book

Index 8

Chapter - 6

၂၀၁၆ခုနှစ်၊ မန္တလေး။


“မေမေ… မေမေ…

အား… ကယ်ပါဦး…..”


အိပ်ရာပေါ်တွင် ခြေဆန့်လက်ဆန့်လျက် ရုန်းကန်အော်ဟစ်ရင်း လန့်နိုးလာခဲ့သည်။ မျက်လွှာတို့သည်  ကြောက်လန့်တကြား ဖျက်ခနဲ ပွင့်ဟလာသည်။ ထိုအချိန်မှသာ အိပ်မက်မက်နေခဲ့မှန်း သူ သတိပြုမိသွားသည်။ နံရံပေါ်မှ စက္ကန့်လက်တံ၏ တချက်ချက်မြည်သံနှင့်အတူ စည်းချက်ကျကျ လှုပ်ရှားနေသည့် တိုင်ကပ်နာရီလေးကို သူ လှမ်းကြည့်လိုက်၏။ အချိန်မှာ မနက် (၇)နာရီနှင့် (၁၅)မိနစ်။


အိပ်မက်‌ဆိုးများမှ သူ အခုချိန်ထိ မရုန်းထွက်နိုင်သေးပါ။ အိပ်မက်ဆိုးများသည် လက်ရှိအချိန်ထိ သူ့ကို ခြောက်လှန့်လှုပ်နှိုးနေဆဲဖြစ်၏။ အခုလို အိပ်မက်ဆိုးတွေ မက်နေခဲ့တာ ဒီနှစ်နဲ့ဆို (၆)နှစ်နီးပါး ကြာမြင့်ခဲ့ပြီလေ။ အိပ်ရာထက်မှ လူးလွင့်ကာ ထလိုက်ပြီး ညအိပ်အဝတ်အစားများကို ချွတ်ချလျက် ရေချိုးခန်းထဲသို့ ဝင်လာလိုက်သည်။ ရေပန်းခလုပ်ကို ဖွင့်လိုက်ချိန်တွင် ဖြောခနဲ ကျလာသည့် ရေမှုန်များ၏ အေးစက်စက် အထိအတွေ့ကြောင့် သူ တစ်ချက် တွန့်သွားသည်။ ရေပန်းတွင် ရေပူစနစ်ပါဝင်သော်လည်း သူ မသုံးဖြစ်ပါ။ အေးမြသည့် ရေမှုန်များ၏ အရသာကိုသာ သူ နှစ်သက်သည်။ ထိုအေးမြမှုသည် သူ၏ အေးစက်လျက်ရှိသော နှလုံးသားကို ပို၍ အေးစက်မာကျောအောင် ကူညီထောက်ပံ့ပေးနိုင်လိမ့်မည်ဟု သူ ယူဆသည်။ 


ရေချိုးခန်း၏ နံရံတွင် ကပ်ထားသည့် ကိုယ်လုံးပေါ်မှန်ကြီး၏ မျက်နှာပြင်၌ ထင်ဟပ်နေသည့် ရေမှုန်များကြားမှ သူ့ပုံရိပ်ကိုသူ အကဲခတ်လိုက်သည်။ မှန်ထဲမှ ခံစားချက်မရှိသောသူတစ်ယောက်လို ထုံပေပေ မျက်နှာပေးနှင့် မျက်နှာပြင်တစ်ခုကို သူ တွေ့မြင်လိုက်ရသည်။ ပါးရိုးများက ရှည်လျားသွယ်ဆင်းသောကြောင့် မျက်နှာမှာ သွယ်သည်။ မျက်ခုံးများက မထူထဲသည့်တိုင်အောင် မပါးမလျ အနေ‌အထားနှင့် တိကျသေသပ်သည်။ နှာတံကလေးသည် သွယ်လျသော ပါးရိုးများနှင့် လိုက်ဖက်ညီအောင် ရှည်လျားဖြောင့်စင်း၏။ သူ၏ မျက်နှာပြင်တွင် သူ၏မျက်လုံးများကို သူ အနှစ်သက်ဆုံးဖြစ်သည်။ သူ၏ ရင်တွင်းမှ ခံစားချက်များကို မပေါ်လွင်အောင် ဖုံးကွယ်သိုဝှက်ထားပေးနိုင်သည့် လျှို့ဝှက်နက်ရှိုင်းသော မျက်ဝန်းများဖြစ်သည်။


နဖူးပေါ်ဝဲ၍ ကပ်နေသည့် ရေစိုနေသော ဆံပင်များကို သူ့လက်ချောင်းများနှင့် အနောက်သို့ ပင့်၍ တင်လိုက်သောအခါ သူ့စိတ်ကို ပို၍ ကျေနပ်နှစ်သိမ့်စေသည်။ ဆံပင်များ နဖူးပေါ်ဝဲကျနေလျှင် သူ၏ မျက်နှာသည် နုနယ်သည့် ခပ်ပျော့ပျော့ကောင်လေးတစ်ဦးအသွင် ဖြစ်သွားသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် သူသည် ဆံပင်များကို နဖူးပေါ် ဖုံးမနေစေရန် အမြဲတမ်း အနောက်သို့ လှန်ထား၍ ပုံသွင်းလေ့ရှိသည်။


နှစ်တွေ အများကြီး ကုန်လွန်ကုန်ဆုံးခဲ့တာတောင် သူ့မျက်နှာသည် အရင်ကလို နုနယ်‌မြဲဖြစ်သည်။ နူးညံ့ရိပ်တို့ လွှမ်းခြုံထားဆဲဖြစ်၏။ ထိုနုနယ်နူးညံ့မှုတို့ကို သူ မကြိုက်ပါ။ ထို့ကြောင့် နူးညံ့ပျော့ပြောင်းသည့် သွင်ပြင်ကို ပြောင်းလဲပစ်ဖို့ သူ အစွမ်းကုန် အားထုတ်ကြိုးပမ်းခဲ့ရသည်ကို သူသာလျှင် အသိဆုံးဖြစ်ပါသည်။ သို့သော် မေမေ မွေးပေးကတည်းက နူးညံ့ပျော့ပြောင်းသည့် သူ့ပုံစံကို ဘယ်လောက်ပဲ ကြိုးစားဖျောက်ဖျောက် အနည်းငယ်တော့ ကျန်ရှိနေသေးသည်ဟု သူကိုယ်တိုင် ဝန်ခံအသိအမှတ်ပြုရသည်။


မေမေရယ်…၊ ဘာလို့ သားကို နူးညံ့ပျော့ပြောင်းတဲ့ သူတစ်ဦး အနေနဲ့ မွေးဖွားပေးခဲ့ရသလဲ။ 


“‌သားကလေးဟာလေ မွေးကတည်းက ဖယောင်းတုံးလေးလိုပဲ။ အသားအရည်လေးက ဖွေးဥဥ၊ မျက်နှာလေးက ခပ်ရှည်ရှည်၊ လက်ချောင်းခြေချောင်းလေးတွေများ သွယ်လိုက်ပုံများ မိန်းကလေးလက်တောင် အရှုံးပေးရမယ်။ ဒါကြောင့်ပဲ မေမေက ဖယောင်းလို့ နာမည်ပေးခဲ့တာပေါ့ သားလေးရယ်”


မေမေ့၏ စကားသံတချို့သည် သူ့နားထဲ ရုတ်တရက် ဖြတ်ပြေးသွားသည်။ သူ ခေါင်းကို ဆက်ခနဲ ခါရမ်းလိုက်ကာ မေမေ့စကားတို့ကို မေ့ဖျောက်လိုက်သည်။ 


ဟင့်အင်း…မေမေ။ ကျွန်တော် မနူးညံ့ချင်ဘူး။ နူးညံ့တယ်ဆိုတာ ပျော့ညံ့တယ်ဆိုတဲ့ စကားကို ကြားကောင်းအောင် အလှဆင်လိုက်တဲ့ စကားလုံးမျိုးမဟုတ်လား။ ကျွန်တော် ခပ်ပျော့ပျော့ လူတစ်ယောက် မဖြစ်ချင်ဘူး မေမေ။ ကျွန်တော် ဖယောင်းမဟုတ်ဘူး။ ကျွန်တော်ဟာ မာကျောတင်းတောင့်ပြီး အလွယ်တကူ မဖျက်ဆီး မချိုးဖဲ့နိုင်တဲ့ သံမဏိ။ ကျွန်တော့် နာမည် သံမဏိပါ မေမေ။


မှန်ထဲမှ သူ့ပုံရိပ်သူ တွေတွေစိုက်ကြည့်နေရာမှ ခေါင်းကို ဗြုန်းခနဲ ခါရမ်းလိုက်၍ ဆံပင်များတွင် ကပ်ခိုနေသော ရေစက်များသည် ရေချိုးခန်း၏ ကြွေပြားနံရံများရှိရာ လွင့်စင်သွားသည်။ ရေပန်းခလုတ်ကို ပိတ်လိုက်ပြီး သူ တဘတ်တစ်ထည်ကို ယူပတ်လျက် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ အခန်းတစ်ခုသည် သူ့ခြေလှမ်းများကို ညှို့ယူခေါ်ဆောင်နေသလို ထိုအခန်းရှိရာဘက်သို့ သူ ထွက်လာလိုက်သည်။ အိပ်မက်ဆိုးတွေနဲ့ နိုးထလာရသည့် နေ့ရက်တွေတိုင်းမှာ သူ ဒီအခန်းထဲသို့ ဝင်လိုက်ရမှ သူ့စိတ်တွေ နေသာထိုင်သာ ရှိသွားသလို သူ ခံစားရသည်။ 


တံခါးကို ဖွင့်လျက် အခန်းထဲသို့ ဝင်လိုက်သည်နှင့် နှင်းဆီပန်းရနံ့သင်းသင်းများက သူ့ကို ဆီးကြိုနှုတ်ဆက်လိုက်သည်။ နောက်ဆုံးတစ်ခေါက် ဒီအခန်းထဲ သူ ရောက်ဖြစ်တုန်းက ဖြန်းထားခဲ့သည့် Air Freshener ၏ ရနံ့သည် အခုထက်ထိ စွဲထင်ကျန်ရစ်နေသေးသည်။ နှင်းဆီရနံ့ air freshener သည် ဒီအခန်းအတွက် သီးသန့်သုံးသည့် ရနံ့ဖြစ်၏။ အခန်း၏ နံရံများကို အိမ်သုပ်ဆေးအနီရောင်များ သုပ်ခြယ်ထားသည့်အပြင် အနီရောင်ဖဲသားလိုက်ကာစများ တပ်ဆင်ထား၍ တစ်ခန်းလုံး ချင်းချင်းနီနေတော့သည်။ နံရံမှ မီးခလုတ်ကို ဖိနှိပ်လိုက်သောအခါ တစ်ခန်းလုံး လင်းထိန်သွား‌၏။


အခန်းသည် စာ‌ရေးစားပွဲခုံတစ်လုံးနှင့် ထိုင်ခုံတစ်လုံးသာ ရှိနေ၍ ဘာပစ္စည်းမှမရှိဘဲ ရှင်းလင်းနေသလို ခံစားရသည်။ အခန်းဝင်ပေါက်၏ ဘယ်ဘက်ဘေး ထောင့်စွန်းကလေးမှာတော့ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။ ပန်းချီကားချပ်သည် အဖြူရောင် Drawing Paperအပေါ်တွင် အနီရောင်နှင်းဆီပွင့်ဖတ်တို့ ပျံ့ကြဲနေသည့် မြင်ကွင်းကို ရေးဆွဲထားခြင်းဖြစ်သည်။ ထိုပန်းချီကားချပ်၏ အရှေ့အရောက်တွင် သူ့ခြေလှမ်းများ တုံ့ဆိုင်းရပ်တန့်သွားသည်။ သူ၏ မျက်ဝန်းများသည် ထိုပန်းချီကားချပ်ကို စွဲမြဲစွာ စိုက်ကြည့်ကာ ငြိမ်သက်လျက်ရှိ၏။


လှပလတ်ဆတ်စွာ ပွင့်လန်းလျက်ရှိသည့် အနီရောင်နှင်း‌ဆီပန်းပွင့်ကြီး တစ်ပွင့်သည် အဖြူရောင်အောက်ခံပေါ်တွင် လဲကျနေသည်။ နှင်းဆီပန်း၏ ပွင့်ဖတ်နီနီတို့သည် နှင်းဆီပန်းပွင့်၏ အနီးတဝိုက်တွင် ပျံ့ကြဲနေသည်။ နှင်းဆီပန်းပွင့်ကြီး၏ အောက်တွင် အနီရောင်‌ ဆေးကွက်ငယ်တစ်ခုကို ထည့်သွင်းရေးဆွဲထားသည်။ ‌သေချာကြည့်လျှင် ထိုအနီရောင်ဆေးကွက်သည် သွေးအိုင်တစ်ခုကို ကိုယ်စားပြုပုံဖော်ထားကြောင်း သိနိုင်မည်ဖြစ်သည်။ ပန်းချီကားတစ်ချပ်လုံးကို ခြုံငုံ၍ ကြည့်လိုက်မည်ဆိုလျှင် သွေးအိုင်ကွက်ငယ်တစ်ခုအပေါ်မှာ လဲကျနေသည့် ပွင့်ဖတ်တချို့ ကြွေလျက်ရှိသော နှင်းဆီပန်းတစ်ပွင့်ကို ရှင်းလင်းတိကျစွာ မြင်တွေ့နိုင်သည်။


“ နှင်းဆီပန်းတွေကိုကြည့်စမ်း။ တစစီ ကြွေသွားပြီ တွေ့လား။ ဘာမှ ပြန်လုပ်လို့ မရနိုင်တော့ဘူး။ မင်းဘဝဟာလည်း အဲ့ဒီ နှင်းဆီပန်းတွေလိုပဲ။ ပျက်ဆီးကြေမွသွားပြီ။ ဘာမှ မတတ်နိုင်တော့ဘူး…”


ပန်းချီကားချပ်ကြီးကို ကြည့်တိုင်း အတိတ်က စကားတချို့သည် သူ့နားထဲတွင် တစ်ဖန်ပြန်လည် နိုးထလှုပ်ရှားလာသည်။ ထိုစကားသံတို့နှင့်အတူ သူ့ ရင်ထဲမှ အမုန်းတရားနှင့် နာကျည်းချက်တို့သည်လည်း ပို၍ ပြင်းထန်ခိုင်မာလာသည်။ ပန်းချီကားချပ်ဆီမှ အကြည့်တို့ကို ရုတ်သိမ်းလိုက်ပြီး စားပွဲခုံလေးရှိရာသို့ ခြေလှမ်းသွားလိုက်ကာ ထိုင်ခုံပေါ်တွင် ထိုင်လျက် စားပွဲခုံလေး၏ အံဆွဲငယ်အတွင်းမှ စာအိတ်အနီရောင်တစ်လုံးနှင့် ကဒ်တစ်ခုကို ထုတ်ယူလိုက်သည်။ 


ဒီတစ်ကဒ်က နောက်ဆုံးတစ်ကဒ်ပါလား။ ကဒ်တွေ ကုန်သွားပြန်ပြီ။


သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ထိုကဒ်‌ကလေးကို တခဏ ကြည့်လိုက်သေးသည်။ ထိုကဒ်ကလေးသည် နံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားပေါ်မှ နှင်းဆီပန်းပုံကို Postcard ကလေးတစ်ခုအရွယ်အစားဖြင့် ပြန်လည်ပြုပြင်ကူးထုတ်ထားခြင်းဖြစ်သည်။ ထိုကဒ်ကလေး၏ ညာဘက်ထောင့်စွန်း၏ နေရာလွတ်‌ကလေးတစ်ခုတွင် နာမည်တစ်ခုကို ကိုယ်စားပြုသည့် လက်မှတ်ကလေးတစ်ခုကို ရေးထိုးလျက် စာအိတ်အနီလေးအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် စာအိတ်နီကလေးပေါ် စာလုံးတစ်ချို့ကို အနက်ရောင်မှင်ဖြင့် ရေးသားလိုက်သည်။


သို့… ဦးသျှံဓန

(သျှံဓန ကျောက်မျက်ရတနာလုပ်ငန်း)

ဦးသျှံဓန… ကျုပ် ဘဝတစ်လျှောက်လုံးမှာ အိပ်မက်ဆိုးတွေနဲ့ နိုးထရှင်သန်လာခဲ့ရသလို ခင်ဗျားဘဝတစ်ခုလုံးလည်း ကြောက်ရွံစိုးထိတ်စိတ်တွေ၊ မလုံမလဲဖြစ်မှုတွေ၊ လိပ်ပြာမသန့်တဲ့ ခံစားချက်တွေနဲ့ ခင်ဗျား ကြောက်လန့်နေစေရမယ်။ ဒါကို ကျုပ် ဘဝနဲ့ရင်းပြီး သစ္စာပြုလိုက်မယ်… ဦးသျှံဓန။


သူ့နှလုံးသားမှ ဓားတစ်စင်းကဲ့သို့ ပြတ်သားစူးရှသည့် စကားတို့ကို ရေရွတ်ပြီးချိန်တွင် သူ့တစ်ကိုယ်လုံး ကြက်သီးများ ဖြန်းခနဲထလျက် သိမ့်ခါလှုပ်ရှားသွားတော့သည်။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ဒီနေ့အပိုင်းလေးက နည်းနည်းလေး တိုသွားလို့ ဆောရီးပါနော်။ နောက်အပိုင်းတွေကျ ပိုပြီး ရှည်ရှည်လေး ရေးပေးပါ့မယ် လို့။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့


                                               🌹 ခက်ဆစ် 🌹



rate now: