တောင်းပန်ပါတယ် အတန်းဖော်ဟယ့်ကျောင်း ၊ ကျွန်တော်ဒီကိစ္စရဲ့အမှန်တရားကို သေသေချာချာမသိဘဲနဲ့ . . . . . ."
ဟယ့်ကျောင်းသည် စိတ်ရင်းအမှန်ဖြင့်လေးနက်စွာပင် လျှိုချွိင်ဟောက်၏ပုခုံးကိုပုတ်လိုက်ပြီး ပြေပြေပြစ်ပြစ်ပင်ဆိုလာခဲ့၏။
"ရတယ် ကိစ္စမရှိဘူး ၊ လူဘဝဆိုတာက အမြဲအံ့သြဖွယ်ရာတွေနဲ့ပြည့်နှက်နေတဲ့ဟာ။ ငါဆိုတာကလေ ရုပ်ချောရုံတင်မကဘူး သဘောထားလည်းကြီးပါတယ်ကွ။"
လျှိုချွိင်ဟောက် : ". . . . . ."
ရှိန်ကျယ် : ". . . . . ."
မင်းရုပ်ချောတာ မြင်ရအောင်မျက်စိပါမနေဘူးဟေ့။
ရှဲ့ယွီသည်လည်း ဆက်လို့နားမထောင်နိုင်တော့ ၊ လက်တစ်ဖက်ကဖုန်းကိုကိုင်လို့ထားပြီး ကျန်တစ်ဖက်ကမူ ဘေးကိုဟိုဒီစမ်းလို့ ဘောပင်ထည့်တဲ့အိတ်အားစမ်းမိသွားချိန်မှာတော့ ချက်ချင်းပင်ပြတင်းပေါက်အပြင်သို့ ပစ်ပေါက်ထည့်လိုက်သည်မှာ ဟယ့်ကျောင်းကိုသွားရောက်မှန်လေတော့သည်။
"ပါးစပ်ပိတ်စမ်း။"
ရှောက်ပါ့ဆိုတာမျိုးက အနည်းနဲ့အများတော့ ဆိုးယုတ်ကြတာချည်းသာ ၊ ရှောက်ပါ့တွေရဲ့လုပ်ရပ်တိုင်းက ပြောရင်ပြောတဲ့အတိုင်းပင်ရှိပေမည်။ ကောလာဟလတွေ တစ်ဆင့်စကားတစ်ဆင့် ပျံ့လွင့်နေသည်များမှာလည်း မှန်တစ်ဝက် မှားတစ်ဝက်လောက်တော့ရှိမည်ဖြစ်တာကိုမှ ယခုနောက်ဆုံးထွက်လာတာကကြ ဘယ်လိုပုံစံတောင်ဖြစ်လို့ဖြစ်သွားမှန်းပင် မသိပါတော့ချေ။
(T/N : ရှောက်ပါ့ / 校霸 = ကျောင်းစည်းကမ်းတွေဖောက် ၊ ရန်တွေဖြစ်နဲ့ တစ်ကျောင်းလုံးကကြောက်ကြရတဲ့သူ။)
သို့တိုင် ပထမဆုံးအကြိမ် အခန်း(2-3)ရှိကျောင်းသား/သူများ ရှင်းရှင်းလင်းလင်း သဘောပေါက်လို့သွားကြသည်မှာတော့ - ဒီရှောက်ပါ့နှစ်ယောက်ဟာဆိုလျှင် ယုံတမ်းစကားတွေထဲကလိုမျိုးနဲ့ သိပ်ပြီးမတူပါလားဟူ၍ပင်။