book

Index 4

Part - 3

၅ နှစ်ဆိုတဲ့အချိန်ကာလကို အပြိုင်အဆိုင်တွေနဲ့ဖြတ်သန်းလာပြီးတဲ့အခါ မှာ Alis နဲ့ Pistris ဆိုတဲ့အဖွဲ့နှစ်ခုဟာ မြေအောက်လောကမှာ နာမည်ကြီးလာသည် ။

လူအင်အားတောင့်တင်းသည်။

စည်းလုံးမှုရှိသည် ။ သွားထိလို့မသင့်တဲ့ အဖွဲ့၂ခု အဖြစ်နာမည်ကြီးသည် ။ ရန်စမိတဲ့

တော်ရုံအဖွဲ့ငယ်တွေဆို အုပ်စုလိုက် သုတ်သင်ခံရတာတွေထိရှိသည်။


အဖွဲ့ခေါင်းဆောင်နှစ်ဦးကလည်း တဖက်နှင့်တဖက်အပြိုင်အဆိုင် ပိုင်နက်လုကြတာမျိုးတွေရှိသည်။

သူတို့ နှစ်ဖွဲ့ရဲ့ထူးခြားချက်တခုက သူတို့အချင်းချင်းသာ တိုက်ရင်တိုက်မယ်

တခြားအဖွဲ့တခု နဲ့ သူတို့နှစ်ဖွဲ့ထဲက တဖွဲ့နှင့်ညှိမိလျှင် တခြားအဖွဲ့ကလူသာအထိနာသည်။

သူတို့ အချင်းချင်းကလွှဲရင် တခြားလူလာထိ၍မရသည့်အဖွဲ့တွေပင်.....


သျှန် မန္တလေး ပြန်ရောက်တာ ၃လလောက်ရှိပြီ.. ။ ညို ကတော့ အလုပ်ကိစ္စနဲ့ ရှမ်းပြည်ဘက် တက်သွားတယ်လို့ သတင်းကြားတယ် ။ အရမ်းစိုးရိမ်စရာမလိုလောက်တဲ့ ကိစ္စမို့ သျှန် လိုက်မသွားတော့ပေ ။ မဟုတ်ရင် ညို က သူ့လုပ်ကွက်လုတယ်ဆိုပြီး နှစ်ဦးသား အချင်းများကြရလိမ့်မည် ။ 

ဒီညတော့ ဝရန်တာမှာ ဝိုင်သောက်ရင်း အချိန်တွေကို ကုန်ဆုံးဖြစ်လိမ့်မယ်ထင်......


_______________________


"သျှန် "


မျက်လုံးတွေမှိတ်ကျ သွားတဲ့ထိ ပြုံးရင်း ခေါ်ဆိုလာတဲ့ 'ညို့' ကြောင့် သျှန် အတော်ဝမ်းသာသွားရတယ် ။

အချိန်တခုကြာတဲ့ထိ သျှန် ပြန်မဖြေမိ ။ 

မတ်တပ်မေ့နေသလိုမျိုး ညို့ အပြုံးတွေကို ငေးကြည့်နေမိသည် ။


"ဟျောင့်.....လာလေကွာ မတ်တပ်သေနေတာလား"


ညို့ဆီက ထေ့ငေါ့စကားကြားမှ သျှန်တယောက် ပြန်အသိဝင်လာမိတယ် ။ ထို့နောက် ညို ရပ်နေတဲ့နေရာသို့ အပြေးအလွှား သွားမိတယ်.... သျှန် ပြေးလေ ညို က ပိုဝေးသွားလေ ပဲ အတက်နိုင်ဆုံး အမြန်ပြေးသွားပင်မဲ့ 

ညို့ဆီကို မရောက်နိုင်ဘူး ဖြစ်နေတယ် ။


"ညို.... ညို....ဘယ်သွားတာလဲ.... ညို ပြန်လာခဲ့ပါကွာ...."


'ညို့' ရှေ့မှာ ချောက်ကမ်းပါးတခု.......


"ညို....ဆက်မသွားနဲ့တော့..... ညို......ရပ်လိုက်တော့လို့......မိုးစက္ကန့်ညို ! "

သျှန် ချွေးတွေနဲ့ လန့်နိုးလာခဲ့တယ် ။
တော်ပါသေးရဲ့ အိမ်မက်တခုမို့သာ.....။

မအိပ်ခင် ဝရန်တာမှာ  ဝိုင်သောက်ရင်း အတိတ်တွေကို ပြန်တွေးမိခဲ့တဲ့ အကျိုးက 
သျှန့်ကို ခုလို ညတာမျိုးကို ပိုင်ဆိုင်စေတယ် ။

ညို နဲ့ နီးမလိုလိုနဲ့ ဝေးနေရတဲ့ ခံစားမှုမျိုး....။ ဒါပေမဲ့ သျှန် ကျေနပ်ပါတယ်.. အိမ်မက်ထဲမှာ...ညို့အပြုံးတွေကို တခါပြန်မြင်ခွင့်ရလို့ ။ 
နာရီတချက် ကြည့်လိုက်တော့ မနက် ၅နာရီ... ပုံမှန် ထနေကျအချိန်ထက် အနည်းငယ်စောပင်မဲ့ သျှန် အိပ်ရာထကာ ရေချိုးခေါင်းလျော်ပစ်လိုက်တယ် ။ ညို့ အပြုံးတွေကို မြင်ရပင်မဲ့ အိမ်မက်က အပြည့်အဝ မကောင်းချေ ။ 

ညို တယောက် အဆင်ရောပြေပါရဲ့လား....

^^လွမ်းတယ် ကိုယ့်ရဲ့ ညို ....^^

သျှန် အိပ်မက်ကြောင့် ညို့ ကို စိတ်ပူနေမိသည်။
'ညို 'ဒီနှစ်ပိုင်းအတွင်းပြောင်းလဲသွားမှုကြီးက
လူတယောက်အစားထိုးလိုက်သလိုပင်။
'ညို့' ဆီကို လွှတ်ထားတဲ့သူတွေဆီကလည်း ဘာသတင်းမှမကြားရ ။ကိုယ်တိုင်သာသွားပြေးကြည့်လိုက်ချင်တော့သည်။

"ဒေါက် ဒေါက် ဒေါက်"

"အေး ဝင်ခဲ့"

"ဆရာ ဒီနေ့ 9 နာရီသွားစရာပွဲတခုရှိပါတယ်"

"အေး အေး သွားဖို့အချိန်နီးရင် ငါ့ကိုလာခေါ်လိုက် ငါအခု ခဏနားဦးမယ်"

"ဟုတ် ဆရာ"

သျှန် တကယ်စိတ်ကြည်မနေပါ ဒီနေ့ဘာကိုစိတ်လေးနေမှန်းမသိ
ဖြစ်နိုင်ရင် ဘာမှကိုမလုပ်ချင်တာ
ဒါပေမဲ့ အလုပ်ကိစ္စတွေကလည်း မသွားလို့မဖြစ်တာမို့ သွားရဦးမည်။

သျှန် အခုရောက်နေတာ လေလံပွဲတခုမှာပင်

လေလံပစ္စည်းတွေက ရှားပါးပစ္စည်းတွေနဲ့ ရှေးဟောင်းလက်ရာတွေကို လေလံတင်နေတာပင် တံဆိပ်ခေါင်းတွေလည်းအများအပြားပင်

သျှန် စိတ်ဝင်စားသည့်အရာဟူ၍ အခုချိန်ထိ တခုမှမတွေ့သေးရှေးဟောင်းပစ္စည်းတွေ တခုမှ ထုတ်မပြသေးပေ
တံဆိပ်ခေါင်းတွေနဲ့ ရှားပါးပစ္စည်းတွေကိုသာ တခုပြီးတခု ရောင်းနေသည်။

သို့သော် ပစ္စည်းတွေက နောက်ပိုင်းရောက်လေ ပိုပြီး တန်ဖိုးကြီးလေဖြစ်လာလေသည်။

"အခု ဆက်လက်ပြီး ရောင်းချသွားမဲ့ပစ္စည်းကရှေးဟောင်းလက်ရာအမွေအနှစ်တွေကိန်းဝပ်နေတဲ့ ပစ္စည်းတခုဖြစ်ပါတယ်ရှင်"

စင်ပေါ်က ကောင်မလေး၏ စကားသံအဆုံးတွင်အားလုံး၏အာရုံက စင်မြင့်ထက်သို့ တွန်းလှည်းလေးနှင့်တင်ကာ
ကတ္တီပါအနီစဖုံးအုပ်ထားသော ပစ္စည်းလေးဆီသို့သာ ရောက်ရှိကုန်ကြသည်။
ရှေးဟောင်းပစ္စည်းမုဆိုးတွေက ပိုပြီး မျက်ဝန်းတွေအရောင်လက်နေကြသည်။

သျှန် ပျင်းတိပျင်းရွဲ နှင့်သာ လူတွေကိုအကဲခတ်ကြည့်ရှူနေမိသည်။

"အခု ပြသမဲ့ ပစ္စည်းလေးက အင်းဝခေတ်က ပစ္စည်းလေးဖြစ်နိုင်ချေရှိတယ်လို့ သမိုင်းသုတေသီတွေအားလုံးက ကောက်နုတ်ချက်ချပေးထားပါတယ်ရှင့် မြန်မာ့သမိုင်းရဲ့ ခေတ်ကြီးတခေတ်ဖြစ်တဲ့ အင်းဝခေတ်က ပစ္စည်းဆိုတော့ လက်ရာကလည်း တကယ်ကိုအနုစိတ်လွန်းပါတယ်ရှင့် နောက်တချက်က နန်းသုံးပစ္စည်းဖြစ်ခဲ့မယ်လို့ကို ယူဆလို့ရပါတယ် ဘာလို့လဲဆိုတော့ ပရိတ်သတ်တွေအားလုံး ကြည့်ရှူလိုက်ပါရှင်"

ကောင်မလေးက စကားတေအရှည်ကြီးပြောပြီးလူစိတ်ဝင်စားအောင် ညို့ဓာတ်ပါသော အကြည့်မျိုးနဲ့ လူအုပ်ကြီးထဲလှမ်းကြည့်ကာ ပစ္စည်းကို ဖုံးအုပ်ထားသော 
ကတ္တီပါစကို လှပ်ပြလေသည်။

"ဝိုးးး"

" တကယ်ကြီးဟ "

" ဝါးးး "

အကုန်လုံးရဲ့ မျက်ဝန်းတွေဟာ တဖျက်ဖျက်လက်လာပြီးပစ္စည်းကိုသာ အာရုံကျကုန်‌ကြသည်ဆိုတာ သေချာမှ
ကောင်မလေးက စကားဆက်ပြောသည်။

သျှန်လည်း လူတွေအားလုံးစိတ်ဝင်စားစေသည့်အရာကဘာများလဲဆိုတဲ့သိချင်စိတ်ကြောင့် လှမ်းကြည့်လိုက်မိသည်။

ရွှေရောင်တွေဟိုတစဒီတစ ကျန်နေသေးတဲ့ ကွမ်းအစ်တလုံးပင် 
စင်ပေါ်မှာ မီးသေချာထိုးပြထားတာမို့ အနုစိတ်လက်ရာတွေကိုမြင်နေရ ပြီးတော့ ရတနာတချို့ပါ ဘေးပတ်လည်မှာ စီခြယ်ထားသေးသည်။တကယ်ကို တော်ဝင်နန်းသုံးဖြစ်ခဲ့ပုံပင် ။

သျှန့် ခေါင်းထဲအကြံတခုရသွားသည်။
မပျင်းရတော့မဲ့ညကစားပွဲတခုပေါ့ 
အခုကွမ်းအစ်ကို လူတွေအားလုံးလိုချင်နေကြပုံပင် ပွဲပိုစည်သွားအောင် သျှန် ကနည်းနည်းလေး ဝင်ပြီး ဈေးကစားလိုက်ရုံပင်
တယောက်တည်းပျင်းနေတာဆိုတော့ လူတွေအကုန်လုံးကို ခေါင်းကိုက်စေလိုက်ဦးမည်။

"အဟက်"

သျှန် အတွေးနဲ့အတူ ရယ်သံတချက်ပါ ထွက်လာမိသည်။

"ဒီပစ္စည်းလေးက အင်းဝဘုရင်မင်းခေါင်လက်ထက်လောက်က
ထီးသုံးနန်းသုံးဖြစ်ခဲ့တဲ့ ရွှေကွမ်းအစ်လေးပါ
နှစ်ကာလရွေ့လျားလာမှုကြောင့် ရွှေရောင်တွေနည်းနည်းလေးမှိန်သွားတာကလွှဲရင် အားလုံးဟာ တကယ့်ကိုအဖိုးထိုက်လက်ရာတေချည်းပါပဲ ကွမ်းအစ်ရဲ့ ဘေးပတ်လည်မှာဆိုရင် ရတနာတွေစီခြယ်ထားပါသေးတယ်ရှင့် အခု ဒီပစ္စည်းလေးကို မြန်မာငွေနဲ့မတွက်ပဲ 
ဒေါ်လာနဲ့ရောင်းချသွားမှာဖြစ်ပါတယ်ရှင့်"

"ဖြောင်းးးး ဖြောင်းးးး ဝိုးးး"

လက်ခုပ်သံတွေကော အာမေဋိတ်သံတွေကော 
မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာသည်။

"အခု ကြမ်းခင်းဈေးအနေနဲ့ ဒေါ်လာ တသိန်းခွဲ နဲ့စတင်ပါ့မယ်ရှင်"

"တသိန်းခွဲ"

"တသိန်းရှစ်သောင်း"

"နှစ်သိန်း"

စသဖြင့်အကုန်လုံးဈေးတွေအပြိုင်အဆိုင်ပေးနေကြသည်။
သျှန် မဲ့ပြုံးတခုကို တိုးတိတ်စွာပြုံးလိုက်ပြီး

"ငါးသိန်း"

သျှန့်အသံကလွှဲ၍ အားလုံး တိတ်ကျသွားသည်။

"ငါးသိန်းတသောင်း"

လူတယောက်က သျှန့်ထက်ပို၍ပေးသည်။
အဲ့လူကို သျှန်သိသည် US မှာနေစဉ်တည်းက 
ရှေးဟောင်းပစ္စည်းပွဲတော်တော်များများမှာ တွေ့ဖူးသည်။
ဒီလူက မြန်မာပြည်က ပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့အချိုအချောင်ဝယ်လာပြီး ပြန်ပရောက်လျှင် ခွင်ကြီးကြီးနဲ့ ရိုက်စားလုပ်တတ်သည်။
သျှန် ထိုသူကိုပညာပေးချင်လာသည်မို့

"ငါးသိန်းခွဲ"

"ငါးသိန်း ခြောက်သောင်း"

သျှန်ပေးတဲ့ဈေးနဲ့ တသောင်းစီခွာပြီးလိုက်ပေးနေသည်။
တွေ့ကြတာပေါ့ ခင်ဗျားဘယ်ထိလိုက်နိုင်မလဲ ဟင်းး

"ခြောက်သိန်း"

"ခြောက်သိန်းတသောင်း"

"7 သိန်း"

ထပ်ပြီး အသံထွက်မလာတော့ သျှန်ကအပြတ်အသတ်ကိုအနိုင်ယူပစ်လိုက်လေပြီ

"ဟုတ်ကဲ့ရှင့် အဲ့ဒါဆို ဒေါ်လာ 7 သိန်းထက်ပိုပေးမဲ့သူရှိပါသေးလားရှင့် "

ကောင်မလေး၏ အမေးစကားကို ဘယ်သူမှပြန်ဖြေသံထွက်မလာတော့

"အဲ့တာဆို ဒေါ်လာ7 သိန်းက အတည်ပြုလိုက်ပါပြီနော်"

"ဒေါ်လာ 7 သိန်း တကြိမ် "

"ဒေါ်လာ 7 သိန်း နှစ်ကြိမ်"

"ဒေါ်လာ.."

"ရှစ်သိန်း ပေးမယ်"

"ဟင်"

သျှန် အသံလာရာဆီသို့ ကြည့်မိတော့ 'ညို'

ရှမ်းပြည်ဘက်ရောက်နေတယ်ဆိုတဲ့ 'ညို'က  အခုဘယ်လိုဖြစ်လို့
ချက်ချင်းကြီးပေါ်လာရသနည်း။

ညိုကလည်း သျှန့် မျက်ဝန်းတွေကို စူးရဲစွာစိုက်ကြည့်လာပြီး မဲ့ပြုံးတချက်ပြုံးပြသည်။

စက္ကန့် စောစောကတည်းက သျှန် နဲ့ ဟိုလူအပြိုင်အဆိုင် လေလံစွဲနေတာကို မဆိုင်သလို ဘေးကနေကြည့်နေလိုက်သည်။
အနိုင်ရမည့်သူကိုစောင့်နေခြင်းသာ 
ဟိုလူသာနိုင်သွားရင် စက္ကန့်ဘာမှမလုပ်တော့ဘူးလို့တွေးထားပေးမဲ့သျှန် ကနိုင်သွားသည်။
အမြင့်ရောက်ခါမှ ပြုတ်ကျတဲ့ခံစားချက် 
ပိုင်ဆိုင်ရပြီဟု တွေးထားခါမှ ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို သျှန် ဆိုတဲ့ကောင် သိစေချင်သည်မို့ တတိယအကြိမ်မှ တမင်ပင်ဈေးပိုပေးပစ်လိုက်သည်။

သျှန့်မျက်နှာ အီလည်လည်ကြီးဖြစ်နေတာ မြင်ရတာလောက် စက္ကန့် အတွက်ဝမ်းသာစရာမရှိနိုင်။

"ရှစ်သိန်းခွဲ "

သျှန်ကလည်း အပြိုင်လိုက်ပေးသည်။

"ကိုးသိန်း"

"ကိုးသိန်းခွဲ"

"ဆယ့်တစ်သိန်း"

'ညို' တမင်ကို သျှန့်ကို ကပ်တိုက်ခြင်းပင် 
သျှန် အတင်းလိုက်လုရင် 'ညို့'ပိုက်ဆံတွေ
မကုန်သင့်ပဲကုန်ရတော့မည်မို့ သျှန် 
အလျှော့ပေးဖို့သာ ‌ဆုံးဖြတ်လိုက်တော့သည်။

သျှန့်ဘက်က ငြိမ်ကျသွားတာနဲ့ စက္ကန့်၏မျက်နှာထက်တွင်
အသက်ဝင်စွာ တောက်ပလွန်းသော အပြုံးလေးတခုကချိတ်ဆွဲလာလေသည်။

သျှန်ငေးကြည့်နေရင်းမှ မနေ့ညက အိပ်မက်ထဲတွင် ပြုံးနေခဲ့သော 'ညို့'အပြုံးတွေကို ပြန်မြင်လာသည်။
'ညို' ဘာမှမဖြစ်ပါစေနဲ့ သျှန် တိတ်တဆိတ် ဆုတောင်းမိသည်။

"အဲ့တာဆို ရတနာစီခြယ်ရွှေကွမ်းအစ် က ဒေါ်လာ ဆယ့်တစ်သိန်းနှင့်ဈေးတည့်သွားပါပြီရှင်"

"ဆယ့်တစ်သိန်းတကြိမ်"

"ဆယ့်တစ်သိန်းနှစ်ကြိမ်"

"ဆယ့်တစ်သိန်းသုံးကြိမ်"

"တူ...တူ...တူ"

အနိုင်ရရှိသွားသူဟာ စက္ကန့်ဖြစ်ကြောင်းအတည်ပြုသွားလေပြီ။

စက္ကန့် သျှန့်မျက်နှာကို ကြည့်ပြီး အားရပါးရလှောင်ပြုံးတခုပေးလိုက်သည်။
မင်းမထင်မှတ်ထားတဲ့ရိုက်ချက်တွေ ဒီထက်ပိုများဦးမှာ သျှန်
မင်းစောင့်ကြည့်နေလိုက် မင်းငါ့ကို ဘယ်တော့မှ မနိုင်စေရဘူး။

သျှန် လေ 'ညို့'အပြုံးတွေကို မြင်တိုင်း အိပ်မက်အကြောင်းကို ခေါင်းထဲရောက်ရောက်လာသည်မို့ နေရာမှထကာ သန့်စင်ခန်းဘက်သို့ ထွက်လာလိုက်သည်။

နံရံထောင့်ချိုးနားအရောက်တွင် 

"အခုပစ္စည်းရသွားတဲ့အဖွဲ့ကိုသိတယ်မလား 
သူတို့ကား ရပ်ထားတဲ့နားက ကြိုစောင့်နေလိုက် လမ်းကဖြတ်လုမယ် 
ပစ္စည်းက တခါတည်း သူတို့နဲ့အတူသယ်မှာလို့ ငါသတင်းရထားတယ်"

"ဟုတ် ဘောစ့် အဲ့ဆို သူတို့ဘက်ကလည်း ခုခံလာနိုင်တာပဲဆရာ"

"ပစ္စည်းလက်ထဲရောက်ဖို့ပဲလိုတယ် ကျ‌န်တဲ့ကိစ္စငါရှင်းမယ် 
လိုအပ်ရင် အသက်ပါယူခဲ့လိုက် ငါပြောတာနားလည်လား"

"ဟုတ် ဘောစ့်"

သျှန် ကြားနေရတဲ့အသံတွေကြောင့် ဒီနေ့လုပ်ကြံခံရမည့်သူကိုတောင် သနားမိသွားသည် ဘယ်သူလဲ သိချင်တာမို့ ချောင်းကြည့်လိုက်ချိန် မြင်လိုက်ရတာက စောနက သျှန် နဲ့အပြိုင် ဈေးလိုက်ပေးနေတဲ့ လူကြီး ဒါ ဒါဆို သူ‌တို့တွေပြောနေတာ' ညို့' ကိုပေါ့ 
မဖြစ်ပါ...' ညို ' ထိခိုက်လို့ မဖြစ်ပါ 
သျှန့်ဘက်ကအရင်လက်ဦးမှုရယူရမည်။

သျှန် လေလံပွဲခန်းမဆီသို့ ပြန်မသွားတော့ပဲ ကားပါကင်သို့ တခါတည်းဆင်းလာခဲ့သည်။

'ညို' တို့ကားက အခုထိ ရှိနေသေးတာ 
တွေ့လိုက်တော့ 
နည်းနည်းစိတ်အေးသွားရသည် ။
'ညို့' ကားကို မောင်းလာတဲ့ ဒရိုက်ဘာက 
သျှန့်ရဲ့လူဖြစ်နေခဲ့ခြင်းက ပိုပြီးကံကောင်းသွားသည်ဟု ဆိုရမည် ကားနားမှာ အဆင်သင့်ရှိနေသော ဒရိုက်ဘာကောင်လေးက သျှန့်ကို မြင်တာနဲ့ မသိမသာလှမ်းပြီးဦးညွှတ်သည်။

ကောင်လေးကို လက်ယက်ပြီးလှမ်ခေါ်လိုက်တော့ သျှန့်ဆီကိုအမြန်ပြေးလာသည်။

သျှန်လည်းမှာစရာရှိတာအမြန်မှာရသည် 'ညို' မြင်သွားလို့မဖြစ် သျှန့်လူတွေ သူ့ထဲထည့်ထားတာသာ သိရင် မိုးမီးလောင်တာထက်ဆိုးသွားနိုင်သည် မို့ ကောင်လေးကို လမ်းကြောင်းပြောင်းပြီးမောင်းသွားဖို့ အမိန့်ပေးလိုက်သည်။

သျှန် မှာပြီးတာနဲ့ သျှန့်လူတွေဆီကို ဖုန်းဆက်လိုက်သည်။'ညို့' ကားနဲ့ပုံစံတူတာမျိုးနဲ့ လာကြိုခိုင်းလိုက်သည်။
ကားပါကင်မှာပဲ 'ညို' ထွက်လာတာကို စောင့်နေလိုက်သည်။
သျှန် ကားလာမကြိုမချင်း 'ညို့' ကို အချိန်ဆွဲထားမှရမည်။
မဟုတ်ရင် 'ညို'တို့ကားနောက်သို့သာ 
ဟိုလူတွေလိုက်သွားနိုင်သည်။

သျှန် ကားစောင့်နေစဉ် အချိန်မှာပဲ ကားပါကင်သို့ လေလံနိုင်ထားသော ပစ္စည်းကို ယူကာ ဆင်းလာနေသည့် 'ညို့'ကိုတွေ့လိုက်ရသည်။

တဖက်ကလူတွေကလည်း တနေရာရာမှစောင့်ကြည့်နေမည်ဆိုတာ အသေအချာပင်။

"မိုးစက္ကန့်ညို မင်းနဲ့စကားပြောစရာရှိတယ်"

"ဘာလဲ ဒီနေ့ခံစားချက်လေးပြောပြချင်လို့လား...Sorry ပဲကွာ အရှုံးသမားတွေနဲ့စကားပြောရတာမကြိုက်ဘူးငါက"

"မင်း... သတ်သတ်မဲ့လုပ်တာမလား"

"အင်းလေ သိရဲ့သားနဲ့လာမေးနေတယ် လေကုန်အောင်လို့"

"မင်း"

သျှန် 'ညို့'အင်္ကျီကော်လံစကို ဆောင့်ဆွဲလိုက်သည်။

"ဘာလဲ ထိုးချင်တာလား ထိုးလိုက်လေ
မင်းတချက်ဆို ငါနှစ်ချက်ပဲ သျှန်ဇေရဲဇော် "

အဆုံးသတ် သျှန့် နာမည်ကို ခေါ်လိုက်သော ညို့အသံတွေကနာကျည်းမှုအပြည့်နှင့် အံကိုကြိတ်၍သွားကြားထဲမှ ထွက်လာသောလေသံနှင့်ခေါ်လိုက်ခြင်းဖြစ်သည်။

သျှန် 'ညို့' မျက်ဝန်းတွေကို စူးရဲစွာ စိုက်ကြည့်နေမိသည်။ 'ညို' မင်းငါ့ကိုကြိုက်သလောက်မုန်းလို့ရတယ် ...
မင်းထိခိုက်မဲ့ကိစ္စတွေတော့ ငါခွင့်မပြုနိုင်ဘူး
မင်းသာတခုခုဖြစ်သွားရင် တလောကလုံးကို ငါမီးလောင်တိုက်သွင်းပစ်မိလိမ့်မယ် 
ထင်တယ်...မဟုတ်သေးဘူး တကယ်လုပ်ပစ်မိမှာ.....' ညို' 

"တီ...တီ.... ဆရာ "

ကားဟွန်းသံနဲ့အတူ သျှန့်လက်ထောက်ရဲ့ ဆရာဆိုသောခေါ်သံကြောင့်
'ညို့ 'အင်္ကျီကော်လံစကို လွှတ်လိုက်ပြီ အဆင်သင့်တံခါးဖွင့်ပေး‌ထားသော ကားဆီသို့ သျှန် လျှောက်လာခဲ့သည်။

စက္ကန့် သျှန့်အကြည့်တွေထဲမှာ တခုခုရှိနေတာ
သတိထား‌မိနေသည် ဘာကိုလဲဆိုတာ စက္ကန့်
မသိပေမဲ့
သျှန့် အကြည့်တွေက တခုခုတော့ တခုခုပင်
သူ့ဘာသာ ဘာဖြစ်ဖြစ်ကွာ ငါနဲ့ဘာဆိုင်လဲ
စက္ကန့် အတွေးစတွေကို ဖြတ်တောက်ပြီး 
ကားရပ်ထားသည့်နားသို့လျှောက်လာခဲ့လိုက်သည်။ စက္ကန့် ကားပေါ်ရောက်သည်နှင့် ကားလေးကလေလံခန်းမကြီးကိုကျောခိုင်းကာ ချက်ချင်းထွက်ခွာလာသည်။

"အဲ့ရှေ့ကထွက်သွားတဲ့ကားနဲ့ ဘေးချင်းယှဉ်မောင်း ပြီးရင် ငါပြောတဲ့လမ်းကြောကို 
ကွေ့လိုက်"

"ဟုတ် ဆရာ"

ညို တို့ ကားနှင့်ယှဉ်မိချိန် လမ်းခွဲနားရောက်ချိန်တွင်'ညို့ 'ဒရိုက်ဘာကောင်လေးကို သျှန်အချက်ပြလိုက်သည်။

'ညို 'တို့ကားလေးဟာ တခြားလမ်းကြောဘက်သို့ ခွဲထွက်သွားလေသည်။
စောနက နောက်ကလိုက်နေသော ကားသည် 
ဦးဏှောက်မရှိတဲ့ကောင်တွေဆိုတာ သေချာသည်။
သူတို့ သူဌေးပြောတဲ့အတိုင်း မလွဲမသွေပြောတဲ့လမ်းကြောင်းအတိုင်းသာလိုက်လာသည်။
ဘာတွေပြောင်းလဲသွားလဲသေချာမကြည့် 
အမှန်တကယ် 'ညို ' ပြန်ရမည့် လမ်းကြောင်းပေါ်မှာတော့ သျှန့်ကားလေးဟာ ရောက်ရှိနေသလို အနောက်ကလိုက်တဲ့ကားဟာလည်း 
သျှန့် ကားနောက်သို့သာ ပါလာသည် ။
ဒီလောက်ဆို 'ညို့' ကို သျှန် စိတ်ချလို့ ရသွားပေပြီ။

"ဆရာ အနောက်မှာကားပါလာနေတယ်"

"ငါသိတယ် မြို့ထဲမှာ တခုခုအဖြစ်မခံနဲ့ 
မြို့ပြင်ကို ဦးတည်မောင်းလိုက် မြို့ပြင်ရောက်မှရှင်းမယ်
သူတို့ ဆီပေါလို့လိုက်တာ လိုက်ပါစေ 
အဟက်..."

"ဟာ ဟျောင့် လမ်းကမှားနေတာလား ငါတို့ပြန်ရမှာ ဒီလမ်းမဟုတ်ဘူးလေကွာ"

"ဟုတ်တယ် ဆရာ ကျွန်တော်တို့ပြန်ရမဲ့လမ်းက သစ်ပင်လှဲလို့ လမ်းခဏပိတ်ထားရတယ်တဲ့ဆရာ အဲ့တာမို့ ကျွန်တော် ဒီဘက်က ပတ်မောင်းလာတာ "

"အော် ဟုတ်လား အဲ့ဆိုလည်း ပြီးတာပဲ"

စက္ကန့် ထိုင်ခုံကိုမှီချရင်း မျက်လုံးတွေကိုမှိတ်ကာ ပင်ပန်းနေသမျှ ခဏအနားယူဖို့လုပ်လိုက်သည်။

သျှန် တို့ကားလေးဟာ မြို့ပြင်ဆီရောက်လာချိန် လူတွေရှင်းပြီး လမ်းသွားလမ်းလာတွေပါ ရှင်းနေသည်မို့ကားကို ရပ်ခိုင်းလိုက်သည်။
အနောက်က ပါလာတဲ့ကားက အရှိန်မထိန်းနိုင်ပဲ သျှန်တို့ကားနောက်မှီး ကို ဝင်ဆောင့်တော့သည်။

"ကဲ ဆင်းပြီး ရှင်းကြတာပေါ့"

သျှန်ကဦးဆောင်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။
တဖက်ကားက လူတွေက ဘေ့စ်ဘော တုတ်ကိုယ်စီကိုင်က ဆင်းလာကြသည်။

"ဟာ"

သူတို့အားလုံးသျှန့်ကို မြင်လိုက်ရချိန် အံ့ဩသွားပုံပင် သူတို့အချင်းချင်းတယောက်မျက်နှာ တယောက်ကြည့်ကာ
အညာမိသွားပြီ ဆိုတာ အခုမှသိသွားကြသည်။

"ဒီကလူကြီးမင်းတို့ ကိုယ့်ကားကို ဝင်ဆောင့်တာ ဘာလုပ်ပေးမှာလဲ"

"မတော်တဆ ဖြစ်သွားတာပဲဗျ
ပြီးတော့ ခင်ဗျား သတ်သတ်မဲ့ ကျုပ်တို့ကို လိမ်ထုတ်လာတာမလား"

"အို ကိုယ်မင်းတို့ကို လိမ်ထုတ်လာမိလို့လား
ကိုယ့်ဘာသာ အိမ်ပြန်လမ်းကို မောင်းနေတာလေ မင်းတို့ဘာသာ လိုက်လာတာ မဟုတ်ဘူးလား"

"ခင်ဗျား ကလိမ်ကကျစ်ကျထားတာမလား"

"ဟုတ်လို့လား ကိုယ်တော့ အဲ့လိုမထင်ဘူးပဲ"

သျှန် နှုတ်ခမ်းတဖက်ကော့ညွှတ်စွာ အေးစက်စက်အပြုံးတခုကို ပေးလိုက်သည်။

"ဟျောင့်တွေ ချကွာ"

တဖက်ကောင်တွေ မခံမရပ်နိုင် ဖြစ်ကာ 
သျှန် တို့ကို ဝင်ရိုက်တော့သည်။
နဂိုတည်းက ကြိုတင်ပြင်ဆင်လာတာမို့ 
သျှန်တို့က သုံးယောက်တည်းဆိုပေမဲ့
သျှန်တို့အတွက် ဘာမှစိတ်ပူစရာမလိုပါ
ဆယ်မိနစ်တောင် မကြာလိုက် တဖက်က
ငါးယောက်လုံး လဲကျသွားသည်။

"အမှိုက်တွေ "

သျှန် တခွန်းတည်းပြောကာ လှည့်ထွက်လာချိန်

"အာ့ "

သျှန် ခြေထောက်နားမှာ လဲနေသော ကောင်က
မထင်မှတ်ထားတဲ့လုပ်ရက်တခု ကိုလုပ်လိုက်လေသည်။
ရုတ်တရက်မို့ သျှန် ရှောင်ချိန်မရလိုက်သော်လည်း သတိကောင်းသူမို့ လက်မောင်းကိုသာ ဓားကရှပ်ထိသွားလေသည်။

"ခွေးမသား"

သျှန် တချက်တည်း လည်မျိုကို ကိုင်ကာ 
ကိုင်ပေါက်ပစ်လိုက်သည်။
သေသလား ရှင်သလားမသိ ပါးစပ်ထဲမှ သွေးတွေထွက်ကျလာသည်။

"ဆရာ အဆင်ပြေလား"

"ရတယ် သွားမယ် ဒီနေရာမှာ ကြာကြာနေရင်အခြေအနေမကောင်းဘူး"

"ဟုတ် ဆရာ"

သျှန့်ဒဏ်ရာအရမ်းမများသော်လည်း 
စိတ်ဖိစီးမှုတွေပါရှိနေခါ
သျှန် နည်းနည်းအနားယူလိုက်ရသည်။

-----------------------------------

စက္ကန့် ဆီကိုရောက်လာတဲ့ သတင်းသဲ့သဲ့အရ
သျှန် တယောက် စက္ကန့်နဲ့ ပြသနာတက်တဲ့နေ့က 
လမ်းမှာ ရုတ်တရက်တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားသည်ဟုကြားသည်။

ဘဝင်ရူးနေတဲ့ကောင် သူများတွေဘယ်လောက်မုန်းနေသည်မသိချောင်းပြီးတောင် အတိုက်ခံရသည်တဲ့။

အဲ့နေ့ကဖြစ်စဉ်တွေကို စက္ကန့်ပြန်စဉ်းစားကြည့်မိသည်။
ကားမောင်းတဲ့ကောင်လေးပြောတော့ 
အဲ့လမ်းကြောင်းမှာ သစ်ပင်လှဲလို့ လမ်းပိတ်ထားသည်တဲ့ အခု သျှန်တိုက်ခိုက်ခံရခြင်းကလည်း ထိုလမ်းမကြီးဘက်မှာပင်
ပြီးတော့ အဲ့နေ့က ကြည့်တဲ့ သျှန့်အကြည့်တွေ အခု သျှန် ဒဏ်ရာရတာက သွေးရိုးသားရိုးကော ဟုတ်ပါ့မလား

စက္ကန့် ဝင်လာသောအတွေးတွေကို တားဆီးမရစွာခေါင်းတွေပါပူထူလာရသည်။
ဟာကွာ... အဲ့ကောင်ဘာဖြစ်ဖြစ် ငါနဲ့ဘာဆိုင်လဲကွာ  သျှန်နဲ့ပတ်သတ်သမျှ 
ဘာကိုမှ မတွေးချင်တော့ပါ။

________________________

"Happy 32 years Birthday ပါ Mr. M "

"Thanks "

စက္ကန့်ကို နှုတ်ဆက်လာတဲ့သူကို အပြုံးတချက်နဲ့သာ ပြန်ဖြေမိတယ် ။ သူတို့ကလဲ အပေါ်ယံ Birthday Wish သလို ကိုယ်ကလဲ အပေါ်ယံ ကျေးဇူးစကားပဲ ပေါ့ ။

ဒီနှစ်ပိုင်း အတွင်းမှာ လူတွေအကြောင်းကို ပိုသိလာရသလို နေရာတခုထိရောက်အောင်လဲ စက္ကန် ကြိုးစားခဲ့သည် ။ အခု 'Mr. M ' ဆိုတာနဲ့ အသက်ငယ်ငယ်နဲ့ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တယောက်အဖြစ် လူတွေသိကြတယ် ။ ပြောရရင် သမီးရှင်တွေအကြိုက်ပေါ့လေ 
တခါတလေ သူတို့သား များကိုပါ လုပ်ငန်းအတွက် ထိုးကျွေးလာတက်ကြသေးတယ် ။ 
ထိုကဲ့သို့ မိဘများကိုတော့ စက္ကန့် အတော်ရွံမိသည် ကိုယ့်စီးပွားအတွက် သားသမီးကို ထိုးကျွေးတက်ကြသော လူမျိုးများကို တက်နိုင်သလောက် ဝေးအောင်ရှောင်သည် ။

မိန်းကလေးရော ယောကျာ်းလေးပါမချန် စားတဲ့ ငါးမန်းဖြူကြီး အဖြစ် နာမည်ကြီးပေမဲ့ ထိုသို့ ထိုးကျွေးတက်တဲ့ လူများကိုတော့ 
ဝေးဝေးရှောင်ပဲ ။ 

"ကိုယ်က အရိုးရောအသားပါ စားတက်တဲ့ ငါးမန်းဖြူ ဆိုပင်မဲ့ နဲနဲစည်းကမ်းကြီးတယ် "

ဆိုပြီး ငြင်းလွှတ်တက်သောကြောင့် မျက်နှာအပျက်မခံနိုင်သော တချို့ကတော့ စက္ကန့် ကို လာမိတ်ဆက်မပေးရဲတော့ချေ ။ အရှက်မရှိတဲ့ လူ တချို့ကတော့ တိုးမြဲတိုးဆဲပင် ။

"Have A Safe Year  မိုးစက္ကန့်ညို "

ရင်းနှီးတဲ့ ဆုတောင်းစကားသံကြောင့် 
စက္ကန့် နောက်သို့လှည့်ကြည့်လိုက်မိတော့ 
အမုန်းရဆုံးလူသား.....

ဒီနှစ်တွေထဲမှာ ဒီကောင်နဲ့ အမြဲအပြိုင်အဆိုင်ဖြစ်ခဲ့ရပေမဲ့ စက္ကန့်သာ အနိုင်ရတာက များသည် ။ 

ခု ဆုတောင်းစကားကိုလဲ တခြားသူကြားရင် ရွဲ့ပြောတယ်လို့ ထင်ကောင်းထင်နိုင်ပင်မဲ့ ဒါက စက္ကန့်တို့၂ဦးသာ နားလည်တဲ့ 
ဆုတောင်းပင်....။

^ လိုရင်းတိုရှင်း ဆုတောင်းမှ ဘုရားက ဖြည့်ပေးချင်မှာပေါ့ ကွ ကုလားကားလို မပြီးနိုင်မဆုံးနိုင် ရှည်လျားပြီး ဆုတောင်းနေရင် ဘုရား
နားပူတာပဲ ပိုတယ် ^ 

စက္ကန့်နားထဲ တချိန်က ပြောခဲ့ဖူးသော သျှန့်စကားများကို ပြန်ကြားယောင်လာမိတယ်။

ရင်ထဲမှာ နွေးသွားပင်မဲ့ လက်ထဲမှ ရှန်ပိန်ခွက်ကိုတော့ တင်းကျပ်စွာ ဆုပ်ကိုင်မိသွားတယ်

မျက်နှာထက် မဲ့ပြုံးတခုကို ဆင်မြန်းရင်း 

"အော် Loser ကြီးပါလား ကြွပါဗျာ ကြွပါ"

သျှန့်ကို ထေ့ငေါ့နေတဲ့ 'ညို့' ကို လျစ်လျူရှုပြီးအသင့်ယူလာတဲ့ USB Stick တခုကို လှမ်းပေးလိုက်မိသည် ။

"မင်း သိချိန်တန်ပြီ.... မိုးစက္ကန့်ညို "

"အဟက်... ဘာတွေအရှက်မရှိ Drama ခင်း
မလို့လဲ သျှန်ဇေရဲဇော် " 

ခုချိန်ထိ အမုန်းတွေမလျော့သေးသော 'ညို့'ကို ကြည့်ပြီး သျှန်ပါမွန်းကျပ်လာရတယ်

"မင်း သိလိုတဲ့ ဆန္ဒရှိရင် ဒါကို ဖွင့်ကြည့်လိုက်
ဒီထဲမှာ မင်းမသိသေးတဲ့ အမှန်တရားတခုရှိတယ် "

စက္ကန့် ဘေးမှ တပည့်ကို မျက်ရိပ်ပြလိုက်တော့ ကိုယ်စားယူထားပေးသည် ။ 

"ကိုယ်..မင်း အနားပြန်လာချင်ပြီ.. ညို "

သျှန် ပြောပြီးတာနဲ့ ချက်ချင်း ကျောခိုင်းလိုက်တယ်' ညို့' ဆီက အမုန်းစကားတွေကို ထပ်ကြားနိုင်စွမ်း သျှန့်မှာမရှိတော့လို့ 

အန္တရာယ် ကင်းတဲ့ နှစ်လေး ဖြစ်ပါစေ 
ကိုယ့်ရဲ့ 'ညို ' ....
အော် မေ့လို့... မင်းအတွက် ရောက်လာနိုင်တဲ့ အန္တရာယ် တွေကို ရှေ့ကနေ ကိုယ်ပဲ 
တားစီးပေးထားမှာမို့ 'ညို 'က အမြဲ အန္တရာယ် ကင်းပါတယ် ......။

"တောက်စ် "

စက္ကန့် အနားကို ပြန်လာချင်သတဲ့ ဟမ့် 
မင်း အပြစ်တွေကျေပြီများ ထင်နေသလား

Party ကို လက်စသတ်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်တယ် ။ အခန်းထဲက ဆိုဖာပေါ်မှာ 
ထိုင်ရင်း တပည့်တယောက်လာပို့သွားတဲ့
မှန်စားပွဲပေါ်က USB Stick ကို ငေးကြည့်နေမိသည်။ ငါ သိချင်တာက ဒီလို USB Stick ကနေမဟုတ်ဘူး သျှန်......။
ငါ လိုချင်တာက မင်းဆီက အရေးတယူ
ရှင်းပြမှုတခုပဲ... မင်း ဆီက စကားတခွန်းကို ပဲငါလိုချင်တာကွ သျှန် ရ ။

နက်ခ်တိုင် ကို ဖြုတ်ပြီး ဆိုဖာပေါ်သို့ ပစ်တင်လိုက်တယ် ။ ထို့နောက် မှန်စားပွဲ ပေါ်မှာ 
အမိန့်သားနေရာယူနေတဲ့ USB Stick ကို ကောက်ကာ အလုပ်စားပွဲရှိရာဆီသို့ လှမ်းခဲ့တယ်။ Password ခံထားသော အံဆွဲကို
ဖွင့်ကာ ထိုထဲသို့ USB ကို ပစ်ထည့်ကာ ပြန်ပိတ်ပစ်လိုက်တယ် ။ 

ဝတ်ထားတဲ့ ရှပ်အကျီကိုပါချွတ်ပြီး
ခြေလှမ်းများက Bathroom ဆီသို့

ထို့နောက် ရေကျသံ တတောက်တောက်က အခန်းထဲမှာ လွင့်ပျံလာတယ်.....

သိသင့်တဲ့ အမှန်တရားလေးတခုကလဲ 
အံဆွဲငယ်ထဲမှာ အထီးကျန်စွာ နဲ့
သူ့ကို ဖွင့်ကြည့်မယ့်သူကို မျှော်နေရှာလေရဲ့...

----------------------------------------

အတိတ်နေ့ရက်များဆီသို့......

"သျှန် သက်သာရဲ့လား "

"အွန်း ကိုယ် သက်သာပါတယ်ကွာ "

"သက်သာတယ်သာပြောတာ မင်း အသံက ပုရွက်ဆိတ်သံလောက်လေးနဲ့ "

"ဟဟ 'ညို' ရာ ပေါက်ကရပြောပြန်ပြီ 
တကယ် သက်သာပါတယ်ဆိုနေ "

သက်သာတယ်ပြောနေတာ
ကောင်းကောင်း မထိုင်နိုင်လို့ ကုတင်ကိုအမှီသဟဲ ပြုပြီး ထိုင်နေရတယ် ။ 
မျက်နှာကလဲ သေးသေးလေးသာကျန်တယ်
စက္ကန့် နေမကောင်းဖြစ်နေ သူကို ကြည့်ပြီး 
စိတ်ထဲမကောင်းလိုက်တာ

"သျှန်....မင်း နေမကောင်းထပ်မဖြစ်စေနဲ့"

"ဘာလို့လဲ 'ညို' က ကိုယ့်ကိုစိတ်ပူလို့လား"

"အင်း မင်း နေမကောင်းရင် ငါဝမ်းနည်းတယ်
ပြီးတော့ ရင်ဘက်ထဲကလဲ နာတယ် "

"အင်း ကိုယ် ကတိပေးတယ် နောက်ဆို ကျန်းမာအောင်နေမယ် ဟုတ်ပြီလား"

"အင်း... ကတိ "

လက်သန်းထောင်ကာ ကတိတောင်းလာသူကြောင့် သျှန် လက်ကို အားယူပြီး လက်သန်းချင်း ပြန်ချိတ်ပေးရတယ် ။ 

"ကတိပေးပြီးပြီ တည်ရမယ်နော် "

"အဟက်.. 'ညို ' မင်းက ကလေးလားကွာ "

"ကလေး ဟုတ်မဟုတ်သိချင်လား 
ငါပြလိုက်ရနော် ဟွန့်..... နေမကောင်းနေလို့ အလျော့ပေးနေတာကို "

"ဟား ဟား ဟား ကိုယ့် 'ညို' သာ
ပြမယ်ဆို ကိုယ်က အချိန်မရွေး Welcome ပါဗျာ"

"လိ့လား ငလူးကောင် "

"အဲ့တာပြမို့လား.... ရတယ်နော် ကိုယ်က ကြည့်ရဲတယ်ဗျ 'ညို 'သာဆန္ဒရှိရင်....."

"ခွေးကောင် ...ပါးစပ်ပိတ်ထားစမ်း "

"အာ့...' ညို' ကိုယ်က နေမကောင်းတဲ့သူလေ ဘာလို့ လက်သီးနဲ့လိုက်ထိုးနေရတာလဲ "

သျှန့်ကို စကားပြိုင်မပြောနိုင်တော့ လက်ပါလာသူကြောင့် အော်ရတော့တယ် ။
ယောကျာ်းအားနဲ့မို့ 'ညို့'ကိုချစ်ပင်မဲ့လည်း အောင့်မခံနိုင်ဘူး အသေနာတာ ။

"ပါးစပ်က လျှောက်ပြောနေတာကို တော်ပြီ တီငယ် ထည့်ပေးလိုက်တဲ့ ကြက်ပေါင်းခေါက်ဆွဲ မင်းကို မကျွေးတော့ဘူး "

"ဟာ... ကိုယ် ဘာမှမစားရသေးဘူးလေဗျကျွေးပါနော်.... 'ညို' လို့ "

စက္ကန့် အမြင်ကတ်လို့ သျှန့်ကို
ကျောပေးကာတီငယ်ထည့်ပေးလိုက်တဲ့ ခေါက်ဆွဲတွေ ထိုင်စားပစ်နေလိုက်တယ် ။ 

"ညို.....ကိုယ့်ရဲ့'ညို' ရေ.... ကိုယ် ဗိုက်ဆာတယ်လို့ဆို "

နားဒုက္ခ ပေးနေသူကြောင့် နောက်တပန်းကန်ယူပြီး ကျေးဇူးရှင်ကို ကျွေးရတယ် ။

"ရော့... ရော့ အဲ့မှာမြို...ကျေးဇူးရှင် "

"ဟင့်..... ကိုယ့်ကို အဲ့လိုမပြောပါနဲ့ "

"ဟာ... ဘာလို့ငိုတာလဲကွ "

"အင့်....ဟင့်... ကိုယ်က.. 'ညို' ယူလာပေးတာလေး စားချင်လို့ပြောတာကို' ညို 'က... အင့်"

နဂိုကတည်းက နေမကောင်းတဲ့ဓာတ်ခံကြောင့် ဝမ်းနည်းနေရချိန် 'ညို' က ခုလိုပြောတော့ သျှန် မျက်ရည်ဝဲလာရတယ် 

"အင့်.. 'ညို'က ကိုယ့်ကိုမကြည်ဖြူဘူး...."

စက္ကန့် နဲနဲ ပြာသွားရတယ် ခါတိုင်းလဲ ဒီလိုပဲပြောနေကြမို့ ပြောလိုက်တာကို ခုမှ ထငိုနေတဲ့ သျှန် ကြောင့် ဘာလုပ်ပေးရမလဲ မသိတော့ပေ

"ညို... မကောင်းပု ....အင့် "

ရှိုက်သံပါထွတ်လာတဲ့ သျှန့်ကြောင့် 
စက္ကန့်မှာ ချော့ရတော့တယ် ။

"အေး....အေး ဟုတ်တယ်နော် 
အဲ့ကောင် မကောင်းဘူး... 
မိုးစက္ကန့်ညို ကို နာနာလေးရိုက်ပစ်ရမယ်... ခုတော့ တိတ်တော့နော်
သျှန်လေး... အရမ်းငိုနေရင် 
ခေါင်းကိုက်လိမ့်မယ်ဗျ သျှန်လေး 
က လိမ္မာတယ်နော် "

"အွန်း "

မောင်အချော့ကြိုက် က ချော့မှ အငိုတိတ်တော့တယ် ။ ဟူး စက္ကန့် သက်ပြင်းအသာခိုးချရတယ် သူရှေ့သက်ပြင်းချမိရင် ငြိုငြင်တာလား ဆိုပြီး တခါရစ်ဦးမှာ...

"ရော့ ဒါကုန်အောင်စားနော် သျှန်လေး 
ပြီးရင် ဆေးသောက်ရဦးမှာမလား "

"ညို...က ပြန်မှာလား  "

"အွန်း မပြန်ဘူး စိတ်ချနော်... "

ခေါက်ဆွဲ ဝင်အောင်ကျွေးပြီးမှ ဆေးတိုက်ရတယ် ။ သျှန်က ဆေးတိုက်ရမခက်လို့ တော်ပါသေးရဲ့ မဟုတ်ရင် စက္ကန့် ပါထိုင်ငိုမိတော့မှာ 

"ခနအိပ်လိုက်ဦး သျှန်လေး ငါ 
ဘေးမှာ ရှိတယ် "

"အွန်း 'ညို' နားချင်ရင်ပြန်နော် 
ဒီမှာ မအိပ်နဲ့
ကိုယ့်ဆီက အဖျားကူးလိမ့်မယ် "

"ဘယ်မှာအိပ်အိပ်ပေါ့ကွာ မင်းသာ အိပ်ပျော်အောင်အိပ်တော့ "

နဲနဲဟောက်ပေးလိုက်ခါမှ အိပ်တော့တယ်....စက္ကန့်နေမကောင်းရင်ကျ 
သူပဲ အစအဆုံး
လာပြုစုပေးပြီးတော့....ခုမှ........ 

သျှန် က စက္ကန့်အတွက်တော့ သူငယ်ချင်း 
ဆိုတာထက် ပိုသော လူသားပင်......

တန်ဖိုးဖြတ်မရတဲ့ အရေးပါဆုံးလူသားလေး

တိတ်ဆိတ်နေသော အခန်းငယ်ထဲတွင်
အသက်ရှုသံမှန်မှန်နဲ့ အိပ်ပျော်နေသောကောင်လေးတယောက်ရယ်......

ထိုကောင်လေး ကို စိတ်မချစွာ ကိုယ်ပူခနခနထစမ်းရင်း ဘေးနားမှာ
စာအုပ်ထိုင်ဖတ်ကာ စောင့်ပေးနေတဲ့
ကောင်လေးတယောက်ရယ် ရှိနေလေသည်။

ထိုကောင်လေး ၂ယောက်လုံးမသိတာကသူတို့ကို အခန်းအပြင်မှ လာကြည့်ကာ တံခါးပြန်ပိတ်ပြီး ထွတ်သွားသော လူတဦးရှိတယ်ဆိုတာကိုပင်.....

Oct 25, 2021

Thanks For Reading.

#Paing Koe 🌸🍉


rate now: