book

Index 5

Part - 4

"ဆရာ ဒီနေ့ညနေ လက်နက်ယူမဲ့အဖွဲ့တခုနဲ့ 

တွေ့ဖို့ရှိပါတယ်"


"ဘယ်ချိန်လဲ "


"ညနေ 6 နာရီပါ ဆရာ"


"ဟုတ်ပြီ အဲ့ဒါဆို လိုအပ်တာတွေမင်းပြင်ထားလိုက် ငါ ဂျပန်ဘက်က အလုပ်ကိစ္စတခုကို ဖုန်းဆက်လိုက်ဦးမယ်"


"ဟုတ်ကဲ့  ဆရာ"


သျှန် ဂျပန်ဘက်ကို လုပ်ငန်းတိုးချဲ့ထားသည့်ကိစ္စ‌တွင် ပြသနာနည်းနည်းရှိနေသည်မို့ စိတ်ရှုပ်နေရသည်။

သျှန့်အလုပ်တွေတင်သာဆို စိတ်ထင်တိုင်းလုပ်မိလိုက်မှာသေချာသည်။အခုက ညို့လုပ်ကွက်တွေကိုပါ ထိပါးနေသည်မို့ 

အေးဆေးဖြေရှင်းရမည့်ကိစ္စတခုဖြစ်နေသည်။

စာရင်းဇယားတွေကြားထဲခေါင်းထိုးကာ အလုပ်တွေရှုပ်နေရသည်။


"ဒေါက် ဒေါက် ဒေါက်"


"အင်း ဝင်ခဲ့"


"ငါးနာရီ ထိုးနေပြီဆရာ ဧည့်သည်နဲ့ ချိန်းထားတာက ညနေ ခြောက်နာရီပါ မြို့ပြင်ကဆရာ့ခြံမှာပဲ ချိန်းထားပါတယ်"


"အွန်း ဟုတ်ပြီ အဲ့တာဆို ငါရေချိုးလိုက်ဦးမယ်အချိန်ရသေးတယ်မလား"


"ဟုတ်ကဲ့  ရတယ် ဆရာ"


"နောက်နာရီဝက်နေရင် ထွက်မယ် အကုန်အဆင်သင့်ဖြစ်နေပါစေ"


"ဟုတ်ကဲ့  ဆရာ"


သျှန် ရေချိုးခန်းထဲသို့ တခါတည်းတန်းဝင်ခဲ့လိုက်သည်။

ပင်ပန်းနေတဲ့စိတ်အဆင်ကို အေးချမ်းသွားအောင်ရေအကြာကြီးချိုးပစ်လိုက်သည်။


သျှန် ကအလုပ်တခုကို 

ဘာလုပ်လုပ် အချိန်တိကျမှ ကြိုက်သည်။


ညနေ နေဝင်ရီတရော အချိန်တွင် မြို့ပြင်ဆီသို့ ဦးတည်မောင်းနင်နေသော ကားလေးသည် ခြံအိုဟောင်းကြီးတခုရှေ့တွင် ရပ်လိုက်သည်။


သျှန် တို့ကားလေးရပ်သည်နှင့် ခြံထဲကလူတွေအားလုံးလှုပ်လှုပ်ရွရွဖြစ်ကုန်ကာ ကားထဲကပစ္စည်းတွေလာသယ်တဲ့သူနှင့် 

သျှန် ကားပေါ်ကဆင်းရန် ကားတံခါးလာဖွင့်ပေးတဲ့သူနှင့် ရှုပ်ယှက်ခတ်နေသည်။


သျှန် လက်က နာရီကို ငုံ့ကြည့်မိချိန် 5:55 မိနစ်


"ဘယ်လိုလဲ ဟိုဘက်အဖွဲ့က လူရောက်နေပြီလား"


"ရောက်နေပါပြီဆရာ သူကချိန်းထားတဲ့အချိန်ထက် စောရောက်နေတာပါ"

"အိုခေ အဲ့တာဆို သွားတွေ့ကြတာပေါ့ သူက
အိမ်ထဲမှာပဲ မလား "

"ဟုတ်တယ် ဆရာ"

သျှန် ခြေလှမ်းခြေကျမှန်မှန် နှင့် အိမ်မကြီးဆီသို့လျှောက်လာရင်း
နှစ်ထပ်အိမ်မို့ ဧည့်သည်ကအပေါ်ထပ်မှာရှိနေသည် ဆိုသောကြောင့် လှေကားမှတဆင့် အိမ်ပေါ်ထပ်သို့ တက်လာခဲ့သည်။
သျှန် ကဘယ်လောက်ပင် စိတ်ညစ်စရာကိစ္စတွေရှိနေပါစေ
အမြဲတမ်းနှုတ်ခမ်းထက်မှာ အပြုံးချိုချိုလေးတခု ချိတ်ဆွဲထားတတ်သည်။

လူတွေက ပြုံးနေတဲ့မျက်နှာကို သဘောကျကြသည်မဟုတ်လား
သျှန့်အပြုံးနောက်ကွယ်က ရက်စက်မှုကို 
သူတို့တွေမှမသိပဲ
သျှန် က လူတွေသဘောကျတဲ့ အပြုံးကိုဆင်မြန်းပြီး
ပြုံးပြုံးလေးနဲ့ရက်စက်ရတာကို တကယ်သဘောကျသည်။
သျှန် နဲ့ အလုပ်လုပ်ရင် အချိန် တစက္ကန့်မှအစွန်းမခံပါ အတိအကျသာကြိုက်သည်။

သျှန် အိမ်ပေါ်ထပ်သို့ တက်လာချိန် လှေကားနဲ့ ဧည့်ခန်းက ထိပ်တိုက်သဘောမျိုးဖြစ်နေတာမို့ ဧည့်သည်က သျှန့်ကို ကျောပေးထားသလို ဖြစ်နေပြီး ဆိုဖာထက်တွင် တည်ငြိမ်စွာ ထိုင်နေလေသည်။ဒီအဖွဲ့ကလူတွေနဲ့ သျှန် ခဏခဏအလုပ်လုပ်ဖူးသည် ဆက်ဆံရေးပြေပြစ်သလို အတော်အဆင်ပြေသည်။
သျှန့် စိတ်တိုင်းကျလို့ပင်ပြော၍ရသည် အချိန်တိကျသည် ။သစ္စာရှိသည် ။ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သည်။
ဒီလိုအဖွဲ့မျိုးနဲ့ ရေရှည်လက်တွဲလုပ်သွားနိုင်ရင် ကောင်းကျိုးချည်းသာ ဖြစ်သည်။

သျှန် ထိုင်နေသူကို ဦးစွာ နှုတ်ခွန်းဆက်စကားဆိုလိုက်သည်။

"ကဲ လင်းဆက် ဒီတခါကော ဘယ်လောက်ပမာဏလိုချင်လဲ ဘာအမျိုးအစား လိုချင်လဲ"

"ဗျာ"

သျှန့်စကားကြောင့် ပြန်လှည့်ကြည့်လာသော အဖြူရောင်ပုံရိပ်လေး
သျှန် အံ့ဩသွားရသည် လာနေကျလူမဟုတ်သည့်အတွက် အလိုမကျစွာ မျက်ခုံးတွေတွန့်ချိုးပြီး သျှန့် လက်ထောက်ကို လှမ်းကြည့်လိုက်ချိန် ဟိုကောင်ကလည်း
သူ့နဖူးကို သူရိုက်ကာ သူပြောဖို့ မေ့သွားသည် ဆိုတဲ့မျက်နှာထားနှင့်

"ဆရာ......အဲ့တာက"

"ကျွန်တော်က လင်းဆက်အစားလာတာပါဗျ
သူ့ကျန်းမာရေးအခြေ‌အနေကြောင့် ကိုယ်စားလာတာပါဗျ"

စကားသံဝဲဝဲလေးနဲ့ပြန်ပြောလာသည့်
ကောင်လေးအသံက 
အတော်နားထောင်လို့ကောင်းသည်ဆိုတာထက်....ရင်ထဲမှာ အနွေးလှိုင်းတခု ဖြတ်စီးသွားသလိုပင်

"ဪ ဟုတ်လား
ကိုယ်က လင်းဆက်ပဲလာတယ်ထင်လို့
စကားလောသလိုဖြစ်သွားရတယ် ကိုယ်က Y"

ဟုတ်ပါတယ် 'Y' ဆိုတာ သျှန့်ရဲ့ မြေအောက်လောကနာမည်တခုပေါ့ 'ညို' ကတော့ သူ့ကိုယ်သူ 'M' တဲ့လေ 
'M' နဲ့ 'Y' ဆိုတာ တခြားသူလာထိလို့မရတဲ့အဖွဲ့အစည်းနှစ်ခုအဖြစ်
ပြည်တွင်းတင်သာမက ပြည်ပအထိ ခြေဆန့်ထားသော အစိုးရထိပ်သီးပိုင်းအပြောင်းအလဲတေအထိ ကိုင်လှုပ်နိုင်သော အဖွဲ့နှစ်ခု၏ ခေါင်းဆောင်တွေပင်။

M နဲ့ Y ဆိုတာ သီးခြားရပ်တည်နေရင်တော့ Alphabet တခုစီသာ ဖြစ်ပြီး ပေါင်းစပ်လိုက်ရင် MY ဆိုတဲ့ အဓိပ္ပာယ်  တခုဖြစ်လာသလို သျှန်နဲ့ ညို ကလဲ ၂ယောက်ပေါင်းမှ အဓိပ္ပာယ်ပြည့်စုံမယ့် ...... လူသား၂ဦးပေါ့ ။

အခုတော့ မိုးကုတ်မှာ Y အနေနှင့် ဘိန်းဖြူတွေအလဲအထပ်လာလုပ်ခြင်းဖြစ်သည်။

နွမ်စိုင်း ထင်ထားခဲ့သည့် Y ဆိုတာ 
အသက်ကြီးကြီးလူကြီးတယောက်ဟုထင်ထားခဲ့တာ 
အခုတော့ အသားအရေညိုစိမ့်စိမ့်လေးကို
Body ခပ်တောင့်တောင့်နှင့်
သက်လတ်ပိုင်းအရွယ်လောက်သာရှိမည့်
လူတယောက် ပြီးတော့ကြည့်ကောင်းလွန်းသည့် ရုပ်ရည်က တခါမြင်ဖူးရုံနှင့် တသက်မမေ့နိုင်စရာ အပြုံးချိုချိုလေးပြုံးပြလိုက်တိုင်း မေးကွဲလေးချိုင့်ဝင်သွားတတ်တာကအတော်ကြည့်ကောင်းလွန်းသည်မို့ သတိလက်လွတ်ငေးနေမိသည်။

"ဟုတ်ကဲ့ ကျွန်တော်က စဝ်နွမ်စိုင်းပါ
လင်းဆက်အစားလာတာပါ Mr.Y"

ရှေ့ကကောင်လေးက အသားဖြူဖြူလေးနှင့် Y နဲ့ယှဉ်ရင် လူကောင်သေးနေသလိုဖြစ်နေပေမဲ့ သူ့နေရာနဲ့သူတော့ 
ကြည့်ကောင်းသည့် ခန္ဓာကိုယ်လေးနှင့် လိုက်ဖက်သည့်အရပ်အမောင်းလည်း ရှိနေပေမဲ့ Y နဲ့ယှဉ်ရင် ပုနေသလိုဖြစ်နေသေးသည်။

"အိုခေ အဲ့တာဆို ကိုယ်တို့ လုပ်ငန်းအကြောင်းပြောကြမလား ....ထိုင်ပါ"

"ဟုတ်ကဲ့ဗျ"

သျှန် တို့ ထိုင်ပြီးသည်နှင့် တဖက်ကကောင်လေးက သူလိုချင်သည့်ပစ္စည်းတွေ၏ စာရင်းစာရွက်လေးကို ထိုးပေးသည်။
သျှန် စာရင်းစာရွက်ကိုတချက်စစ်ကြည့်ပြီး 
အချက်ပြလိုက်သည်နှင့်သျှန့်လက်ထောက် Nic ကအလိုက်တသိလှမ်းယူလိုက်ပြီး အောက်ထပ်ကလူတွေကိုပါ လက်နက်တွေသယ်လာဖို့ အချက်ပြလိုက်သည်။

သျှန် ဆိုတဲ့ နာမည်ကို ဒုစရိုက်လောကကလူတွေကို ခေါ်လည်းမခေါ်စေချင် သိလည်းမသိစေချင်တာမို့ Y ဆိုတဲ့အမည်နှင့် 
ဒီအလုပ်တွေကိုလုပ်လာခဲ့သည်။ 

အခု သျှန့် ရှေ့က ကောင်လေးက သျှန့် ကို အကဲခတ်နေသည်ထင်သည် သျှန် စာရင်းစာရွက်ကို စစ်ကြည့်ရင်းမှ တချက်တချက်မော့‌ကြည့်လိုက်ချိန်တိုင်း ဘာတွေအလိုမကျသည်မသိ 
တွန့်ချိုးသွားတတ်တဲ့မျက်ခုံးလေး 
ဆူထွက်လာတတ်တဲ့နှုတ်ခမ်းလေးရယ်
တခါတခါကျတော့လည်း ပြုံးယောင်ယောင်လေးဖြစ်နေတတ်ပြန်သည်။
ဒီလောကကြီးထဲမှာ ဘယ်လိုကျင်လည်လာလည်း မသိပေမဲ့
သူ့ပုံစံက အရိုးခံအဖြူထည်လေးမှန်း အရမ်းသိသာသည့် ယုန်ပေါက်လေး။

Nic သယ်ခိုင်းလိုက်တဲ့လူတွေ အိမ်ပေါ်ထပ်သို့
လက်နက်တွေထည့်ထားတဲ့ အိတ်တွေ သယ်လာပေးသည်မို့

Y လည်း လက်နက်အိတ်တွေကို ရှေ့ကကောင်လေး‌ရဲ့ စားပွဲအရှေ့သို့အစီအရီချပေးလိုက်သည်။

"မင်းလိုချင်တဲ့ပစ္စည်းတွေက ဒီမှာ"

နွမ်စိုင်းရှေ့သို့ရောက်လာသော ပစ္စည်းများကို
စစ်ကြည့်လိုက်သည်။အားလုံးဟာ နွမ်စိုင်းကို လင်းဆက်မှာလိုက်သည့်အတိုင်း အတိအကျပင်။နွမ်စိုင်းသဘောတကျပြုံးလိုက်မိသည်။

Y ရှေ့ကကောင်လေး ပစ္စည်းတွေကို စစ်ကြည့်ပြီး သူ အားလုံးသဘောကျသွားပုံပင် 
မျက်လုံး‌လေးတွေမှိတ်ကျသွားသည်အထိ ပြုံးချလိုက်တာ
Y ခေတ္တခဏ အသက်ရှုဖို့မေ့သွားရသည်။
ချစ်စရာကောင်းလွန်းသည့် လူသားလေးပါပင် Y ရဲ့စိတ်ထဲတွင်နောက်တကြိမ်ထပ်တွေ့နိုင်ဖို့ ပစ္စည်းတွေထပ်မှာဖို့ တိတ်တဆိတ်ဆုံးဖြတ်ချလိုက်သည်။
မင်းကတခုခုတော့ တခုခုပဲ ပေါက်စလေး။

"ဟုတ်ကဲ့ပစ္စည်းတွေက မှန်ပါတယ်ဗျ
ဒီမှာ Mr.Y တို့ပြောထားတဲ့အဖြူမှုန့်တွေပါ"

Y ရှေ့ကစားပွဲပေါ် အိတ်ကြီးတလုံးကို တရိုတသေ တင်ပေးလာသော ကောင်လေးကြောင့် Nic ကိုစစ်ခိုင်းလိုက်သည်။

Nic ကအထဲမှာပါတာတွေကို စစ်ကြည့်လိုက်ပြီး ပစ္စည်း မှန်ကန်ကြောင်း Y ကိုခေါင်းညိမ့်ပြလာသည်။

နွမ်စိုင်းလည်း ရှေ့က Y ဆိုသောလူကြီး 
လုပ်သမျှကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေမိသည်။
အခုလည်း သူတို့ဆရာတပည့်နှစ်ယောက် ခေါင်းညိမ့်ပြတာမြင်လိုက်သည်မို့ အားလုံးအဆင်ပြေသွားတာ သေချာသွားပြီမို့ 
စိတ်အေးသွားရသည်။

နွမ်စိုင်း ကြားခဲ့ရသော သတင်းတွေအရ 
Y နဲ့စတွေ့တည်းက လူက လန့်နေခဲ့တာ 
အခုလိုအားလုံးအဆင်ပြေပြေပြီးသွားမှ 
သက်ပျင်းချနိုင်တော့သည်။

"Ok အဲ့တာဆို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီဆိုတော့ခွင့်ပြုပါဦးဗျာ"

ပေါက်စလေးက ပြန်ဖို့ စကားဆိုလာချိန် Y စိတ်ထဲမှာ တခုခုကိုအလိုမကျသလို ဖြစ်သွားရသည်။

"အာ ချက်ချင်းကြီး‌ပြန်တော့မို့လား
ဒီလောက်အများကြီး ကိုယ်အားပေးထားရတာ ကိုယ်နဲ့ညစာလောက်တော့ တူတူစားသွားပါလား"

Y ကိုယ့်ပါးစပ်မှထွက်သွားတဲ့စကားတွေကို
ကိုယ့်ဘာသာတောင်မယုံကြည်နိုင်ဖြစ်ရသည်။ဘယ်သူ့ကိုမှ အခုလိုဆွဲမထားခဲ့ဖူးတဲ့ Y ကလေ ရှေ့ကပေါက်စလေးကိုပြန်မသွားဖို့ရာ ဆွဲထားနေမိသည်တဲ့။

"ကျွန်တော်တို့လည်း လက်နက်တွေယူထားတာပဲလေ"

ပေါက်စကအစွာလေးပင် Y စကားကိုချက်ချင်းပြန်ပြောလာသည်။
သူ့ဘက်ကအငြင်းစကားမမည်သော 
အငြင်းစကားကိုဆိုလာပြီမို့ Y ဆက်ဆွဲထားလို့မကောင်းတော့ပြီလေ။

"ဟုတ်ပါတယ်လေ အဲ့တာဆိုလည်း
လက်နက်တွေကို ကိုယ့်လူတွေနဲ့ ကားပေါ်တင်ခိုင်းလိုက်မယ်"

"ဂွီ"

Y ပြောနေသောစကားပင်မဆုံးသေး
ရှေ့ကပေါက်စ ဗိုက်ထဲမှာသံစုံတီးဝိုင်းက
အသံမြည်လာလေသည် မို့ ရီချင်စိတ်ကို 
မနည်းမျိုသိပ်ထားလိုက်ပြီး ရှေ့ကပေါက်စကို
စောင်းငဲ့ကြည့်လိုက်မိသည်။

နွမ်စိုင်း အချိန်ကိုက်မြည်လာတဲ့ကိုယ့်ဗိုက်ကိုသာ အပြစ် တင်ရင်း Y ကိုကြည့်မိတော့ ပြုံးစိစိနဲ့ကြည့်နေလေသည်။

"ကဲလာပါ ကိုယ်နဲ့တခုခုလိုက်စားလိုက်ပါ
မြို့ထဲမှာ စားကောင်းတဲ့ဆိုင်တွေ ကိုယ်သိတယ် ။ ပစ္စည်းတွေနဲ့ မင်းလူတွေကို စိတ်ချရတယ်မလား ပြန်လွှတ်လိုက်ပါ ကိုယ်ပြန်ပို့ပေးပါ့မယ် မင်းကို"

Y ကိုပြန်ကြည့်ကာ တခုခုကစဉ်းစားနေဟန်လုပ်နေတဲ့
ပေါက်စက အူယားစရာကောင်းလွန်သည်။

"လင်းဆက်နဲ့ကော အခုလို တူတူစားတာပဲလား"

နွမ်စိုင်း အမှန်တော့ Y ကိုနည်းနည်းလန့်နေမိတာကြောင့်လင်းဆက်နဲ့ကော သူကတူတူစားနေကျမို့ နွမ်စိုင်းကိုလည်း
တူတူစားဖို့ခေါ်တာလားဆိုတာမျိုး တွေးမိလို့ မေးမိသည်။

"ဟမ်"

ရုတ်တရက်မေးလာတဲ့ ပေါက်စအမေးကြောင့် Y နည်းနည်းဆွံ့အသွားရသည်။
ပေါက်စက ခုထိ အားနာနေပုံပင်

"အမြဲတမ်းတော့ မဟုတ်ပါဘူး
ကြုံဆုံမှ တခါတလေပေါ့"

"ဪ"

Y ကားကို ကိုယ်တိုင်မောင်းကာ ပေါက်စနဲ့အတူ မိုးကုတ်မြို့ပြင်ခြံမှ မြို့လေးထဲသို့ မောင်းလာခဲ့လိုက်သည်။

ရှမ်းအစားအစာတွေ ရတဲ့ဆိုင်လေးကို Y ရွေးချယ်လိုက်သည်။
အေးအေးဆေးဆေးလွတ်လပ်စွာ စားလို့ရအောင် VIP အခန်းလိုသဘောမျိုး ယူလိုက်သည်။

"ပေါက်စ မင်းကြိုက်တာမှာနော်"

"ဗျာ ဗျာ ပေါက်စကဘယ်သူလဲ"

Y စိတ်ထဲမှပေးထားသော နာမည်လေးကို 
မရည်ရွယ်ပါပဲ နှုတ်မှခေါ်မိသွားသည်မို့ 
ကောင်လေးက အူကြောင်ကြောင်ပုံစံ‌လေးနှင့်ပြန်မေးလာသည်။

"အာ Sorry မင်းကို ကြည့်ရတာ ကိုယ့်ထက်အသက်ငယ်မယ်ထင်လို့"

"ဪ ရတယ် နွမ်စိုင်းပဲခေါ်လည်းရတယ်"

မခေါ်ချင်ပါဘူး ပေါက်စပဲခေါ်ချင်တာကို

"ကိုယ်ခေါ်ရတာ နည်းနည်းထောက်နေလို့ပါ"

အမှန်တော့ဉာဏ်ဆင်တာပါ။

နွမ်စိုင်းလည်း ကိုယ့်နာမည်က 
တိုင်းရင်းသားနာမည်ဆိုတော့ အေးလေ
သူမခေါ်တတ်လို့ နေမှာပါလို့ပဲ ဖြည့်တွေးပြီး
Menu ကဒ် ဆီသာအာရုံရောက်ပြီး စားချင်တာတေမှာနေလိုက်သည်။

"အယ် Sorry ကျွန်တော် စားချင်တာတွေပဲ မှာနေတာ Mr.Y ကို မေးဖို့မေ့သွားတယ်"

"ရပါတယ် ကိုယ်ကအားလုံးစားတယ်"

"ဟုတ်ကဲ့"

Y ပြောသာ ပြောလိုက်တာ တကယ်တမ်း 
ဟင်းပွဲတွေလာချတဲ့အချိန်ကျ အစပ်တွေချည်းမို့ အစပ်မစားတဲ့ Y အခက်အခဲနဲ့ကြုံရလေပြီ။
ထို့ကြောင့် ဟင်းပွဲတွေကို မထိပဲ 
ရှေ့က အားရပါးရ စားနေတဲ့ ပေါက်စပုံစံလေးကို ထိုင်ငေးနေမိသည်။
ပေါက်စ ကြည့်ရတာ အတော်ဗိုက်ဆာနေပုံပင်
စားနေသည်မှာ Y ကို ရှိတယ်လို့ပင်မထင် ။

နွမ်စိုင်း နေ့လည်တည်းက Y နဲ့တွေ့ရမှာ 
စိုးရိမ်စိတ်ကြောင့် ဘာမှမစားဖြစ်ခဲ့တာမို့
အခုမှ ဗိုက်ဆာသမျှ အတိုးချစားနေရသည်။
နွမ်စိုင်း စားနေရင်းမှ ဟိုလူကြီးက ငြိမ်နေတာ
သတိထားမိလို့ မော့ကြည့်မိတော့ ထမင်းတွေဟင်းတွေကို
ထိတောင်မထိပဲ နွမ်စိုင်းကို ပြုံးပြုံးကြီးထိုင်ကြည့်နေလေသည်။

"Mr.Y စားလေ ကျွန်တော့်မျက်နှာ တခုခုပေနေလို့လား"

"မဟုတ်ပါဘူး"

"အဲ့ဒါဆို ကျွန်တော် ရွေးထားတာမကြိုက်လို့လားဟင်"

မျက်နှာငယ်လေးနဲ့ မေးလာတဲ့ ပေါက်စကြောင့်
အစပ်မစားနိုင်လို့ဆိုပြီး ပြန်ဖြေရင်စိတ်မကောင်းဖြစ်သွားတော့မည်မှာ သေချာသည် သူ့စိတ်ကြိုက်ရွေးထားတာမို့ အစောတည်းက စိတ်မကောင်းဖြစ်နေသည်လေ။

"မဟုတ်ပါဘူး မဟုတ်ပါဘူး ကိုယ်ဘယ်ဟာ 
စစားရမလဲ စဉ်းစားနေလို့ပါ"

Y ပြောပြောဆိုဆိုနဲ့ အဆင်ပြေလောက်မည်ထင်သည့် ရှေ့မှာချထားတဲ့ ဟင်းရည်ကိုတဇွန်းခပ်သောက်လိုက်သည်။

"အဟွတ်"

အစပ်မစားသည့် သူ မို့ ဟင်းရည်ကပါ စပ်နေသည့်အတွက် Y ရေ မြန်မြန်ယူသောက်တာတောင် သီးသွားရသည်။

နွမ်စိုင်းကြည့်နေရင်းမှ Y ကသီးသွားသည့်အပြင်
ချွေးစတွေပါမြင်လိုက်ရသည်မို့ အစပ်မစားနိုင်မှန်းသိလိုက်ရသည့်အတွက် နွမ်စိုင်းမှာထားသမျှက အစပ်တွေဖြစ်နေတော့ အားနာရပြန်သည်။

"ကျွန်တော် တောင်းပန်ပါတယ် 
Mr.Y အစပ်မစားမှန်းမသိလိုက်လို့ 
ကျွန်တော်မှာချင်ရာတွေမှာလိုက်မိတာ"

"အဟွတ် အဟွတ် အဟွတ်"

ပေါက်စလေး စိတ်မကောင်းဖြစ်သွားမှန်း
သိလိုက်တာမို့ Y ချောင်းတွေဆိုးနေရင်းမှ
အဆင်ပြေကြောင်း လက်ကာပြလိုက်ရသည်။

ခဏကြာမှ ချောင်းဆိုးတာရပ်သွားပေမဲ့
မျက်ရည်တွေဝဲကာ အသားညိုသူဆိုပေမဲ့
မျက်နှာကအနည်းငယ် ရဲနေလေသည်။

"ရပါတယ် အခုက ကိုယ်သတိမထားမိလို့ ဖြစ်သွားတာပါ အားနာလိုက်တာ ကိုယ့်ကြောင့် မင်းပါအစားပျက်ရပြီ"

"မဟုတ်တာ ရပါတယ် ဒီမှာ အရွက်သုပ်လေးတွေကမစပ်ဘူး အဲ့တာနဲ့စားလိုက်နော် Mr.Y"

ပေါက်စက ကိုယ့်အတွက်တွေးပေးလာသည်မို့
Y သဘောတကျ ပြုံးမိသည်။

"ကျေးဇူးပါ ပေါက်စ"

"Mr.Y စားရတာကော အဆင်ပြေရဲ့လား အရွက်သုပ်က မဟုတ်ရင် ကျွန်တော် တခြားဟာ မှာပေးမယ်လေ"

"ရတယ် ရတယ် ဒါနဲ့ ကိုယ့်ကို
Mr.Y လို့ခေါ်ရတာ မပင်ပန်းဘူးလား"

"မပင်ပန်းပါဘူး Mr.Y"

Y ကိုယ့်ကိုယ်တောင် နားမလည်တော့ပါ
သျှန် ဆိုတဲ့နာမည်ကို ဒီလောက က လူတွေကို
မခေါ်စေချင်လို့ Y ဆိုတဲ့နာမည်ကို ကိုယ်တိုင်ပေးထားခဲ့ပြီး
အခုကျ ပေါက်စ ကို မခေါ်စေချင်ပြန်ဘူး

"ကိုယ်တို့က အကျိုးတူ အလုပ်လုပ်ကြတဲ့သူအချင်းချင်းပဲဟာရင်းရင်းနှီးနှီးခေါ်ပေါ့"

"အဲ့ဒါက 'Y' လို့ခေါ်ဖို့ဆိုတာကျ
Mr.Y က ကျွန်တော့်ထက် အသက်ကြီးမယ်ထင်လို့ပါ
ကျွန်တော်ရိုင်းသလိုဖြစ်သွားမှာဆိုးလို့"

"အင်း အဲ့တာဆို Mr.Y လို့လည်း မခေါ်နဲ့
'Y' လို့လည်းမခေါ်နဲ့လေ "

"အဲ့တာဆို ဘယ်လိုခေါ်ရမှာလဲ"

အစားစားနေရင်းမှ ပြန်မေးလာတဲ့ကောင်လေးကတကယ့်ကို အူယားစရာ ယုန်ဖြူပေါက်စလေးလိုပင်

"Mr.Y ဆိုတာကြီးက 
အရမ်းသူစိမ်းဆန်သလို ခံစားရတယ် ...
အင်း....ကိုယ့်ကို လွယ်လွယ်ကူကူ
ကိုကြီးပဲခေါ်ပေါ့ "

"ဟားး ဟားး ဟားး ကိုကြီးတဲ့
ခင်ဗျား အသက်လည်း ခင်ဗျားပြန်ကြည့်ဦး
အဖိုးကြီးလို့ခေါ်ဆို ဟုတ်ဦးမယ်"

နွမ်စိုင်းရဲ့ ဂျစ်တစ်တစ် စိတ်ရိုင်းလေးတွေက
Y ဆိုသောလူကြီးရဲ့ စကားကြောင့် ကန့်လန့်တိုက်တတ်တဲ့စိတ်က ရုတ်တရက်ပေါ်ထွက်လာရကာ
အော်ရီမိပြီး ရှေ့ကလူကြီးကို ကဲ့ရဲ့သလိုဖြစ်သွားရသည်။

"ကိုယ်အဲ့လောက်အသက်မကြီးသေးပါဘူးကွာ"

ဒီကောင်လေးကို ယုန်ဖြူလေးလို့ ထင်ထားတာ အခုလို အပေါက်ဆိုးဆိုး ငဂျစ်လေးမှန်းမထင်ထားခဲ့မိ...
အခုတော့ Y ခမျာ အဖိုးကြီးလို့အခေါ်ခံလိုက်ရတော့နည်းနည်းနင်သွားရသည်။

ကိုယ်နဲ့စကားပြောတိုင်း ကျွန်တော် လို့ သုံးတတ်ပြီး ဗျ နဲ့အဆုံးသတ်တတ်တဲ့ကောင်လေးရဲ့ တဖက်ခြမ်းမှာ ဒီလိုအပြောဆိုးလေးတွေရှိမယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။

"ဟီး ခင်ဗျား အဲ့လောက်အသက်မကြီးသေးမှန်းသိပါတယ်
ဒါပေမဲ့  ဟားး ဟားး ဟားး"

ပြောလည်း ပြော ရီလည်းရီလုပ်နေတာ မျက်လုံးတွေပိတ်ကျသွားသည်အထိကို သဘောတကျ ရီနေတာပင်။
'Y' ကို အခုလိုရီရဲတာ ဒီပေါက်စ တကောင်သာရှိသည်။ 'ညို' ကလွှဲလို့ပေါ့ Y လိုက်ရီရမလို စိတ်ပဲဆိုးရမလိုနဲ့ ပေါက်စကိုတကယ်မနိုင်ပါ။

"တော်တော်လေး သဘောကျနေတယ်ပေါ့ ဟုတ်လား"

Y ပြုံးပြုံးလေးပြန်မေးမိသည်ကို ပေါက်စ ကရုတ်တရက်ကြီးရီနေရာမှ သူ့ပါးစပ်လေးသူပိတ်ပြီး လန့်သွားလေသည်။
Y လည်း ဘာမှမလုပ်မိပါဘူး။

နွမ်စိုင်း ရီနေရင်းမှ ရုတ်တရက်ပြုံးပြုံးကြီးမေးလာတဲ့ 
Y ကြောင့် နွမ်စိုင်းဖတ်ထားဖူးတဲ့ Y အကြောင်းတွေကခေါင်းထဲအစီအရီပြန်ပေါ်လာသည်။
ဒီလူပြုံးနေရင် ရက်စက်တော့မှာတဲ့ 
နွမ်စိုင်းကျောချမ်းလာသလိုပင်။

'Y' ကသူ့ကိုမထိသ၍ အားလုံးအေးဆေးပင်
'Y' ရဲ့ထူးခြားချက်က အပြုံးချိုချိုလေးတေနဲ့ 
ရက်စက်တတ်တာ ပြုံးပြုံးလေးနဲ့ 
လူသတ်တတ်တာမျိုးပင်
နွမ်စိုင်း စောနက အူမြူးနေတဲ့ကိုယ့်ကိုသာ 
မုန်းလိုက်မိသည် တို့ဖူးတုံးနဲ့ ခေါင်းနဲ့သာ
ပြေးဆောင့်လိုက်ချင်တော့သည်။

"တောင်း.... တောင်းပန်ပါတယ်"

ရီမောနေရာမှ ချက်ချင်းကြီး တိတ်သွားကာ 
တုန်တုန်ရီရီနဲ့ တောင်းပန်စကားဆိုလာတဲ့ ပေါက်စကြောင့်
'Y' ပင်ကြောင်သွားရသည် ဒီကောင်လေးကို 'Y' လည်း ဘာမှမလုပ်မိပါဘူး စောနကမေးလိုက်တာ ပေါက်စကို ခြောက်လန့်သလိုများဖြစ်သွားသလား။

"ရပါတယ် ပေါက်စ လွတ်လွတ်လပ်လပ် 
ပြောပါ ဘာလို့လဲ"

"ကျွန်တော် အမှားလုပ်မိသွားလားလို့ပါ"

"မဟုတ်ပါဘူး ကိုယ်က
မင်းစိတ်လွတ် လက်လွတ် ရီနေတာ
သဘောကျလို့ပါ"

"ဗျာ ဘာလို့လဲ "

"အင်း ကိုယ် အဲ့လို မရီဖြစ်ခဲ့တာ ကြာပြီမို့လေ"

"လူပဲဗျာ ကိုယ် သဘောကျတဲ့ဟာ တွေ့ရင် 
ရီပေါ့ဗျာ ဘာဖြစ်လဲ"

Y ထင်ထားခဲ့သလို ဒီကောင်လေး တကယ်ကြီး ဘဝကိုရိုးရိုးလေးတွေးနေတာပဲ လူတွေအကြောင်း သိပ်မသိသေးတာမျိုးများလား 
ဒီလောကထဲ ဘယ်လိုတောင် ကျင်လည်နေတာလဲ ပေါက်စရယ်
မင်းအစား ကိုယ် ရင်လေးလိုက်တာ

"စားလို့ ပြီးပြီလား ပေါက်စ"

"ဟုတ်ကဲ့ဗျ ပြီးပြီ ပြန်မယ်လေ"

"ပြန်ချင်ပြီလား ပေါက်စ"

"အွန်း ပြန်မယ်လေ 
ဘာအလုပ်မှမရှိတော့ဘူးမလား"

"အလုပ်တော့ မရှိတော့ဘူး
မင်းနဲ့တော့ ရှိချင်သေးတယ်"

"ဗျာ"

"မင်းစကားပြောတာ သဘောကျလို့ပါ
လွတ်လပ်လို့"

"ဪ"

'Y' ဒီပေါက်စလေးနဲ့ အချိန်တွေအကြာကြီးအတူရှိချင်နေမိသည်။

ပထမဆုံးတွေ့ဖူးတဲ့သူဆိုပေမဲ့ 'Y' ကျင်လည်ခဲ့ရသောပတ်ဝန်းကျင်ကလူတွေလိုအပေါ်ယံမဟုတ်ပဲ ကွဲပြားနေတာမျိုးမို့လားမသိတော့ပါ။

နွမ်စိုင်းဆို‌တဲ့ကောင်လေးက Y အဖြူမှုန့်တွေယူနေကျ 'နွိုင်း' ဆိုတဲ့အဖွဲ့က ရှမ်းပြည်တောင်ပိုင်းဘက်ကပေါ့ အရင်က စိုင်းလင်းဆက်ဆိုတဲ့ကောင်လေးလာနေကျ အခုတော့ လာနေကျသူကနေမကောင်းတာမို့ သူကအစားလာတာတဲ့ 'နွိုင်း'အဖွဲ့ ​ကလူတွေက တကယ်ဆက်ဆံရေးကောင်းသည် ပြီးတော့ ထူးဆန်းသည်။

အရင်လာနေကျ လင်းဆက်ကျနည်းနည်းရင့်ကျက်ပုံပေါ်တာမို့
အလုပ်သဘောလောက်သာ ပြောဖြစ်ခဲ့သည်။
အခုပေါက်စလေးနဲ့ကျ ပြောရတာလွတ်လပ်သည် စိတ်ထဲပေါ့ပါးနေရသည် တကယ်သဘောကျမိသည်။

သူတို့ခေါင်းဆောင်နဲ့တခါတွေ့ကြည့်ဦးမှပင် သူတို့အဖွဲ့ပုံစံကတမျိုးမို့ 
နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းသည်။

"ကျွန်တော် တမနက်လုံး ကားစီးလာရတာ 
မနားရသေးဘူး အဲ့တာမို့ နားချင်လို့ပါ"

နွမ်စိုင်း တောင်ကြီးကနေ တမနက်လုံးကားစီးလာရပြီးရောက်ကတည်းကမနားရသေးပဲ Y နဲ့တွေ့ရင် အမှားတွေဖြစ်မှာစိုးရိမ်လို့ စိတ်ပူနေရတာနဲ့ လုံးဝမနားခဲ့ရ

"Oh! အဲ့တာဆို ကိုယ်လိုက်ပို့ပါ့မယ် လာသွားမယ်"

"ဟုတ်ကဲ့ဗျ"

Y ပေါက်စ ကားပါမှန်းသိရဲ့နဲ့ တမင်ကို သူ့လူတွေနဲ့ကားကိုပြန်လွှတ်ပြီးခေါ်လာခဲ့တာ ပေါက်စနေတဲ့နေရာကို သိချင်တာမို့ 
တမင်ဉာဏ်ဆင်ထားခဲ့တာ။

'Y' တို့ ညစာစားပြီးပြန်တဲ့အချိန်ဟာ
ည 8 နာရီထိုးနေပြီမို့ မိုးကုတ်မြို့ရဲ့ လမ်းမကြီးဟာ ရှင်းလင်းနေလေပြီး ကားအနည်းငယ်သာ ရှိတော့သည်မို့ 
ဆောင်းလေအေးလေးကို ခံစားရင် ဖြည်းဖြည်းနဲ့မှန်မှန်သာ မောင်းလာခဲ့လိုက်သည်။

ပေါက်စကတော့ သူပြန်ရမဲ့ လိပ်စာပြောပြပြီးတာနဲ့ Y ရဲ့ကားပေါ်မှာ စိတ်ချလက်ချကြီးကို အိပ်ပျော်နေလေသည်။
သူတကယ်ပင်ပန်းနေရှာသည် ထင်ပါတယ်
အိပ်နေပုံကအစလုံးဝအူယားစရာလေးပင်
တခြားလူတွေရှေ့မှာပါ ဒီလိုအိပ်နေသလားဆိုတဲ့အတွေးကဝင်လာတော့ စိတ်ထဲအလိုမကျဖြစ်သွားရသည် Y တယောက်တည်းရှေ့မှာသာ ဒီလိုလေး အိပ်စေချင်သည်။
 
မရောက်စေချင်သေးပေမဲ့လည်း ပေါက်စနေထိုင်ရာကျောက်တွင်းဘက်ကနေရာတွေဆီသို့ရောက်လာခဲ့လေပြီ။
ပေါက်စအိပ်နေတာလေးကို ထိုင်ကြည့်နေချင်ပေမဲ့ မနှိုးလို့လည်းမဖြစ် ဒီတိုင်းသာဆက်အိပ်နေရင် ဇက်နာသွားလိမ့်တော့မည်။

"ပေါက်စ ပေါက်စ ထတော့ အိမ်ရောက်ပြီ"

"အင်းး အင်း ဟင် ဝါးး ရောက်ပြီလား"

အိပ်မှုန်စုံမွှားနဲ့ မျက်လုံးလေးတွေပွတ်ကာ 
နိုးလာသည့် ပေါက်စပုံစံက တကယ်အပြစ်ကင်းစင်လွန်းသည်။

"အင်း ရောက်ပြီ"

"ဟုတ် လိုက်ပို့တဲ့အတွက် ကျေးဇူးပါဗျ 
ပြီးတော့ ညစာအတွက်လည်းကျေးဇူးပါဗျ"

အိပ်ချင်မူးတူးဖြစ်နေတာတောင်မှ ကျေးဇူးတင်စကားရအောင်ပြောပြီး ကားပေါ်မှဆင်းသွားလေသည်။

"ရပါတယ်ဗျာ ပေါက်စ အိပ်ချင်မူးတူးနဲ့ သေချာကြည့်သွားဦးနော် ပေါက်စ Goodnight"

"ဟီး ဟုတ်ကဲ့ဗျ Goodnight 
ကိုကြီး 'Y' "

'Y' ကိုပြန်လှည့်ကြည့်ပြီးပြောကာ
ပြောပြောဆိုဆို ခြံထဲလှမ်းဝင်သွားတဲ့ ပေါက်စကတော့
'Y' အဖြစ်ကို မြင်နိုင်တော့မည်မဟုတ်ပါ။
ပေါက်စကလေ 'Y' ကို ကိုကြီးလို့ခေါ်သွားတာလား

"ဟီး ဟီး"

'Y' တယောက် ကားပေါ်မှာ သဘောတေကျကာ ပြုံးပြုံးကြီးဖြစ်ပြီးကျန်နေခဲ့ရသည်။

ပေါက်စ ဝင်သွားတဲ့ အိမ်လေးကို အချိန်အတန်ကြာငေးကြည့်နေပြီးမှ ပြန်လာခဲ့သည်။'Y' အတွက် ဒီညအိပ်မက်တွေဟာလှပနေလွန်းခဲ့သည်။

^^မင်း က တစုံတယောက်လိုပဲ 
ကိုယ့်ကို ပျော်ရွှင်စေတယ် ပေါက်စ.... ပြီးတော့ တစုံတယောက်ကိုလဲ 
သတိရစေတယ်......^^

သျှန် နားတဲ့အိမ်ကို ပြန်ရောက်လာတော့ တပည့်ကျော် Nic က ပြောလာတယ်

"ဆရာ ဂျပန်က ကိစ္စကပြသနာအတော်ကြီးနေပြီဆရာ"

"ဘာဖြစ်တာလဲ "

"ဆရာ့ လုပ်ကွက်တွေက သိပ်မထိပေမဲ့
Mr.M ရဲ့လုပ်ပိုင်ခွင့်တွေ တော်တော်ထိနိုင်တယ် ဆရာ
သူတို့ဘက်က ခုထိ မသိသေးတဲ့ပုံပဲ ဘာမှလှုပ်ရှားတာမတွေ့သေးဘူး"

"အေး အဲ့တာဆို သူတို့မသိစေနဲ့ အခုချက်ချင်း ဂျပန်ကိုသွားမယ် 
လေယာဉ် ပြင်ထားလိုက်လို့"

"ဟုတ်ကဲ့  ဆရာ"

'Y' အနေနဲ့ ပေါက်စကိုထပ်တွေ့ချင်သေးသည်
ပေါက်စရဲ့အိမ်ပြန်ချိန်ကိုလိုက်ပို့ပြီး နှုတ်ဆက်ချင်ပေမဲ့
အခုအခြေအနေအရ 'ညို' ထိခိုက်လာမဲ့ကိစ္စကိုအရင်လုပ်မှရမည်မို့ 
ပေါက်စကိုနှုတ်တောင်မဆက်နိုင်တော့ပဲ မနက်အစောကြီး မိုးကုတ်ကနေမန္တလေးသို့ပြန်ကာ ဂျပန်သွားဖို့စီစဉ်ရတော့သည်။

သျှန် ဒီတခေါက် မိုးကုတ်မြို့ကိုလာရတာ တစုံတခုကိုရှာတွေ့ခဲ့ပြီဟု ကိုယ့်ကိုသိလိုက်လေပြီ။

-----–-----------------------------------------

Past. ........

"ဟျောင့်တွေ ငါတို့ ပိတ်ရက်ကျ မေမြို့တက်ကြရအောင် "

"ဘာလုပ်မှာတုန်း မရောက်ဖူးတာလဲမဟုတ်ပဲ "

"မသွားဘူး ပျင်းတယ်"

"ညို့ သဘော "

သူငယ်ချင်းတွေ စုံတုန်း မေမြို့ တက်ဖို့ အဖော်စပ်ကာမှ ဘယ်ကောင်မှ ပြောမရပေ ။ သျှန် တယောက်ပဲ စက္ကန့်ဘက်မှာ ရှိတယ် ။
စက္ကန့် ဘာပြောပြော၊ဘာလုပ်ချင်ချင် စက္ကန့်ဘက်မှာ ရှိနေပေးပြီး ဖြည့်စည်းပေးတဲ့ တဦးတည်းသော သူ 'သျှန်' ။ 

"နေကြကွာ ငါနဲ့ သျှန် ပဲသွားမယ် မင်းတို့ကောင်တွေမလိုက်ချင်လဲ နေခဲ့ "

စက္ကန့်စိတ်တိုတာနဲ့ အကုန်လုံးကိုအော်ပစ်လိုက်တယ်

"လိုက်မယ်....လိုက်မယ်"

ကာကာ ကလဲ လိုက်မယ်ပြောမှ တခြားကောင်တွေက လှုပ်လာတယ် 

"အေး သွားကြမယ်လေ ကားနဲ့ သွားကြမလား"

"ကားနဲ့ပဲသွားကြမယ် 
ဒီတခါ အေးဆေး အနားယူဖို့သွားတာပေါ့"

"အင်း 'ညို့' စိတ်တိုင်းကျဖြစ်စေရမယ် ကိုယ်
စီစဥ်ထားလိုက်မယ် " 

"အဟမ်း.. အဟွတ်....အဟွတ်" 

သျှန်ပြောတော့တခြားကောင်တွေက ချောင်းဟန့်လာကြတယ် 

"မင်းတို့ အတွဲပဲ စိတ်တိုင်းကျစီစဥ်လိုက်တော့နော် " 

"ငါတို့တော့ အတွဲကြားညှပ်ဦးမယ်ထင်ပါရဲ့အေ "

"မိကာကာ နင် နာချင်ပြီလား "

စက္ကန့်တို့ အဖွဲ့ရဲ့ တယောက်ထဲသော မိန်းကလေး ကာရန်တေးမှ ဝင်စတော့ အကုန်ရယ်ကုန်ကြတယ်

"ဟားဟားဟား မင်းတို့ကလဲ ကာကာ ပြောတာဟုတ်နေတာပဲကို "

"အေး မင်းတို့ကို ကားဘီးဖက်လိုက်ခိုင်းမယ် "

"ဟွန့် သူ့ဘဲ အားကိုး နဲ့ ငါတို့ကို အနိုင်ကျင့်တာ ဟက် ငဇေ နင်ဘာမှဝင်မပြောတော့ဘူးလား"

သျှန် ဘာမှ ဝင်မပြောပဲ ပြုံးနေလိုက်တယ် 

"အမလေးအေ အဲ့မှာ ပြုံးပြုံးကြီး ပဲ ကြည့်နေလိုက်သိလား "

"ငါတို့တော့ ခွေးစာတွေ တဝကြီး စားနေရပါပြီ " 

"ဟားဟားဟား "

စက္ကန့်တို့ အုပ်စုမှာ အားလုံးပေါင်း ၅ယောက်ရှိသည် ။ မိန်းကလေးကတော့ ကာကာ
တယောက်သာ ပါဝင်တယ် ။ ဒါပေမဲ့ စက္ကန့်တို့ကတော့ သူ့ကို မိန်းကလေးလို့ မမြင်ပါဘူးလေ ကျောင်းမှာဆို တည်ငြိမ်သလိုလိုနဲ့ သူပတ်မွှေတာတွေကို လူမသိဘူး ။ စက္ကန့် တို့ ယောကျာ်းလေးတွေကသာ ခေါင်းခံရှင်းပေးရတဲ့ အခါပေါင်းမနည်းဘူး ။ 

သူ့ကို ကြိုက်တဲ့ကောင်တွေကို တကယ်အံဩတယ် ။ ဘာကိုကြည့်ကြိုက်သလဲမသိဘူး ။ ပြောလို့သာပြောတာပါလေ ကာကာ က မိန်းမချောစာရင်းမှာ နံပါတ်တစ် ပင် ။ ခါးလယ်ထိရောက်တဲ့ ဆံပင်ရှည်ကြီးနဲ့ လိုက်ဖက်စွာ ဝင်းအုနေတဲ့ အသားအရည် ၊ ပြုံးလိုက်ရင် ပေါ်လာတဲ့ ပါးချိုင့်လေးတွေ က ယောကျာ်းလေးတွေကြားမှာ နာမည်ကြီးပဲ ။

ဝသုန်တေး က ကာကာရဲ့ အမွှာအကို ကာကာ နဲ့ ရုပ်ချင်းချွတ်စွပ်နီးပါး တူကာ မိန်းမချော ချောတဲ့ ကောင် ဖြစ်တယ် ။ ဝသုန်တေး နဲ့ ကာရန်တေး ဆိုတာ သျှန် တို့ကျောင်းရဲ့ နာမည်ကြီး မောင်နှမ ပင် ။

ညီမ ကိုမရရင် အကိုကို ယူမယ်ဆိုပြီး ပြောတဲ့ကောင်တွေတောင် ရှိသေးတယ် ။ ဒါပေမဲ့ သုန်သုန့် လက်သီးကို မိပြီး ဆေးရုံရောက်သွားတဲ့ကောင်တွေက မနည်း ။ သုန်သုန်နဲ့ ကာကာ ရဲ့ အဖိုး က သူတို့၂ယောက်ကို မြန်မာ့သိုင်း သင်ပေးထားတာမို့ အဲ့မောင်နှမက မစမ်းကြည့်သည့်တဲ့ စာရင်းမှာ နံပါတ်တစ်ချိတ်သည် ။

စိုင်းသူရခေး က ရှမ်းတရုတ် မို့ အသားဖြူဖြူ နဲ့ မျက်ပေါက်မရှိတဲ့ကောင်ပင် ။ ဒါကို ကောင်မလေးတွေက ကြိုက်ကြသေးပြန်တာ ။ နှာဘူးမတွေကတော့ ဘယ်လိုဖြစ်ဖြစ် ကြိုက်ကြတာပါပဲလေ ။

မြန်မာစကားကို လုံးစေ့ပတ်စေ့ မပြောတက်သူမို့ သူ စကားပြောလိုက်တိုင်း သျှန်တို့မှာ ရယ်နေရတာပဲ ။

ဟိုတခါ စက္ကန့်မွေးနေ့ BD Wish ပေးတာ
ရေးတဲ့စာက တကယ့် ရိုက်ပေါက်။ 

"Happy Birthday သားကြီး သင်္ချိုင်းရောက်ဖို့ တနှစ်နီးပြီ " တဲ့လေ 

စက္ကန့်စိတ်ဆိုးပြီး လိုက်ထိုးတော့လဲ သူ့မှာ ဘုမသိဘမသိ နဲ့ခံရပြန်သေးတာ နောက်မှ သူက 'အသက်တနှစ်ကြီးလာပြီ လို့ ပြောချင်တာပါ 'တဲ့လေ ။ 

သျှန့်အိမ်က Alphard အဖြူနဲ့ပဲ သူငယ်ချင်းတွေ  မေမြို့တက်ခဲ့လိုက်ကြတယ် ။ မနက်အစောထသွားတာမို့ ၂၁မိုင်မှာပဲ မနက်စာဝင်စားပြီး ဆက်တက်ခဲ့ကြတယ် ။

"တီ... တီ..."

ကားဟွန်းတီးလိုက်တော့ ဦးလေးတယောက်က ခြံတံခါး လာဖွင့်ပေးတယ် ။ မေမြို့ကို ပျင်းတိုင်းလာနေကျမို့ လည်ဖို့ကို သိပ်စိတ်မစားတော့လို့ ငစိုင်း ရဲ့ ခြံကိုသာ အနားယူဖို့ သွားလိုက်တယ် ။ 

"ရောက်လာကြပြီလား ငါ့တူကြီးတို့ အစောကြီး ထလာကြတာလားကွ "

"ဟုတ်တယ် ဦးကြီး မနက် ၅နာရီ ထလာကြတာ အေးဆေးလဲနားချင်တာမို့ ခြံကိုပဲ လာခဲ့လိုက်တာ " 

"အေးအေး ခြံထဲမှာ နားရအောင် အသင့်ပြင်ပေးထားတယ် နွားနို့လတ်လတ်ဆက်ဆက်လေးလဲ ကျိုပေးထားတယ် မင်းတို့ကြီးမေ က "

"ဟုတ်ကဲ့ ဦးကြီး သားတို့ ခနနားလိုက်ဦးမယ် "

"အေးကွာ နားချေကြ ဦးကြီး အစာကျွေးဖို့ သွားလိုက်ဦးမယ်"

"ဟုတ်ဟုတ် "

သျှန်တို့ ကားပေါ်က ဆင်းလာတဲ့ထိ မိကာရန် က အိပ်နေတုန်း ဘေးက 'ညို'ကလဲ တဝါးဝါးသန်းနေတာ ။ 

"ငသုန် မင်းညီမကို နှိုးပြီး လိုက်ခဲ့တော့ ငါတို့ သွားနှင့်မယ် "

"ထားလိုက် အဲ့အိပ်ပုပ်မကို နိုးတဲ့ချိန် ထလာလိမ့်မယ် "

"အတော်ချစ်ဖို့ကောင်းတဲ့ အကိုပဲကွ "

အိပ်ပုပ်မကို ကားပေါ်ထားခဲ့ပြီး သျှန်တို့ ခြံဝင်းထဲ လျှောက်လာခဲ့ကြတယ် ။ စိုင်းသူရခေး တို့ မိသားစုက စိုက်ပျိုးရေးခြံတွေ ပိုင်ကြသည် ။ ခုလဲသူတို့ရဲ့ မေမြို့က ခြံတခုမှာ သျှန်တို့ လာအနားယူကြတာပင် ။

သျှန်တို့ နေ့လည် စားသောက်ပြီးတော့ အသီးဖျော်ရည်လတ်လတ်ဆက်ဆက် တယောက်တခွက်စီ နဲ့ ဇိမ်ယူဖို့လုပ်ကြတယ် ။

"ဟျောင့် မဲလုံး ဂစ်တာပါလာတယ်မလား
ငါတို့ သီချင်းဆိုရအောင်"

"လိ့ကို မဲလုံးပါ့လားကွ ငါ့အသားကညိုတာ 
မမဲဘူး "

ငစိုင်းဆိုတဲ့ကောင်က ပြောလိုက်ရင် အတုံးလိုက်အတစ်လိုက်နဲ့ ပါးချချင်စရာတွေသိပ်ပြောတာ ။

"ဟားဟားဟား "

"ကာကာ မိန်းကလေးဖြစ်ပြီး ဘယ်လိုရယ်နေတာလဲ တဟားဟားနဲ့ "

ဟုတ်ပါတယ် ဟားဟားဟား ဆိုတဲ့ရယ်သံကြီးက အဖွဲ့ထဲက တဦးတည်းသော မိန်းကလေးထံမှ ထွတ်လာတာပင် ။

"ခွီး... ဟီးဟီး "

အကိုလုပ်သူက ဆူတော့ အသံပြောင်းသွားပါရဲ့ ဒါမဲ့လဲ နားထဲကန့်လန့်ကြီး ဝင်လာနေဆဲပဲ ။ 

"ငသုန်ရာ မင်းညီမက ပြောလဲ သျှန့်နား စောင်းတီး ပဲ ဖြစ်နေတာကို ထားလိုက်တော့ "

"ဟျောင့်တွေ ငါက ဘာလို့ပါလာရတာတုန်း "

"အော် ကျွဲပါးစောင်းတီးကို Version မြှင့်လိုက်တာလေ "

"ညို ...မင်း ကိုယ့်ကို ပြောရက်လိုက်တာ ....အားးး ကိုယ်မပျော်တော့ဘူး "

"ဟားဟားဟားးးး "

"သွား မိကာကာ ကားပေါ်က ဂစ်တာယူချေ"

"အေး နင်တို့ ငါ့ကိုပဲ ခိုင်းစားနေလိုက်ကြ သိလား " 

ပြောပြီးမလုပ်ပေးတာလဲမဟုတ်ပဲ ဘောက်စပ်စပ်နဲ့ ထသွားယူချေသည် ။

ဂစ်တာ၂လက်ကို တရွတ်မဆွဲရုံတမယ် သယ်ပြီး ကာကာက ပြန်ရောက်လာတယ် ။ သူကသွားယူထားပေးတဲ့သူမို့ သူ့သဘောကျ သီချင်းကို အရင်ဆုံးတီးခတ်ပေးရတယ် ။
သျှန် နဲ့ သုန်သုန်က တီးရပြီး ကျန်တဲ့သူများက လက်ခုပ်တီးရင်း သီချင်းဆိုကြတယ် 

"တခါတလေမှာ တယောက်တည်းနဲ့ တနေကုန်စုံချည်ဆန်ချည်အလုပ်ကြားထဲ..... ငါလေရှေ့ဆက်ရမယ့် မနက်ဖြန် အားသစ်ရချင်တယ် ........
နေရောင်ခြည်မဟုတ်လည်းပဲ ကြယ်စင်လောက်တော့ ငါရဲ့လက်တကမ်းအတွက် ....ကိုယ်တက်စွမ်းသလောက်အလင်းရောင်အနွေးဓာတ်ပေးခဲ့တယ်.......

ရွှေငွေနဲ့ ဂုဏ်သိမ်ဒြပ်တို့ မရှိလဲနေနိုင်ပါတယ် တသက်လုံး ....အလိုအပ်ဆုံးက ဘဝကိုအရိုးရှင်းဆုံးနေဖို့........

နာရီစက္ကန့်များက ရှားပါးလွန်းတယ် ကိုယ့်ဘဝကို စိတ်ကြိုက်နေလိုက်....ရိုးရှင်းလွန်းတဲ့ ဘဝက အကောင်းဆုံးမို့......" 

"ရေးးးး "

"ငသုန် လက်ရည်တက်လာတယ် "

"အေး ဟုတ်တယ် ဒီတခါ လူပျိုလှည့်သွားရင် ဒီကောင့်ပါခေါ်ရမယ် "

"ကိုကို နင်လိုက်ရဲလိုက်ကြည့်နော် ငါ မာမားနဲ့တိုင်မှာ "

"ကာရန်မ နင့်အကိုကို ဘာလို့အဲ့လောက်တွန့်တိုနေရတာတုန်း ယောကျာ်းလေးပဲ လူပျိုလှည့်သွားမှာပေါ့ဟ" 

"မသိဘူး ကိုကို နင်မလိုက်ရဘူး "

"အင်း အငယ့်သဘော " 

ဝသုန်တေး က သူ့ညီမကို အရမ်းအလိုလိုက်လွန်းတယ် ။ 5min ပဲ ခြားတဲ့အမွှာဆိုတာရော သတိရသေးရဲ့လား မသိရင် 5နှစ် လောက်အသက်ကွာသလိုလိုနဲ့ သူ့ညီမကို ဖူးဖူးမှုတ်ထားတာ။ သျှန်တို့လို တကောင်ကြွက်တွေအတွက်တော့ သူတို့မောင်နှမ က အားကျစရာပင် ။ 

"ညို ...ဘာသီချင်းဆိုမလဲ "

"နိုး... ငါမဆိုချင်သေးဘူး မင်း ဆိုလေ "

"အွန်း ဒါဆို 'ညို' က နားထောင် "

"အိုကေး"

"တကယ်လို့သာ မင်းနဲ့
ဒီထက့်ပိုချစ်ခွင့်ကြုံမယ်ဆိုရင် ....

ဘာတွေနဲ့မှ ဒီအချစ်ကိုမလဲနိုင်ပါ...
ငါတန်ဖိုးထားခဲ့တယ် 

ငါ့အသွေး ငါ့အချစ် ငါ့ဘဝ ....
ရင်ထဲကိုဝင်ကြည့်စမ်းအချစ်လေး....

တကယ်လို့များ မင်းနဲ့ 
ငါဟာ မိုးမြေအလှမ်းဝေးဦး
မြင်နေလဲ မနီးဘူး

မိုးသားများကာဆီးနေပါတယ် ဘယ်လောက်ပဲ ဝေးကြပါစေ 
ငါ့အသွေး ငါ့အချစ် ငါ့ဘဝ 
ရင်ထဲကိုဝင်ကြည့်စမ်းအချစ်လေး

ငါ့အတွေးမှာ မင်းရှိရင်
ကော်ဖီဆိုင်သွားဖို့ သိပ်မလိုဘူး ... ရည်ရွယ်သီချင်းတပုဒ်ဖွင့်ဆိုတိုင်း ရင်ခုန်သံအတိုင်းသားကြား

ငါ့အတွေးမှာ မင်းမရှိရင် 
ဘာတီဗီကြော်ညာတခုမှမကြည့်ချင်.... ကြင်နာသူစိတ်နဲ့ အိပ်နေမယ်....
ရင်ခုန်သံအရင်းနှီးဆုံးယုံလိုက်... "

သီချင်းဆိုနေတဲ့တလျောက် စက္ကန့်ကိုပဲကြည့်နေတဲ့ သျှန့်ကြောင့် ကာကာ က တဝိုးဝိုးတဝါးဝါးနဲ့လုပ်လာတယ် 

"ဝိုးးး ဝေါင်း မိုက်နေရောနော် "

"အေး ကာကာပြောတာ ဟုတ်တယ် 
မင်းတို့က လင်မယားကျနေတာပဲ "

ငစိုင်း ကပါ ဝင်ပြောလာတာမို့ 
စက္ကန့် အဲ့ကောင်ကို ထကန်ပစ်လိုက်တယ်။

"ဘောကို လင်မယား လား "

"အားး ဒါဆို လင်လင်တွေလား "

"မျက်ပေါက်မရှိတဲ့ကောင် မင်းပါးစပ်ပေါက်ပါ ငါ ပိတ်ပေးရမလား ဟမ် " 

စက္ကန့်က တကယ်ဆော်တာမို့ စိုင်း 
ထပြေးရတော့တယ် ။ 

"ဘယ်ပြေးတာလဲ ငနွား လာစမ်း "

"ငါကမင်းယောကျာ်း ငဇေမှ မဟုတ်တာ မင်းခေါ်တိုင်းလာစရာလား "

လူက ပြေးနေရတာကို ပါးစပ်က ပြန်ပက်ပြောနေတဲ့ ငစိုင်းကြောင့် စက္ကန့် အရှိန်တင်ပြီးနောက်က လိုက်ထိုးတော့တယ် ။

"ဟားဟား ဟား ခေးခေး ပြောတာမှန်နေတာကို "

"အငယ်"

"ဟီးဟီး "

ခြံထဲမှာ စက္ကန့်လိုက်ရိုက်လို့ ပတ်ပြေးနေတဲ့ စိုင်း ရယ် သူတို့နှစ်ယောက်ကို ကြည့်ပြီး ရီနေတဲ့ ကျန်တဲ့သုံးယောက်ရဲ့ရီသံတွေနဲ့ ပျော်စရာအခိုက်အတန့်လေးကို  ခြံထဲက လတ်ဆတ်တဲ့လေထုအေးအေးလေးရယ် 
လေမှာလွှင့်နေတဲ့ သစ်ရွက်ကြွေလေးတွေရယ် က သက်သေတည်လို့ ရှိနေတယ်။

အင်း......တကယ်ကို ပျော်စရာကောင်းလွန်းခဲ့ တဲ့ အတိတ်နေ့ရက်တွေပဲ ဖြစ် သည် ။

Oct 27, 2021

Thanks For Reading.

Paing Koe 🌸🍉

မျိုးကြီး - ရင်ခုန်သံအရင်းနှီးဆုံး

https://www.youtube.com/watch?v=073viopIhKw

-------------------------


rate now: