သူ့အိပ်ယာက ခပ်ဖြည်းဖြည်းလှုပ်နေတယ်လို့ သူခံစားရချိန်တွင် မနက်ခြောက်နာရီသာရှိသေးသည်။ လျှို့လွေ့ သူ့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့မျက်လုံးတွေကို တဖျတ်ဖျတ်ခတ်ဖို့ကြိုးစားရင်း ဘယ်သူက အိပ်ယာကိုလှုပ်ဖို့လုပ်နေသလဲဆိုတာကို ကြည့်လိုက်သည်။
လုကျိုးဟာ လှေကားမှ အောက်သို့ ဆင်းနေတာကို သူမြင်လိုက်ရချိန်တွင် ချက်ချင်းမေးမြန်းလိုက်ဖြစ်သည်။
“ကျိုး မင်း အစောကြီးထတာလား”
လုကျိုးဟာ ကျန်သောအခန်းဖော်နှစ်ယောက်နိုးသွားမှာကို စိုးရိမ်သည့်အနေဖြင့် အသံတိုးတိုးနှင့်သာ ပြန်ပြောသည်။
“ဟုတ်တယ်”
လျှို့လွေ့ချက်ချင်းပင် ထပ်မေးလိုက်ပြန်၏။
“အလုပ်သွားဖို့လား”
လုကျိုး အနည်းငယ်တုံ့ဆိုင်းပြီးမှသာ ခေါင်းကို ခါပြလိုက်သည်။
“မသွားဘူး ငါရက်နည်းနည်းအနားယူမှာ”
“အခုအရမ်းစောနေသေးတယ်လေ မင်းဘယ်သွားမလို့လဲ”
“စာကြည့်တိုက်လေ”
ရုတ်တရက် လျှို့လွေ့အဖို့ ဆက်မအိပ်ချင်တော့သလိုဖြစ်သွားသည်။
လုကျိုး သွားတိုက်ဖို့နဲ့ ခန္ဓာကိုယ်ဆေးကြောဖို့အတွက် အခန်းထဲဝင်သွားလိုက်သည်။ ထို့နောက်သူပြန်ထွက်လာတဲ့အခါမှာတော့လျှို့လွေ့ဟာ အိပ်ယာပေါ်မှဆင်းလာတာကို တွေ့လိုက်ရသည်။
သူချက်ချင်းပဲ စူးစမ်းသလိုမေးလိုက်မိပါ၏။
“မင်းမအိပ်ချင်တော့ဘူးလား”
“ငါစာလုပ်ရမယ်လေ”
လျှို့လွေ့ဟာ သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်ဖို့အတွက် ပင်ပန်းနွမ်းနယ်နေတဲ့ကိုယ်ကို ရေချိုးခန်းထဲသို့ ဒရွတ်တိုက်ဆွဲသွားလိုက်သည်။
လုကျိုးကတော့သူ့ရဲ့ တက်ကြွလွန်းတဲ့ အခန်းဖော်ကြောင့် ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။ အဆုံးတွင်တော့ သူ ခေါင်းကိုခါရမ်းရင်း မည်သည့်စကားမှ မပြောဖြစ်တော့။
သူဖိနပ်စီးပြီး ကျောပိုးအိတ်ကိုလွယ်ကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
ပုံမှန်အရအတိုင်း ကျင်းလင်ဟာ ဂျွန်လတွင်ပင် လူတွေ ရှုပ်နေလျက်ရှိသည်။ ထိုသည်က မနက်ပိုင်းပင်လျှင် လစ်လပ်ခြင်းမျိုးမရှိ။
မနက်ပိုင်းလေပြေလေးက မြူထုတွေကြား ပြည့်နှက်နေကာ မွှေးပျံ့လွန်းတဲ့သင်းရနံ့ကိုလည်း သယ်ဆောင်လာသေးသည်။ လေပြေတို့က လူတိုင်းလူတိုင်းရဲ့မျက်နှာကို ညင်သာစွာတိုက်ခတ်သွားလေ၏။ အေးချမ်းမှုနဲ့ ရက်စက်တဲ့လေတွေက ပူနွေးမနေခဲ့ပေ။ ကျောင်းတော်ရဲ့ မနက်ပိုင်းအချိန်အခါဆိုတာဟာ ယဉ်ကျေးသိမ်မွေ့လှတဲ့ အမျိုးသမီးတစ်ယောက် နှေးကွေးစွာ ချဉ်းကပ်လာသည်နှင့်ပင် တူချေသည်။ ညအချိန်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် လက်ရှိအခြေအနေက အခြားနေရာတစ်ခုရောက်သွားသလိုပင် ခံစားရစေသည်။
လုကျိုးဟာ ပေါင်မုန့်နှစ်လုံးနဲ့ ပဲနို့တစ်ခွက်ကို ကျောင်းရဲ့ ကန်တင်းမှ ယူလာခဲ့လိုက်သည်။ စားသောက်ပြီးသည့်နောက် သူသက်တောင့်သက်သာနှင့် စာကြည့်တိုက်သို့ ထွက်လာခဲ့လိုက်၏။
ကျင်းလင်ဟာ ကျော်ကြားလှသလို လူသိများလွန်းလှသည့် တက္ကသိုလ်ကျောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်တွင် စာကြည့်တိုက်မှူးဝန်ထမ်းရောက်မလာသေးတာတောင်မှ ကျောင်းသူကျောင်းသားတွေအားလုံးဟာ စာကြည့်တိုက်၏ ဝင်ပေါက်တွင် ရပ်ရင်းစာဖတ်နေကြသည်။
လုကျိုးလည်း သူ့ရဲ့အဆင့်လေး ဝေါဟာရစာအုပ်ကို စတင်ဖတ်ရှုလိုက်သည်။ အပြင်မှာ ဖတ်ရှုရတာဟာ စာကြည့်တိုက်ထဲမှာ ဖတ်ရှုရသည်ထက် ပိုဆိုးသည်။ ထိုသို့ဖတ်ရှုနေစဉ်တွင် သူ့ရဲ့ဝန်းကျင်တစ်ဝိုက်တွင်လည်း ဟိုတစ်စု ဒီတစ်စုနှင့် ကျောင်းသားတွေရှိနေကြသည်မဟုတ်လား။
လုကျိုးသည် စာကြည့်တိုက်ပြင်ပတွင် မနက်ခုနစ်နာရီခွဲသည်အထိ စောင့်နေခဲ့ရသည်။ နောက်ဆုံးတွင်မှ စာကြည့်တိုက်မှူးက ရောက်လာရင်း တံခါးတို့ကို ဖွင့်ပေးသည်။ စာကြည့်တိုက်တံခါးတွေ ပွင့်သွားသည်နှင့် ကျောင်းသူကျောင်းသားတွေဟာ ရေကြီးသလိုမျိုး ထိုဝင်ပေါက်ထဲသို့ ဒလဟော ဝင်သွားကြသည်။ မိနစ်ပိုင်းအတွင်းမှာတင် အပြင်ဘက်မှ လူအုပ်က ပျောက်ကွယ်သွားချေပြီ။
လုကျိုးလည်း လူအုပ်နောက်သို့လိုက်ရင်းအထဲသို့ ဝင်လိုက်သည်။ သူငှားရမ်းသင့်သည့် စာအုပ်တွေကို လိုက်လံကြည့်ရှုမယ့်အစား "အဆင့်မြင့်အယ်ဂျီဘရာ” ဆိုသည့်စာအုပ်ကိုသာ ကိုင်ဆွဲရင်းတိတ်ဆိတ်သည့်ထောင့်တစ်နေရာတွင်ထိုင်လိုက်သည်။
လုကျိုးသည် ချက်ချင်းပင် အာရုံစူးစိုက်လွန်းသည့်အခြေအနေသို့ရောက်ရှိသွားကာ ပထမစာမျက်နှာကို နှစ်နာရီကြာသည်အထိ ဖတ်ရှုနေခဲ့သည်။ ထိုထဲတွင် အဓိက အချက်အလက်ခေါင်းစဉ်အကြောင်းအရာတွေကို လေ့လာမှတ်သားရတာမျိုးနှင့် တွက်ချက်ရတာမျိုးတွေ၊ မေးခွန်းတွေကို စူးစမ်းဆင်ခြင်ရတာမျိုးတွေနှင့် အခြားသော ကဏ္ဍအမျိုးမျိုးပါဝင်နေပေသည်။
လုကျိုးဟာကျန်ရှိနေတဲ့ခေါင်းစဉ်တွေပါဝင်သည့် “သင်္ချီာဆိုင်ရာခွဲခြမ်းလေ့လာခြင်းသင်ခန်းစာအသစ်များ” စာအုပ်ကိုသာ ဖတ်ရှုဖို့ ဆုံးဖြတ်လိုက်သည်။ သူက နေ့လည်အထိ အချို့သောအဆင့်မြင့် အယ်ဂျီဘရာ စာအုပ်ကိုသာ ဖတ်ရင်းအချိန်ဖြုန်းဖို့လည်းတွေးလိုက်သေးသည်။
လုကျိုးအသက်ပြင်းပြင်းရှူလေရင်း စာအုပ်မှ မှတ်ထားသည့်ကတ်လေးကို ဖြုတ်ကာ နောက်တစ်မျက်နှာသို့ လှန်လိုက်သည်။ ထို့နောက်ထိုဖတ်စာအုပ်ထဲသို့ သူရဲ့အာရုံအပြည့်ကို စူးစိုက်ထားလိုက်တော့သည်။ သိပ်မကြာခင်အချိန်တွင်ပင် သူက ဈန်ဝင်သည့်အခြေအနေသို့ ရောက်သွားကာ အရာအားလုံးကို မေ့လျော့သွားခဲ့သည်။ လက်ရှိတွင် သူနဲ့ ထိုဖတ်စာအုပ်ကသာ လောကတစ်ခု ဖြစ်တည်နေခဲ့ပြီဖြစ်၏။
အချိန်တွေက နှေးကွေးစွာဖြင့်ကုန်ဆုံးသွားလေရင်း ဆ့ယ်တစ်နာရီတောင် ခွဲသွားခဲ့ပြီ။ လုကျိုးဟာ သက်တောင့်သက်သာဖြစ်စွာဖြင့် ထိုဖတ်စာအုပ်ကို ပိတ်လိုက်သည်။
နောက်ဆုံးတွင်တော့ ထိုစာအုပ်ကို ဖတ်လို့ပြီးဆုံးသွားခဲ့ပြီ။ ထိုစာအုပ်ရဲ့ တန်ကြေးရမှတ်က ငါးအထိ လျော့ကျသွားခဲ့ပြီဖြစ်၏။
ထို့ကြောင့်သူ့ရဲ့အရည်အသွေး တိုးတက်လာတဲ့အကြောင်းကိုလည်း သိသာပေသည်။ စနစ်ရဲ့အမှတ်ပေးနှုန်းဟာ ပညာရေးလောကရဲ့ တန်ဖိုးအပေါ်မူတည်ပြီးတွက်ချက်ခြင်းမဟုတ်ဘဲ လုကျိုးရဲ့ အဆင့်အလိုက်တွက်ချက်ခြင်းဖြစ်သည်။ ထိုစာအုပ်ရဲ့တန်ဖိုးဟာ ငါးဘာလို့ ဖြစ်နေရသေးလဲဆိုရင်ဖြင့် ထိုထဲတွင် လုကျိုးနားမလည်သေးသည့်အကြောင်းအရာအချက်အလက်တွေပါဝင်နေသောကြောင့်ဖြစ်သည်။ သူ အပြည့်အဝနားလည်သေးသည်မှ မဟုတ်လေဘဲ။ နောက်ပြီး နောက်တစ်ကြိမ်ပြန်ဖတ်ကာ အပြည့်အဝနားလည်သဘောပေါက်အောင် လုပ်ဆောင်ဖို့လည်း လိုနေပေသေးသည်။ ဒါကြောင့် ငါးအထိသာ လျော့ကျသွားခဲ့ခြင်းဖြစ်၏။ သို့သော် လုကျိုးကတော့ ထိုစာအုပ်ကို ထပ်မဖတ်သေးပေ။ သူ့ရဲ့အဖိုးတန်လှတဲ့အချိန်တွေကို ငါးမှတ်တည်းနဲ့ ဖြုန်းတီးဖို့ရာ မသင့်။
နေ့လည်စာ စားချိန်ရောက်ပြီမို့ လုကျိုးဖတ်စာအုပ်ကို ပိတ်လိုက်ပြီး စာကြည့်တိုက်အပြင်ဘက်သို့လမ်းလျှောက်ထွက်လိုက်သည်။ သူ အဓိက လမ်းမကြီးမှ ဖြတ်သန်းသွားသည့်အခါအချက်အလက်စာတန်းလေးကို စောင်းငဲ့ကြည့်ုလိုက်သေးသည်။ ကျန်ရှိနေတဲ့ အချိန်အရေအတွက်ကတော့ ဆယ့်ရှစ်နာရီအထိ လျော့ကျသွားခဲ့ပြီ။
ရုတ်တရက် လုကျိုးဒီလုပ်ငန်းကို မြန်မြန်မပြီးဆုံးစေချင်တော့ပေ။ သူမနှစ်က စာလေ့လာခဲ့တဲ့အချိန်တွေထက် ခြောက်နာရီကျော်အောင်ပင် သူလေ့လာခဲ့ပြီးချေပြီ။ လုကျိုး သူမဖွင့်ခဲ့ရသေးသည့် " အဆင့်မြင့်အယ်ဂျီဘရာ” ဖတ်စာအုပ်ကို ကြည့်ရင်း တုံ့ဆိုင်းသွားသည်။ နောက်ပြီး C ပရိုဂရမ်ဘာသာရပ်စာမေးပွဲ လည်း ရှိနေသေးသည်။
သူ သင်္ချာစာအုပ်အစား C ဖတ်စာအုပ်ကို ရှာသင့်လား။ နောက်ပြီး အင်္ဂလိပ်စာလည်းလေ့လာရအုံးမယ်။
အင်္ဂလိပ်စာအုပ်တွေရဲ့ အရေအသွေးအမှတ်အကြောင်းကို သူသေချာမသိသေးချေ။ အင်္ဂလိပ်သတင်းစာတွေဟာ ဝင်ပေါက်ရဲ့ ဘေးနံရံတွင်ထားတတ်ပေမယ့် လက်ရှိတွင်တော့ တစ်အုပ်မှ ရှိမနေခဲ့တော့ချေ။
အဆင့်မြင့်နည်းပညာစနစ်ရဲ့ ထူးဆန်းသည့် ဘက်လိုက်မှုတို့ဟာ ဖတ်ရှုသည့်စာအုပ် ဘာသာရပ်လိုက်အပေါ် မူတည်တွက်ချက်သည်မို့ သိပ်ကောင်းတယ်လို့တော့ ဆိုမရပေ။ လုကျိုးဟာ သူ၏ ကန်တင်းကဒ်ကို တစ်ချက်လောက်ကြည့်လိုက်ပြီးသည့်နောက် လျင်မြန်စွာဖြင့် စာကြည့်တိုက်ထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။ ပထမဆုံး သူယူထားခဲ့သည့် စာအုပ်ကို ပြန်ထည့်လိုက်သည်။
“C ဘာသာရပ်၏ ၅ကြိမ်မြောက်ထုတ်ဝေခြင်း" ဆိုတဲ့စာအုပ်ကို သာဆွဲယူလိုက်ရင်း သူ့ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်သည်။ နေ့လည်စာ စားချိန် ပြီးဆုံးသွားသည့်နောက် စာကြည့်တိုက်ဟာ ထပ်မံပြီးလူတို့နှင့် ပြည့်နှက်သွားခဲ့ပြီ။
လုကျိုးဟာလည်း မတိုင်မီကယူထားခဲ့သည့်အဆင့်မြင့်အယ်ဂျီဘရာစာအုပ်ကို အပြည့်အစုံအာရုံစိုက်ခဲ့ပြီးပြီ။ သူ နောက်တစ်မျက်နှာလှန်မယ်လို့ တွေးတောလိုက်ရုံရှိသေး တစ်စုံတစ်ယောက်ဟာ သူ့လက်မောင်းကို လာတို့တာကို ခံစားမိလိုက်သည်။
သူမော့ကြည့်လိုက်တော့ လှပလွန်းတဲ့ မိန်းမငယ်လေးတစ်ယောက်ကို တွေ့ရသည်။ သူမက ဆံပင်အမြင့်စည်းထားရင်း ဝိုင်းသည့်မျက်မှန်ကို တပ်ထားသည်။ နောက် ဘောပင်တစ်ချောင်းကို ကိုင်ထားလေရင်း သူ့အားတောင်းပန်ကာ
“အတန်းဖော် နှောက်ယှက်ရတဲ့အတွက်တော့တောင်းပန်ပါတယ်နော် ငါနင့်ကို မေးခွန်းတစ်ခုလောက်မေးလို့ရမလား”
လုကျိုး မြန်မြန်ခေါင်း ငြိမ့်ပြလိုက်သည်။
“ရတာပေါ့ မေးပါ”
သူစာလေ့လာနေတာကို အနှောက်အယှက်ဖြစ်ပေမယ့် စိတ်ရှုပ်တယ်လို့တော့ မခံစားရချေ။ သူမက ဘာများမေးချင်တာလဲ။
ဘာပဲဖြစ်ဖြစ် လူသားတွေဟာ အလှအပကို ခံစားတတ်တဲ့ သတ္တဝါတွေဖြစ်သည်။ အလှအပဟာ လူမှုဆက်ဆံရေးအမြင်ကောင်းရှိဖို့အတွက် အရေးကြီး၏။
သို့သော် အခြားသူတွေထဲကမှ သူမက ဘာလို့ သူ့ကိုလာမေးရသလဲ။ ဖြစ်နိုင်တာက ငါက အရမ်းကြည့်ကောင်းနေလို့လား။
လုကျိုးဟာအမြင်ကောင်းရှိပြီး သိုသိုသိပ်သိပ်နှိမ့်နှိမ့်ချချ နေတတ်သူမျိုးကို သဘောကျပေသည်။ နောက်ပြီး အခုလိုမျိုးနှိမ့်ချရင်း မေးခွန်းလာမေးတတ်တဲ့သူမျိုးကိုလည်း သူသဘောကျတတ်၏။ သူ့တွင် အခြားစိတ်မရှိပေ။ ဒီအတိုင်းကူညီချင်ရုံသာဖြစ်၏။
“ကျေးဇူးတင်ပါတယ်”
ကောင်မလေးက လိမ်လိမ်မာမာပြောသည်။
ထို့နောက်သူမရဲ့ထိုင်ခုံကို လုကျိုးရဲ့ဘေးနားသို့ တွန်းလာလေရင်း ချက်ချင်းပင် ဘောပင်နဲ့စာရွက်ကိုပါ ယူလိုက်သည်။
လုကျိုး ထိုဘောပင်နဲ့ စာရွက်ကိုယူလိုက်ရင်း မေးခွန်းကြည့်လိုက်သည်။
“ငါကြည့်ပါရစေအုံး limit တွေရှာတဲ့ပုစ္ဆာ ဟုတ်တယ်မလား”
သူက ဒီလိုမေးခွန်းမျိုးကို တစ်ခါမှ မဖြေရှင်းရသေးပေမယ့် သိပ်မတိုင်ခင်က ဖတ်စာအုပ်ထဲမှာ ဖတ်ခဲ့တဲ့မေးခွန်းတစ်ခုနဲ့တူညီနေတာကိုတွေ့လိုက်ရသည်။
ကောင်းလိုက်တာ ငါခုနကလေးတင် အယ်ဂျီဘရာ ကို လေ့လာထားတာဆိုတော့ ငါ့ရဲ့ အရည်အချင်းကိုစစ်ဆေးရမယ့်အချိန်ပဲ။
လုကျိုးဟာ ဘောပင်လှည့်နေလေရင်း စတင်တွေးတောလိုက်သည်။ သူတစ်မိနစ်ခန့်တွေးတောပြီးသည့်နောက် ချက်ချင်းပြောလိုက်၏။
“ငါဖြေရှင်းနိုင်ပြီ”
“နင်ဒီလိုတွေးလိုက်ရုံနဲ့ ဖြေရှင်းနိုင်ပြီဟုတ်လား”
ချန်းယွီရှန်း အံ့အားသင့်သွားရသည်။
ဘယ်လိုကောင်က ချတောင်မရေးဘဲနဲ့ ချက်ချင်းဖြေရှင်းနိုင်လိုက်တာလဲ။
လုကျိုးထိုကောင်မလေးကိုကြည့်လိုက်သည်။
နောက်ရင်သားကြီးတဲ့ကောင်မလေးတွေနဲ့ သူမရဲ့အိုင်ကျူက ပြောင်းပြန်အချိုးကျတယ်လို့တွေးမိလိုက်သေးသည်။ သို့ရာတွင် သူရိုးရိုးသားသားပြောလိုက်ခြင်းဖြစ်ပေမယ့် တစ်ဖက်သူကသူအရမ်းမြန်မြန်ဖြေရှင်းနိုင်တဲ့အတွက် အံ့အားသင့်မယ်လို့တော့မထင်ထားချေ။ ဒီလိုမေးခွန်းမျိုးကို ဒီလောက်လွယ်လွယ်ဖြေရှင်းနိုင်မယ်လို့လည်း သူလည်း မတွေးမိသေး။
သူဟာ စာရွက်ကိုတောင်မှ အသုံးမပြုရသေးချေ။ ဖြေရှင်းပုံအဆင့်ဆင့်ကို သူ့ခေါင်းထဲတွင်သာ တွက်ချက်ရင်း အဖြေထွက်သွားခြင်းဖြစ်၏။
လုကျိုးဟာ သူ့ရဲ့အချိန်တွေကို ဖြုန်းမနေတော့ဘဲ စာရွက်ထဲတွင်မေးခွန်းကို ဖတ်ကာ ချရေးလိုက်တော့သည်။ သူချရေးနေစဉ်မှာပဲ တစ်ပြိုင်တည်း ရှင်းပြပေးလိုက်၏။
ချန်းယွီရှန်း ထိုစာရွက်ကို ကြောင်အစွာ ကြည့်နေမိတော့သည်။
ဒီကောင်ဖြေရှင်းတဲ့နှုန်းက အရမ်း မြန်လွန်းလို့ သူမနားထောင်နိုင်စွမ်းပင်မရှိတော့ချေ။
သူဟာ အဖြေနှစ်ခုကိုချရေးနေတဲ့အချိန်မှာ သူမကတော့ အင်တီဂရယ် ကို ဖြေရှင်းတဲ့အကြောင်းကိုသာ တွေးနေဆဲရှိသေးသည်။ သူမ လုကျိုးကို သံသယဝင်သလို ကြည့်လိုက်လေရင်း အဖြေစာမျက်နှာကို လှန်ကြည့်ုလိုက်သည်။
သူမရဲ့မျက်လုံးတွေပြူးကျယ်သွားရပြီ။ အဖြေတကယ်မှန်နေတာပဲ။
ထိုကောင်မလေးရဲ့မျက်နှာအမူအရာကိုမြင်တော့ လုကျိုးဟာမနေနိုင်ဘဲရယ်လိုက်မိသည်။ သူ ရိုးရိုးရှင်းရှင်းပဲ ဘောပင်လှည့်ရင်းမေးလိုက်၏။
“ဒါကလွယ်ကူတဲ့ဖြေရှင်းပုံပဲလေ တွက်ချက်တဲ့အပိုင်းကတော့ လွယ်ပါတယ် မင်းက လူသစ်လား ဘယ်မေဂျာကလည်း”
ချန်းယွီရှန်းမျက်နှာက ရှက်ရွံ့သွားရင်း တိတ်တိတ်လေးပြောလိုက်သည်။
“ငါက မာစတာကျောင်းသူပါ”
သူမမျက်နှာက နီရဲသထက်နီရဲလာကာ တစ်ချို့သောစကားလုံးတွေက ပါးစပ်က ထွက်လာဖို့ ပြင်နေသည်မို့ မနည်းမြိုချနေရသည်။ သူမ မရှက်ပေ။ အဲ့ဒီအစားဒေါသထွက်ခြင်းသာဖြစ်၏။ အတော်လေးကို စိတ်ပျက်စရာပင်။
ဒါက သင်္ချာပုစ္ဆာမေးခွန်းတစ်ခုကို ဖြေရှင်းနိုင်ရုံပဲလေ။
ဘာများ ကြီးကြီးကျယ်ကျယ်ကြွားဝါနေစရာလိုလို့လဲ။
ငါကအဆင့်မြင့်အထက်တန်းကျောင်းမှာ သင်္ချာပညာတွေသင်ကြားခဲ့တာပါ။
နင်ကငါ့ထက်သာနေတော့ရော ဘယ်သူက ဂရုစိုက်နေမှာမို့လို့လဲ။
အစုတ်အပြတ်ကျောင်းမှာ တက်ခဲ့တာမဟုတ်ဘူး။ အစုတ်အပြတ်အတန်းမှာလည်း တက်နေတာမဟုတ်ဘူး။
သောက်ရေးမပါတဲ့ မြို့ကြီးသားကောင်ရဲ့ အလကား တစ်ကိုယ်တည်းသမား။
ချန်းယွီရှန်း ဒေါသထွက်လွန်းလို့ သေဖို့အနည်းငယ်သာ လိုတော့တဲ့အထိဖြစ်လာသည်။ သူမ တစ်ယောက်တည်းဘာလို့လာရလဲဆိုတော့ သူမနှစ်သက်သဘောကျနေတဲ့ ကောင်လေးက သူမကို လစ်လျူရှုထားသောကြောင့်ဖြစ်သည်။
“ကောင်းပြီ”
လုကျိုး ကိုယ်ဟန်အမူအရာနဲ့ ပြန်ဖြေလိုက်သည်။ သူမနဲ့သူနဲ့ တစ်နှစ်တည်း ဖြစ်မယ်လို့ သူတွေးခဲ့တာပင်။ တစ်ဖက်သူက မာစတာတန်းသူတစ်ယောက်ဖြစ်နေမယ်လို့တော့ သူမထင်ထားသေး။ သူ့ရဲ့တောင်းပန်သံ ထွက်လာတဲ့အချိန်တွင် သူ့ရှေ့ထိုင်ခုံတွင်ရှိသည့်လူအချို့မှ ကျယ်လောင်သည့် ချောင်းဆိုးသံကြောင့် ရောနှောသွားခဲ့သည်။
ချန်းယွီရှန်း သူမတို့စကားပြောနေတဲ့ အကြောင်းအရာက အခြားသူတွေနှောက်ယှက်တာကို ခံလိုက်ရကြောင်းသတိပြုမိလိုက်သည်။သူမချက်ချင်းပင် ရှက်ရွံ့သွားလေရင်း လှည့်စားချင်သလိုမျိုး လျှာသပ်လိုက်သည်။ ထို့နောက်စာရွက်တွေနဲ့ မေးခွန်းစာရွက်တွေကို ပြန်ယူလိုက်ကာ ကိုယ့်နေရာကိုယ် ပြန်ထိုင်ချလိုက်တော့၏။
လုကျိုးလည်း တောင်းပန်ဖို့အခွင့်အရေးကိုပြန်ယူမနေတော့ပေ။ သူမရဲ့နာမည်လည်း မမေးသလို wechet နံပါတ် လည်း မေးချိန်မရှိပေ။ ဒီအတိုင်းသူလည်းပြန်ချပြီး တစ်ခဏလောက်စိတ်ရှုပ်ထွေးတာကို ဖြေလျော့နေခဲ့သည်။ ပြီးတော့မှာ ခေါင်းခါရမ်းကာ “ အဆင့်မြင့်အယ်ဂျီဘရာ” စာအုပ်ကိုသာ ထပ်ဖတ်နေလိုက်သည်။
စာလေ့လာတာက ကောင်မလေးတွေထက် ပိုအရေးကြီးတယ်။
ကွန်ပြူတာမှာလေ့လာပြီး ဆက်ဆံရေးတွင်ကောင်းမွန်ဖို့ တည်ဆောက်ရမယ်ဟုတ်လား။
စိတ်မကောင်းပါဘူး။
စစ်မှန်တဲ့ပါရမီရှင် ကျောင်းသားတစ်ယောက်ဆိုတာက ဒီလိုကိစ္စမျိုးတွေနဲ့ အချိန်ကုန်ခံမနေဘူး။
သင်္ချာဘာသာရပ်မှာ အဆင့်တစ်ကို တက်နိုင်ဖို့လိုအပ်တယ်။
ဒါမှသာ ဒီလောကကြီးကို အုပ်စိုးနိုင်လိမ့်မယ်။
လျင်မြန်စွာဖြင့် လုကျိုး တွေးလိုက်သည်။ တစ်ခဏအကြာတွင် ဈန်ဝင်စားသည့်အခြေအနေသို့ ပြန်ရောက်ရှိသွားပြန်သည်။ သူက မတိုင်မီက ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို မေ့လျော့သွားခဲ့ပြီဖြစ်၏။