ဘာလို့ဆို မင်းကအဆင့်မှမကောင်းတာ
နှစ်ဦးသားသည် အတန်ကြာသည်အထိ နှုတ်ဆိတ်လျက်သားဖြင့်ထိုင်နေမိကြသည်။
ရှိန်ကျယ်မှာ ဆေးလိပ်အတော်လေးစွဲနေသူမို့ တစ်လိပ်သောက်အပြီး၌ နောက်တစ်လိပ်ထပ်သောက်ချင်နေသေး၏ ၊ ဟယ့်ကျောင်းမှာတော့ ထိုအနံ့့ကိုရကာ တကယ်ပင်မခံစားနိုင်ဖြစ်၍လာရသည်။ အမှန်တော့ သူဆေးလိပ်ဖြတ်တာက အောင်မြင်သေးတာမဟုတ် ၊ သူသည်တံခါးပေါက်ဝစီသို့သာ လက်ထိုးညွှန်ပြလိုက်လျက်. .
"မင်းသောက်မယ်ဆို အပြင်ထွက်သောက် ၊ သွား။"
ရှိန်ကျယ်ကပြောလာခဲ့၏်။
"မင်းဘာသာမင်းမသောက်တာကထားတော့ ၊ ငါ့လွတ်လပ်ခွင့်ကိုပါ လာချုပ်ချယ်နေသေးမင်းက. . . . . ."
ဟယ့်ကျောင်းသည် ခေါင်းအုံးဖြင့်ပစ်ပေါက်ထည့်လိုက်သည်။
ရှိန်ကျယ်မှာခြေမြန်လက်မြန်ရှိလှတာကြောင့် ကိုယ်ကိုလှည့်၍ ရှောင်လိုက်လေသည်။
ပြောဆိုနေကြစဉ်အတွင်း စားပွဲထက်တင်ကာ
ထားသည့်ဟယ့်ကျောင်း၏ ဖုန်းမှာ 'တင်းတောင်' ဟူသည့်စာတိုဝင်လာသံနှင့်အတူ စခရင်ကရုတ်တရက်မီးလင်းလို့လာသည်။ စက္ကန့်ဘယ်လောက်မှမကြာလိုက် စခရင်ကပြန်လည်မှိတ်လို့သွား၏။
ဟယ့်ကျောင်းသည် ဆတ်ခနဲကောက်ယူ၍ ဖွင့်ကာကြည့်မိတော့ ရှဲ့ယွီထံမှဖြစ်ပြီး စာလုံး(၁၀)လုံးနှင့်အတူ ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတတစ်ခုလည်းပါသေးလေသည်။
-အထက်က နေ့လည်အတန်းလာစစ်မယ်။
"ဘယ်သူလဲ?"
ရှိန်ကျယ်က အရှေ့တိုးကပ်လာလျက်မှ မေးလာ၏။
ဟယ့်ကျောင်းသည် ခေါင်းငုံ့၍စာရိုက်နေရင်းမှ ပြောလိုက်ပါသည်။
"ဘာစိတ်ခံစားချက်မှမရှိတဲ့ လူသတ်သမားလေ။"
ရှိန်ကျယ်မှာ ရှဲ့ယွီအပေါ်သိပ်ပြီးရင်းနှီးလှသည်မဟုတ် ၊ ဟယ့်ကျောင်းနှင့် ရှဲ့ယွီတို့ဘေးချင်းကပ်အတူထိုင်ချိန်ကမှသာစပြီး သူသည်အဲ့တစ်ယောက်နှင့် နည်းနည်းပါးပါးအဆက်အဆံရှိမိလာခြင်းဖြစ်သည်။
သူ၏ ပထမဆုံးရှဲ့ယွီအပေါ်ထင်မြင်ချက်မှာ ထိုတစ်ယောက်က မစို့မပို့လေးတော့ကြည့်ကောင်းလှသူဖြစ်လင့်ကစား သိပ်ပြီးတော့တော့ အဆက်အဆံပြု၍ကောင်းပုံမရဟူ၍ ၊ တကယ်လည်းပဲ. . . . . .အဆက်အဆံပြုကြည့်မိချိန်တွင် အသေအချာကြီးကိုထင်သည့်အတိုင်းပါပေ။
သူ့အစ်ကိုကျောင်းကတော့ ချွင်းချက်။
"စိတ်ခံစားချက်မပါတာက မင်းအပေါ်ကိုပါပဲ. ."
ဟယ့်ကျောင်းသည် စာပြန်လို့အပြီးမှာတော့ ရက်ရက်ရောရောပင် ရှိန်ကျယ်ထံ ဖုန်းစခရင်အားထိုးလို့ပြလိုက်ပါသည်။
"မြင်ပြီလား ၊ ငါ့ထုံကျောက ငါ့အပေါ်ဆိုနွေဦးလိုပဲ နွေးထွေးတယ်ကွ။"
ရှိန်ကျယ်မှာတော့ ဒီကိစ္စက ဟယ့်ကျောင်းထင်နေသလောက်ကြီးလည်း နွေးထွေးမနေဟူ၍သာခံစားမိရသည်။
တကယ်တော့ သူခုနတုန်းကအခန်း(2-3)ကနေထွက်ခါနီးတွင် ရှဲ့ယွီမှာ အနှောက်အယှက်ဒဏ်ကိုသည်းမခံနိုင်တော့ဘဲ စာရွက်ဖြဲ၍ စာလုံးကြီးကြီးတချို့ရေးလို့ ဟယ့်ကျောင်း၏စားပွဲထက်ပစ်တင်လိုက်သည်ကို မျက်စိနဲ့တက်အပ်မြင်ခဲ့ရသည်။ ဖြစ်နိုင်သည်မှာ ထိုနေ့လည်ပိုင်းတွင် ဟယ့်ကျောင်းအားဘယ်သွားလဲဆိုပြီး လာမေးကြတဲ့သူများလွန်း၍နေမည်။ ထိုစာရွက်ထက်၌ ခပ်သော့သော့ရေးချထားသည်မှာတော့ - မရှိဘူး ၊ အတန်းလစ်တယ် ၊ မသိဘူး ဟူ၍။
ရှိန်ကျယ်အတွက်မူ ဒီလိုမျိုး ထုံကျောအတန်းလစ်သည့်ကိစ္စအား ပေါ်တင်ပင်ကြေညာလို့ပြထားသည့် ပါရမီရှင်မျိုးအား ပထမဦးဆုံးမြင်တွေ့ဖူးခြင်းဖြစ်ပါ၏။
တကယ်လည်းပဲ ဒီကိစ္စက အဲ့ဒီလောက်နွေးထွေးမနေခဲ့ပါ။
လက်တွေ့ကျကျဆိုရလျှင်ဖြင့် အထက်ကအတန်းကိုလာစစ်မည်ဆိုလျှင် ပုံမှန်ဆိုကြိုတင်အကြောင်းကြားထားတတ်ကြလေသည်။သို့ဆိုလျှင် စာတော်သည့်အတန်းအားရွေးပြီးအမေးအဖြေကဏ္ဍအတွက်စာတစ်ခုချင်းစီအားလည်း အတန်းကဆရာ/မများသည်သာစီစဉ်ထားတတ်ကြသည်။ သို့တိုင် ဒီတစ်ခေါက်က ရုတ်တစ်ရက်ဆန်သောကြောင့် ရွှီရှာမှာအလောတကြီးဖုန်းဆက်လို့လာလျက် ဘေးကပ်ရပ်အတန်းကဆရာမဝမ်ကိုပဲ လူလုံးဝလျှော့လို့မဖြစ်သည်ကြောင့် အတန်းကိုကြည့်ပေးဖို့အကူအညီလှမ်းတောင်းရတော့သည်။
ဆရာမဝမ်မှာ အခန်း(3)သို့တစ်ချက်သွားလို့ကြည့်သည်။ ဟယ့်ကျောင်းစားပွဲထက်က စာရွက်ကြောင့် ထိုအနား၌အတော်ကြာအောင်ရပ်၍တွေဝေနေမိပြီးမှ ရှဲ့ယွီကိုပဲဆက်သွယ်လို့ခိုင်းလာ၏ ၊ ခေါ်လို့မရလျှင်တော့ ဆေးခွင့်ဆိုပြီးပဲပြောရုံရှိတော့မည်။
နေ့လည်ပိုင်းအတန်းချိန်မရောက်မီ(၁၀)မိနစ်အလိုခန့်တွင်တော့ ဟယ့်ကျောင်းသည်အကျႌကိုသပ်သပ်ရပ်ရပ်ပြန်ပြင်ဝတ်လျက် အပြင်သို့ထွက်ဖို့လုပ်သည်။ လှမ်းထွက်လာခဲ့ပြီး လမ်းတစ်ဝက်ရောက်စဉ်အခါမှ တွေဝေလို့နေစဲရှိသည့်ရှိန်ကျယ်ကိုသတိထားမိကာ ပြောလိုက်သည်။
"ဘာတွေကြောင်အနေတာလဲ ၊ အတန်းသွားတက်မယ်လေ။"
ရှိန်ကျယ်ထံမှ 'အာ'ခနဲအသံထွက်လို့လာပြီး အပေါက်ဝထံလျှောက်လာခဲ့ပြီးမှ ရုတ်တစ်ရက်ရပ်၍မေးလာခဲ့၏။
". . . . . .ဒီကိစ္စဘယ်လိုလုပ်မှာလဲ? လျှိုယွမ့်အကြောင်းကဖော်ပြလို့မရတော့ ဒီကိစ္စကိုဘယ်လိုသွားစာရင်းရှင်းရတော့မလဲ?"
ထိုခေါင်းစဉ်ဘက် တဖန်ပြန်လှည့်လို့လာသည်။
ဟယ့်ကျောင်းသည် လက်ကိုဘောင်းဘီအိတ်ကပ်အတွင်းထည့်လိုက်ပြီးနောက် ဆိုလိုက်၏။
"နောက်မှပြောကြတာပေါ့။"
ယန်ဝိန်ယွမ်၏ထိုကိစ္စမှာ ဘယ်လောက်မှမကြာလိုက် တစ်ဖန်ပင်ပြောစရာခေါင်းစဉ်တစ်ရပ်ဖြစ်လို့လာပြန်လေသည်။
ဦးစွာအနေဖြင့် ရွှီရှာသည် ယန်ဝိန်ယွမ်အားခေါ်၍ ကျောင်းအာဏာပိုင်တွေစီသို့သွားကာ ဒီကိစ္စကဒီလောက်နဲ့ပြီးသွားလို့မဖြစ်ဟုဆိုလေသည်။ ထို့နောက်တွင်တော့ ယန်ဝိန်ယွမ်၏မိဘတွေကပါ ကျောင်းသို့ရောက်ချလို့လာပြီး မရမကကျောင်းရဲ့ဖြေရှင်းချက်ကိုတောင်းကြတော့သည်။
"ကျွန်မတို့သားရဲ့ မျက်နှာ ၊ လက်မောင်းထက်တွေကိုကြည့်ကြည့်ပါဦး ၊ ယုတ်မာထားတာဆိုတာ ၊ ရှင်တို့ကျောင်းမှာ ဘယ်လိုလုပ်ပြီးများအဲ့လိုလုပ်ရဲတဲ့လူမျိုးရှိနေရတာလဲ။"
ယန်ဝိန်ယွမ်၏မိဘနှစ်ပါးလုံးမှာ မျက်မှန်နဲ့ဖြစ်ကြပြီး ကြည့်ရသည်မှာ ပညာတတ်အသွင်မျိုးရှိကြသည့်တိုင် စကားပြောဆိုလာသည်မှာတော့ ထိုကဲ့သို့ဟုတ်မနေ။
"ကြားတာတော့ ရှင်တို့ကျောင်းက ဟယ့်ကျောင်းဆိုတာက အမြဲတမ်းပြဿနာပတ်ရှာတဲ့သူဆို? ဒီလိုမှတော့ ကျွန်မတို့ရဲ့ကလေးကိုအခုလိုရိုက်လိုက်တာက မထူးဆန်းတော့ပါဘူးလေ။ ဒါနဲ့ဘယ်လိုဖြစ်လို့အခုထိ သူ့ကိုဘာအပြစ်မှမပေးရသေးတာလဲ? ရှင်တို့ကျောင်းကကိစ္စကိုဘယ်လိုကိုင်တွယ်နေတာတုန်း?"
ရွှီရှာမှာ ဟယ့်ကျောင်း၏အတန်းပိုင်အနေဖြင့် ဘေးနားတွင်ရပ်လျက်မျက်နှာမကောင်းစွာဖြင့်ဆိုလိုက်သည်။
"ကျွန်မတို့ဒီကိစ္စအတွက် တကယ်ကိုပဲတာဝန်ယူပါတယ် ၊ ကျွန်မ သူ့ကိုကောင်းကောင်းသွန်သင်ပါ့မယ် ၊ ဒီနေရာမှာပဲ ကျွန်မအလေးအနက်နဲ့တောင်းပန်စကားဆိုချင်ပါတယ် ၊ ဘာလို့ဆို ကျွန်မရဲ့အတန်းထဲကကျောင်းသားရဲ့အမှား. . . . . ."
ဟယ့်ကျောင်းမှာ အခုလိုကြားလိုက်ရချိန်မှာတော့ ဆက်လက်၍နားထောင်မနေနိုင်တော့ပေ။
"သွန်သင်မယ်?"
ဟယ့်ကျောင်းသည် ဒေါသထွက်စွာဖြင့် ရယ်ချလိုက်၏။
"ခင်ဗျားမှာ အခြားသူကိုသွန်သင်ဖို့ ပြည့်မှီတဲ့အရည်အချင်းရောရှိလား?"
"--- --- မင်း ဆရာမကိုဘယ်လိုပြောလိုက်တာလဲ?"
အစကတော့ ထိုကိစ္စမှာမတိုးသာမဆုတ်သာ အခြေအနေမှာရှိနေပေမယ့် ထိုအကျပ်အတည်းဖြစ်နေသည့်ကြားထဲမှနေပြီး မျက်မြင်သက်သေတစ်ဦး ထွက်ပေါ်လို့လာခဲ့ပါသည်။
လျှိုချွိင်ဟောက်သည် တံခါးခေါက်၍ ဝင်ရောက်လို့လာ၏။
"ဆရာမရွှီ ကျွန်တော့်ကိုရှာတယ်ဆိုလို့။"
လျှိုချွိင်ဟောက်တစ်ယောက် ရုံးခန်းကနေပြန်ရောက်လာခြင်းမှာပင် အတန်းတွင်းကလူတွေရဲ့ဝိုင်းအုံလာခြင်းကိုခံရသည်။
"အတန်းခေါင်းဆောင် ၊ မင်းသက်သေခံပေးလိုက်တယ်လို့ကြားတယ်?"
"မင်းတကယ် ဟယ့်ကျောင်း ယန်ဝိန်ယွမ်ကိုရိုက်တာ မျက်မြင်တွေ့ခဲ့တာပေါ့?"
လျှိုချွိင်ဟောက်သည် အမှန်ပြင်လို့ပေးလိုက်၏။
"အရင်ကပါ ၊ အရင်ကတွေ့ခဲ့တာ။"
"မိုက်ချက်ပဲ ၊ သတ္တိရှိလိုက်တာ။"
သူတို့သာဆို အသက်အန္တရယ်ကိုစွန့်ပြီး ရှေ့ထွက်ရပ်ရဲမှာမဟုတ်ဘူးဟူ၍ တစ်ယောက်တစ်ပေါက်ဆိုလို့လာကြတော့သည်။
"မဟုတ်ရပါဘူး ၊ မဟုတ်ရပါဘူး။"
လျှိုချွိင်ဟောင်က ဆိုလို့လာသည်။
"ငါလည်းအတော်ကြာအောင် တွေဝေနေမိသေးတာပါ ၊ ဒါပေမယ့် တရားမျှတမှုကိုချစ်မြတ်နိုးတာကြောင့်. . . . . ."
ရှဲ့ယွီကတော့ ဒီလိုကိစ္စမျိုးတွေအပေါ် ထင်မြင်ချက်ပေးရတာမျိုးအားမနှစ်သက်ချေ ၊ သူနဲ့ကလည်း ဘာမှမပတ်သက်သည်ကိုး။
မျက်စိနဲ့တပ်အပ်မြင်တွေ့တိုင်းလည်း အရာအားလုံးကအမှန်ဖြစ်လို့မနေ ၊ ထို့အပြင် ဒါတွေကတစ်ဆင့်စကား ကောလာဟလတွေသာဖြစ်တတ်ပါ၏။
အကြွေးရှင်တွေကို ရှောင်ပုန်းဖို့နေရာပင်မရှိဖြစ်ရင်း ဟေးရွှေလမ်းသို့ရောက်လာခဲ့ချိန် ၊ ထင်နေမိတာက ဒီနေရာမှာနေသည့်လူတွေအားလုံးက လူလေလူလွင့် ၊ လူရမ်းကားတွေချည်းဟု ၊ သို့တိုင် အခြားသွားစရာနေရာကလည်း တကယ်ပင်မရှိခဲ့။ ဒါပေမယ့် ထိုနေရာသို့ရောက်သည့်ပထမဆုံးရက်မှာပင် တစ်ကိုယ်လုံးတက်တူးတွေအပြည့်နှင့် မဖွယ်မရာတွေသာဆိုတတ်သည့် ရွှီယန့်မေဆိုသူမှာ ဖက်ထုပ်ပြုတ်ပန်းကန်အားသယ်လျက်ဖြင့် တံခါးခေါက်လို့လာခဲ့ပါသည်။
"ပိုပြုတ်လာတာ ၊ လက်ရာကတော့အကောင်းကြီးမဟုတ်ဘူး ၊ ငါတို့အတူတူစားကြရအောင်လေ။"
ထိုသို့ဂရုစိုက်ရာကနေအစပြုပြီး သူတို့အပေါ်(၁၀)နှစ်နီးနီးပင် ဂရုစိုက်စောင့်ရှောက်ပေးခဲ့လေ၏။
"နောက်တော့ဘာဖြစ်သွားလဲ? အခုအခြေအနေက ဘယ်လိုရှိလဲ။"
လျှိုချွိင်ဟောက်ကဆိုလိုက်သည်။
". . . . . . ကျောင်းထုတ်ခံရလောက်မယ်ထင်တယ် ၊ ဒီတစ်ခေါက်ကိစ္စက တော်တော်ဆိုးတယ်။"
"ကျောင်းထုတ်ပစ်မယ် ? !"
အတန်းထဲ၌ အားရပါးရပြောဆိုနေကြသည့်တိုင် ရှဲ့ယွီကတော့စားပွဲထက်မှောက်လျက်ဖြင့် ဖုန်းဆက်သုံးလျက်ရှိသည်။
ဟယ့်ကျောင်းအား အတော်ကြာကာမှ ရုံးခန်းကပြန်လို့လွှတ်၏။ စာသင်ခန်းအတွင်းဝင်လာချိန်မှာတော့ လျှိုချွိင်ဟောက်မှာ စင်ထက်၌သင်္ချာပုစ္ဆာအားဖြေဆိုလျက်ရှိသည်။ မျက်စိထောင့်စွန်းနားမှ ဟယ့်ကျောင်း၏အရိပ်အားမြင်တွေ့မိချိန်မှာတော့ လက်ထဲရှိမြေဖြူထောင့်မှာလည်းကျိုးလို့သွားခဲ့ပါ၏။
အံ့သြစရာကောင်းတာကတော့ ဟယ့်ကျောင်းကသူ့အား ကြည့်ပင်မကြည့်။
လျှိုချွိင်ဟောက်မှာ သက်ပြင်းတစ်ချက်ခိုးလို့ချမိရလေသည်။
ခုနလေးတုန်းက သူတို့တစ်တွေဆိုးဆိုးရွားရွားပြောဆိုလို့နေကြသည့် ကျောင်းထုတ်ခံရမည်ဆိုသည့်အပြစ်က အမှန်ပေလား အမှားပေလားဟုပင် ရှဲ့ယွီမှာသံသယဝင်ချင်ချင်ဖြစ်၍လာရသည်--- --- အဘယ့်ကြောင့်ဆို ဟယ့်ကျောင်းမှာပြန်ရောက်လာပြီးနောက်၌ လည်း အေးအေးဆေးဆေးပင် အဝတ်လဲပေးသည့်ဂိမ်းအားဆက်၍ဆော့နေခြင်းကြောင့်။
ဟယ့်ကျောင်းနဲ့ယှဉ်လျှင် ရှိန်ကျယ်၏တုံ့ပြန်မှုကပိုလို့ပြင်းထန်၏ ၊ ကြည့်ရသည်မှာ ကျောင်းအထုတ်ခံရမည့်သူက သူဖြစ်နေတဲ့အတိုင်းပင်ရှိသည်။
"မိုးမေလင်း ၊ မင်းတို့အတန်းက အတန်းခေါင်းဆောင်ဆိုတာက ဘယ်ကနေထွက်လာပြန်တာတုန်း?"
"ဘာတွေအော်ဟစ်နေတာလဲ ၊ အဲ့ကောင်လေးက ကောင်းပါတယ်. . ."
ဟယ့်ကျောင်းကဆိုလာသည်။
"ဒီကိစ္စက သူ့အမှားမဟုတ်ဘူး။"
ရှိန်ကျယ် : "ဒါဆို အခုအခြေအနေကဘယ်လိုကြီးလဲ ၊ မင်းကို ပြန်လည်သုံးသပ်ချက်စာတမ်းရေးပြီး မဖြစ်မနေတောင်းပန်ဖို့အတွက် စဉ်းစားချိန်ပေး ပြန်လွှတ်လိုက်တာပေါ့လေ? ရွှီရှာကအဲ့လောက်တောင်ဇွတ်ကြီးလား? သူ့ရဲ့သက်မွေးမှုလုပ်ငန်းက မင်းရဲ့သုံးသပ်ချက်စာတမ်းတစ်စောင်ထက်ကို သောက်ဆင့်နိမ့်ကျနေပြီလား?"
အတန်းနှစ်တန်းလုံး အတူတူပင်ကာယချိန်ကတိုက်နေလေသည် ၊ နှစ်ဦးသားသည် ဘောလုံးကွင်းကိုဖြတ်လျက် ပွဲကြည့်စင်ဘက်လျှောက်လို့လာခဲ့ကြ၏။
ရှိန်ကျယ်ကတော့ တစ်ပြုံတစ်ခေါင်းကြီးပြောဆိုလို့နေပါ၏။ ဟယ့်ကျောင်းက သေချာနားထောင်နေသည်မနေသည်တော့မသိ ၊ အရှေ့ကသစ်ပင်ရိပ်အောက်၌ ရှဲ့ယွီထိုင်နေတာကိုလှမ်းတွေ့လိုက်သည်နဲ့ လက်ပြ၍နှုတ်ဆက်ပါတော့သည်။
တစ်ယောက်ယောက်သူ့ကိုခေါ်သံကြောင့် ရှဲ့ယွီခေါင်းထောင်မိလိုက်စဉ် အနောက်ရှိဘတ်စကက်ဘောကွင်းဘက်မှ ဘောလုံးတစ်လုံးကလည်းပစ်ဝင်လို့လာပြီး သူ့ခေါင်းနဲ့တိုက်ရိုက်ပင်မိတ်ဆက်လို့သွားချေတော့သည်။
". . . . . ."
အနောက်ဘက်ရှိ ဘတ်စကက်ဘောကွင်းကနေပြီး ကျောင်းသားတစ်ယောက်ထွက်လို့လာ၏။
"လက်ချော်သွားလို့ ၊ ဆောရီး။"
ရှိန်ကျယ်တစ်ယောက် ထိုလူရဲ့မျက်နှာအားမြင်တွေ့သွားချိန်မှာတော့ ချက်ချင်းပင်ပေါက်ကွဲလို့လာပါတော့သည်။
"ယန်ဝိန်ယွမ် ၊ မင်းတမင်လုပ်တာမဟုတ်လား?"
ပစ်တာတောင် လက်ကမတည့်ချေ ၊ အခြားတစ်ဖက်ကကြည့်မည်ဆို ဟယ့်ကျောင်းထံပစ်ပေါက်လိုက်တာမှန်း အသိသာကြီးပင်။
ဟယ့်ကျောင်းသည် ဘာစကားမှမဆို ၊ ငုံ့၍ဘောလုံးကိုကောက်လိုက်ပြီးနောက် ရှဲ့ယွီဘေးနားလျှောက်လို့သွားလိုက်၏။ ပြီးနောက် အားပြင်းပြင်းဖြင့်ယန်ဝိန်ယွမ်ရှိရာဘက် ပစ်ပေါက်ထည့်လိုက်ပါသည်။ ဘောလုံးမှာ ယန်ဝိန်ယွမ်အားရှပ်လို့ထိသွားပြီးနောက် သံလက်ရန်းအားသွားရောက်ထိမှန်ကာ ဒုန်းခနဲအသံပင်ထွက်ပေါ်လို့လာသည်။ ဟယ့်ကျောင်းသည် ရယ်မောလိုက်လျက် ရည်မွန်စွာဖြင့်ဆိုလိုက်ပါ၏။
"လက်ချော်သွားတာ။"
ယန်ဝိန်ယွမ်၏အဖော်များလည်း အနားဝိုင်းလို့ရောက်လာကြပြီး သူ့အားဆွဲခေါ်သွားချင်နေကြသည်။
"တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ်။"
ယန်ဝိန်ယွမ်ကတော့ ထိုနေရာတွင်သာရပ်လျက် တုတ်တုတ်မျှမလှုပ် ၊ သူ၏ကိုယ်ကပိန်လှီလျက် အဝတ်အစားဝတ်ထားသည်မှာလည်း အရိုးပဒေသာထက်အဝတ်ချိတ်ဆွဲထားသယောင်ပင်ရှိသည်။ မျက်နှာထက်တွင် မျက်ကွင်းညိုညို ၊ ဝက်ခြံတွေဖြင့် ခပ်ယဲ့ယဲ့မမာပုံပေါက်လျက်ရှိသည်။ သူသည်ထိုနေရာ၌တွင်ရပ်လျက် အဆုံးတွင်တော့ စကားတစ်ခွန်းညှစ်ထုတ်လို့လာပါသည်။
"ဟယ့်ကျောင်း ၊ ဒီကိစ္စကမပြီးသေးဘူး ၊ ဒါပေမယ့် မင်းကတော့သေချာပေါက်ကိုရှုံးမှာပဲ။"
ဟယ့်ကျောင်းကပြောသည်။
"ချီးစကားတွေလျှော့ပြော ၊ လစ်လိုက်တော့။"
"ဘာကြောင့်လဲမင်းသိလား?"
ယန်ဝိန်ယွမ်သည်ပြုံးလိုက်၏။
"ဘာလို့ဆို မင်းကအဆင့်မှမကောင်းတာ။"
"မင်း စောက်. . ."
အဆင့်မကောင်းဆိုသည့် စကားလုံးလေးလုံးက ဟယ့်ကျောင်းအားဒက်ထိထိသွားခဲ့ဟန်တူသည်။ ဒီရက်ပိုင်းအတွင်း ထိန်းချုပ်ထားသမျှ စိတ်ခံစားချက်တွေအကုန်အား နောက်ဆုံးမှာတော့ လွှတ်ထုတ်ပစ်ဖို့ ထွက်ပေါက်တွေ့သွားခဲ့ပုံလည်းရသည်။ သူသည် ဖြည်းဖြည်းချင်းရှေ့သို့လျှောက်လှမ်းသွားလိုက်ပြီးနောက် ကွဲအက်အက်လေသံဖြင့်ဆိုလိုက်၏။
"လူစကားနားမလည်ဘူးပေါ့လေ ဟုတ်လား?"
ဟယ့်ကျောင်းက ဒေါသထွက်ခဲလှသည်။
ရှိန်ကျယ် သူ့ကိုသိလာခဲ့သည့်နှစ်တွေအများကြီးထဲ သူဒေါသထွက်သည်ကိုမြင်တွေ့သည်အား စုစုပေါင်းလျှင်တောင် သုံး/လေးကြိမ်ပင်မပြည့်။ ဟယ့်ကျောင်း၏ ကိုယ်နှုတ်အမူအရာမှာ ဖော်ရွှေကောင်းမွန်းလွန်းလှ၏ ၊ တစ်ဖက်လူဒေါသထွက်နေလျှင်တောင် သူကမထွက်။ အခြားတစ်ဖက်ကကြည့်ပြောရမယ်ဆိုရင်တော့ ယန်ဝိန်ယွမ်ဆိုတဲ့ကောင်က အရည်အချင်းရှိတယ်ဆိုရမှာပဲ။
"သွားကြရအောင် ဝိန်ယွမ် ၊ သွားကြစို့။"
ယန်ဝိန်ယွမ်ဆိုသူကတော့ သေပန်းပွင့်ချင်နေပေမယ့် သူ့အဖော်တွေကတော့ထိုသို့မဖြစ်ချင် ၊ သူ့အားခပ်မြန်မြန်ဆွဲခေါ်သွားကြတော့သည်။
ရှိန်ကျယ်သည် အင်္ကျီလက်အစွန်းကိုခေါက်၍ အလွန်မှတဲ့သွားလုပ်ပစ်ချင်နေသော်ငြား ဟယ့်ကျောင်း၏လက်ရှိအခြေအနေကအရေးကြီးနေသည်ကို တွေးမိရသည်။ နောက်ထပ်ပြဿနာသာထပ်ဖြစ်လိုက်လျှင် သတင်းအမှားကနေပြီး အမှန်ဖြစ်သွားပေလိမ့်မည်။
"အစ်ကိုကျောင်း စိတ်လျှော့ --- --- စိတ်လုံးလုံးလျှော့ထား ၊ သူ့ကိုရိုက်ချင်နေရင်လည်း ညမှောင်မှောင်လေပြင်းကျနေချိန်မှာမှ လူသူကင်းမဲ့နေတဲ့ လမ်းသွယ်တစ်ခုရှာ ဂုန်နီအိတ်စွပ်ပြီးမှပဲ ဘယ်လိုရိုက်ချင်လဲ ရိုက်ချင်သလိုသာရိုက်တော့။"
ယန်ဝိန်ယွမ်ထွက်လို့သွားပြီး အရိပ်အယောင်မမြင်ရတော့ပါမှ ရှိန်ကျယ်ကလက်ကိုလွှတ်လိုက်၏။
"သူကယန်ဝိန်ယွမ်လား?"
"ဟမ်?"
ရှိန်ကျယ်ခေါင်းလှည့်လို့ကြည့်မိခိုက် ဘာစိတ်ခံစားချက်မှမရှိတဲ့ လူသတ်သမားကဘေးတွင်ရပ်လျက်ရှိပြီး သာမန်ကာလျှံကာဆိုလာလေသည်။
"အာ ၊ ယန်စန်းဟောင် ၊ သူကိုး။"
ခုနလေးကဖြင့် ရှဲ့ယွီမှာ မျက်စိထဲရင်းနှီးနေပါတယ်ဆိုပြီး အတော်ကြာအောင် စဉ်းစားနေခဲ့မိတာဖြစ်သည်။ အဆုံးမှာတော့ ထိုမျက်နှာအားအမှတ်ရလို့လာပါ၏ ၊ ထိုမျက်နှာအား နာမည်နဲ့တွဲလို့မှတ်လိုက်ရင်းမှ ဗလာနတ္ထိမျက်နှာဘေးဖြင့်ဆိုလိုက်သည်။
"အာ ၊ ဒါက သူက ကျောင်းသူတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့အကောင်မဟုတ်လား?"
ဟယ့်ကျောင်း : ". . . . . ."
ရှိန်ကျယ် : ". . . . . . မင်းကဘယ်လိုလုပ်ပြီး သိတာလဲ ? !"
"သားကြီး စကားပြောကြရအောင်?"
ရှိန်ကျယ်သည် အားပြင်းသည့်ထိုးနှက်ချက်ကြားမှ အသိပြန်ဝင်လို့လာသည်။
"ဒီကိစ္စကို မင်းကဘယ်လိုသိတာလဲ? မင်းက လျှိုယွမ့်ကိုသိတယ်လား? Fuck ၊ ငါကတစ်လျှောက်လုံးပဲ တစ်ကျောင်းလုံးမှာဆို ငါရယ် အစ်ကိုကျောင်းရယ်ပဲသိတယ်ထင်နေတာ။"
ရှဲ့ယွီသည် စကားသုံးလုံးသာဆိုလိုက်၏။
"မြင်လိုက်တာ။"
ထိုတုန်းက အထက်တန်းပထမနှစ်သာရှိသေးသည်။
အနောက်ဆောင်ဘက်က လိုင်းသိပ်မကောင်းသည်ကြောင့် အားလုံးမှာအမြဲလိုလိုဖုန်းသုံးချင်သည့်အခါတိုင်း ကံကြမ္မာနှင့် ကံကောင်းခြင်းတို့ကိုအမှီသဟဲပြုရင်ပြု ဒါမှမဟုတ်လည်း ဖုန်းကိုင်ပြီး လိုင်းလိုက်ရှာကြရသည်။
ထိုအချိန်တုန်းက ကျိုးသာ့လေ့မှာ ဂိမ်းကိုLiveလွှင့်ပြမှာဖြစ်သည်။ စလုပ်ခါစအချိန်လည်းဖြစ်တာမို့ နာမည်လည်းမကြီးသေးဆိုတော့ ရှဲ့ယွီအားအချိန်အတိအကျမှာပဲလာကြည့်ပြီး likeလေးတွေလုပ်ကူညီထောက်ပံ့ပေးဖို့ရာပြောထားလေသည်။ ရှဲ့ယွီမှာ လိုင်းလိုက်လို့ရှာရင်း အိပ်သာထဲရောက်လို့လာခဲ့၏ ၊ အိပ်သာထဲက လိုင်းတော့မဆိုးပဲရှိသည့်တိုင် ပတ်ဝန်းကျင်အနေအထားကတော့ အနည်းငယ်လူကိုသည်းမခံနိုင်ဖြစ်စေသည်။
"ရှဲ့Boss ၊ ငါယုံကြည်ပါတယ် မင်းငါ့အပေါ်ချစ်တဲ့အချစ်က ချီးနံ့သေးနံ့တွေကိုတောင်ကျော်ဖြတ်နိုင်. . . . . ."
ကျိုးသာ့လေသည် ဂိမ်းကစားရင်းမှ ပြော၏။
"တကယ် ၊ မင်းငါ့အပေါ်ဘယ်လောက်ချစ်လဲဆိုတာကို ထုတ်ဖော်ပြဖို့ အချိန်အခါဆိုက်ရောက်လာပြီကွ။"
မင်းအမေကြီးကို အချစ်ပါလား။ ယီးပဲ။
ရှဲ့ယွီသည် ကျိုးသာ့လေအားလက်ဆောင်နည်းနည်းပါးပါးပေးပြီးသည့်နောက် ထွက်ဖို့လုပ်သည်။ သို့တိုင် ကျိုးသာ့လေမှာစကားတွေအလွန်ပဲများနေလျက်မှ သူ့အားဆွဲလို့ထားပြီးလေရှည်ကာနေ၏။ ပရိသတ်နှင့် အပြန်အလှန်ရှိမနေပါက အလွန်ပဲအထီးကျန်ရတာကြောင့် Bossကအသက်ဝင်လာအောင် သူ့ကိုကူညီပေးပါဟုဆိုလာချေသည်။
ထိုအသက်ဝင်မှုမှာ ညပိုင်းself-studyအချိန်ဆင်းသည့်အချိန်တိုင်အောင်ပင် ဝင်လို့မပြီးရှိနေတော့၏။
သာ့လေ : "Liveလွှင့်တာကိုသဘောကျကြရင် လက်ဆောင်လေးတွေပေးသွားကြပါလို့ ၊ လူမရှိကြဘူးလား? ငါက အဲ့လောက်တောင်အဖော်မဲ့သလား။"
ရှဲ့ယွီသည် စာရိုက်လိုက်၏ - မင်းဘာသာအထီးကျန်ဆန်နေခဲ့တော့ ၊ ငါတော့သွားပြီ။
စာရိုက်ပြီးလို့ ပို့တဲ့စီပင်မရောက်လိုက်သေး ရုတ်တစ်ရက်ပင် အိမ်သာတံခါးကို ဒုန်းခနဲတွန်းဖွင့်လိုက်သည့်အသံက ထွက်ပေါ်လို့လာသည်။ ထို့နောက်မှာတော့ ဆွဲလားရမ်းလားဖြင့်တွန်းတိုက်သံ ၊ ကျောင်းသူလေးတစ်ယောက်၏ အားအင်မဲ့စွာအော်ဟစ်သံတို့က ပေါ်ထွက်လို့လာပါတော့သည်။