book

Index 6

Chapter - 4

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊

နေပြည်တော်။


ဖယောင်းနှင့် မေမေ လက်ကို တွဲပြီး လမ်းလျှောက်နေကြသည်။ တွဲထားတဲ့ လက်ကလေးတွေကို ရှေ့နောက် ခါရမ်းရင်း သီချင်းလေး တကျော်ကျော် အော်ဆိုရင်းပေါ့။ မေမေ ဖယောင်းကို ဆိုပြနေကျ သီချင်းလေးဖြစ်လို့ ဖယောင်းတောင် အလွတ်ရနေပေါ့။ မေမေနဲ့အတူတူ ဖယောင်း သီချင်းကို လိုက်ညည်းနေသည်။ မေမေသည် သူ့နာမည်ဖြစ်သည့် နှင်းပန်းကလေးများကို ခေါင်းမှာ ဝေဆာနေအောင် ထိုး၍ ပန်ထားသည်။ ပါးပြင်ပေါ်က သနပ်ခါးကွက်ကြီး၏ အနံ့ကို ဖယောင်း သေချာ မွှေးကြည့်စရာမလိုဘဲ ရနေသည်။ နောက်ပြီး မေမေက အဝတ်အစား အသစ်တွေနှင့် ဖြစ်သည်။ မေမေက လှလိုက်တာ။ ဒီလို မေမေလှပုံမျိုး တစ်ခါမှ မမြင်ဘူး၍ ‌ဖယောင်း ငေးကြည့်နေမိသည်။


လမ်းလျှောက်လာသည့် လမ်းသွယ်ကလေးမှ လမ်းမကြီးရှိရာသို့ ချိုးကွေ့လိုက်တော့ မန္တလေးတောင်ကြီးကို ဗြုန်းခနဲ တွေ့လိုက်ရသည်။ ဖယောင်းတို့ မေမေ့ဇာတိဖြစ်တဲ့ မန္တလေးရောက်နေကြတာပဲ။ မေမေသည် ဆိုလတ်စ သီချင်းအပိုင်းအစလေးကို ဆက်မဆိုတော့ဘဲ ဗြုန်းခနဲ ရပ်လိုက်ကာ မန္တလေးတောင်ကြီးကို တွေတွေငေးကြည့်နေသည်။ ‌ဖယောင်းလည်း မျက်စိရှေ့က မန္တလေးတောင်ကြီးကို မော့ကြည့်နေစဉ်မှာပင် မေမေသည် ကားလမ်းတစ်ဖက်ကို ပြေးလျက် ကူးသွားသည်။ ဖယောင်းသည် ထူဆန်းသည့် မေမေ့၏ အပြုအမူများကို ကြောင်အမ်းစွာ ရပ်ကြည့်နေမိသည်။ မေမေသည် တောင်ခြေအရောက်တွင် ဖယောင်းကို လှည့်ကြည့်သည်။ မေမေ့ ပါးပြင်မှ ပါးကွက်ကြီးများသည် မျက်ရည်များနှင့် နှစ်ပိုင်းကွဲနေသည်။


ဖယောင်း မေမေ့ဆီ ပြေးသွားဖို့ ကြိုးစားလိုက်သည့် ဖယောင်း၏ ခြေလှမ်းများသည် ဝုန်းခနဲ မြည်ဟီးသွားသည့် အသံဆိုးကြီးကြောင့် ရပ်တန့်သွားသည်။ ဖယောင်း မျက်စိရှေ့မှ တောင်ကြီးသည် ဖယောင်းကြည့်နေချိန်မှာပင် ပြိုကျသွားသည်။ ဖယောင်း ထိတ်လန့်စွာ အော်ဟစ်လိုက်သော်လည်း အသံက ထွက်မလာခဲ့။ အမြင့်တစ်နေရာမှ ပဲ့ထွက်ကျဆင်းလာသည့် အစိုင်အခဲကြီးတစ်ခုသည် တောင်ခြေတွင် ခြေစုံချရပ်ကာ ဖယောင်းကို မျက်ရည်များနှင့် စိုက်ကြည့်နေသည့် မေမေ့ကို တွန်းထိုးရိုက်ချလိုက်သည်။ 


“အားးး!!!”

ဖယောင်းသည် ‌အသက်ထွက်မတတ် အော်ဟစ်မြည်တမ်းရင်း ကုန်းရုန်းထလိုက်သည်။ ဒီတော့မှ ‌ဖယောင်း အိပ်မက်မက်နေခဲ့မှန်း သိလိုက်ရသည်။ ‌

ဆိုးလိုက်တဲ့ အိပ်မက်။ ဖယောင်း တစ်ခါမှ ဒီလောက် ကြောက်ရွံ့ဖို့ကောင်းသည့် အိပ်မက်ဆိုးမျိုး မမြင်မက်ခဲ့ဘူးပါ။ နဖူးစပ်တွင် ခိုသီနေသည့် ဇောချွေးတို့ကို ဖယောင်း လက်မောင်းလေးဖြင့် သုပ်လိုက်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။ ရေအိုးစင်မှ ရေတစ်ခွက် ခပ်သောက်လိုက်ပြီး အိပ်မက်မှ မောလာခဲ့သည့် စိတ်တို့ကို ဖြေဖျောက်လိုက်ရသည်။

ဘုရား…ဘုရား…၊ အိပ်မက်ထဲမှာ မေမေ တောင်ပြိုတာ ပိလို့တဲ့လေ။ အို…အိပ်မက်ဆိုတာ ပြောင်းပြန်ယူရတယ်လို့ မေမေ ပြောခဲ့ဖူးတာပဲ မလား။ 

ဖယောင်း ခေါင်းကို ခါရမ်းပစ်လိုက်ပြီး အိပ်မက်ဆိုးကြီးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။

ဖယောင်း၏ အိမ်ခန်းလေး တိတ်ဆိတ်နေသည်မှာ တိုင်ကပ်နာရီ၏ စက္ကန့်သံ တချပ်ချပ်ကို ကြားနေရသည်အထိ။ ဖယောင်း နာရီသံကြားမှ အချိန်ကို သတိရသွားကာ နာရီကို မော့ကြည့်လိုက်သည်။ 

မနက် ရှစ်နာရီ။

ဒီအချိန်ဟာ ဖယောင်း တစ်ခုခုလုပ်ဖို့ အသင့်တော်ဆုံး အချိန်ပဲ။ ဒီနေ့ဟာ စနေနေ့ဆိုပေမယ့် ကိုးနာရီဆိုလျှင် အိမ်ရှင် ဦးလေးကြီးရဲ့ ပန်းချီသင်တန်းကို ဖယောင်းတက်ရဦးမည်လေ။ ဖယောင်း အိမ်နောက်ဖေးရှိ ရေချိုးရာ နေရာလေးသို့ သွားကာ မျက်နှာသစ်၊ သွားတိုက်လိုက်ကာ တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်လိုက်သည်။ ထို့နောက် ထမင်းစားပွဲရှိ အုပ်ဆောင်းလေးကို အသာ မ,ကာ ညက ကျန်သည့် ထမင်းကြမ်းခဲလေးကို ဆီဆမ်း၊ ဆားဖြူးကာ စတီးဇွန်းတစ်ချောင်းနှင့် ဖိချေကာ စားလိုက်သည်။ ထိုစဉ်မှာပင် အိမ်ရှင် အန်တီကြီး ဒေါ်ဖြူသည် ဖယောင်းတို့၏ အိမ်ခန်းလေးအတွင်းသို့ ဝင်လာခဲ့သည်။

“ဟယ်…ဖယောင်း၊ မနက်စာတောင် စားနေပြီလား။ ဘာနဲ့ စားလဲ”

“မနေ့ညက ကျန်တဲ့ ထမင်းကြမ်းခဲလေးကို ဆီနဲ့ ဆားနဲ့ နယ်စားနေတာ အန်တီဖြူရဲ့”

“ဒီကလေးကတော့လေ ထင်တဲ့အတိုင်းပဲ။‌ ထမင်းဆီဆမ်းစားနေတာ ဘာမှလဲ မပါဘူး။ ကျောင်းပိတ်ရက်လေးမှာတော့ အန်တီ့ဆီလာပြီး ကြာဆံကြော်လေးဖြစ်ဖြစ်၊ ခေါက်ဆွဲကြော်လေးဖြစ်ဖြစ် လာစားစမ်းပါဟဲ့”

အိမ်ရှင်အန်တီ ဒေါ်ဖြူသည် မနက်ခင်းပိုင်းတွင် ကြာဆံကြော်၊ ခေါက်ဆွဲကြော်လေးကို တနိုင်တပိုင်ကြော်ပြီး သူ့အိမ်ရှေ့တွင် စားပွဲခုံရှည်တစ်ခုံချလျက် ဈေးရောင်းသူဖြစ်သည်။ 

“ရပါတယ် အန်တီဖြူရဲ့၊ ဖယောင်း ညက ထမင်းတွေ ပိုနေလို့ပါ”

“မင်း ထမင်းကလဲ ပိုပဲပိုနိုင်လွန်းတယ်။ ဖယောင်းရယ်…အဲ့လောက် ချွေတာမနေပါနဲ့ဟယ်။ စားစရာရှိတာလေး စားစမ်းပါ။ မနက်ဆိုလဲ အန်တီ့ ကြာဆံကြော်မှရယ်လို့ မဟုတ်ဘူး။ ရပ်ကွက်ထဲထွက်ပြီး ကိုယ်စားချင်တာ ဝယ်စားစမ်း။ မုန့်ဟင်းခါး‌ စားမလား၊ ဟော..‌ရှမ်းခေါက်ဆွဲလား၊ ဒါမှမဟုတ်…လက်ဖက်ရည်ဆိုင်ထိုင်ပြီး အီကြာကွေးနဲ့ လက်ဖက်ရည်တို့စားမလား။ စားစရာတွေမှ ပုံလို့ပင်လို့ပါအေ”

ဖယောင်းက စားစရာများကို လက်ချောင်းများ ချိုးရေပြရင်း အားမလိုအားမရ ပြောနေသည့် အန်တီဖြူ့ကို ကြည့်ရင်း ရယ်ချင်လာကာ ပြုံးစိစိ ဖြစ်လာသည်။ ဒါကို အန်တီဖြူ မြင်တော့…

“ဟဲ့…စပ်ဖြီးဖြီးလုပ်မနေနဲ့တော့။ အန်တီ ပြောတာ မဟုတ်လား။ တစ်ခါလာလဲ ထမင်းကြမ်းဆီဆမ်း၊ တစ်ခါလာလဲ ထမင်းကြမ်းဆီဆမ်းနဲ့။ နင့်အမေ နှင်းပန်း ပို့သမျှ ပိုက်ဆံတွေက ဘာလုပ်ဖို့လဲ ပြောပါဦး”

“အန်တီဖြူရယ်…၊ မေမေက မှော်ထဲမှာ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ချွေချွေတာတာ နေရပြီး နေပူမ‌ရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်နေရတာကို ဖယောင်းက ဒီမှာ အခန့်သားထိုင်ပြီး မေမေပို့သမျှ ပိုက်‌ဆံ သုံးဖြုန်းနေလို့ ဖြစ်ပါ့မလား”

“အော်…အန်တီက သားကို ဖြုန်းခိုင်းနေတာမှ မဟုတ်ဘဲကွယ်။ လူဆိုတာ သုံးစရာရှိတာတော့ သုံးရမှာပေါ့ ကလေးရဲ့။ မင်းအမေက အန်တီ့ကို သေသေချာချာ အတန်တန် အထပ်ထပ် မှာသွားတာ။ သူ့သားလေး ဖယောင်းကို ဂရုစိုက်ပေးပါ၊ ဂရုစိုက်ပေးပါနဲ့။ မင်းသာ တစ်ခုခုဖြစ်ကြည့်။ နှင်းပန်းက အန်တီ့ကို အပြစ်ပြောမှာ”

“ဟုတ်ကဲ့ပါ…အန်တီဖြူရဲ့၊ မနက်ဖြန်ကျ ဖယောင်း မနက်စာကို အန်တီဖြူ့ ခေါက်ဆွဲကြော် လာစားပါ့မယ်။ နော်…စိတ်ချ”

“ဒါဆိုရင်လဲ ပြီးရော၊ နောက်မှ ညက ထမင်းပိုလို့ပါ ဘာညာ လာမလုပ်နဲ့နော်။ အန်တီက ညတစ်ခေါက်လာပြီး ထမင်းပိုမပို စစ်ကြည့်မှာ”

ဖယောင်းက အန်တီဖြူ့စကားကို သဘောကျကာ ရယ်လိုက်သည်။ အန်တီဖြူကတော့ ဖယောင်းကို ချစ်စဖွယ် မျက်စောင်းလေးနှင့် ကြည့်ကာ ပြန်ထွက်သွားသည်။ အန်တီဖြူ ပြန်သွားတော့မှ စားလတ်စ ထမင်းကို ကုန်အောင် ဆက်စားလိုက်သည်။ 

ဒီနေ့တော့ အန်တီဖြူ့ အမျိုးသား ဦးခန့်ကြည်၏ ခဲပန်ချီသင်တန်းပြီးမှ နေ့လည်စာအတွက် ထမင်းချက်တော့မည်။ ကျောင်းဖွင့်ရက်များမှာဆိုလျှင် မနက် (၇)နာရီလောက် ထကာ ကျောင်းထမင်းချိုင့်အတွက် ထမင်းချက်ရသည်။ ဟင်းကတော့ ထုံးစံအတိုင်း ဖယောင်း၏ လက်စွဲ ကြက်ဥကြော်ပါပင်။ တစ်ခါတစ်လေ စိတ်ပါလျှင် ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကို ပါးပါးလှီးကာ ကြက်ဥကို အမြှုပ်ထနေအောင် ခေါက်ထည့်ပြီး ကြော်စားတတ်သည်။ မဆလာလေးပင် ဖြူးလိုက်သေး၏။ တစ်ခါတစ်လေ စိတ်များ မပါလျှင်တော့ ‌ကြက်ဥကို ရေလုံပြုတ်ကာ ထမင်းနှင့် မြှုပ်စားပစ်လိုက်သည်။ အဓိကက ဗိုက်ပြည့်ဖို့ပဲ မဟုတ်လား။

ဖယောင်းက ပန်းချီသင်နေရလျှင် ထမင်လည်း မေ့၊ မေမေ့လည်း မေ့။ ခဲပန်းချီဆွဲရသည်ကို ဖယောင်း ကြိုက်သည်။ ရင်ထဲမှ ခံစားချက်များကို စာရွက်အဖြူအလွတ်တစ်ခုပေါ်တွင် ခဲခြစ်ရာများအနေနှင့် ချရေးခြစ်လိုက်ရသည့်အရသာကို ဖယောင်း နှစ်သက်သည်။ ဖယောင်း၏ လူမသိစေချင်သည့် အထီးကျန်မှုတွေကို ခဲခြစ်ရာများထဲတွင် မြှုပ်နှံသိမ်းဆည်း လျှို့ဝှက်လိုက်ရသည်ကို ဖယောင်း သဘောကျသည်။ 

ဖယောင်း ခဲပန်းချီ သင်နေခဲ့တာ အခုဆိုလျှင် အခြေခံအဆင့်ကို ကျော်လွန်၍ တော်တော်လေး ဆွဲတတ်နေပြီဖြစ်သည်။ နောက်ဆုံးတစ်ခေါက် မေမေနှင့် ဖုန်းပြောခဲ့တုန်းကတော့ မေမေ့ကို ကြွားလိုက်သေးသည်။ မေမေ မှော်ထဲက ပြန်လာရင် မေမေ့ ပုံတူပန်းချီကို ဆွဲပေးမယ်လို့ ဖယောင်းပြောတော့ မေမေ့ရဲ့ ဝမ်းသာပျော်ရွှင်သွားသည့် အသံကို ဖယောင်း ခုထိ နားထဲမှ မထွက်သေး။

လွမ်းလိုက်တာ…မေမေရယ်။ 
မေမေ အခုချိန်လောက်ဆို မေမေပြောပြောနေကျ မြေစာပုံကြီးတွေကြားထဲမှာ ကုန်းကုန်းကွကွနဲ့ ကျောက်ရှာနေရောပေါ့။ 

“မေမေ...၊ ဖယောင်း ဖေဖေရောဟင်”

ဖ‌ယောင်း ဒီလိုမေးတိုင်း မေမေ့မျက်နှာမှာ ပုံရိပ်တချို့ထင်ဟပ်ကာ အရိပ်အယောင်တချို့နှင့် ဆွေးမြေ့ရီဝေသွားသည်။ မျက်ရည်စလေးများ ရစ်ဖွဲ့သီဝေ့လာသည့် မေမေ့မျက်ဝန်းများသည် ပုံပြင်ဟောင်းတစ်ခုကို ပြန်လှန်တွေးတောနေသလို နူးညံ့သိမ်မွေ့သွားသည်။ မေမေ့မျက်ဝန်းများတွင် ဖေဖေနှင့် ပတ်သတ်၍ ချိုသာကြည်နူးဖွယ်ရာ စိတ်ခံစားချက်တချို့ကို အလွယ်တကူပင် တွေ့မြင်နိုင်သည်။

“ဖယောင်း ဖေဖေက ကောင်းရာမွန်ရာ ဘုံဌာနမှာ ရှိနေမှာပါကွယ်”

ဖေဖေက ဘယ်လိုမျိုးလဲ။ ဖြူသလား၊ ညိုသလား၊ ချောမောသလား၊ ခန့်ညားသလား၊ အရပ်ရော မြင့်သလား။ ဖယောင်း မသိပါ။ ဖယောင်း ဖေဖေအကြောင်းကို စကားစလိုက်သည်နှင့် မေမေက အရိပ်အကင်း ပါးစွာ စကားလွှဲလိုက်သည်မျိုး၊ အပြင်ထွက်သွားသည်မျိုး လုပ်လေ့ရှိသည်။ 

“ဖယောင်း ဖေဖေက ဖယောင်းလေးကို မမွေးခင်မှာပဲ ရုတ်တရက် ဆုံးသွားရှာတယ် သားလေးရယ်”

ဒီစကားနှစ်ခွန်းက လွဲလို့ ဖယောင်းမှာ ဖေဖေနှင့် ပတ်သတ်သမျှ ဘာတစ်ခု မသိခဲ့ရပါ။ ဖေဖေနှင့် ပတ်သတ်၍ သိချင်သမျှ အရာအားလုံးကို ဒီစကားနှစ်ခွန်းနှင့်သာ ဖယောင်းမှာ ကျေနပ်ဖြေသိမ့်ခဲ့ရသည်။ ‌

ဖေဖေ မရှိသည့် မေမေ့ဘဝသည် ခက်ခဲကြမ်းတမ်းခဲ့ရရှာသည်။ နာမည်ကသာ နုနယ်ပျော့ပြောင်းသည့် ‘နှင်းပန်း’ တဲ့။ တကယ်တမ်းမှာတော့ မေမေ့ဘဝသည် ခက်ခဲကြမ်းတမ်းမှုများကြားမှ ရုန်းထွက်ပွင့်လန်းရသော ဗေဒါပန်းကလေးကဲ့သို့ပါပင်။ မေမေသည် ရရာအလုပ်ကို လုပ်ကာ ဖယောင်းတို့ နှစ်ဝမ်း၊နှစ်ခါးအတွက် ရုန်းကန်ခဲ့ရသည်။ 

ဟိုအိမ်က အဝတ်လေး လာလျှော်ပေး‌ပါဦးဆိုလည်း ဟုတ်ကဲ့၊ သည်အိမ်က သန့်ရှင်းရေး လာလုပ်ပေးလှည့်ပါဆိုလည်း မငြင်း။ မေမေ့မှာ အလုပ်နှင့် လက်နှင့် ပြတ်တယ်လို့ပင် မရှိ။ ဒီလိုနှင့် ဖယောင်း ရှစ်တန်းနှစ်၏ တစ်နေ့မှာတော့ ဆင်းရဲပင်ပန်းဒဏ်တွေ၏ ထိုးနှက်ဖိသိပ်ကို အလူးအလဲခံရကာ အိပ်ရာထဲတွင် ဗုန်းဗုန်းလဲကျတော့‌သည်။ ထိုအချိန်မှစ၍ ဖယောင်း မေမေ့ကို သူများအိမ်မှာ အလုပ်တွေ ဝင်မလုပ်စေတော့ဘဲ အကြော်လေးရောင်းဖို့ တိုက်တွန်းခဲ့သည်။ မေမေက အစက လက်မခံချင်။ ဖယောင်းက ဖယောင်းစကားကို မေမေနားမထောင်ရင် ကျောင်းမတတ်တော့ဘူးဆိုပြီး ခြိမ်းခြောက်မှသာ မေမေ ငြိမ်သွားတော့သည်။ မေမေက ‌ဖယောင်း၏ ပညာရေးကိုတော့ အထူး အလေးအနက်ထားသူပါပင်။

“မေမေ့ ဖယောင်းလေးက ဖေဖေနဲ့ တူလို့ ဉာဏ်အရမ်းကောင်းတာ။ အဲ့ဒါကြောင့် စာတော်တာပေါ့ ဖယောင်းရဲ့”

တစ်ခါတလေ မေမေ စိတ်ပါလျှင် ပြောလေ့ရှိသည့် ဖေဖေနှင့် သက်ဆိုင်သော စကားလေးတစ်ခွန်းပါပင်။ ဖယောင်း ဖေဖေက ဉာဏ်ကောင်းသတဲ့လား။ ဒါဆို ဖေဖေလည်း စာတော်မှာပဲနော်။ ဒီအကြောင်းတွေကို ဖယောင်း သိပ်သိချင်ပေမယ့် မေမေက ပြောပြမှာ မဟုတ်ဘူးဆိုတာ ဖယောင်း သိနေတော့ မေမေ့ကို မေးမနေတော့ပါ။ မေမေ့အတိတ်ဟောင်းတွေကိုလည်း ဖ‌ယောင်း မတူးဆွချင်တော့၍ ဖြစ်ပါသည်။

ဖယောင်း မေမေ့ကို လွမ်းစိတ်နှင့် ရင်ထဲမှာ လှိုက်ခနဲဟာကာ မျက်ရည်လေးများ ဆို့လာတော့သည်။ ‌‌ရှည်လျားဖြောင့်တန်းနေသည့် ဖယောင်း၏ မျက်တောင်များတွင် ခိုသီ‌ဝဲဝေ့လာသည့် မျက်ရည်စများကို မျက်လွှာလေးများ ပုတ်ခတ်ရင်း သိမ်းဆည်းလိုက်သည်။ 

ဖယောင်း နိမိတ်မရှိ ငိုယိုနေလို့ ဘယ်ဖြစ်ပါ့မလဲ။ မေမေက ဟိုမှာ အလုပ်ကို ကြိုးစားလုပ်နေရရှာတာလေ။ တော်ကြာ…ဖယောင်း ငိုနေလို့ မေမေ တစ်ခုခု ဖြစ်နေပါဦးမယ်။

ဖယောင်းသည် စာကြည့်စားပွဲပေါ်မှ ပုံဆွဲစာအုပ်လေးနှင့် ခဲတံများ ထည့်ထားသည့် ဇစ်ဆွဲအိတ်ကလေးကို ယူကာ အိမ်ရှေ့ ခေါင်းရင်းခန်းရှိ ခဲပန်းချီသင်တန်းသို့ သွားမည်အလုပ်မှာပင် ဖယောင်းထံသို့ သတင်းဆိုးကြီးတစ်ခုသည် မုန်တိုင်းတစ်စင်းကဲ့သို့ ပြေးဝင်လာခဲ့တော့သည်။ ထိုသတင်းကို သယ်ဆောင်လာသူက ကိုလှမြင့်။ ကိုလှမြင့်သည် မေမေ့ကို မှော်ထဲသို့ အလုပ်လုပ်ရန် ခေါ်သွားသည့် မခင်စော၏ တူဖြစ်သည်။

“ဖယောင်းရေ…ဖယောင်း…”

အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ကိုလှမြင့်ကို မြင်လိုက်သည်နှင့် ဖယောင်း ရင်တွေ ထိတ်ခနဲ ခါရမ်းသွားသည်။ အသက်ထွက်တတ် ပြေးလာပုံရသည့် ကိုလှမြင့်သည် ဖယောင်းတို့၏ ခြံဝန်းတံခါး၏ ဘောင်ကို ကိုင်ရင်း စကားဆက်မပြောနိုင်သေးဘဲ အမောဆို့နေရှာသည်။

“ကိုလှမြင့်…၊ ဘာဖြစ်လို့လဲ။ ဖယောင်း မေမေဆီက ဖုန်းလာလို့လား?”

မေမေ့ဆီက ဖုန်းလာတိုင်းမှာ ကိုလှမြင့်က ဖယောင်းဆီ အပြေးတပိုင်း လာခေါ်ပေးနေကျ ဖြစ်၍ ဖယောင်း ထိုကဲ့သို့ မေးလိုက်ခြင်းဖြစ်ပါသည်။ သို့သော်…ဒီတခေါက် ကိုလှမြင့် ‌ဖယောင်းဆီ ပြေးလာသည်မှာ မေမေ ဖုန်းခေါ်၍ မဟုတ်မှန်း ဖယောင်း စိတ်ထဲ အလိုလို သိနေသလိုပါပင်။

“ဖယောင်း…ညီလေးရယ်…စိတ်တော့ ခိုင်ခိုင်ထားနော်…။ ဝှေခါမှာ မြေစာပုံပြိုလို့တဲ့ကွ။ အဲ့ဒါ မင်းအမေ…မင်း အမေ…”

ကိုလှမြင့်က စကားကို ဆက်ပြောနိုင်သေးဘဲ လည်ပင်းမှာ တစ်နေသည့် တံတွေးတို့ကို ကြိုးစားကျားကန်၍ မြိုချနေရသည်။ ဖယောင်းကတော့ ကိုလှမြင့် ဘာတွေများ ပြောမလဲဆိုတာကို စောင့်စားရင်း ရင်တွေ ပူ‌လှပြီ။

“မင်းအမေ…မြေစာပုံပြိုတဲ့ထဲပါသွားပြီး ပျောက်နေတယ်တဲ့…”

ဖယောင်း နားထဲမှာ ဝုန်းခနဲ မိုးကြိုးကြီးတစ်ခု ပစ်ချလိုက်သလိုပါပင်။ ခေါင်းထဲ မိုက်ခနဲ မူးကာ အမြင်အာရုံများ ‌ဝေဝါးသွားရသည်။ လက်ထဲမှာ ဆုပ်ကိုင်ထားသည့် စာအုပ်နှင့် ခဲတံအိတ်လေးတို့သည် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားသည်။ ဖယောင်း ရှိသမျှ အသိစိတ်ကလေးကို အားတင်းစုစည်းကာ ကိုလှမြင့်၏ စကားတို့ကို ပြန်ပုံဖော်ကြည့်လိုက်သည်။

“မင်းအမေ…မြေစာပုံပြိုတဲ့ထဲပါသွားပြီး ပျောက်နေတယ်တဲ့…”

ပျောက်နေတယ်လို့ ပြောတာပဲလေ။ မြေစာပုံပိပြီး သေသွားတယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ မေမေ အသက်ရှင်နေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ ဘုရား ဘုရား…‌ဘုရား သိကြား မ,လို့ မေမေ ဘာမှ မဖြစ်ပါစေနဲ့။ 

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့ 
                                      🌹 ခက်ဆစ် 🌹


rate now: