၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေခါရွာ။
”ရောက်ပြီ…ဆင်းဆင်း”
ရပ်ကွက်ထဲက အဒေါ်ကြီးတစ်ယောက်ရဲ့ ခပ်စူးစူး အသံကြောင့် ဖယောင်းစိတ်တွေ ဗြုန်းခနဲ ပြန်လည်သည်။ ကားလမ်းတစ်လျှောက်လုံး ဖယောင်း စိတ်တွေ ဘယ်ဆီရောက်လို့ ရောက်မှန်းမသိ။ အသိစိတ် ရှိတစ်ချက်၊ မရှိတစ်ချက်။ စိတ်ကလေး ပြန်ကပ်လာရင် ဖယောင်း မေမေ့ကို မေတ္တာပို့သည်။ မေမေ အန္တရာယ်ကင်းဖို့ ဘုရားမှာ ဆုတောင်းသည်။ ကားထဲမှာတော့ ရပ်ကွက်ထဲမှ လူတွေရဲ့ ငိုယိုသံတွေ၊ ဆုတောင်းသံတွေကို နားနဲ့ မဆံ့အောင် ကြားနေရသည်။ မကြာလိုက်ပါဘူး…ဖယောာင်းစိတ်တွေ ကားထဲ တိုးဝင်လာတဲ့ လေတွေနဲ့အတူ မျောပါသွားပြန်သည်။ ဘယ်လမ်းတွေကနေ ဘယ်လို ဒီအထိရောက်ခဲ့လဲဆိုတာ ဖယောင်း မသိနိုင်တဲ့ အထိ။
ရပ်ကွက် အခေါ်နဲ့ဆို ခွေးဘီလူးကားလေး၊ စာနဲ့ပေနဲ့ ပြောရမယ်ဆိုရင် mini light track ကားကလေးနဲ့ ရပ်ကွက်ထဲက လူတွေ ဆယ်ယောက်ကျော်လောက်တော့ ပါလာခဲ့၏။ အကုန်လုံးက မတူတဲ့ မိသားစုတွေက ဆိုသော်ငြားလည်း တူသည့်အချက်တစ်ခုကတော့ မှော်ထဲမှာ ရေမဆေးကျောက်ရှာနေသည့် မိသားစုဝင်တစ်ဦးကို မြေစာပုံပြိုတယ်ဆိုသည့် သတင်းကြောင့် စိတ်သောက အပူတွေနဲ့ မှော်ထဲအထိ လိုက်လာကြတဲ့ သူတွေ ဆိုတာပါပဲ။
ကားပိုင်ရှင်ဦးလေးကြီးလည်း ဘာထူးသေးလို့လဲ။ သူ့သားကလည်း မှော်ထဲမှာ ကျောက်ရှာနေတာပဲ။ အဲ့ဒါကြောင့် ဖယောင်းတို့ လမ်းခရီးစရိတ် မကုန်ဘဲ ဒီအထိ ရောက်လာနိုင်ခဲ့တာပေါ့။ ဖယောင်းတို့ နေတဲ့ ရပ်ကွက်ကနေ ဒီဖားကန့်၊ ဝှေခါရွာအထိဆိုရင် မောင်းလိုက်ရတဲ့ ခရီး၊ ပေးလိုက်ရမယ့် စရိတ်။ ဖယောင်းတို့ မနေ့ မနက်(၁၁)နာရီလောက်ကတည်းက ထွက်လာခဲ့တာ ဒီကို မနက် ခြောက်နာရီထိုးခါနီးမှ ရောက်တော့တာပဲကြည့်ပါတော့။
ကားပေါ်ကဆင်းလို့ မြေကြီးပေါ် ခြေချလိုက်တာနဲ့ ဖယောင်း မရင်းနှီးတဲ့ အနံ့အသက်တစ်မျိုးက ဖယောင်း နှာခေါင်းထဲ တိုးဝင်လာသည်။ ဖယောင်း ပတ်ဝန်းကျင်ကို ခေါင်းလေး လှည့်ပြီးကြည့်လိုက်တော့…အိုး… မြင်နေရတဲ့ မြေစာပုံတွေဆိုတာ တောင်ကြီးတွေကျလို့။ မြင့်မားလိုက်တာ။ ထုထည်ကြီးလိုက်တာ။ ဖယောင်း ခေါင်းလေးကိုတောင် မော့ပြီး ကြည့်ရတဲ့အထိ။ မေမေ ပြောပြောနေတဲ့ မြေစာပုံတွေတွေဆိုတာ ဒါမျိုးလား။ ဖယောင်း မြေစာပုံကြီးတွေကို တအံ့တဩ မော့ကြည့်နေမိသည်။
“မောင်လေး….အမကို ကူပါဦး”
ဖယောင်းကိုရည်ရွယ်ပုံရတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရလို့ ဖယောင်း ခေါင်းလေးကို ချာခနဲ လှည့်ကြည့်လိုက်တော့ ကားပေါ်ကဆင်းဖို့ ကြိုးစားနေသည့် အသက်(၃၀)ခန့် မိန်းမတစ်ဦးကို တွေ့လိုက်ရသည်။ သေချာကြည့်မိလိုက်မှ ထိုအစ်မမှာ မပေါ့မပါးကြီးနဲ့ ကိုယ်ဝန်လွယ်ထားရသည်ဆိုတာ ဖယောင်း သတိပြုလိုက်မိ၏။ သူ့ကို ချာခနဲ လှည့်ကြည့်တဲ့ ဖယောင်းကို ကိုယ်ဝန်သည်အစ်မက နှစ်လိုဖွယ်ရာ ပြုံးပြသည်။ ဒါပေမယ့် အစ်မရဲ့ အပြုံးက နွမ်းလျနေပါသည်။ အစ်မဆီကို သွားပြီး လက်တစ်ဖက် ဆွဲကိုင်ပေးလိုက်ရင်း ကားပေါ်က ဆင်းဖို့ ဖယောင်း ကူညီပေးလိုက်၏။
“ကျေးဇူးတင်ပါတယ် မောင်လေး”
“ရပါတယ် အစ်မ၊ ဒါနဲ့ ကိုယ်ဝန်က တော်တော်လရင့်နေပြီထင်တယ်နော်”
“ဟုတ်တယ်…မောင်လေး၊ နောက်လထဲဆို မွေးတော့မှာ”
အစ်မက ပြောရင်း အသံဖျားလေး နစ်ဝင်သွားပြီး မျက်ရည်လေးများ ဝဲလာခဲ့သည်။
“အစ်မကို ကျွန်တော် ရပ်ကွက်ထဲ မမြင်ဖူးဘူးနော်”
“အို…အစ်မက မောင်လေးတို့ရပ်ကွက်ထဲကမှ မဟုတ်ဘဲ။ လှေခွင်းတောင်နားက။ မောင်လေးတို့ ရပ်ကွက်ထဲက မခင်စောနဲ့ ဆွေမျိုးနီးစပ်တော်တယ်လေ။ သူ့အဆက်အသွယ်နဲ့ပဲ အစ်မ အမျိုးသားကို မှော်ထဲ လွှတ်…”
အစ်မက စကားမဆုံးသေးခင် အသံတိုးနစ်ဝင်သွားကာ မျက်ရည်စလေးများ ကျဆင်းလာခဲ့သည်။
“အိုး…မငိုပါနဲ့ အစ်မရယ်။ ကိုယ်လေးလက်ဝန်ကြီးနဲ့ မငိုရဘူး မဟုတ်လား”
အစ်မက ပါးပြင်ပေါ်က မျက်ရည်စများကို လက်ဖဝါးလေးနှင့် အသာအယာ သုပ်ပွတ်ကာ ဖယ်ရှားလိုက်သည်။
“မောင်လေးရော…ဘာလို့ ဒီကို လိုက်လာတာလဲ”
“ကျွန်တော့် မေမေ ဒီမှာ အလုပ်လုပ်လို့ပါ”
“အို…ဖြစ်မှဖြစ်ရလေ ကလေးရယ်။ မောင်လေး အမေ သတင်းက ဘယ်လိုတဲ့လဲ”
“မေမေ ပျောက်နေတယ်တဲ့ အစ်မ”
ဖယောင်း ရှိသမျှ အားအင်လေးကို တင်းပြီး အစ်မမေးသည့် မေးခွန်းကို ပြန်ဖြေလိုက်ရသည်။ ပြီးတော့…အသက်မပါသည့် အပြုံးတစ်ခုနှင့် အစ်မကို အားပေးနှစ်သိမ့်လိုက်ရသည်။
“ပျောက်နေတယ်ဆိုတော့ မေမေ လွတ်နေတာလည်း ဖြစ်နိုင်မှာပါ။ အစ်မရော ဘယ်လိုကြားလို့လဲ”
“အစ်မလဲ အတူတူပါပဲ မောင်လေးရယ်။ အစ်မယောက်ျားလည်း ပျောက်နေတာတဲ့ကွယ်”
အစ်မ၏ မျက်ရည်စများကို ဖယောင်း မမြင်လိုတော့၍ မျက်နှာလွှဲနေလိုက်ရသည်။ ဟိုးအလှမ်းမကမ်းမှာ မြင်နေရသည့် မိုးကာအပြာလေး မိုးထားသည့် ယာယီအဆောင်လေးတစ်ခုကို ဖယောင်း မြင်လိုက်ရသည်။ ရပ်ကွက်ထဲက လူအုပ်စုလည်း ထိုမိုးကာအပြာလေးဆီကို ဦးတည်၍ ခပ်သွက်သွက် သွားနေကြသည်။ ဖယောင်းလည်း ကိုယ်ဝန်သည် အစ်မကို တွဲခေါ်ရင်း ထိုဆီသို့ ဦးတည်သွားလိုက်သည်။
ထိုမိုးကာလေး၏ အကာအကွယ်အောက်မှာ စားပွဲတစ်လုံးနှင့် ပလပ်စတစ် ထိုင်ခုံချကာ ထိုင်နေသည့် ဦးလေးကြီးသည် စာအုပ်တစ်အုပ်ကို အရှေ့အနောက် လှန်လှောကာဖြင့် အလုပ်ရှုပ်နေသည်။ ထိုဦးလေးကြီးကို အယောက် (၂၀)ကျော်ခန့်ရှိမည့် လူအုပ်စုကြီးက ဝိုင်းကာ နာမည်တချို့ကို ရေရွတ်ပြလျက်ရှိသည်။
“မောင်ကျော်ဇောလေး ရှာပေးပါဦးကွယ်”
“ဦးလှိုင်ဝင်း ဆိုတဲ့နာမည် ပါလားဟင်…”
“သူဇာ…သူဇာ”
နာမည်တို့ကို တုန်ယင်နေသည့် အသံတို့ဖြင့် ရေရွတ်နေကြသည့် လူအုပ်စုကြီးကို စာအုပ်လေးကို ငုံ့ကြည့်ရင်း စာရွက်တို့ကို လှန်လှောရှာဖွေနေသည့် ဦးလေးကြီးမှာ ပြန်မော့မကြည့်နိုင်ပါ။
“ခဏလေးပါ…ခဏလေးပါ။ ဖြည်းဖြည်းပြောကြပါ….၊ ကျုပ် အများကြီး မမှတ်နိုင်ဘူး”
စာရွက်တို့ကို တဖျပ်ဖျပ်လှန်ရင်း ဦးလေးကြီးက အော်ပြောသည်။ ဒီတော့မှ လှုပ်လှုပ်ရှားရှားဖြစ်နေသည့် လူအုပ်ကြီးမှာ ငြိမ်ကျသွားတော့သည်။ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို သိရရန် ဖယောင်းက လူအုပ်ကြီး၏ အနောက်မှာ ရပ်နေသည့် လူတစ်ဦးကို မေးမြန်းလိုက်ရသည်။
“ဦးလေး…ဘာတွေ လုပ်နေကြတာလဲဟင်။ ဘာတွေ ရှာခိုင်းနေကြတာလဲ”
“မြေစာပုံပြိုတဲ့အထဲ ပါသွားတဲ့ လူစာရင်းလေ။ ဒီစာအုပ်ထဲကစာရင်းက အလောင်းကောက်ပြီးသား လူတွေရဲ့စာရင်း။ အလောင်းပြန်ရှာမတွေ့ဘဲ ပျောက်နေသေးတဲ့ လူတွေလည်း ရှိသေးတယ် ကောင်လေး”
“ဘုရား…ဘုရား…”
ကိုယ်ဝန်သည် အစ်မ၏ ဘုရားတ, သံ တိုးဖွဖွကို ဖယောင်း ကြားလိုက်ရသည်။ အစ်မကို လှည့်ကြည့်တော့ အစ်မက မျက်လုံးလေး စုံမှိတ်ကာ လက်အုပ်လေးချီရင်း ဆုတောင်းနေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများ စုံမှိတ်ထားသည့်ကြားက မျက်ရည်စများသည် တိုးဝှေ့ထွက်လာကြသေးသည်။ ဖယောင်း ရင်ထဲ နင့်ခနဲ ဖြစ်သွားကာ သက်ပြင်းတစ်ချက်ကို ဘယ်သူမှ မသိအောင် ခပ်ဖွဖွ ချလိုက်ရသည်။
ဖယောင်းလည်း မေမေ့အတွက် စိတ်ပူလိုက်ရတာ မေမေရယ်။ မေမေတစ်ယောက် အန္တရာယ်ကင်းပါစေ။
ဦးလေးကြီးက စာအုပ်ထဲမှ စာကြောင်းများကို လက်ညှိုးလေးဖြင့် ထောက်ကာထောက်ကာ ရှာဖွေနေရာမှ ခေါင်းကို ဆက်ခနဲ မော့လာသည်။
“ခုနက မောင်ကျော်ဇောဆိုတာ…”
“အန်တီပါ…အန်တီပါကွယ်”
ခပ်ဝဝ အန်တီကြီးတစ်ယောက်၏ အသံသည် လူအုပ်ကြီးထဲမှ ပျာပျာသလဲ ထွက်လာခဲ့သည်။
“မောင်ကျော်ဇော စာရင်းထဲပါတယ်ခင်ဗျာ”
အန်တီကြီးသည် ခေတ္တမျှ ငြိမ်သက်နေပြီးမှ ဟန်လုပ်ပြုံးရင်း ပြောလိုက်သည်။
“နာမည်တူတာဖြစ်နေဦးမယ်”
“နေဦး ကျုပ် နေရပ်ဖတ်ပြမယ်”
ဦးလေးကြီးက ခေါင်းကို ပြန်ငုံ့သွားပြီး စာအုပ်ထဲမှ တစ်နေရာကို ထောက်လျက် စာလုံးတစ်ချို့ကို အများကြားအောင် ဖတ်ပြလိုက်သည်။
“မောင်ကျော်ဇော်၊ အသက် (၂၂)၊ နေရပ်- ကျောက်ပန်းတောင်းမြို့”
ဦးလေးကြီး၏ အသံ ဆုံးသည်နှင့် အန်တီကြီးက မြေကြီးပေါ် ပုံ့ခနဲ ထိုင်ချရင်း ဗြဲခနဲ ငိုချလိုက်တော့သည်။
“အမယ်လေး၊ ငါ့သားလေး…၊ ကိုယ်ကျိုးတော့ နည်းရှာပြီပေါ့။ အမေ့ကို စိတ်ချသွားပြီလား သားရယ်။ အမေတစ်ယောက်ထဲ ဘယ်သူ့အားကိုးပြီး နေခဲ့ရမှာလဲ..။ အမေ့ကိုလဲ လာခေါ်လှည့်ပါ ငါ့သားရယ်။ အမေလဲ လိုက်…လိုက်…”
ဝမ်းနည်းပက်လက်နှင့် ရင်ကွဲမတတ် အော်ငိုနေသည့် အန်တီကြီးသည် သူ့သားကို ရေရွတ်ငိုကြွေးနေရာမှ ခေါက်ခနဲ လဲကျသွားပြန်သည်။
“ဟာ…မေ့လဲသွားပြီ။ တက်သွားတာထင်တယ်။ လုပ်ကြပါဦး….”
အန်တီကြီးကို ဂရုဏာသက်စွာဖြင့် ငြိမ်သက်နေခဲ့ကြသည့် လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှားဖြစ်လာကာ အန်တီကြီးကို ဆွဲပွေ့ထူလျက် နှိပ်ပေးသူက နှိပ်၊ ယပ်ခပ်ပေးသူက ခပ်နှင့် ကူညီကြပြန်သည်။ တချို့ကျပြန်တော့လည်း အသက်မပါသည့် မျက်ဝန်းများနှင့် ငိုင်ငေးကြည့်လျက် မလှုပ်မယှက် ရပ်နေကြသည်။ ဖယောင်းလည်း ရင်ထဲ မွန်းကြပ်လျက်ရှိပြီ။ ဒီနေရာမှ အမြန်ထွက်သွားချင်ပြီ။
“အစ်မ၊ ကျွန်တော်ပဲ လူအုပ်ထဲ တိုးလိုက်မယ်နော်။ အမက ကိုယ်ဝန်ကြီးနဲ့ဆိုတော့ မတိုးနဲ့တော့။ အစ်မယောက်ျားနာမည်က ဘယ်သူလဲ”
“ကိုသက်ထင်”
အစ်မက မျက်ရည်စများနှင့် ရွှဲစိုနေသည့် မျက်ဝန်းများနှင့် ကြည့်ရင်း ခပ်ဟဟသာ ဖြေသည်။ အစ်မ၏ ဖြေသံသည် လေတိုးသံမျှသာ တိုးဖွဖွကလေးဖြစ်သည်။ ဖယောင်းက အစ်မကို တစ်ချက် အားပေးအပြုံးဖြင့် ပြုံးပြလိုက်ကာ လူအုပ်ကြားထဲ တိုးဝင်လိုက်သည်။
“ဦးလေး…ဦးလေး…မနှင်းပန်းရယ်၊ ကိုသက်ထင်ရယ် ရှာပေးပါဦး”
ဖယောင်း၏ အသံကို ဦးလေးကြီး ကြားမကြား မသိ။ သူ ရှာစရာရှိတာကိုတော့ ခေါင်းငုံ့လျက် ရှာဖွေနေသည်။ ဦးလေးကြီး ခေါင်း ဆက်ခနဲပြန်အမော့မှာ ဖယောင်းရင်တွေ သိမ့်ခါလှုပ်ရှားသွားသည်။
“သူဇာ ဆိုတာလည်း ပါတယ်”
ဘုရားရေ...။
ဖယောင်းစိတ်တွေ ထိန်းချုပ်လို့ မရတော့လောက်အောင် ယိမ်းထိုးလှုပ်ခါလျက်ရှိပြီ။ ခြေဖျား၊ လက်ဖျားများလည်း ရေခဲတမျှ အေးစက်နေပြီ။ ဦးလေးကြီးက ခေါင်းမော့လာပြန်သည်။ ဦးလေးကြီး၏ နှုတ်ဖျားမှ ထွက်လာသည့် နာမည်တစ်ခုကြောင့် ဖယောင်း ရင်ထဲ ပူခနဲ ဖြစ်သွားသည်။
“နှင်းပန်း...”
“ကျွန်တော့်အမေပါ...”
“ပျောက်ဆုံး”
“ပျောက်ဆုံးဆိုတာ ဘယ်လိုမျိုးလဲဟင် ဦးလေးကြီး”
“အော်...ဒီကလေးနှယ်၊ ပျောက်ဆုံးဆိုမှတော့ မြေစာပုံပြိုတဲ့နေရာမှာ ပျောက်သွားပေမယ့် အလောင်းမတွေ့သေးတဲ့ လူပေါ့ဟ”
ဖယောင်း တစ်ကိုယ်လုံးက သွေးတွေ ခမ်းခြောက်သွားသလို ခံစားလိုက်ရသည်။ ဦးလေးကြီးက ခေါင်းကို ပြန်ငုံ့ကာ စာရင်းစာအုပ်၏ စာမျက်နှာတစ်ရွက်ကို လှန်လိုက်သည်။
“ခုနက သက်ထင် လို့ ကြားလိုက်တယ်နော်။ သက်ထင်လဲ ပျောက်ဆုံး”
ဖယောင်း ပျက်ယွင်းနေတဲ့ မျက်နှာကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ထိန်းသိမ်းလိုက်ပြီး လူအုပ်ကြားမှ ပြန်ထွက်လာလိုက်သည်။ မိုးကာ၏ အစွန်းတစ်စကို ထောက်တင်ထားသည့် တိုင်လေး၏ အနားမှာ ဗိုက်ကလေးပေါ် လက်တစ်ဖက်တင်ရင်း ရင်တမမနှင့် စောင့်နေရှာသည့် ကိုယ်ဝန်သည်အစ်မကို ဖယောင်း တစ်ချက်ပြုံးပြလိုက်သည်။
“မေမေရော ကိုသက်ထင်ရော စာရင်းထဲ မပါဘူး အစ်မ”
ဖယောင်းစကားကို အလှဆုံးဖြစ်အောင် လှည့်ပြောလိုက်ရသည်။ အစ်မကတော့ ဖယောင်းစကားကို ကြားပြီး ဟူးခနဲ သက်ပြင်းတစ်ချက်ကို မှုတ်ချလိုက်သည်။
“ဒါဆို အစ်မတို့ ဒေါ်ကြီး ခင်စောကို ရှာရအောင် မောင်လေး”
ဖယောင်းက ခေါင်းတစ်ချက်ညိတ်ကာ ဘေးဘက်ဝဲယာကို လှည့်ကြည့်လိုက်သည်။ ဖယောင်းတို့၏ အနောက်ဘက် မလှမ်းမကမ်းမှာ လူတစ်စု လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ထိုလူအုပ်စုထဲမှ လူတစ်ယောက်သည်တော့ အားလုံးထဲမှာ ထင်း၍ ပေါ်လွင်နေသည်။ သူ့ပုံစံကို မြင်လိုက်သည်နှင့် ပိုက်ဆံရှိလူတန်းစားဖြစ်မည်ဆိုသည်ကို တန်း၍ ကောက်ချက်ချနိုင်သည်။ ဒီမြေစာပုံကြီး၏ လုပ်ကွက်ရ ကုမ္ပဏီ၏ ပိုင်ရှင် (သို့မဟုတ်) တာဝန်ရှိသူ တစ်ဦးပဲ ဖြစ်ရမည်။
“အစ်မ ဟိုဘက်ကို မောင်လေးတို့ သွားကြည့်ရအောင်”
ဖယောင်း သူတို့ ဘာလုပ်နေသည် ဆိုတာကို စိတ်ဝင်စားစွာ ထိုလူအုပ်စုရှိရာသို့ ဦးတည်၍ အစ်မကို ခေါ်ဆောင်သွားလိုက်သည်။ အနီးကပ်မြင်လိုက်ရတော့မှ ဖယောင်း သိလိုက်ရပြီ။ သတင်းဌာနတစ်ခုမှ သတင်းရိုက်ကူးရန်အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ဖယောင်းတို့ရောက်သွားတော့ သတင်းရိုက်ကူးမှု စတင်စ,ပြုနေပြီ ဖြစ်သည်။
“မင်္ဂလာပါ အစ်ကိုရှင့်”
“ဟုတ်ကဲ့...”
ဘယ်လိုလူပါလိမ့်။ မင်္ဂလာပါ လို့ တစ်ဖက်က နှုတ်ဆက်နေတာကို ဟုတ်ကဲ့ လို့ တစ်ခွန်းပဲ ပြန်ဖြေတယ်။
“အစ်ကို့ နာမည်နဲ့ ရာထူးတာဝန်လေးကို ပြောပြပေးပါဦး”
“သျှံဓန ကျောက်မျက်ရတနာကုမ္ပဏီရဲ့ CEO သျှံဓနပါ”
သျှံဓန။
နာမည်ကြားလိုက်ရုံနဲ့ သူ့ကြွယ်ဝမှုကို ခန့်မှန်းဆုံးဖြတ်နိုင်သည့် နာမည်မျိုး။ ဒီလိုနာမည်မျိုး ဖယောင်းတစ်ခါမှ မကြားဖူးပါ။ ဒါဆို သူက မေမေတို့ အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ ပိုင်ရှင်ပေါ့။ ကုမ္ပဏီပိုင်ရှင် သူဌေးဆိုသည့်အတိုင်း စကားပြောပုံက တိကျပြတ်သား၍ မောကျောအေးစက်သည်။
“အခု မြေစာပုံ ပြိုတဲ့ ကိစ္စအပေါ် လုပ်ကွက်ရ ကုမ္ပဏီအနေနဲ့ ဘယ်လိုများ တာဝန်ယူ ဖြေရှင်းပေးဖို့ ရှိပါသလဲ?”
“အိုး... ကျွန်တော်တို့ ကုမ္ပဏီက လုပ်ငန်းတွေ ရပ်ထားခဲ့တာ မိုးရာသီ စတည်းကဗျ။ လုပ်ကွက်ရဲ့ အဝင်မှာ မိုးရာသီ သတိပေးတားမြစ်ချက် ထုတ်ပြန်ကြေညာထားတာလဲ ခင်ဗျားတို့ အမြင်ပဲမဟုတ်လား။ နောက်ပြီး...တခုပြောချင်တာက အခု မြေစာပုံ ပြိုတဲ့အထဲ ပါသွားတဲ့ ရေမဆေးကျောက်သမား တော်တော်များများက တရားမဝင်အလုပ်သမားဖြစ်နေတာကို တွေ့ရတယ်။ ဒီတော့ တရားမဝင်တဲ့ သူတွေအတွက် ကျွန်တော်တို့ ကုမ္ပဏီဘက်က ဘာမှ ဖြေရှင်းပေးစရာ အကြောင်း မရှိဘူး။ သူတို့ လောဘနဲ့သူတို့ပဲ။ ခံပေါ့”
သတင်းရိုက်ကူးရေး အနီးအနားမှာ ရပ်ကြည့်နေကြသူ တော်တော်များများက သျှံဓန ဆိုသည့်လူ၏ စကားကြောင့် စိတ်ထိခိုက်နာကျင်သွားပုံရသည်။ မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။ ဖယောင်း စိတ်ထဲလည်း တင်းခနဲ နာကျင်အောင့်သက်သွား၏။ ထိုလူ၏ စကားများကို ဆက်နားမထောင်လိုတော့၍ ထိုနေရာမှ ထွက်သွားကြဖို့ အစ်မကို ပြောလိုက်ရသည်။
“အစ်မ၊ ကျွန်တော်တို့ သွားရအောင်။ ဒေါ်ခင်စောကို ရှာရဦးမယ်လေ”
ဖယောင်း အစ်မကို အသာအယာဆွဲခေါ်ကာ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
“ဟိုဘက်မှာ... နောက်ထပ်အလောင်းတွေ ထပ်တွေ့ရလို့တဲ့...”
ဖယောင်းတို့၏ ဘေးနားမှ အပြေးတပိုင်းနှင့် ခပ်သွက်သွက်ထွက်သွားသည့် လူနှစ်ဦး ပြောသွားသော စကားကို ဖယောင်း ကြားလိုက်ရချိန်တွင် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ ဘုရား...ဘုရား...။ အလောင်းတွေ ထပ်တွေ့ရပြန်ပြီတဲ့။ ဖယောင် အစ်မကို လှည့်ကြည့်လိုက်တော့ အစ်မကလည်း ဖယောင်းကို မျက်ရည်များ ဝေ့သီနေသော မျက်ဝန်းများနှင့် စိုက်၍ ကြည့်နေခဲ့သည်။
အစ်မ နှင့် ဖယောင်း မတိုင်ပင်ရဘဲ ခပ်သွက်သွက် ထွက်သွားသည့် လူနှစ်ဦးသွားရာအနောက်မှ လိုက်သွားကြသည်။ တစ်နေရာအရောက်တွင် ခပ်ညီညီ စီတန်းထားသည့် အသက်မဲ့နေသော ခန္ဓာကိုယ်များအပေါ် ပိတ်ဖြူစလေးများ လွှားခြုံထားသည်ကို ဖယောင်းတို့ ဗြုန်းခနဲ တွေ့လိုက်ရသည်။ စီတန်းထားသည့် ပိတ်ဖြူလွှမ်းထားသော အလောင်းများသည် တစ်ဆယ့်လေးလောင်းခန့်တော့ ရှိမည်။ ဖယောင်းနှင့် အနီးဆုံးနေရာမှ ပိတ်ဖြူစလေးကို ဖယောင်း ကြောင်အမ်းစွာ စိုက်ကြည့်နေရာမှ ရင်ထဲ လှိုက်ကာ ဝမ်းနည်းနာကျင်လာသည်။
“အမယ်လေး...အဖြစ်ဆိုးလှချည်လားဟယ်”
ဖယောင်း၏ စိတ်ဝိညာဉ်တို့သည် ‘အမယ်လေး’ တ,ကာ အော်ဟစ်ငိုကြွေးလိုက်သည့် အသံတစ်ခုကြောင့် ဗြုန်းခနဲ ထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။ အသံလာရာကို ဝေ့ခနဲ လှည့်ကြည့်လိုက်တော့ ငိုကြွေးနေသူမှာ ဒေါ်ခင်စော ဖြစ်နေခဲ့သည်။ အလောင်းတန်း၏ ဟိုးဘက် အစွန်းက အလောင်း၏ ဘေးမှာ အရုပ်ကြိုးပျက် ထိုင်ချလျက် သည်းခြေပျက်မတတ် အော်ဟစ်ငိုကြွေးနေသူမှာ ဒေါ်ခင်စော ဖြစ်နေခဲ့သည်လေ။
ဖယောင်း အစ်မကို မေ့လျော့ကာ ဒေါ်ခင်စောရှိရာသို့ အလောင်းတန်း၏ ခြေရင်းမှ ဖြတ်ကာ လွှားခနဲ ပြေးထွက်သွားလိုက်သည်။ အစ်မမှာလည်း ဗိုက်ကလေးကို လက်နှစ်ဖက်နှင့် ပိုက်မကာ အပြေးတပိုင်း လိုက်လာခဲ့သည်။ ဒေါ်ခင်စော ထိုင်ကာ ငိုကြွေးနေသည့် အလောင်း၏ ခြေရင်းနားအရောက်တွင် ဖယောင်း ရပ်တံ့လိုက်သည်။ ပိတ်ပါးစ လွှားခြုံထားသည့် ထိုအလောင်း၏ ခြေဖမိုးများသည် ပိတ်စမလုံဘဲ လွတ်၍ ပေါ်၍နေသည်။ ခြေဖဝါးများသည်တော့ ဖယောင်း မေမေ၏ ခြေဖဝါးမဟုတ်ပါ။ ယောက်ျားတစ်ဦး၏ ခြေဖဝါးများသာ ဖြစ်သည်။
ဒေါ်ခင်စောက သူ့အနားတွင် ခြေစုံလာရပ်သူကို မျက်ရည်များ သုပ်ကာ မော့ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ကိုယ်ဝန်သည်အစ်မသည်လည်း ဖယောင်းတို့အနားကို ရောက်လာခဲ့သည်။
“ဟယ်...ဖယောင်း၊ ချိုမာ ရောက်လာကြပြီလား...”
ဖယောင်းနှင့် ကိုယ်ဝန်သည်အစ်မကို မြင်လိုက်ရချိန်တွင် ဒေါ်ခင်စော ဟီးခနဲ ငိုချပြန်တော့သည်။
“ချိုမာရေ...စိတ်ကို ခိုင်ခိုင်ထားနော်...၊ နင့်ယောက်ျား...နင့်ယောက်ျား...”
ဒေါ်ခင်စောက စကားကို ဆုံးအောင် မပြောနိုင်ဘဲ နင့်နင့်သီးသီးငိုကြွေးပြန်သည်။ ငိုနေရင်း သူ့ဘေးနားက အလောင်းကို ဖုံးအုပ်ထားသည့် ပိတ်ဖြူစကို မျက်နှာကလေး ပေါ်သွားရုံ ဖယ်ရှားပေးလိုက်ရင်း မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။
“အမယ်လေး....၊ ကိုသက်ထင်၊ ကိုသက်ထင်...”
ဒေါ် ခင်စော လှန်ပြသည့် အလောင်းကို မြင်လိုက်ရချိန်တွင် သရဲတစ်ကောင် ခြောက်လှန့်ခံလိုက်သလို ငယ်သံပါအောင် အော်လိုက်သည့် ကိုသက်ထင်၏ နာမည်အဆုံးတွင် ကိုယ်ဝန်သည်အစ်မသည် မြေပေါ် ပုံ့ခနဲ အရုပ်ကြိုးပျက် ထိုင်ချလိုက်တော့သည်။
“ဟဲ့...ဟဲ့... ချိုမာ...သတိထားပါဟယ်...၊ နင့်မှာ နေ့စေ့လစေ့ကြီးနဲ့...”
ဒေါ်ခင်စော၏ ထိတ်ထိတ်ပြာပြာသတိပေးသံကို ဖယောင်းကြားနေရသည်။ ထိုမြင်ကွင်းများကို ဖယောင်းမမြင်လိုတော့၍ မျက်နှာလွှဲလိုက်ချိန်တွင် ကိုသက်ထင် ရုပ်အလောင်း၏ ဘေးကပ်ရပ်က ပိတ်ဖြူစလွှမ်းထားသည့် အလောင်းတစ်ခု၏ ခြေဖမိုးတစ်စုံကို ဖယောင်း တွေ့မြင်လိုက်ရသည်။
ဟင်...။ မေမေ့ ခြေထောက်တွေနဲ့ တူလိုက်တာ။
ဖယောင်းစိတ်ထဲ ထိတ်ခနဲ ကြောက်လန့်သွားသည်။ ပိတ်ဖြူစ အုပ်ထား၍ မမြင်နိုင်သော မျက်နှာရှိရာကို ဖယောင်း မျက်ဝန်းတွေ ရောက်ရှိသွားသည်။ ဖယောင်း စိတ်ထဲ တစ်စုံတစ်ခုကို ခံစားနေရသလို ရင်တွေ လှိုက်ဟာမွန်းကြပ်လာသည်။ ပိတ်ဖြူအုပ်ထားသည့် ထိုမျက်နှာကို ဖယောင်း တွေဝေစွာ ငေးကြည့်နေစဉ်မှာပဲ လေတစ်ချက် ဝေ့ခနဲ တိုက်ခတ်သွားသည်။ ဖယောင်း စိုက်ကြည့်နေသည့် ပိတ်ပါးဖြူလေးသည် လေတိုးဝှေ့မှုကြောင့် ယိမ်းထိုးသွားကာ ဖျက်ခနဲ လန်သွားသည်။ ဘွားခနဲပေါ်လာသည့် ပိတ်ဖြူစအောက်က မျက်နှာပြင်တစ်ခုကြောင့် ဖယောင်း နှလုံးသားလေး အစိတ်စိတ်အမွှာမွှာ ကွဲကြေပွန်းရှသွားသည်။
မေမေ...
အသံတိတ်အော်ဟစ်လိုက်သည့် ဖယောင်း၏ ခေါ်သံသည် ဖယောင်းရင်ထဲတွင် ပဲ့တင်ထပ်လျက် စွဲကျန်နေတော့သည်။ မေမေ့၏ အေးစက်နေမည်ဖြစ်သော မျက်နှာလေးကို စိုက်ကြည့်နေရင်း စကားတစ်ခွန်းက နားထဲ ဖြတ်ပြေးလာခဲ့၏။
“သူတို့ လောဘနဲ့ သူတို့ပဲ။ ခံပေါ့...”
ရုတ်တရက် ပြန်လည်ကြားယောင်လာသည့် ထိုစကားသည် ဖယောင်းနှလုံးသားတည့်တည့်ကို မြားတစ်စင်းလို စူးနစ်စိုက်ဝင် ဖောက်ထွက်သွားသည်။
ဟင့်အင်း... ဖယောင်း မေမေဟာ မတော်လောဘတက်နေတဲ့သူ မဟုတ်ပါဘူး။ ဖယောင်းမေမေဟာ ဖယောင်းကို ကျူရှင်ကောင်းကောင်းတက်စေချင်တဲ့ စိတ်ကလေးတစ်ခုနဲ့ပဲ ဒီခက်ခဲကြမ်းတမ်းတဲ့ မှော်ထဲအထိ အလုပ်လာလုပ်ရရှာတာပါ။ ဖယောင်း မေမေဟာ လောဘကြောင့် သေရတာ မဟုတ်ဘူး။
ခံစားချက်များသည် ရင်နှင့်မဆံ့အောင် လှုပ်ရှားပြေးလွှားနေခဲ့သည်။ လက်ချောင်းများသည် အလိုလို ပူးကပ်လျက် ကျစ်ကျစ်မာသည့် လက်သီးဆုပ်တစ်ခုအဖြစ် ပြောင်းလဲလာသည်။ ဆံဖူးစပ်တွင်လည်း ချွေးသီးချွေးပေါက်များ ခိုဥလာသည်။ မေမေ့မျက်နှာကလေးကို နာကျင်ခံပြင်းစွာ စိုက်ကြည့်လျက်က မျက်ရည်စများ အတိုင်းအဆမဲ့စွာ ကျဆင်းလာ၏။
“အား.....!!!!”
ဖယောင်း၏ ခံပြင်းစွာ ပေါက်ကွဲအော်ဟစ်သံသည် ပတ်ဝန်းကျင်တခွင် ပျံ့နှံ့ဖောက်ထွက်သွားတော့သည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
🌹 ခက်ဆစ် 🌹
အပိုင်း(၆)ကို မကြာခင်မှာ တင်ပေးပါ့မယ်နော်။