ရှဲ့ယွီကဆိုသည် - "သောက်ရမ်းကို စိတ်ချောက်ချားစရာပဲ။"
ရှဲ့ယွီသည် အိပ်ခါနီးလေးမှာတင် စိတ်အခြေအနေကောင်းလှစွာဖြင့် friend group ထဲစာတိုတစ်စောင်တင်လိုက်၏ - ပြီးဆုံးသွားပြီ။ [/Smile emoji]
ကျိုးသာ့လေတစ်ယောက်မှာတော့ ထပ်မံ၍ အတွေးဇာတ်ခင်းမိရပြန်လေသည်။
ကျိုးသာ့လေသည် friend groupထဲက ချစ်သူငယ်ချင်းကြီး၏ တစ်ပတ်ကျော်အတွင်းက message အကြောင်းအရာတွေအကုန်အား စုစည်းကြည့်လိုက်မိပါ၏။ စိတ်ထဲကနေ မြင်ယောင်လျက် တွေးတောမိသည်ကတော့ဖြင့် ထူးထူးကဲကဲ ကြေကွဲလွမ်းဆွတ်ဖွယ်ကောင်းလျက် ၊ မခွဲနိုင်မခွာနိုင်ဖြစ်ရင်း ၊ ကိုယ်ကမင်းကိုချစ်တယ် မင်းကတော့သူ့ကိုချစ်တယ်နှင့် အဆုံးသတ်မှာတော့ မင်းကကိုယ်နဲ့မထိုက်တန်တဲ့အတွက် ကိုယ်မင်းကိုမရနိုင်မှတော့လည်း မင်းကိုဖျက်စီးပစ်မယ်ဆိုတဲ့ စသည့်အပျံသင်စအရွယ် အချစ်ပုံပြင်ကိုပဲဖြစ်လေသည်။
Plot twistပေါင်းများစွာနှင့် အဆက်မပြတ်ဇာတ်ရှိန်တက်လျက် လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်လှုပ်ရှားစရာလည်းကောင်းလှပေ၏။
ကျိုးသာ့လေသည် သတိကလေးနှင့် အရေးစိုက်ကာ commentဝင်ရေးလိုက်ပါသည် - ". . . . . . အတိတ်ကို အတိတ်မှာပဲထားလိုက်ပါတော့။"
ရှဲ့ယွီကတော့ ဒီလိုမရှင်းမရှင်းနဲ့ ခေါင်းခြောက်စရာမျိုးအား နားမလည်ပဲရှိ၏။ ဘရားသားရေ မင်းငါ့အကြောင်းအတွင်းသိအဆင်းသိ သိနေသလိုမျိုးက ဘယ်ကနေများရောက်လာရတာလဲ။
"မင်းက ဘာသိလို့လဲ?"
ကျိုးသာ့လေက စာပြန်လာ၏။
"ငါသိပါတယ်ကွ . . . . . . ငါနားလည်တယ် ၊ မင်းစိတ်မကောင်းဖြစ်မနေနဲ့။"
. . . . . .
ရှဲ့ယွီသည် နောက်ပိုင်း၌ မိမိကိုယ်မိမိ တစ်ကြိမ်ထက်မနည်းမေးခဲ့ဖူးသည်။ ဤဂိမ်းမှာကအပျက်အစီးတွေ ဒီလောက်များမှန်းလည်း သိလို့နေပြီး မရပ်မနားဆိုသလို နောက်ကလိုက်လျက်ရှိသည့် ရူးကြောင်ကြောင် ကစားသမားတစ်သိုက်နဲ့ ကြုံတွေ့လို့နေရတဲ့ ဒီဂိမ်းအားဖွင့်ဆော့ရလေမလား မဖွင့်ရလေဘူးလားဟူ၍။
--သူမဆော့သင့်တော့ဘူး။
မဆော့ဘူး။
သေတောင် သွားမဆော့တော့ဘူးပဲ။
ရှဲ့ယွီ 'Question King' ဆိုသူအား ထိပ်ကနေဖြုတ်ချပစ်လိုက်သည့် ထိုနေ့ညတုန်းကဆို အားလုံးမှာ အောင်ပွဲခံကြလေသည်။
ဆင်းရဲသားပြည်သူလူထုတွေ အဆုံး၌ မတရားဖိနှိပ်ချုပ်ချယ်ခံရမှုမှ ကင်းဝေးလွတ်ငြိမ်းခွင့်ရသွားသကဲ့သို့ပင်ရှိသည်။ ထရပ်၍ သီချင်းပင်အော်ဆိုချင်သွားကြရပြီး မေးခွန်းတွေလုပ်ချိန်ဆို ideaတွေကပိုလို့ပင် ချောမွေ့ညက်နေလေတော့သည်။
'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - 7လပိုင်း 25ရက်နေ့ ၊ ငါ ဒီရက်လေးကို ထာဝရမှတ်မိနေမှာ ၊ ချုပ်ချယ်မှုကင်းဝေတဲ့နယ်မြေထက်က ကောင်းကင်ကတော့ အပြာရောင်မိုးကောင်းကင်ပဲ။
'ဝေါဟာရတွေအာဂုံဆောင်ရတာကို ငါနှစ်သက်တယ်' - Question King တစ်ယောက်တော့ ပြုတ်သွားရှာပြီ ၊ ထောင်သောင်းမကလူတွေအတွက် မျော်လင့်ချက်ဆိုတာလေးကို လှမ်းမြင်နေရပြီကွ။
'Top10 ဝင်သူ' - သွားအိပ်ပြီဟေ့ ၊ အူမြူးနေပြီ ၊ မနက်အိပ်ယာကထရင်တော့ ငါ့ရဲ့ပျော်ရွှင်မှုကိုဖော်ပြတဲ့အနေနဲ့ မေးခွန်း(၁၀)စုံကျော်လောက်ကို ဖြေပစ်ဦးမယ်။
ထိုလူတစ်စုမှာကား ကြာကြာပင်မပျော်လိုက်ရပေ ၊ 'Top10 ဝင်သူ'မှာလည်း မေးခွန်း(၁၀)စုံကျော်ဆိုတာပင် လုပ်မပြီးသေးဘူး နောက်နေ့ညတွင်ပဲ ပျောက်ဆုံးနေပါသည့် အရှက်မရှိဆိုသူမှာ လိုင်းပေါ်တက်၍လာလေတော့သည်။ ထိုဘရိုမှာ တစ်လျှောက်လုံးပဲ မိုးလင်းချိန်အထိကို မေးခွန်းတွေ ထိုင်လုပ်တော့သည်။ မအိပ်မနားပဲ မလျှော့သောဇွဲဖြင့် အဆင့်(၁)ဆိုသည့်နေရာအား တဖန်ပြန်၍လုယူလိုက်လေ၏။
ချုပ်ချယ်မှုကင်းဝေတဲ့နယ်မြေထက်က ကောင်းကင်ကတော့ ဆက်လက်၍ပြာမနေတော့ပါချေ။
ရှဲ့ယွီ နောက်တစ်ခေါက်လိုင်းတက်လာချိန်တွင် မြင်တွေ့လိုက်ရသည်မှာတော့ chat boxတစ်ခုလုံးတွင် ပူဆွေးသောကဖြစ်လျက်မှ ဆဲဆိုလို့နေကြရင်း X Godအား ထိပ်တိုက်လာချဖို့ရန် အော်ဟစ်လို့နေကြ၏။ တင်းမာခက်ထန်သည့် အနေအထားမှာရှိနေလေသည်။
(T/N : X God = ဂိမ်းကစားတဲ့သူတွေ ရှဲ့ယွီကိုခေါ်တဲ့အသုံးအနှုန်းပါ။)
'အင်္ဂလိပ်စာအတန်း ကိုယ်စားပြု' - မင်းတို့မနေ့က ပွဲသွားကြည့်ကြတယ်ပေါ့?
'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - ". . . . . . ဟုတ်တယ် ၊ အရှက်မရှိကောင်ကလေ တစ်ဝက်လောက်ဖြေအပြီးမှာ ငါတို့ကြည့်နေကြတာလည်း သိရော အဖြေနေရာမှာ 'ကြည့်မနေနဲ့ ၊ မင်းတို့ကြည့်လည်း နားလည်မှာမဟုတ်ဘူး' ဆိုပြီးရေးလာတာဗျာ။
'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - သူက အကွက်အသေးလေးဖွင့်ပြီး ငါတို့chat boxထဲကိုဝင်ကြည့်ပြီးတော့ကို ငါတို့ကိုအရှက်ခွဲသေးတာ။
ရှဲ့ယွီ : ". . . . . ."
အားလုံးပဲ X Godအား အသားကုန်အားပေးကြသည့်အားလျော်စွာ ရှဲ့ယွီနှင့် Question Kingတို့မှာ အကြိမ်ပေါင်းများစွာ ချကြပေမယ့် နှစ်ဦးသားဟာဆိုလျှင် ဒီနေ့မင်းအဆင့်(၁)ဆို နောက်နေ့ကငါအဆင့်(၁)ဖြင့် ရှိနေကြ၏။ ကိုယ့်အဆင့်ကိုယ်ထိန်းသိမ်းဖို့ရန်အတွက် သုံး/လေးရက်လောက်ကို မအိပ်စက်နိုင်ရှိကြကာ ပင်ပန်းသည်မှာ ဆက်သာဆော့နေလျှင်တော့ သေဖွယ်ရာသာရှိတော့သည်။
သူသည် ဒီအတိုင်းနဲ့ လက်လျှော့၍ လိုင်းပေါ်မှဆင်းပြီး အိပ်ဖို့ရန်သာတွေးဆနေမိ၏။ ဆက်ချနေမည်ဆိုရင်တောင် ဘာမှစိတ်ဝင်စားစရာရှိတော့မည်မဟုတ်ချေ ၊ ထို့အပြင် ကိုယ့်လက်နှစ်ဖက်ကိုယ်ကိုယ် မထိန်းချုပ်လိုက်နိုင်ပါက တစ်ပုဒ်ဖြေပြီးတာနဲ့ အကျင့်ပါနေကြအတိုင်း နောက်တစ်ပုဒ်လုပ်ဖို့ဆက်နှိပ်မိရင်း နှိပ်တာနှိပ်တာဆိုတာ systemကနေတောင် noti တက်လာပေတော့မည်။
[Question King ထံမှ သင့်ကို friend request ပို့လာပါတယ် ၊ လက်ခံပါမည်လား။]
ရှဲ့ယွီသည် သုံး/လေးကြိမ်လောက်ကို ငြင်းဆိုပစ်လိုက်ရလေ၏။ သို့တိုင်အောင် ထိုအနေအထားကိုကြည့်ခြင်းအားဖြင့် သူသာလက်မခံပါက ဒီလုပ်လက်စပုစ္ဆာအား သူဆက်လုပ်ဖို့ရာပင်လမ်းမမြင်ပါတော့ချေ။
Question King : မင်းမပင်ပန်းဘူးလား?
jsdhwdmaX : ?
Question King : ဆွေးနွေးမလို့ ၊ အတိုက်အခိုက် ရပ်စဲကြရအောင် ၊ ငါသွားအိပ်တော့မယ်။
နှစ်ဦးသား သဘောတူညီမှု ရရှိပြီးဖြစ်၍ ရှဲ့ယွီသည် လိုင်းပေါ်ကဆင်းဖို့ရာဆုံးဖြတ်လိုက်လေသည်။ သို့တိုင် သူရေချိုးလို့ပြီးနောက် ကုတင်ပေါ်တက်လိုက်ချိန်၌ အမှတ်မထင်ဆိုသလို friendဖြစ်နေသည့် 'Question King' ၏လိုင်းပေါ်တွင်ရှိနေကြောင်းဖော်ပြရာနေရာနောက်နားလေး၌ စာလုံးသေးလေးဖြင့် [မေးခွန်းတွေ ဖြေဆိုနေဆဲ] ဆိုသည့်စာကြောင်းအား သွား၍မြင်မိတော့သည်။
". . . . . ."
တစ်ပါးသူရဲ့ကလိမ်ကကျစ်ကျခြင်းအား ခံလိုက်ရပြီဟူ၍ ရှဲ့ယွီခံစားမိသွားရလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် နွေရာသီကျောင်းပိတ်ရက် တစ်ဝက်ခန့်ကကုန်ဆုံးသွားလေပြီ။ ကျောင်းတွေပြန်ဖွင့်ခါနီးပြီဖြစ်သည့်အားလျော်စွာ ကုရွှယ်လန်မှာ ကာယကံရှင်ရှဲ့ယွီထက်ကိုပိုပြီး စိတ်လှုပ်ရှားလျက်ရှိ၏။ ကျောင်းသွားတက်မည့်သူက သူမကိုယ်တိုင်အလားပဲရှိကာ. .
"အိမ်စာတွေ အကုန်လုပ်ပြီးပြီလား?"
"အင်း။"
"အထက်တန်း ဒုတိယနှစ်ဆို အခန်းခွဲပြီဟုတ်တယ်မလား?"
"အင်း။"
ကုရွှယ်လန်သည် ရှဲ့ယွီ၏ပန်းကန်ထဲသို့ ကြက်ဥကြော်ခပ်ထည့်လို့ပေးရင်း ပျော့ပြောင်းညင်သာတဲ့နည်းလမ်းကိုသာသုံးဖို့ ဆုံးဖြတ်လိုက်၏။
"ဘယ်အခန်းရမလဲ မသိပေမယ့် ဒီစာသင်နှစ်မှာတော့ မင်းထိန်းထိန်းသိမ်းသိမ်းလေးနေနော် ၊ တစ်ခုခုဖြစ်ရင်လည်း စိတ်လိုက်မာန်ပါတွေမလုပ်နဲ့ ၊ အရင်ကပြီးခဲ့တာတွေကိုလည်း မား မင်းနဲ့အငြင်းပွားမနေတော့ဘူး ၊ ဒီစာသင်နှစ်ကစပြီး မင်းကောင်းကောင်းလေးလုပ်။"
". . . . . . အင်း။"
သူမဘာပဲပြောပြော ရှဲ့ယွီကတော့ 'အင်း' တစ်လုံးသာလိုက်သည်။ ဒီလိုပဲထောက်ခံနေသည့်တိုင် ပြီးသွားရင်တော့ လုပ်ချင်ရာကိုသာ လုပ်မည်မှန်း ကုရွှယ်လန်ကတော့သိနေပါ၏။ သူမသည် ပန်ကန်လုံးနှင့်တူကိုချလိုက်ပြီးနောက် စကားဆက်မဆိုတော့ပဲ ရှဲ့ယွီစားနေသည်ကိုသာ ငြိမ်သက်စွာရှေ့ကနေထိုင်၍ ကြည့်နေမိလေသည်။
ရှဲ့ယွီသည် တူဖြင့်ငါးကိုဖဲ့ယူလိုက်ကာ သေသေချာချာလေးအရိုးနွှင်ပြီးနောက် ကုရွှယ်လန်၏ပန်းကန်ထဲထည့်ပေးလိုက်ပြီး ခေါင်းမော့လာလျက်ဆိုသည်။
"ဘာလို့မစားတော့တာလဲ? ကျွန်တော့်ကိုကြည့်တာနဲ့ ဗိုက်ဝလို့လား?"
ကုရွှယ်လန်မှာ ထိုငါးအသားတုံးလေးအား မိနစ်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေမိပြီး စကားဆိုချင်ပေမယ့်လည်း အဘယ်သို့ပြောရမှန်းမသိဖြစ်လျက် လေသံတို့မှာ အနည်းငယ်သတိထားဟန်လေးပါဝင်ကာနေသည်။
"အထက်တန်း ဒုတိယနှစ်ကို ကျောင်းကအဆောင်မှာပဲဆက်နေဦးမှာလား?"
ရှဲ့ယွီ၏ လက်တို့ကရပ်တန့်သွားခဲ့၏။
မဒမ်ကု၏ဆိုလိုချင်ပုံကို သူနားလည်သည်။
ကျုံးကျယ်မှာ တက္ကသိုလ်ပထမနှစ်တက်ရောက်ရတော့မှာဖြစ်တာကြောင့် ထိုအချိန်ဆို အိမ်တွင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းပင်ဆိုင်မိကြမည်မဟုတ်။ ရှဲ့ယွီနှင့် ကျုံးကျယ်မှာ တွေ့တာနဲ့သတ်ကာ တွေ့လိုက်တာနဲ့ကို တားမည့်သူသာမရှိလျှင် မိနစ်ပိုင်းအတွင်းမှာကို ချကြသတ်ကြတော့၏ ၊ တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူ့ကို ဘယ်သူမှ သည်းညည်းမခံနိုင် ကြည့်မရရှိကြလေသည်။
ကုရွှယ်လန်က ထပ်၍မေးလာခဲ့ပြန်သည်။
"အိမ်မှာပဲပြန်လာနေဖို့ စိတ်ကူးမရှိဘူးလား?"
ရှဲ့ယွီသည် ပန်ကန်တွင်းကျန်နေသေးသည့် ဟင်းအနည်းငယ်အား ခပ်မြန်မြန်ကုန်အောင်စားလိုက်ပြီးမှ. .
"တော်ပါပြီ ၊ အဆောင်နေရတာက အတော်လေးကောင်းတယ် ၊ အနေအထားကလည်း မဆိုးလှဘူး ၊ အတန်းတက်ရတာလည်း အဆင်ပြေတယ် ခြေလှမ်းအနည်းငယ်လှမ်းလိုက်တာနဲ့ကို စာသင်ခန်းထဲရောက်ပြီလေ။ ပြီးတော့ ကျွန်တော်က စနေ၊တနင်္ဂနွေဆို ပြန်မလာတာမှ မဟုတ်ဘဲ။"
ကုရွှယ်လန်မှာ ထပ်ကာပြောဦးမည်ပေမယ့် ရှဲ့ယွီက ကြားဖြတ်ပြောလာပြန်သည်။
"မား ၊ မားနဲ့လည်းမဆိုင်ပါဘူး ၊ အများကြီး လျှောက်တွေးမနေနဲ့ဦး။ ကျွန်တော်အဆောင်နေတာက ကျုံ့ကျယ်ကြောင့်လည်း မဟုတ်ဘူး ၊ မားကြောင့်လည်း မဟုတ်ဘူး ၊ ကျွန်တော့် ပြဿနာနဲ့ကျွန်တော်မို့ရယ်။"
"မင်း ပြဿနာနဲ့ မင်း ၊ ဘာပြဿနာလဲ?"
ရှဲ့ယွီသည် အများကြီးဆက်မပြောချင်ဘဲရှိပြီး ဘယ်လိုပြောရမှန်းလည်း မသိတာနဲ့. .
"ဘာမှမဟုတ်ဘူး ၊ ဒီအတိုင်း အဆောင်နေရုံပါပဲ ၊ ကျွန်တော်လည်း အရွယ်ရောက်နေပြီဟာ မား စိတ်ပူနေစရာမလိုပါဘူး။"
အဆင့်(၂)ရှိသည့် လိယန်ကျောင်းဟာဆိုလျှင် ကျောင်းသူကျောင်းသားတွေ အဆောင်နေခြင်းကို အလွန်ပဲအားပေး၏။ ထိုသို့က ကျောင်းသားတွေအား ကိုယ့်အစွမ်းအစနဲ့ကိုယ် ရပ်တည်နိုင်စွမ်းရှိစေဖို့ လေ့ကျင့်ပေးရာရောက်သည်ဟူ၍ ထင်သောကြောင့်လည်းပါသည်။
ကျောင်းစဖွင့်သည့် ပထမရက်ကတည်းမှာကိုက ကျောင်းအုပ်ကြီးမှာ 'ကျောင်းအိပ်ကျောင်းစား' အကြောင်း ဆော်သြစည်းရုံးလေသည်။
"ကျောင်းဆိုတာ ကျောင်းသား/သူတွေ စာသင်ကြားရာနေရာတစ်ခုပဲ ၊ သို့ပေမယ့် အုပ်ထိန်းသူမိဘပြည်သူအပေါင်းတို့ ကလေးတွေရဲ့ မတူညီတော့တဲ့ အရွယ်ရောက်လာမှုဖြစ်စဉ်အပေါ်မှာ ခင်ဗျားတို့ကလည်း အဆက်မပြတ်ဆိုသလို လေ့လာနေရမှာ ၊ ထိုအထဲကမှ အရေးအကြီးဆုံးဘာသာရပ်တစ်ခုကတော့ အချိန်တန်ပြီဆိုရင် လက်လွှတ်ပေးလိုက်ရမှာပဲ. . . . . . ဘယ်လိုပြေးရမယ်ဆိုတာကို သူတို့သိနေပြီ ၊ ခင်ဗျားတို့ရဲ့ရှေ့မှောက်ထံကို ပြေးလာတတ်နေပြီ ၊ ဒါကိုမှ ခင်ဗျားတို့က သူ့ကို လမ်းလည်းမလျှောက်တတ် ၊ ထမင်းလည်းမစားတတ်သေးတဲ့ ကလေးသေးသေးလေးတွေလို သဘောထားနေတုန်းပဲလား? ဒါက သတ္တိရှိရမှာတော့ ဟုတ်တယ် --- --- ခင်ဗျားတို့က သူ့ကိုမြတ်နိုးတယ်ဆိုပေမယ့် အသည်းမာမာထားပြီး သူတို့ကို လဲကျရင်လည်းကျစေပြီး သူတို့လေးတွေကို သူတို့ဘာသာပဲပြန်လည်ထရပ်လာတတ်အောင်လုပ်ရမယ်။"
ဘာကြောင့်မှန်းတော့မသိ ၊ ကုရွှယ်လန်သည် ထိုစာတစ်ပိုဒ်ကိုတော့ စိတ်ထဲစွဲနေသည်အထိ မှတ်မိကာနေ၏။
ထိုစကားထဲ၌ အခြေခံသဘောတရားတွေအတော်လေးပါဝင်နေတာကိုတော့ သူမမဖြစ်မနေဝန်ခံရပေမည်။ သို့တိုင် တစ်ခါတစ်လေတော့ သဘောတရားတွေသိနေရင်တောင်မှ ဘာဖြစ်သေးသလဲ။
"ဒီလိုဆို ငါမင်းကို ပစ္စည်းတွေကူထည့်ပေးမယ်။"
ကုရွှယ်လန် ကဆို၏။
"အကုန်တော့ ကြိုတင်ပြင်ဆင်ပြီးပြီ ၊ ဘာကျန်သေးလဲကြည့်ကြည့်ဦး။"
အဝတ်အိတ်အထုပ်အပိုးတွေ ပြည့်ဖောင်းလာတာနဲ့အမျှ နွေရာသီကျောင်းပိတ်ရက်သည်လည်း ပြီးဆုံးဖို့ရာနီးကပ်လို့လာလေပြီ။
ထိုနည်းတူစွာ Question King အဆင့်ဆင့်ယှဉ်ပြိုင်ပွဲဂိမ်း၏ နွေရာသီကစားပွဲသည်လည်း ပြီးဆုံးခါနီးပြီဖြစ်သည်။
ယခင်ကတော့ ရှဲ့ယွီနှင့် Question King တို့နှစ်ဦးမှာ မျက်လုံးမဖွင့်နိုင်တော့သည်အထိကို ယှဉ်ပြိုင်ကြပြီး နောက်တွင်မူ နှစ်ဦးသားမှာ အဆုံးပိတ်ဗိုလ်လုပွဲအတွက်သာ ရက်တစ်ရက်သတ်မှတ်၍ချိန်းဆိုလိုက်ကြတော့၏။ ထို့နောက်တွင်တော့ လုံးဝဥဿုံကို ထပ်ပြီးလိုင်းမတက်ကြတော့ချေ။
ရှဲ့ယွီမှာ အစကတော့ ဒါကအရှက်မရှိကောင် အကြံအဖန်လုပ်ပြန်တာပဲဟု ထင်မိလိုက်သေး၏။ နောက်ပိုင်း ရက်အနည်းငယ်ကြာသည်အထိ တိတ်တဆိတ်စောင့်ကြည့်နေသည့်တိုင် Question Kingမှာ တကယ်ဘဲလိုင်းပေါ်တက်မလာ မေးခွန်းတွေလည်းမလုပ်တော့သည်ကိုတွေ့ရတော့ သူပင် အတော်လေး အံ့သြသွားခဲ့ရသည်။
အရင်တစ်ခေါက် နောက်ဆုံးဂိမ်းထဲဝင်ပြီးနောက် တစ်လအကြာတွင်မှပဲ ရှဲ့ယွီသည် ဉာဏ်ပညာအသီးနဲ့ Appအားဖွင့်လိုက်လေသည်။ ဉာဏ်ပညာအသီးမှာ screenထက်တွင်နှစ်ပတ်ခန့်မျှလည်ပြီးသွားသည့်နောက်တွင်တော့ စာလုံးကြီးကြီးနဲ့ စာတစ်ကြောင်းပေါ်ထွက်လို့လာ၏ - ရင်းနှီးမြုပ်နှံသူတွေ နှုတ်ထွက်သွားခြင်းကြောင့် ဂိမ်းအားယာယီဆက်သွယ်၍မရနိုင်ပါ။
". . . . . ."
တကယ်ကြီး ရပ်စဲလိုက်ပြီ?
ဒီလို လုံးလုံးလျားလျားကြီးကို ရပ်စဲပစ်လိုက်ပြီပေါ့လေ?
ရှဲ့ယွီသည် စာလေ့လာခြင်းကို စွဲလမ်းရူးသွပ်နေကြသည့် လူတစ်စုပြောလာမည့်စကားတို့ကိုပင် မှန်းဆလိုက်မိရ၏ -
"ရင်းနှီးမြုပ်နှံမှုကို ရုပ်သိမ်းတယ်? စာလေ့လာရတာက ဒီလောက်ပျော်ဖို့ကောင်းတဲ့ဟာကို ဘာလို့ဘယ်သူမှမကစားကြတာလဲ ၊ စာလေ့လာရတာကို ချစ်မြတ်နိုးတဲ့လူတွေ ဘာလို့ဒီလောက်တောင် နည်းပါးနေရတာလဲ?"
ရှဲ့ယွီတစ်ယောက် ကျိုးသာ့လေ ဆက်လာသည့်ဖုန်းအားကိုင်မိထားပေသည့်တိုင် အာရုံကတော့ပြန်ရမလာသေးချေ။
"ရှဲ့Boss ၊ မင်းညကျရင်လာမှာလား ၊ အန်တီမေပြောတာတော့ မင်းကျောင်းပြန်ဖွင့်တော့မှာကို ဂုဏ်ပြုတဲ့အနေနဲ့ ထမင်းလာစားဖို့ခေါ်ထားတယ်ဆို ၊ ငါတို့ကိုလည်း မင်းကိုအားပေးစကားပြောဖို့ ခေါ်ထားသေးတယ် ၊ စာသစ်နှစ်အစမှာ မင်းရဲ့စာလေ့လာမှု စွမ်းရည်ကို ဖော်ထုတ်နိုင်စေအောင်ဆိုပြီး. . . . . ..ရှဲ့Boss? ကြားရင်လည်း အသံလေးဘာလေးပေးဦးလေးကွာ ၊ မင်း နွေကျောင်းပိတ်ရက်တစ်ခုလုံး ဘာတွေလုပ်နေတာလဲ ၊ မင်းကြည့်ရတာ နေ့တိုင်း စိတ်ချောက်ချားနေသလိုပဲ။"
"အဟုတ်ကို စိတ်ချောက်ချားနေတာ။"
ရှဲ့ယွီကဆိုသည်။
"သောက်ရမ်းကို စိတ်ချောက်ချားစရာပဲ။"
ကျိုးသာ့လေသည် နောက်ကျမှအိပ်ယာကထလျက် သန်းဝေလိုက်၏။ ကိုယ်ပေါ်၌လည်း ဘောင်းဘီတိုတစ်ထည်သာဝတ်လို့ထားပြီး လက်တစ်ဖက်ကနေ အဖြူပေါ်၌အနီရောင်ပန်းများဖော်ထားသည့် သံဇလုံအားဆွဲလာလျက် အခန်းအပြင်သို့ထွက်လာလိုက်သည်။ သူသည် ထိုမျက်နှာသစ်ဇလုံအား ရေပိုက်ခေါင်းအောက်၌ချလိုက်ပြီး ရေဖွင့်ချလိုက်၏။ ရေကျသံအား နားထောင်ရင်းမှ စကားဆိုလိုက်သည်။
"မင်း ဘယ်အချိန်လာမှာလဲ? ငါ မင်းကိုကားဂိတ်လာကြိုမယ်။"
ရှဲ့ယွီပြောလိုက်ပါ၏။
"ခြေလှမ်းအနည်းငယ်လောက်လျှောက်ရတဲ့လမ်းကို မင်းကချီးကိုကြိုနေ။"
ကျိုးသာ့လေ : "ညီအစ်ကိုတွေပဲဟာ ၊ ကိစ္စမရှိဘူး ငါလာခဲ့မယ် ၊ ငါအိမ်မှာရှိနေရင် အဲ့မိန်းမကြီးတွေရဲ့ နားပူနားဆာလုပ်တာခံနေရဦးမှာ. . . . . . ဒါနဲ့ အန်တီလန်ရောလာမှာလား?"
"မလာဘူး။"
ရှဲ့ယွီကဆိုသည်။
"သူ့မှာကိစ္စရှိလို့တဲ့။"
"ဒါကမပြောရင်သာ ဘယ်လိုမှမနေတာ ၊ ပြောမိမှပဲ မတွေ့တာတောင် အတော်လေးကြာနေပြီလို့ ခံစားမိတယ်။"
ကျိုးသာ့လေက ဆိုလာပြန်၏။
"ဒါဆို ဟုတ်ပြီလေ ငါဖုန်းချလိုက်တော့မယ် ၊ ငါမျက်နှာသစ်တော့မလို့။"
ရှဲ့ယွီ ကားပေါ်ကနေဆင်းလိုက်ချိန်၌ ကျိုးသာ့လေမှာ ပါးစပ်ကလည်းစီးကရက်ခဲလျက် ညှပ်ဖိနပ်စီးကာထားပြီး လမ်းညွှန်ဆိုင်းဘုတ်ဘေးနား၌ ဆောင့်ကြောင့်ထိုင်၍ စီးကရက်ဖွာရှိုက်ကာနေသည်။ လမ်းသွားလမ်းလာများမှာ သူ့ကိုတွေ့သည်နှင့် လမ်းသရဲဟုထင်မှတ်ကာ ကွေ့ဝိုက်ရှောင်ဖယ်ကာသွားကြသည်။
ရှဲ့ယွီသည် သူ့အားခြေမြှောက်၍ကန်ထည့်လိုက်ပြီး. .
"ဟိတ်ဟန်ထုတ်လို့ဝပြီမလား ၊ သွားမယ်။"
ကျိုးသာ့လေသည် စီးကရက်လိပ်အား မြေပြင်ထက် နှစ်ချက်သုံးချက်ခန့်ဖိချေ၍ မီးငြိမ်းသတ်လိုက်ပြီးနောက် ဘောင်းဘီအားဖုတ်ဖက်ခါ၍ထရပ်လိုက်သည်။
"ဟိတ်ဟန်ထုတ်နေတာမဟုတ်ဘူးကွ ၊ ဒီနားလေးက ခုံတန်းလျားကိုဘယ်သူဖျက်ပစ်တယ်မသိဘူး ၊ နို့မို့ဆို ငါအဲ့မှာ ကြော့ကြော့မော့မော့လေးထိုင်ပြီး မင်းကိုစောင့်နေလို့ရမှာ။"
ရှဲ့ယွီ လှမ်းလို့ကြည့်လိုက်၏ ၊ တကယ်လည်းပဲကားမှတ်တိုင်ဘေး၌ နဂိုတုန်းက ထိုင်စောင့်စရာနေရာ ရှိခဲ့လောက်သည်။ ယခုတွင်တော့ သံချောင်း(၄)ချောင်းသည်သာ ထီးထီးကြီးကျန်ရှိကာနေတော့၏။
"မိုက်တယ်နော်။"
ကျိုးသာ့လေက ပြောလို့လာသည်။
"ဘာမဆိုကို လုပ်ကြတာပဲ။ ငါတကယ်ပဲ လေးစားတယ်။"
လက်တလော၌ ကွမ်မောက်စျေးကြီးရှိ အလုပ်တွေမှာပါးနေချိန်ဖြစ်တာကြောင့် ရွှီယန့်မေမှာ အအားရနေသည့်အပြင် ရှဲ့ယွီကျောင်းပြန်ဖွင့်တော့မည်ကိုလည်း သတိရမိတော့ အားလုံးအား ထမင်းအတူလက်ဆုံစားကြရန် အဆိုပြုလာလေတော့သည်။
ရှဲ့ယွီတစ်ယောက်လည်း ဒီရပ်ကွက်ထဲသို့မရောက်သည်မှာ အတော်လေးကြာပြီဖြစ်သည်။
အပြောက်အကွက်တွေထနေသည့်နံရံ ၊ အဆောင်အဦးကြီးနှစ်ခုကြားက ကျဉ်းမြောင်းလှသည့် လျှောက်လမ်းကလေး ၊ တစ်အိမ်ကအော်လိုက်တာနဲ့ လမ်းကြားတစ်လျှောက်ကအကုန်ကြားရလေသည်။ အရင်တုန်းကဆို ကျိုးသာ့လေမှာ အမြဲလိုလိုပင် ဘောင်းဘီချွတ်၍ တင်ပါးနှစ်ခြမ်းလုံးရဲနေသည်အထိ သူ့အမေ၏ဆော်ပလော်တီးခြင်းကိုခံရတတ်သည်။ လေကျစ်၏အမေ စရိုက်ပြီဆိုတာနဲ့ အန်တီမေမှာ မျက်နှာချင်းဆိုင်ရှိ ပြတင်းတံခါးကိုဖွင့်၍ စိတ်ဝင်တစားနဲ့ဝရံတာဘက်ထွက်လို့ အော်ကာပြောတတ်သည်။
"--- --- လေကျစ် ၊ ဘာတွေအမှားလုပ်ထားပြန်တာလဲ? အန်တီမေကို ပြောပြ မင်းအတွက်အကဲဖြတ်ပေးမယ်။"
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မဒမ်ကုကတော့ အတော်လေးကို ကျက်သရေဆည်ကာ လေသံတိုးတိုးနဲ့သာ လူကိုဆဲဆိုကြိမ်းမောင်းတတ်ပြီး သူ့ကိုရိုက်လည်းမရိုက်ပါချေ ၊ အေးတိအေးစက်ဖြင့်ပေါက်ကွယ်တော့မည့် မျက်နှာဘေးသာရှိတတ်၏။
လျှောက်လာခဲ့သည့် တစ်လမ်းလုံး၏ ခေါင်းအပေါ်တည့်တည့်၌ လျှပ်စစ်ဓာတ်ကြိုးတွေနဲ့ပြည့်လို့နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကိုကြည့်ရသည်မှာ ညစ်ပတ်ရှုပ်ပွကာနေလေသည်။
ရှဲ့ယွီနှင့် ကျိုးသာ့လေမှာ အိမ်အပေါက်ဝသို့ပင်မရောက်သေး အန်တီမေက ပြတင်းပေါက်ကိုတွန်းကာဖွင့်လိုက်သည့်အခါမှာတော့ ကြော်ရာမှထွက်လာသည့် ညှော်နံ့နှင့်အတူ မွှေးပျံ့လှသည့် အိမ်ထမင်းဟင်းတို့ရဲ့ရနံ့က ပျံ့လွှင့်ကာလာလေတော့သည်။
"တက်မလာခဲ့နဲ့ဦး ၊ ကုန်စုံဆိုင်သွားပြီး ငါကိုဆားတစ်ထုတ်ဝယ်ပေးစမ်းပါ ၊ အိမ်မှာဆားကုန်နေပြီ။"
ကျိုးသာ့လေသည် ခေါင်းမော့ကာကြည့်လျက်ပြန်ဖြေလိုက်၏။
"သိပြီ ၊ သိပြီ။"
"စံပယ်တွေပွင့်နေပြီပေါ့?"
ကျိုးသာ့လေမှာ ကုန်စုံဆိုင်စီသွားကြစို့ဟူ၍ ပြောမလို့ရှိသေး ရှဲ့ယွီထံမှ ထိုစကားအားကြားလိုက်သည့်အခါမှာတော့ ခေါင်းပင်ချာချာလည်လို့သွားသည်။ သူ့အကြည့်တွေအတိုင်း မိမိအိမ်ဝရံတာထက် လိုက်ကာကြည့်မိတော့ ရိုးရိုးယဉ်ယဉ်ရှိလှသည့် စံပယ်ပန်းအိုးလေးကို သွား၍တွေ့သည်။
"အာ --- --- ဟုတ်တယ် ၊ သာ့မေထွက်သွားခါနီးတုန်းကပေးသွားတဲ့အိုးလေး ၊ အဖူးလေးမှသုံးဖူးလောက်လေးနဲ့မို့ ငါက ဒီကောင်လေးဒီဘဝတော့ အရွက်ပင်မျိုးပဲဖြစ်တော့မယ်တောင်ထင်နေတာ ၊ မထင်ထားဘူး တော်တော်လေးကိုသန်တယ်။"
"သာ့မေဆိုတဲ့ကောင် တရားနည်းလမ်းကိုမကျဘူး ၊ နိုင်ငံခြားထွက်သွားတာ နှစ်ဝက်လောက်တောင်ရှိတော့မယ် ငါတို့စီကိုဆက်သွယ်ရကောင်းမှန်းမသိဘူး။ ငါ့စီဒီအစုတ်အပြတ်ပန်းအိုး အတင်းပေးသွားဖို့ပဲသိတယ် ၊ သွားခါနီးတုန်းကဆိုလည်း ဘာတဲ့ ပြောသွားသေးတယ်ရယ် ဒါကသူ့ရဲ့အဖိုးတန်ကလေးလေး ကောင်းကောင်းစောင့်ရှောက်ပေးပါတဲ့လေ ၊ ငါ့လခွီးကို စောင့်ရှောက်။"
ကျိုးသာ့လေသည် ဆက်၍ပြော၏။
"နေပါစေဦး အဲ့ကောင်ပြန်လာလို့ကတော့ တစ်ချက်လောက်ကိုကျွေးပစ်လိုက်ဦးမယ်။"
(T/N : သာ့မေ = Da Mei / 大美)