book

Index 11

အခန်း (၈)

  • Author : Meng_
  • Genres : Romance, Comedy, Drama
  • Original Author : 木瓜黄 (Mu Gua Huang )

မင်းကအတော်လေးမိုက်ပါတယ်


အလုအယက်ကြိုးပမ်းထားပါသည့် ရှင်ဘုရင်အရိုက်အရာ အမှတ်သင်္ကေတဖြစ်တဲ့ 'ဖန်ကူနတ်ဓား' ဟာဆိုလျှင် ဒီလိုနဲ့ပဲတောဝက်ရိုင်းကြီး၏ခြေထောက်အောက်၌ စွန့်ပစ်ခြင်းကိုခံလိုက်ရလေသည်။


ကျိုးသာ့လေမှာ သူ့နှလုံးသားအား ဓားနဲ့တစ်ချက်ထိုးခံလိုက်ရသလို ခံစားသွားရ၏။ ဤသို့မျိုး ထိုးဆွခံလိုက်ရမှုအား ရင်ကွဲသည်ဟုပင် ခေါ်တွင်ရတော့မည်။


ဂိမ်းစွဲနေကြသည့် လူငယ်တစ်စုမှာလည်း ရဲဦးလေးကြီး၏လက်ထဲက mouseအားအပြေးသွားဆွဲလုချင်လုနီးနီးဖြစ်မိရ၏။ သို့တိုင် ကျန်ရှိနေသေးပါသည့် အသိတရားက သူတို့အားဆွဲကာထားလေသည်။ မဖြစ်ဘူး ၊ မသင့်လျော်ဘူး ၊ သူနဲ့ပြိုင်လုလို့မဖြစ်ဘူး ၊ သေလမ်းမရှာစမ်းနဲ့ ၊ လုံးဝကို စိတ်ကိုချုပ်တည်းထား။


ရဲအရာရှိသည် ကွန်ပြူတာဖန်သားပြင်ထက်တဖန်ညွှန်ပြလာပြန်၏ ၊ ဖန်သာပြင်ထက်တွင်တော့ တောဝက်ရိုင်းတစ်ကောင်မှာ အလင်းရောင်တွေဖြာထွက်လျက်ရှိနေဆဲဖြစ်တဲ့ ဖန်ကူနတ်ဓားပတ်လည်၌ ခေါက်တုံ့ခေါက်ပြန်လျှောက်၍နေလေသည်။


"အဲ့ဒါက အစစ်နီးနီးထင်ရတဲ့ itemသာသာပါပဲ ၊ မင်းတို့လူငယ်တွေ ဂိမ်းဆော့တာကိုတော့ ငါမကန့်ကွက်ဘူး ဒါပေမယ့် ဆော့တာပဲ သင့်တင့်သလောက်ပဲဆော့ပေါ့ ၊ မှန်ကန်တဲ့ ထင်မြင်ယူဆချက်တော့ ရှိရမယ်လေ။ ငါတို့ သင့်မြတ်တဲ့ လူ့ဘောင်အဖွဲ့အစည်းအကြောင်း ပြန်ပြောကြရအောင် ၊ သင့်မြတ်တဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတာ. . . . . ."


အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး နာရီဝက်လောက် လက်ချာရိုက်ခံလိုက်ရပြီးနောက်တွင်တော့ သူ့တို့ဦးနှောက်ထဲ သင့်မြတ်တဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတဲ့စာလုံးများနှင့်သာ ပြည့်နှက်လို့သွားပြီး အာရုံထဲတစ်ဝဲလည်လည်ရှိလို့နေတော့သည်။


ရှဲ့ယွီသည် ဒူးထောက်ရတာ ပင်ပန်းလာတာနဲ့ပဲ မည်သူမှသတိမထားမိခင်တွင် နေရာလွတ်၌ အခွင့်အရေးယူကာထိုင်ချပစ်လိုက်ပါ၏။



ကျိုးသာ့လေသည် ထိုမသိမသာလှုပ်ရှားမှုလေးအား ရိပ်ခနဲလှမ်း၍မြင်လိုက်လေသည်။


"လောင်ရှဲ့ ၊ မင်းအပျင်းထူတာပဲ။"


ရှဲ့ယွီသည် ဘေးနေရာအား လက်ဖြင့်ပုတ်ပြလျက်မှ ဆိုလိုက်၏။


"မင်းလည်းထိုင်လေ။"


". . . . . ."


ကျိုးသာ့လေသည် နှစ်စက္ကန့်မျှတွေဝေလို့သွားပြီးနောက် ငြင်းဆိုလိုက်လေ၏။


"မထိုင်ရဲဘူး ၊ သူ ငါ့ဂိမ်းaccထဲဝင် log inလုပ်ပြီး ငါပင်ပင်ပန်းပန်းစုထားရတဲ့ ပစ္စည်းတွေကိုအကုန်လွှင့်ပစ်ပစ်မှာကြောက်တယ်ကွ။ ငါ့ရဲ့နူးညံ့လှတဲ့စိတ်ကလေးက ဒီလိုထိုးနှက်ခံရမှုမျိုးကိုတော့ မခံစားနိုင်ဘူးပဲ။"


ရှဲ့ယွီ : "ရတော့လည်း အမြတ်ပေါ့ကွာ။"



လက်ချာရိုက်ခြင်းအမှုမှာ ပြီးလုလုရှိပြီဖြစ်သည်။ ရဲအရာရှိမှာ မိမိသင်ကြားပို့ချထားသည့်ရလဒ်အား စစ်ဆေးကြည့်ချင်မိကာ သူသည် ချောင်းနှစ်ချက်မျှဟန့်လိုက်ပြီး စစ်ရေးလေ့ကျင့်ထားသည့် ဟန်အမူအရာမျိုးဖြင့် ခပ်ကျယ်ကျယ်အမေးရှိလိုက်ပါသည်။


"ငါတစ်ကြောင်းမေးမယ် မင်းတို့ဖြေကြ ၊ သင့်မြတ်တဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတာဘာလဲ?"


ဖြေမည့်သူတစ်ယောက်မျှမရှိချေ။


ခုနလေးတင် သင့်မြတ်တဲ့လူ့ဘောင်အဖွဲ့အစည်းအကြောင်း တစ်ပုံလိုက်ကြီးနားထောင်ခဲ့ရပေမယ့်လည်း အရေးကြီးအချက်တွေကိုမှတ်ထားဖို့တို့ ၊ ဉာဏ်စမ်းဖြေဆိုရန် ပြင်ဆင်ထားဖို့တွေမှ ပြောမသွားခဲ့မှတော့ ဘယ်နားသွားမှတ်မိမည်လည်းလေ။ ဒူးထောက်လျက်မှ အပြီးထိနားထောင်နိုင်တာကိုက မဆိုးပဲရှိလှချေသည်။


"အဲ့ဒါ. . အဲ့ဒါ. .  အဲ့ဒါက. . . ?"


'အဲ့ဒါ' ဆိုသည့်စကားလုံးကိုသာ ထပ်ခါတစ်လဲလဲဖြင့် အသံနေအသံထား ၊ ခံစားမှုအပြည့်ဖြင့် ရေရွတ်နေလျက် အချိန်ကြာသည့်တိုင်အောင် တစ်ဦးတစ်ယောက်မျှဆက်မပြောနိုင်ဘဲရှိကြလေသည်။


ရဲအရာရှိမှာ ထိုလူတစ်စုအား လှမ်းလှမ်းကြည့်ရင်းနဲ့မှ ကိုယ်တိုင်သာ ရွေး၍အဖြေခိုင်းမိတော့သည်။


"ခုနလေးက ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတဲ့ ဟိုတစ်ယောက်ရော ၊ မင်းရောသိလား?"


ဟယ့်ကျောင်းသည် နားထောင်နေရင်းဖြင့် အနည်းငယ်အိပ်ငိုက်ချင်လာရကာ မျက်ဝန်းတို့ပင်မှေးစင်းလို့လာနေ၏။ နာမည်ခေါ်သံကြားကာမှပဲ ခေါင်းထောင်၍ ရှေ့သို့ကြည့်မိရလေသည်။


"ကျွန်တော်လား?"


ရဲအရာရှိက ပြောလိုက်၏။


"ဟုတ်တယ် ၊ မင်းဖြေ။"


ဟယ့်ကျောင်းသည် ခေါင်းစဉ်ကဘာဆိုတာတောင် မသိဘဲရှိကာ ဘယ်ညာကြည့်မိသည့်တိုင် သူထင်သလို မည်သူကမှထောက်မပေးကြဘဲရှိ၏။ တစ်ခဏကြာမျှတွေးယူလိုက်ပြီးနောက်မှပဲ ပြန်လည်ဖြေကြားလိုက်ပါသည်။


"ကျွန်တော် C ကိုရွေးမယ်။"


". . . . . ."



ထိုကဲ့သို့ ဟယ့်ကျောင်း၏အဖြေကြောင့်ပဲ သူတို့အားလုံးရဲ့ ပြန်လည်သုံးသပ်ချက်စာတမ်းအတွက် စာလုံးရေမှာ နှစ်ထောင်ကနေပြီး သုံးထောင်ဖြစ်၍သွားလေတော့သည်။


ပြန်လည်သုံးသပ်ချက်ရေးရတဲ့ အနေအထားကလည်း အင်မတန်မှဆိုးရွားလှချေ၏။ စားပွဲတောင်မပေးပဲရှိကာ ကြမ်းပြင်ထက်၌သာရေးခိုင်းလေသည်။ ရှဲ့ယွီသည် စာရွက်အားဒူးပေါ်တင်၍ အနည်းငယ်လေးအားထည့်ရေးမိလိုက်သည့်အခါမှာတော့ ဘောပင်ကြောင့် စာရွက်ထက်အပေါက်ပေါက်၍သွားတော့သည်။


သုံး/လေးကြောင်းရေး တစ်ခါပေါက်ဖြင့် ရေးတာနောက်တစ်မျက်နှာသို့ရောက်သည့်အခါမှာတော့ ရှဲ့ယွီသည် အဆုံး၌စိတ်မရှည်တော့ဘဲ မျက်မှောင်ကြုတ်လာလေ၏။


"Fxxk."


"စိတ်မရှည်မဖြစ်နဲ့ သူငယ်ချင်း ၊ စိတ်ကိုအေးအေးထား။"


ဟယ့်ကျောင်းသည် ရှဲ့ယွီ၏မျက်နှာချင်းဆိုင်၌ရှိပြီး ပြန်လည်သုံးသပ်ချက်ရေးနေသည့် ပုံစံကလည်းဆန်းပြားလှသည်။ ဘောပင်အောက်က လက်ရေးလက်သားများမှာ ကော့ပျံတက်သွားတော့မယောင်ပင်ရှိ၏။ နှုတ်ကနေပြီးလည်း လေပြေအေးလေးဆိုလာခဲ့ချေသည်။


"လူ့ဘဝဆိုတာဒီလိုပဲ ၊ မင်းမျှော်လင့်မထားဖူးတဲ့ အခက်အခဲတွေအများကြီးနဲ့ ကြုံတွေ့နေရမှာပဲ ၊ ဒါပေမယ့် ငါတို့ကျော်လွှားနိုင်. . . Fxxk! လီးကိုကျော်လွှာနိုင် ၊ ဒီစာရွက်က အဲ့လောက်တောင်အထိမခံဘူးလား? ဆွဲဖြင့်မဆွဲဘဲနဲ့ သူကပြဲနေပြီ။"



ရှဲ့ယွီလှမ်းကြည့်လိုက်သည့်အခါမှာတော့ ဟယ့်ကျောင်းလက်ဖြင့်ဖိထားသည့် A4စာရွက်မှာ တစ်ဝက်ခန့်လောက်ကိုပြဲ၍နေလေပြီ။ ထိုအပေါ်ရှိအကြောင်းအရာတို့အားကြည့်မိသူအဖို့တော့ မိမိတရုတ်စာသင်ခဲ့ဖူးတာ ဟုတ်ရောဟုတ်ရဲ့လားဟုပင် သံသယဝင်နိုင်ချေရှိ၏။ ရေးပုံကိုကြည့်ရသည်မှာ သူသည် စိတ်လောလောဖြင့် တစ်ကြောင်းချင်းစီတိုင်းအား စာလုံးတွေအားလုံးဆက်ပြီးကိုရေးလို့ထားသည်။


ဟယ့်ကျောင်းသည် နောက်တစ်ရွက်ထပ်ယူ၍ ကြမ်းပေါ်သို့ချလိုက်၏။ ဘေးနားရှိ ညီငယ်တစ်ယောက်မှာတော့ သူ့လက်ရေးလက်သားအား 'စာလုံးကောင်းတွေပဲ' ဟူ၍အဆိုပြုလာခဲ့ချေသည်။ ခေါင်းကလည်းအနားတိုးကပ်လို့လာလျက် အကြာကြီးစိုက်ကြည့်ပြီးနောက် မှာတော့ ထိုတစ်ယောက်သည် တအံ့တသြဖြင့်ဆိုလာလေ၏။


"မင်း အဲ့လောက်မြန်မြန်ဘယ်လိုတောင်ရေးတာတုန်း ၊ ဒါဘယ်လိုဟာမျိုးတွေလဲ?"


ဟယ့်ကျောင်းသည် ဆိုလိုက်၏။


"သားနားတယ်မလား?"


ရှဲ့ယွီ : "မင်းလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ရှိနေတာမျိုးက တကယ်ကိုရှားပါးပဲ။"



ကျိုးသာ့လေမှာ ရေးနေရင်းပျင်းလာတာနဲ့ ပဲစကားဝိုင်းထဲဝင်လို့လာလေသည်။


"ဟေ့ ၊ ဒီကသားနားတယ်ဆိုတဲ့Bro ကြားတာတော့ မင်းက သူတို့ရဲ့ခေါင်းဆောင်ဆို?


ဟယ့်ကျောင်းသည် စာရေးခြင်းအမှုကိုရပ်၍ မော့ကာကြည့်လိုက်၏။ အကျႌကော်လံအားကျယ်ကျယ်ဖွင့်ထားသည်ကြောင့် ကိုယ်ကိုလှုပ်ရှားလိုက်သည်နှင့် လည်တိုင်ထက်ရှိ အနီရောင်ကြိုးမျှင်လေးမှာ ကျောက်စိမ်းတုံးလေးနှင့်တွဲလျက် ထွက်ပြူ၍လာသည်။ ကျောက်စိမ်းဆွဲသီးလေး၏ ပုံသဏ္ဌာန်မှာ ရိုးရှင်းကာ အန္တရာယ်ကင်းအမှတ်သညာ အဝိုင်းကလေးဖြစ်သည်။


"ခေါင်းဆောင်? မဟုတ်ရပါဘူး ၊ အင်တာနက်ဆိုင်မှာ ခင်မင်မိကြတာ ၊ တစ်ခါတစ်လေ ဂိမ်းအတူဆော့ဖြစ်ကြရုံလောက်ပါပဲ။"


ယခုလက်ရှိ၌ လက်နက်ကလည်း လွှင့်ပစ်ခံလိုက်ရပြီ ၊ သူတို့ရန်သာမဖြစ်ခဲ့ကြရင် ယခုလိုရင်းနှီးမိကြမည်တော့မဟုတ် ၊ ဤနေရာတွင်ထိုင်လျက် အတူတကွဒုက္ခခံနေကြရခြင်းမှာ ရေစက်ရှိသည်ဟုပင် ယူဆလို့ရ၏။ သို့တိုင် ကျိုးသာ့လေမှာ မအောင့်အည်းနိုင်ပဲ မေးမိရပြန်သည်။


"လက်နက်လုတဲ့ထဲ မင်းရောပါလား?"


"မနားမအိပ်ဘဲ (၃)ရက်လောက် ကွယ်ဝှက်ထားတဲ့BOSSပြန်လည်အသက်ဝင်လာဖို့ကို စောင့်ကြည့်နေရမယ့် မလိုအပ်တာတွေလုပ်နေဖို့ ငါအဲ့လောက်အားယားမနေဘူး။"


ဟယ့်ကျောင်းသည်ဆက်၍ပြောလာ၏။


"ဒါပေမယ့် Broတို့ ၊ တကယ်ပဲတောင်းပန်ပါတယ် ၊ အမှန်တော့ အဲ့အကြံကကြငါထုတ်လိုက်မိတာ ၊ အဲ့အချိန်တုန်းကတော့ နောက်ပြောင်ဖို့သက်သက်ပဲဆိုပြီးလုပ်မိတာ ၊ သူတို့အဲ့လောက် မရမကဖြစ်မယ်လို့ ငါလည်းမထင်ထားခဲ့ဘူးပေါ့။"



ထိုလူတစ်ခု ဖန်ကူနတ်ဓားကိုလိုချင်နေသည့်တိုင် ကွယ်ဝှက်ထားတဲ့BOSSကို အနိုင်မတိုက်နိုင်ဖြစ်နေတယ်ဆိုပြီး ကြားချိန်၌ သူသည် သွားလုချည်ကွာဟူ၍ သာမန်ကာလျှံကာပြောလိုက်မိချေ၏။


အသစ်အသစ်တွေကြုံတွေ့ရလာလိမ့်မည်ဟု တကယ်ကြီးကို သူတို့မထင်ထားမိခဲ့။



ကျိုးသာ့လေမှာ သိပ်ပြီးနားမလည်ပဲရှိ၏။


"---  --- ဟိုမချခင်မှာတုန်းကကြ မင်းထွက်ပြီးရန်စသေးတယ်လေ။"


ဟယ့်ကျောင်းက ပြောသည်။


"မင်းတို့က ချချင်နေကြတဲ့ဟာ ကောင်းကောင်းချကြရတာပေါ့ မဟုတ်ဘူးလား ၊ မင်းတို့အခြေအနေကဟုတ်မှဟုတ်မနေတော့ ငါလည်းထွက်လာပြီးညှိပေးမိရုံပဲ ၊ သူငယ်ချင်း ငါတကယ်အခြားသဘောမျိုးနဲ့လုပ်တာမဟုတ်ဘူး။"


ကျိုးသာ့လေ : ". . . . . ."


နားထောင်ရတာ ဘယ်လိုမို့ထူးဆန်းသလိုရှိနေရတာပါလိမ့်။


ရှဲ့ယွီ : "ဒါဆိုရင်တော့ ငါမင်းကိုတကယ်ပဲ ကျေးဇူးတင်ပါတယ်။"


ဟယ့်ကျောင်း : "မလိုပါဘူး အားမနာပါနဲ့။"



ပြန်လည်သုံးသပ်ချက်စာတမ်း တင်ပြီးသွားချိန်မှာတော့ ညနေစောင်းလုလုပင်ရှိပြီဖြစ်သည်။ ဖြစ်စဉ်မှာ တချို့က စာရေးရာ၌ အလွန်ကိုနှေးနေကာ ထိုစာတမ်းအား အားလုံးပြီးမှပဲစုတင်ပြီးသွားလို့ရမှာဖြစ်တာကြောင့် အရင်ပြီးနေလျှင်တောင်မှ ဘေးနား၌စောင့်နေကြရ၏။


"ဒီစာလုံးရေ(၃၀၀၀)လေးကို မင်းကမနိုင်မနင်းဖြစ်နေတယ် ၊ မင်းယောက်ျားမဟုတ်ဘူးလား။"


ဟယ့်ကျောင်းသည် အစကတော့ ထိုတစ်ယောက်အား ညွှန်ပြပေးမိသေး၏ ၊ နောက်မှပဲ ဒီတစ်ယောက်က လုံးဝကိုပဲသင်ပေးလို့မရဘဲရှိသည်ကို လက်ခံလိုက်ရသည်။


"ပြန်လည်သုံးသပ်ချက်ကလေးတောင် မရေးတတ်ဘူးပေါ့ ၊ ငါပဲမှားတာပါ ၊ ငါ့အမှားမှန်းသိလိုက်ရပါပြီ ၊ နောက်တစ်ခါ ထပ်အပြစ်မလုပ်တော့ဘူးလို့ ငါကတိပေးတယ် ၊ ကဲ မင်းအနာဂတ်ကိုပဲ ရှေးရှုလိုက်ကြရအောင် ---  --- ရေး ၊ ငါပြောမယ် မင်းကရေး။"


ရှဲ့ယွီသည် ဘေးနားတွင်ရပ်လျက်မှ အေးစက်စက်ကြည့်နေမိသည်။ အခြားသူတွေ စာလုံးရေ(၃၀၀၀)ကို ကြိုးကြိုးစားစားရေးပြီးချိန်၌ ထိုတစ်ယောက်မှာ အစပျိုးရရုံသာရှိသေး၏။ သူသာဆို ဟယ့်ကျောင်းလိုစကားတွေအများကြီးပြောမနေ ၊ သူတစ်ခွန်းလောက်ပြောပစ်လိုက်ရုံနဲ့ ထိုတစ်ယောက် ငိုသွားရလောက်မည်။


"မင်းငါ့ကိုပြော ၊ (၉)နှစ်တာ မသင်မနေရပညာရေးကို မင်းတကယ်သင်ပြီးခဲ့တာရော ဟုတ်ရဲ့လား?"


(T/N : nine-year compulsory education သူတို့စီမှာ မူလတန်းလောက်ကတည်းကစ သင်ရတာမျိုးပါ။)


". . . . . ."



"အားလုံးစုံပြီလား?"


ရှေ့မှောက်ရှိ ထိုရဲအရာရှိမှာ ဖုန်းထပ်မံလက်ခံရရှိလျက် ထွက်၍ဖြေရှင်းစရာကိစ္စပေါ်လို့လာ၏။ သူသည် ခပ်ထူထူရှိသည့် ပြန်လည်သုံးသပ်ချက်စာတမ်းတစ်ထပ်ကိုယူလိုက်ပြီးနောက် တစ်ချက်မျှကြည့်၍ ဆိုလိုက်သည်။


"ရပြီ ဒီလိုဆို။ မင်းတို့က ပထမအကြိမ် ပြစ်မှုကျူးလွန်သူတွေဆိုတာကို မှတ်ထား ၊ ပြောင်းလဲဖို့အတွက် အခွင့်အရေးအသစ်တစ်ခု မင်းတို့ကိုပေးလိုက်မယ် ၊ ဒီလိုကိစ္စရပ်မျိုး အလားတူနောက်တစ်ကြိမ်ထပ်မလုပ်ကြဖို့ မျှော်လင့်တယ် ၊ အရွယ်မရောက်သေးတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်အပေါ် တာဝန်ယူမှုတော့အပြည့်ရှိရမယ်။"


အားလုံးမှာ ပြိုင်တူပင်ဆိုလိုက်ကြ၏။


"ဟုတ် ဟုတ် ဟုတ် ၊ ကျေးဇူးတင်ပါတယ် ရဲဦးဦး။"


"နောက်တစ်ကြိမ် ထပ်မလုပ်တော့ပါဘူး။"


"သင့်မြတ်တဲ့လူ့ဘောင်အဖွဲ့အစည်းဆိုတဲ့ စကားလုံးနဲ့ သူ့ရဲ့အခြေခံ(၈)ချက်ကို ကျွန်တော်တို့ စိတ်ထဲမှာအမြဲမှတ်ထားပါ့မယ်။"



"ဒီလိုလုပ် ၊ မင်းတို့စီစဉ်လာကြတုန်းက ပုံစံအတိုင်းပဲ နှစ်ဖွဲ့ခွဲတန်းစီလိုက်ကြ။"


ရဲအရာရှိသည် ဤသို့ဆိုလာ၏။


ကျိုးသာ့လေသည် တွေဝေသွားခဲ့၏ ၊ ဒါကအားလုံးအတူညီညီညာညာနဲ့တန်းစီပြီး အပြင်ထွက်ရမည်လား? တကယ်ကို စနစ်တကျရှိလှတဲ့ နေရာတစ်ခုပါကလား။


ရှဲ့ယွီနှင့် ဟယ့်ကျောင်းသည် နဂိုစီမံထားတဲ့နေရာအရအတိုင်းပဲ မျက်နှာချင်းဆိုင်ရပ်လိုက်ကြ၏ ---  --- ဒီလူဘယ်အချိန်ကတည်းက နှာခေါင်းစည်းကို ပြန်တပ်လိုက်သည်မသိရ ၊ လက်ရှိ၌ မျက်ဝန်းတစ်စုံသည်သာ ပေါ်လွင်လို့နေတော့သည်။



အားလုံးပဲ ရပ်ပြီးသွားချိန်တွင်တော့ ရဲအရာရှိသည် အရေးကြီးသည့် သတင်းတစ်ရပ်အားပြောကြားလာခဲ့၏။ သူတို့တစ်ကိုယ်လုံးအား ကိုင်ရိုက်သွားသကဲ့သို့ပင်ရှိသည်။


"ငါတို့ရဲ့စခန်းမှာ ချစ်ခြင်းမေတ္တာအတွက် လက်ကိုင်ထားတာမျိုးရှိတယ် ၊ ချစ်ခြင်းအဓိကကို အခြေအခံပြီး ခိုက်ရန်ဖြစ်ကြတဲ့မင်းတို့တစ်တွေလိုကလေးတွေအတွက် ရည်ရွယ်ထားတာ။ ဥပမာဆိုရရင်တော့ အချင်းချင်း လက်ဆွဲနှုတ်ဆက်ရမယ် ၊ ပွေ့ဖက်ရင်းမှ ငါမင်းကိုချစ်တယ် သူငယ်ချင်းဆိုပြီး ပြောရမယ် ၊ သင့်မြတ်တဲ့လူ့ဘောင်အဖွဲ့အစည်းဆိုတဲ့ စကားလုံးရဲ့အနက်အဓိပ္ပာယ်ကို မင်းတို့လက်တွေ့ကျကျနားလည်သဘောပေါက်သွားစေဖို့အတွက်ပဲ။ ကလေးတို့ ၊ ကမ္ဘာကြီးက လှပတယ် ၊ အချစ်တွေနဲ့ပြည့်နှက်နေတဲ့ ကမ္ဘာကြီးပေါ့။"



ရှဲ့ယွီ : ". . . . . ."


ဟယ့်ကျောင်း : ". . . . . ."


ကျိုးသာ့လေ : ". . . . . .? !"

ဒီနယ်မြေက ရဲတွေကနှာဘူးတွေများလား?



ည(၇)နာရီအချိန်။


ရှဲ့ယွီသည် လန်ကျိုးခေါက်ဆွဲဆိုင်၌ထိုင်ကာ ဖုန်းကြည့်နေရင်းမှ ကျိုးသာ့လေခေါက်ဆွဲနောက်တစ်ပွဲထပ်စားနေသည်ကို စောင့်လျက်ရှိသည်။


"ငါတကယ် ၊ နောက်တစ်ကြိမ်ဒီနယ်မြေမှာ ရန်လာမဖြစ်ရဲတော့ဘူး။"


ကျိုးသာ့လေသည် ကြက်သွန်နီချဉ်ကိုတူနှင့်ညှပ်၍ ခေါက်ဆွဲနဲ့တွဲကာ ပါးစပ်တွင်းသွတ်ရင်း ပလုပ်ပလောင်းဆိုလာပြန်သည်။


"ကြောက်သွားပြီ။"


ရှဲ့ယွီသည် ဖုန်းကိုချလိုက်၏။


"မင်းစားပြီးမှ ဆက်ပြော။"


ကျိုးသာ့လေသည် ပူမှာကိုစိုးမနေဘဲ အကုန်မြိုချပစ်လိုက်ပါသည်။


"လေကျစ်ဆိုတဲ့ငါ ကမ႓ာပတ်လာတာ (၁၆)နှစ်ရှိပြီ ၊ အခုလိုမျိုးကြုံဖူးတာတော့ ဒါပထမဦးဆုံးပဲ---  --- ငါမင်းကိုချစ်တယ် သူငယ်ချင်း? လူငယ်တွေကို ရှင်သန်ဖို့လမ်းလေးတစ်လမ်းလောက်တော့ ပေးပါဦးလား။"


ခေါက်ဆွဲစားလျက်ရှိသည့် ကမ္ဘာပတ်လူငယ်လေးမှာ ပြောရင်းပြောရင်းနှင့် မလိုလားအပ်ပဲစကားတွေလွန်လို့လာသည်။ အဆုံးတွင်တော့ စိတ်ခံစားချက်တွေ ပေါင်းစုံပြီး စာတစ်ကြောင်းထွက်ပေါ်လို့လာခဲ့လေ၏။


"ငါ ဘယ်သူ့ကိုမှမလေးစားဘူး ၊ ခုနရဲစခန်းမှာတုန်းက မျက်နှာပြောင်တိုက်တဲ့Broကိုတော့ လေးစားတယ် ၊ သူကဘယ်လိုတောင် စကေးရှိရတာလဲ?"


မျက်နှာပြောင်တိုက်တဲ့တစ်ယောက်ဟု ကြားချိန်မှာတော့ ရှဲ့ယွီ၏မျက်နှာကမည်းခနဲဖြစ်၍သွား၏။



လူတွေအားလုံးထဲမှာမှ ဟယ့်ကျောင်းသည် စိတ်ထဲဝန်လေးလို့မနေဘဲ လှုပ်ရှားမှုအမြန်ဆုံးသူပင်ဖြစ်သည်။


သူသည် လွယ်လွယ်ကူကူပင်ရှဲ့ယွီ၏လက်အား ဆုပ်ကိုင်လို့လာလျက် စိတ်ရောကိုယ်ပါရှိလှစွာဖြင့် သူ၏ပုခုံးကိုဆွဲကာ လှမ်း၍ဖက်လိုက်ပြီးနောက် "ငါမင်းကိုချစ်တယ် သူငယ်ချင်း" ဟူ၍ခံစားချက်အပြည့်ဖြင့် ပြောလို့လာခဲ့လေသည်။ ကြည့်ရသည်မှာ ကွဲကွာနေတာအလွန်ကြာပြီဖြစ်တဲ့ ညီအစ်ကိုရင်းတမျှရှိလှပါ၏။



မိုးပင်ချုပ်ပြီဖြစ်သည်။ မှောင်ချိန်ကျမှပင် ရုတ်တရက်လေတိုက်လာကာ ပူပြင်းခြောက်သွေ့ကာနေသည့် အပူချိန်သည်လည်း အနည်းငယ်ကျ၍သွားသည်။


"တကယ်တော့လေ ၊ ဒီနေ့ကဟိုလက်နက်ကို ဂိမ်းထဲမှာ တပ်ဖို့အတွက်နဲ့တော့ ငါတကယ်အရေးမထားဘူး။"


ကျိုးသာ့လေ၏အသံမှာ အနည်းငယ်တိုးသွားလျက် တူကိုချ၍ ဆက်ပြောသည်။


"မင်းလည်းသိသားနဲ့ ၊ ငါ့ရဲ့ပညာရေးက မဟန်ဘူး ၊ ဖတ်စာအုပ်ကိုကြည့်လိုက်တာနဲ့ ခေါင်းရှုပ်လာပြီး ဘာတွေမှန်းကိုမသိတော့တာ။ ငါ့အဖေအမေရဲ့ အကင်ဆိုင်ကြလည်း ကြည့်ရင် အလုပ်ကြီးအကိုင်ကြီးလို့မှပြောမရတာ ၊ ပြီးလုပ်ရင်လည်း အတော်ကြီးကိုပင်ပန်းသေးတယ် ၊ ဒါပေမယ့် ငါကဘာအလုပ်လုပ်တတ်မှာလဲ ၊ ငါကဂိမ်းပဲဆော့တတ်တာ ၊ ငါဂိမ်းတော့ကောင်းကောင်းဆော့နိုင်ပါတယ် ၊ ဂိမ်းထဲကပစ္စည်းတွေကို အရောင်းအဝယ်လုပ်တယ်လေ. . .  . . . ရှဲ့Boss ၊ ငါ ပရော်ဖက်ရှင်နယ် လက်ရွေးစင်ဂိမ်းကစားသမားဖြစ်နိုင်လိမ့်မယ်လို့ရော မင်းထင်လား?"


ရှဲ့ယွီသည် မည်သို့မှမဆိုပဲ တိတ်တဆိတ်သာနားထောင်လေသည်။


"ထားလိုက်ပါတော့ ၊ ငါကဒီအတိုင်းပဲပြောလိုက်တာ ၊ ဂိမ်းဆော့တာ ဘယ်လိုပဲတော်နေဦးတော့ အလုပ်လို့မှသတ်မှတ်မရတဲ့ဥစ္စာ။"


ကျိုးသာ့လေသည် ဘေးနားရှိတစ်ရှူးကိုယူ၍ ပါးစပ်သုတ်လိုက်ပြီးနောက် ထကာရပ်လိုက်၏။


"သွားကြရအောင် ၊ မစောတော့ဘူး မြန်မြန်ပြန်တော့ ၊ မင်းဒီကိုလာတာ မင်းအမေကိုရော ပြောခဲ့သေးလား ၊ သူထပ်ပြီးစိတ်ပူနေဦးမယ်။"



ကျိုးသာ့လေမှာ ပုံမှန်အားဖြင့်တော့ အကြင်နာကင်းမဲ့တဲ့လူပင်ဖြစ်သည်။ မရင်းနှီးတဲ့လူတွေအမြင်မှာတော့ စံပြုလောက်စရာ ဘာအတတ်ပညာမှမရှိတဲ့ကောင် ဟုထင်ရ၏။


အလယ်တန်းတတ်စဉ်အခါက ကျိုးသာ့လေသည် သူသဘောကျမိသည့် မိန်းကလေးအားအောင်မြင်စွာပဲလိုက်နိုင်ခဲ့သည်။ ထိုကောင်မလေးသည်လည်း ကွက်တိဆိုသလို အလယ်တန်းဒုတိယနှစ်တက်ရောက်နေတာဖြစ်ပြီး ခပ်ဆိုးဆိုးခပ်မိုက်မိုက်လူတွေနဲ့ အပေါင်းအသင်းလုပ်ပုံရသည်။ အထက်တန်းဒုတိယနှစ်ပြီးချိန်မှာတော့ သူ့အားဟိုဟာမဖြစ်ဘူး ၊ ဒီဟာမဖြစ်ဘူးဖြင့် အထင်သေးမနှစ်မြို့ဖြစ်လာလျက် သူ့နှလုံးသားအလယ်တည့်တည့်၌ ဇကာပေါက်ဖြစ်ပေါ်လာစေသည်။ သူမကသူ့ကိုယ်သူ အရင်က တကယ်ကန်းနေခဲ့လို့နေမှာဟုလည်း ပြောခဲ့ပါသေး၏။


သို့တိုင် ရှဲ့ယွီသိကျွမ်းပါသည့် ကျိုးသာ့လေမှာ ထိုကဲ့သို့မဟုတ်ရပါချေ။



"လေကျစ်။"


"အင်း?"


"မင်းဂိမ်းကစားရတာကိုကြိုက်လား?"


"ကြိုက်တာပေါ့။"


"ကိုယ့်အရည်အချင်းကိုယ်ရော မင်းဘယ်လိုမြင်လဲ?"


ကျိုးသာ့လေသည် ရှဲ့ယွီသူ့ကို ရည်ရွယ်ချက်မရှိပါဘဲ စကားစမြည်ပြောသည်ဟုသာ ထင်မှတ်ကာ ရိုးရိုးပင်ဆိုလိုက်၏။


"အတော်လေးမိုက်တယ်ဆိုရင်ရော?"



ကျိုးသာ့လေထွက်လာခဲ့တာ ခပ်လှမ်းလှမ်းသို့ပင်ရောက်သည့်တိုင် ရှဲ့ယွီကလိုက်မလာပဲရှိသည်ကိုတွေ့တော့ သူသည်လှည့်ကြည့်လျက်မှ အော်ပြောလိုက်လေသည်။


"မင်းဘာလုပ်နေတာလဲ မသွားဘူးလား ၊ ဘတ်စ်ကားအမှီလိုက်ရမှာကို။"


(၁၀)မိတာအဝေး၌ ရပ်လျက်ရှိသည့် ညီနောင်ရင်းချာပမာရှိလှတဲ့ရှဲ့ယွီက သူ့အားပြောလေ၏။


"မင်းလုပ်နိုင်လိမ့်မယ်လို့ ငါထင်တယ်။"


ကျိုးသာ့လေမှာ ကြက်သေသေလို့သွားခဲ့ရသည်။


ရှဲ့ယွီသည် ပြုံးလျက်ဆိုလိုက်ပါ၏။


"မင်းကအတော်လေးမိုက်ပါတယ်။"



rate now: