၂၀၁၀ ခုနှစ်
Cupid Hotel နေပြည်တော်
ဟိုတယ်ဝန်းကြီးထဲသို့ စတင် ခြေချလိုက်ပါပြီဆိုကတည်းက လတ်ဆတ်ချိုမြနေသည့် နှင်းဆီပန်းနံ့တို့သည် ဖယောင်းကို တိုးဝှေ့နှုတ်ဆက်လိုက်ကြသည်။ သင်းပျံ့နေသော နှင်းဆီပန်းရနံ့တို့ကို ဖယောင်း နှလုံးသားထဲထိ ထိုးဖောက်စိမ့်ဝင်သွားအောင် အသက်ကို တစ်ဆုံး ရှုရှိုက်လိုက်သည်။ နှင်းဆီပန်းရနံ့တို့ကြောင့် အဆောင်မှ ဟိုတယ်အထိ လမ်းလျှောက်လာရ၍ မောပန်းနေသည့် ဖယောင်းစိတ်တွေ လန်းဆန်းပေါ့ပါးလာရ၏။
အင်း...ဒီလောက်ဆိုရင် ဖယောင်း အသားကျနေသင့်ပြီ ထင်ပါသည်။ ကျောင်းနှင့် အလုပ်ကို ကူးလူးပြေးလွှားနေခဲ့ရသည်မှာ အခုဆိုရင် (၃)လလောက်တောင် ကြာခဲ့ပြီပဲ။ ခုချိန်ထိ ကျောင်းမှ အလုပ်ရှိရာ ဟိုတယ်သို့ လမ်းလျှောက်သွားလာရခြင်းအပေါ် မောပန်းနေသေးသည့် သူ့ကိုယ်သူ အားမလိုအားမရဖြစ်မိသည်။
ဟိုတယ်၏ ခြံဝန်း အဝင်ပေါက်မှစ၍ ဟိုတယ် စင်္ကြံလျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် နှင်းဆီပန်းပင်များကို စီရီစွာ စိုက်ပျိုးထားသည်မှာ ဟိုတယ်ဝင်ပေါက်သို့ ရောက်ခါနီးအထိ။ နှင်းဆီစင်္ကြံလျှောက်လမ်းကလေး၏ အလယ်တည့်တည့်တစ်နေရာတွင် စက်ဝိုင်းသဏ္ဌာန် ရေကန်ငယ်တစ်ခု ရှိသည်။ ရေကန်ငယ်၏ အလယ်တွင် အဖြူရောင်မြားနတ်မောင်အရုပ်ကြီးတစ်ရုပ်ကို လှပခမ်းနားစွာ ပြုလုပ်ဖန်တီးထားသည်။
မြားနတ်မောင်အရုပ်ကြီးသည် မျက်စိတစ်ဖက်ကို မှိတ်ရင်း တစ်နေရာရာကို ချိန်ရွယ်၍ မြားပစ်တော့မယ့်ဟန်နှင့် အသက်ဝင်လှသည်။ မြားနတ်မောင်၏ မြားတံကလေးတွင် ရေပိုက်ငယ်တစ်ခုကို ထည့်သွင်းမြှုပ်နှံထား၍ မြားတံအဝကလေးသည် ရေထွက်ပေါက်လေးတစ်ခုသဖွယ် ရေများတဝေါဝေါ ကျဆင်းလျက်ရှိသည်။ ရေကန်ငယ်လေးအတွင်းမှာဆိုလျှင်လည်း နိုင်ငံခြားဖြစ် ရောင်စုံကြာပန်းငယ်ကလေးများကိုလည်း ထည့်သွင်းစိုက်ပျိုးထားသေးသည်။ ထို့အပြင် Lucky Fish ဟု ခေါ်သော ဈေးကြီးပေးရသည့် အလှမွေး ငါးများကိုလည်း မွေးမြူထားသေးသည်။ ညအချိန်များဆိုလျှင် ရေကန်ငယ်လေး၏ အောက်ခြေတွင် အဆင့်မြင့်နည်းပညာကို အသုံးပြု၍ မြှုပ်နှံထည့်သွင်းထားသည့် အပြာရောင်မီးလုံးလေးများကြောင့် ထိုရေကန်နှင့် မြားနတ်မောင်ရေပန်းအရုပ်ကြီးတို့သည် ဆွဲဆောင်မှုရှိစွာ လှပနေတော့သည်။
မြားနတ်မောင်အရုပ်ကြီးသည် Cupid Hotel ၏ အမှတ်သင်္ကေတဟူ၍လည်း ဆိုနိုင်သည်။ ဖယောင်း ဒီဟိုတယ်ကို ရောက်ခါစ အချိန်တွေမှာဆို ဒီမြားနတ်မောင်အရုပ်ကြီးကို ကြည့်နေမိသည်မှာ တမေ့တမော။ အခုအချိန်အထိလည်း ဖယောင်း မရိုးနိုင်သေး။ ဟိုတယ်ဝန်းအတွင်းသို့ ဝင်လိုက်ပါပြီဆိုသည်နှင့် ဖယောင်းကို ဆီးကြိုနှုတ်ဆက်ဖော်ရသည့် နှင်းဆီပန်းရနံ့တို့နှင့် မြားနတ်မောင်အရုပ်ကြီးတို့သည် ဖယောင်း၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်သည့် အရာများဖြစ်သည်။
နှင်းဆီစင်္ကြံလျှောက်လမ်းကလေး၏ အဆုံးတွင် ကားသုံးစီးခန့် ယှဉ်တွဲ ရပ်နိုင်မည့် အကျယ်အဝန်းရှိသည့် ဟိုတယ်၏ မျက်နှာစာသို့ ရောက်သည်။ ဧည့်သည်တော်များကတော့ ထိုမျက်နှာစာရှိ ဧည့်ဝင်ပေါက်ကနေ ဝင်သွားရုံပါ။ ဖယောင်းတို့လို အလုပ်သမားတွေအတွက်ကတော့ ဟိုတယ်၏ ဘေးတစ်ဖက်မှာရှိသည့် သီးသန့်ဝင်ပေါက်ငယ်တစ်ခုမှ ဝင်ရ၏။
ဖယောင်း ဝန်ထမ်းဝင်ပေါက်မှ ဝင်လာခဲ့ပြီး Fingerprint attendance machine (လက်ဗွေရာစနစ်သုံး အလုပ်ချိန်မှတ်စက်) အတွင်းသို့ ညာဘက်လက်မလေးကို ထိုးထည့်လိုက်သည်။ တီခနဲ မြည်သံလေးနှင့်အတူ စက်ကလေးသည် ဖယောင်း၏ အလုပ်ဝင်ချိန်ကို မှတ်သားသွားသည်။
ဟိုတယ်၏ ဧည့်ခန်းမအတွင်းသို့ ချိုးဝင်လိုက်သည်နှင့် စိမ့်ခနဲ အေးသွားရသည်။ Reception (ဧည့်ကြိုကောင်တာ) ဘက်သို့ လှည့်ကြည့်လိုက်တော့ ကောင်တာမှာ အသင့်အနေအထားနှင့် ရပ်နေသည့် သရဖီနှင့် ကြည်ပြာမိုး တို့က ဖယောင်းကို ဖော်ရွေချိုသာစွာ နှုတ်ဆက်ကြသည်။
အော်...ဒါဆို Day Duty နဲ့ Night Duty သမားတွေ မချိန်းသေးဘူးဘဲ။
သရဖီတို့က မနက် ရှစ်နာရီမှ ညနေ ငါးနာရီအထိ အလုပ်လုပ်ရသည့် နေ့အချိန် ဝန်ထမ်းများဖြစ်သည်။ ဖယောင်းတို့ ညဘက်ပိုင်း အလုပ်သမားများသည်တော့ ညနေ (၅)နာရီမှ နောက်တစ်နေ့ မနက် (၈)နာရီအထိသည် အလုပ်ချိန်ဖြစ်သည်။ ဖယောင်းတို့၏ ဟိုတယ်သည် ညဘက်ပိုင်းဝန်ထမ်းဆိုလျှင် ယောက်ျားလေးများကိုသာ ရွေးချယ် ခန့်ထားလေ့ရှိသည်။
အော်...ညအလုပ်သမားဆိုလို့ သရဖီတို့ ဧည့်ကြိုကောင်တာက ညဝန်ထမ်းအသစ်တစ်ယောက် အလုပ်ဝင်မယ့်နေ့ဟာ ဒီနေ့မဟုတ်လား။ ဧည့်ကြိုကောင်တာ၏ အပေါ်တည့်တည့်က ကျွန်းနံရံကြီးပေါ်တွင် တပ်ဆင်ထားသည့် တိုင်ကပ်နာရီ (၁၀)လုံးအနက်မှ အလယ်တည့်တည့်ရှိ Myanmar ဟု ရေးသားဖော်ပြထားသည့် နာရီတစ်လုံးကို ရွေးချယ်၍ အချိန်ကြည့်လိုက်သည်။ ငါးနာရီ ထိုးဖို့ ဆယ့်ငါးမိနစ်အလို။ အပေါ်တက်မှ ဖြစ်တော့မည်ဟု ဖယောင်းတွေးလိုက်ကာ သရဖီတို့ကို လက်လှမ်းပြရင်း ဟိုတယ်လှေကားထစ်များအပေါ် ခြေသံဖွဖွနင်းလျက် တက်လှမ်းလာလိုက်သည်။
ဖယောင်းတာဝန်ကျရာ အထပ်သည် ငါးထပ်မြောက်ဖြစ်သည်။ ထို့ကြောင့် လှေကားထစ်ပေါင်း (၁၀၀)တိတိကို တက်လှမ်းရသည်။ အပေါ်ဆုံးအထပ်ဖြစ်သည့် (၉)ထပ်မြောက်တွင် တာဝန်ကျသည့် ကိုဝင်းခန့်ဆိုလျှင် ဘယ်နှယ့်နေမယ် မသိ။ ဖယောင်းကတော့ ငါးထပ်ကလေး တက်ရတာကို မောချင်ချင်။ ဟိုတယ်မှာ ဓာတ်လှေကားရှိသော်လည်း ဖယောင်းတို့လို ဟိုတယ်ဝန်ထမ်းများကတော့ စီးနင်းလိုက်ပါခွင့် မရှိပါ။ ဧည့်သည်များအတွက် သီးသန့်ဖြစ်သည်။
(၄)လွှာကို ကျော်လာပြီး (၅)လွှာ၏ လှေကားထစ် သုံးပုံနှစ်ပုံခန့်ကို ရောက်ပါပြီဆိုကတည်းက ငါးလွှာထိပ်က စားပွဲမှာ ထိုင်နေသည့် နေ့ဝန်ထမ်း မမ သန္တာကို တွေ့မြင်လိုက်ရသည်။
"မင်္ဂလာပါ မောင်လေး... ရောက်လာပြီလား"
"မင်္ဂလာပါ မမ။ ဖယောင်း ရောက်ပါပြီ"
မမသန္တာက ဖယောင်းကို ပြုံးရွှင်စွာ နှုတ်ဆက်ရင်း ဆီးကြိုသည်။ ဧည့်သည်များကိုသာမက ဝန်ထမ်းအချင်းချင်းတွေ့လျှင်ပင် မင်္ဂလာပါဟု နှုတ်ခွန်းဆက်ရသည်မှာ ဖယောင်းတို့ ဟိုတယ်၏ ချစ်စဖွယ်ကောင်းသော စည်းကမ်းတစ်ခုဖြစ်သည်။ ဖယောင်း အလုပ်ဝင်ကာစက မင်္ဂလာပါ ဟု နှုတ်ဆက်ဖို့ကို နှုတ်က မဝံ့မရဲ ဖြစ်နေခဲ့ရသေး၏။ အခုတော့လည်း နှုတ်က နေသားကျနေခဲ့ပြီ။
"ငါးနာရီလည်း ထိုးတော့မယ်ဆိုတော့ မမ ဂျူတီလွှဲဖို့ အခန်းတိုက်လိုက်တော့မယ်နော်"
"ဟုတ်ကဲ့..မမ"
မမသန္တာက စားပွဲပေါ်ရှိ အခန်းစာရင်း မှတ်စုစာအုပ်လေးကို ဖွင့်ကာ စားပွဲပေါ်ရှိ ကြိုးဖုန်းလေး၏ ခလုပ်တချို့ကို တချပ်ချပ်နှိပ်ကာ ဖုန်းခေါ်လိုက်သည်။
"Hello...Cupid Hotel Reception ကပါရှင်..."
"ညီမလေး...ကြည်ပြာ။ မမတို့ အခန်းတိုက်ရအောင်နော်"
"ဟုတ် မမ...၊ မမ ပြောမလား ကြည်ပြာ ပြောရမလား"
"မမ ပြောမယ်။ ညီမလေး စစ်ကြည့်လိုက်။ Check out က 501, 502, 505, 508, 509 နော်။ စုစုပေါင်း ငါးခန်း။ ပြန်ဝင်တာက 501 နဲ့ 508။ OC ( Occupied and Clean) က 503 နဲ့ 504။ ဟုတ်လား ညီမလေး"
"ဟုတ်တယ် မမ။ ဒီနေ့ mini bar သုံးတာ မရှိဘူးနော် မမ"
"ဟုတ်တယ် ညီမလေး။ မရှိဘူး..."
မမသန္တာက Hands-free ခလုပ်လေးကို နှိပ်ကာ ပြောနေ၍ ဖုန်းစပီကာမှ အသံများကို ဖယောင်းလည်း ကြားနေခဲ့ရသည်။
"ဂျူတီ မချိန်းသေးဘူးလား ကြည်ပြာ..."
"ဟုတ် မမ...မချိန်းသေးဘူး။ သိတဲ့အတိုင်းပဲလေ ကိုမိုးစွေက ခုထိမရောက်သေးဘူး။ ဒီမှာ အသစ်လေးတောင် ရောက်နေပြီ"
"အော်...အသစ်လေး အလုပ်ဆင်းပြီလား။ အောက်ရောက်ရင် နှုတ်ဆက်ဦးမှပဲ"
ဖယောင်းတို့ Housekeeping (အိပ်ခန်းဆောင်ထိန်းသိမ်းရေး) ဌာနနှင့် ကြည်ပြာတို့ Reception (ဧည့်ကြိုကောင်တာ) တို့၏ လုပ်ငန်းဆောင်တာများသည် သည်လိုပဲ ဖြစ်သည်။ နေ့သမားနှင့် ညသမား ဂျူတီမလွှဲခင် အခန်းတိုက်စစ်ပြီးမှ ဂျူတီလွှဲ၍ ပြန်ကြရသည်။
"မောင်လေး ဖယောင်း၊ အကုန်မှန်တယ်နော် သိလား။ ဒီနေ့တော့ မောင်လေး အခန်းရှင်းစရာ မလိုတော့ဘူး။ မမအကုန်ရှင်းပေးထားတယ်။ 505 ဆို လေးနာရီကို ဆယ့်ငါးမိနစ်စွန်းစွန်းလောက်မှ Check out လုပ်သွားတာ။ ဒါပေမယ့် မမပဲ ရှင်းထားပေးလိုက်တယ်။ ငါ့မောင်လေး ညကျ စာလုပ်ချိန်ရှိအောင်"
ဖယောင်းနှင့် တစ်ထပ်တည်းတွင် ဂျူတီအတူကျသည့် မမသန္တာသည် စီနီယာပီပီ ဖယောင်းအပေါ် အလွန်သက်ညှာထောက်ထားရှာသူ ဖြစ်သည်။ ဖယောင်းတို့၏ ပုံမှန် စည်းမျဉ်းများအရဆိုလျှင် ညနေ လေးနာရီနောက်ပိုင်း Check out ထွက်သည့် ဧည့်သည်များရှိလျှင် နေ့သမားများသည် အခန်းကို သန့်ရှင်းရေး မလုပ်တော့ဘဲ ညသမားများအတွက်သာ ချန်ထားရစ်ခဲ့လေ့ရှိသည်။ မမသန္တာသည်တော့ ဖယောင်းထက် အသက် (၁၀)နှစ်ခန့် ကြီးသည်က တစ်ကြောင်း၊ ကျောင်းတစ်ဖက်နှင့် ညပိုင်း အလုပ်လာလုပ်ရသည့် (၁၄)နှစ်အရွယ် ဖယောင်းကို သနားစာနာသည်က တစ်ကြောင်းနှင့် ဖယောင်းအပေါ် ငဲ့ညှာရှာသည်။ ထို့အတွက်လည်း ဖယောင်း ကျေးဇူးတင်ရပါသည်။
မမသန္တာတင် ဘယ်ဟုတ်ပါ့မလဲ။ ဟိုတယ်တစ်ခုလုံးက ဝန်ထမ်းတွေ အားလုံးကလည်း ဖယောင်းအပေါ် သူတို့တတ်နိုင်သလောက် သက်ညှာသူများဖြစ်ကြပါသည်။ ဖယောင်းသည် ဟိုတယ်တစ်ခုလုံးရှိ ဝန်ထမ်းများ အားလုံးအထဲတွင် အသက်အငယ်ဆုံးလေးဖြစ်၍ အငယ်လေး၊ အငယ်လေးနှင့် အားလုံး၏ ချစ်ခင်ဂရုစိုက်ခြင်းကို ခံရသူတစ်ဦးဟူ၍လည်း ဆိုနိုင်သည်။
"မမရယ်၊ ရပါတယ်။ နောက်တစ်ခါဆို ဖယောင်းအတွက် အခန်းရှင်းဖို့ ထားရစ်ခဲ့ပါ။ မမ အလုပ်ပိုနေပါ့မယ်"
"ရပါ့တော်...။ တစ်ခန်း နှစ်ခန်းနဲ့ မမ ဘာမှဖြစ်မသွားပါဘူး။ မမက မောင်လေး စာကျက်ချိန်လေး ပိုထွက်လာအောင်လို့ပါ။ ဒါနဲ့...အလုပ်လုပ်ရတာ အဆင်ပြေတယ်မလား မောင်လေး။ ကျောင်းစာတွေရော လိုက်နိုင်တယ် မဟုတ်လား"
"ဟုတ်...မမ။ စာတွေကတော့ လိုက်နိုင်ပါတယ်။ ညသမားဆိုတော့ သိတဲ့အတိုင်းပဲ။ အိပ်ရေးလေး နည်းနည်းပျက်တာကလွဲလို့ ကျန်တာတော့ အဆင်ပြေပါတယ်"
မမသန္တာနှင့် ဖယောင်း စကားကောင်းနေဆဲမှာပဲ အပေါ်ထပ်က စကားပြောသံတချို့သည် ခြေသံတို့နှင့် ရောနှောကာ ဖယောင်းတို့ရှိရာ ငါးလွှာသို့ ဆင်းလာခဲ့သည်။
"အပေါ်က ဟာတွေတော့ ဆင်းလာပြီထင်တယ်"
မမသန္တာက ကုလားထိုင်ပေါ်မှ ထပြီး အပေါ်ဝတ်အင်္ကျီလေးကို ဖြုတ်ယူကာ အလုပ်ဆင်းဖို့ ပြင်ဆင်လိုက်သည်။
"ဖယောင်းလေး... မင်္ဂလာပါ...ငါ့မောင်လေးက ချောလို့ သန့်လို့ပါလား"
အပေါ်ထပ်မှ ဂျူတီဆင်းလာသည့် အုပ်စုထဲမှ မမဂျူဂျူးက ဖယောင်းကို မြင်လိုက်သည်နှင့် စ,နောက်တတ်သူဖြစ်သည်။ အမြဲတမ်း ပြုံးရွှင်စွာ ရယ်မောတတ်သူလည်း ဖြစ်၏။
"လုပ်ပြီ...မမဂျူးကတော့...၊ ဒီနေ့ ကျောင်းအပြန်နောက်ကျလို့ ရေတောင် ချိုးမလာခဲ့ရဘူး"
ဖယောင်း စကားကြောင့် အားလုံး စိတ်လွတ်လက်လွတ် ရယ်မောလိုက်ရသည်။ ဖယောင်းက ရယ်ရင်း မောရင်း အပေါ်ထပ်မှ ဆင်းလာသည့် အမတစ်ယောက်ချင်းဆီ၏ မျက်နှာများကို လိုက်ကြည့်လိုက်သည်။ ဖယောင်းစိတ်ထဲ တစ်ယောက်လိုနေသလိုပါပဲ။ ကိုးထပ်က မမခင်ချို၊ ရှစ်ထပ်က မမမာလာ။ အို...ဟုတ်တာပေါ့။ ခုနစ်လွှာက မမမေသူ လိုနေတာပဲ။
"အယ်...မမ မေသူရော မတွေ့ပါလား"
"ဟုတ်တယ် ဖယောင်းရေ။ ဒီနေ့ မင်းမမ မေသူက နေမကောင်းလို့ ခွင့်ယူထားတယ်လေ။ မေသူ ခွင့်ယူတဲ့နေ့မှ သူ့အထပ်က အခန်းတွေ ထွက်လိုက်တာ ထွက်လိုက်တာ ဆိုတာ။ မမတို့မှာ လျှာကို ထွက်ကရော။ ထဘီ ခါးတောင်းကျိုက်ထားတာတောင် ခုနကမှ ဖြုတ်လိုက်ရတယ် အဟုတ်"
ဖယောင်း၏ အမေးကို ပြန်ဖြေလိုက်သည့် မမမာလာ၏ စကားကြောင့် သူတို့အားလုံး ရယ်မောလိုက်ရပြန်သည်။ မမမာလာ ဟာ ဒီလိုပဲ။ အမြဲတမ်း အလွန်အကြူး ချဲ့ကားပြောဆိုတတ်သူဖြစ်သည်။
"မောင်လေးကို မမသန္တာပြောပြလား။ ညကျရင် ဟိုတယ်မြက်ခင်းစိမ်းကွင်းပြင်မှာ ဂုဏ်ပြုညစာစားပွဲရှိတယ်ဆိုတာ"
"ဟင်...ဟုတ်လား။ ဖယောင်း မသိရသေးဘူး"
မမ ခင်ချို၏ စကားကြောင့် ဖယောင်း စိတ်ထဲ ဘာရယ်ကြောင့်မှန်းမသိ ထိတ်ခနဲ ဖြစ်သွားသည်။ ဖယောင်းမှ ဟိုတယ် ညစာစားပွဲမျိုး မကြုံဖူးသေးတာ။ ဖယောင်းသိရသလောက်က ဟိုတယ်မှာ ဧည့်ခံပွဲတွေကို တာဝန်ယူပြီး ကျင်းပပေးတာမျိုး မရှိဘူးလားလို့။
"ဟုတ်တယ် မောင်လေးရေ။ မမမေ့နေလို့။ မမတို့ ငါးလွှာက ဧည့်သည်ရဲ့ ဂုဏ်ပြုညစာစားပွဲတဲ့။ 501 က ဧည့်သည်ပါ။ လာတည်းနေကျပဲ။ မန္တလေးက ကျောက်စိမ်းရောင်းဝယ်ရေး လုပ်တဲ့ သူဌေးကြီးပေါ့"
"ဟယ်...မမသန္တာကလည်း သူဌေးကြီး မဟုတ်ပါဘူး။ သူဌေးလေးပါ။ အလွန်ဆုံးရှိ အသက် (၃၀)ပေါ့။ ပိုက်ဆံကတော့ တော်တော်ရှိတာတဲ့နော်။ တစ်ခါတစ်ခါ အခန်းထွက်ရင် tip (မုန့်ဖိုး)ပေးခဲ့တာ အနည်းဆုံး ၅၀၀၀ တန် တစ်ရွက်ပဲ။ တကယ်လို့ အဲ့အခန်း မနက် Check out ထွက်ရင် သေချာပေါက် မောင်လေးတော့ tip ရမှာ။ ပြီးတော့ အခု ဂုဏ်ပြုစားပွဲကလည်း ကျောက်ပြပွဲမှာ ကျောက်လေလံအောင်လာလို့ လုပ်တာတဲ့။ ငါ့မောင် ဖယောင်းတော့ ပွပြီပဲ"
ဖယောင်းတို့ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ထမ်းများ၏ အပိုဝင်ငွေ ရရာလမ်းသည် တစ်လမ်းပဲရှိသည်။ Tip ဟု ဖယောင်းတို့ ဟိုတယ်ဝန်ထမ်းတွေ အလွယ်ခေါ်ကြသည့် ဧည့်သည်များ ချန်ထားရစ်ခဲ့သည့် tip money များပင် ဖြစ်သည်။ ဧည့်သည်အများစုကတော့ အခန်းထွက်လျှင် အိပ်ရာပေါ်ရှိ ခေါင်းအုံးကလေးများပေါ် တင်ပေးခဲ့လေ့ ရှိကြသည်။ တချို့ကတော့ စားပွဲပေါ်က ကြိုးဖုန်းလေး၏ အပေါ်မှာ၊ တချို့တလေကတော့ စားပွဲပေါ်မှာ ကျကျနန ခေါက်ပြီး ချန်ထားရစ်ခဲ့ကြသည်။ ဖယောင်းတို့ ဝန်ထမ်းတွေက အခန်းစစ်ဖို့ အခန်းထဲ ဝင်လိုက်သည်နှင့် အိပ်ရာပေါ်က ခေါင်းအုံးလေးတွေကို အရင်ကြည့်တတ်ကြသည်။ Tip ပေးခဲ့ပြီဆိုရင် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ဖယောင်းတို့မှာ ဝမ်းသာမဆုံး။ Tip ရသည့် ပိုက်ဆံလေးများကို စုကာ မုန့်စုစားတတ်ကြသည့် အလေ့အထလည်း ဖယောင်းတို့ ဌာနမှာ ရှိသည်။
"တကယ်လို့ Tip ရရင်လည်း ဖယောင်းက မမတို့နဲ့ အတူတူ မုန့်စပ်စားမှာပေါ့။ Tip ရတာ မရတာထက် ညစာစားပွဲရှိရင် ဘာတွေ လုပ်ပေးရသေးလဲဟင်။ ဖယောင်းမှ အဲ့လို ညစာစားပွဲတွေနဲ့ မကြုံဖူးသေးတာ"
"မမတို့ HK ( Housekeeping) တွေနဲ့မှ မဆိုင်ဘဲ မောင်လေးရဲ့။ ဘာမှ မလုပ်ရဘူး။ ပူမနေနဲ့။ F&B ( Food and Beverage )က ဝန်ထမ်းတွေရဲ့ အပိုင်းပဲလေ"
မမတို့က နှုတ်ဆက်ရယ်မောကာ ဆင်းသွားကြတော့ ဖယောင်းလည်း စားပွဲခုံလေး၏ အနောက်ရှိ ကျွန်းဗီရိုကြီးထဲက ယူနီဖောင်းလေးကို ထုတ်လာလိုက်ကာ ဧည့်သည်မရှိသည့် အခန်းတစ်ခန်းထဲသို့ ဝင်ရင်း အဝတ်အစားလဲလိုက်သည်။ အရင်နေ့တွေတုန်းကတော့ ယူနီဖောင်းလဲပြီးလျှင် အခန်းရှင်းစရာရှိတာ ရှင်းရတော့သည်။ ဒီနေ့တော့ ရှင်းစရာအခန်း မရှိ၍ အေးဆေးပဲ ဖြစ်သည်။ ဖယောင်း ယူနီဖောင်းလဲပြီးချိန်မှာတော့ ညနေ ငါးနာရီခွဲခန့် ရှိတော့မည်။
ဖယောင်းကသာ အချိန်ကို မေ့နေတာ။ အစာအိမ်ကတော့ အချိန်ကို မှန်နေရောပဲ။ ဖယောင်းသည် ဒီအချိန်ဝန်းကျင်များမှာ ညစာစားနေကျဖြစ်သည်။ အခုလည်း ဖယောင်းက အချိန်ကို သတိမပြုမိပေမယ့် ဖယောင်းရဲ့ဗိုက်ကတော့ တဂွီဂွီနှင့် အရေးပေါ် အချက်ပေးနေပြီ။
ဗီရိုလေး၏ အပေါ်ဆုံးထပ်မှာ တင်ထားသည့် ခေါက်ဆွဲထုပ်လေးနှင့် ခေါက်ဆွဲပြုတ်သည့် လျှပ်စစ်အိုးလေးကို ယူလိုက်ကာ ခုနက ယူနီဖောင်းဝင်လဲခဲ့သည့် အခန်းထဲသို့ပင် ဝင်လာလိုက်သည်။ ဖယောင်းတို့မှာ ဒီလိုပဲ... ဧည့်သည်မရှိသည့် အခန်းအလွတ်များထဲသို့ ဝင်ကာ ရေနွေးအိုးတည်၊ ခေါက်ဆွဲပြုတ်၊ ကော်ဖီဖျော်၊ တခါတလေဆို ရေချိုး...စသည်တို့ကို လုပ်ဆောင်ရသည်။ ဝန်ထမ်းများအတွက် သီးသန့်အခန်း မရှိသည့်အတွက် ဟိုတယ်အခန်းများကို အသုံးပြုရခြင်း ဖြစ်သည်။ တစ်ခါတစ်လေ ဖယောင်းတို့ အခန်းခိုးသုံးနေသည်ကို ဂျာကြီး မိသွားလျှင်တော့ အဆူခံထိသည်။ သို့သော် ဂျာကြီးက တာဝန်အရ ဆူပူကြိမ်းမောင်းပေမယ့် ဖယောင်းတို့လို ဝန်ထမ်းများ အားလုံးအပေါ် နားလည်ထောက်ထားတတ်သူလည်းဖြစ်၏။
ဖယောင်း ခေါက်ဆွဲပြုတ်ပြီး အခန်းအပြင်ဘက်သို့ ပြန်ထွက်လာလိုက်ကာ ဖယောင်း၏ ကိုယ်ပိုင်နေရာ စားပွဲလေးဆီမှာသာ ထိုင်စားလိုက်သည်။ ဖယောင်း ခေါက်ဆွဲပြုတ်ခဲ့သည့် အခန်းကိုတော့ တံခါးဖွင့်ထားခဲ့လိုက်သည်။ အခန်းထဲ ခေါက်ဆွဲပြုတ် အနံ့များ စွဲကျန်ရစ်ခဲ့မှာ စိုး၍ ဖြစ်သည်။
တီ တီ...တီ တီ တီ...
စားပွဲပေါ်ရှိ ဟိုတယ်သုံး ကြိုးဖုန်းလေး ရုတ်တရက် ထမြည်၍ ဖယောင်း လန့်၍ပင်သွားသည်။ စားလတ်စ ခေါက်ဆွဲစများကို သွားများဖြင့် အမြန်ကိုက်ဖြတ်ပြီး ဖုန်းလေးကို ကောက်ကိုင်လိုက်သည်။
"Hello... Housekeeping ငါးလွှာကပါ"
"Hello...Reception ကပါ။ 509အခန်းထဲ ဧည့်သည်လာမယ်နော်"
တစ်ဖက်က ဖုန်းဖြေသံကို ဖယောင်း စိမ်းနေသည်။ သည်လို အသံမျိုး မကြားဖူး၍ ဖြစ်သည်။
"ဧည့်သည်လာမယ်လို့ မပြောရဘူး ညီရဲ့၊ Check-in လို့ ပြောရတယ်။ ပေး..ပေး အစ်ကို့ကို။ အစ်ကို ပြောတာ နားထောင်ပြီး မှတ်ထားနော်"
တစ်ဖက်မှ အမှားထောက်ပေးသည့် အသံကို ဖယောင်းကြားလိုက်ရသည်။ ထိုအသံကတော့ Reception က ကိုမိုးစွေ၏ အသံဖြစ်သည်။ ဒီတော့မှ ဖယောင်း သဘောပေါက်သွားရသည်။ အလုပ်သမားအသစ်ကလေးကို ကိုမိုးစွေ လက်တွေ့သရုပ်ပြ သင်ပေးနေခြင်းပဲ ဖြစ်မည်။
"Hello...Reception ကပါ။ အခန်းနံပါတ် 509 Check-in ဝင်ပါမယ်..."
ဒီတစ်ခေါက် ပြန်ပြင်ပြောသည့် အသံကတော့ ဖယောင်းရင်းနှီးသည့် ကိုမိုးစွေ၏ အသံဖြစ်သည်။
"ဟုတ်ကဲ့ပါ ကိုကြီး မိုးစွေ။ ခုနက ပြောတာ ဝန်ထမ်းအသစ်လား"
"အေး...ဟုတ်တယ် ဖယောင်းရေ။ မင်းလို ကျောင်းသားပဲ။ ဒါပေမယ့် သူက ဆယ်တန်းအောင် ထားတာတဲ့ကွ။ မင်းထက် တစ်နှစ်တော့ ကြီးမှာပေါ့..."
"ဟုတ်ကဲ့ ကိုကြီး"
"အေးအေး...ဒါပဲနော်...ဧည့်သည် ဝင်လာလို့ ဖယောင်းရေ။ အားရင် ဆင်းခဲ့ဦး။ ဝန်ထမ်းအသစ်လေးနဲ့ မိတ်ဆက်ရအောင်လို့"
ကိုကြီးမိုးစွေသည် သည်လိုပဲ ဖယောင်းကို အောက်ထပ်သို့ အမြဲဖိတ်ခေါ်လေ့ရှိသည်။ သို့သော် ဖယောင်းကတော့ တစ်ခါမှ အောက်သို့ဆင်းကာ လတ်လျားလတ်လျား သွားနေလေ့မရှိ။ ကိုယ့်တာဝန်ရှိရာ ငါးလွှာ၏ စားပွဲခုံလေးမှာပင် ထိုင်ကာ လုပ်စရာရှိသည်များကို လုပ်နေတတ်သည်။
ခဏအကြာမှာတော့ ဓာတ်လှေကား၏ မြည်သံနှင့်အတူ ခြေသံတချို့ကို ဖယောင်း ကြားလိုက်ရသည်။ ဓာတ်လှေကားရှိရာ နှင့် ဖယောင်းတို့၏ အထပ်စားပွဲရှိရာနေရာသည် အရှေ့ထိပ်နှင့် အနောက်ထိပ်ဖြစ်ပြီး စားပွဲကလေးသည် ငါးလွှာ၏ ထောင့်စွန်းတစ်နေရာတွင် ရှိသည့်အတွက် အခန်းများနှင့် ကွယ်ကာ၍နေသည်။ ဖယောင်းတို့၏ အလုပ်စားပွဲကို လှေကားထစ်ကို အသုံးပြု၍ ခြေလျင် တက်လာသည့် ဧည့်သည်များနှင့် ဝန်ထမ်းအချင်းချင်းသာ တွေ့မြင်နိုင်သည်။
ဧည့်သည်ဝင်သွားပြီဖြစ်၍ မှတ်တမ်းစာအုပ်ကလေးထဲသို့ ရေးမှတ်လိုက်သည်။ ညပိုင်းသမား ဖယောင်းအတွက် မမသန္တာက ဇယားရေးဆွဲပေးခဲ့ပြီးဖြစ်၍ ဖယောင်း ဇယားကွက်ချရန်တော့ မလိုပါ။ အသင့်ချပြီးသား ဇယားကွက်များအတွင်းသို့ စာလုံးတချို့ကို ရေးမှတ်လိုက်သည်။ မှတ်ချက်ဆိုသည့် အကွက်အတွင်းမှာတော့ ဖယောင်း၏ လက်မှတ်လေးကို ရေးထိုးလိုက်ပြီး စာအုပ်လေးကို ပိတ်လိုက်သည်။
ခေါက်ဆွဲပြုတ်များကို ကုန်စင်အောင် စားပြီးချိန်တွင် ကျောင်းလွယ်အိတ်ကလေးအတွင်းမှ သင်္ချာစာအုပ်တချို့ကို ဆွဲယူလိုက်သည်။ နေ့လည်က စာသင်ခန်းထဲမှာ သင်္ချာဆရာမ အိမ်စာပေးခဲ့သည့် သင်္ချာပုစ္ဆာတို့ကို ဖယောင်း စားပွဲခုံလေးပေါ်မှာ ထိုင်ရင်း တွက်ချက်ဖြေရှင်းလိုက်သည်။ သင်္ချာတွေ တွက်ကောင်းကောင်းနှင့် တွက်နေလိုက်တာ ညခုနစ်နာရီ ထိုးခါနီးမှာ အိမ်စာပုစ္ဆာများ အားလုံးကို အဖြေမှန်ရအောင် တွက်ချက်ပြီးစီးခဲ့သည်။
တီ တီ...တီ တီ တီ...
ရုတ်တရက် ထွက်ပေါ်လာသည့် ဖုန်းမြည်သံကြောင့် ဖယောင်း ကိုယ်လုံးလေး တွန့်လိမ်၍ပင် သွားသည်။ ပြီးတော့မှ ကိုယ့်အဖြစ်ကို ပြန်တွေးမိကာ ရယ်ချင်မိသွားသည်။
' အဲ့လောက်တောင် ပျော့ညံ့ရလား ဖယောင်းရယ်။ ကြောက်တတ်လိုက်တာ။'
ဖယောင်း ခေါင်းလေးတစ်ချက် ရမ်းကာ အတွေးတို့ကို ထုတ်ခါပစ်လိုက်ရင်း ဖုန်းဖြေလိုက်ရသည်။
"ဟဲလို... Housekeeping ငါးလွှာကပါ"
"ဟဲလို...ညီလေး ဖယောင်း၊ အစ်ကို အခုပဲ Lift (ဓာတ်လှေကား)နဲ့ ပန်းစည်းတစ်ခု တင်ပေးလိုက်တယ်။ အဲ့ဒါ 501 အခန်းထဲကို သွားထားပေးလိုက်နော် ညီလေး"
"ဟုတ်ကဲ့ ကိုကြီး"
ဖယောင်း ဖုန်းလေးကို ချပြီး ဓာတ်လှေကားရှိရာသို့ အပြေးတစ်ပိုင်းသွားကာ ရပ်စောင့်နေလိုက်သည်။ ဖယောင်းတို့ ဟိုတယ်က ဒီလိုပဲ။ ဧည့်သည်၏ ပစ္စည်းတစ်ခုခု ပို့စရာရှိလျှင် ဓာတ်လှေကားကို တဆင့်ခံ အသုံးပြုကာ ပို့တတ်ကြသည်။ အခုလည်း 501 က ဧည့်သည်ရဲ့ ပန်းစည်းတဲ့။
ဒါနဲ့...နေပါဦး...။ 501 က ဧည့်သည်ဆိုတာ မမသန္တာတို့ ပြောသွားတဲ့ မန္တလေးက ကျောက်သူဌေးတည်းတဲ့ အခန်း မဟုတ်လား။ ဒီအချိန်ဆို အောက်ထပ်မှာ ဂုဏ်ပြုညစာစားပွဲ ကျင်းပနေရောပေါ့။
တင်းတောင် ဆိုသည့် မြည်သံလေးနှင့်အတူ ဓာတ်လှေကား၏ တံခါးချပ် နှစ်လွှာတို့သည် ဖြည်းညင်းစွာ ပွင့်ဟသွားချိန်မှာတော့ လတ်ဆတ်သင်းပျံ့နေသည့် နှင်းဆီပန်းရနံ့တို့က ဖယောင်း နှာခေါင်းလေးထဲ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။ ဓာတ်လှေကား၏ နံရံကို မှီခိုရင်း လိုက်ပါလာသည့် နှင်းဆီပန်းစည်းကြီးကို ဖယောင်း တွေ့မြင်လိုက်ရသည်။ ဖယောင်း ဓာတ်လှေကားအတွင်းသို့ ဝင်ကာ နှင်းဆီပန်းစည်းကြီးကို ပွေ့ဆွဲကောက်ယူလိုက်သည်။
အားပါးပါး...သိပ်လှတဲ့ နှင်းဆီပန်းစည်းကြီးပါလား။
ဖယောင်းဘဝမှာ သည်လောက်လှတဲ့ နှင်းဆီပန်းစည်းကြီးကို မမြင်ဖူးခဲ့ပါ။ လှပလန်းဆန်းစွာ ပွင့်လန်းနေသည့် နှင်းဆီအနီပွင့်ကြီးများကို ပန်းစည်းထဲတွင် ပြွတ်သိပ်ကြပ်ညပ်စွာ ထိုးစိုက်ထားသည်။
နေစမ်းပါဦး...။ နှင်းဆီပန်းပွင့်ပေါင်း ဘယ်လောက်တောင်ရှိမှာပါလိမ့်။
ဖယောင်း စိတ်တွက်နှင့် ရေတွက်ကြည့်လိုက်မိသည်။ အနည်းဆုံးတော့ နှင်းဆီ ပွင့်ပေါင်း နှစ်ရာကျော်မည် ထင်သည်။
ဧည့်သည်ပြန်လျှင် ဒီနှင်းဆီပန်းစည်းကြီးကို ထားရစ်ခဲ့ရင် သိပ်ကောင်းမှာပဲ ဟု ဖယောင်းတွေးမိသေး၏။ ထိုနှင်းဆီ ပန်းစည်းကြီးကိုသာ ဖယောင်းရခဲ့ရင် မမသန္တာတို့ကိုလည်း ပေးမည်။ Reception က မမသရဖီနှင့် မမကြည်ပြာတို့ကိုလည်း ဝေမည်။ ပြီးရင်..ကျောင်းကို သယ်သွားပြီး ကျောင်းခန်းထဲရှိ ဘုရားစင်က ပန်းအိုးလေးမှာ ဝေဆာနေအောင် ထိုးပြီး ဘုရားကို လှူမယ်။ ပြီးရင် ဆရာမတို့ကို တစ်ယောက်မကျန် ဝေပေးမယ်။
နှင်းဆီပန်းစည်းကြီးကို (501) အခန်းထဲက အိပ်ရာပေါ်တွင် ထားရစ်ခဲ့ရင်း ဖယောင်းသည် ကိုယ့်စိတ်ကူးနှင့်ကိုယ် ပျော်ကာ နောက်ဆုံးတစ်ခေါက်အနေနှင့် နှင်းဆီပန်းကြီးကို ပြုံးနေရင်း စိုက်ကြည့်လိုက်သည်။
သို့သော်... ဖယောင်းသည် တစ်စုံတစ်ခုသော အကြောင်းအရာတို့ကြောင့် အချိန်မတန်ခင်လည်း ကြွေလွင့်ပျက်ပျယ်တတ်သည့် ဆန့်ကျင်ဘက် သဘောတရားတစ်ခုကိုတော့ အတွေးထဲမှာပင် စိတ်မကူးထားခဲ့မိပါချေ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
အားလုံးကို ခံစားမှုရသတွေနဲ့ မွေ့ပျော်စေချင်တဲ့
💙 ခက်ဆစ် 💙