book

Index 17

အခန်း (၁၄)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

မင်းဒီလောက်တောင် မင်းရဲ့ထုံကျောကို မခွဲနိုင်မခွာရက်ဖြစ်နေတယ်ပေါ့?


အခန်း(2-3)တွင် private group chat တစ်ခုရှိ၏။


အတန်းတိုင်းလိုလိုပင် ဆရာများကိုဆန့်ကျင်ဖို့နှင့် လွတ်လွတ်လပ်လပ် စိတ်ကြိုက်ပြောဆိုကြဖို့ရာ အတွင်းအဖွဲ့များရှိတတ်ကြသည်။ ထိုGroupကြီးထဲ၌ ဘာသာရပ်အားလုံးကဆရာ/မများအကြောင်းအကုန်ပါရှိပြီး တချို့စကားတွေဆို ပြောဖို့အဆင်မပြေတာတွေလည်းရှိသည်။ ကျောင်းသားများနှင့် အကျွမ်းတဝင်ရှိကာရင်းနှီးလှသည့် ဆရာတွေဆိုတော်သေးလှပေမယ့် ရွှီရှာလိုမျိုး သွေးဆုံးချိန်ရောက်နေပြီဖြစ်သည့်အမျိုးသမီးမျိုးသာဆို သာမန်အချိန်ဆိုလည်း အပြုံးအရယ်မရှိနှင့် တည်တင်းနေပြီး  ကြည့်လိုက်တာနှင့်ကို သူတို့နဲ့က လူကြီးနှင့်လူငယ်ခြားနားကွာဟချက်(generation gap) ကအတော်လေးရှိချေသည်။


သို့တိုင် အခန်း(3)၏အတွင်းအဖွဲ့ကတော့ ပိုလို့အနည်းငယ် ထူးခြားသည်။


ဆရာ/မများကိုစောင့်ကြည့်နေရုံသာမကဘဲ သူတို့တစ်တွေမှာ ကျောင်းဝန်းတစ်ခုလုံးကိုစိုးမိုးခြယ်လှယ်သည့် အထူးလူနှစ်ဦးကိုပါ ကင်းစောင့်ထောက်လှမ်းလျက်ရှိရ၏။



[အမည်မဖော်လိုသူ A] : . . .  . . . ကြားတာတော့ ဟယ့်ကျောင်းက ယန်ဝိန်ယွမ်ကို ရိုက်လိုက်တာဆို?


[အမည်မဖော်လိုသူ B] : ငါ့သူငယ်ချင်းက ယန်ဝိန်ယွမ်နဲ့တစ်ခန်းထဲပဲ ၊ ရိုက်တာအတော်ပြင်းတယ်ပြောတယ် ၊ အခုထိကိုဆေးရုံကုတင်ပေါ်လဲနေရတုန်းပဲတဲ့။


[အမည်မဖော်လိုသူ C] : အခန်း(8)က ယန်ဝိန်ယွမ်?



Private group chat မှ notiတွေတောက်လျှောက်တက်လို့နေကာ လျှိုချွိင်ဟောက်တစ်ယောက် 'ယန်ဝိန်ယွမ်' ဟူသည့်စာလုံး(၃)လုံးကိုမြင်တွေ့ချိန်မှာတော့ သူ့အား အသည်းတုန်မတတ်လန့်ဖျန့်စေခဲ့သည့် မြင်ကွင်းအား ထိုနာမည်နှင့်အတူပူးတွဲလို့ သူ့မှတ်ဉာဏ်တွင်းတစ်ဖန်ပြန်၍ နေရာယူလာပြန်သည်။



"ကျွန်တော့်ကို မရိုက်ပါနဲ့. . . ကျွန်တော်မှားသွားပါတယ်. . ."


ဟယ့်ကျောင်းသည် ထိုတစ်ယောက်၏ဆံပင်တို့ကိုဆွဲကိုင်လျက်မှ လေသံတိုးတိုးဆိုလာခဲ့၏။


"ငါမင်းကို သတိပေးလားမပေးခဲ့ဘူးလား ၊ ငါမင်းကို သောက်သတိပေးခဲ့တယ် မဟုတ်ဘူးလား။"


ယန်ဝိန်ယွမ်မှာ ကြမ်းခင်းထက်ဒူးထောက်လျက်ရှိ၏ ၊ လူကအလွန်ပဲပိန်လွန်းလှပြီး မျက်နှာ၌ဝက်ခြံတွေအပြည့်ဖြင့် မြင်ရသည်မှာအချိုင့်အပိမ့်တို့ဖြင့်ဖြစ်သည်။ အိမ်သာကြွေပြားတို့မှာ သန့်ရှင်းမှုမရှိသည့်အပြင် ရေကွက်အနည်းငယ်လည်းရှိနေသေး၏ ၊ ထိုတစ်ယောက်မှာ ငိုယိုလျက်မှပြောလာသည်။


"ကျွန်တော့်ကိုလွှတ်ပေးပါ။"



လျှိုချွင်ဟောက်တစ်ယောက် ဟယ့်ကျောင်းအားရုံးခန်းကခေါ်နေကြောင်း ပြောမည့်အချိန်တွင် ရှိန်ကျယ်မှာလည်း အခန်းကူးပြီးရောက်ချလို့လာသည်။ သူသည် ဘာသာပင်ထိုင်ခုံဆွဲ၍ ဟယ့်ကျောင်းဘေးနားသွားလို့ထိုင်၏။ 'အခြားအခန်းက ကျောင်းသား' ဆိုတဲ့အသိမျိုးတစ်ပြားသားမျှမရှိစွာဖြင့်. .


"ဟို ပြတင်းပေါက်နားကတစ်ယောက် ၊ လိုက်ကာလေးချပေးပါဦး။"


ဟယ့်ကျောင်းက ဆိုလာ၏။


"မင်း ဘယ်သူ့သွားပြီးခိုင်းနေတာလဲ ၊ ကိုယ့်ဘာသာသွားချ။"


ရှိန်ကျယ်သည် ထ၍လိုက်ကာပိတ်လိုက်ပြီးမှ ပြန်လာထိုင်သည်။ နောက်တစ်ချိန်က ကာယချိန်ဖြစ်တာမို့ သူ့မှာအားယားလို့နေပါ၏ ၊ ဟယ့်ကျောင်းက တစ်လျှောက်လုံးပဲ ဖုန်းကိုလက်ကမချဘဲရှိသည်ကိုတွေ့တော့ စပ်စပ်စုစုဖြင့်ဆိုလိုက်၏။


"အစ်ကိုကျောင်း ၊ မင်းဘာဆော့နေတာလဲ?"



ဟယ့်ကျောင်းသည် သူ့အားအရေးမစိုက်ဘဲနေပြီး ရှဲ့ယွီအနားသာတိုးကပ်လို့ သူ့ဖုန်းကိုပြကာ. .


"ဆရာကြီး ၊ ငါ့ကို အကြံဉာဏ်လေးထပ်ပေးပါဦး။"


ရှဲ့ယွီသည် သူ့ထံစကားလုံးနှစ်လုံးဖြင့်သာပစ်ပေါက်လို့လာပါသည်။


"သွားစမ်း။"


". . . . . ."


ရှိန်ကျယ်မှာ သိချင်လွန်းအားကြီးစွာဖြင့်ပင်. .


"ငါ့ကိုပြကြည့်ကြည့် ၊ ငါ မင်းကိုအကြံပေးပေးမယ်လေ။"


"သွားစမ်း. ."


ဟယ့်ကျောင်းက ပြောသည်။


"မင်းကိုယ့်အတန်းကိုယ်သာပြန်ပြီး အေးအေးနေချေ။"



ရှိန်ကျယ်သည် ဇွဲမလျှော့ပါဘဲ အဆုံးတွင်တော့တိတ်တိတ်လေး တစ်ချက်လှမ်းကာရှိုးလိုက်ပါ၏။ ပန်းရောင်မျက်နှာပြင်ထက်၌ ဆံပင်ရှည်တစ်လွှင့်လွှင့်နှင့် ကာတွန်းရုပ်မိန်းကလေးတစ်ယောက်မှာ အဖြူရောင်အတွင်းခံတို့ကိုဝတ်ထားပြီး အဝတ်ဗီရိုဘေးနားရပ်လို့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက်ရှိလေ၏။


ရှိန်ကျယ်မှာ လန့်ဖျန့်လို့သွားရင်းမှ ဗလုံးဗထွေးဆိုလိုက်မိသည်။


"အဲ့. . . အဲ့ဒါကမဟုတ်မှဟို. . . ဟိုဟာ. . ."


"ဒါက မရေတွက်နိုင်အောင်ရှိတဲ့ မူလတန်းကျောင်းသူလေးတွေ အရူးအမူးစွဲလန်းနေကြတဲ့ အဝတ်လဲပေးရတဲ့ဂိမ်း။"


ရှဲ့ယွီက တည်ငြိမ်စွာဖြင့်ဆိုလိုက်ပါသည်။



အတန်းတက်သည့်တစ်ချိန်လုံး ဟယ့်ကျောင်းကဆော့လို့နေတာဖြစ်ပြီး ရှဲ့ယွီမှာလည်း တစ်ချိန်လုံးပဲ သူ့ရဲ့ဒုက္ခပေးခြင်းကိုခံနေရတာဖြစ်သည်။


အကြိမ်တိုင်းပင် ဟယ့်ကျောင်းသည် ယုံကြည့်မှုအပြည့်ဖြင့် လိုက်ဖက်အောင်အဝတ်တွေဆင်ပေးလိုက်ပေမယ့်လည်း ထွက်လာသည့်အမှတ်ကကြ ကျေနပ်ဖွယ်ရာမရှိ။ တစ်ယောက်တည်း အကြိမ်ကြိမ်စမ်းကြည့်ပြီးနောက်တွင်တော့ ရှဲ့ယွီ၏ရှေ့မှောက်စီသာထိုးလို့ပေးလိုက်မိရင်း. . .


"ထုံကျော ၊ ကူပါဦး?"


အဝတ်ဆင်ပေးရတာကလည်း ဖဲချရသလိုမျိုးပဲ ကံလေးနည်းနည်းတော့လိုလေသည်။ ရှဲ့ယွီမှာတကယ်ကိုပဲ သူနှောက်ယှက်တာကိုမခံနိုင်တော့တာနဲ့ပဲ ဖြစ်သလိုကောက်ရွေးပေးလိုက်တော့သည်။


"မင်းကဉာဏ်နုံတာလား. . .   . . . ဒီလိုဂိမ်းလေးကိုလေ? ID က သိမ်မွေ့တဲ့အလိမ္မာလေး? တော်တော်ဖြစ်နေတာပဲ။"


ရှဲ့ယွီဖြစ်သလိုရွေးပေးပြီးနောက် ထွက်လာသည့်အမှတ်မှာကား မမျှော်လင့်ဘဲမြင့်လျက်ရှိလေသည်။


"ဆရာကြီးပဲ. ."


ဟယ့်ကျောင်းက စိတ်ရင်းအတိုင်းချီးကျူးလို့လာခဲ့၏။


"ဘယ်လိုကြည့်ကြည့် ဒီလောက်ရုပ်ဆိုးနေတဲ့ ဝတ်စုံကြ အမှတ်အဲ့လောက်တောင်မြင့်တယ်ပေါ့။"



ကမ႓ာကြီးယိမ်းယိုင်လှုပ်ခပ်သွားသည်ဟုပင် ရှိန်ကျယ်ခံစားလိုက်ရသည်။ သူ့ရဲ့အကြိုက်မှာ တစ်ခုခုချို့ယွင်းသွားတာများလားဟုပင် ယုံရမလိုရှိ၏။


"ဟမ်? ဒီဂိမ်းက. . .  . . . ကစားလို့ကောင်းလား? သူ့မှာဘာတွေထူးခြားတာရှိလဲ?"


ဟယ့်ကျောင်းကတော့ နောက်တစ်စုံကိုဘယ်လိုတွဲပေးရမလဲဟု စေ့စေ့စပ်စပ်တွေးတောလို့နေခြင်းကြောင့် သူ့အားအရေးလုပ်ချိန်ပင်မရှိ။


ရှဲ့ယွီသည် အိမ်စာတွေကိုကူးရေးလို့အပြီးမှာတော့ စာအုပ်ကိုပိတ်လိုက်ရင်းမှ ဆိုလိုက်သည်။


"ထူးခြားတာလား? အထူးတလည်ကိုဉာဏ်တုံးတာ။"



လျှိုချွိင်ဟောက်သည် တိုက်ရိုက်ပင်အနောက်ပေါက်ကနေ စာသင်ခန်းတွင်းဝင်သွားလိုက်ပြီး ဟယ့်ကျောင်းရှေ့၌ရပ်လိုက်ပါ၏။


"ဆရာတွေရုံးခန်းကိုသွားလိုက်ဦး ၊ ဆရာမရွှီကခေါ်နေတယ်။"


ဟယ့်ကျောင်းသည် ပြီးပြီးရောသာခွန်းတုံ့ပြန်လိုက်ပြီး လုံးဝကိုပင် အရေးမစိုက်စွာဖြင့် လျစ်လျူရှုထားချေသည်။ တစ်ခဏမျှအကြာတွင်မှ ခေါင်းထောင်လို့လာပြီး လျှိုချွိင်ဟောက်တစ်ယောက် မသွားသေးဘဲသူ့ရှေ့၌ရပ်နေစဲဖြစ်သည်ကိုတွေ့မိသည့်အခါတွင်တော့. .


". . .  . . . ဘာကိစ္စရှိသေးလို့လဲ?"


လျှိုချွိင်ဟောက်၌ အတော်ကြာအောင်ထိန်းထားရသည့်စကားတစ်ခွန်းရှိပုံရသည်။ အဆုံးတွင်တော့ ရဲဆေးတင်လို့ဆိုလာချေ၏။


"မင်းလုပ်ချင်သလိုလုပ်လို့ရမယ်လို့ မထင်လိုက်နဲ့ ၊ ယန်ဝိန်ယွမ်ကို မင်းဒီလိုပုံစံဖြစ်တဲ့အထိရိုက်လိုက်. . .   . . ."


ရှိန်ကျယ်မှာ ထိုအထိနားထောင်လာအပြီးမှာတော့ ချက်ချင်းပင်ဝင်ကာကြားဖြတ်လိုက်၏။


"ခဏလေး။ ယန်ဝိန်ယွမ်? ဘယ်လို?"



စာသင်ချိန်ကြားထဲ(၁၀)မိနစ်နားချိန်ဖြစ်တာကြောင့် အတန်းမှာဆူညံလျက်ရှိပြီး သူတို့တစ်တွေထောင့်၌ ဘာတွေဘယ်လိုပြောဆိုနေကြသည်ကိုဖြင့် တစ်ဦးတစ်ယောက်မျှသတိမထားမိကြဘဲရှိလေသည်။


ဟယ့်ကျောင်းသည် နားလည်လိုက်တာမို့ အပြုံးတို့ကိုရုပ်သိမ်းလျက် ဖုန်းကိုသိမ်းလိုက်ရင်းမှ တွေးဆဆဖြင့်ဆိုလိုက်ပါ၏။


"အာ ၊ ဒီလိုလား။"


ရှိန်ကျယ် : ". . .  . . . ဘယ်လိုတုန်း?"


ရှဲ့ယွီကတော့ ဘေးထွက်သာနေပြီး ဘာတစ်ခုမှတုံ့ပြန်ချက်မပေးမိချေ။



လျှိုချွိင်ဟောက်သည် အတန်းဖော်အနိုင်ကျင့်ခံနေရသည်ကို မြင်ရင်တောင်မှ သွားရောက်မတားပေးမိဘဲ ပထမဆုံးတုံ့ပြန်ချက်မှာ ခေါင်းကိုတစ်ဖက်သို့လှည့်၍ထွက်ပြေးခြင်းပင်ဖြစ်သည်။ လျှိုချွိင်ဟောက်မှာ တကယ်တော့ကြောက်လွန်း၍သာ ဆုံးဖြတ်ချက်ချလိုက်ရပေမယ့် ၊ သူသည် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိရစမြဲပင် ၊ ယခု၌မူ ယခင်အမုန်းပေါ်အမုန်းထပ်ဆင့်လို့ အနည်းငယ်လည်းစိတ်လှုပ်ရှားလျက်ရှိသည်။


ဟယ့်ကျောင်း၏မျက်နှာအမူအရာမှာ အေးစက်လို့လာ၏။ လျှိုချွိင်ဟောက်မှာ တကယ်ပဲသွားဆွလိုက်သလိုဖြစ်သွားသည်ကြောင့် ကြောက်လန့်သွားရ၏။


သို့တိုင် ဟယ့်ကျောင်းသည် ရှဲ့ယွီစီဖုန်းကိုသာပစ်လို့ပေးလိုက်ပြီး. . .


"ကူပါဦး ၊ နှစ်ပွဲလောက်ကူဆော့ပေးထား ၊ ဇယားထဲကရှေ့ရောက်နေတဲ့ နို့ပူတင်းချိုချိုလေးဆိုတဲ့တစ်ယောက်ကို ဒီနေ့ကျော်နိုင်မှကိုဖြစ်မှာ။"


ရှဲ့ယွီသည် ဖုန်းကိုကိုင်ထားမိရင်းမှ ငြင်းချိန်ပင်မရလိုက်တော့ ၊ ဟယ့်ကျောင်းမှာထွက်လို့သွားပြီဖြစ်သည်။


အတန်းတက်ခေါင်းလောင်းသည်လည်း အံကိုက်ပင်မြည်၍လာသည်။


ရှိန်ကျယ်သည် ထွက်ဖို့ရန်ခုံကိုတွန်းဖယ်ရင်းမှ ထွက်ခါနီးတွင် ဇဝေဇဝါဖြင့်တီးတိုးရေရွတ်လိုက်မိ၏။


". . .  . . . ဘာလူကိုရိုက်တာလဲဟ ၊ အစ်ကိုကျောင်းက ဘယ်တုန်းက ယန်ဝိန်ယွမ်ကိုရိုက်လိုက်လို့လဲ? မရိုက်ပါဘူး ၊ ငါလေးပဲအတိတ်မေ့သွားတာလား။"



ထွက်သွားပြီးနောက် ဟယ့်ကျောင်းသည် တစ်နေ့လုံးပင် အတန်းပြန်လာမတက်တော့ချေ။


နောက်တစ်နေ့တွင်တော့ ဘာမှဖြစ်မထားသည့်ပုံစံနဲ့ပဲ ကျောင်းသို့ရောက်ချလာသည်။



ဆရာတစ်ယောက်မှာတော့ မမျိုသိပ်နိုင်သည့်အဆုံး ရွှီရှာကိုမေးလိုက်၏။


"ဆရာမရွှီ ၊ မင်းရဲ့အတန်းထဲက ဟယ့်ကျောင်းရဲ့ကိစ္စ ဘယ်လိုနေလဲ? ဖြေရှင်းလိုြ့ပီးသွားပြီလား?"


ရွှီရှာမှာ အသက်ပင်ဖြောင့်အောင်မရှူနိုင်စွာဖြင့်. . .


"ဒင်းကသေတောင်ဝန်မခံဘူးလေ ၊ သူ့ဘာသွားလုပ်လို့ရမှာလဲ?"



ဟယ့်ကျောင်းမှာ အခေါ်ခံရပြီးနောက်မှာတောင် စစ်မေးသည့်တစ်လျှောက်လုံးမျက်နှာကဗလာနတ္ထိနဲ့ဖြစ်သည်။ ထို့အပြင်ကို ယန်ဝိန်ယွမ်အားလည်း ဆေးရုံကစစ်ဆေးချက်မှတ်တမ်းအရ ရှေ့နေတစ်ယောက်လိုမျိုးမေးကာ ဒဏ်ရာတစ်ခုချင်းစီက ဘယ်လိုအရိုက်ခံပြီးရလာခဲ့သလဲဆိုတဲ့အကြောင်း သေသေချာချာပြောပြခိုင်းပါသေးသည်။


ယန်ဝိန်ယွမ်ဆိုသည့် ထိုကလေးမှာကြောက်လွန်းသဖြင့် ဘာစကားမှမဆိုနိုင်။


ရွှီရှာအထင်မှာတော့ ဒီကိစ္စကစစ်ဆေးနေစရာပင်မလို ဦးနှောက်ရှိတဲ့လူဆို တစ်ချက်ကြည့်လိုက်တာနဲ့ဘယ်လိုဖြစ်တယ်ဆိုတာ သိနိုင်သည်။ သူမသည် ဟယ့်ကျောင်းအားကိုယ်တိုင်အမှားဝန်ခံစေလျက် တောင်းပန်စကားဆို ၊ သုံးသပ်ချက်စာတမ်းရေးကာ အပြစ်ခံယူလိုက်မယ်ဆို တစ်ခဏအတွင်းကိစ္စကပြီးလို့သွားမှာဖြစ်သည်။


ဟယ့်ကျောင်းကတော့ ရှင်းရှင်းပင်ဝန်ခံဖို့ဆန္ဒမရှိပါချေ ၊ သူ့မျက်နှာထက်၌ အပြုံးတို့ရှိနေသည့်တိုင် လေသံကတော့အေးစက်စက်နှင့်။


"ဘာကိုတောင်းပန်ရမှာလဲ ၊ ယန်စန်းဟောင် မင်းရဲ့ဒီခံရသူပါဆိုပြီး လှည့်စားပုံကအင်မတန်ကျွမ်းလှချည်းလား ၊ ပါးစပ်ကလေးလှုပ်လို့ပြောလိုက်တာက ငါကမင်းကိုရိုက်တယ်ပေါ့လေ။"


(T/N : 三好/စန်းဟောင် = ပညာရေး ၊ အကျင့်စာရိတ္တ ၊ ရုပ်ရည်/ခန္ဓာ သုံးမျိုးလုံးကောင်းမွန်တာကိုဆိုလိုပြီး ယန်ဝိန်ယွမ်ကိုရွဲ့ခေါ်တဲ့သဘောမျိုးပါ။)


ရွှီရှာမှာ ပြန်လို့မစဉ်းစားချင်တော့တာကြောင့် လက်သာခါပြလိုက်ရင်း. . .


"သူ့အကြောင်းမပြောတော့ဘူး ၊ ပြောရတာရင်ထဲနာလွန်းလို့။"



"နို့ပူတင်းချိုချိုလေးကို ကျော်နိုင်လိုက်လား?"


ဟယ့်ကျောင်းမှာ အချိန်အဆကွက်တိပင် ၊ ကျောင်းတက်ခေါင်းလောင်းထိုးသံနှင့်အတူ အနောက်ပေါက်ကနေဝင်ရောက်လို့လာပြီး ရှဲ့ယွီဘေးနားရပ်လို့ ခါးကိုကိုင်း၍ လက်ချောင်းလေးတစ်ချောင်းဖြင့် ရှဲ့ယွီ၏စားပွဲပေါ်ကိုခေါက်လိုက်သည်။


"ဟေ့။"


မနက်ပိုင်း self-studyလုပ်ရသည့်အချိန်တိုင်းပင် အမြဲလာလို့အိပ်တတ်သည့် ရှဲ့ယွီမှာ သူ့ရဲ့ခေါက်သံကြောင့် ခေါင်းကိုက်လို့သွားရ၏။


"ချီးကိုကျော် ၊ ကိုယ့်ဘာသာဆော့။"


ဟယ့်ကျောင်းသည် ဝင်ထိုင်လိုက်ရင်းမှ ထပ်လို့မေးလိုက်၏။


"ဒါဆို ငါ့ဖုန်းရော?"


ရှဲ့ယွီသည် ခုံစောင်းအတွင်းသို့ နှိုက်ကာရှာလိုက်ပြီးနောက် ပစ်လို့ပေးလိုက်ပါသည်။


ဟယ့်ကျောင်းက လက်တစ်ဖက်တည်းဖြင့်လှမ်းလို့ဖမ်းလိုက်ပြီး ဖွင့်လိုက်ချိန်မှာတော့ အားကကုန်လို့နေလေပြီ။



မနေ့ကဖြစ်ခဲ့သည့် ဟယ့်ကျောင်းနှင့် ယန်ဝိန်ယွမ်တို့၏အရေးဟာဆိုလျှင် အတန်းအားလုံးမှာပင် ရုတ်ရုတ်ရုတ်ရုတ်ဖြစ်လျက် ကောလာဟလတို့လည်းပျံ့လို့နေပေသည်။


ကျောင်းရဲ့ဆိုးဆိုးသွမ်းသွမ်း ဤနှစ်ယောက်မှာ ပြဿနာရှာရတာကြိုက်နှစ်သက်သည်ဟု အစောကတည်းကကြားသိရ၏။ သို့တိုင်အခြေခံအားဖြင့်တော့ ကျောင်းပြင်ကလူတွေနဲ့သာ ပြဿနာဖြစ်တတ်ပြီး ဘေးနားကသူများနဲ့တော့ မဖြစ်ခဲ့ဘူးချေ ၊ ဒါကြောင့်လည်း ပါးစပ်စကားတွေပဲဖြစ်မှာပါဟုသာ အားလုံးကသတ်မှတ်လိုက်ကြပြီး ထမင်းလေးစား၊ရေနွေးကြမ်းလေးသောက်ချိန် စကားစမြည်ပြောကြသည့်အခါတိုင်းမှာ 'မိုက်ချက်ပဲ' ဟူ၍ညည်းညူတတ်ကြသည်။


သို့သော်ငြားလည်း ယခု၌ဟယ့်ကျောင်းကဒီလိုမျိုးသတင်းထွက်လို့လာခဲ့ပြီး ရိုက်လိုက်တာကလည်း အတန်အားလုံးက ကျောင်းသားကောင်းဟု သတ်မှတ်ထားကြသည့် တစ်ယောက်ကိုမှဖြစ်နေလေသည်။



[အမည်မဖော်လိုသူ A] : သူဒီနေ့အတန်းလာတက်တယ်. . .   . . . ဝါး ရှဲ့ယွီနဲ့တောင်စကားပြောနေသေးတာ။


[အမည်မဖော်လိုသူ A] : ယီး ရှဲ့ယွီကတော့အေးဆေးပဲ ၊ အကြောက်အလန့်ကိုမရှိဘူး။ ကြောက်ဖို့ကောင်းချက် ၊ ငါဖြင့်လှုပ်တောင်မလှုပ်ရဲဘူး။


[အမည်မဖော်လိုသူ B] : ယန်ဝိန်ယွမ် ဒီနေ့ဆေးရုံကဆင်းတယ် ၊ အတန်းထဲမှာ ရှိန်ကျယ်ကသူ့ရဲ့အကျႌကော်လံစကိုဆွဲပြီး အရှက်မရှိဘူးဆိုပြီးဆဲတော့တာ. . .   . . . တကယ်ပဲဘာဖုံးကွယ်ထားတာတွေများရှိလဲမသိဘူး?


[အမည်မဖော်လိုသူ C] : ဘာဖုံးကွယ်ထားတာရှိရမှာလဲ ၊ ရှက်ဖွယ်လိလိမို့ဒေါသထွက်တာနေမှာပေါ့ ၊ ရှိန်ကျယ်ဆိုတာကလည်း လိမ္မာတဲ့ကျောင်းသားမှမဟုတ်တဲ့ဟာ။



မနက်ပိုင်း self-study လုပ်ရသည့်တစ်ချိန်လုံးရှဲ့ယွီကအိပ်လို့နေတာဖြစ်သည်။


ဟယ့်ကျောင်းတစ်ယောက်ကတော့ ဘယ်သူ့စီက power bankသွားငှားလာသည်မသိ ဘေးနား၌ခေါင်းငုံ့ပြီးဖုန်းသုံးကာနေသည်။


မနက်ပိုင်းSelf-studyပြီးလို့ ပထမဆုံးအချိန်က ရွှီရှာ၏အချိန်ဖြစ်လေသည်။ ရွှီရှာသည် ဝင်လာလာခြင်းမှာပင် ဟယ့်ကျောင်းအား လက်ညှိုးထိုးလို့ပြောလာ၏။


"မင်း ငါစာသင်ချိန်မှာအပြင်ထွက်နားထောင် ၊ အပေါက်ဝမှာရပ်နေ ၊ စာသင်ခန်းထဲမနေနဲ့။"


အတန်းထဲကလူတွေအကုန် ရွှီရှာရဲ့ထိုအပြုအမူအားမြင်တွေ့လိုက်သည့်အခါမှာတော့ 'ရန်ဖြစ်တဲ့ကိစ္စ' အပေါ်ထင်ကြေးပေးနေမှုများမှာလည်း ပို၍သေချာလို့လာသည်။


ဖြစ်လောက်တယ် ၊ သူပဲရိုက်တာနေမှာ။



ဟယ့်ကျောင်းကလည်း ဂရုစိုက်မနေ ၊ နှစ်ခွန်းမဆိုဘဲ ဖုန်းနဲ့ power bankအားယူလို့ ထွက်လာခဲ့လိုက်လေသည်။


ရှဲ့ယွီသည် သူ့၏ကျောပြင်အားတစ်ချက်လှမ်းလို့ကြည့်မိ၏ ၊ တစ်ကျောင်းလုံး၏ ဆင်တူကျောင်းဝတ်စုံပါပဲ ၊ ဟယ့်ကျောင်းဝတ်ထားသည်မှာလည်း တကယ်ပဲလိမ္မာတဲ့ကျောင်းသား အသွင်အပြင်မျိုးရှိနေစဲဖြစ်သည်။ ခါးကမတ်မတ်ရှည်ရှည် ၊ သန့်သန့်ပြန့်ပြန့်အဝတ်အစားတို့ဖြင့် အခြားတွေလိုအပေအတေမျိုးတွေနဲ့လည်းတူမနေ ၊ အင်္ကျီကဇစ်ကိုတော့ အောက်နားနည်းနည်းသာဆွဲလို့ထားပြီး လက်ထဲမှာက ဖုန်းကိုကိုင်လို့ power bankကကြိုးရှည်ရှည်တို့ကြောင့် သူ၏သဘာဝဆန်ဆန်အသွင်အမြင်မျိုး လှစ်ဟပေါ်လွင်လို့နေပါသည်။



ဟယ့်ကျောင်းမှာ သူ့အားတစ်စုံတစ်ယောက်ကကြည့်နေသည်ဟု ခံစားမိလို့ပဲလား အပေါက်ဝနားရောက်သည့်အခါ၌ နောက်သို့လှည့်လို့ကြည့်လာခဲ့သည်။


ရှဲ့ယွီတစ်ယောက်မှာ ခေါင်းပြန်လှည့်ဖို့ပင်အချိန်မမီလိုက်တော့ဘဲဖြစ်ခိုက် စတိတ်စင်ထက်ကနေပြီးရွှီရှာ၏ပြောသံကိုလည်းကြားလိုက်ရသည်။


"ရှဲ့ယွီ ၊ မင်းဒီလောက်တောင် မင်းရဲ့ထုံကျောကို မခွဲနိုင်မခွာရက်ဖြစ်နေတယ်ပေါ့?"


သေနတ်ကလက်ထဲရှိနေတယ်ထားဦး အပြစ်ကင်းမဲ့ပါသည့်ရှဲ့ယွီမှာတော့. . .


". . . . . ." Fuck ?


"သူ့ကိုအဲ့လောက်မခွဲနိုင်နေရင်လည်း မင်းလည်းထွက် ၊ သူနဲ့အတူလိုက်ရပ်ချေ။"


ရွှီရှာသည် ထပ်လို့ဆိုလိုက်၏။


"ထွက်သွား။"



နှစ်ဦးသားမှာ အခန်း(2-3)၏အပေါက်ဝ၌ မနက်ပိုင်းပထမအချိန်တစ်ချိန်လုံးရပ်လျက်ရှိကြရသည်။


"စိတ်ဝင်စားဖို့ကောင်းသားပဲ. ."


ဟယ့်ကျောင်းသည် ထောင့်ကိုကပ်လို့မှီရပ်လိုက်ရင်း အားသွင်းရင်းတန်းလန်းရှိသည့် ဖုန်းကိုကိုင်လျက် ခေါင်းငုံ့လို့ အဝတ်လဲပေးရသည့်ဂိမ်းအားဆော့နေရင်းမှဆိုလိုက်၏။


"ငါ့ကိုမခွဲနိုင်ဘူးပေါ့?"


ရှဲ့ယွီသည် သူ့ဘေးနား၌ရပ်လျက်ရှိရင်းမှ တကယ်ပဲဘာပြောရမှန်းပင်မသိရှိစွာဖြင့် မေးတစ်ခွန်းဖြေတစ်ခွန်းသဘောမျိုး တစ်လုံးတည်းသာတုံ့ပြန်ဖြေလိုက်သည်။


"ဟက်။"


ဟယ့်ကျောင်း : ". . . . . ."



ရှဲ့ယွီသည် ရွှီရှာ၏ဤကဲ့သို့ပုံစံမျိုးအား သိပ်ပြီးမတွေးကြည့်ချင်မိတော့ ၊ အပြစ်တင်ချင်ပြီး မကျေမချမ်းဖြစ်နေမှုက မျက်နှာထက်အထင်သားပေါ်လွင်လို့နေလေသည်။


ကျောင်းကိုစရောက်သည့်အချိန်ကတည်းကိုက သူသည်ခံစားမိလိုက်ချေသည် ၊ ထိုအတန်းပိုင်မှာ သူတို့အပေါ်၌ သူမအထင်အမြင်နှင့်သူမရှိလို့နေသည်မှာ အသိသားကြီးပင်ဖြစ်သည်။ ဟယ့်ကျောင်း၏ ယခုကိစ္စ၌လည်း တကယ်ကဘယ်လိုဖြစ်တာလဲ ၊ ဘယ်သူမှန်ဘယ်သူမှားဆိုတာကိုအရင်ဂရုမထားဘဲ သူမမှာထိုကိစ္စနဲ့စပ်လျဉ်းလို့ သူမအမြင်မကြည်ပါသည့် ရှဲ့ယွီအားလည်း ထမဖောက်သေးတဲ့အန္တရာယ်ရှိပစ္စည်းလိုမျိုးသဘောထားကာ ဆွဲလို့ထည့်သည်။ ထိုနှစ်ယောက်လုံးက ဘယ်လိုနေနေတစ်ဖွဲ့တည်းဖြစ်ရမည်ဟုလည်း သူမကထင်နေ၏။


ထို့အပြင်ကို သူတို့ဘက်စီ ရွှီရှာ၏အဆက်မပြတ်မျက်စောင်းထိုးနေမှုကြောင့် ဘာပြဿနာတွေများရှာဖွေထုတ်ဦးမလဲဆိုပြီးလည်း သူ့မှာကြောက်နေရသေးသည်။



"ဆရာကြီး ၊ ကြည့်ပါဦး ၊ ဒီအကွက်နဲ့စကပ်လေးကြည့်ကောင်းလား ဒါမှမဟုတ်ဟိုပန်းရောင်လေးကောင်းလား?"


ဟယ့်ကျောင်းတစ်ယောက် အဝတ်လဲပေးရသည့်ဂိမ်းအား မရပ်မနားဘဲဆော့လို့နေသည်မှာ ကြည့်ရသူအဖို့ တစ်မျိုးတစ်မည်ခံစားလာသည့် အခြေအနေမှာပင်ရှိသည်။


"ဒါမှမဟုတ် အင်္ကျီပဲပြောင်းလိုက်ရမလား?"


သူဆော့နေသည်အား ရှဲ့ယွီသည်အတော်ကြာအောင်ကြည့်နေမိရင်းမှ စည်းမျဉ်းဟုမခေါ်ထိုက်သည့် စည်းမျဉ်းတစ်ခုနဲ့ သုံးသပ်ချက်ချလို့ပေးလိုက်၏။


"ရုပ်ဆိုးတာကိုရွေး။"



ဟယ့်ကျောင်းကမေး၍လာသည်။


"မင်း တကယ်ကြီးလား?"


ရှဲ့ယွီ : "ငါ့အထင်တော့ မင်းရဲ့အလှရသခံစားချက်ကို ပြောင်းပြန်လှန်ပြီး ဒီဂိမ်းကိုဆော့ကြည့်ကြည့် ၊ ထင်မှတ်မထားတဲ့ရလဒ် ရရင်လည်း ရနိုင်တာပဲ။"


ဤသည်မှာ ငေါ့ပြီးပြောလိုက်သည့်စကားမှန်းအသိသာကြီးဖြစ်နေတာတောင် ဟယ့်ကျောင်းကတော့ အဟုတ်ကိုပဲ နားဝင်လို့သွား၏။ သူသည် တခဏမျှတွေးဆပြီးနောက် ပြောလာခဲ့သည်။


"Fuck ၊ မင်းရဲ့ဒီစိတ်ကူးမဆိုးဘူးလို့ ငါတော့ထင်တယ်။"


". . . . . ."


"မင်းကတော်တော်တွေးတတ်တာပဲ။"


rate now: