book

Index 5

Chapter - 3

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့၊


ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေခါရွာ။


အိမ်ခေါင်မိုး သွပ်ချပ်များပေါ်သို့ မိုးစက်လေးများ တပေါက်ပေါက် ထိမှန်သံများကြောင့် နှင်းပန်း နိုးလာရသည်။ နှင်းပန်း အိပ်နေသည့် ကြမ်းပြင်၏ ဘေးနားက ထရံပေါက်မှတဆင့် မျက်စိတစ်ဖက်မှိတ်ရင်း အပြင်ဘက်သို့ ချောင်းကြည့်လိုက်တော့ အလင်းရောင်ပင် မသဲကွဲသေးသည့် ပတ်ဝန်းကျင်သည် မှုန်ရီမှိုင်းဝါးလျက် ရှိသည်။ သို့သော် အချိန်အားဖြင့် ငါးနာရီဝန်းကျင်ခန့်တော့ အနည်းဆုံး ရှိရော့မည်။


လှဲလျောင်းနေရာမှာ နှင်းပန်း ကုန်းရုန်းလူးလွန့်ထလိုက်သည်။ ပွယောင်းရှုပ်ဖွာနေသည့် ဆံပင်ကို တစ်ရစ်၊ နှစ်ရစ် လိမ်၍ ခေါက်တင်ပြီး ခေါင်းအုံးဘေးနားတွင် ချထားသည့် ဆံညှပ်နှင့် ခပ်ပြေပြေ ညှပ်တင်ပစ်လိုက်သည်။ နှင်းပန်းဘေးနားမှာ အိပ်မောနေသည့် မခင်စောသည်တော့ အသံထွက် ဟောက်၍ပင်နေသေးသည်။ အိပ်ပါစေလေဟုတွေးကာ ကျိုးကျိုးကျဲကျဲ ကြမ်းများကို ခပ်ဖွဖွနင်းရင်း တဲအိမ်လေး၏ အပြင်ဘက်သို့ ထွက်လာလိုက်သည်။


တဲအိမ်ကလေး၏ အနောက်ဘက်တွင် ဘေးချင်းကပ် စီထားသော စဉ့်အိုးနှစ်ဦးထဲတွင် ရေများက ပြည့်လုပြည့်ငင်။ ညက မိုး အတော်များတယ် ထင်ရဲ့ ဟုတွေးကာ စဉ့်အိုးထဲက ရေတစ်ခွက်ကို ခပ်ယူလိုက်ရင်း မျက်နှာသစ်၊ သွားတိုက်လိုက်သည်။ ရေစိုနေသည့် မျက်နှာကို သုပ်မနေဘဲ တဲလေး၏ ဘယ်ဘက်ခြမ်းကို အဖီထိုးထားသည့် နေရာလေးသို့ လျှောက်လာလိုက်သည်။


တဲလေး၏ အဖီခြမ်းလေးသည် နှင်းပန်းတို့ ထမင်း၊ဟင်းချက်ရာ မီးဖိုချောင်ကလေးဖြစ်၏။ မီးဖိုလေးထဲမှ လက်ကျန်ပြာများကို လက်ဖြင့် သုပ်ဖယ်လိုက်ပြီး ထင်းချောင်းသုံးလေးချောင်း ထိုးထည့်ကာ မီးမွှေးလိုက်သည်။ အညွန့်တလူလူ တက်လာသည့် မီးတောက်လေး၏ အပေါ်သို့ မီးခိုးများ အရိုက်နာမှုကြောင့် မည်းမှောင်နေသည့် ဒယ်အိုးလေးတစ်လုံးကို ကောက်တင်ကာ ဆီဘူးလေးထဲမှ လက်ကျန် ဆီဖင်ကပ်လေးကို သွန်ထည့်လိုက်ရင်း ညနေ မှော်ထဲကအပြန်မှာ ဆီတစ်ဆယ်သားလောက် ဝင်ဝယ်ဦးမှ ဟုစိတ်ထဲ တေးမှတ်လိုက်ကာ ခေါင်းကို ဗြိခနဲနေအောင် ကုပ်ချလိုက်သည်။ 


ဒယ်အိုး၏ အလယ်တည့်တည့်တွင် ‌နေရာယူထားသည့် ဆီများ အနည်းငယ်ပူလာချိန်တွင် နနွင်းမှုန့်အနည်းငယ်ကို ပစ်ထည့်လိုက်ပြီး ညမှ လက်ကျန်ထမင်းကြမ်းခဲလေးကို ဒယ်အိုးထဲ ထည့်ကာ သစ်သားယောက်မနှင့် ဖိချေရင်း ဆီပူထိုးလိုက်သည်။ ဆားနှင့် ဟင်းချိုမှုန့်တို့ကို လက်ဆနှင့် မှန်းကာ ထည့်လိုက်ပြီး တစ်ချက် နှစ်ချက် မွှေပြီးနောက်တွင် ထမင်းကြော်အိုးကို လက်ခုနှင့် ညှပ်ယူကာ ချလိုက်သည်။ အချိန်ကိုက်ထားသည့်အလား မခင်စောသည် နှင်းပန်း ထမင်းကြော်ပြီးချိန်တွင် နိုးလာသည်။

"ဟော်တော်...နှင်းပန်း၊ နိုးနေပြီလား။ ကျွန်မတော့ မနိုးဘူး"

"ခုနကမှ နိုးတာပါ မခင်စောရယ်။ အိပ်ပါစေဆိုပြီး မနှိုးသေးတာ။ အခုပဲ နှိုးတော့မလို့။ ထတော့။ မျက်နှာသစ်ပြီးရင် ထမင်းကြော်စားကြစို့"

နှင်းပန်းက မခင်စောကို စကားလှမ်းပြောနေရင်း ဒယ်အိုးထဲမှ ထမင်းကြော်များကို စတီးပန်းကန်ပြားနှစ်ချပ်ထဲ ခွဲဝေထည့်လိုက်ပြီး မြေပဲဆန်ကြော်ဘူးကို ယူကာ တစ်ဇွန်းစီ ခပ်ထည့်လိုက်သည်။

"ကဲ...လာ၊ စားကြစို့"

မျက်နှာသစ်ပြီး ဝင်လာသည့် မခင်စောကို နှင်းပန်းလှမ်းခေါ်လိုက်သည်။ ဒီတဲအိမ်ကလေးသည် မခင်စော ငှားထားသည့် အိမ်ကလေးဖြစ်သည်။ မခင်စော၏ ဒီအိမ်ကလေးကိုရော၊ ဒီဖားကန့် ဝှေခါရွာကိုရော မခင်စော၏ အဆက်အသွယ်၊ အကူအညီများဖြင့် နှင်းပန်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဘာလိုလိုနှင့် နှင်းပန်းတစ်ယောက် သားပစ်၊ အိမ်ပစ်နှင့် ဖားကန့်သို့ ရေမဆေးကျောက်ရှာသည့် အလုပ်လုပ်ဖို့ထွက်လာခဲ့လိုက်တာ အခုဆိုလျှင် တစ်နှစ်ပင် ရှိရော့မည်။ ကျောက်ရှာရင်း ရသည့် ပိုက်ဆံလေးကို ပျဥ်းမနားမြို့မှာ ကျန်ရစ်ခဲ့သည့် သားလေး ဖယောင်းစီသို့ လှမ်းပို့ရသည်။ မခင်စောလည်း ဘာထူးသေးလို့လဲ။ သူ ရသမျှ ပိုက်ဆံတွေထဲက စားစရိတ်၊ နေစရိတ်လောက်ပဲ ချန်ပြီး သူ့မိသားစုစီကို အကုန်ပို့ရသည်ပဲ မဟုတ်လား။

"နှင်းပန်း၊ ကျောက်ရှာရတာ အဆင်ပြေရဲ့လား"

"သိတဲ့အတိုင်းပေါ့ မခင်စောရယ်။ အခုချိန်အထိတော့ ပြေတယ်လည်း ဘယ်ဟုတ်ပါ့မလဲ။ ကျွန်မဖြင့် အချီကြီး တစ်ခါလောက်ပဲ ရလိုက်ချင်ပါရဲ့ရှင်။ ဒါမှ ကျွန်မသားလေး ဖယောင်းကို ကျူရှင်ကောင်းကောင်း ပို့နိုင်မှာ"

"ဖယောင်းလေးက ဒီနှစ် ကိုးတန်းနော်"

"ဟုတ်ပါ့ မခင်စောရယ်။ ကျွန်မ အခုထိ ကျူရှင်ဖိုး ပိုက်ဆံမပြည့်သေးလို့ ကျွန်မ‌သားလေးကို ကျူရှင်မပို့နိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် အရင်ကထက်စာရင်တော့ ကျွန်မတို့ သားအမိနှစ်ယောက် ချောင်ချောင်လည်လည် ရှိလာပါရဲ့ရှင်။ မခင်စောရဲ့ ကျေးဇူးတွေပါပဲ။ မခင်စောသာ ကျောက်ရှာဖို့ မှော်ထဲဆွဲမခေါ်ရင် ကျွန်မတော့ အကြော်တဲထဲကနေ ထွက်ရမှာကို မဟုတ်ဘူး"

ရေမဆေးကျောက်သမအဖြစ် ဝှေခါရွာသို့ မရောက်ခင်က မခင်စောသည် ပျဉ်းမနားမြို့၏ ကျူးရပ်ကွက်တစ်ခုတွင် တဲထိုးကာ အကြော်ကြော်ရောင်းခဲ့ရသည်။ မခင်စောသည်လည်း နှင်းပန်းတို့ ကျူးတဲတန်းမှာပင် နေထိုင်သူဖြစ်သည်။ ဝှေခါမှော်ထဲမှာ ကျောက်ရှာသည့် မခင်စော၏ ဆွေမျိုးနီးစပ်တော်သူတစ်ဦးနှင့် ချိတ်ဆက်မိကာ မခင်စောက ဝှေခါသို့ ကျောက်အရှာလိုက်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်ခန့်အကြာတွင် မခင်စောတစ်ယောက် ဝှေခါမှ ငွေတစ်ထုပ်ပိုက်ကာ ပြန်ရောက်ချလာသည်ကို အားကျကာ မခင်စော နောက်တစ်ကြိမ် မှော်ထဲအဆင်းတွင် ရပ်ကွက်ထဲမှ လူတစ်ချို့နှင့်အတူ နှင်းပန်းလည်း မှော်ထဲသို့ လိုက်လာခဲ့ခြင်းဖြစ်၏။ 

"ကျောက်ရော ကောင်းကောင်းကြည့်တတ်ပြီလား နှင်းပန်း"

"ရောက်စထက် စာရင်တော့ ကြည့်တတ်လာပြီလို့ ပြောရမှာပေါ့ရှင်။ မခင်စောတို့လောက်တော့ ဘယ်ကျွမ်းပါ့မလဲ"

မခင်စောက နှင်းပန်း၏ ချီးမွမ်းမြှောက်ပင့်အပြောကို သဘောကျသွားကာ ဟန်ပါပါ တစ်ချက်ပြုံး၏။

"ကျွန်မလည်း ရှင့်ထက် တစ်နှစ်ပဲ စောရောက်တာပါ နှင်းပန်းရဲ့။ ကျွန်မက ဒီရောက်ပြီး ခြောက်လလောက်ကတည်းက ကျောက်အကြောင်း ကောင်းကောင်းနားလည်နေပြီ။ ကျောက်ကာလာကိုလည်း ကြည့်ရုံနဲ့ အရည်လား၊ ပန်းကြားလား၊ ချွမ်လား၊ ပဲလား၊ လန့်လား၊ ငချိတ်လား၊ ခုန့်လား၊ မောက်ကြားလား၊ ပေါလိ(ဘော်ဒီသား)လား ခွဲတတ်ပေါ့"

"ဟုတ်မှာပဲ။ ကျွန်မက ပင်ကိုယ်နုံတာလေ။ အဲ့ဒါကြောင့် အတတ်ကြာတာ နေမှာ"

သူတို့ နှစ်ဦးစလုံး စိတ်လွတ်လက်လွတ် ပြိုင်တူ ရယ်မောလိုက်ကြသည်။

"ကဲ...သွားကြစို့ မခင်စောရေ၊ လုပ်ကွက်ထဲ ဆင်းကြစို့။ ခြောက်နာရီထိုးဖို့ ဆယ့်ငါးမိနစ်ပဲ လိုတော့တယ်"

တဲလေး၏ တံခါးဝ သစ်သားဘောင်တန်းတွင် ချိတ်ဆွဲထားသည့် တရုတ်ဖြစ် အညံ့စား နံရံကပ်နာရီကို မော့ကြည့်ရင်း နှင်းပန်းက မခင်စောကို လောဆော်လိုက်သည်။ ထမင်းကြော်ပန်းကန်များကို သိမ်းရင်း စဉ့်အိုးနား သွားပုံထားလိုက်သည်။ မှော်ထဲက ပြန်လာမှပဲ ဆေးတော့မည်။

‌လုပ်ကွက်ထဲဆင်းဖို့ အဝတ်အစားလဲပြီးနောက် နှင်းပန်း သနပ်ခါးသွေးကာ ပါးနှစ်ဖက်ပေါ် ခပ်ထူထူပုံရင်း လက်ညှိုးလေးနှင့် ဆွဲကာ ညှိကာ လိမ်းလိုက်သည်။ ထို့နောက် မခင်စောလိမ်းဖို့အတွက်ပါ နှင်းပန်း သနပ်ခါးသွေးပေးထားလိုက်သည်။ အိပ်ရာနားသို့ ပြန်သွားလိုက်ကာ ခေါင်းအုံးစွပ်ထဲသို့ ထိုးထည့်ထားသည့် သားလေး ဖယောင်း၏ ဓာတ်ပုံလေးကို ထုပ်ကြည့်လိုက်ရင်း သူ့ကို ပြုံးရင်း ကြည့်နေသည့် သားလေး၏ ပါးပြင်လေးကို မြတ်နိုးတမ်းတစွာ နမ်းရှိုက်လိုက်သည်။

လွမ်းလိုက်တာ သားလေး ဖယောင်းရယ်။

ဖယောင်းဆိုသည့် နာမည်နှင့်လိုက်အောင် သားလေးသည် နူးညံ့သည်။ ဖြူဖွေးဝင်းမွတ်နေသည့် အသားအရည်၊ ရှည်လျားသည့် အရပ်အမောင်းနှင့် မျက်နှာကျပုံချောချောကြောင့် ဖယောင်းသည် ရွယ်တူသူငယ်ချင်းများ အကြားတွင် ထင်ရှားကာ ပေါ်လွင်နေတတ်သူဖြစ်၏။ မွေးကတည်းက အဖေဖြစ်သူနှင့် ခပ်ဆင်ဆင်တူသည့် ဖယောင်းသည် အရွယ်ရောက်ကာ လူပျိုပေါက်ကလေးဖြစ်လာချိန်တွင် သူ့အဖေနှင့် တစ်ပုံစံထဲ တူနေတော့သည်။ ခေါင်းထဲသို့ ဖယောင်း၏ အဖေဖြစ်သူ၏ ပုံရိပ်များ ဝင်လာသည့်အခါ နှင်းပန်းသည် ခေါင်းလေးကို ဆက်ခနဲ ခါချပစ်လိုက်သည်။

အို...ဖယောင်းမှာ အဖေဆိုတာ မွေးကတည်းကမှ မရှိတာ။ ဖယောင်းဟာ နှင်းပန်းရဲ့ သားလေး။ နှင်းပန်းတစ်ယောက်တည်းရဲ့ သားလေးပါ။

"လုပ်ကွက်ထဲ မဆင်းခင် ဖယောင်းဓာတ်ပုံကို နေ့တိုင်းထုတ်ထုတ်ကြည့်နေတာ မရိုးဘူးလား တော်ရေ့"

နှင်းပန်း အဆင်သင့်သွေးပေးထားသည့် သနပ်ခါးကို မခင်စောက စိမ်ပြေနပြေထိုင်လူးရင်း လှမ်းအော်ပြောသည်။

"မခင်စောရယ်၊ ကိုယ့်သားသမီးမျက်နှာကို နေ့တိုင်းမြင်ရလို့ ရိုးသွားတဲ့ အမေရယ်လို့ ဘယ်ရှိလိမ့်မတုန်းတော့"

"ဟုတ်ပါပြီတော်"

နှင်းပန်း၏ အပြောကို မခင်စောက ခေါင်း‌လေး တညိတ်ညိတ်နှင့် ထောက်ခံရှာသည်။ မခင်စောမှာ သားသမီးမရှိသည့် မုဆိုးမတစ်ဦးပင် ဖြစ်လင့်ကစား မွေးစားသားသမီးကဲ့သို့ ဖြစ်နေသည့် တူ၊ တူမများတော့ ရှိသေးတာ မဟုတ်လား။ ထို့ကြောင့် နှင်းပန်း၏ ခံစားချက်များကို မခင်စော ကိုယ်ချင်းစာနိုင်ပါလိမ့်မည်။

"ပြီးပြီဆို သွားစို့ မခင်စော"

မခင်စော၏ တဲလေးနှင့် သူတို့၏ လုပ်ကွက်သည် ဆိုင်ကယ်နှင့်ဆိုလျှင် ဆယ်မိနစ်ဝန်းကျင်ခန့်သာ မောင်းရသည်။ လုပ်ကွက်ထဲသို့ နှင်းပန်းတို့ရောက်ချိန်တွင် မနက်ခြောက်နာရီပင် ထိုးနေပြီ။

လုပ်ခွင့်ရ ကုမ္ပဏီက စွန့်ပစ်လိုက်သည့် မြေစာပုံကြီးများသည် တောင်ကြီးများကဲ့သို့ပင် ထုထည်ကြီးမားမြင့်မတ်စွာ တည်ရှိ၍ပင်နေသည်။ စွန့်ပစ်မြေစာပုံများကြားထဲတွင် ရောကပ်ပါလာသည့် ရေမဆေးကျောက်တုံး၊ ကျောက်အစလေးများကို နှင်းပန်းတို့က မြေစာပုံများကို တူးဆွထိုးကော်ရင်း ရှာဖွေရသည်။

လုပ်ကွက်၏ အဝင်ဝတွင် မိုးရာသီသတိပေးကြေညာချက်ကို စိုက်ထူကြေညာထားသည်။ ပိုင်ရှင် ကုမ္ပဏီကတော့ မိုးရာသီဖြစ်၍ မြေပြိုနိုင်သည့် အန္တရာယ်ရှိသဖြင့် လုပ်ငန်းဆောင်တာများကို ရပ်နားထားပြီဖြစ်သည်။

မြေစာပုံကြီးများ၏ အောက်ခြေအနိမ့်ပိုင်း အလယ်တည့်တည့်တွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးရေများ စုပုံခိုအောင်းနေသည်မှာ အရွယ်အစားအလွန်ကြီးမားသော ဧရာမရေအိုင်ကြီးပင် ဖြစ်၍နေပြီ။ လုပ်ငန်းတွေ လည်ပတ်နေချိန်ကတော့ ရေအိုင်ကြီးထဲမှ ရေများကို ကုမ္ပဏီမှ မော်တာများဖြင့် စုပ်ထုပ်ပေးသော်လည်း လုပ်ငန်းများ ရပ်နားလိုက်ကတည်းက ရေစုပ်ယူခြင်းလည်း ရပ်ဆိုင်းသွားခဲ့သည်။ 

နှင်းပန်းစိတ်ထဲတော့ ဒီရေအိုင်ကြီး ဒီရက်ပိုင်းအတွင်း အဆမတန် ကြီးလာသလိုပါပဲ။

"မခင်စောရေ...၊ ရေအိုင်ကြီးက တော်တော်ကြီးလာသလားလို့ပါ"

"ကြီးတာတော့ မပြောနဲ့လေ နှင်းပန်းရဲ့၊ မိုးကလည်း များသကိုးအေ့။ ဟိုတနေ့ကတောင် မန္တလေးက ကိုဝင်းညွန့်တို့ အုပ်စု ပြောနေကြတာ နားစွန်နားဖျားကြားလိုက်သေးတော့။ ‌အိုင်ကြီးက ပေ ၃၀၀နီးပါး ကျယ်သတဲ့။ အရှည်ကလည်း ပေ ၁၀၀၀ ဆိုလား။ အနက်ကိုလည်း အထင်မသေးနဲ့နော်။ လူတစ်ရပ်လောက်တော့ အသာလေး မြုပ်ကရောပဲတဲ့တော့။ နှင်းပန်းရေ သတိလဲထားဦး"

မခင်စောက သူကြားခဲ့ရသမျှကို ချက်နဲ့လက်နဲ့ အာပေါင်အာရင်းသန်သန်နှင့် ပြန်ပြောပြနေလေသည်။ 

"ကျွန်မတော့ ဒီနေ့ အပေါ်ထိ တက်ရှာမယ်လို့ စိတ်ကူးတာပဲ။ ရှင်ရော နှင်းပန်း"

"ကျွန်မကတော့ ထိပ်ထိမလိုက်တော့ဘူး မခင်စောရေ၊ အောက်ပိုင်းနားလေးပဲ ရှာလိုက်ဦးမယ်"

မြေစာပုံကြီး၏ အောက်ခြေပိုင်းနားသည် မြေကျွံနိုင်သည့် အန္တရာယ်ပိုမိုကြီးမားသည့်အတွက် လူတော်တော်များများက အပေါ်ပိုင်းသို့ တက်၍ ရှာဖွေကြသည်က များသည်။ နှင်းပန်းကတော့ လူအရှာနည်းသည့် နေရာများတွင် ကျောက်ကောင်းလေးများ ရလိုရငြား စိတ်ကူး၍ အောက်ပိုင်းမှာသာ ကျန်ရစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်သည်။

"ပြီးရော...ပြီးရော။ ဒါဖြင့် ကျွန်မသွားပြီနော်။ သတိလည်း ထားဦး နှင်းပန်း"

မခင်စောက ကွမ်းယာ တမြုံ့မြုံ့ဝါးရင်း ကွမ်းချိုးတက်ကာ ရဲနီနေသည့် သွား‌များပေါ်အောင် ရယ်ပြရင်း လက်ပြနှုတ်ဆက်ကာ မြေစာပုံကြီး၏ အပေါ်ပိုင်းသို့ တက်သွားတော့သည်။ နှင်းပန်းလည်း ခြေချထားသည့် နေရာတွင် ထိုင်ချလျက် ပေါက်ဆူးတစ်ချောင်းနှင့် မြေစာများကြားသို့ ထိုးဖွကော်မွှေရင်း တွေ့သမျှ ကျောက်တုံးကလေးများကို တတောက်တောက်ခေါက်ကြည့်ရင်း ကျောက်ရှာလိုက်၏။

ဖယောင်း...။ သားလေး ဒီအချိန်ဆို အိပ်နေလိမ့်ဦးမည်ထင်သည်။ စနေနေ့ ဖြစ်သည့်အတွက် ကျောင်းပိတ်သည်ပဲလေ။

"မေမေ...၊ စိတ်မပူပါနဲ့၊ သား...နေကောင်းပါတယ်။ ကျောင်းလဲ ပုံမှန်တက်တယ်။ စာလဲလိုက်နိုင်ပါတယ်။ ပြီးတော့ အိမ်ရှင် ဦးခန့်ကြည်စီမှာ ခဲပန်းချီသင်နေတာ တော်တော််တောင် ဆွဲတတ်နေပြီ မေမေရဲ့။ မေမေ ဒီတခေါက် မှော်ထဲကနေ ပြန်လာရင် မေမေ့ပုံတူလေးကို ဖယောင်း ဆွဲပေးမယ် သိလား မေမေ"

"မေမေ...သားကို ကျူရှင်ထားပေးမယ်နော်"

"ကျူရှင် တက်စရာ မလိုပါဘူး မေမေရဲ့။ သား စာတွေ လိုက်နိုင်ပါတယ်ဆို"

"‌ဒါပေမယ့် မေမေက သားကို ဆယ်တန်းကျရင် ဂုဏ်ထူးတွေနဲ့ အောင်စေချင်တာလေ။ ကိုးတန်းစာတွေ ကြေမှ ဆယ်တန်းမှာ အခက်အခဲမရှိမှာပေါ့။ မဖြစ်ပါဘူး...ငါ့သားကို ကျူရှင်ထားမှပါ"

သားလေးနှင့် နောက်ဆုံးအကြိမ် ဖုန်းပြောဖြစ်စဉ်က သားလေးဖယောင်း ပြောခဲ့သည့် စကားများကို နှင်းပန်း ကျောက်ရှာရင်း ပြန်လည်ကြားယောင်နေသည်။ 

ဝုန်းခနဲ ရုတ်တရက် ကြားလိုက်ရသည့်အသံကြီးကြောင့် သားလေး ဖယောင်းဆီ ပျံ့လွင့်‌နေသည့် နှင်းပန်း၏ စိတ်များ ထိတ်ခနဲဖြစ်ကာ လန့်ဖြန့်သွားရသည်။ အသံကြားရာဆီ နှင်းပန်း လှည့်ကြည့်လိုက်တော့ သူ ကျောပေးထားရာ အရပ်တစ်ဖက်ဆီမှ မြေစာပုံကြီးတစ်ပုံ ပဲ့ခနဲ ပြိုကျနေသည့် မြင်ကွင်းဆိုးကြီးကို မြင်လိုက်ရတော့သည်။ 

နှင်းပန်းတစ်ကိုယ်လုံး ရေနွေးပူနှင့် လောင်းချခံလိုက်ရသလို ပူခနဲ ဖြစ်သွားသည်။ ‌ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး မြေစာပုံကြီး၏ အပေါ်တက်ရာလမ်းဆီသို့ လွှားခနဲ ပြေးလိုက်သည်။ နှင်းပန်း မြေစာပုံကြီးအပေါ်သို့ ပြေးတက်နေချိန်မှာပင် တစ်ဖက်မှ ပြိုကျလာသည့် မြေစိုင်မြေခဲများသည် ရေအိုင်ကြီးထဲသို့ အရှိန်အဟုန်ပြင်းစွာ ထိုးကျသွားတော့သည်။

ရေမဆေးကျောက်သမားများ၏ ကြောက်လန့်တကြား အော်ဟစ်နေသံများကို ရေအိုင်ကြီးဆီမှ ထွက်ပေါ်လာသည့် မြေစိုင်ကျောက်ခဲတုံးကြီးများ ရေထဲသို့ ဗွမ်းခနဲ ထိုးကျသွားသည့် အသံကြီးက ဖုံးလွှမ်းဝါးမြိုပစ်လိုက်သည်။

ကျောက်စိုင်ခဲကြီးများနှင့် မြေစာခဲတို့၏ အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်ထိုးနှက်မှုကြောင့် ရေအိုင်ကြီးအတွင်းမှ ရေများသည် ပင်လယ်ကမ်းခြေမှ လှိုင်းလုံးများအသွင် မြင့်တက်လာကာ ကန်ရေစပ်အနီးက အော်ဟစ်ပြေးလွှားနေသည့် ကျောက်သမားများကို ပုတ်ခတ်ထိုးနှက်ကာ ရေလှိုင်းများနှင့်အတူ ရေကန်ကြီးထဲသို့ ဆွဲချသွားတော့သည်။ 

ထိုအချိန်မှာပင် ဝုန်းခနဲ မြည်သံကြီး တစ်ခုကို ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းစွာ ထပ်မံကြားလိုက်ရသည်။

"ဟာ...နောက်ထပ် ပြိုပြန်ပြီဟေ့...၊ ပြေးကြ...ပြေးကြ!!!..."

လူများ၏ သွေးရူးသွေးတန်း အော်ဟစ်သံများနှင့်အတူ ကမ္ဘာကြီး ပြိုသွားသလို ဝုန်းခနဲ မြည်သံကြီးသည် ကြောက်ခမန်းလိလိ ပေါ်ထွက်လာပြန်ကာ လှိုင်းထန်နေသည့် ရေအိုင်ကြီးထဲသို့ နောက်တစ်ကြိမ် ဆင်းချသွားပြန်သည်။

ပေပေါင်းများစွာ အမြင့်မှ အရှိန်အဟုန်ပြင်းစွာ ဒုတိယအကြိမ် ပြိုကျလာသည့် ကျောက်စိုင်ခဲများ၏ ရိုက်ခတ်ဒဏ်ကြောင့် လှုပ်ခတ်နေသည့် ရေအိုင်ကြီးအတွင်းမှ ရေများသည် လှိုင်းလုံးကြီးများအသွင် မြင့်တက်လှုပ်ရှားလာပြန်ကာ တဝေါဝေါမြည်ဟီးလျက် မြေစာပုံ၏ ပေ(၇၀)ဝန်းကျင်အထိ ရိုက်ခတ်ထိုးချလိုက်ပြန်ကာ ရှိရှိသမျှ အရာများကို ရေကန်ကြီးထဲသို့ ဆွဲချသယ်ယူသွားပြန်သည်။

ကမ္ဘာပျက်မတတ် သွေးရူးသွေးတန်း ဆူညံအော်ဟစ်နေမှုများသည် ရေအိုင်ကြီး၏ ရေလှိုင်းလုံးကြီးများအကြားတွင် မျက်စိတမှိတ်အတွင်း နစ်မြှုပ်ပျောက်ကွယ်သွားရတော့သည်။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
                                           🌹ခက်ဆစ် 🌹


rate now: