book

Index 9

အပိုင်း - ၉ (ငါတို့တွေ တက္ကသိုလ်တစ်ခုထဲမှာ သင်ကြားနေတာရော ဟုတ်ရဲ့လား)

ဆွေးနွေးခန်းမတွင် ခုံအလွတ်တစ်လုံးတောင် မရှိတော့ပေ။ တတိယနှစ်ကျောင်းသူကျောင်းသားတွေအားလုံးက နောက်နှစ်ဘွဲ့ရမယ့် ဝင်ခွင့်စာမေးပွဲအတွက် စာလေ့လာနေကြသည်။


 စာခုံရဲ့ဘေးတွင်တော့ ကျင်းလင်တက္ကသိုလ်မှ သင်္ချာဌာန၏ ပါမောက္ခထန်းကျိဝေက ထိုင်နေသည်။ သူက လက်ထဲက သတင်းစာကို ချလိုက်လေရင်း သူ့ရှေ့သို့ရောက်နေသည့် အကြမ်းစာရွက်ပေါ်မှ မေးခွန်းတွေကို တစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့ ညာလက်က ဘောပင်အဖုံးကို လက်မနဲ့တွန်းချွတ်လိုက်လေ၏။ 


လုကျိုးက သူ့ရဲ့ ဘေးတွင်ရပ်နေသည်။ သူ့ပုံစံက အနည်းငယ်ကြောင်တောင်တောင်လေးဖြစ်နေသည်မို့ တစ်စုံတစ်ရာကို အတွေးနက်နေသည်မှန်းသိသာပေ၏။


 “ဒီမေးခွန်းကို ဘယ်က ရလာတာလဲ”

 ပါမောက္ခ ထန်းကျိဝေက ထိုအကြမ်းစာရွက်ကို တစ်ချက်ကြည့်ရင်း မေးလိုက်သည်။


 “ဒါက ဖတ်စာအုပ်က ရည်ညွှန်းထားခဲ့တဲ့ 'ဖော်ရာ' အတွဲတွေထဲကပါ ကျွန်တော်စာကြည့်တိုက်ကိုသွားပြီး ပတ်သက်တဲ့အချက်အလက်တွေကို ရှာဖွေခဲ့တာပါ ပြီးတော့ ဒီထဲက တချို့အချက် တွေက နောက်ပြီး သီအိုရမ်တွေနဲ့ အချို့ ဆက်စပ်တဲ့ပုံစံတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။ ကျွန်တော်အားလုံးကို တစ်ဆင့်ချင်းဖြေရှင်းပြီးတော့ တွက်ချက်ကြည့်ပေမယ့် ဒီအဆင့်မှာတော့ တစ်နေလို့ပါ”

 လုကျိုးက တောင်းပန်တဲ့အပြုံးလေး ပြုံးလိုက်သည်။ သို့ပေမယ့်သူ့မျက်နှာအမူအရာကတော့ ဂုဏ်ယူမှုတွေနဲ့ ပြည့်နှက်နေခဲ့သည်။ 


ထန်းကျိဝေက လုကျိုးကို တစ်စက္ကန့်လောက်စိုက်ကြည့်ပြီးမှသာ အကြမ်းစာရွက်ကိုပြန်ကြည့်သည်။


သူဘောပင်ကိုပြန်ချထားလိုက်ရင်း မြေဖြူတစ်ခုကိုသာ ကောက်ကိုင်လိုက်သည်။ ထို့နောက် ဝိုက်ဘုတ်သို့သွားကာ တစ်စက္ကန့်လောက်ရပ်တန့်နေခဲ့သည်။ နောက်ပြီးမှသာ လက်ကို ဆန့်ထုတ်ရင်း ထိုအကြမ်းစာအုပ်ထဲက မေးခွန်းတွေကို ဝိုက်ဘုတ်ပေါ်ချရေးလိုက်သည်။ 


လုကျိုးက ထိုဝိုက်ဘုတ်ကိုကြည့်နေရင်း စိတ်နှစ်မြုပ်နေပုံရသည်။ သူ ဒီလိုမေးခွန်းမျိုးကို အိမ်စာလုပ်ခဲ့ဖူးတယ်လို့ပင် စတင်တွေးလာမိ၏။ ဆရာရဲ့ လက်ရေးတွေအလိုက် သူက သေချာလိုက်မှတ်ကာ နားလည်အောင်ကြိုးစားနေခဲ့သည်။ အခန်းထဲတွင် မြေဖြူရဲ့ဆူညံသံမှုသာ ရှိနေကာ တတိယနှစ်ကျောင်းသူကျောင်းသားတွေအားလုံး စာလေ့လာနေရာမှ အာရုံစိုက်လာကြသည်။ သူတို့က ကြည့်လိုက်တဲ့အခါမှာတော့ ထို ဖော်မြူလာ ကို တွေ့လိုက်လေရင်း မှင်သက်သွားကြသည်။ ထို့နောက် ချက်ချင်းပင် ပြန်ငုံ့လိုက်ကြ၏။


ဘာတွေရေးနေတာလဲ။


 အချိန်တွေက ဖြေညှင်းစွာပင် ကုန်ဆုံးသွားခဲ့သည်။ ဘယ်သူမှ မသိလိုက်ခင်မှာပင် ထိုဝိုက်ဘုတ်တစ်ခုလုံး ပြည့်နှက်သွားခဲ့ပြီဖြစ်၏။ ထန်းကျိဝေက ဝိုက်ဘုတ်ရဲ့ ဘယ်ဘက်အစွန်းမှ စတင်ရေးခဲ့ကာ ညာဘက်ထောင့်နားအောက်ဆုံးထိရောက်သည်။ သူက ရေးတာကို ရပ်တန့်လိုက်ပြီးသည့်နောက်လုကျိုးကို ပြန်ကြည့်ကာမေး၏။


 “မင်းနားလည်လား” 


လုကျိုးက ဝိုက်ဘုတ်ကို အာရုံစိုက်စွာကြည့်နေရာမှ ခေါင်းငြိမ့်လိုက်သည်။ 


“ကျွန်တော်နားလည်ပါပြီ”


 ထန်းကျိဝေချက်ချင်းမျက်ခုံးပင့်လိုက်သည်။


 “မင်းတကယ်နားလည်တာလား” 


လုကျိုး ပြန်ပြောလိုက်ပါ၏။ 

“ကျွန်တော်တစ်ကယ်နားလည်ပါတယ်”


 ထန်းကျိဝေအများကြီးပြောမနေတော့ဘဲ ချက်ချင်းပင် ထိုစာတွေအားလုံးကို ဖျက်လိုက်သည်။ ထို့နောက် သူမြေဖြူကို ယူလိုက်လေရင်းဝိုက်ဘုတ်ပေါ် စာအချို့ ထပ်မံရေးသည်။ သူက လုကျိုးရဲ့ ပုံပန်းသွင်ပြင်ကို စစ်ဆေးအကဲဖြတ်နေခြင်းလည်းဖြစ်သည်။


 သူက ကျောင်းသားနှစ်မျိုးကို မုန်းသည်။ တစ်မျိုးကတော့ သူ့ကို အပိုမှတ်တွေပေးဖို့ မေးမြန်းတဲ့လူတွေဖြစ်ပြီး အခြားသူတွေကတော့ သူ့ကို မေးခွန်းတွေနဲ့ တမင်သက်သက်ခက်ခဲအောင်လုပ်တဲ့သူတွေဖြစ်သည်။

အထူးသဖြင့် ဒီလိုနည်းနဲ့ သူ့ရဲ့အချိန်တွေကို ဖြုန်းဖို့မဖြစ်နိုင်ပေ။ ဒီကောင်လေးက သင်္ချာကိုစိတ်မဝင်စားဘဲနဲ့ သူ့ကိုယ်သူလေ့လာစမ်းသပ်နေသူလိုမျိုး ပြုမူနေခဲ့ပေသည်။


 စိတ်ပျက်စရာပဲ။


 ဒီလို လူမျိုး လူစားတွေက ဆရာတွေနဲ့ နီးကပ်ချင်ရုံသက်သက် ဟန်ပြ ကြိုးစားတတ်တဲ့သူတွေပဲ။


 သူတို့တွေအားလုံးက တကယ်စာလေ့လာဖို့ကိုတောင်မှ မေ့နေတတ်ကြသေးတယ်။ 


ထန်းကျိဝေက နောက်ဆုံးပိုင်းကို ဆက်လက်ရေးပြီးသည့်နောက် အချို့လိုင်းတွေကို ချန်ထားလိုက်သည်။ သူချက်ချင်းပင် ရပ်တန့်လိုက်ကာ လုကျိုးကိုပြန်ကြည့်ရင်း ရယ်ကာမေးလိုက်၏။


 “ငါရေးလို့ပြီးသွားပြီ မင်းအားလုံးကို နားလည်မှာပါ ဟုတ်တယ်မလား”


 လုကျိုးခေါင်းငြိမ့်လိုက်သည်။

 “ကျွန်တော်နားလည်ပါတယ် ကျေးဇူတင်ပါတယ်ပါမောက္ခ”


ချန်းယွီရှန်းက ရှေ့ပိုင်းခုံတန်းတွေရဲ့ ထောင့်နားလောက်တွင်ထိုင်နေတာဖြစ်သည်။ သူမက လျှို့ဝှက်စွာနဲ့ သူတို့နှစ်ယောက်ကို ကြည့်နေလေ၏။ သူမက နောက်ဆုံးလေးကြောင်းမြောက်စာကြောင်းလောက်ကို ကြားလိုက်တဲ့အခါ “နားလည်လား” “နားလည်ပါတယ်” ဆိုတာတွေကိုသာကြားလိုက်လေရင်း သူမရဲ့မျက်နှာက စိတ်ရှုပ်ထွေးသွားတော့သည်။


 ဘာကိုနားလည်ပြီး ဘာကိုနားလည်နေကြတာလဲ။ 


သူတို့နှစ်ယောက်သာနားလည်တဲ့စကားတွေပြောနေကြတာလား။


 ချန်းယွီရှန်းက သူမရဲ့စွမ်းရည်ကို သူမနားလည်သည်။ သို့ပေမယ့်သူတို့ပြောနေတဲ့စကားတွေကိုတော့ နားမလည်ပါချေ။ ရုတ်တရက် သူမရဲ့ သင်္ချာစွမ်းရည်က တော်တော်လေးကိုပင် ထိုးကျသွားသလို မျှော်လင့်ချက်မရှိတော့သလို ခံစားလိုက်ရတော့သည်။ 


ဖြစ်နိုင်တာက ငါက တော်တော်ကို စိုးရွားတဲ့ကျောင်းသူမို့လို့လား။ 


ထန်းကျိဝေက လုကျိုးပြန်ဖြေတာကိုကြားတော့ ရယ်လိုက်လေရင်း မြေဖြူကို ခုံပေါ်သို့ ပြန်တင်ထားလိုက်သည်။ သူ့ရဲ့ကော်ဖီခွက်အဖုံးကို ဖွင့်လိုက်လေရင်း ကော်ဖီနည်းနည်းသောက်သည်။ ထို့နောက်ဖြေးညှင်းစွာပြောလိုက်၏။ 


“မင်းတကယ်နားလည်တာလား ဒါဆို ဘာလို့ကျန်တဲ့အဆင့်တွေကို ချမရေးတာလဲ”


 နားလည်တယ်။ ငါရေးနေတုန်းက မင်းက အရူးလိုပဲကြောင်တောင်တောင်နဲ့ ရပ်ကြည့်နေတာလေ။ ဒါတောင်မှ မင်းက မှတ်စုလေးတောင်မှ ကူးမယူခဲ့ဘူး။ ဒါတောင်မှ ဘာကိုနားလည်တာလဲ။ နားလည်ရင်တော့ ငါဒီဖန်ခွက်ကိုပဲ ကိုက်စားလိုက်တော့မယ်။ 


လုကျိုးက ထန်းကျိဝေရဲ့အမူအရာကို မြင်တော့ နောက်ဆုံးတော့ သူရုတ်တရက်နားလည်သွားရသည်။ ပါမောက္ခက သူ့ကို တကယ်အာရုံမစိုက်ဘူးလို့ သံသယဝင်နေတာဖြစ်၏။ 


သူ့ကို စမ်းသပ်ချင်နေတာပဲ။


 လုကျိုး ရယ်ရမလား၊ ငိုရမလားပင် မသိတော့ပေ။


 နတ်ဘုရားကိုတိုင်တည်ပြီးရိုးရိုးသားသား ပြောရရင် သူတကယ်ကို နားလည်တာပါ။ သူလည်းဘာကြောင့်နားလည်နေမှန်းမသိတော့ပေ။ 


ပါမောက္ခထန်းက ဝိုက်ဘုတ်ပေါ်မှာမေးခွန်းတွေကို ဖြေရှင်းပြလိုက်တာနဲ့ ထို  စာကြောင်းတွေအကုန်လုံးက ရင်းနှီးနေသလို ခံစားလိုက်ရတာဖြစ်သည်။ သူအားလုံးကို တစ်ခါတည်းမြင်ဖူးတယ်ဆိုပေမယ့်လည်း အရင် မှတ်မိသလိုဖြစ်နေတာလည်းဖြစ်၏။ ဖြစ်နိုင်တာက စနစ်ရဲ့ အထွေထွေအမှတ်တွေက ဗဟုသုတအနေနဲ့ပြောင်းလဲ အသုံးပြုလိုက်လို့လည်းဖြစ်နိုင်ပေသည်။ ဒါကြောင့် သူအချက်အလက်တွေအားလုံးကို မှတ်မိလွယ်သွားတာလည်းဖြစ်နိုင်ပါ၏။ မဟုတ်ရင်တော့ သူ့ရဲ့ကိုယ်ပိုင်သင်္ချာ အတွေ့အကြုံက တော်တော်လေးကို တိုးတက်လာတာလည်းဖြစ်နိုင်ပေသည်။ အချိန်တိုအတွင်းမှာ သူတကယ်ကို နားလည်လိုက်တာဖြစ်ပါ၏။ 


လုကျိုး အကြောင်းပြချက်သေသေချာချာမပေးနိုင်တာမို့ ပါမောက္ခထန်းကလည်း သူ့ကို ဒီမေးခွန်း မဖြေရှင်းနိုင်ဘူးလို့ထင်နေလေတာဖြစ်သည်။ ပါမောက္ခထန်းက ဇိမ်ရှိစွာနဲ့ သက်တောင့်သက်သာမှီလှဲရင်း သူ့ကို စိုက်ကြည့်နေသည်။ 


နောက်ထပ်စာသင်နှစ်ဝက်မှာ တင်ရမယ့် စာတမ ကို အောင်မြင်အောင်လုပ်နိုင်ဖို့အတွက် ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်လို့မဖြစ်ပါချေ။ သူ့တွင်ရှိနေသည့် သံသယတွေအားလုံးက နွေရာသီမှာ နှင်းကျသလိုပင်ဖြစ်သွားသည်။ သိပ်မကြာခင်အချိန်မှာပင် နေရောင်ထွက်လာရင်း အရည်ပျော်သွားလေ၏။ လုကျိုးနောက်ဆုံးသင်္ကေတလေးကို ရေးပြီးသည့်နောက် သူက ပါမောက္ခထန်းကို ပြန်ကြည့်လိုက်သည်။ ပါမောက္ခထန်းက ခေါင်းငြိမ့်ကာ ပြော၏။


“မဆိုးဘူး ကောင်းကောင်းရေးနိုင်တာပဲ”


 နောက်ဆုံးအဆင့်အနည်းငယ်က သူသုံးခဲ့တဲ့နည်းလမ်းနဲ့ ကွဲပြားသည်။ ပိုပြီးတော့တောင် လွယ်ကူရှင်းလင်းနေသလိုထင်ရပါ၏။ ဒီသက်သေပြသွားချက်က လုကျိုးတစ်ယောက်သာ နားလည်သည့်ဟန်မဟုတ်ဘဲ သူကိုယ်ပိုင်လေ့လာထားခဲ့တဲ့ ဖြစ်စဉ်အကြောင်းကိုပါ ထင်သာမြင်သာရှိစေသည်။ 


ဒီစွမ်းရည်က တော်တော်လေးကို အဖိုးတန်လွန်းတယ်သူမှားယွင်းပြီးအကဲဖြတ်မိတာလား။ 


“ဆရာကူညီတဲ့အတွက်ကျေးဇူးတင်ရမှာပါပဲ ကျွန်တော်သာ ဒါကိုကိုယ်တိုင်တွက်မယ်ဆိုရင် ဒီအဆင့်ကို ဖြေရှင်းနိုင်မှာမဟုတ်သေးဘူး” 

လုကျိုးက တောင်းပန်တဲ့အပြုံးလေးနဲ့ပြောလိုက်သည်။


 သူဒီစကားကိုတော့မလိမ်ပါချေ။

စနစ်က ပေးတဲ့အချက်အလက်တွေ တွက်ချက်နိုင်စွမ်းထဲမှာ “a=b” ဆိုတဲ့သက်သေပြချက်မျိုးပါပေသည်။ သို့ပေမယ့် ဘာကြောင့် အေနဲ့ဘီနဲ့ညီလဲဆိုတာကိုတော့ ရှင်းပြထားခြင်းမျိုး မရှိပေ။ သူ ပါမောက္ခထန်းကို လိုအပ်တဲ့ရှင်းပြချက်ကိုသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် နောက်ပိုင်းတွင် သူဆက်တွက်နိုင်သွားတာလဲဖြစ်ပါ၏။


 “ငါ့ကို အဲ့လောက်ချီးကျူးနေစရာမလိုပါဘူး ငါမင်းရဲ့ စွမ်းရည်ကိုမြင်ပါတယ်”

 ပါမောက္ခထန်းကလည်းပြန်ပြောလိုက်သည်။ 


သူကရေနွေးဗူးလေးကို ပိတ်လိုက်လေရင်း ဆက်မေးလိုက်၏။ 


“မင်းဘယ်အခန်းကလဲ”


 “အခန်းတစ်ကပါ ကျွန်တော်က ပထမနှစ်ကျောင်းသာ လုကျိုးပါ” 

လုကျိုး ရိုးရိုးသားသားဖြေလိုက်သည်။ 


“လုကျိုး” 


ပါမောက္ခထန်းက ထိုနာမည်ကို အကြိမ်အနည်းငယ်ရေရွတ်ရင်းမှတ်မိအောင် ကြိုးစားနေပုံရသည်။


 ဒီကျောင်းသားနာမည်က လုကျိုးလို့ခေါ်တာလား။ 


ချန်းယွီရှန်းက ထောင့်ပိုင်းတွင်ထိုင်နေသည်။ ထို့ကြောင့် သူမက ခိုးနားထောင်နေသည်မို့ ကြားလိုက်ရပေသည်။ ရုတ်တရက် တစ်စုံတစ်ရာမှားယွင်းသွားသလိုလည်း ခံစားနေရ၏။


ပထမ ပထမနှစ်ကျောင်းသားဟုတ်လား။ 


ချန်းယွီရှန်းချက်ချင်းပင် သူ့ကို ကိုးကွယ်ခဲ့ဖူးတာကို သတိရတော့ မျက်နှာက ရှက်ရွံ့သွားတော့သည်။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက စားပွဲပေါ်မှာတောင့်တင်းသွားရင်း ချက်ချင်းပင် သတိ ဝင်လာကာ ခုံပေါ်ကို မှောက်အိပ်လိုက်သည်။


 ချန်းယွီရှန်း တစ်ယောက်တည်းသာ အံ့အားသင့်ရသူမဟုတ်ပေ။ အချို့သော စီနီယာကျောင်းသူတွေကလည်း အရှေ့တန်းတွင်ထိုင်နေသည်မို့ ဒီဂျူနီယာလေး စိတ်နစ်မြုပ်နေတာကို မြင်ရတဲ့အခါ သူတို့ရဲ့နှလုံးသားတွေကလည်း မီးအိမ်တွေကို ထုတ်ပိုးထားသလိုမျိုး မရေမရာဖြစ်လာရသည်။


 ဒီနေ့ခေတ်လူသစ်တွေက ဘယ်လောက်တောင်ဉာဏ်ကောင်းလိုက်သလဲ။ 


ငါတို့သူတို့ကို ကျော်လွှားအောင် ဘယ်လိုလုပ်ရတော့မှာလဲ။


 “စာမေးပွဲက သိပ်မကြာခင်အချိန်မှာရောက်တော့မှာမဟုတ်လား မင်းစာတစ်ကျော့ပြန်ပြီးပြီလား”


 “ကျွန်တော်အားလုံးကို တစ်ကျော့ပြန်ပြီးပါပြီ ကျွန်တော်နောက်ထပ်လေ့လာစရာတွေရှိနေသေးလို့ပါ” 

လုကျိုးက ပြုံးပြလိုက်သည်။


 “အာ မင်းလိုလူမျိုးကို စာမေးပွဲစစ်ရမှာတော့ တော်တော်စိတ်ဝင်စားစရာပဲကွ”

 ထန်းကျိဝေက ပြောလိုက်သည်။ အပြုံးလေးနဲ့သူက ဟာသနှောလိုက်သေးသည်။ 


“ငါမင်းကို အထူးပုံစံနဲ့ စာမေးပွဲစစ်ရင်ရော ဘယ်လိုလဲ”


 “ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ကျွန်တော်သေသွားလိမ့်မယ်” လုကျိုးကလည်း ပြန်ပြီး ဟာသနှောသည်။


 “ဘာ စာမေးပွဲတစ်ခုက မင်းကိုသတ်နိုင်မှာလားကွ ငါမယုံဘူး” 

ထန်းကျိဝေကလည်း ရယ်နေသည်။ 


ထို့နောက်လုကျိုးကို ကြည့်ကာ ခေါင်းငြိမ့်ပြရင်းပြောလိုက်၏။ 


“မဆိုးဘူး မဆိုးဘူး ဒီလိုလူမျိုးတွေက တော်တော်လေး ရှားတယ်မင်းသာ ပထမနှစ်ကျောင်းသားမဟုတ်ဘူးဆိုရင် ငါမင်းကို ပညာရေးရုံးခန်းကို ခေါ်သွားပြီး မင်းမှာ အတောင်ပံတွေ ဘာတွေများ ရှိနေမလားလို့ လေ့လာစမ်းသပ်ခိုင်းအုံးမှာ”


“ဆရာ ဆရာက ကျွန်တော့်ကို အရမ်းကြီး မြင့်မြင့်တွေးနေတဲ့ပုံပါပဲ ကျွန်တော့်မှာ လေ့လာစရာတွေအများကြီး ကျန်နေပါသေးတယ် ကျွန်တော်သာ ဆရာနဲ့ လေ့လာစမ်းသပ်နိုင်မယ်ဆိုရင် ဆရာ့ကိုပါအောက်ကို ဆွဲချမိသလိုဖြစ်မှာ စိုးမိပါတယ်”

 လုကျိုးပြန်ပြောလိုက်သည်။


 ပါမောက္ခထန်းက နောက်နေတာ သူသိပေမယ့်လည်း သူက တရိုတသေပြန်ပြောဖို့ မမေ့ပါချေ။


 ထန်းကျိဝေ သူ့ကို ချက်ချင်းပင် လေ့လာလိုက်၏။


 “တော်တော့ တော်တော့ အဲလောက်ထိ ယဉ်ယဉ်ကျေးကျေးတွေလုပ်မနေနဲ့ ပညာရေးနယ်ပယ်က လူတွေအားလုံးက ပညာရေးထဲမှာပဲ နစ်မြုပ်ထားရတာက ပုံမှန်ပဲ ဒီတော့  အရမ်းလိုက်ပြီး ယဉ်ကျေးပြနေစရာမလိုဘူး” 


သူက ဆရာတစ်ယောက်ဖြစ်လို့ လုကျိုးက ယဉ်ကျေးနေမှန်းသိပေမယ့်လည်း အခုလိုမျိုး ရင်းရင်းနှီးနှီးဖြစ်ဖို့ပြောဖို့ရာလည်းမမေ့ပါချေ။ တကယ်တော့ ပါမောက္ခထန်း ဒေါသထွက်သွားသည်မဟုတ်။ သူက လုကျိုးကို ကိုယ်ပိုင်ကျောင်းသားအနေနဲ့ သင်ကြားပေချင်တာသာဖြစ်သည်။


သို့သော် ဒီဆရာကြီး ဒေါသထွက်သွားသလို ဖြစ်သွားတာကိုမြင်ရတော့ လုကျိုးလည်း ပြုံးလိုက်ရသည်။ ဥပမာအနေနဲ့ သူဝိုက်ဘုတ်ပေါ်မှာမတိုင်မီက စာရေးချနေတုန်းက လုကျိုးက ဘာတွေတွေးနေလဲဆိုတာကို သိချင်နေပုံရသည်။ ထိုသို့သာ သိလိုက်ပါက သူ ဒေါသထွက်သွားလောက်ပေ၏။ 


“ဆရာ ဆရာပြောတာမှန်ပါတယ် ကျွန်တော်နားလည်ပါပြီ”


 လုကျိုးရဲ့လေးနက်တဲ့အမူအရာကို မြင်တော့ ထန်းကျိဝေရဲ့လေသံကလည်း သက်တောင့်သက်သာဖြစ်သွားရင်း ခေါင်းငြိမ့်လိုက်သည်။ သူဆက်ပြောလိုက်၏။


 “ကောင်းတယ် မင်းသင်္ချာပညာမှာ စိတ်ဝင်စားတာ အကောင်းဆုံးပဲ မင်းရဲ့ စိတ်ဝင်စားမှုတွေအားလုံးကို သေချာစုစည်းပြီး ထိန်းသိမ်းထားနိုင်ပါစေလို့ ငါမျှော်လင့်တယ် မင်းရဲ့ရွေးချယ်တဲ့နယ်ပယ်ကလည်း ကောင်းပါတယ်ကွာ ဒီနယ်ပယ်က ကျော်ကြားတဲ့ နယ်ပယ်တစ်ခုမဟုတ်ပေမယ့် အောင်မြင်အောင်သာ လုပ်နိုင်မယ်ဆိုရင် နောက်ပိုင်းမှာလည်း အကျိုးအမြတ်တွေကြီးပဲ ရရှိမှာပါ မင်းရဲ့ စိတ်ကူးစိတ်သန်းကသာ ကောင်းမယ်ဆိုရင် ရှေ့ဆက်လျှောက်ဖို့ကြောက်ရွံ့မနေနဲ့ မင်းနားမလည်တဲ့အပိုင်းတွေရှိရင် ချက်ချင်းစာဖတ်ပြီးတော့ လာမေးလို့ရတယ် ဒါက ဒီပညာရေးနယ်ပယ်တည်ဆောက်ထားတဲ့ပုံစံပဲ တစ်စုံတစ်ယောက်က သိရင် တစ်စုံတစ်ယောက်က လာပြီးတော့ မေးမြန်းနိုင်စွမ်းရှိရတယ်” 


ပါမောက္ခထန်းက ခဏလောက်ရပ်ပြီးမှသာ ဆက်ပြောပြန်၏။


 “ကျင်းလင်တက္ကသိုလ်ရဲ့ သင်္ချာဌာနက သိပ်တော့အင်အားမကြီးဘူးကွာ ဒါပေမယ့် ငါတို့ ရူပဗေဒဌာနကတော့ အရမ်းကောင်းတယ် ဖော်ရီအာ ပြောင်းလဲမှုတွေကို အလင်းမှုန် တွေကို အသုံးပြုပြီးတော့  တွက်ချက်မှုတွေကို အားလုံးကို သေချာမှတ်တမ်းတင် ဖော်ပြထားတာတွေ ရှိတယ် မင်းကသာဒီနယ်ပယ်မှာ ကျွမ်းကျင်သွားခဲ့မယ်ဆိုရင် မင်းရဲ့စတုတ္ထနှစ်ရောက်တဲ့အခါ ရူပဗေဒပါမောက္ခက မင်းကို လိုချင်လာမှာ သေချာတယ်”


 ပါမောက္ခထန်းက ရယ်ရင်းဆက်ပြောသည်။ 


“များများလေ့လာကွာ များများဖတ် များများလေ့ကျင့် များများသာလေ့လာစမ်းသပ်တော့ ငါလည်းဒီမှာ စကားများနေတာကိုရပ်လိုက်တော့မယ် မဟုတ်ရင် မင်းရဲ့ အချိန်တွေကို ဖြုန်းတီးသလို ဖြစ်နေတော့မှာပဲ မြန်မြန်သွားပြီးတော့တွေးတော ပြီးတော့ လုပ်ချင်ရာကိုလုပ်တော့ မင်းရဲ့အချိန်ကို မဖြုန်းတော့ဘူး”


 “ကျေးဇူးတင်ပါတယ်ပါမောက္ခ ကျွန်တော်ဒီစကားတွေအားလုံးကို သေချာမှတ်ထားပါ့မယ်ခင်မျာ”

 လုကျိုးက အလေးအနက်ပြန်ပြောလိုက်သည်။


 “ငါ့ကို ဟန်ဆောင်ယဉ်ကျေးမနေစမ်းပါနဲ့ကွာ မင်းကိုမပြောဘူးလား ကျေးဇူးတင်တယ်ဆိုရင် အခုထွက်သွားပြီးတော့ စာလေ့လာတော့ ငါမင်းကို လိုက်ပို့ဖို့လိုနေသေးလား” ထန်းကျိဝေရယ်နေသည်။


 လုကျိုးလည်းပြုံးလိုက်၏။ သူက အကြမ်းစာရွက်လေးနဲ့ ဘောပင်လေးကို ကောက်ကိုင်လေးရင်းတံခါးမှ ထွက်ခွာသွားတော့သည်။ သူက တံခါးကိုတောင် ပိတ်ပေးခဲ့ပါသေး၏။ 


ထန်းကျိဝေက ကျောက်သင်ပုန်းကို တစ်ခါပြန်ကြည့်လိုက်ရင်း သက်ပြင်းရှိုက်လိုက်သည်။ သူ့ရဲ့ နှလုံးသားကတော့ လေးနက်စွာလှုပ်ရှားသွားပြီဖြစ်၏။

ကျင်းလင်လိုမျိုး မင်းဆက်ခြောက်ခုမြို့တော်ရဲ့ ရှေးဟောင်းမြို့တော်မှာ အခုလိုမျိုး အံ့သြသင့်စရာလူတွေရဲ့ မွေးဖွားရာဖြစ်နေတာကို သူမအံ့သြတော့ပါဘူး။ ကျင်းလင်တက္ကသိုလ်က နဂါးတစ်ကောင်လို ရပ်တည်နေခဲ့တာပဲ။ ဒါကြောင့် ပါရမီရှိလွန်းတဲ့လူငယ်တွေကို မွေးထုတ်ပေးနိုင်တာပေါ့။ 


ဘွဲ့ရသည့် ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြသည့် ကျောင်းသူကျောင်းသားတွေကတော့ ကြောင်အနေကြသည်။ သူတို့က ဝိုက်ဘုတ်ပေါ်မှ မျက်စိကျိန်းမတတ် တောက်ပလွန်းတဲ့မေးခွန်းတွေကိုသာ ကြည့်နေကြတော့၏။


ထို့နောက် သူတို့လေ့ကျင့်ခန်းစာအုပ်ကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ တစ်စုံတစ်ရာမှားယွင်းသလိုခံစားလိုက်ရပြန်သည်။ 


ငါတို့တွေ တက္ကသိုလ်တစ်ခုတည်းမှာ သင်ကြားနေတာကော ဟုတ်ရဲ့လား။



rate now: