ခြံဝန်းကျယ်ကြီးတစ်ခုသည် ရောင်စုံလျှပ်စစ်မီးများဖြင့် ပြိုးပြိုးပျက်ပျက်အသက်ဝင်လှုပ်ရှားလျက်ရှိသည်။ ရောင်စုံလျှပ်စစ်မီးသီးကလေးများကို သွယ်တန်းကာ အလှဆင်ထားသည့် မီးကြိုးလေးများသည် ခြံဝန်းကြီး၏ မြက်ခင်းစိမ်းကွင်းပြင်ငယ်လေးတစ်ခုအပေါ် စိုက်ပျိုးထားသည့် အလှစိုက်အုန်းပွားပင်ကြီးများ၏ အကိုင်းအခက်များအပေါ် မြွေတစ်ကောင်ကဲ့သို့ တွန့်ကာ ခွေကာဖြင့် ရစ်ပတ်ထားသည်။ မီးသီးကလေးများ ဖျက်ခနဲ ဖျက်ခနဲ လှုပ်ရှားမှုတိုင်းမှာ အုန်းပွားပင်ကလေး၏ အရောင်များသည်လည်း နီလိုက်၊ ဝါလိုက်၊ ဖြူလိုက်၊ ပြာလိုက်ဖြင့် လှပစွာ ပြောင်းလဲနေသည်။
ခြံဝန်းကြီးအတွင်း တည်ခင်းထားသည့် လေးထောင့်စားပွဲခုံရှည်ကြီးတွင်လည်း စားသောက်ဖွယ်ရာများစွာနှင့် နေရာလွတ်မရှိအောင် ပြည့်နှက်၍ နေသည်။ စားပွဲခုံရှည်ကို ခြံရံထားသည့် ထိုင်ခုံများ၌ နေရာအသီးသီး ယူထားကြပြီးဖြစ်သော ဧည့်သည်တော်များသည် စကားများအော်ဟစ်ပြောဆိုရင်း ရယ်မောပျော်ရွှင်နေကြသည်။ အယောက်(၂၀)စာ စီစဉ်ပြင်ဆင်ထားသည့် စားပွဲခုံရှည်ကြီး၏ ထိပ်ဆုံးသုံးခုံမှာတော့ ထိုင်သူမရှိသေးဘဲ နေရာလွတ်၍ နေသေး၏။ ထိုနေရာ၏ ပိုင်ရှင်များမှာမူ အိမ်ကြီး၏ အရှင်သခင်များသာ ဖြစ်ပါသည်။
လိုက်ကာစလေးကို အသာဖွင့်လှပ်ပြီး မှန်ချပ်များမှတဆင့် အောက်ထပ်ခြံဝန်းထဲသို့ သျှံဓန ငုံ့ကြည့်လိုက်သည်။ လူတွေ စုံလင်လျက်ရှိပြီ။ စားပွဲပေါ်သို့လည်း စားသောက်ဖွယ်ရာများ အဆင်သင့်ခင်းကျင်းပြီးလျက်ရှိပြီ။ တစ်ချက်ပြုံးလျက် လက်ပတ်နာရီကို ကြည့်လိုက်သည်။ (၇)နာရီ ထိုးပြီး (၁၀)မိနစ်။ အိုကေ… ဒီအချိန်ဟာ သူ ဆင်းဖို့ အသင့်တော်ဆုံးပဲ။ သူ ချိန်းထားခဲ့သည့် (၇)နာရီတိတိထက် (၁၀)မိနစ်တောင် စွန်းလျက်ရှိပြီလေ။
လူတွေ သူ့ကို ဒီလို အရေးတယူ စောင့်ဆိုင်းပေးနေရတာကို သျှံဓန သိပ်သဘောကျသည်။ ထို့ကြောင့် ဘယ်တော့မဆို ချိန်းထားသည့် အချိန်ထက် အနည်းငယ် နောက်ကျပြီး သွားလိုက်ရမှ စိတ်ကျေနပ်မှုရရှိသလို ခံစားရသည်။ သို့သော်… သူကတော့ ဘယ်တော့မှ တခြားသူတစ်ယောက်ကို မစောင့်ဆိုင်းနေချင်ပါ။ ဒါက သျှံဓန၏ အကျင့်ဖြစ်သည်။ အတ္တကြီးသည်ဟုဆိုလျှင်လည်း မှန်ပါသည်။ သူ သိပ်အတ္တကြီးပါသည်။
“ဖေဖေ”
သူ့ကို စောင့်ဆိုင်းနေသည့် ခြံဝန်းထဲက သူများကို သျှံဓန အရသာခံ ကြည့်နေဆဲမှာ ခေါ်သံတစ်ခုကို ကြားလိုက်ရ၍ အနောက်သို့လှည့်ကြည့်လိုက်၏။
“ဟော… သားတို့ အဆင်သင့်ဖြစ်ကြပြီလား”
အနောက်တိုင်း ဝတ်စုံအပြည့်များ ဝတ်ဆင်လျက် ချောမောခန့်ညားလွန်းလျက်ရှိသည့် သားနှစ်ယောက်ကို သျှံဓန ပီတိမျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။ ဆယ်တန်းကျောင်းသားအရွယ် ကလေးများလို့ မထင်ရလောက်အောင် မြင့်မားသည့်အရပ်၊ ထွားကျိုင်းသည့် ခန္ဓာကိုယ်အချိုးအစားများနှင့် အရွယ်ရောက်နေပြီဖြစ်သော သားနှစ်ယောက်ကို သျှံဓန အားရကျေနပ်စွာ ပြုံးပြလိုက်သည်။ ထိုသားနှစ်ယောက်အထဲမှ သားအကြီး ဒဿနသည် သျှံဓနနှင့် ချွတ်စွတ်တူသူပင်ဖြစ်သည်။ သို့သော်… ဒဿနသည် အဖေဖြစ်သူနှင့် စိတ်ဓာတ်ရေးရာချင်းမှာတော့ မတူပါ။ သျှံဓန၏ စိတ်ပိုင်းဆိုင်ရာများ၊ သျှံဓန၏ အတွေးအခေါ်၊ အယူအဆများ၊ သျှံဓန၏ ကြိုက်နှစ်သက်တတ်သည့် အရာများ၊ နောက်ဆုံး သျှံဓနကဲ့သို့ အတ္တဆန်သည့် စိတ်ဓာတ်မျိုးကို အမွေဆက်ခံသူမှာ သားအငယ် မင်းမာန ဖြစ်၏။ သားနှစ်ယောက်မှာ ဆယ်မိနစ်ခန့်သာ ကွာခြားသည့် အမွှာကလေးများဖြစ်ကြသော်လည်း ရုပ်ရည်နှင့် စိတ်ဓာတ်ကလေးများသည်တော့ မတူညီကြပါ။
“ဟုတ်ကဲ့ ဖေဖေ၊ အဆင်သင့်ပဲ”
မင်းမာနသည် ရွှင်မြူးသွက်လက်စွာနှင့် သျှံဓန၏ အမေးကို ဖြေလိုက်သည်။ ဒဿနမှာတော့ တစ်စုံတစ်ခုကို အလိုမကျသည့်ဟန်နှင့် မျက်နှာကလေး ပျက်လျက်ရှိပါသည်။ သျှံဓနသည် အဖေဖြစ်သူပီပီ သားကြီး၏ မျက်နှာကို မြင်လိုက်ရသည်နှင့် ဘာကို စိတ်ဘဝင်မကျဖြစ်နေသည်ဆိုတာကို ခန့်မှန်းတွက်ချက်နိုင်သူ ဖြစ်၏။
“သားကြီး… မျက်နှာလေးက ပြုံးထားမှပေါ့ကွာ။ သားငယ်ကိုကြည့်စမ်း။ ဘယ်လောက်တောင် ပြုံးရွှင်မြူးကြွနေသလဲ…”
“သားမှ ဒီလို လူတွေအများကြီးနဲ့ ညစာမစားတတ်တာ။ ဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေ သား မကြိုက်တာ ဖေဖေလဲ သိသားနဲ့”
“အိုး… မကြိုက်တတ်လို့ ဘယ်ဖြစ်မလဲကွ။ မကြိုက်တတ်လဲ ကြိုက်တတ်အောင် လေ့ကျင့်ထားရမယ် သား၊ မင်းဟာ သျှံဓနရဲ့ သားတစ်ယောက် ဖြစ်နေတဲ့အတွက် ဒီလို ညစာစားပွဲမျိုး မကြာခဏဆိုသလို တက်ရမှာပဲ။ ဖေဖေ့သားဖြစ်နေတဲ့အတွက် ဂုဏ်ပြုခံရတဲ့ စားပွဲမျိုးကို သားလည်း သဘောကျပေးရမယ်။ အရင်ကတော့ ဖေဖေက သားတို့ ငယ်သေးလို့ ပွဲမထုတ်သေးတာ။ အခုတော့ ဖေဖေ့သားတွေဟာ ပွဲထုတ်သင့်တဲ့ အရွယ်ကို ရောက်နေပြီလို့ ဖေဖေ ယူဆတယ် သား။ ဒီတော့ ရှေ့ရှောက် ဒီလိုပွဲမျိုး မကြာခဏ ကြုံနေရမှာပဲ။ ကြာရင် သားကြီးလဲ နေသားကျသွားမှာပါ…”
ဒဿနက စိတ်ရှုပ်ထွေးစွာ သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ သျှံဓနကတော့ သားကြီးအဖြစ်ကိုကြည့်ရင်း သဘောကျစွာ ပြုံးမိတော့သည်။
“မာနကတော့ ဒီလိုပွဲမျိုး ကြိုက်တယ် ဖေဖေ။ နာမည်ကိုက ဂုဏ်ပြုညစာစားပွဲတဲ့လေ။ ဘယ်လောက်တောင် ဂုဏ်ရှိသလဲ။ ဘယ်လောက်တောင် ဂုဏ်ယူဝံ့ကြွားစရာ ကောင်းလိုက်သလဲ။ သားကတော့ ပျော်တယ် ဖေဖေ။ ဖေဖေ့ကိုလည်း အရမ်း လေးစားအားကျတယ်။ Congratulations ပါ ဖေဖေ”
“အိုး…ရက်စ်…။ ဒါမှ ဖေ့သားငယ်ကွ”
သျှံဓနက လက်သီးတစ်လုံးကို လေထဲသို့ ထိုးမြှောက်လိုက်သည်။ ဒဿနကတော့ ဒီသားအဖနှစ်ယောက် နိုင်ကိုမနိုင်ဘူး ဆိုသည့် သဘောမျိုးနှင့် ရယ်မောကာ ခေါင်းကို ရမ်းနေတော့သည်။
“ကဲ…ဖေဖေတို့ ဆင်းသင့်ပြီနော်။ သူများတွေ စောင့်နေကြပြီ”
“စောင့်ပါစေပေါ့ ဖေဖေကလည်း။ သားတို့က ဒီပွဲရဲ့ အဓိက ဇာတ်ဆောင်တွေပဲလေ။ စောင့်ရမှာပေါ့။ သားကတော့ သူတို့ အဲ့လို စောင့်ပေးနေရတာကို သိပ်သဘောကျတာပဲ”
သားငယ် မင်းမာန၏ စကားကို သျှံဓနက သဘောကျအားရစွာ ခေါင်းညိတ်လိုက်၏။ အငယ်ဆုံး သားလေးက သူနဲ့ ရုပ်ချင်းသာ မဆင်တယ်။ စိတ်ဓာတ်ချင်းကတော့ တစ်ပုံစံထဲပါလား။
သားကြီးဖြစ်သူ ဒဿနကတော့ ဘာမှဝင်မပြောဘဲ ခေါင်းငုံ့၍သာ နှုတ်ဆိတ်နေသည်။
သျှံဓနတို့ သားအဖသုံးယောက် ခြံထဲသို့ဆင်းကာ စားပွဲဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားလိုက်သည်။ သူတို့ကို မြင်လိုက်သည်နှင့် တချို့က မတ်တပ်ရပ်၍ ကြိုဆိုကြသည်။ တချို့ကတော့ ထိုင်ရာမှ မထဘဲ တစ်ချက်မေးဆတ်၍ ပြုံးရွှင်စွာ ကြိုဆိုသည်။
“ကဲ… အားလုံးပဲ စောင့်နေပေးတဲ့အတွက် ကျေးဇူးနော်”
“မဟုတ်တာဗျာ။ ကျေးဇူးတွေ ဘာတွေ မလိုပါဘူး ဦးသျှံဓနရယ်။ ကျွန်တော်တို့က ဦးသျှံဓနရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခွင့်ရတာကိုပဲ ဂုဏ်ယူနေပါပြီ”
သျှံဓနက လှပသေသပ်စွာ တစ်ချက်ပြုံးလိုက်သည်။
“ဒီတစ်ခါ နေပြည်တော်ကျောက်မျက်ရတနာပြပွဲမှာလည်း ဦးသျှံဓန ကုမ္ပဏီရဲ့ ကျောက်စိမ်းတွဲတွေက အမြင့်ဆုံးဈေးနဲ့ ရောင်းထွက်သွားတယ်။ ပြီးတော့… ဖားကန့်မှာလည်း နောက်ထပ် လုပ်ကွက်အသစ်တွေကို ကိုသျှံဓနတို့ ကုမ္ပဏီကပဲ တင်ဒါအောင်သွားတယ်လေဗျာ။ ဒီတော့ ဒီလောက် မင်္ဂလာရှိတဲ့ ဂုဏ်ပြုပွဲမျိုးမှ မတက်ရင် ဘယ်ပွဲတက်ရပါ့မလဲဗျာ”
စားပွဲဝိုင်းတွင် ထောက်ခံသံများ၊ ရယ်မောသံများနှင့် ညံစီသွားသည်။ သျှံဓနသည် မြှောက်ပင့်ချီးမွှမ်းသံများကို ယစ်မူးသာယာစွာ ပြုံးရွှင်ခံယူနေလျက် သူ၏ ဘယ်ဘက်ခြမ်းရှိ ဦးဇေယျရှိရာဆီသို့ ဖျက်ခနဲ ကြည့်လိုက်သည်။ ဦးဇေယျ၏ နှုတ်ခမ်းများသည် အများနည်းတူ ကော့ညွတ်လျက် ပြုံးနေသော်လည်း ထိုလူ၏ မျက်ဝန်းများမှာ အနည်းငယ်လေးမှ ပြုံးရွှင်မနေသည်ကို သျှံဓန ကျေနပ်စွာ သိမြင်လိုက်ရသည်။
ဦးလို့သာ တပ်ခေါ်နေတာ…တကယ်တော့ ဇေယျသည် သျှံဓနထက် အလွန်ဆုံးကြီးလျှင် (၅)နှစ်၊ (၆)နှစ်ပေါ့လေ။ ဦးဇေယျသည် သျှံဓနကို ကြိတ်၍ ပြိုင်ဆိုင်ချင်သူဖြစ်ကြောင်း သျှံဓန သိနေသည်။ စီးပွားပြိုင်ဘက်ဆိုလည်း မမှား။ အခု သျှံဓန တင်ဒါအောင်သည့် ဖားကန့်မှ လုပ်ကွက်များကိုလည်း ဇေယျ၏ ဇေယျသိဒ္ဓိ ကျောက်မျက်ကုမ္ပဏီကို ကျော်ဖြတ်အနိုင်ယူ၍ အောင်မြင်ခဲ့ခြင်းဖြစ်၏။ ဒါကြောင့်ပဲ ဇေယျမှာ မျက်နှာအနေအထားကို ထိန်းသိမ်း၍ ဟန်လုပ်ရယ်မောနေရခြင်း ဖြစ်သည်။
“ဒါကြောင့်မို့ပဲ သျှံဓနဆိုတဲ့ ကျွန်တော်ကလည်း ဖိတ်ကြားသင့်၊ ဖိတ်ကြားထိုက်တဲ့ သူတွေကိုပဲ သေသေချာချာစီစစ်ရွေးချယ်ပြီး ဖိတ်တာပါဗျာ။ မဟုတ်ဘူးလား…ဦးဇေယျ”
ဇေယျသည် မထင်မှတ်သည့်အချိန်တွင် သူ့ကိုရည်ရွယ်ပစ်ခွင်းလိုက်သည့် သျှံဓန၏ စကားတစ်ခွန်းကြောင့် မျက်နှာကွက်ခနဲ ပျက်ယွင်းသွားသော်လည်း အချိန်မီပြန်လည် ပြုပြင်ထိန်းသိမ်းကာ အချိုရွှင်ဆုံးဖြစ်အောင် ပြုံးထားလိုက်သည်။ ဒါကိုလည်း သျှံဓနသည် လူရိပ်လူကဲပါးနပ်သူပီပီ အထင်အရှား သိမြင်လိုက်ရပါသည်။
“ဒါပေါ့ဗျာ…၊ ဟုတ်တာပေါ့ ကိုသျှံဓနရဲ့။ ဒါကြောင့်ပဲ ကျွန်တော်တို့ကလည်း ကိုသျှံဓနရဲ့ အောင်ပွဲကို တက်ခွင့်ပေးတာကိုပဲ ပီတိဖြာနေရတာပေါ့ဗျာ”
ဦးဇေယျ၏ စကားကို သျှံဓန အားရကျေနပ်စွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“အားလုံးနဲ့ ကျွန်တော့်သားတွေကို မိတ်ဆက်ပေးရဦးမယ်။ အရင်ကတော့ သားတွေကို ငယ်သေးလို့ ပွဲမထုတ်သေးတာ။ အခု ကလေးတွေက ဆယ်တန်းလဲ တက်နေပြီ။ မကြာခင်မှာလည်း ဆယ်တန်းဖြေပြီးတာနဲ့ သားတွေကို ကျောက်စိမ်းလောကထဲကို ဆွဲခေါ်တော့မယ်လို့ စိတ်ကူးထားတယ်။ ဒါကြောင့် အခုကတည်းက သားတွေကို အားလုံးနဲ့ မိတ်ဆက်ပေးလိုက်တော့မယ်…”
သျှံဓန သားနှစ်ယောက်ဆီသို့ အကြည့်လွှဲကာ အကဲခတ်လိုက်သည်။ သားငယ် မင်းမာနကတော့ ဝံ့ကြွားသောဟန်အပြည့်နှင့် ခေါင်းကို မော့ချီလျက်ရှိသည်။ သားကြီး ဒဿနသည်တော့ ခေါင်းကို ငိုက်စိုက်လျက် မြက်ခင်းစိမ်းကို ငုံ့ကြည့်လျက်ရှိသည်။ သျှံဓနသည် ဧည့်သည်တွေ မမြင်အောင် စားပွဲအောက်မှ ညာဘက်ခြေထောက်ဖြင့် သားကြီးဖြစ်သူကို လှမ်းတို့၍ သတိပေးလိုက်သည်။ ဒီတော့မှ ဒဿနသည် ဖျက်ခနဲ ခေါင်းမော့လျက် ဟန်လုပ်ပြုံးထားတော့သည်။
“ဒါကတော့ ကျွန်တော့်သားအကြီး… ဒဿန တဲ့”
ဒဿနသည် မတ်တပ်ထရပ်ကာ ဧည့်သည်များကို ဦးညွတ်လျက် လေးလေးစားစား ဂါရဝပြု၏။ ပြီးမှ အားလုံးကို တစ်ချက် ဖော်ရွေပျူငှာစွာ ပြုံးပြလိုက်ကာ နှုတ်ဆက်လိုက်သည်။ လိုအပ်သည်ထက် ပိုနေသည့် သားကြီး၏ နှုတ်ဆက်မှုကို သျှံဓန စိတ်အလိုမကျဖြစ်သွားကာ နှုတ်ခမ်းတစ်ချက် မဲ့လိုက်သည်။
“ဒါကတော့ ကျွန်တော့် သားအငယ် မင်းမာန “
သူ့နာမည်အခေါ်တွင် မင်းမာနသည် ခေါင်းကို ခုနကထက် တစ်ဆင့်ထပ်မော့ကာ နှုတ်ခမ်းကလေး လှုပ်ရှားသွားရုံ ပြုံးပြကာ ခေါင်းတစ်ချက် ညိတ်လေ၏။ သားငယ်၏ နှုတ်ဆက်ပုံကို သျှံဓန သဘောကျစွာ ပြုံးလိုက်သည်။ ဒီလောက်ဆို ရပြီပဲ။ မတ်တပ်ရပ်ပြီး ဂါရဝပြုနေစရာမှ မလိုအပ်ဘဲ။ ကိုယ်က သူတို့အားလုံးရဲ့ အပေါ်စီးက လူ။ ဘယ်သူ့ကိုမှ ဦးညွတ်စရာ မလိုဘူး။ ဒါတွေကို သားကြီးနားလည်အောင် သင်ပေးရဦးမည်။
“သားနှစ်ယောက်စလုံးက အချောအလှတွေပါလားရှင်။ ကိုသျှံဓနတော့ မျက်နှာပွင့်ရချည်ရဲ့။ ကျွန်မ အိမ်မှာ သမီးရှိလို့ကတော့ ဦးသျှံဓနသားတွေနဲ့ ပေးစားလိုက်ချင်တာပါပဲ…”
“အင်း…ကျွန်တော်မှာ စီးပွားရေးထက် ဒီသားနှစ်ယောက်ရဲ့ အိမ်ထောင်ရေးကိုပဲ ခေါင်းစားနေရတယ်ဗျာ။ နောက်ထပ် ကုမ္ပဏီ ဆယ်ခုလောက် ကောက်ထောင်လိုက်ရင်တောင် ကျွန်တော့်အတွက် စာဖွဲ့မှာမဟုတ်ဘူး။ သားနှစ်ယောက်ရဲ့ အိမ်ထောင်ဖက်အတွက်တော့ ကျွန်တော် သိပ်ခက်ခဲရမယ်ထင်တယ်။ တော်ရုံတန်ရုံ မိန်းကလေးတွေကိုလည်း ကျွန်တော့်သားတွေရဲ့ အိမ်ထောင်ဖက်အနေနဲ့ မျက်စိမတွေ့ဘူးဆိုတော့လေ… လောကကြီးမှာ ကျွန်တော့်သားတွေနဲ့ လိုက်ဖက်ညီတဲ့ မိန်းကလေးတွေ မမွေးသေးဘူး ထင်ပါရဲ့ဗျာ…”
သျှံဓနသည် သူ့စကားသူ သဘောကျစွာ ရယ်မောလိုက်၍ အားလုံးသည်လည်း အလိုက်သင့် လိုက်ပါရယ်မောကြတော့သည်။ ခုနက သမီးတွေရှိရင် ပေးစားချင်သည် ဆိုသည့် အမျိုးသမီးမှာတော့ ဟန်ပင်မဆောင်နိုင်ဘဲ မျက်နှာကွက်ခနဲ ပျက်သွားလေ၏။
“ကဲ…ကဲ… အားလုံးပဲ ဗိုက်ဆာနေရောပေါ့နော်။ စလိုက်ကြရအောင်…”
စားပွဲပေါ်မှ အဆင်သင့်ထည့်ထားပြီးဖြစ်သော ဝိုင်ခွက်တို့ကို အားလုံးပြိုင်တူ ကိုင်မြှောက်လိုက်ကြသည်။
“ကိုသျှံဓနရဲ့ အဆုံးမသတ်နိုင်တဲ့ အောင်မြင်မှုတွေအတွက် Cheers!!! “
သျှံဓနသည် ပြုံးရွှင်မြူးကြွစွာဖြင့် ဝိုက်ခွက်ကို လေထဲသို့ အနည်းငယ်မြှောက်ပင့်၍ ဝိုင်တို့ကို တစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။ ထို့နောက် စားပွဲဝိုင်းကလေးသည် ဇွန်းခက်ရင်းတို့၏ ပွတ်တိုက်သံများဖြင့် ဆူညံလှုပ်ရှားလာသည်။
တင်းတောင်
ရုတ်တရက် ထွက်ပေါ်လာသည့် ခြံတံခါးဝမှ လူခေါ်ခေါင်းလောင်း၏ အသံကြောင့် စားပွဲဝိုင်းလေးသည် တိတ်ဆိတ်သွားသည်။ မြက်ခင်းပြင်၏ ထောင့်စွန်းနားကပ်၍ ရပ်နေသည့် ခြံစောင့်သည် ခြံတံခါးဝဆီသို့ လွှားခနဲ ပြေးသွား၏။ ထို့နောက် လက်ထဲတွင် သုံးပေပတ်လည်ခန့်ရှိမည့် စက္ကူစဖြင့် ပတ်ကာ အပေါ်မှ ဖဲကြိုးနီတစ်ပွင့်တပ်ထားသည့် ပစ္စည်းတစ်ခုကို ကိုင်ဆောင်ကာ သျှံဓနဆီသို့ ဦးတည်၍ လျှောက်လှမ်းလာသည်။ အားလုံးကလည်း စားလက်စကို မေ့လျော့၍ ခြံစောင့်ကိုင်ထားသည့် ပစ္စည်းအကြောင်းကို စိတ်ဝင်စားနေကြ၏။
“ဆရာ… ဆရာ့ကို ဂုဏ်ပြုလက်ဆောင် ပို့ခိုင်းလိုက်လို့ လာပို့ပေးတာပါတဲ့”
“ဘယ်သူတဲ့လဲ…”
“နာမည်ပြောမသွားဘူး ဆရာ”
“ဟ!!! မင်းကလည်း ဘယ်သူပို့တာလဲ မသိဘဲ လက်ခံလိုက်ရသလားကွ!!!”
သျှံဓန မျက်ခုံးနှစ်ခုတို့ကို ထိကပ်မတတ် မျက်မှောင်ကြုံ့ကာ စဉ်းစားကြည့်လိုက်သည်။ ဘယ်သူများ ဖြစ်နိုင်မလဲ။
“ကိုသျှံဓန ဖွင့်ကြည့်လိုက်လေ။ ထုပ်ပိုးထားတာကတော့ သပ်သပ်ရပ်ရပ်ကလေးဆိုတော့ ကိုသျှံဓနကို လေးလေးစားစား ပို့လိုက်တာဖြစ်မှာပါ။ ကျွန်တော်တို့လည်း စိတ်ဝင်စားတယ်ဗျာ…”
“ဟုတ်သားပဲ ကိုသျှံဓနရဲ့။ ဖွင့်ကြည့်လိုက်ပါနော်။ အတူတူ ရင်ခုန်ရအောင်…”
အားလုံး၏ စကားများသည် သျှံဓန၏ စိတ်တို့ကို ရှုပ်ထွေးစေသည်။ ဘာမှစဉ်းစား၍ မရသည့်အဆုံး အားလုံး၏ တောင်းဆိုမှုအတိုင်း ခြံစောင့် ကိုင်ပေးထားသည့် ပစ္စည်းကို ချည်နှောင်ရစ်ပတ်ထားသည့် ဖဲကြိုးအား ဆွဲဖြည်လိုက်သည်။ အပေါ်မှ အုပ်ကာထားသည့် စက္ကူတို့ကို ဖြဲစုတ်ပြီးချိန်မှာတော့ သျှံဓနသည် ထိုပစ္စည်းအား အံ့ဩမင်သက်စွာ စိုက်၍ ကြည့်နေမိတော့သည်။
“ဟာ… ပန်းချီကားချပ်ကြီး။ လှလိုက်တာဟယ်…”
“အေးဗျာ…တော်တော် လှတဲ့ ပန်းချီကားပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဆွဲဆောင်နိုင်တယ်”
“အရောင်သုံးထားတာလေးက ရိုးရိုးရှင်းရှင်းနဲ့ လှနေရော။ အဖြူခံပေါ်မှာ အနီရောင်တွေက ထင်းပြီး ကြွရွနေတာပဲ”
အားလုံး၏ အာရုံများသည် ထိုပန်းချီကားဆီသို့ ကျရောက်နေချိန်တွင် သျှံဓနသည် ပျက်ယွင်းသွားသည့် သူ၏ မျက်နှာအမူအယာများကို ကြိုးစားပြုပြင်လိုက်သည်။ ထို့နောက် ဟန်မပျက် ပြုံးကာ ထိုပန်းချီကားကို သူ့အခန်းထဲသို့ သွားထည့်ထားရန် ခြံစောင့်ကို ညွှန်ကြားလိုက်သည်။
“ကဲ… အားလုံးပဲ ဘာမဟုတ်တဲ့ ပန်းချီကားအတွက်နဲ့ အစားအသောက်ပျက်ရပြီ။ ဆက်စားကြပါ…”
“ဒါနဲ့ ပန်ချီကားရဲ့ အောက်ခြေမှာ ဦးသျှံဓန အတွက် ဖယောင်းရဲ့ အမှတ်တရ လက်ဆောင်တဲ့။ ဖယောင်းဆိုတာ ဘယ်သူလဲဗျ။ ကျွန်တော်တို့ ကျောက်လောကမှာတော့ ဒီလိုနာမည် မကြားဖူးဘူးလားလို့…”
သျှံဓနကို အကဲခတ်သလိုလေး မှန်းဆဆကြည့်ကာ မေးခွန်းထုတ်လိုက်သည့် ဦးဇေယျကို သျှံဓန စူးစိုက်ကာ ကြည့်ရင်း ပြုံးပြလိုက်ရသည်။
“အိုး… ဦးဇေယျက သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို သိပ်စပ်စုတက်လိမ့်မယ်လို့ မထင်ထားဘူးဗျာ…”
သျှံဓန၏ ထိုးနှက်ချက်ကြောင့် ဦးဇေယျ ရှက်သွားကာ ဟန်ဆောင်ရယ်မောတော့သည်။
“ကျွန်မဖြင့် ခုနက နှင်းဆီပန်းပုံ ပန်းချီကားကြီးကို သိပ်သဘောကျတော့တာပဲ။ သိပ်လက်ရာမြောက်တာပဲ။ ပန်းချီကားတွေအကြောင်း စိတ်မဝင်စားတဲ့ ကျွန်မတောင် ခုနက ပန်းချီကားအကြောင်း သိချင်မိတယ်။ ဘာလို့လဲတော့ မသိဘူး။ အဲ့ပန်းချီကားရဲ့ နောက်ကွယ်မှာ မြှုပ်နှံသိမ်းဖွက်ထားတဲ့ ဇာတ်လမ်းတွေ ရှိနေတယ်လို့ ကျွန်မ ခံစားနေရတယ်…”
“ဟုတ်ပါရဲ့…။ ကျွန်တော်ဆိုလည်း ပန်းချီကားကို စိုက်ကြည့်နေရင်း ဖြန်းခနဲ ကြက်သီးတွေ ထသွားသေးတာ…။ ဘာလို့လဲ မသိ…”
“အို…အဲ့ဒါတော့…ရှင် အပေါ့သွားချင်လို့နေမှာပေါ့…”
စားပွဲအတွင်း ရယ်သံများဖြင့် လှိုက်ခနဲ ဆူညံသွားသည်။ သျှံဓန၏ ရင်ထဲမှာတော့ ထိုပန်းချီကားနှင့် ပတ်သတ်၍ ထပ်မပြောကြဖို့ အော်ဟစ်ပေါက်ကွဲနေမိတော့သည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
🌹 ခက်ဆစ် 🌹