မင်းဘာသောက်ရူးထတာလဲ
ရွှီရှာမှာ ရုံးခန်းအတွင်းရှိလုပ်ဖော်ကိုင်ဘက် ဆရာ/ဆရာမများ၏ နှစ်သိမ့်မှုကိုရပြီးနောက်တွင်တော့ စိတ်ထဲ၌ပိတ်ဆို့လျက်ရှိသည့် ဒေါသတို့မှာအတန်ငယ်ပြေလျှော့၍သွားလေသည်။ ဒီလိုနဲ့ပင် နာမည်စာရင်းအားယူ၍ ထရပ်လိုက်ကာအတန်းရှိရာဘက်ထွက်လာခဲ့ရတော့၏။ သူမရုံးခန်းအတွင်းမှထွက်လာသည့်အချိန်မှာကား တာဝန်ကျရာအတန်းစချိန်နဲ့ဆို(၁၀)မိနစ်ခန့်ပင်ကျော်လွန်လို့နေပြီဖြစ်သည်။
ရှဲ့ယွီသည် တမင်ရည်ရွယ်ပြီး နောက်ကျတာမဟုတ်ရဘဲ သူသည်ပစ္စည်းတွေအကုန်လုံးကိုနေရာချထားလို့ပြီးကာမှ အတန်းဘက်ထွက်လာခဲ့ခြင်းကြောင့် အချိန်အနည်ငယ်ကျန့်ကြာသွားခဲ့ရလေသည်။ အစကတော့ဖြင့် အခန်းအပေါက်ဝမှာပဲ ရပ်နေခိုင်းခံရတော့မည်ဟုထင်မှတ်၍ အသင့်ပြင်ဆင်လို့ထားမိရပေမယ့် မထင်မှတ်ထားသည်မှာ အတန်းပိုင်ရောက်လာတာက သူ့ထက်ပင်နောက်ကျလို့နေပါသေး၏။
ရှဲ့ယွီ ပြတင်းပေါက်နားမှဖြတ်လျှောက်လိုက်မိသည်နှင့် နဂိုကပွက်လောရိုက်ဆူညံလို့နေပါသည့် စာသင်ခန်းမှာ ရုတ်ချည်းဆိုသလိုပင်တိတ်ဆိတ်ငြိမ်သက်လို့သွားတော့၏။ အားလုံးမှာ မတ်မတ်ထိုင်လိုက်ကြပြီး ရှေ့ကကျောက်သင်ပုန်းထက်တွင် မည်သည့်စာလုံးမှမရှိသော်ငြား ရှေ့တုရှုသို့သာတည့်တည့်စိုက်ကြည့်ကုန်ကြသည်။
"အတန်းဖော်တို့ ကျွန်တော့်မျိုးရိုးနာမည်က လျှို ၊ နာမည်က ချွိင်ဟောက် ၊ မှန်ပါတယ် လျှိုချွိင်ဟောက်ပါ။ အားလုံးပဲ အနည်းနဲ့အများတော့ ကျွန်တော့်အကြောင်းတွေကိုကြားသိထားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်မနှစ်က အထက်တန်းပထမနှစ်ရဲ့ အခန်း(1-7)မှာ အတန်းခေါင်းဆောင်တာဝန်ယူခဲ့ပါတယ်။ ဒီလိုအတန်းကိုတာဝန်ယူစီမံရတာက အတွေ့အကြုံတွေလည်းများစွာရရှိတာဟုတ်ပေမယ်လို့ ကျွန်တော်မျှော်လင့်မိတာကတော့ အကယ်လို့ ခဏနေအတန်းခေါင်းဆောင်ရွေးဖို့ရှိလာခဲ့မယ်ဆိုရင် --- --- ကျွန်တော့်ကိုလုံးဝကိုမရွေးချယ်ကြဖို့ပါပဲ။"
အားလုံးငြိမ်နေကြချိန်မှာ ကျောင်းသားတစ်ဦးသည်သာ မတ်တပ်ထရပ်လျက် ပြတင်းပေါက်ကိုကျောပေးလို့ထားပြီး အဆက်မပြတ်စကားတွေဆိုနေလေသည်။
အာသွက်လျှာသွက်ရှိလွန်းလှသည့် ကောင်လေးတစ်ယောက်ပါပင် ၊ ပြောနေစဉ်တွင်လည်း မထိန်းနိုင်မသိမ်းနိုင်ဖြင့် လက်ဟန်ခြေဟန်တွေပင်ပါနေသေး၏။
"ကျွန်တော့်ကို မရွေးကြပါနဲ့ ၊ အခွင့်အရေးကို ပိုပြီးလိုအပ်မယ့်လူစီကိုပဲ ပေးကြပါ ၊ အထူးသဖြင့်တော့ တစ်ခါမှအတန်းခေါင်းဆောင်မလုပ်ဖူးတဲ့လူပေါ့ ၊ ကျွန်တော်ကတော့ သူတို့တစ်တွေကို ပေးဖို့ကပိုလိုအပ်လိမ့််လို့ပဲထင်မိတယ် ၊ သူတို့ကိုယ်တိုင်လည်း အခွင့်အရေးရသွားတာပေါ့။"
ဘေးအနားရှိလူမှာတော့ သူ့အားပြတင်းအပြင်ဘက်စီကြည့်ရန် အသားကုန်မျက်ရိပ်တွေပြနေပေသည့်တိုင် ထိုလျှိုချွိင်ဟောက်ဆိုသည့်ကျောင်းသားကတော့ ဆိုလိုချင်သည်ကိုတစ်စက်ကလေးမျှ အာရုံမစိုက်မိဘဲရှိချေသည်။
". . . . . . အတိုချုပ်ရရင်တော့ ကျွန်တော့်ကိုမရွေးဖို့ပါပဲ ၊ မင်တို့ဘာလုပ်နေတာကြတုန်း ၊ ငါ့ကိုမျက်စိတွေမှိတ်မပြကြနဲ့လေ ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်စားထားဖို့ ငါအစီအစဉ်မရှိဘူး။"
--- --- ရှဲ့ယွီမှာ လက်ကိုမြှောက်၍ တံခါးကိုခေါက်လိုက်ပါတော့၏။
လျှိုချွိင်ဟောက်သည် အသံလာရာသို့ လှည့်ကြည့်လို့လာပြီး တစ်ခဏအတွင်းမှာပဲ အာစေးမိသွားလျက်စကားတွေလည်းပျောက်ဆုံးလို့သွားသည်။
သူနှင့်အတူထိုင်သည့်သူမှာ လေသံတိုးတိုးဖြင့် ဆိုလို့လာချေ၏။
"အစ်ကိုဟောက် ၊ ခုနကဆို အားလုံးကကိုမျက်ရိပ်တွေပြနေကြတာများ ဒီလောက်အသိသာကြီးဟာ ၊ ဒါကိုမင်းကတော့ ကိုယ့်ဟာနဲ့ကိုယ်ပဲနစ်မြောနေတော့တာ။"
လျှိုချွိင်ဟောက်သည် စိတ်ထဲမှာတော့စကားလုံးတွေထောင်သောင်းမကရှိနေပေမယ့် ဘယ်လိုပြောထွက်ကမည်ကိုပဲ မသိဘဲဖြစ်နေရှာ၏။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ထိုင်ကာချလိုက်နိုင်ပြီး ဘာမှမဖြစ်ခဲ့သည့်ပုံစံသာဖမ်းထားလိုက်တော့သည်။
"တစ်ခုခုရှိရင်လည်း တဲ့တိုးပြောကြပါလားကွ ၊ ဘာမျက်လုံးတွေမှိတ်ပြနေမှန်းမသိနဲ့။"
ရှဲ့ယွီဆိုသည်မှာကား အစောကတည်းကိုက နာမည်ကြီးလှသူ။
ကျောင်းထဲစဝင်လိုက်ကတည်းကိုက ခိုးချတယ်ဆိုတဲ့လှိုင်းလုံးကြီးကြောင့် အားလုံးရဲ့စိတ်ထဲမှာ စာခိုးချတဲ့နတ်ဘုရားတစ်ပါးလိုပုံရိပ်မျိုးထင်ဟပ်လျက်ရှိနေလေသည်။
ကနဦးအစမှာတော့ အားလုံးပြောဆိုဆွေးနွေးကြသည့် ဦးတည်ရာမှာ - ဒီတစ်ယောက် အစွမ်းထက်ချက်ပဲ ၊ အထက်တန်းဝင်ခွင့်စာမေးပွဲကိုတောင် ခိုးချရဲတယ် ၊ ပြောတာကြားတာတော့ သူ့နဂိုအမှတ်ကိုနှစ်ဆလုပ်လိုက်ရင်တောင်မှ အမှတ်(၂)မှာအောင်ဖို့မဖြစ်နိုင်ဘူးတဲ့။
ထို့နောက်တွင်တော့ ရှဲ့ယွီသည် အတန်းလစ်၍ ကျောင်းအပြင်တွင် ရန်ပွဲဖြစ်လိုက်ပါသေးသည်။ (၁)ယောက်နှင့် (၅)ယောက်ယှဉ်ချ၏။ အပြစ်ပေးခြင်းအနေဖြင့် အရှက်ရစေအောင် စာလုံးကြီးကြီးဖြင့် ကြေငြာသင်ပုန်းထက်စာသင်နှစ်တစ်နှစ်လုံးလုံးကပ်၍ထားပြီး တစ်ကျောင်းလုံးကိုအသိပေးလေသည်။ တစ်ပွဲတည်းနဲ့ကို နာမည်ကြီးလို့သွားခဲ့ပါ၏။
ယခု၌ရှဲ့ယွီသည် တံခါးပေါက်ဝ၌ရပ်လျက်ရှိပြီး ကျောပိုးအိတ်အားပုခုံးတစ်ဖက်၌လွယ်ထား၍ လက်ကိုဖြင့်ဘောင်းဘီအိတ်ကပ်အတွင်းထည့်လို့ထားကာ မျက်နှာထက်၌မှာတော့ ခံစားချက်တို့ကင်းမဲ့ကာနေသည်။
အတန်းတွင်းမှာကား လူတွေအပြည့်ပင်ရှိလို့နေလေပြီ။ နေမကောင်းလို့ ခွင့်ယူထားသည့် မလာနိုင်တဲ့သူများကလည်း အခန်းခွဲသည်ကိုကြားမိတော့ အခန်းတွင်းကခင်မင်ရင်းနှီးပါသည့် အတန်းဖော်များအား လွယ်အိတ်တင်၍နေရာဦးခိုင်းထားကြလေသည်။ ကျောင်းစတက်ချိန်မှာ နိုင်လိုမင်းထက်ပြုမယ့်သူရဲ့ဘေး၌ထိုင်ရမည်ကို ကြောက်ကြသောကြောင့်ပင်။
ရှဲ့ယွီသည် ဘေးဘီဝဲယာသို့ နှစ်ကြိမ်ခန့်ကြည့်ပြီးခန့်တွင်တော့ နှစ်rowမြောက်၏ နောက်ဆုံးတန်းတွင်သာ နှစ်နေရာစာလွတ်လျက်ရှိသည်ကိုတွေ့သည်။ ဤသို့ဖြင့် သူသည်မနှေးမမြန်ပုံမှန်ခြေလှမ်းများဖြင့် အနောက်တန်းသို့လျှောက်၍သွားလိုက်ပါ၏။
ကျောင်းသားတချို့မှာ ခေါင်းချင်းဆိုင်၍ တီးတိုးပြောဆိုလို့နေကြသည်။
"ငါတို့ဒီလိုလုပ်တာ ကောင်းပါ့မလား ၊ ဒီလိုကကြ သူတို့နှစ်ယောက်ကို အတူတူထိုင်ခိုင်းလိုက်သလိုဖြစ်မသွားဘူးလား? တောင်တစ်တောင်ထဲမှာ ကျားနှစ်ကောင်မရှိရဆိုသလိုမျိုး သူတို့နှစ်ယောက်ကြား ဓာတုဗေဒဓာတ်ပြုမှုတစ်စုံတစ်ရာဖြစ်လာလို့ရှိရင် အတန်းတစ်ခုလုံး ပေါက်ကွဲများသွားမလားပဲ?"
"ဒါဆိုလည်း မင်းပဲရှဲ့ယွီနဲ့တစ်ခုံတည်းသွားထိုင်လိုက်လေ?"
". . . . . . ငါမသေချင်သေးဘူးကွ။"
(၅)မိနစ် ၊ (၆)မိနစ်ခန့်ကြာသွားပြီးသည့်နောက်တွင်မှ ရွှီရှာသည် စာအုပ်ကိုပိုက်လျက်အတန်းတွင်းဝင်ရောက်လို့လာသည်။
"အားလုံးနီးပါးရောက်ကြပြီလား ၊ ဘယ်သူကျန်သေးလဲ?"
လျှိုချွိင်ဟောက်တစ်ယောက်မှာ အတန်းခေါင်းဆောင်မလုပ်ဘူး ၊ အတန်းခေါင်းဆောင်မလုပ်ဘူး ဟုသာဆိုနေပေမယ့် အတန်းခေါင်းဆောင်အဖြစ်အကျင့်ကပါနေကာ ကိုယ်ခန္ဓာမှာဆို ဦးနှောက်ကထိန်းချုပ်လို့ပင်မရတော့ဘဲ အလိုလိုပင်တုံ့ပြန်ကာ လက်ကိုထောင်၍ မတ်တပ်ထရပ်လိုက်မိချေသည်။
"ဆရာမ ၊ တစ်ယောက်ကျန်နေသေးတယ်။"
ရှဲ့ယွီမှာ မနေ့ညကနည်းနည်းသောက်လိုက်သေးသည့်အတွက် အခုချိန်ထိခေါင်းကမူးနောက်လို့နေစဲရှိတာကြောင့် စားပွဲခုံထက်မှောက်၍ လက်ကိုခေါင်းအုံး၍သာအိပ်နေလိုက်တော့သည်။
ရွှီရှာသည် ဟိုဒီကြည့်လိုက်ရင်း အကြည့်တို့မှာနောက်ဆုံးတန်း၏ တစ်စုံတစ်ယောက်သောသူထံ၌ ခဏကြာမျှရပ်တန့်သွားခဲ့ပြီးမှ မျက်မှောင်ကိုကြုတ်၍ အကြည့်ပြန်လွှဲလိုက်လေသည်။
"မလာမှတော့လည်း ထားလိုက်တော့။ ခဏနေလို့ အတန်းလွှတ်ရင် အောက်ထပ်မှာစာအုပ်တွေသွားထုတ်ကြလို့ရပြီ ၊ အားလုံးပဲဘယ်နားသွားထုတ်ရမလဲ သိကြတယ်မလား? ပြီးရင်တော့ ဆရာမ အတန်းအတွက်အဓိကလိုအပ်မယ့်အချက်လေးတွေ အကြမ်းဖျင်းလောက်ပြောမယ်. . . . . ."
ရွှီရှာမှာ ထိုနောက်ကျတဲ့သူအား အရေးမထားချင်ပဲရှိသည့်တိုင် နောက်ကျတဲ့သူမှာတော့ ကားကားကားကားဖြင့် အပေါက်ဝသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလို့လာချေသည်။
"ခွင့်ပြုပါ--- ---"
ဟယ့်ကျောင်းသည် တံခါးပေါက်ဝ၌ရပ်လျက်ရှိပြီး အလွန်မှလည်းယဉ်ကျေးလို့နေ၏။
"တောင်းပန်ပါတယ် ၊ ကျွန်တော်နောက်ကျသွားတယ်။"
အပေါက်ဝရှိလူ၏ ပုံပန်းသွင်ပြင်မှာကား ထင်ရှားပေါ်လွင်လှပြီး အနက်ရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီအပြာရင့်ကိုတွဲ၍ဝတ်လို့ထားလျက် အကျႌလက်အနားတို့ကိုခေါက်၍ထားလေသည်။ စကားပြောနေစဉ်တွင်လည်း အပြုံးရေးရေးလေးစွက်လျက်ရှိရာ ကြည့်ရသည်မှာ ပုံမှန်ဆို ကျောင်းသူကလေးတွေ ဝိုင်းလုကြမည့် လူကြိုက်များပေါ်ပြူလာဖြစ်သည့် ပုဂ္ဂိုလ်မျိုးပင်ဖြစ်၏။ အပြစ်တစ်စုံတစ်ရာလုပ်ထားဦးတော့ သူ့အားတစ်ချက်မျှကြည့်မိလိုက်သည်နှင့် ဒေါသတို့ပြေလျှော့သွားနိုင်မည့်အမျိုးပေ။
အပျင်းထူထူမျိုးဖြင့် ကြည့်ရသည်မှာအချိုးမကျလှသည့် လူရမ်းကားပုံစံမျိုး လုံးဝကိုမှမပေါက်ဘဲ အတော်လေးကို တက်တက်ကြွကြွပုံစံမျိုးရှိလှပေသည်။
ရွှီရှာပင် အတန်ငယ်အံ့သြလို့သွားခဲ့ရ၏။
ရှဲ့ယွီနှင့် ဟယ့်ကျောင်းအား သူမအရင်ကဖြင့် မသင်ဖူးဘဲရှိသည့်တိုင် ကျောင်းအတွင်းပျံ့လျက်ရှိသည့် သတင်းတွေအကုန်လုံးကိုတော့ ကြားဖူးပြီးဖြစ်လေသည်။ ဦးနှောက်ထဲတောက်လျှောက်ကိန်းဝပ်လို့နေသည်မှာ လမ်းလျှောက်ရင်လည်း အိပက်ပက်ဖြင့် ဘာကျွမ်းကျင်မှု အရည်အချင်းမျိုးမှမရှိသည့် ၊ ထိုင်ခုံစားပွဲတွေကို ကန်ကျောက်ပစ်တတ်သည့် ၊ အဝတ်အစားဆိုလည်း ကောင်းကောင်းမွန်မွန်မဝတ်ဆင်ဘဲရှိကြမည့် ကောင်ကလေးတွေဟုပင်ဖြစ်သည်။
ဒီနေ့တော့ဖြင့် အားလုံးကိုမြင်တွေ့လိုက်ပြီးဖြစ်၏ --- --- ရှဲ့ယွီအပေါ် ကိုဖြင့် သူမ၏အမြင်မှာ ခေါင်းအနောက်ဘက်နားကလေးတစ်ခုပဲဖြစ်သော်ငြားလည်းပေါ့။
ရွှီရှာ၏ကလေးပင်လျှင် အလယ်တန်းတက်ရောက်တော့မှာဖြစ်သည့်အတွက် သူမမှာ ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေ၏အတွေးအခေါ်မျိုးတော့ဘယ်ဟုတ်တော့မလဲလေ။ ကြည့်မရဖြစ်တာတော့ ကြည့်မရဖြစ်နေစဲပါပေ။ ထိုသူ့အပေါ် ဒေါသတွေပုံချဖို့ရာ ပါးစပ်ပြင်၍စကားလုံးတွေထွက်ကျလုစဲစဲမှာပင် ပြောဖို့ရာမှာမမှီလိုက်တော့ပဲရှိသည်။ ဟယ့်ကျောင်းသည် လက်ကိုဆန့်လိုက်လျက် လူတစ်ယောက်အားဘေးသို့ ဆွဲထုတ်လိုက်ပါ၏။
"ကျေးဇူးပြုပြီး ကျွန်တော်နောက်ကျရတဲ့အကြောင်းအရင်းလေးကို ရှင်းပြခွင့်ပြုပါ။"
မျက်မှန်ဝိုင်းမှာ ခလုတ်တိုက်မိလုမတက်ဖြစ်လျက် ဗြုန်းစားကြီးဟယ့်ကျောင်း၏ဆွဲထုတ်ခြင်းကိုခံလိုက်ရသည်။
"အားလုံးပဲ မင်္ဂလာပါ ၊ ကျွန်တော်ကတော့ အခန်း(2-8)က ရှိန်ကျယ်ပါ ၊ ကျွန်တော် ဒီနေ့ လျှောက်လမ်းထက်မှာ ရုတ်တရက်နေလို့မကောင်းဖြစ်လာတုန်း ကံကောင်းစွာနဲ့ ကျောင်းသားဟယ့်ကတွေ့ပြီး မဆိုင်းမတွကူညီပေးခဲ့တာပါ ၊ ကျွန်တော့်မှာ နာတာရှည်ရှိ. . . . . . နာတာရှည်ရောဂါ. . . . . ."
ရုတ်တရက်ဆိုသလို မိမိဘာရောဂါဖြစ်နေသလဲဆိုတာကို ရှိန်ကျယ်မှာမေ့လို့သွားပြီဖြစ်တာကြောင့် အတော်ကြာအောင် ဟိုလိုလိုဒီလိုလိုဖြင့်ရှိရ၏။
ဟယ့်ကျောင်းက သူ့အားသတိလှမ်း၍ပေးလာသည်။
"အစာအိမ်ရောင်ရမ်းတဲ့ နာတာရှည်ရောဂါ။"
"မင်း ငါ့ကိုနည်းနည်းရိုးရှင်းတာလေး ပေးလို့မရဘူးလား?"
ရှိန်ကျယ်က ပြောလိုက်၏။
ဟယ့်ကျောင်း : "နာမည်နည်းနည်းရှည်တော့ ပိုပြီးပြင်းတယ်ထင်ရတယ်လေကွာ။"
ရွှီရှာမှာ ဒေါသအတော်လေးထွက်နေပြီဖြစ်သည်။
ဒီနှစ်ယောက်က သူ့ကိုအရူးလုပ်နေကြတာလား?
"မင်းတို့အဲ့ဒါ တစ်ညီတစ်ညွတ်တည်းနဲ့ အော်ပရာဇာတ်ခင်းနေကြတာပေါ့လေ?"
ပြောပြီးနောက်တွင်တော့ သူမသည် စတိတ်အောက်သို့ ညွှန်ကာပြလိုက်ပြီး. .
"ငါ အားလုံးရဲ့အချိန်တွေကိုအလဟဿမဖြစ်စေချင်ဘူး ၊ မင်းနေရာလွတ်တစ်ခုရှာပြီး ဝင်ထိုင်ချေတော့ ၊ ဟိုမယ် ၊ ဟိုကမှောက်အိပ်နေတဲ့တစ်ယောက်ရဲ့ဘေးနား။"
မှောက်ကာအိပ်နေသည့် ရှဲ့ယွီမှာလှုပ်၍လာသည်။ တစ်စုံတစ်ရာကိုကြာလိုက်လို့ပဲလား ၊သို့မဟုတ် မျက်လုံးအစုံတို့၏အကြည့်တွေကိုခံစားမိလိုက်၍ပဲလား သူသည်ခေါင်းထောင်၍ ကိုယ်ကိုမတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်းမျက်ဝန်းတို့ကိုဖွင့်လိုက်၏။
". . . . . ."
ဟယ့်ကျောင်း : ". . . . . ."
ဝန်းကျင်ရှိလေထုက အနည်းငယ်ထူးဆန်းလို့နေသည်။
အလွန်မှလည်း သိမ်မွေ့နက်နဲလျက်ရှိ၏။
လျှိုချွိင်ဟောက်သည် ဘေးကတစ်ယောက်အား စာရွက်တစ်ရွက်လှမ်းပေးလိုက်၏။ စာရွက်ထက်ရေးထားသည်မှာ - ချများချကြတော့မှာလား?
တစ်စားပွဲတည်းအတူထိုင် ဘေးကတစ်ယောက်က စာပြန်လာ၏ - ကျွန်တော်တော့ လေထုထဲကအားတွေ လှိုင်းထဂယက်ရိုက်နေတယ်လို့ ခံစားမိနေပြီ ၊ ရက်စက်ခက်ထန်ချက်ပဲ။
သို့သော်ငြားလည်း ထောင်သောင်းမကအကြည့်တွေ၏အောက်၌ ဟယ့်ကျောင်းသည် စကားလုံးသုံးလုံးတည်းကိုသာဆို၍လာလေသည်။
"သူငယ်ချင်း?"
ရှဲ့ယွီ : ". . . . . ."
"ရေစက်ပဲ။"
ဟယ့်ကျောင်းက ထပ်မံဆိုလာခဲ့၏။
"ဘယ်လိုတောင် တိုက်ဆိုင်တာ။"
ဘယ်လိုဖြစ်သည်မသိရ ၊ ဒီအစ်ကိုကြီးနှစ်ယောက် ဘယ်အချိန်တုန်းကများ အရှေ့နှင့်အနောက်ဆောင်ကိုကျော်ခွပြီး ခင်မင်ရင်းနှီးမှုတည်ဆောက်လိုက်ကြသည်မသိရပေ ၊ အထက်တန်းဒုတိယနှစ် အခန်း(3)တစ်တန်းလုံးမှာ ပြိုင်တူပင်သက်ပြင်းမောချလိုက်မိကြရ၏။
သူတို့မှာ အစတုန်းကတော့ အသက်ရှူမှားမတက် ကြောက်လန့်စရာကောင်းပြီး သွေးပင်လယ်ဝေတော့မည်ဟုပင် တွေးထင်လို့ထားကြတာဖြစ်သည်။
ရွှီရှာသည် အကြောင်းအရာနည်းနည်းပြောလို့လာ၏ ၊ ထိုင်ဖို့နေရာစီမံပေးခြင်း ၊ အတန်းခေါင်းဆောင်ရွေးခြင်း ၊ အိမ်စာအဖြစ် ဘာသာရပ်များကို ကြိုတင်လေ့လာထားစေပြီး နိဂုံးချုပ်အနေနှင့် အားလုံးပဲ အသစ်အသစ်သောပုံစံမျိုးဖြင့် စာသင်နှစ်အသစ်ကိုကြိုဆိုကြဖို့ရန်ပြောကြားလို့လာ၏။
"အချိန်နည်းနည်းကျန်နေသေးတော့ ၊ နာမည်စာရင်းအရ ဆရာမ နာမည်ခေါ်လိုက်တဲ့အတန်းသားတွေစင်ပေါ်တက်ပြီး ကိုယ့်အကြောင်းကိုယ် အနည်းအကျဉ်းလောက်မိတ်ဆက်ပေးကြမယ်နော်။"
လက်ခုပ်သံတွေကြား ဟယ့်ကျောင်းသည်လည်း စိတ်မပါ့တပါနှင့် သုံး/လေးချက်ခန့်လိုက်၍တီးလိုက်၏။
ရှဲ့ယွီကတော့ ခေါင်းမူးလို့နေတာနဲ့ ပြန်ကာမှောက်လို့အိပ်လိုက်ပြန်သည်။
". . . . . ."
"ကျွန်တော်က ဝမ့်သာပါ ၊ ကျွန်တော်ဝါသနာပါတာတွေကတော့ အတော်လေးများပါတယ် ၊ ဥပမာဆိုရရင် စာဖတ်တာ ၊ အားကစားလုပ်တာ. . . . . ."
"အားလုံးပဲ မင်္ဂလာပါ ၊ ရွှဲရှီရှိန်းလို့ခေါ်ပါတယ် ၊ အားလုံးပဲအတူတကွ ကြိုးပမ်းအားထုတ်ကြမယ် ၊ စာကြိုးစားကြမယ် ၊ တိုးတက်အောင်လုပ်ကြဖို့မျှော်လင့်ပါတယ်။"
"ဖုဖေ့။"
"သင်းလျန့်ဟွာ. . . . . ."
ဟယ့်ကျောင်းသည် တခဏကြာနားထောင်ပြီးနောက်တွင်တော့ ရှဲ့ယွီရဲ့ပုခုံးကိုလှမ်းလို့ပုတ်လိုက်လျက် လှည့်ကာကြည့်ရင်းမေးလိုက်သည်။
"ဟေ့ ၊ ရှဲ့ယွီဆိုတာဘယ်တစ်ယောက်လဲ မင်းသိလား?"
ရှဲ့ယွီသည် စားပွဲထက်မှောက်နေရင်းမှ ခေါင်းကိုစောင်းငဲ့၍ သူ့အားလှမ်းလို့ကြည့်လိုက်၏။
"ဟမ်?"
စင်ထက်က ကျောင်းသားတစ်ယောက်မှာ အရှက်အကြောက်ကြီးပုံရကာ စကားပြောရာမှာလည်း ခြင်အော်သံနှင့်ပင်တူလို့နေသေးပြီး ကိုယ်ဝါသနာပါတာကိုယ်ပြောဖို့အရေး အကြာကြီးပါးစပ်ပိတ်လို့နေပြီးနောက်မှ 'ရေကူး' ဆိုတဲ့စကားလုံးနှစ်လုံးထွက်၍လာခဲ့သည်။ စင်အောက်သို့ပြန်ဆင်းသွားရချိန်ကြမှသာ သက်ပြင်းချနိုင်လေတော့သည်။
ဟယ့်ကျောင်းက စကားတစ်ကြောင်းထပ်ဖြည့်လို့လာပြန်၏။
"ဟိုတစ်ယောက်လေကွာ ၊ အနောက်ဆောင်က ၊ အနက်ရောင်လက်သည်းဆိုးဆေးဆိုးတတ်တဲ့ ပုံမှန်မဟုတ်တဲ့အရူးကောင်လေ။"
ဟယ့်ကျောင်းမှာ လူပြောများအထင်ကရဖြစ်သည့် အနောက်ဆောင်ကအစ်ကိုကြီးအကြောင်း အနည်းငယ်စူးစမ်းချင်စိတ်ဖြစ်မိ၏။ အနောက်ဆောင်ရှဲ့ယွီ၏ စွမ်းစွမ်းတမံထူးချွန်ပြောင်မြောက်မှုတွေကိုဖြင့် ဟယ့်ကျောင်းကဘယ်လိုမှစိတ်ဝင်စားခြင်းမရှိပါသော်လည်းဘာကြောင့်ရယ်တော့မသိ ၊ သူ့မှာ အနက်ရောင်လက်သည်းဆိုးဆေးဆိုတဲ့အပေါ်ကိုဖြင့် နက်နက်ရှိုင်းရှိုင်းကို စွဲမက်၍အမှတ်ရလို့နေသည်။ တစ်တန်းလုံးကို တစ်ချက်မျှလှည့်ပတ်ကြည့်ပြီးသည့်တိုင် ထိုလိုဆရာကြီးတွေက သူတို့မျက်နှာကိုလူအမြင်မခံဘူးဆိုသလိုပဲ သက်ပြင်းသာလျှင်ချလိုက်နိုင်တော့သည်။ လက်သည်းဆိုးဆေးကိုဖျက်ထားပြီး ဘယ်တစ်ယောက်ကအမှန်ဖြစ်မည်ဆိုတာကို မသိရလေအောင်များလုပ်ထားသလားပဲ။
ရှဲ့ယွီက သူ့အားစိတ်ရှုပ်နေသည့် မျက်နှာထားနဲ့ကြည့်လို့နေသည်။
"သူငယ်ချင်း ၊ မင်းက သိတာလားမသိတာလား. . ."
ဟယ့်ကျောင်းက အတင်းမေးလာပြန်သည်။
". . . . . . တကယ်တော့ငါ သူ့ကိုအတော်လေး စိတ်ဝင်စားမိနေလို့ ၊ အခွင့်အရေးများရရင် တစ်ယောက်နဲ့တစ်ယောက်အမြင်တွေဖလှယ်ချင်တာ။"
ရွှီရှာသည် စင်ထက်ကနေအော်လိုက်၏။
"နောက်တစ်ယောက် ၊ ရှဲ့ယွီ။"
ရှဲ့ယွီသည် အေးအေးသက်သာဖြင့် ထကာရပ်လိုက်ပြီး ယခုနေဟယ့်ကျောင်း၏ မျက်နှာအမူအရာက ဘယ်လိုများတောင်ဖြစ်နေမလဲဆိုတာကို လှည့်ပင်မကြည့်ဘဲ သူသည်စင်ထက်သို့သာတက်လို့သွားလိုက်၏။ ထို့နောက် မြေဖြူကိုယူ၍ ကျောက်သင်ပုန်းထက် 'ရှဲ့ယွီ' ဆိုသည့်စာလုံးနှစ်လုံးအားချရေးလိုက်လေသည်။ လက်ရေးလက်သားက အားပါပြီး အတော်လေးကိုလှပ၏။
ထို့နောက် သူသည်မြေဖြူအား ဘူးထဲသို့ပစ်ထည့်လိုက်ပြီး လက်ထဲတင်ကျန်နေသည့်မြေဖြူမှုန်တွေကိုရိုက်ကာခါချရင်းမှ တိုတိုတုတ်တုတ်နဲ့ထိထိရောက်ရောက်ရှိစွာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လို့လာခဲ့သည်။
"ရှဲ့ယွီ ၊ ပြီးတော့ ငါအနက်ရောင်လက်သည်းဆိုးဆေးမဆိုးဘူး။"
ရှဲ့ယွီ နောက်ဆုံးတစ်ကြောင်းအားပြောချိန်၌ အကြည့်တို့မှာ တစ်စုံတစ်ယောက်သောအရူးကောင်ထံ တစ်သမတ်တည်းရောက်ရှိလို့နေတာဖြစ်သည်။ သို့တိုင်အောင် ထိုမျိုးရိုးဟယ့်နှင့် အရူးကောင်မှာ ကသိကအောက်နည်းနည်းလေးသော်မျှမဖြစ်ဘဲရှိသည်။ အားလုံးပင်မည်သူမျှဘာဆိုလို့ဆိုရမှန်းမသိဘဲဖြစ်နေသည့် တိတ်ဆိတ်လွန်းလှသည့်အခြေအနေမှာပင် ထိုအရူးကောင်မှာ ဦးဆောင်ဦးရွက်ပြုလက်ခုပ်တီးလျက် ထုံကျောဖြစ်သူကို မျက်နှာပန်းလှအောင်လုပ်ပေးလို့လာသည်။
(T/N : ထုံကျော/同桌 = deskmate အတန်းထဲမှာတစ်စားပွဲတည်း ဘေးနားအတူထိုင်တဲ့သူ။)
"ကောင်းတယ်! ပြောတာကောင်းတယ်!"
ရှဲ့ယွီ : ". . . . . ."
ယီးပဲဟေ့။
ရှဲ့ယွီကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လို့အပြီး ကိုယ့်နေရာကိုယ်ပြန်လာထိုင်ပြီးနောက်တွင် ဟယ့်ကျောင်းမှာ ပြောင်ပြောင်တင်းတင်းပင် ရှဲ့ယွီ၏လက်အားစိုက်ကာကြည့်လေတော့သည်။ ရှဲ့ယွီမှာ အားနေပြီးဘာမှလည်းလုပ်စရာမရှိတာနဲ့ စာရွက်ထက်တောင်ခြစ်မြောက်ခြစ်လုပ်နေရာမှ အကြည့်ခံနေရခြင်းကြောင့် ဖောင်တိန်ကိုလွှတ်ချပစ်လိုက်ပြီး. . .
"မင်းကသောက်ရူးပဲ။"
ဟယ့်ကျောင်းက ပြောလို့လာသည်။
"မင်းတကယ်ကြီး မဆိုးထားဘူးပေါ့? ယုံတမ်းစကားတွေထဲက မင်းကဒီလိုပုံစံမျိုးမှမဟုတ်ပဲ။"
အနောက်ဆောင်ကအစ်ကိုကြီး၏ အထင်ကရဇာတ်လမ်းတွေထဲ လက်သည်းဆိုးဆေးဆိုတာက အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ရပ်တည်လျက်ရှိသည်။ ဟယ့်ကျောင်းတစ်ယောက် အစောပိုင်းကတည်းက ရှဲ့ယွီဆိုသည့်ထိုနာမည်အားမှတ်မိလို့နေရသည့်အကြောင်းရင်းမှာ ပုံမှန်မဟုတ်တဲ့ လက်သည်းဆိုးဆေးကြောင့်ပင်ဖြစ်သည်။
". . . . . . ယီးကိုယုံတမ်း$$$"
ဟယ့်ကျောင်းသည် ချက်ချင်းပင် ရှဲ့ယွီရဲ့လက်အားလှမ်းဆွဲယူလိုက်၏။
"မရုန်းနဲ့ ၊ ငါကြည့်ကြည့်မယ်။"
ရှဲ့ယွီမှာ ထိုသူဒီလိုတဲ့တိုးကြီးလုပ်ချလာလိမ့်မည်ဟု မထင်ထားပဲရှိကာ အသိပြန်ဝင်လာချိန်မှာတော့ ဟယ့်ကျောင်းက သူ့ရဲ့လက်အားဆုပ်ကိုင်လို့ပင်ထားပြီးနေပြီဖြစ်သည်။
ရှဲ့ယွီ၏လက်တို့မှာ ကြော့ရှင်းသပ်ရပ်ပြီး အနည်းငယ်လည်းနူးညံ့လှ၏။
သန့်သန့်ရှင်းရှင်း ၊ ရှည်သွယ်သွယ်ဖြင့် အရိုးအဆစ်တို့ထင်းကာ လက်သည်းတွေကိုလည်း ညီနေအောင်ပင်ညှပ်၍ထားလေသည်။
ငယ်ငယ်တုန်းက အိမ်၏အခြေအနေလည်းကောင်းနေစဉ်အခါကဆို ကုရွှယ်လန်သည် သူ့အားစန္ဒယားတီးသွားသင်ဖို့ပြောသေး၏ ၊ သူ၏လက်တွေက ရှည်ရှည်သွယ်သွယ်ရှိတာကြောင့် သင့်လျှော်သည်ဟုဆိုလာခဲ့သည်။ ရလဒ်ကတော့ဖြင့် ရှဲ့ယွီမှာ ဆိုးဆိုးရွားရွားပင်အခြားသူများအပေါ် လက်သီးသုံးချလာခဲ့ပြီးနောက်မှာတော့ အုပ်ထိန်းသူမိဘများမှာ နေ့တိုင်းလိုလို ကိုယ့်ကလေးကိုယ်ဆွဲခေါ်လျက် သူတို့အိမ်သို့အပြေးရောက်လာကြတတ်ကြသည်။ ခင်ဗျားတို့အိမ်ကကလေးက ဘာလိုဖြစ်နေတာလဲ ၊ ဘာလို့လူကိုရိုက်တာလဲဟူ၍ ဆိုလာကြ၏။
ထို့နောက်တွင်တော့ ကုရွှယ်လန်မှာ စန္ဒယားနှင့်ပတ်သက်လို့ ထပ်၍ပင် စကားမဟမိတော့ပါချေ။
ဟယ့်ကျောင်းသည် ခုနကလေးမှဆွဲယူလိုက်သည့်လက်အား သေချာအောင်ပင်မကြည့်ရသေး ရှဲ့ယွီမှာချက်ချင်းပင်ပေါက်ကွဲလို့လာလျက် လက်ကိုဆတ်ခနဲပြန်ရုပ်လို့သွားတော့သည်။
". . . . . . FUCK ၊ မင်းဘာသောက်ရူးထတာလဲ။"