book

Index 12

အခန်း (၉)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

 No.1 : jsdhwdmaX


ရှဲ့ယွီပြန်ရောက်ချိန်မှာတော့ ဧည့်ခန်းထဲရှိမီးမှာထိန်လင်းလျက်ရှိနေဆဲပင်ဖြစ်သည်။ သူတံခါးပေါက်မှအတွင်းဝင်ရောက်လိုက်ကတည်းက အားဖန်းမှာ သူ့နောက်ကနေ တစ်လျှောက်လုံးပဲလိုက်လို့လာနေရာ ရှဲ့ယွီမှာလမ်းတစ်ဝက်မှာတင် ခြေလှမ်းတွေကိုရပ်ပစ်လိုက်မိ၏။


"ဘာပြောချင်လို့လဲ ပြောလေ။"


အားဖန်းသည် မျက်နှာအမူအရာမပြောင်းမလဲဖြင့် ဧည့်ခန်းရှိရာတစ်ချက်လှမ်းလို့ကြည့်ပြီးမှ လေသံတိုးတိုးဖြင့် ပြောလို့လာလေသည်။


"တစ်နေ့ခင်းလုံးပဲ မမကြီး စိတ်တွေအရမ်းဆိုးနေတာ ၊ ညစာလည်း သိပ်မစားဘူး ၊ ဒီတစ်ခေါက်တော့ တကယ်ကြီးကိုဒေါပွနေပုံရတယ် ၊ ဒုသခင်လေး အထဲဝင်သွားရင် မမကြီးကို အရမ်းပြန်ခံမပြောပါနဲ့ဦးနော်။"


ကုရွှယ်လန်သည် ဧည့်ခန်း၌ တီဗွီကြည့်လို့နေလေသည်။ မျက်နှာသွင်ပြင်က ပုံမှန်အတိုင်းရှိနေသည့်တိုင်အောင် ရှဲ့ယွီသည် သူမ၏ဦးခေါင်းနောက်ဘက်စီ အကြည့်ရောက်မိရင်းမှ ဒီညကတော့ကောင်းကောင်းမွန်မွန်နဲ့ ကုန်ဆုံးမည်မဟုတ်ကြောင်း သိနားလည်လိုက်ပါလေ၏။



တီဗွီ၌ လွှင့်နေသည်မှာ ဒရာမာဆန်လွန်းလှသည့် လူမှုဘဝသရုပ်ဖော် ဇာတ်လမ်းတွဲတစ်တွဲဖြစ်သည်။ ညံ့ဖျင်းလှတဲ့ သရုပ်ဆောင်မှု ၊ ဆိုရွားလှတဲ့ ဇာတ်လမ်းဇာတ်ကွက်တို့ဖြင့် ဇာတ်လိုက်မင်းသားမှာ မိမိနာကျင်လျက်ရှိကြောင်းကို ရက်စက်စွာပင် ဖော်ပြလို့လာ၏။


"ကိုယ် မင်းကိုချစ်တယ် ၊ ဒါပေမယ့် ကိုယ် သူမကိုလည်းချစ်တယ်. . .  . . . ဘယ်လိုလုပ်ရင်ကောင်းမလဲ ကိုယ်တကယ်မသိတော့ဘူး ၊ မင်းရောသူရောက ကိုယ့်ဘဝမှာအရေးကြီးဆုံး မိန်းမသားနှစ်ဦးပဲ။"


ရှဲ့ယွီသည် လျှောက်၍သွားလိုက်ရင်း. .


"မား။"


ကုရွှယ်လန်သည် စကားမဆိုချေ။


သူ့အားတုံ့ပြန်သူဆိုလို့ ဇာတ်လိုက်မင်းသားရဲ့ ပြောလေပြောလေအဓိပ္ပာယ်မရှိ ထူးဆန်းလှတဲ့ ဇတ်လမ်းစာသားတွေပဲရှိလေသည်။


"တောင်းပန်ပါတယ်။"


ရှဲ့ယွီသည် ဦးနှောက်ပျက်စီးစေပါသော ထိုဇာတ်လမ်းတွဲအား သည်းညည်းခံလျက်မှ ခေါင်းကိုငုံ့လိုက်ကာ အမှားကိုဝန်ခံလိုက်၏။


"ကျွန်တော် ဒီနေ့နေ့လည်တုန်းက တစ်ခွန်းမပြောဘဲ ထွက်မသွားခဲ့သင့်ဘူး။"


"တစ်ခွန်းမှမပြောဘဲ ထွက်မသွားသင့်ဘူး. ."


ကုရွှယ်လန်သည် တီဗွီအား လှမ်း၍ပိတ်လိုက်ပြီိးနောက် ဖန်ရေနွေးစားပွဲထက် control ကိုပစ်ချပစ်လိုက်သည်မှာ 'ဗုန်းခနဲ' ပင်အသံမြည်၍သွားသည်။


"ဘာလဲ ၊ ထောင်ထောင် ထောင်ထောင်လုပ်ပြီးထွက်သွားခဲ့တာမဟုတ်ဘူးလား? ရှဲ့ယွီ ၊ ဒီနွေရာသီကျောင်းပိတ်ရက်ကလေးမှာ မင်းကိုအိမ်မှာပဲ ကောင်းကောင်းလေးနေဖို့ မျှော်လင့်တယ်ဆိုပြီး ငါ မင်းကိုပြောလားမပြောခဲ့ဘူးလား ၊  ဗရုတ်သုတ်ခ ပရမ်းပတာနေရာတွေစီမသွားစမ်းနဲ့ ၊ အခုလက်ရှိ မင်းအတွက်အရေးကြီးဆုံးတာဝန်က စာသင်ဖို့ပဲ။"



"မား ၊ နွေရာသီကျောင်းပိတ်ရက်ကို ဘယ်လိုကုန်ဆုံးမလဲဆိုတဲ့အပေါ် ကျွန်တော့်ဘာသာရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်ထင်တယ်။"



ကုရွှယ်လန်၏လေသံမှာ သိသိသာသာပင် စူးရှကျယ်လောင်လာလျက်ရှိသည်။


"---  --- မင်းမှာဘာအခွင့်အရေးရှိတာ? မင်း ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီဆိုတဲ့ အချိန်ကြမှပဲ ငါ့ကိုအဲ့အခွင့်အရေးအကြောင်းလာပြော။ မင်းတစ်နေကုန်တစ်နေခမ်း ဘာအလုပ်မှလုပ်စရာမရှိဘဲ စားသောက်ရင်းသာအချိန်ဖြုန်းပြီး သေဖို့စောင့်နေရုံအတွက် ငါမင်းကိုမွေးထားတာမဟုတ်ဘူး။ တစ်နေကုန် အပြင်လျှောက်သွားနေဖို့ပဲသိတာ နောက်ပိုင်းကျရင်ဘယ်လိုလုပ်မလဲဆိုတာရော မင်းစဉ်းရောစဉ်းစားမိရဲ့လား? မင်းအခုငယ်ပါသေးတယ် ၊ မင်းမစဉ်းစားမဆုံးဖြတ်နိုင်သေးတဲ့အရာတွေကို မားကကူပြီးဆုံးဖြတ်ပေးမယ် ၊ မင်းရဲ့စိတ်ထိန်းချုပ်နိုင်စွမ်းက နည်းသေးတယ် ၊ မင်းမလုပ်နိုင်တာလေးတွေအပေါ် မားကပင်ပင်ပန်းပန်းကြိုးစားပြီး မင်းကိုလုပ်ဖို့ရာထိန်းကွပ်ပေးနေတာ ၊ အဆုံးကျတော့ ငါပဲမှားသွားရောလား?"


ရှဲ့ယွီ နှုတ်ဆိတ်သွားရ၏။


ကုရွှယ်လန်မှာ အသက်ကိုဖြည်းညင်းစွာရှူလျက်မှ ထိုင်ချလိုက်ရင်း တုန်ယင်နေတဲ့လက်တို့ဖြင့် လက်ဖက်ရည်စားပွဲထက်ရှိ ရေခွက်ကိုလှမ်း၍ယူပြီးနောက် ဆိုလိုက်သည်။


"မင်းအခု အမေကိုအပြစ်တင်ချင်တင်နေလိမ့်မယ် ၊ ဒါပေမယ့် မင်းနောက်ကျသိနားလည်သွားမှာပါ။ မားဒီလိုလုပ်တာက အကုန်မင်းအတွက်ချည်းပဲ။"


"ကျွန်တော်သိပါတယ်. ."


ရှဲ့ယွီကပြော၏။


"ကျွန်တော့်မှာလည်း ကိုယ့်ဘာသာစိတ်ထဲကနေပြီး အစီအစဉ်ချထားတာမျိုးရှိပါတယ် ၊ တက္ကသိုလ်ဝင်စားမေးပွဲပြီးသွားလို့ရှိရင် ကျွန်တော် ချင်းဟွားတက္ကသိုလ် ရမလား ၊ ပေကျင်းတက္ကသိုလ်ရမလားဆိုတာ မားစောင့်ကြည့်နေလိုက်ပါ။"



"ငါမပြောတော့အောင် ဒီလိုစကားမျိုးနဲ့လာပိတ်တယ်ဆိုတာ သိပြီးသား ၊ မင်းမှာ ဘာအစီအစဉ်များရှိလို့တုန်း ၊ မင်းမှာတကယ်ကြီး အစီအစဉ်သာရှိရင် မင်းရဲ့အဆင့်က လက်ရှိအနေအထားမျိုးဖြစ်နေမှာမဟုတ်ဘူးလေ။ ချင်းဟွာ နဲ့ ပေကျင်းတက္ကသိုလ်ကလုပ်လိုက်သေး ၊ မင်းအိပ်မက်မက်နေတာပဲ။"


ကုရွှယ်လန်မှာ ရင်ဘက်ထဲတွင် မွန်းကြပ်နာကျင်လျက်ရှိ၏။



သူမသည် မနက်ပိုင်းတုန်းက အာ့တောင့်အားနာဖြင့် ဆရာဟွမ်ကိုပြန်ပို့လိုက်ရပြီးနောက်တွင် စိတ်အခြေအနေမှာ မငြိမ်မသက်ဘဲရှိလှချေသည်။ ယခုလက်ရှိ၌လည်း ရှဲ့ယွီမှာသူမရှေ့၌ ရိုကျိုးမှုမရှိ ၊ ကိုယ်တိုင်လည်း နည်းနည်းလေးမှအမှားလုပ်မထားသလိုရှိနေသည့်အခါမှာတော့ သူ့မ၏ခံစားချက်တွေမှာ တဟုန်ထိုးဆောင့်တက်လို့သွားတော့၏။


"ဒီလိုအချိုးမျိုး မင်း ဘယ်သူစီကသင်လာခဲ့တာလဲ? ကျိုးသာ့လေ? ရွှီယန့်မေ? ---  --- ဟေးရွှေလမ်းက အဲ့လူတွေလိုမျိုး မင်းကဖြစ်ချင်နေတာလား ဟုတ်လား? !"


". . . . . ."



ရှဲ့ယွီသည် နဂိုတုန်းကတော့ ခေါင်းငုံ့၍အမှားဝန်ခံလျက် ဒေါသအိုးပေါက်ကွဲလို့နေတဲ့ မဒမ်ကုအား စိတ်ပြေလျှော့သွားအောင်ချော့မည်ဟု တွေးကာထားခဲ့၏။ တကယ်လည်း ဒီနေ့သူ့လုပ်ရပ်ကမဟုတ်ဘူးဆိုတာ မှန်နေသည့်အတွက် ကျောင်းပိတ်ရက်မှာ ဂိုက်ဆရာခေါ်စာသင်ဆိုလည်း သင်မည်ပေါ့။


ဒါပေမယ့်လည်း နောက်ဆုံးပြောသည်အား ကြားသည့်အချိန်မှာတော့ သူသည်ချက်ချင်းပဲ ခေါင်းထောင်လာလျက် လူကိုထိုးဖောက်မတက် အေးစက်စက်အကြည့်တို့ဖြင့် စကားကို လေးဖင့်စွာဆိုလိုက်ပါသည်။


"အဲ့လူတွေ? သူတို့က ဘယ်လိုလူတွေမို့လို့လဲ?"



ကုရွှယ်လန်သည် ထိုစကားပြောပြီးသွားကာမှပဲ လက်လွတ်စပယ်ပြုလိုက်မိကြောင်း သိလိုက်၏။


သို့တိုင် သူမသည် ဒေါသထွက်နေဆဲပဲမို့ နောက်ဆုပ်ဖို့တော့ စိတ်ကူးမရှိချေ။


နှစ်ဦးသားသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှုတ်ဆိတ်နေမိကြလေသည်။



"မီးဖိုခန်းထဲမှာ ဟင်း၊ထမင်းတွေရှိတယ် ၊ ဆာလို့ရှိရင် သွားစား။"


ကုရွှယ်လန်၏ အပြုအမူမှာပြန်လည် ပျော့ပျောင်းလို့လာလျက် အားအင်မရှိတော့သလိုခံစားချက်တစ်စုံတစ်ရာကလည်း သူမအားရစ်ပတ်လွှမ်းခြုံကာထားသည်။



ရှဲ့ယွီ၏ပင်ကိုစရိုက်က ခေါင်းမာလွန်းလှသောကြောင့် သူမမှာ မကြာခဏဆိုသလိုပင် ဘယ်လိုနည်းလမ်းမျိုးဖြင့် သူ့အားသင်ကြားပြသပေးရမည်ကို မသိဘဲရှိတတ်သည်။


သူမသည် တစ်ယောက်တည်းပဲ ကလေးကိုကျွေးမွေးပြုစုခဲ့ရ၏။ ရှဲ့ယွီကြီးပြင်းလာရစဉ်အတောအတွင်း လိုအပ်တာဆိုလို့ ဖခင်နေရာသာလျှင်ရှိသည်။ ထိုနေရာကိုဖြည့်စွက်ပေးဖို့ရာအတွက်တာ့ သူမလည်းမတတ်နိုင်ပဲရှိလေသည်။


ကလေးလူပျိုဖြစ်ချိန် နှင့် စိတ်ဓာတ်ရေးရာ ဆိုဆုံးမခက်ရာတို့နှင့်ပတ်သက်လို့ မည်သို့ပဲ့ထိန်းပေးသင့်သည်ကိုဖြင့် သူမအားမည်သူကမှလည်း သင်ပြမပေးခဲ့ဖူးပါချေ။ ဒီကလေးသည် ငယ်စဉ်ကလို သူမရင်ခွင်ထဲဝင်ပြီး သူမကိုအမှီပြုနေမည့် နူးညံ့သိမ်မွေ့တဲ့ကလေးသေးသေးလေးမဟုတ်တော့။ အပြင်ထွက်ကစားဖို့ရန် သူမကိုအပူကပ်မည်လည်းမဟုတ်တော့ ၊ လမ်းလျှောက်ရာ၌ ခြေလှမ်းတွေမငြိမ်သေးဘဲရှိလျက် အမေဖြစ်သူက သူ့နောက်ကနေလိုက်မလားမှန်းသိရင်လည်း လျှောက်နေရာမှရပ်ကာ နောက်လှည့်၍ သူမကိုရှာတော့မည်မဟုတ်တော့ပါချေ။


သူက ယခုသူ့လမ်းနဲ့သူရှိလို့သွားခဲ့ပြီး သူမကိုတော့ဖြင့်နောက်တွင်ချန်ထားရစ်ခဲ့ဟန်တူသည်။ နှစ်ယောက်သား၏ကြား၌ စကားတွေနည်းပါးလို့သွားခဲ့ပြီး သူဘာတွေတွေးတောနေသလဲဆိုတာ သူမမသိဘဲရှိလေသည်။ ပိုပိုပြီးလင်းလက်တောက်ပလို့လာသည့် လူငယ်လေး၏မျက်ဝန်းထဲ၌ သူမနားမလည်ပါသော ကမ႓ာလေးတစ်ခုဖြစ်တည်လျက်ရှိနေပါ၏။



ကုရွှယ်လန် အပေါ်ထပ်သို့တက်သွားချိန်မှာတော့ ရှဲ့ယွီသည် မီးဖိုခန်းဘက်သွားကာ ရေငှဲ့လိုက်သည်။ ဘေးဘက်တွင်တော့ သေသေသပ်သပ်ထားရှိလို့ထားသည့် ကြက်ဥနှင့်ခရမ်းချဉ်သီးကြော်တစ်ပန်ကန်ကြီးရှိနေလေသည်။ ကြက်ဥအား ရွှေဝါရောင်တောက်နေအောင်ထိကြော်လို့ထားပြီး အပေါ်၌လည်းကြက်သွန်မြိတ်အစိမ်းလေးတွေ ဖြူးကာထားသေးသည်။


မဒမ်ကုကိုယ်တိုင်လုပ်ထားခြင်းဖြစ်လေသည်။


သူသည်စားကြည့်ဖို့ပင်မလိုဘဲ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ပြောနိုင်ပါသည်။


ရှဲ့ယွီသည် မိမိဒီနေ့လုပ်ခဲ့သည့်လုပ်ရပ်က သိပ်ကိုဆိုးရွားမိုက်မဲလှပါကလားဟု ရုတ်တရက်ကြီးခံစားမိသွားရ၏။



ညဉ့်သည်နက်သထက်နက်၍လာသည်။ ကြီးမားလှသည့် အိမ်ကြီးဟာလည်း တဖန်တိတ်ဆိတ်အေးစက်လို့သွားပြန်လေတော့သည်။



ရှဲ့ယွီသည် ရေချိုးလို့ပြီးမှပဲ ဖုန်းကို airplane mode ဖွင့်ကာထားမိစဲဖြစ်သည်ကို သတိရမိ၏။ Airplane mode ပိတ်လိုက်ပြီးနောက်တွင်တော့ စာတိုတွေ(၁၀)စောင်ကျော်လောက်တစ်ပြုံလိုက်ကြီးဝင်လာသည်မှာ တစ်တင်တင်ဖြင့်မပြီးတော့ပါချေ။


အန်တီမေထံမှ အများဆုံးဖြစ်ပြီး သူဘယ်ရောက်နေလဲ မေးကာထားသည်။ စိတ်ထင်ရာမစိုင်းနဲ့ ၊ အိမ်အမြန်ပြန် ၊ နင့်အမေအရမ်းစိတ်ပူနေတယ်။


လေကျစ်၏အမေထံကနေလည်း နှစ်စောင်ဝင်လို့ထားသေးပြီး နောက်ဆုံးကတော့ လေကျစ်ဖြစ်ကာ သူအိမ်ပြန်ရောက်မရောက် မေးထားလေသည်။


ရှဲ့ယွီ စာပြန်လိုက်ပါ၏ - ရောက်ပြီ။


လေကျစ် - ရောက်ရင်ပြီးတာပဲ ၊ ငါအိမ်ပြန်ရောက်ရောက်ချင်းပဲ ငါ့အမေက ငါ့ကိုဆွဲပြီး မင်းဘယ်ကိုသွားလဲ သိမသိမေးတော့တာ ၊ လခွမ်းကိုမှ လူပဲပျောက်သွားသလိုပုံစံမျိုးနဲ့ ပျာယာတွေခတ်နေတာများ ငါ့ဖြင့်လန့်ကိုသွားတာပဲ။



မဒမ်ကုတစ်ယောက် စကားပြောရာမှာ ခက်ထန်သည့်တိုင် ၊ ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ နားထောင်မှာမဟုတ်ဘူးဆိုသည့် ပုံစံကြောင့်ပင် ဂိုက်ဆရာကိစ္စအတွက် အပတ်တကုတ်ကြိုးစားမနေတော့ချေ ၊ ဒီလိုနဲ့ပဲ လက်လျှော့လိုက်ပါတော့မည်။


ဤကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းကလေးမျှမသက်ဆိုင်ပါသည့် ကျုံးကျယ်မှာတော့ တိုက်ပွဲမှာအနိုင်ရသွားတဲ့ ကြက်ဖကဲ့သို့ပင် စိတ်ထဲကျေနပ်အားရလျက်ရှိကာ မကြာခဏဆိုသလို ထိုကိစ္စအား ထုတ်ထုတ်ပြောကာနေတော့သည်။


ရှဲ့ယွီကတော့ အကောင်းမွန်ဆုံးဖြစ်အောင်နေပြီး အေးစက်စက်နဲ့ ယဉ်းကျေးမှုလည်းမပျောက်ပျက်စေဘဲ. . .


"အင်း ဟုတ်တယ် ၊ မင်းတော်တယ် ၊ တော်ပါပေတယ် ၊ မင်းပြောတာ မှန်တယ် ၊ ပျော်ရဲ့လား? စိတ်ချမ်းသာတယ်မလား?"


ကျုံးကျယ် : ". . . . . ."

နားထောင်းနေရင်းနဲ့ကို လူကိုဘယ်လိုတောင် ဒေါသထွက်စေလိုက်သလဲဆိုတာ။



ဂိုက်ဆရာနှင့်စာသင်စရာလည်းမလိုတော့တဲ့အတွက် ရှဲ့ယွီ၏ကျောင်းပိတ်ရက်ဟာ အားလပ်ချိန်တွေများပြားကာနေတော့၏။


Question King အဆင့်ဆင့်ယှဉ်ပြိုင်ပွဲဂိမ်းဟာဆိုလျှင်လည်း ပြိုင်ပွဲရာသီဖြစ်တဲ့ ပိတ်ရက်တစ်ခုလုံးကို ကြီးစိုးကာထားလေသည်။ ကျောင်းတွေပြန်ဖွင့်ရင်တော့ ပြီးဆုံးမှာဖြစ်ပြီး ပြောရမယ်ဆိုလျှင် ဆောင်းရာသီနှင့် နွေရာသီကျောင်းပိတ်ရက်တို့ဟာ ပြိုင်ပွဲရာသီစတင်ခြင်းနှင့် ပိတ်သိမ်းခြင်းအတွက် စံနှုန်းတစ်ခုဖြစ်၏။ ဒီတစ်ခေါက် နွေကျောင်းပိတ်ရက်မှာတော့ သိပ်နာမည်မကြီးပြီး ပစ်ထားတဲ့ဂိမ်းအား ပထမဆုံးအကြိမ် လက်ရည်စမ်းပွဲကျင်းပမည်ပဲဖြစ်သည်။ အဆုံးတွင်တော့ ဂုဏ်ယူဖွယ်ရာဖြစ်ပြီး ဦးဆုံးသော Question King ရရှိမည့်သူ စတင်ပေါ်ထွက်လို့လာမည်ပဲဖြစ်လေသည်။



'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - စာတော်ကြီးXက ဒီနေ့လိုင်းလည်းမတက်ဘူး? နေများမကောင်းနေလို့လား?


'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - ဘာကိုနေမကောင်းတာတုန်း. . .  . . . ကောင်းတဲ့ဘက်ကနေလည်း တွေးကြည့်ပါဦး ၊ သူများလည်း သူ့ဘဝနဲ့သူရှိမှာပေါ့။


'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - ဘာလို့ဆို ငါ့မျက်စိထဲမှာတော့ စာတော်ကြီးX ဆိုတာက နောက်ဆုံးထွက်သက်ရောက်နေရင်တောင်မှ စာလေ့လာတာကိုလက်လျှော့မယ်သူမဟုတ်ဘူးပဲ။ သူက အရည်အချင်းရှိရှိ ၊ လုံ့လရှိ ရှိနဲ့ ဘယ်လောက်တောင် ကြိုးစားခဲ့သလဲ ၊ မာနလည်းမရှိဘူး ၊ စိတ်မြန်လက်မြန်လည်းမရှိဘဲနဲ့ မနက်(၅)နာရီထိတောင် မအိပ်ဘဲနေတာ။ စာသင်ယူရာမှာတော့ သူကငါ့ရဲ့ role modelပဲ။



"သေမယ်ဆိုရင်တောင် စာလေ့လာမှုကိုလုံးဝရပ်တန့်ခြင်းမပြုမည့် စာတော်ကြီးX" ဆိုသူကတော့ဖြင့် အန်တီကြီးနှစ်ဦးဖြင့် လိုင်းပေါ်တွင် card games ကစားလျက်ရှိလို့နေပါ၏။


ရှဲ့ယွီ : "တစ်ပတ်လည်မယ်။"


ရွှီယန့်မေ : "သုံးကတ်တူ တစ်ကတ်ပေါင်း။"


လေကျစ်အမေ : "မယူဘူး။"


ရှဲ့ယွီက ထပ်မံလှုပ်ရှားလိုက်ပြန်၏ - "ဗုံးကြဲချ။"


(T/N : ဖုန်းထဲကနေပြီး ဖဲကစားနေကြခြင်းပါ။)



ဟေးရွှေလမ်းရှိ အမျိုးသမီးသမဂ္ဂအဖွဲ့ဝင် ရွှီယန့်မေမှာ Dou Dizhu ဆိုသည့်မိုဘိုင်းဂိမ်းအား စွဲလို့နေပြီး နေ့တိုင်းပင် groupထဲမှာ သူမနှင့်အတူဆော့ပေးဖို့ လူရှာလျက်ရှိနေလေသည်။


လေကျစ်အမေသည် သူ့လက်ထဲကဖဲချပ်တွေမကောင်းသည်ကို တစ်ချက်မျှကြည့်ပြီးနောက်မှာတော့. .


"မဆော့တော့ဘူး ၊ မဆော့တော့ဘူး ၊ ဆော့လည်းနိုင်မှာမဟုတ်ဘူး ၊ ထမင်းသွားချက်ပြီ။"


ရွှီယန့်မေ : "နင်အမြဲအဲ့လိုချည်းပဲ ၊ မနိုင်တာနဲ့ပြေးပြီးပေါ့လေ?"


လေကျစ်အမေသည် ဘွင်းဘွင်းရှင်းရှင်းပဲဆိုလို့လာခဲ့၏။


"တကယ်ထမင်းသွားချက်မလို့ ၊ မဟုတ်ရင် ငါ့အိမ်က ကျိုးသာ့လေကိုချီးစားခိုင်းရမှာလား။"



". . . . . ."


ရှဲ့ယွီလည်း ပြောလိုက်၏။


"ကျွန်တော်လည်း ထွက်ပြီ ၊ ကျွန်တော်နဲ့ဆော့တိုင်း ရှုံးနေကြတာချည်းပဲ ၊ ပျင်းဖို့ကောင်းချက်။"



ရှဲ့ယွီသည် လောင်းကစားရာမှာတော့ နာမည်ကြီးပင်ဖြစ်လေသည်။ ထို့ကြောင့်ပင် ကျိုးသာ့လေမှာ အမြဲဆိုသလိုသူ့အား 'ရှဲ့Boss' ဟုခေါ်တတ်၏။


အရင်နှစ်ကူးတုန်းက အားလုံးစုပြီးဖဲချစဉ်တုန်းကဆိုလည်း ရှဲ့ယွီမှာ အမြဲအားလုံးရဲ့ရှောင်ဖယ်ခြင်းကိုခံရကာ မည်သူကမှ သူနှင့်တစ်စားပွဲတည်း ပြိုင်မဆော့ချင်ကြပဲရှိသည်။ ဤသို့ဖြင့် ရှဲ့ယွီမှာ အသက်တွေကြီးနေပေမယ့် ပြုစုစောင့်ရှောက်မယ့် သားသမီးမရှိသည့် ဝမ်းနည်းစဖွယ် အသက်ကြီးကြီးလူအိုကြီးကဲ့သို့ပင် တစ်ယောက်တည်းဘေးတွင်ထိုင်လျက် ရေနွေးလေးသောက်ရင်း တီဗွီသာကြည့်နေလိုက်တော့သည်။


အစမှာတုန်းကတော့ ကျိုးသာ့လေသည် ရှဲ့ယွီဘက်မှရပ်တည်ပေးလျက် သူအားစားပွဲသို့ဆွဲကာခေါ်သည်။


"မင်းတို့ထင်နေသလောက် အတော်ကြီးလည်း မဟုတ်ပါဘူး ၊ တကယ်ပြောတာ ၊ သူ့စွမ်းရည်က သာမန်ပဲ ၊ အားလုံးကအလကားကံကြောင့်ရယ် ၊ မယုံရင်ကြည့်ကြည့်လိုက် သူဒီနေ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။"


နောက်ဆုံးရလဒ်ကတော့ ရှဲ့ယွီသည်လုံးဝကိုပဲ ကျိုးသာ့လေပေးသည့်ယုံကြည်မှုအား ရိုက်ချိုးချပစ်လိုက်ပါတော့သည်။ သူထိုးသမျှပိုက်ဆံတွေ အကုန်လုံးနိုင်ရုံသာမကဘဲ IOU(အကြွေးလက်မှတ်) လေးစောင်ပင်အနိုင်ရလိုက်ပါသေး၏။



ရှဲ့ယွီသည် Question King အဆင့်ဆင့်ယှဉ်ပြိုင်ဂိမ်းအတွင်း ဝင်ရောက်လိုက်ပြန်ပါသည်။ ဒီစနေ၊တနင်္ဂနွေ၌ အချိန်အကန့်အသတ်ဖြင့် အတွေ့အကြုံနှစ်ဆရမည့်ပွဲတစ်ခုရှိနေသည်အား သတိရသွားမိသောကြောင့်ပင်။



[Question King ထုတ်လုပ်သူအဖွဲ့] : ဒီညကတော့ Question King ပျော်ပွဲရွှင်ပွဲပါ ၊ အားလုံးပဲအဆင်သင့်ဖြစ်ကြပြီလား! မေးခွန်းသစ်တွေအများကြီးထွက်လာရုံသာမက ဘာသာရပ်ပေါင်းစုံက အကြောင်းအရာတွေလည်း ပြည့်ပြည့်စုံစုံပါဝင်သွားမှာပါ ၊ ခက်ခဲမှုအဆင့်ကတော့ တစ်ဆင့်ထပ်တိုးထားပါတယ် ၊ အကုန်လုံးပဲ အသစ်ဖြစ်တဲ့ battle ချတာအတွက် ကြည့်ရှုရမည့်ပုံစံတွေကို ကျွန်ုပ်တို့စတင်ဆောင်ရွက်လျက်ရှိနေပါပြီ ၊ စာတော်တဲ့ ဟိုက်ပါကြီးတွေ တစ်ယောက်နဲ့ တစ်ယောက် PKချကြတာကို အကွာအဝေးတစ်ခုကနေပြီး ကြည့်လို့ရမှာပါနော်! ယှဉ်ပြိုင်ပွဲကြီး စတင်ပါပြီ ၊ အစွမ်းအစရှိပါမှ စကားပြောနိုင်ပါမယ် ၊ ခိုးချဖို့ ၊ hack ဖို့တွေ ဝှက်ရန်အတွက်တော့ မျက်ကွယ်ရာမရှိပါ!



Battleချတာကိုကြည့်ရှုရမည့်ပုံစံတွေထွက်လာချင်းချင်းမှာပင် အကုန်လုံးပဲ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေတော့၏။


'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - သိပ်ကောင်းပဲ ၊ ဒီလိုဆိုမှတော့ ငါနဲ့အခြားသူတွေရဲ့ ကွာခြားချက်ကဘယ်နားများရှိသလဲ ကြည့်ကြရတာပေါ့လေ ၊ ပြီးတော့ ငါ့အတွေးအခေါ်အသစ်အသစ်တွေ ကွန့်မြူးဖို့အတွက်လည်း အကူအညီရနိုင်မယ် ၊ ပုံစံတူ ပုစ္ဆာတစ်ပုဒ်ကို မတူညီတဲရှုထောင့်ကနေပြီလည်း ကြည့်လို့ရမယ် ၊ စာလေ့လာရတာကတော့ တကယ်ကို အားတစ်ဝက်ပဲစိုက်ထုတ်ပြီး နှစ်ဆရတာမျိုးပဲဟေ့!


'အမိနိုင်ငံအတွက် တာဝန်ထမ်းဆောင်မယ်' - ထုတ်လုပ်သူအဖွဲ့ကို ချီးကျူးပါတယ် ၊ battle ချမှာကို ကြည့်ရမှာကတော့ တကယ့်အံ့ဖွယ်ပဲ ၊ တစ်လျှောက်လုံးပဲ အဆင့်ဇယားထက်ကဂုရုကြီးတွေ ဖြေဆိုတာကိုကြည့်ချင်နေခဲ့တာ။


'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - မင်းတို့ကြောင့်ပဲ ငါဒီနွေကျောင်းပိတ်ရက်ကို အကျိုးရှိရှိဖြတ်ကျော်ရတော့မယ် ၊ ဒီApp ကိုဖွင့်လိုက်တိုင်း ငါလုပ်လို့မဆုံးသေးတဲ့ပုစ္ဆာတွေအများကြီးက ငါ့ကိုစောင့်နေတယ်ဆိုတာ သိလိုက်ရတော့ ဘယ်လောက်တောင်စိတ်ချမ်းမြေ့ဖို့ကောင်းလိုက်သလဲဆိုတာ။ သာမှန်ဆိုဖြေရှင်းရခက်တဲ့ မေးခွန်းအခက်တွေအများကြီးလုပ်ပြီး အဆက်မပြတ်မိမိကိုယ်ကိုယ်စိန်ခေါ်ရတာက စာလေ့လာရတာကိုချစ်မြတ်နိုးစိတ်ဆက်လက်ဖြစ်ပေါ်နေစေတာပဲ။



ရှဲ့ယွီကတော့ အရင်လိုပဲ အပြင်ကကိစ္စတွေကိုနားပိတ်ကာထားပြီး တိုက်ရိုက်ဆိုသလိုပင် မေးခွန်းတွေလုပ်ရန်ဝင်ရောက်လိုက်လေသည်။ ညာဘက်အပေါ်ထောင့်နားလေး၌ မီးခိုးရောင်စာလုံးသေးသေးလေးတွေတစ်ကြောင်းခန့် တိုးလာသည်ကိုဖြင့် သတိမထားမိဘဲရှိလေသည်။


လက်ရှိပွဲကြည့်ပရိသတ် : 82။



'ငါ စာလေ့လာရတာကို နှစ်သက်တယ်' - စာတော်ကြီးX မေးခွန်းဖြေတဲ့speedက နည်းနည်းတော့ကြောက်ဖို့ကောင်းတယ်. . . . . .


'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - X Godလေကွာ ၊ အမတနတ်ဘုရား မေးခွန်းဖြေနေမှတော့ အဆင့်ဇယားထက် အရှိန်နဲ့ကိုရက်ရက်စက်စက်တက်သွားတာများ မအံ့သြတော့ပါဘူးလေ။ ငါဖြင့်မေးခွန်းတွေလိုက်ကြည့်နေတုန်းပဲရှိသေးတယ် ၊ သူကပြီးတာ တစ်ဝက်ကျိုးနေပြီ ၊ 666။"


(T/N : 666 = ပြေပြစ်ချောမွေ့တယ် ၊ စကေးရှိလွန်းတယ် ဆိုတဲ့အဓိပ္ပာယ်ပါ။)


'StudyStudyStudy ငါ့ဘဝထဲဒါပဲရှိတယ်' - ခုနလေးက solidဝင်မယ့် ဂျီသြမေထြီတစ်ပုဒ်ကို မင်းတို့နားလည်လိုက်လား ၊ သူကတော့ ချက်ချင်းကိုပဲ အကူမျဉ်း(၅)ကြောင်းတန်းဆွဲချတာဟ? တကယ်ကိုပဲအဲ့လိုလား?


'ထိပ်ဆုံးရဖို့ကြိုးပမ်းမယ်' - အကူမျဉ်းတွေက စိတ်ရှုပ်ဖို့ကောင်းတယ် ၊ ဒီလိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်ရင်တော့လည်း သိပ်ကိုအိုခေတာပေါ့ ၊ တစ်ပြိုင်နက်တည်းနဲ့ ပုစ္ဆာအသေးလေး(၁)နဲ့(၂)ကို ဖြေချသွားတာ။


'ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်တွေအတွက်' - အတန်းဖော်တို့ ၊ 666 ဖြေကြစို့ဟေ့။



ရှဲ့ယွီမှာတော့ ရူးကြောင်ကြောင်အယောက်(၁၀၀)နီးနီးက သူမေးခွန်းတွေဖြေဆိုနေသည်ကို ကြည့်ကာနေမှန်းမသိဘဲရှိ၏။


သူသိသည်မှာ မနက်(၃)နာရီခွဲအချိန်၌ အဆင့်ဇယားထက် ပထမရကာနေသည့် အရှက်မရှိဆိုသူကို အဆုံးတွင်တော့ ဖြုတ်ချလိုက်နိုင်တာကိုပဲဖြစ်လေသည်။



No.1 : jsdhwdmaX.



rate now: