တီ တီ… တီ တီ တီ…
မြန်မာကဗျာ၏ စကားပြေတစ်ပုဒ်ကို ကျက်မှတ်နေရင်း ရုတ်တရက် ထမြည်လာသည့် ကြိုးဖုန်းအသံလေးကြောင့် ဖယောင်း ထိတ်ခနဲပင် လန့်သွားရသည်။ ဒီဖုန်းအသံနဲ့တော့ ဖယောင်း ဘယ်တော့မှ အသားကျမည် မထင်။ လိုအပ်သည်ထက် ပိုကျယ်နေသည့် ထိုဖုန်းသံကို ကြားလိုက်ရချိန်တိုင်း ဖယောင်း နှလုံးခုန်နှုန်းတွေ မြန်လာသည့်အထိ ထိတ်ထိတ်လန့်လန့် ဖြစ်ရ၏။
“Hello…Housekeeping ငါးလွှာကပါ…”
“Hello…Reception ကပါ၊ 504 Check-out လုပ်ပါမယ်”
Reception မှ ထိုအသံသည် ဖယောင်း မရင်းနှီးသေးသည့် ဝန်ထမ်းသစ်ကောင်လေး၏ အသံဖြစ်သည်။
အယ်…မေ့လို့။ ကောင်လေး ဘယ်ဟုတ်ပါ့မလဲ။ ဖယောင်းထက် အသက်တစ်နှစ်ကြီးသည်လို့ ကိုကြီးမိုးစွေ ပြောပြပြီးလို့ သိခဲ့ရပြီပဲ။ ဒါဆို… ဝန်ထမ်းသစ်အစ်ကို လို့ သုံးနှုန်းမှ သင့်တော်တော့မပေါ့။
ဖယောင်း ကိုယ့်အတွေးကိုယ် သဘောကျကာ ခိခနဲ တစ်ချက်ရယ်လိုက်ရင်း အခန်း နံပါတ် ၅၀၄ ဆီသို့ ဦးတည်၍ အပြေးတစ်ပိုင်း လျှောက်သွားလိုက်သည်။ ဧည့်သည်များကတော့ အခန်းထဲမှ ထွက်သွားပြီးပြီ ထင်သည်။ အခန်းတံခါးသည် ပွင့်လျက်သားနှင့် ရှိနေခဲ့၏။
Check-out အခန်းထဲသို့ ဝင်ဝင်ချင်းတွင် ဖယောင်း၏ ထုံးစံအတိုင်း မွေ့ရာပေါ်က ခေါင်းအုံးလေးများအပေါ်သို့ မျက်လုံးများက အရင်ရောက်သွားသည်။ ခေါင်းအုံးပေါ်တွင် ပိုက်ဆံနှင့်တူတာဆိုလို့ စက္ကူစပင် ရှိမနေခဲ့။ ဖယောင်း နှုတ်ခမ်းလေးတစ်ချက် တွန့်လိုက်ပြီး စစ်ဆေးစရာရှိသည်များကို စတင်စစ်ဆေးလိုက်သည်။
အရင်ဦးဆုံး မွေ့ရာပေါ်ကို စစ်ဆေးရသည်။ မွေ့ရာပေါ်တွင် လုံးတင်ထားသည့် စောင်ကို ဖယောင်း မ,ယူကာ မျက်လုံးကစားလျက် ကြည့်ရင်း စစ်လိုက်သည်။ အိပ်ရာခင်းများနှင့် စောင်များအပေါ်တွင် အစွန်းအထင်း ရှိမရှိကို စစ်ဆေးရခြင်းဖြစ်သည်။ ထို့နောက် မှန်တင်ခုံကို စစ်ဆေးရသည်။ မှန်တင်ခုံ အန်ဆွဲထဲက Hair Dryer ရှိ မရှိကိုလည်း ရှာဖွေရသည်။ မှန်တင်ခုံပေါ်က ရေနွေးအိုးကိုလည်း မျက်စိရှင်ရှင်နှင့် ကြည့်လိုက်ရသေးသည်။ ဒါတွေ စစ်ပြီးတော့ Coffee Table ဆီသို့ သွားကာ ကော်ဖီခွက်များ ကွဲအက်ပျက်ဆီးခြင်း ရှိ၊ မရှိ၊ ကော်ဖီခွက်နှင့် အောက်ခံပန်းကန်ပြားနှင့် ကော်ဖီဖျော်သည့် ဇွန်းများ စုံလင်မှု ရှိ၊ မရှိတို့ကို စစ်ဆေးရပြန်သည်။ ပြီးလျှင် အခန်းအတွင်းက Mini Bar (ရေခဲသေတ္တာငယ်)ကို စစ်ဆေးရသည်။ ဖယောင်းတို့ ထည့်ထားသည့် ရေဘူးအရေအတွက်၊ အချိုရည်ဘူး အရေအတွက် အတိုင်း ရှိ၊ မရှိကို ရေတွက်၍ စစ်ရသည်။ ရေဘူးများနှင့် အချိုရည်ဘူးများကို စစ်ရာတွင် ဘူးအဖုံး၏ ပါကင်ပိတ်အရာ ပျက်မပျက်အထိပါ အသေးစိတ်စစ်ရ၏။ တချို့သော ဧည့်သည်များသည် ရေဘူးနှင့် အချိုရည်ဘူးများကို ဖောက်သောက်ပြီး မဖောက်ထားသည့်ပုံစံနှင့် ခြေရာလက်ရာမပျက် ပြန်ထားတတ်ကြ၍ ဖြစ်သည်။ Mini Bar ကို စစ်ဆေးပြီးချိန်တွင်တော့ အိပ်ခန်းထဲတွင် စစ်ဆေးစရာ ကုန်သွားပြီ။ ထို့ကြောင့် ရေချိုးခန်းဆီသို့ ဝင်သွားလိုက်သည်။
ရေချိုးခန်းတွင် အဓိက စစ်ဆေးရသည်မှာ ရေချိုးခန်းသုံး တဘတ်များ အစုံအလင် ရှိ၊ မရှိပင် ဖြစ်သည်။ ရှိပြန်လျှင်လည်း တဘတ်များတွင် အစွန်းအထင်း ပေ၊ မပေကိုလည်း စစ်ရပြန်သည်။ ထို့နောက် ရေပန်းများ၏ ခလုပ်များ ပျက်ဆီးသလား၊ ဘိုထိုင် ကမုတ်အိုး၏ အဖုံးတွေ ကွဲပျက်သလား၊ ထို့အပြင် ရေချိုးခန်းသုံး ဖိနပ်များ အစုံအလင် ရှိ၊ မရှိကအစ အသေးစိတ် စစ်ဆေးရသည်။ သွားတိုက်ပြီးချိန်တွင် ပလုပ်ကျင်းရန် ဘေစင်ပေါ် တင်ထားပေးသည့် ဖန်ခွက်နှစ်ခွက် အကောင်းအတိုင်း ရှိ၊ မရှိကိုလည်း စစ်ဆေးရပြန်သည်။ ဒါတွေ အကုန်စစ်ပြီးပြီ ဆိုမှသာ Check-out အခန်းတစ်ခန်းကို Housekeeper တစ်ယောက် စစ်ဆေးခြင်း တာဝန်ကဏ္ဍသည် ပြီးဆုံးသွားပြီဟု ဆိုနိုင်သည်။
ဖယောင်း အလုပ်ဝင်ကာစကဆို Check-out အခန်းတစ်ခန်းကို စစ်လျှင် နှစ်မိနစ်နီးပါး ကြာတတ်သည်။ အခုတော့ တစ်မိနစ် မပြည့်ခင် လေးဆယ့်ငါး စက္ကန့်လောက်နှင့် အခန်းတစ်ခန်းကို ဖယောင်း ကျွမ်းကျင်စွာ စစ်ဆေးနိုင်ပြီဖြစ်သည်။ အခန်းစစ်ဆေးခြင်း ကဏ္ဍပြီးလျှင် ပြန်လည်သတင်းပို့တင်ပြရခြင်း တာဝန်က Housekeeper တစ်ယောက်ထံတွင် ကျန်နေသေးသည်။ ထို့ကြောင့် မွေ့ရာဘေးက စားပွဲခုံပေါ်မှာ တင်ထားသည့် ကြိုးဖုန်းလေးဆီသို့ သွားလိုက်ကာ Reception ၏ ဖုန်းလိုင်းနံပါတ်ကို နှိပ်လိုက်သည်။
“Hello…Cupid Hotel Reception ကပါ…”
ဒီတစ်ခေါက် ဖုန်းဖြေသူမှာတော့ ကိုကြီးမိုးစွေဖြစ်သည်။
“ဖယောင်းပါ ကိုကြီး၊ 504 All Clear ပါနော်…”
All Clear ဆိုသည်မှာ အခန်းအတွင်း ပြစ်ချက်တစ်ခုမရှိ၊ Mini Bar လည်း သုံးစွဲထားခြင်းမရှိ ဟု ဆိုလိုခြင်းဖြစ်သည်။
“အိုကေ…ဖယောင်း”
ဖယောင်း ဖုန်းလေးကို ညင်သာစွာ ချလိုက်ကာ တစ်ခါတည်း အခန်းရှင်းဖို့ စတင်လုပ်ဆောင်လိုက်သည်။
အခန်းရှင်းရင်းနှင့် တစ်ခါတည်း ရေချိုးလိုက်မည်ဟု တွေးကာ အထပ်ဗီရိုထဲမှ အိပ်ရာခင်းအသစ်များ၊ တဘတ်အသစ်များနှင့် လိုအပ်သည့် ဟိုတယ်အခန်းသုံး ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်လာလိုက်သည်။
အရင်ဆုံး အိပ်ခန်းကို တံမြက်စည်းလှည်း၊ ကြမ်းတိုက်ရသည်။ ဖယောင်းတို့ ငါးလွှာသည် ပါကေးခင်းအခန်းများ ဖြစ်၍ (၈)ထပ်နှင့် (၉)ထပ်လောက်တော့ အလုပ်မရှုပ်။ ထိုအထပ်များသည် ကောဇောခင်း အခန်းများဖြစ်သဖြင့် တံမြက်စည်းလှည်းရုံနှင့် မပြောင်၍ ဖုန်စုပ်စက်ကိုပါ အသုံးပြုပြီး ဖုန်စုပ်ရသေးသည်။ ပါကေးကြမ်းပြင်များကို ပြောင်လက်နေအောင် ကြမ်းတိုက်အပြီးတွင် ရေချိုးခန်းအတွင်းသို့ ဝင်ကာ အခန်းသန့်ရှင်းရေးကို အရင် လုပ်လိုက်သည်။ ပြီးမှ ဖယောင်း ရေချိုးလိုက်သည်။ ရေချိုးလိုက်ရ၍ မိုးရေဆွတ်ဖြန်းခြင်းကို ခံလိုက်ရသည့် နှင်းဆီပန်းလေးတစ်ပွင့်နှယ် ဖယောင်း လန်းဆန်းလတ်ဆတ်လာသည်။
ဖယောင်း ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီး အိပ်ရာခင်းအသစ်များကို သေသပ်လှပစွာ ခင်းကျင်းလိုက်သည်။ ဖယောင်း၏ အိပ်ရာခင်းလက်ရာသည် အလုပ်ဝင်ကာစ အချိန်များထက် ပုံကျသေသပ်နေခဲ့ပြီ ဖြစ်သည်။ အခန်းအတွင်းမှ လိုအပ်သည့် ပစ္စည်းများကို ဖြည့်စွက်ပေးအပြီး ဖယောင်း ရှင်းထားသည့် အခန်းလေးကို နောက်ဆုံး တစ်ခေါက် စစ်ဆေးကြည့်လိုက်သေး၏။ အားလုံး ပြည့်စုံပြီဆိုတာ သေချာသွားမှ ဖယောင်း စိတ်ကျေနပ်စွာ တစ်ချက်ပြုံးလိုက်ပြီး အခန်းတံခါးကို ညင်သာစွာ ပိတ်ထားခဲ့လိုက်သည်။ ဖယောင်း အခန်းရှင်းပြီးချိန်တွင် ညရှစ်နာရီ ထိုးခါနီးပြီ ဖြစ်သည်။
ငါးလွှာထောင့်က ဖယောင်း၏ အလုပ်စားပွဲလေးမှာ ထိုင်ကာ မြန်မာစကားပြေစာအုပ်ကို ထုတ်ပြီး စကားပြေ တစ်ပုဒ်ကို ကျက်မှတ်နေလိုက်သည်။ ထိုအချိန်အထိ ဖယောင်း၏ ဘဝလေးသည် ပုံမှန်အတိုင်း လည်ပတ်စီးဆင်းလျက် ရှိနေခဲ့သည်။ ဖယောင်းသည် မြန်မာစာကျက်ရင်း လေကောင်းလေသန့် ရှုရှိုက်နိုင်ရန်အတွက် စားပွဲဘေးမှ မှန်ပြတင်းပေါက်လေးကို ဘေးသို့ တွန်းဖွင့်လိုက်သည်။ ပြတင်းမှတဆင့် တိုးဝင်လာသည့် လေနုအေးကလေးများသည် ဖယောင်း၏ မျက်နှာလေးကို ပွတ်သပ်တိုးဝှေ့သွားသည်။ လေပြေလေးများ၏ တိုက်ခတ်တွန်းထိုးမှုကြောင့် ဖယောင်း၏ ဆံနွယ်ပျော့ပျော့ကလေးများ လွင့်လူးခါရမ်းသွားသည်။ ဖယောင်းသည် ပြတင်းပေါက်ဘက်သို့ မျက်နှာပေးကာ မျက်လုံးလေးများကို မှိတ်ထားလိုက်ရင်း လေနုအေးလေး၏ အထိအတွေ့များကို ခံစားနေလိုက်သည်။ လေပြေများ တိုက်ခတ်ဆော့ကစားနေခြင်းသည် မုန်တိုင်းတစ်ခုကို အစပျိုးနေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်လား။ ဖယောင်း၏ ဘဝကို တစ်စစီ ချိုးဖဲ့ဖျက်ဆီး ဝါးမြိုနင်းခြေပစ်မည့် မုန်တိုင်းတစ်စင်းသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အဝင်ဖုန်းခေါ်ဆိုမှု တစ်ခုမှ အစပျိုးခဲ့ခြင်းဖြစ်ပါသည်။
တီ တီ…တီ တီ တီ…
ရုတ်တရက် ထမြည်လာသည့် ဖုန်းသည် မျက်လုံးလေးများ မှိတ်ရင်း လေညှင်းခံနေသည့် ဖယောင်းကို ဗြုန်းခနဲ ရိုက်နှိုးလိုက်သည့်အတိုင်း ဖယောင်း အထိတ်ထိတ်အပြာပြာ ဖြစ်သွားသည်။
အိုး…လန့်လိုက်တာ…
ဖယောင်း တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက် အဆက်မပြတ် မြည်နေသည့် ဖုန်းအား ကိုင်လိုက်ရသည်။
“ဟဲလို…ငါးလွှာကပါ…”
“ညီလေး ဖယောင်းရေ…၊ ညီလေး 501က ဧည့်သည်တစ်ယောက် Lift နဲ့ အပေါ်တက်သွားတယ်။ အဲ့ဒါ အခန်းသော့မပါလို့ ဖွင့်ပေးလိုက်ပါဦးနော်။ ပြီးတော့ အရက် မူးနေလို့ တွဲခေါ်သွားပေးလိုက်ပါဦး”
“ဟုတ်ကဲ့ ကိုကြီး”
501 ကဆိုလျှင် မမဂျူးတို့ ပြောခဲ့တဲ့ မန္တလေးက ကျောက်လုပ်ငန်းလုပ်တယ်ဆိုတဲ့ သူဌေးကြီးပေါ့။ အခန်းထဲ ပြန်လာပြီဆိုတော့ ဂုဏ်ပြုညစာစားပွဲ ပြီးသွားပြီများလား။
ဖယောင်း အတွေးတို့ကို ရုပ်သိမ်းလိုက်ကာ ဓာတ်လှေကားရှိရာဆီ အပြေးအလွှား သွားလိုက်သည်။ အခန်းသော့ကတော့ တကူးတက ယူနေစရာမလိုပါ။ ဖယောင်း၏ ယူနီဖောင်း အင်္ကျီအိတ်ကပ်ထဲမှာ ငါးလွှာက အခန်းများ အားလုံးကို ဖွင့်နိုင်သည့် Master Key ရှိနှင့်နေပြီးသား ဖြစ်၏။ ဓာတ်လှေကား အပေါက်၏ ဘေးနားလေးမှာ ဖယောင်း ရပ်နေရင်း အသင့်စောင့်နေလိုက်၏။ စက္ကန့်ပိုင်းမျှ အကြာမှာတော့ ဓာတ်လှေကား၏ တံခါးနှစ်ချပ်သည် ညင်သာစွာ ပွင့်၍လာသည်။
ဓာတ်လှေကားပွင့်သွားခြင်းနှင့်အတူ ဖယောင်း အရင်ဆုံး သတိပြုမိလိုက်တာက ဖယောင်း၏ နှာခေါင်းများထဲသို့ တိုးဝှေ့လာသည့် ရေမွှေးနံ့ ခပ်ပြင်းပြင်း။
“မင်္ဂလာပါ ခင်ဗျာ…လူကြီးမင်းကို ဖယောင်း အခန်းထဲလိုက်ပို့ပေးပါမယ် ခင်ဗျာ”
ဖယောင်း ကိုယ်လေးကို ကိုင်းညွတ်ကာ အရိုအသေပေးလိုက်သည်။ ဓာတ်လှေကား၏ နံရံကို ကျောမှီရင်း လိုက်ပါလာသည့် ဧည့်သည်မှာ ခေါင်းငိုက်စိုက်ကျလျက်ရှိရာမှ ဖယောင်း၏ အသံကြားလိုက်တော့ ကိုယ်ကို မတ်မတ်ပြင်ရပ်လိုက်သည်။ သို့သော် ဧည့်သည်မှာ အရက်၏ အရှိန်များကြောင့် ဟန်ချက်ပျက်ကာ ယိုင်ထိုးသွားသည်။
“အဆင်ပြေရဲ့လား ခင်ဗျာ”
ဖယောင်း ဓာတ်လှေကားထဲ အပြေးသွားလိုက်ပြီး ဧည့်သည်၏ ညာဘက်လက်ကို ဆွဲယူကာ ဖယောင်းပခုံးပေါ် တင်လိုက်ပြီး ဆွဲပွေ့ထူမတ်ပေးလိုက်သည်။
“Thanks…”
ဧည့်သည်သည် ကျေးဇူးတင်စကားကို မြန်မာလို မပြောဘဲ အင်္ဂလိပ်ဘာသာစကားကိုသာ သုံးနှုန်းသည်။ သူ့၏ တစ်ကိုယ်လုံးသည် ဖယောင်းအပေါ် မှီခိုထားသည့်အတွက် ဖယောင်း၏ ခြေလှမ်းများတောင် လေးလံယိုင်ထိုးချင်လာသည်။ အခန်းထဲသို့ရောက်တော့ ဧည့်သည်ကို မွေ့ရာပေါ် ညင်သာစွာ တင်ပေးဖို့ ဖယောင်း ကြိုးစားလိုက်သည်။ မွေ့ရာပေါ် ရောက်သည်အထိ ဧည့်သည်၏ မျက်လုံးများသည် ပိတ်လုမတတ် မှေးစင်းရီဝေလျက်ရှိသည်။ ထို့ကြောင့် ဖယောင်း တိတ်ဆိတ်စွာသာ အခန်းထဲမှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
“ဟေး…နေဦး၊ ကိုယ့်ကို တခုကူညီပေးစမ်းပါ”
အခန်းထဲမှ ထွက်ခွာဖို့ ခြေလှမ်းနေသည့် ဖယောင်းသည် ဧည့်သည်၏ စကားကြောင့် တန့်ခနဲ ရပ်သွားရသည်။ ဧည့်သည်၏ လေသံသည် ခပ်မာမာနှင့် အထက်စီးလေသံမျိုးဖြစ်သည့်အတွက် မောက်မာမယ့်ပုံပဲဟု ဖယောင်း မှတ်ချက်ချလိုက်သည်။ အို…ပိုက်ဆံရှိတဲ့ သူ တော်တော်များများက မောက်မာတတ်ကြတာပဲလေ။ ဒါ…ဘာများ ထူးဆန်းလို့လဲ။
“ဟုတ်ကဲ့ခင်ဗျာ…၊ ဘာများ အကူအညီပေးရမလဲ ခင်ဗျာ”
“ကိုယ့် အဝတ်အစားတွေကို လဲပေးစမ်းပါ”
အိုး…၊ ဒါ ဖယောင်း ကိစ္စမှ မဟုတ်တာ။ ဧည့်သည်တစ်ယောက်ကို အဝတ်အစားလဲပေးဖို့ တာဝန်ဟာ ဖယောင်းတို့လို့ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်၏ ဝတ္တရားများထဲတွင် မပါဝင်ပါ။ ဒါပေမယ့်… ဧည့်သည်တစ်ယောက်၏ စိတ်ကျေနပ်မှုကို အပြည့်အဝရရှိစေဖို့ ထမ်းဆောင်ရမည့် ဟိုတယ်ဝန်ထမ်းတစ်ယောက်၏ တာဝန်များသည်တော့ ဖယောင်း၏ ပခုံးပေါ်တွင် အပြည့်အဝ ထမ်းထားရသည် မဟုတ်လား။
“ဟုတ်ကဲ့ လူကြီမင်း။ ဒါဆို ခဏလောက် ထိုင်ပေးပါဦးနော်”
အင်္ကျီချွတ်ရတာ ပိုမိုလွယ်ကူစေဖို့ ဧည့်သည်ကို ဖယောင်း ထူမတ်ပေးလိုက်သည်။ ဧည့်သည်က ဖယောင်း ပွေ့ခေါ်ရာသို့ အလိုက်သင့်ပါလာပြီး မွေ့ရာပေါ် ထိုင်လိုက်သည်။ ဖယောင်းက ဧည့်သည်၏ နောက်ကျောဘက်မှနေ၍ အပေါ်မှ ထပ်ဝတ်ထားသည့် ကုပ်အင်္ကျီကို ချွတ်ပေးလိုက်သည်။ ထို့နောက် အရှေ့ဘက်သို့ ပြန်သွားလိုက်ကာ ရှပ်အင်္ကျီများ၏ ကျယ်သီးများကို ဖြုတ်ပေးလိုက်သည်။
ထိုအချိန်တွင် မှေးစင်းရီဝေနေသည့် ဧည့်သည်၏ မျက်လွှာများသည် ခပ်ဟဟပွင့်လျက် ဖယောင်းကို အကဲခတ်သလို စူးစိုက်ကြည့်လေ၏။ ထို့နောက် ဖယောင်းကို ကြည့်နေသည့် ဧည့်သည်၏ မျက်ဝန်းများသည် အံ့အားသင့်မှုအရိပ်အယောင်များနှင့် လဲ့ခနဲ ဖြစ်သွားသည်ကို ဖယောင်း သတိပြုမိလိုက်သည်။
“ဟင်…အိမ်…၊ မင်း အိမ်မလား။ အိမ် ရယ် မင်းကို ငါ ဘယ်လောက် လွမ်းနေခဲ့ရလဲ မင်းသိလား”
ဧည့်သည်သည် ဖယောင်းကို စူးစိုက်စွာ ကြည့်လျက် ကယောင်ကတမ်း ရေရွတ်ရင်း ဖယောင်းကို ဆွဲပွေ့ဖက်သိုင်းထားလိုက်သည်။
“ဟာ…လူကြီးမင်း၊ လူမှားနေပြီ ခင်ဗျ”
ဖယောင်း၏ စကားများကို ဧည့်သည်မကြားတာလား၊ ဒါမှမဟုတ် ဂရုမပြုတာလား ဖယောင်း မသိ။ ဖယောင်းကို တင်းကျပ်စွာ ဖက်သိုင်းထားသည့် ဧည့်သည်၏ လက်များအကြားမှ ဖယောင်း ရုန်းကန်လိုက်သည်။ သို့သော် ဧည့်သည်၏ ခွန်အားကို ဖယောင်း တွန်းလှန်၍ မရဘဲ ဖြစ်နေလေ၏။
“အိမ်ရာ…၊ ငါ မင်းကို ဒီတစ်သက် မတွေ့ရတော့ဘူးလို့ ထင်နေတာ”
ဖယောင်းကို သိုင်းဖက်ထားသည့် ဧည့်သည်၏ လက်များသည် ရုတ်တရက် ဖယောင်း၏ ပါးပြင်နှစ်ဖက်ကို ရုန်းမရအောင် ကိုင်ထားလိုက်ပြီး ဖယောင်း၏ နှုတ်ခမ်းများကို ဧည့်သည်သည် စုပ်ယူနမ်းရှိုက်တော့သည်။ ဖယောင်း ကြောက်လန့်သွားကာ ဧည့်သည်ကို ဗြုန်းခနဲ တွန်းလွှတ်လိုက်သည်။ ဧည့်သည်သည် နောက်သို့ တစ်ချက် ယိုင်သွားကာ ဟန်ချက်ပျက်သွားသည်။ ဖယောင်းလည်း ဝုန်းခနဲ ထရပ်ကာ အခန်းထဲမှ ပြေးထွက်ဖို့ ခြေလှမ်းလိုက်သည်။ သို့သော်…ဖယောင်း၏ လက်တစ်ဖက်သည် အရှိန်ပြင်းစွာ ဗြုန်းခနဲ ဆောင့်အဆွဲခံလိုက်ရ၍ ဟန်ချက်ပျက်ကာ မွေ့ရာပေါ်ရှိ နှင်းဆီပန်းစည်းအပေါ်သို့ ဖိလျက်သား နောက်လန်လဲကျသွားသည်။ ဧည့်သည်သည် မွေ့ရာပေါ် ပက်လက်လဲကျသွားသည့် ဖယောင်းအပေါ်သို့ သူ့ကိုယ်လုံးနှင့် တက်ခွဖိနှိပ်ထားလိုက်ပြီး ဖယောင်း၏ လက်များကိုလည်း သူ့လက်များနှင့် ဆွဲကိုင်ဖမ်းဆုပ်ထားသည်။ ဖယောင်း၏ ကျောအောက်မှ နှင်းဆီပန်းစည်းသည်လည်း လူနှစ်ယောက်စာ အလေးချိန်၏ ဖိနှိပ်ထားခံရမှုကြောင့် တစစီ ကြေမွပဲ့ကြွေသွားတော့သည်။
“အိမ်ရယ်…၊ ဒီတစ်ခါတော့ ကိုယ် မင်းနဲ့ မဝေးပါရစေနဲ့…”
“ဒီမှာခင်ဗျ…သတိထားပါဦး…။ ကျွန်တော် လူကြီးမင်းပြောတဲ့ အိမ် မဟုတ်ဘူး”
ဖယောင်း ငြင်းဆန်သော်လည်း ဖယောင်း၏ စကားများကို ဧည့်သည်နားဝင်ပုံမရပါ။ အိမ်…ဟုသာ တမ်းတရေရွတ်နေတော့သည်။ ဖယောင်း အားကုန်သုံးကာ ရုန်းကန်ရင်း ထဖို့ကြိုးစားပေမယ့် ဧည့်သည်၏ တစ်ကိုယ်လုံးခွန်အားနှင့် ဖိနှိပ်ထားမှုတွင် ရုန်းထွက်မရဘဲဖြစ်နေခဲ့သည်။
“အိမ်…ငါ မင်းကို သိပ်ချစ်တယ်။ သိပ်ချစ်တယ်ကွာ…”
ဖယောင်း၏ မျက်နှာနုနုကလေးပေါ်သို့ တရစပ်ကျလာသည့် ကြမ်းတမ်းသည့် အနမ်းများအကြား ဖယောင်း အသက်ရှုပင် ကြပ်လာသည်။ ထို့နောက် ဖယောင်း၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ဗြုန်းခနဲ ဆွဲချွတ်လိုက်သည်။ လူကြီးတစ်ယောက်၏ ခွန်အားကို ကိုးတန်းကျောင်းသားကလေးအရွယ် ဖယောင်း ဘယ်လိုနည်းနဲ့မှ မတွန်းလှန်နိုင်တော့ပါ။ ရှိသမျှ ခွန်အားလေးနှင့် ရုန်းကန်နေရင်း နောက်ဆုံးမှာတော့ လက်လျှော့အရှုံးပေးလိုက်ရတော့သည်။ မျက်လုံးများကို ခပ်တင်းတင်းစေ့ပိတ်ထားလျက် အောက်နှုတ်ခမ်းလေးကို သွားဖြင့် ဖိကိုက်ထားလိုက်သည်။ မိမိသဘောဆန္ဒမပါဘဲနှင့် လိင်အကြမ်းဖက်ခံရလေခြင်း ဆိုသည့် မချိတင်ကဲ နာကျည်းမှုတို့နှင့်အတူ ဖယောင်း ပါးပြင်များပေါ်သို့ မျက်ရည်စများ ကြွေဆင်းပြိုကျလာတော့၏။
ရမ္မက်ရိုင်းများနှင့် မုန်ယိုနေသည့် ဆင်ရိုင်းတစ်ကောင်လို သူ့ဆန္ဒများ ပြည့်ဝသွားပြီးနောက်တွင် သူ မဟုတ်သည့်အတိုင်း ဧည့်သည်... မဟုတ်သေးဘူး...သူနဲ့တန်တဲ့ လူယုတ်မာလို့ သုံးနှုန်းမှ သင့်တော်တော့မှာပေါ့...၊ ထိုလူယုတ်မာသည် မွေ့ရာထက်ပေါ်တွင် သူမဟုတ်သလို ငြိမ်သက်စွာနှင့် အိပ်ပျော်သွားခဲ့သည်။ ဖယောင်းသည် ထိုလူယုတ်မာ၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရသည့် အိပ်ရာထက်ပေါ်တွင် ရှိနေရသည်မှာ မသတီတော့၍ မွေ့ရာအောက်သို့ ဆင်းဖို့ ကြိုးစားအားယူလိုက်သည်။ လူယုတ်မာ၏ လူမဆန်စွာ ဆက်ဆံပြုကျင့်ခဲ့ရသည်မို့ ဖယောင်း၏ တစ်ကိုယ်လုံးသည် လက်သီးများနှင့် ထိုးနှက်ခံထားသလို အောင့်သက်နာကျင်နေသည်။
အခန်းထောင့်လေးတစ်နေရာမှာ အရုပ်ကြိုးပျက်ထိုင်ချလိုက်သည်။ ခေါင်းထဲတွင် ဘာမှ တွေးတော၍ မရနိုင်တော့လောက်အောင် ထူပူချောက်ချားနေခဲ့လေသည်။ အဖျက်ဆီးခံလိုက်ရလေခြင်း ဆိုသည့် အတွေးတချို့ ခေါင်းထဲသို့ ဝင်ရောက်လာသည့်အချိန်တွင် ခေါင်းကို ဆက်ခနဲ မော့၍ ထိုလူယုတ်မာကို ရွံရှာမုန်းတီးစွာ စိုက်ကြည့်နေမိသည်။
ဖယောင်း ဘာဆက်လုပ်ရမလဲ...။ ဒီကိစ္စကို ဘယ်သူ့ကို သွားတိုင်ရမလဲ...။ ရှက်ဖို့ကောင်းလွန်းသည့် ဒီအဖြစ်အပျက်ကို ဒီအတိုင်းပဲ ဖုံးကွယ်နှုတ်ဆိတ်နေလိုက်ရမလား။
ဖယောင်းခေါင်းထဲ အတွေးပေါင်းများစွာနှင့် ယောက်ယက်ခတ်ပူလောင်နေစဉ်မှာပင် အခန်းအတွင်းသို့ လူတစ်ယောက် ဝင်လာခဲ့သည်။ ထိုလူသည် အပိုင်းပိုင်းအစစ ကြေကွဲနေသည့် ဖယောင်း၏ မျက်နှာမှ အရိပ်အယောင်တို့နှင့် မွေ့ရာပေါ် အဝတ်အစားကင်းမဲ့သော ကိုယ်ခန္ဓာနှင့် အိပ်မောကျနေသည့် လူကို တစ်လှည့်စီကြည့်နေရင်း အခြေအနေကို ရိပ်စားပုံဖမ်းမိသွားဟန်ရှိသည်။ မွေ့ရာပေါ်မှ နီဆွေးဆွေး နှင်းဆီပွင့်ဖတ် အကြွေတို့ကလည်း ဖြစ်စဉ်တစ်ခုကို သက်သေခံလျက်ရှိသည်မလား။
“ဟာ...ဘာတွေဖြစ်ကုန်ကြတာလဲ?”
“အဲ့လူ ကျွန်တော့်ကို မုဒိမ်းကျင့်တယ်။ အဲ့လူ မုဒိမ်းကောင်...”
ဖယောင်း၏ ဆိုနင့်ကြေကွဲစွာ ထွက်လာခဲ့သည့် အသံတို့ကို ထိုလူသည် စာနာသနားပုံမရပါ။ ကျွတ်တစ်ချက် စုပ်သပ်ရင်း ခေါင်းကို မသိမသာလေး ခါလိုက်သည်။
“ကိုယ့်ဆရာ အရမ်းမူးနေလို့ ဖြစ်သွားရတဲ့ ကိစ္စပါ။ မင်းအနေနဲ့ ကိုယ့်ဆရာကို မုဒိမ်းကောင်လို့တော့ မသုံးနှုန်းသင့်ဘူး။ နောက်ပြီး လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ။ မင်းအနေနဲ့ ဒီလိုဖြစ်ဖို့ ကိုယ့်ဆရာကို ဖြားယောင်းသွေးဆောင်တာလည်း ဖြစ်နိုင်တာပဲလေ။ ကိုယ့်ဆရာ မူးနေတာကို အခွင့်ကောင်းယူပြီး....”
“ခင်ဗျား...ပါးစပ်ကို ပိတ်ထားလိုက်!!!”
မမျှော်ထားသည့် စော်ကားမှုတို့ကြောင့် ဖယောင်း ခံပြင်းသွားကာ အသံကုန်ခြစ်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် ဖယောင်း ဘာမှဆက်မပြောနိုင်တော့လောက်အောင် ဒေါသများဆူဝေလျက် မျက်ရည်စများသာ ကျဆင်းလာသည်။ ထိုလူက အခန်းအတွင်းရှိ ဗီဒိုအောက်ခြေရှိ Locker (မီးခံသေတ္တာ)ဆီသို့ အေးဆေးသော ခြေလှမ်းများဖြင့် လှမ်းသွားကာ သေတ္တာအဖုံးမှ နံပါတ်တချို့ကို နှိပ်လိုက်သည်။ မီးခံသေတ္တာငယ်ဆီမှ တတီတီ မြည်သံများသည် တိတ်ဆိတ်နေသည့် အခန်းအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုလူက သေတ္တာအတွင်းမှ ဘဏ်တစ်ခု၏ နာမည်တံဆိပ်ပါသည့် အလျား ခပ်ရှည်ရှည် စာအုပ်ကလေးကို ထုတ်ယူလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်ထားသည့် ရွှေရောင်ဘောပင်ကို ဖြုတ်ယူကာ စာလုံးတချို့ကို ဖြည့်ရေးလိုက်သည်။ ထို့နောက် စာအုပ်လေး၏ ညာဖက်အောက်ခြေထောင့်နားလေးတွင် လက်မှတ်ကို ရေးထိုးလိုက်ပြီး စက္ကူလေးကို ဗြိခနဲမည်အောင် ဆွဲဖြုတ်လိုက်ကာ ဖယောင်းရှေ့သို့ ပစ်ချလိုက်သည်။ ဖယောင်းသည် အရှေ့တွင် ကျလာသည့် စက္ကူလေးကို မျက်ရည်စများနှင့် ဝေဝါးနေသည့် မျက်ဝန်းများနှင့် အားစိုက်ကြည့်ဖတ်ကြည့်လိုက်သည်။ ထို့နောက်တွင် အံကို နာနာကြိတ်ရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတော့သည်။
“မွေ့ရာပေါ်က နှင်းဆီပန်းတွေကိုကြည့်စမ်း။ တစစီ ကြွေသွားပြီ တွေ့လား။ ဘာမှ ပြန်လုပ်လို့ မရနိုင်တော့ဘူး။ ဘယ်လိုလုပ်လုပ် အကောင်းအတိုင်း ပြန်မဖြစ်တော့ဘူး။ မင်းဘဝဟာလည်း အဲ့ဒီ နှင်းဆီပန်းတွေလိုပဲ။ ပျက်ဆီးကြေမွသွားပြီ။ ဘာမှ မတတ်နိုင်တော့ဘူး။ ဒီတော့ မင်း ကိုယ်ပေးတဲ့ ငွေကို ယူပြီး နှုတ်ပိတ်နေလိုက်ပါ။ ဘာမှ မဖြစ်ခဲ့သလို နေလိုက်ပါ။ ဒါ မင်းအတွက် အကောင်းဆုံးနည်းလမ်းကို ကိုယ် အသက်ညှာဆုံး စဉ်းစားပေးထားတာပဲ”
“.....”
ထိူလူ၏ စကားများသည် ဖယောင်း၏ နားများထဲတွင် တိုးဝင်သွားလိုက်၊ ကျယ်လောင်လာလိုက်နှင့် ကြားတစ်ချက်၊ မကြားတစ်ချက်ဖြစ်နေခဲ့သည်။ ဖယောင်းတစ်ကိုယ်လုံးလည်း ခံပြင်းနာကျည်းမှုများနှင့် တစ်ကိုယ်လုံး ပူလောင်ပြင်းရှလျက်ရှိပြီ။
“ကိုယ် မင်းကို Cheque (ချက်ခ်လက်မှတ်) ထဲမှာ ငွေသိန်းငါးရာ ရေးပေးလိုက်တယ်။ ဒီငွေဟာ မင်း ဘဝအတွက် လျော်ကြေးပဲ။ ကိုယ် တန်ရာတန်ကြေးထက် ပိုပိုသာသာ ပေးထားတယ်။ ဒီပိုက်ဆံတွေကို ယူပြီး နှုတ်ပိတ်နေလိုက်တာ မင်းအတွက်အကောင်းဆုံးဖြစ်မယ်လို့ ကိုယ် အကြံပြုလိုက်မယ်”
ဖယောင်းသည် အစိတ်စိတ်မွကြေနေသော စိတ်ဓာတ်ခွန်အားတို့ကို အားယူစုစည်းကာ ထိုင်နေရာမှ ကုန်းထလိုက်သည်။ ထိုအချိန်မှ တင်ပါးအတွင်းပိုင်းတစ်နေရာမှာ ဆစ်ခနဲ နာကျင်ပွန်းရှမှုတချို့ကို စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။ ထိုနာကျင်မှုလောက်တော့ ဖယောင်း ထွေထူးပြီး မခံစားရတော့ပါ။ ဖယောင်းသည် အသက်မဲ့နေသူ တစ်ဦးလို ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေခဲ့ပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချမှတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှ ချက်ခ်လက်မှတ်ကို ခါးသက်စွာ ကောက်ယူကာ ထိုနေရာမှ ပြေးထွက်လာလိုက်သည်။
ငါးလွှာ၏ အခန်းလွတ်တစ်ခုထဲသို့ ဝင်ကာ မသန့်စင်တော့သော သူ့ခန္ဓာကိုယ်ကို ဆပ်ပြာအထပ်ထပ် တိုက်ရင်း ဆေးကြောပစ်လိုက်သည်။ သို့သော် ရေချိုးခန်းထဲမှ ထွက်လာချိန်အထိ သူ့စိတ်တို့သည် အလုံစုံ သန့်စင်မသွားသလို ခံစားနေရသေး၏။ ယူနီဖောင်း အဟောင်းလေးကိုပင် ပြန်ဝတ်ပြီး ဧည့်ကြိုကောင်တာရှိရာ မြေညီထပ်သို့ ဆင်းလာလိုက်၏။
ဧည့်ကြိုကောင်တာသို့ ဖယောင်းရောက်တော့ ကိုမိုးစွေ ရှိမနေခဲ့ပါ။ ဝန်ထမ်းသစ်အစ်ကိုကတော့ ဖယောင်းကို နှုတ်ဆက်လေ၏။
“မင်္ဂလာပါ ညီ...”
ဖယောင်း ပြန်လည် နှုတ်ဆက်ဖို့ပင် အားအင်များမရှိတော့ပါ။ ခေါင်းလေးကိုသာ အသာအယာ ညိတ်ပြလိုက်ရသည်။
“ကျွန်တော့်ကို အခန်းနံပါတ် (၅၀၁)က ဧည့်သည်ရဲ့ မှတ်တမ်းလေးတစ်ချက် ပြပေးပါ”
ဝန်ထမ်းသစ်သည် ဖယောင်းကို တွေဝေစွာ တစ်ချက်စိုက်ကြည့်နေပြီးမှ ကောင်တာအတွင်းမှ စာရွက်တချို့ကို လှန်လှောကာ ဖယောင်းရှေ့သို့ ချပေးလိုက်သည်။
Room No. - (၅၀၁)
Guest’s Name - ဦးသျှံဓန
NRC No. – 9/******
Address - သျှံဓန ကျောက်မျက်ရတနာရောင်းဝယ်ရေး၊ မန္တလေး။
စာရွက်ပေါ်မှ စာလုံးတချို့ကို ဖတ်အပြီးတွင် ဖယောင်း တစ်ကိုယ်လုံးရှိ သွေးတွေ ဆူပွက်လာသလို ခံစားလိုက်ရသည်။ ဖယောင်းသည် စာအုပ်ကို ဝုန်းခနဲ နေအောင် ပိတ်ချလိုက်ပြီး အဝေးတစ်နေရာသို့ ပြေးထွက်လာလိုက်သည်။ ဟိုတယ်၏ ဝန်ထမ်းထွက်သည့် အနောက်ပေါက်မှတစ်ဆင့် လုံခြုံရေးဦးလေးကြီး မသိအောင် ခိုးထွက်လာကာ အမှောင်ရိပ်များထဲသို့ တိုးဝှေ့ပျောက်ကွယ်သွားသည့် ဖယောင်းကို မည်သူတစ်ဦးတစ်ယောက်မှ သတိပြုမိပုံ မပေါ်ပါ။
ဖယောင်း၏ အသွေးအသားများထဲတွင်တော့ နာမည်တစ်ခုသည် အပ်တစ်ချောင်းကဲ့သို့ ဖယောင်း၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းထိုးဖောက်နေသလို ခံစားလိုက်နေရသည်။
သျှံဓန...တဲ့လား။ ဖယောင်း သိပ်သိတာပေါ့။
သျှံဓနဆိုသည့် နာမည်သည် ဖယောင်း၏ နှလုံးသားထဲတွင် နာကျည်းစွာ ရေးထိုးထားသည့် တက်တူးတစ်ခုလို စွဲမြဲစွာ ထင်ကျန်နေခဲ့သည်မှာ တစ်နှစ်နီးပါး ရှိတော့မည်။ ဒီလို လူမျိုးနဲ့မှ ကြံကြံဖန်ဖန် လာဆုံရတဲ့ ရေစက်ဆိုးမျိုးကို ဖယောင်း မုန်းလိုက်တာ။
ဖယောင်းသည် လမ်းမကြီးတစ်လျှောက်၏ ပလပ်ဖောင်းပေါ်တွင် ဦးတည်ရာမဲ့ ပြေးသည်။ မမောတမ်း၊ မနားတမ်းပြေးသည်။ နောက်ဆုံး မခံမရပ်နိုင် မောပန်းလာချိန်တွင် ဗြုန်းခနဲ ရပ်ချလိုက်ကာ ဖလပ်ဖောင်းပေါ် လှဲချလိုက်သည်။
“အား...!!!!”
ဖယောင်းသည် တိမ်တိုက်တို့နှင့် ကြယ်များ ကင်းမဲ့ကာ ရှင်းလင်းနေသည့် ကောင်းကင်ပြင်ကြီးကို ကြည့်ရင်း ပြင်းထန်စူးရှစွာ အော်ဟစ်လိုက်သည်။ ဖယောင်း၏ အတွေးများထဲသို့ သျှံဓန ဆိုသည့် နာမည်တစ်ခုနှင့်အတူ လွန်ခဲ့သည့် တစ်နှစ်နီးပါးခန့်က ဖြစ်ပျက်ခဲ့သည့် ထိတ်လန့်ချောက်ချားဖွယ်ရာ အတိတ်ဆိုးတစ်ခုကို ပြန်လည်မြင်ယောင်လာခဲ့သည်။
“မေမေရယ်...၊ ဖယောင်း မေမေ့ကို လွမ်းလိုက်တာ...”
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
🌹 ခက်ဆစ် 🌹