book

Index 14

အခန်း (၁၁)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

အခန်း(2-3) သတ်ဖြတ်ရေးကွင်း


သာ့မေဆိုသည့် ထိုအမည်နာမကား နားထောင်ရသည်မှာ မိန်းမဆန်လွန်းလှသော်ငြားလည်း ထိုသူမှာ အမှန်တကယ်တော့ ယောက်ျားလေးတစ်ယောက်သာဖြစ်သည်။


သူသည် သုံးယောက်ထဲ၌ အငယ်ဆုံးတစ်ယောက်လည်းဖြစ်ကာ အမြဲလိုလိုကာကွယ်ပေးနေရသည့် အနေအထားမှာရှိသည့်အတွက် သာ့မေဆိုသည့် ထိုnicknameဟာဆိုလျှင် ကျိုးသာ့လေအပြောင်အပြက်ခေါ်တွင်ရာမှဖြစ်ပေါ်လာခြင်းဖြစ်လေသည်။


"မင်းက ကိုယ့်ရဲ့ညီငယ်လေးဖြစ်တာကြောင့် အစ်ကိုကြီး မင်းကို နာမည်တစ်ခုချီးမြှင့်မယ် ၊ သာ့မေဆိုရင်ဘယ်လိုနေလဲ? အခုချိန်ကစပြီး ကိုယ်တွေညီအစ်ကိုနှစ်ယောက် ကာရန်ညီညီရှိသွားတာပေါ့။"


(T/N : သာ့လေ ၊ သာ့မေ ဆိုပြီးကာရန်ညီသွားတာကို ဆိုလိုချင်တာပါ။ သာ့မေက မေ/美ကလှတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ ၊ အထူးသဖြင့်တော့ မိန်းကလေးတွေနာမည်မှာသာ သုံးတတ်ကြပါတယ်။)


သာ့မေသည် လူကောင်သေးတာကြောင့်လည်း အမြဲလိုလိုအခြားသူများ၏ အနိုင်ကျင့်ခြင်းကိုခံရတတ်ကာ ပြန်ပြီးလည်းမချတတ်ဘဲရှိ၏။


ကျိုးသာ့လေမှာတော့ သားကလေးအားစောင့်ရှောက်ရသည့်ပမာ ကာကွယ်စောင့်ရှောက်ပေးပြီး ရံဖန်ရံခါ တစ်ဖက်အဖွဲ့ကလူများနေလို့ မချနိုင်ပဲရှိသည့်အခါမျိုးမှာကျ ရှဲ့ယွီအားခေါ်၍အတူသွားတတ်ကြသည်။


နောက်ပိုင်း သာ့မေတစ်ယောက် ဝါးပင်ကဲ့သို့အရပ်ကြီးထိုးထောင်ထွက်လာပြီး (၆)ပေအထိကိုရှည်လာချိန်တွင်တော့ ထိုကောင်ကလေးမှာ သူ့ကိုယ်သူအရွယ်ရောက်လာပြီပဲဟု ထင်နေလေတော့သည်။ ဒီလောက်နှစ်တွေအများကြီးအတွင်း သူတို့တစ်တွေရန်ဖြစ်ကြသည့်အခါတိုင်း၌လည်း သူ့မှာတော့ဝက်သားမစားရဘဲ ပြေးနေတဲ့ဝက်ကိုသာမြင်နေရတတ်သည်။


(T/N : ကိုယ်တိုင်အတွေ့အကြုံမရှိဘဲ ကြည့်ပဲကြည့်နေရတာကို ဆိုလိုခြင်းပါ။)


တစ်ခါကတော့ မနေနိုင်တော့တာနဲ့ပဲ ချက်ချင်းဆိုသလို ကျိုးသာ့လေ၏ရှေ့၌ ကာရပ်ပစ်လိုက်ကာ. .


"ကျွန်တော့်ကိုခွင့်ပြု ၊ အဲ့အရူးတစ်သိုက်ကို ကျွန်တော်သင်ခန်းစာပေးပေးမယ်။"


အဆုံးသတ်ကတော့ဖြင့် သဘောတရား နှင့် လက်တွေ့ဆိုသည်မှာကား မိုးနှင့်မြေလိုကွာခြားလျက် သာ့မေမှာ သူ့တစ်ပါးကို ထိခိုက်အနာတရဖြစ်အောင်လည်းမလုပ်နိုင်တဲ့အတွက် ကျိုးသာ့လေမှာ သာ့မေ၏လက်ကိုဆွဲ၍ တစ်ချိုးတည်းလစ်ပြေးရတော့သည်။


"ချီးကို သင်ခန်းစာပေး ၊ မင်း ရန်ရောဖြစ်တတ်ရဲ့လား ၊ မင်းရဲ့ ဒီသေးသေးသွယ်သွယ် လက်တံ ၊ ခြေတံတွေက သာမန်လူတွေထက်ရှည်တာကလွဲပြီး ကျန်တာဘာအသုံးဝင်တာများရှိသေးလဲ ---  --- တကယ်ပဲ မင်းနဲ့တော့ ငါဒေါသထွက်လို့သေတော့မယ် မင်း။"



"အဲ့ချီးထုပ်ကောင်လေးက ငါ့ကိုတော့ အစုတ်အပြတ်ပန်းတစ်အိုးပေးသွားတာပဲ ၊ သူသွားခါနီး မင်းကိုကျဘာပေးသွားသေးလဲ?"


ကျိုးသာ့လေမှာ တွေးမိလေလေ ဒေါသကထွက်လာလေလေ။


". . .  . . . နေဦး ၊ ဒါကပေးတယ်လို့ ဘယ်ယူဆလို့ရမလဲ ၊ ကျွေးမွေးစောင့်ရှောက်ပေးဖို့ဆို ပိုမှန်မှာပေါ့။"


ရှဲ့ယွီသည် လျှပ်စစ်ဓာတ်ကြိုးတွေကို မော့ကာကြည့်ရင်းမှ အရင်ကအဖြစ်အပျက်ကိစ္စရပ်တွေအား သွားလို့သတိရလာမိကာ နှုတ်ခမ်းစွန်းတို့ ကော့တက်လာသည်အထိပြုံးလိုက်မိ၏။


"Rubik's cube."


ကျိုးသာ့လေ : "အမ်?"


ရှဲ့ယွီ ပြောပြလိုက်၏။


"မင်းထက်တော့ နည်းနည်းပိုကောင်းတယ် ၊ သာ့မေကသွားခါနီး ငါ့ကို rubik's cube တစ်တုံးပေးသွားတယ်။"



တကယ်တော့ ရွှီယန့်မေ၏လက်ရာမှာ သိပ်ပြီးတော့လည်း အရသာမရှိလှချေ။ အပြင်အဆင်ကတော့ ကြည်ရလှပပေသည့်တိုင် အရသာကတော့ တစ်မူထူးခြားလှသည့်သူမပင်ကိုယ်အရသာနဲ့ဖြစ်သည်။ ထို့အပြင် အမြဲလိုလိုလည်း ဟင်းခတ်အမွှေးအကြိုင်တို့အားထည့်ရန် မေ့တတ်သေး၏။


"အရသာက ရိုးရှင်းပြီးကောင်းလွန်းလို့ ဘာစကားမှတောင်မဆိုနိုင်ဘူး။"


ကျိုးသာ့လေသည် အရွက်တွေကိုမြိုကာချရင်းမှ စကားဆက်သည်။


"ဒါနဲ့  အန်တီမေကို ကျွန်တော် မေးချင်တာလေးရှိလို့ ၊ ဟင်းချက်ရာမှာ အစောကတည်းက ဆားမထည့်ဘူးဆိုရင်လည်း ဘာလို့ကျွန်တော်တို့ကို ပင်ပန်းအောင် ကုန်စုံဆိုင်စီဆားသွားဝယ်ခိုင်းနေသေးတာတုန်း။"


ရွှီယန့်မေမှာ မယုံနိုင်ပဲရှိလေ၏။


"ငါ ထည့်ဖို့များမေ့သွားတာလား? မဖြစ်နိုင်တာ ၊ ဒီတစ်ခေါက်ကိုတော့ ပုံမှန်ထက် အသေအချာကြီးကို ပြင်ဆင်ထားတာပဲလို့တောင် ငါကတွေးမိနေတာ ၊ တစ်ခုချင်းစီကို စိတ်နှစ်ထားတာပဲကို။"


ရှဲ့ယွီ ပြောလိုက်ပါ၏။


"ကိုယ်တိုင် မြည်းကြည့်ကြည့်ပါဦး။"


ဤထမင်းတစ်နပ်၏ အဆုံးသတ်ကတော့ဖြင့် 'ဗိုက်ဝပြီ' ဆိုသည့်မှတ်ချက်အထိပင်မရောက်လိုက်တော့ပဲ အပြင်ကနေပြီး ပုဇွန်ဟင်းမှာစား၍သာ ထိုတစ်နပ်အားအစားထိုးကယ်ဆယ်လိုက်ရတော့သည်။




"လာ ၊ ချီးယားစ်---"


အန်တီမေသည် သုံး/လေးခွက်ခန့်သောက်ပြီးနောက်တွင်တော့ လူတစ်ကိုယ်လုံးမှာ စားပွဲထက်တက်ပြီး မတ်တပ်ရပ်တော့မတပ်ဖြင့် ခြေတစ်ဖက်က ထိုင်ခုံကိုခွထားပြီး ရင်ဘက်ကိုပုတ်လျက်မှ. .


"သောက် ၊ သောက်ကြမယ်ဟေ့! ရှောင်ယွီက မနက်ဖြန်ဆို ကျောင်းဖွင့်ပြီ ၊ အားလုံးပဲ စကားလေးနည်းနည်းပါးပါးပြောလိုက်ကြဦး။"


ရှဲ့ယွီသည် ရွှီယန့်မေ၏ရှေ့က ပုဇွန်အခွံတွေနဲ့ပြည့်ကာနေသည့် ပန်းကန်အား လှမ်းဆွဲ၍ဘေးသို့ဖယ်ကာပေးလိုက်၏။ သတိမထားမိဘဲ သူမဝင်တိုက်မိမည်ကို စိုးသောကြောင့်ပင်။


ကျိုးသာ့လေသည် ဦးစွာပင် ရေအေးတစ်ခွက်အားမယူပြီးနောက် မတ်တပ်ထရပ်လိုက်၏။


"ရှဲ့Boss ၊ ငါအရင်ဆုံးပြောမယ်နော် ၊ လှပတဲ့ ဆုမွန်ကောင်းတွေ မင်းကိုပေးအပ်ပါတယ် ၊ ငါ မင်းကိုဆုတောင်းပေးပါတယ် မင်း အမှတ်(၄) လိယန်ကျောင်းမှာ. . .  . . ."


"အမှတ်(၄)?"


ရှဲ့ယွီမှာ ထိုစကားအားကြားသည့်အခါတွင်တော့ မအောင့်ထားနိုင်တော့ဘဲ ရယ်ချပစ်လိုက်မိပြီး ကျိုးသာ့လေအား တစ်ချက်လှမ်းလို့ကန်လိုက်၏။


"မင်းအမေကြီးကို အမှတ်(၄)ပါလား ၊ အမှတ်(၂)ပါကွ။"



အမှတ်(၂)လိယန်ကျောင်းအား ထူထောင်ထားသည်မှာ နှစ်(၆၀)ကျော်ပင် ရှိပြီဖြစ်ပြီး Aမြို့၌ အတန်ငယ်နာမည်ကြီးသည်ဟု ယူဆ၍ရလေ၏။


သင်ကြားမှုပိုင်းမှာ သာမန်မျှဖြစ်သည့်အားလျော်စွာ ကျောင်းအပ်နှံမှုနှုန်းကလည်း သိပ်တော့မမြင့်ဘဲရှိသည်။ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌တည်ရှိပြီး နားထောင်ကောင်းအောင်ဆိုရလျှင်တော့ တိတ်ဆိတ်အေးချမ်းကာ စာသင်ကြားရာတွင် သန့်ရှင်းလတ်ဆတ်သည့်လေထုတို့လွှမ်းခြုံလျက်ရှိသည်။ သို့သော်လည်း နောက်ပိုင်းအနီးအနားတစ်ဝိုက်၌ ခေတ်ရေးစီးကြောင်းအတိုင်းမလိုက်ဘဲရှိတဲ့ အသစ်ဆောက်လုပ်လာသော နည်းပညာကျောင်းအနည်းငယ်ကြောင့် တည်နေရာသည်လည်း တကယ်ကိုကသိကအောက်ဖြစ်၍လာရတော့သည်။


သို့တိုင် ကျောင်းပရိဝုဏ်ကြီးတစ်ခုလုံးအား တည်ဆောက်ထားပုံမှာတော့ အတော်လေးကိုမဆိုးလှပဲရှိချေသည်။ စာသင်ဆောင်တွေအားလည်း ဒီ(၂)နှစ်အတွင်း ဆက်တိုက်ဆိုသလိုပြန်လည်ပြုပြင်ထားသေးသည့်အတွက်ကြောင့် ကြည့်လိုက်တာနဲ့ 'ယိုယွင်းပျက်စီး' နေသည်ဟူ၍လည်း မခံစားရတော့။ တကယ်တော့ ဘယ်လိုပြောပြော Aမြို့သည်လည်း ကျော်ကြားလှတဲ့မြို့ကြီးတစ်မြို့ဖြစ်သည့်အလျောက်  ဆင်ခြေဖုံးရပ်ကွက်တွင်းမှာတောင် လမ်းများ၌ယာဉ်အသွားအလာတို့ပြည့်နှက်လျက်ရှိပြီး ကုန်သွယ်လမ်းဟာဆိုလျှင်လည်း စည်ပင်တိုးတက်လျက်ရှိချေ၏။



ကျောင်းဂိတ်ပေါက်ဝမှာ မြင့်မားခန့်ထည်လျက်ရှိပြီး အပေါက်ဝကနေအထဲတွင်းလှမ်းကြည့်လိုက်လျှင်တော့ စိမ်းလန်းလှသည့် သစ်ပင်ချုံနွယ်တွေအပြင်ကို သိသာအပေါ်လွင်ဆုံးကတော့ ကျောင်းဝင်းအလယ်တည့်တည့်၌သွန်းလုပ်ထားသည့် Auguste Rodin ၏ The Thinker ဆိုသည့်ကြေးရုပ်ထုကြီးပင်ဖြစ်သည်။ စကျင်ကျောက်ကို အောက်ခံခုံအဖြစ်အခြေတည်ကာထားပြီး ကြေးရုပ်ထုကြီးတစ်ခုလုံးမှာ ကတ္တရာစေးအရောင်ရှိကာ အရောင်တို့ဝင်းပြောင်တောက်ပလျက်ရှိလေ၏။


အောက်ခံအုတ်မြစ်တွင်တော့ ညီညီညာညာစာလုံးသေးလေးများဖြင့် ကျောင်း၏ဆောက်ပုဒ်အား ထွင်းထုကာထားလေသည် - ကလေးတို့၏ အပြစ်ကင်းစင်တဲ့နှလုံးသား။


ရိုးရှင်းလှသည့်ထိုစကားလုံးတို့အား ရွှေရောင်ဖောင်းကြွပြုလုပ်ထားသည့်အတွက် နေရောင်အောက်တွင် ဖိတ်ဖိတ်တောက်လျက်ရှိချေသည်။



ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ ကျောင်းဝင်းအတွင်း၌ အလွန်မှအသက်ဝင်စည်ကားကာနေတော့သည်။


ကျောင်းသားသစ်တွေအများကြီးလည်း လာရောက်အပ်နှံကြပြီး အပေါက်ဝတွင်လည်း bannerအကြီးကြီးချိတ်ဆွဲလို့ထား၏ - အထက်တန်းပထမနှစ်ကျောင်းသားသစ်တွေအား အမှတ်(၂)မိသားစုကြီးမှ ကြိုဆိုပါတယ် ၊ တိုးတက်အောင် သင်ယူမယ် ၊ အတူတကွ ထူးချွန်ပြောင်မြောက်မှုကိုတည်ဆောက်မယ်။


ဒုတိယနှစ်သမားတွေကတော့ အပေါက်ဝက ကြေငြာသင်ပုန်းနားတွင် အုံခဲ၍ အတန်းခွဲသည့်အခြေအနေအား ကြည့်ရှုနေကြလေသည်။ ကြိတ်ကြိတ်တိုးလျက်ရှိကြသည်မှာ ချွေးတွေပင်တစ်ပေါက်ပေါက်ကျကာနေတော့သည်။ သူတို့တစ်တွေ အချိန်တစ်ခုကြာကြည့်ပြီးသွားသည့်နောက် မည်သည့်စာကြောင်းအား တွေ့ရှိသွားကြသည်မသိရ ဇာတ်တိုက်မထားပါဘဲနဲ့တောင် ပြိုင်တူအားလုံးအသက်ရှူတွေမှားကုန်ကြလေတော့သည်။


"အခန်း(2-3) ကဘယ်လိုအခြေအနေကြီးလဲ?"


"အခန်း(2-3)? သေစမ်း ၊ မိုက်ချက်ကြီးကတော့ ၊ သတ်ဖြတ်ရေးကွင်းများလား?"


". . .  . . . တော် ၊ တော်သေးတာပေါ့ ငါကအခန်း(5) ကမလို့။"


"ငါကဘယ်လိုဖြစ်လို့ ရုတ်တစ်ရက်ကြီး ချမ်းစိမ့်စိမ့်ဖြစ်လာရတာပါလိမ့်။"


"ကျောင်းရဲ့ဆိုးဆိုးသွမ်းသွမ်းနှစ်ယောက်က အခန်းခွဲတာ တစ်ခန်းထဲကျတယ်? ဘယ်လိုတွေတောင် စဉ်းစားလုပ်ကြတာပါလိမ့် ၊ ကျောင်းကြီးကို ပေါက်ကွဲသွားစေချင်လို့လားဟ။"


"ရှဲ့ယွီ ၊ ဟယ့်ကျောင်း. . .  . . . FUCK. . သောက်လခွမ်းကြီးဟေ့။"



သူတို့အားလုံးမှာ အထက်တန်းဒုတိယနှစ်ကျောင်းသားတွေဖြစ်သည်။ ပထမနှစ် စတင်တက်ရောက်စဉ်ကဆို စာသင်ခန်းပေါင်းဆယ်ခန်းကျော်ခန့်ရှိကာ စာသင်ဆောင်အသစ်ဆောက်လုပ်မှုမှာ ကြန့်ကြာနေခြင်းကြောင့် မဖြစ်မနေ အခြမ်းနှစ်ခြမ်းခွဲ၍ထားရလေတော့သည်။ ထိုစာသစ်နှစ်၌ အရှေ့ဆောင် နှင့် အနောက်ဆောင်ဟူ၍ နှစ်ပိုင်းခွဲလို့ထားခြင်းကြောင့် ခပ်လှမ်းလှမ်းကနေသာ လှမ်း၍မြင်ကြရ၏။


သို့သော်ငြား အဆောင်နှစ်ဆောင်အား ဆက်ကာဆောက်လုပ်ထားလျက် အဆောင်နှစ်ခုကြား၌ စင်္ကြံလျှောက်လမ်းကလေးပါရှိလေသည်။ အဓိကကတော့ ဆရာတွေစာသင်ရအဆင်ပြေအောင်နှင့် ကျောင်းသားတွေလည်း ကူးသန်းသွားလာလို့ရအောင်ဖြစ်သည်။ သို့တိုင် အဆောင်နှစ်ဆောင်ရှိ ကျောင်းသား/သူတို့မှာကား အချင်းချင်း အထူးတလည်ပြုအဆက်အဆံမရှိကြပါချေ။


ထို့အပြင် ထိုအထဲ၌ အံကိုက်ဆိုသလို ဗီလိန်ဇာတ်ကောင်နှစ်ဦးလည်းပါရှိ၏။


အရှေ့ဆောင် ဟယ့်ကျောင်း နှင့် အနောက်ဆောင် ရှဲ့ယွီ ပါပေ။



ထိုကျောင်းသားတစ်စုမှာ စုရုံးစုရုံးဖြင့် သူတစ်ကြောင်းငါတစ်ကြောင်း အတင်းအဖျင်းဆိုလျက်ရှိကြရင်းမှ အဆုံးသတ်မှာတော့တစ်ဖွဲ့လုံး ငြိမ်သက်တိတ်ဆိတ်လို့သွား၏။


ဦးနှောက်အတွင်းကျန်ရှိနေခဲ့သည်မှာတော့ 'ကြောက်စရာကောင်းချက်' ဆိုသည့်စကားလုံးများသာ။


ကွက်တိဆိုသလို အခန်း(2-3)ကျသည့် လူတစ်စုမှာတော့ တဆတ်ဆတ်တုန်ယင်ကာနေလေတော့သည် - ငါကြောက်တယ်ကွ အတန်းမတက်ရဲတော့ဘူး ၊ အဲ့နှစ်ယောက်လုံးက မျက်တောင်မခတ်ဘဲတောင် လူသတ်မယ့် အကျော်ဇေယျလူမိုက်အစ်ကိုကြီးတွေဟာကို။



လူမိုက်အစ်ကိုကြီးရှဲ့ယွီကတော့ဖြင့် ဘာတွေစြ်ပျက်လျက်ရှိမှန်း မသိဘဲရှိလေ၏။ သူသည်ခရီးဆောင်အိတ်အားဆွဲလျက် အရင်ဆုံးအဆောင်ဝင်၍ ပစ္စည်းတွေချပြီးမှပဲ အတန်းထဲသွားကာ စာအုပ်ယူမည်ဟုဆုံးဖြတ်ထားလေသည်။


ကုရွှယ်လန်မှာ အဆောင်ထဲအထိလိုက်ပို့ချင်ပြီး သူ့ရဲ့အခန်းအားကြည့်ချင်နေသေးတာဖြစ်သည်။ သို့ပေမယ့်ရှဲ့ယွီ ရုတ်တရက်သတိရလို့သွားသည်မှာ သူ၏အခန်းထဲက လုပ်လို့မပြီးသေးပဲရှိသည့်《5.3》စာအုပ်တစ်စုံစားပွဲထက်ပိုးလိုးပတ်လက်ရှိနေခြင်းက သိပ်ပြီးမသင့်လျော်လှဆိုတာပင်။


*《5.3》= အထက်တန်းစာမေးပွဲ revisionစာအုပ်



အဆောင်ကနှစ်ယောက်ခန်းဖြစ်သည့်တိုင် တစ်လျှောက်လုံးပင် သူကတော့ တစ်ယောက်တည်းသာနေဖြစ်၏။


ဤအမှတ်(၂)ကျောင်းသည်ကား လွတ်လပ်မှုကိုတန်ဖိုးထားပြီး ကျောင်းအိပ်ကျောင်းစားနေခြင်းကိုလည်း အားပေးသည့်အလျောက် ကျောင်းသားတွေအဆောင်နေခြင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေအကုန်အား အတော်လေးစဉ်းစားလို့ပေး၏။ ဥပမာဆိုရလျှင် အချိန်မရွေး အခန်းပြောင်းပိုင်ခွင့်ရှိပြီး ထိုကျောင်းသားကျေနပ်တဲ့နေရာအထိပြောင်းနိုင်ပေသည်။ အခန်းဖော်နဲ့ ပြဿနာတက်အငြင်းပွားခြင်းတို့မလိုအပ်ဘဲ အဆင်မပြေတာနဲ့ ချက်ချင်းပြောင်း၍ရလေ၏။


ထို့ကြောင့်လည်း ရှဲ့ယွီမှာ အစဉ်အဆက်ပင် အခန်းဖော်ဆိုသူ၏မျက်နှာကလေးကိုမျှ မမြင်ဖူးမတွေ့ဖူးရ။ ရှဲ့ယွီဆိုသည့် စကားလုံးနှစ်လုံးအားကြားသည်နှင့်ကို တစ်ဦးတစ်ယောက်သော်မျှ မနေရဲကြဘဲရှိချေသည်။



ရှဲ့ယွီတစ်ယောက် luggageကြီးကိုဆွဲ၍ အခန်းထဲဝင်လုဆဲဆဲ၌ မျက်မှန်အဝိုင်းကိုတပ်ထားကာ ဆံပင်အားတိုကပ်နေအောင်ညှပ်ထားပါသည့်ကောင်လေးတစ်ယောက်က အပေါ်ထပ်သို့အပြေးတက်၍လာလေသည်။ ထိုမျက်မှန်ဝိုင်းမှာ အပြေးအလွှားဖြင့်ပင် ရှဲ့ယွီ၏မျက်နှာချင်းဆိုင်အခန်းရှေ့သို့ရောက်သွားပြီး ရပ်တန့်သွားခဲ့၏။



မျက်မှန်ဝိုင်းသည် ထိုအိပ်ခန်းအဆောင်၏တံခါးအား အတော်ကြာအောင်ပင် ခေါက်လျက်ရှိသည်။


"---  --- အစ်ကိုကျောင်း ၊ အစ်ကိုကျောင်းရှိလား?"


တုံြ့ပန်မှုတစ်စုံတစ်ရာသော်မျှမရှိ။


"ဒါက အိပ်ခန်းတော့ဟုတ်ပါတယ်နော့် ၊ အဆောင်နေမယ်ဆိုပြီး ရုတ်တရက်ပြောလာတာက ငါ့ကိုအရူးထပ်လုပ်တာတော့ မဟုတ်လောက်ဘူးမလား။"


မျက်မှန်ဝိုင်းသည် တစ်ကိုယ်တည်းရေရွတ်ပြီးနောက် ထပ်မံ၍တံခါးခေါက်လိုက်ပြန်သည်။  တံခါးကလုံးဝကိုမှ လော့ချမထားသည်ကိုတွေ့တော့ သူသည်ချက်ချင်းဆိုသလို 'ကျွီခနဲ' တံခါးအားတွန်းဖွင့်လိုက်တော့၏။


". . . . . ."


"ငါ. . ငါ ဝင်လာခဲ့ပြီနော်. . .  . . ."


မျက်မှန်ဝိုင်းသည် တံခါးကိုဆွဲဖွင့်ပြီးနောက် ချက်ချင်းပင်အထဲသို့လှမ်းဝင်လိုက်ကာ ဟိုဒီကြည့်ခိုက် ညာဘက်ခြမ်းက ကုတင်ထက်မှာလူတစ်ယောက်ရှိသည်ကို တွေ့လိုက်ရသည်။


ဟယ့်ကျောင်းသည် မျက်ဝန်းတို့အား မှေးကျဉ်းကာထားလျက် အိပ်ချင်မူးတူးရှိနေရာမှ ကုတင်ထက်ထကာထိုင်လိုက်၏။ ထို့နောက် နံရံကိုမှီလျက် ခေါင်းရင်းဘက်ကချိုချဉ်ထုပ်အားလှမ်းဆွဲကာယူလိုက်ပြီး. . .


"ဘာတွေဆူညံနေတာလဲ?"



မျက်မှန်ဝိုင်းက ထူးထူးဆန်းဆန်းပင်ဆိုလာခဲ့ချေသည်။


"အစ်ကိုကျောင်းရေ သတင်းအကြီးကြီးပဲ ၊ မင်း အခန်းခွဲတဲ့စာရင်းရောကြည့်ပြီးသွားပြီလား ၊ ငါ့လခွမ်းပဲ ၊ စာသင်နှစ်တစ်နှစ်လုံးတော့ အုတ်အော်သောင်းနင်းဖြစ်တော့မယ်။"


"မကြည့်ရသေးဘူး။"


ဟယ်ကျောင်းသည် အထုပ်ထဲကနေ လိမ္မော်ရောင်တစ်ချောင်းအားထုတ်ယူလိုက်၏။  နှစ်ကြိမ်/သုံးကြိမ်မျှဖြင့် ချိုချဉ်အခွံကိုဖွင့်ဖောက်လိုက်ပြီးနောက် ပါးစပ်ထဲထည့်လိုက်လေသည်။


"အခန်းခွဲတာပဲ ဘယ်လိုခွဲခွဲပေါ့ ၊ ဘာကြည့်စရာရှိလို့လဲ။"


မျက်မှန်ဝိုင်းမှာကြည့်ရင်းမှ ကြက်သေသေလို့သွားလျက် မိမိမှာသတင်းကြီးတစ်ခုယူဆောင်လာခဲ့သည်ကိုပင် တစ်ခဏမျှမေ့လို့သွားရသည်။


"ငါ မျက်လုံးများကန်းသွားတာလား? ဒါကဘာကြီးလဲ ကျိန်းကျစ်ပန့်? မင်းအခု တုတ်ချိုချဉ်စားနေတာလား?"


ဟယ့်ကျောင်းက ဆိုလိုက်၏။


"အခုတလော ဆေးလိပ်ဖြတ်နေလို့။"


ပြောလို့ပြီးသည့်နောက်တိုင်အောင် မျက်မှန်ဝိုင်းမှာသူ့အား မှင်တက်စွာဖြင့် ကြည့်နေဆဲရှိသည်မှာအရူးအပေါနဲ့ပင်တူနေတော့၏။ ဟယ့်ကျောင်းလည်း ထပ်မံဆိုလိုက်လေသည်။


"ဘာလို့လဲ ၊ မင်းလည်းတစ်ချောင်းလိုချင်လို့လား?"


"မ မ မလိုပါဘူး။"


မျက်မှန်ဝိုင်းသည်ကား လက်တစ်ခါခါဖြင့်ရှိနေချေတော့သည်။



ဟယ့်ကျောင်းသည် ထိုချိုချဉ်အားဝါးကာစားပစ်လိုက်ပြီး တုတ်ချောင်းကိုတော့ပါးစပ်တွင်းကိုက်ကာထားသည်။ အနည်းငယ်ချိုအီလွန်းလှပါ၏။


"မင်းရဲ့ သတင်းကြီးဆိုတာကရော?"


မျက်မှန်ဝိုင်းမှာ ထိုအခါမှပင်သူ၏တာဝန်ကိုသူ သတိပြန်၍ရလာပြီး ပေါင်ကိုတစ်ချက်ရိုက်လိုက်ကာ. . .


"FUCK. . မေ့တော့မလို့ ၊ အစ်ကိုကျောင်းရေ ဒီနှစ်ကတော့ ထူးထူးကဲကဲပဲ ၊ သောက်လခွမ်း နတ်ဘုရားက ကြိုးကိုင်ခြယ်လှယ်နေတဲ့အတိုင်းပဲ. . .  . . . ရှဲ့ယွီလေ မင်းနဲ့အခန်းအတူတူပဲ။"


"ဘယ်သူ?"


"အနောက်ဆောင်ရှဲ့ယွီ ဆိုတဲ့တစ်ယောက်လေ။"



အထက်တန်းဒုတိယနှစ်အဖွဲ့ ဆရာများရုံးခန်းအတွင်း၌. . .


ဒီနှစ်အခန်းခွဲတာကို ဘယ်သူခွဲတာလဲ? ကွန်ပြူတာနဲ့ အလျဉ်းသင့်ရွေးလိုက်တာလား ဒါမှမဟုတ် ဒီနှစ်တာဝန်ရှိသူလုပ်တာလား? အခန်းခွဲတာကို ဒီလိုမျိုးဖြစ်ကတတ်ဆန်း ခွဲလို့မရဘူးလေ။ အခန်းခွဲတဲ့အခြေအနေကို ဆရာတွေကအရင်ဆုံးကြိုသိနေတာတောင် လက်ခံလိုက်တာကတော့ မဖြစ်နိုင်ဘူးလေ။


ဆရာမတစ်ဦးမှာ water cooler ရှေ့တွင်ရပ်၍ရေထည့်ကာနေရင်းမှ. .


"ဒီစာသင်နှစ်မှာ ယဉ်ကျေးမှုအတန်းက စုစုပေါင်း(၃)တန်းရှိတယ် ၊ ဝိဇ္ဇာ နဲ့ သိပ္ပံ ဆိုပြီးခွဲတာမလို့လည်း သုံးတန်းမှာမှ သိပ္ပံတန်းကတစ်တန်းပဲရှိတော့ ဒီလိုခွဲလိုက်တာက သိပ်ပြီးတော့လည်းမထူးဆန်းပါဘူး။"



အမှတ်(၂)လိယန်ကျောင်းဟာဆိုလျှင် အနုသုခုမဘက်ပိုင်းကိုပိုအသားပေးသော ကျောင်းတစ်ကျောင်းဖြစ်၏။ Culture ပိုင်း၌မှာတော့ အခြားကျောင်းက ကျောင်းသားများကို မယှဉ်နိုင်ဘဲရှိသည့်တိုင် အနုသုခုမဘက်ပိုင်းတွင်တော့ မဆိုးလှတဲ့စံနှုန်းများရှိလေသည်။ ပထမနှစ်ကတည်းကိုက ကျောင်းသားများအား အနုပညာလမ်းကြောင်းသို့သွားရန် ကျောင်းကအားပေးအားမြှောက်ပြု၏။ ဒုတိယနှစ်၌အခန်းခွဲရခြင်းမှာ Cultureကျောင်းသား ၊ အနုပညာကျောင်းသား ဟူ၍ရှင်းရှင်းလင်းလင်းဖြစ်စေရန် ခွဲခြင်းဖြစ်ပါ၏။


ထိုဆရာမမှာ ရေထည့်လို့အပြီးမှာတော့ ဆက်၍ပြောလာခဲ့သည်။


"ဒီကလေးနှစ်ယောက်က ဆိုးနေစေဦးတော့ ကလေးတွေပဲမဟုတ်လား ၊ မလုပ်ကြည့်ရသေးဘဲနဲ့ မဖြစ်နိုင်ဘူးလို့ဘယ်လိုလုပ်ပြီးသိလဲ၊ ပြောမရဘူး ကိစ္စက ငါတို့တွေးနေသလောကြီးလည်း ဆိုးချင်မှဆိုးမှာပါ။"



"နင်ကရတယ်ပေါ့?"


နေရာတွင်သာ ထိုင်မြဲထိုင်လျက်နှင့် နှုတ်ဆိတ်လို့သာနေသည့် နောက်ဆရာမတစ်ဦး၏မျက်နှာကား ညိုမည်း၍လာ၏။ နားထောင်ကာနေသည့်အဆုံး ဒီအထိရောက်လာခဲ့ချိန်မှာတော့ မအောင့်အည်းနိုင်တော့ပဲရှိချေသည်။


"တကယ်ကြီး နင်ကရတယ်ဆိုရင်လည်း နင်ပဲတာဝန်ယူလိုက်တော့လေ။"


". . . . . ."


ခုနလေးက ရေထည့်လို့နေသည့်ဆရာမမှာ နှုတ်ဆိတ်လို့သွားခဲ့ပါ၏။


"ဆရာမရွှီ စိတ်မဆိုးပါနဲ့ ၊ ရှောင်လျှိုက ဒီလိုပဲပေါ့ပေါ့တန်တန်ပြောလိုက်တာပါ။"


အခြားဆရာများကလည်း အခြေအနေမဟန်သည်ကိုတွေ့တော့ ဝင်ရောက်နှစ်သိမ့်လို့လာကြ၏။


"ဒီတစ်ခေါက်အခန်းခွဲတာက တကယ်တရားလွန်လွန်းပါတယ် ၊ အခန်း(3)ရဲ့အတန်းပိုင်ဆိုတဲ့နေရာကို ဘယ်သူကမှလည်းပြောင်းဖို့ ဆန္ဒရှိကြမှာမဟုတ်ဘူးပဲ။"



ရွှီရှာ ၊ အခန်း(3)၏ အတန်းပိုင်။ ပထမဆုံးအကြိမ် အခန်းခွဲနာမည်စာရင်းကိုမြင်ချိန်၌ သူမမှာ သတိပင်လစ်လုနီးနီးဖြစ်သွားခဲ့၏။


သူမ စာသင်သည့်လုပ်သက်မှာ(၁၀)နှစ်ကျော်ရှိပြီဖြစ်ပြီး သူမ၌ များစွာသော ထူးချွန်အောင်မြင်ခြင်းတို့မရှိသော်ငြား အရည်အချင်းကတော့ဖြင့် ရှောင်လျှိုထက်အမြဲသာပါ၏။ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ကျောင်းကသူမအားအခက်တွေ့စေတာပဲဟု သူမဘာသာတွေးနေမိရသည်။ မစဉ်းစားမတွေးခေါ်ပါဘဲနဲ့ ဘွင်းဘွင်းရှင်းရှင်းကြီးဆိုလိုက်မိသည်ကိုတော့ဖြင့် ပြီးကာမှသိလိုက်လေသည်။ EQနှိမ့်သည့်ပင်ကိုစရိုက်ကြောင့် လူအများကိုအပြစ်ပြုမိသည်မှာမနည်း။


"ဘာကြောင့်လဲ? ဘာကြောင့် ဒီလိုအခန်းမျိုးမှ ကျွန်မလက်ထဲရောက်လာရတာလဲ? ဒါက ကျွန်မကို တမင်သက်သက်ကြီး အခက်တွေ့စေတာမဟုတ်လို့ဘာလဲ?"


ရွှီရှာမှာ ဒေါသထွက်လွန်း၍ ခဏနေရှိမည့် အတန်းအစည်းအဝေးအတွက်တောင် ဘာတစ်ခုမှမပြင်ဆင်ချင်တော့ဘဲရှိလေသည်။


"ကျောင်းက ဘယ်လိုတွေးလိုက်တာလဲ ၊ မထူးပါဘူး ကြွက်နှစ်ကောင်ကို ကျွန်မရဲ့ ဒီဆန်ပြုတ်အိုးထဲပဲ ချီးပါချခိုင်းလိုက်တာကောင်းပါတယ်ဆိုပြီးများ တွေးနေရော့သလားပဲ။"



rate now: