နွေဦးအစ နွေရက်များ၏ ညကလေး တစ်ညသည် လေညင်းသဲ့သဲ့ တိုးဝှေ့သံကလေးများနှင့် လှပစွာ အသက်ဝင်လျက်ရှိသည်။ ခြံဝန်းကျယ်ကြီး၏ ထောင့်နားကလေးက ဗာဒံပင်ကြီး၏ ဗာဒံရွက်များသည် နွေဝင်ကာစ ရက်ပိုင်းများ သို့မဟုတ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလများမှာ တဖြုတ်ဖြုတ် ကြွေကျလာလိုက်တာ အခုဆို အရိုးအပြိုင်းပြိုင်းသာ ကျန်တော့သည့်အထိ။
သစ်ရွက်များ ကင်းမဲ့နေတာတောင် တစ်မျိုးတစ်ဖုံ လှပနေသည့် ဗာဒံကိုင်းတို့၏ကြားမှ ဖောက်ထွက်ထိုးထွင်းကာ မြင်နေရသော လခြမ်းကလေးကို ခြံထဲရှိ ဒန်းဖြူကလေးပေါ်တွင် ထိုင်နေသည့် မဏိ က ခပ်စောင်းစောင်းလေး မော့ကြည့်နေမိသည်။ မဏိ ကြည့်နေစဉ်မှာပင် ထိုလခြမ်းကလေးကို တိမ်တိုက်တချို့ ဖုံးအုပ်ပိတ်ဆီးသွားသည်။ သို့သော် စက္ကန့်တချို့မျှ အကြာတွင် လခြမ်းကလေးသည် ဘွားခနဲ ပြန်ပေါ်လာပြန်သည်။ မဏိနှင့် တူတူပုန်းတိုင်း ကစားနေသည့် လခြမ်းကလေးကို ကြည့်နေရင်း မဏိ သဘောကျစွာ ပြုံးလိုက်မိသည်။
“ဘာတွေ အဲ့လောက် သဘောကျနေတာလဲ အစ်ကို”
တိုးဖွညင်သာသည့် အသံကလေး၏ လာရာအရပ်ကို လှည့်ကြည့်လိုက်တော့ ပြုံးရွှင်တောက်ပနေသည့် မျက်ဝန်းတစ်စုံနှင့် သူ့ကို စိုက်ကြည့်နေသည့် ဒဿန…။ ဒဿနသည် သည်လိုပဲ မဏိကို အဓိပ္ပာယ်တစ်မျိုး ပျော်ဝင်နေသည့် ရွှန်းစားရီဝေနေတတ်သည့် မျက်ဝန်းလဲ့လဲ့ကလေးများဖြင့် ကြည့်လေ့ရှိသူ ဖြစ်၏။ ထိုမျက်ဝန်းများနှင့် ကြုံဆုံထိတွေ့ရချိန်တိုင်းမှာ မဏိ နှလုံးသားလေး ဆက်ခနဲ ရိပ်ခနဲ လှုပ်ရှားသွားရလေ့ရှိသည်ကိုတော့ မဏိ ကိုယ့်ကိုယ်ကို ဖွင့်ဟဝန်ခံရပါသည်။ သို့သော်… မဏိ ခံစားချက်များကို မဏိ ကိုယ်တိုင်မှ လွဲ၍ မည်သူ တစ်ဦးတစ်ယောက်မှ မသိစေရပါ။ ထိုမျှလောက် မဏိ… ဟန်ဆောင်ကောင်းပါသည်။
“ဘာရယ်မဟုတ်ပါဘူးကွာ၊ ညစာစားပြီး ဗိုက်တင်းနေလို့ ဒန်းပေါ် ခဏထိုင်နေတာ”
“အင်း… ဘာလိုလိုနဲ့ ကျွန်တော်တို့တွေ စာမေးပွဲပြီးလို့ အစ်ကိုတောင် အိမ်ပြန်ရတော့မယ်နော်”
ဒဿန ၏ စကားသံများသည် တိုးဖွလျက်ရှိသော်လည်း တစ်မျိုးတစ်ဖုံ လေးလံနေပြန်သည်။ ထိုလေသံတို့၏ အတိုင်းအထွာကို ချိန်ဆကြည့်လျှင် ဒဿန၏ ရင်ထဲမှ ခံစားချက်တို့ကို မဏိ အကြမ်းဖျင်းလောက်တော့ သိရှိနိုင်ပါသည်။ သို့သော် ဒဿန ၏ ခံစားချက်တို့ကို မဏိ မသိကျိုးကျွံသာ ပြုထားလိုက်ရသည်။
“ပျော်စရာကြီးနော်…၊ စာမေးပွဲပြီးတော့ ညီတို့ ပျော်နေမှာပဲပေါ့”
“ဟင့်အင်း…၊ ကျွန်တော် မပျော်ဘူး အစ်ကို”
“ဟင်…၊ ဘာလို့လဲ ညီရဲ့”
“အစ်ကို… မသိပါဘူး”
မဏိ မျက်နှာကို တစ်ဖက်သို့ လွှဲလျက် ကြိတ်ပြုံးလိုက်သည်။ ဟန်မဆောင်တတ်သည့် ဒဿန၏ ရင်တွင်းခံစားချက်တို့ကို မဏိ ခြွင်းချက်မရှိ သိပါသည်။ ဒဿန မပျော်ရခြင်းအကြောင်းမှာ မဏိနှင့် သူ တွေ့ဆုံဖို့ အကြောင်းအရင်း မရှိတော့၍ ဖြစ်မည်။
“ထားပါတော့ကွာ…၊ ဒါနဲ့ ဆယ်တန်းပြီးပြီဆိုတော့ ဘာဆက်လုပ်မှာလဲ…”
မဏိ… ဒဿန၏ ခံစားချက်တို့ကို လျစ်လျူရှုကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
“အခုလောလောဆည်တော့ နားဦးမယ် အစ်ကို။ ပြီးရင် သင်တန်းလေး ဘာလေး တက်မလားလို့”
“အင်း…၊ ကောင်းသားပဲ ညီရဲ့၊ ဘာသင်တန်းတွေ တက်မှာလဲ”
“ကျွန်တော် ဝါသနာပါတာတွေ အကုန် တက်မှာ အစ်ကို။ ဂီတာတီးတက်မယ်၊ ရေကူးတက်မယ်… ပြီးရင် English စကား လေ့လာမယ်။ Computer နဲ့ ပတ်သတ်ပြီးလည်း လေ့လာချင်သေးတယ်”
“အိုး… ကောင်းတာပေါ့”
“ဒါနဲ့ အစ်ကိုရော…၊ အစ်ကိုရော ဘာတွေ ဆက်လုပ်မှာလဲဟင်”
“ကိုယ်လား… အင်း… ဘာတွေ လုပ်ဖြစ်မလဲ မသိသေးဘူး…”
အခုအချိန်မှာတော့ မဏိသည်လည်း သျှံဓနနှင့် စီးပွားတူသည့် ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်မှန်း ဒဿနတို့ကို မသိစေချင်သေးပါ။ ကျောက်စိမ်းနယ်ပယ်မှ လောကသားအချင်းချင်းသည် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ချိတ်နွယ်လျက် လုပ်ကိုင်ရောင်းဝယ်ရသူများဖြစ်၍ အကယ်၍များ သျှံဓနနှင့် ဒဿနတို့ သားအဖချင်း စကား ဆက်စပ်မိလျှင် မဏိ သည်လည်း ကျောက်စိမ်းလောကထဲမှ ဖြစ်သည်ဆိုတာကို သျှံဓန သိသွားနိုင်သည်။ မဏိ၏ အကြံအစည်တစ်ခု မအောင်မြင်သေးခင် သျှံဓနကို မဏိအကြောင်း နည်းနည်းလေးတောင် အသိခံ၍ မဖြစ်ပါ။ ထို့ကြောင့် မရေမရာသော အဖြေတစ်ခုကို ပေးလိုက်ရင်း ဒဿန၏ မျက်ဝန်းများထဲ ဖောက်ထွင်းစိုက်ကြည့်လိုက်သည်။ ဒဿန ၏ မျက်ဝန်းများရှိ တောက်ပရွှန်းလဲ့မှုလေး တချို့သည် မဏိအဖြေစကားကြောင့် မှိန်လျှော့အားပျော့သွားသယောင်။ မဏိ ကျေနပ်စွာဖြင့် မသိမသာ မဲ့ပြုံးလေးတစ်ချက် ပြုံးလိုက်ရင်း စကားဆက်လိုက်သည်။
“ကိုယ် ဂျင်ဆော့မလားလို့ စဉ်းစားနေတာ”
မဏိ၏ စကားအဆုံးတွင် ခုနက မှေးမှိန်သွားသည့် မျက်ဝန်းကလေးသည် ချက်ချင်းဆိုသလို ဝင်းပတောက်ရွှန်းလာပြန်၏။
“တကယ်လား အစ်ကို၊ ကျွန်တော်ရော… ကျွန်တော်ရော လာဆော့လို့ ရမလား”
မဏိ မျှော်လင့်ထားသည့် တောင်းဆိုမှုတစ်ခုဖြစ်သည့်အတွက် မဏိ အထူးတလည် မအံ့ဩတော့ပါ။ ဒဿန သည် မဏိ အနား နေခွင့်ရမည့် အချိန်ကာလတို့ကို စောင့်စားမျှော်လင့်နေတတ်သူဖြစ်မှန်း မဏိ သိရှိပြီးပြီပဲလေ။
“အင်…၊ ဘယ်သူမဆို ပိုက်ဆံပေးနိုင်ရင် ဆော့ခွင့်ရှိတာပဲ…၊ လာဆော့ပေါ့”
“ဒါဆို အစ်ကို ဘယ်မှာ ဆော့မှာလဲ ကျွန်တော် သိခွင့်ရှိမလား”
“မသိသေးဘူး…၊ ကိုယ်လည်း စဉ်းစားတုန်း။ မဆော့ရင်လည်း မဆော့ဖြစ်လောက်ဘူး”
မဏိ ဘေးနားမှ ဒဿန၏ သက်ပြင်းချသံ ခပ်ဖွဖွကို မဏိ ကြားဖြစ်အောင် ကြားလိုက်မိချိန်တွင် သျှံဓနဆိုသူကို တမ်းတကာ ရေရွတ်မိလိုက်သေးသည်။ ‘ဦးသျှံဓနရေ… ခင်ဗျား သားတော့ ကျုပ်ကို အရူးတပိုင်း ဖြစ်လောက်အောင် စွဲလမ်းနေပြီ ထင်ပါရဲ့...'။ မဏိ ကျေနပ်စွာ ဒဿန မသိအောင် ကြိတ်ပြုံးလိုက်၏။
ထို့နောက် သူတို့နှစ်ယောက်ကြားတွင် ပြောစရာစကား မရှိတော့သလို ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ထိုဆိတ်ငြိမ်မှုကို စတင်ဖြိုခွင်းလိုက်သူက ဒဿန…။
“အစ်ကို…၊ ကော်ဖီသောက်မလားဟင်… ကျွန်တော် သွားဖျော်ပေးမယ်”
“အင်း… ကောင်းသားပဲ။ ထမင်းစားပြီး တစ်မျိုးလိုနေတာနဲ့ အတော်ပဲ”
“ခဏစောင့်နော်… အစ်ကို”
ဒဿန မဏိ အနားမှ ထွက်ခွာသွားတော့မှ မဏိ သက်ပြင်းရှည်တစ်ချက်ကို ဆွဲ၍ ချလိုက်သည်။ ဒဿန မဏိ အပေါ် စွဲလန်းနေသည်ကို မဏိ ကျေနပ်နေမိသော်လည်း ခံစားချက်တချို့ဖြင့် လေးလံပိတ်ဖုံးနေသည်မှာ ဘာကြောင့်ပါလိမ့်။ မဏိ စိတ်ရှုပ်ထွေးစွာ ခေါင်းလေးကို အသာအယာ ခါရမ်းလိုက်မိသည်။ ထိုအချိန်မှာ မဏိ မသိလိုက်သည်က သူ့ကို အပေါ်စီးကနေ စောင့်ကြည့်နေသည့် မျက်ဝန်းတစ်စုံကိုပင်။ ထိုမျက်ဝန်းပိုင်ရှင်မှာ တခြားသူ မဟုတ်။ မင်းမာနပင် ဖြစ်၏။
အိမ်အပေါ်ထပ်ရှိ ဝရံတာတွင် ရပ်နေရင်း အောက်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည့် မင်းမာန၏ မျက်နှာတွင် ဒေါသရိပ်များ တငွေ့ငွေ့ဖုံးလွှမ်းလာသည်။ ကိုကိုနှင့် သံမဏိတို့ နီးကပ်စွာ ထိုင်လျက် စကားပြောနေသည့် မြင်ကွင်းသည် မာန တစ်ကိုယ်လုံးကို မီးနဲ့ မြှိုက်သလို ပူဟပ်ပြင်းရှစေသည်။
မာန… သံမဏိကို မနှစ်မြို့ပါ။ ဟင့်အင်း… မုန်းသည်။ မုန်းသည်ဆိုသည့် စကားလုံးနှင့် အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။ သံမဏိကို မာန ဘာကြောင့် မုန်းနေရသလဲဆိုလျှင် အဖြေက ရှင်းရှင်းလေးသာ။ မာန သိပ်ချစ်ရသည့် ကိုကိုက သံမဏိအပေါ် ကြွေဆင်းပြိုကျနေသောကြောင့်ဖြစ်၏။ ကိုကိုနှင့် သံမဏိ အမှတ်မထင် စတင်ဆုံတွေခဲ့သည့် ကော်ပီမန္တလာ မိတ္တူဆိုင်မှာကတည်းက သံမဏိအပေါ် ပြိုကျယိုဖိတ်နေသည့် ကိုကို့ အကြည့်တွေကို မာန ထိတ်လန့်စွာ တွေ့မြင်လိုက်ရသည်။ ထိုအချိန်ကစ၍ ကိုကိုသည် သံမဏိကို မယုံကြည်နိုင်စွာ စွဲလန်းနေခဲ့မိကြောင်းကို မာန သိလိုက်ရသည်။
ထူးဆန်းသော ကံတရားတို့ကြောင့် အမှတ်မထင် တွေ့ဆုံခဲ့ရသည့် သံမဏိကို မာနတို့၏ ဂိုက်ဆရာအဖြစ် ပြန်လည်ဆုံတွေ့လိုက်ရချိန်တွင် မာန သံမဏိအပေါ် ပို၍ ပို၍ မလိုလား မနှစ်မြို့ခဲ့ရ၏။ ဘာကြောင့်မှန်း မသိ…။ မာန၏ စိတ်ထဲတွင် ကိုကို့ကို မာန တစ်စတစ်စ ဆုံးရှုံးလာသလို ခံစားရသည်။ ကိုကို့ စိတ်ထဲက မာန၏ နေရာကလေး ကျဉ်းသထက် ကျဉ်း၍ သေးမြောင်းလာခဲ့သည်ကို မာန မခံချင်စွာ လက်ခံလိုက်ရသည်။ မာန ဆုံးရှုံးသွားသည့် မာန၏ နေရာများတွင် သံမဏိ ဆိုသည့်လူ ဝင်ရောက်အစားထိုးလာသည်ကို ပို၍ ခံစားရခက်စွာ မာန တွေ့မြင်နေရ၏။
မာန နာကျင်ပူလောင်နေရသည်ကိုလည်း သတိပြုမိပုံရသည့် သံမဏိသည် တစ်ချက် တစ်ချက်တွင် ပို၍ အရွဲ့တိုက်ကာ ကိုကိုနှင့် နီးစပ်ဖို့ ကြိုးစားနေသလိုလည်း မာန ခံစားနေရသည်။ ထိုသည်မှာ… မာနကပဲ သံမဏိကို မျက်မုန်းကျိုး၍ အမြင်မကြည်လင်လို့ပဲလား…၊ ဒါမှမဟုတ်…၊ မာန စိတ်ထင့်နေသလို သံမဏိကပဲ သေချာအကွက်ချ၍ ကိုကို့ကို ဖြားယောင်းသွေးဆောင်နေလေသလား။ ဒါကိုတော့ သံမဏိသာ အသိဆုံးဖြစ်ပါလိမ့်မည်။
အခုလည်း ကြည့်လေ…။ ကိုကို့ စိတ်ခံစားချက်များကို ကြောင်က ကြွက်ကလေး တစ်ကောင်ကို ဖမ်းယူပြီး လက်ထဲမှာ ဆော့ကစားနေသလို သံမဏိက သူ့စိတ်ကြိုက် ဆော့ကစားနေသည်ကို ဝရံတာမှ နေ၍ မာန မျက်မြင်ကိုယ်တွေ့ တွေ့နေရသည်။ ကိုကို့ကို မျှော်လင့်ချက်ရောင်စဉ်ကလေး သမ်းပြပြီး ပျော်ရွှင်စေလိုက်၊ မျှော်လင့်ချက်ကို ပြန်ရိုက်ချိုးပြီး ဝမ်းနည်းစေလိုက်နှင့် သံမဏိက သူ့စိတ်တိုင်းကျ ပြုမူနေသည့် မြင်ကွင်းကို ကြည့်နေရရင်း မာန ဒေါသများ လှိုက်၍ လှိုက်၍ ထွက်လာခဲ့သည်။
ဟင့်အင်း…၊ ကိုကို့ကို ဒီလို ဆော့ကစားနေတာမျိုး မာန ခွင့်မပြုနိုင်ဘူး။ ကိုကို့စိတ်တွေ သံမဏိဆီမှာပဲ ကပ်ငြိတွယ်ခိုနေတာကို မာန ဒီအတိုင်း လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး။ ဒီကမ္ဘာပေါ်မှာ မာန သိပ်ချစ်ရတဲ့ ကိုကို၊ ဖေဖေနှင့် ကိုကို ဘယ်သူ့ကို ပိုချစ်သလဲလို့ အမေးခံရချိန်တိုင်းမှာ တုံ့ဆိုင်းတွေဝေခြင်း မရှိဘဲ ကိုကို့ကို အချစ်ဆုံးလို့ ဖြေနိုင်ခဲ့တဲ့အထိ မာန မြတ်နိုးခုံမင်ရတဲ့ ကိုကို့ကို သူတစ်ပါးလက်ထဲ မာန ထည့်မပေးလိုက်နိုင်ပါဘူး။ ဒီအတိုင်းသာ မာန ဆက်ကြည့်နေမယ်ဆိုရင် မာနရဲ့ ကိုကို… သံမဏိနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားလိမ့်မယ်။ ဟင့်အင်း… မာန ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ မုန်းတယ်… မာန သံမဏိကို မုန်းတယ်။ ဒီလောကကြီးထဲကနေ…၊ အထူးသဖြင့် ကိုကို့ရဲ့ စိတ်ထဲ၊ ရင်ဘတ်ထဲကနေ သံမဏိ ရှိမနေမှကို ဖြစ်မှာ။ ထွက်သွားစမ်း… သံမဏိ။
မာန… သံမဏိကို မုန်းတီးခါးသက်စွာ စိုက်ကြည့်နေစဉ်မှာပင် ကိုကိုက ထထွက်သွားကာ အိမ်ထဲသို့ ဝင်သွား၏။ မာန မျက်ဝန်းတို့ကို မှေးစင်းလျက် တစ်စုံတခုကို ပြုလုပ်ရန် ကြံစည်ပိုင်းဖြတ်လိုက်ပြီးနောက် ဝရံတာလက်ရန်း အုတ်ခုံပေါ်တွင် တင်ထားသည့် စံပယ်ပန်းအိုးကလေးကို ဆွေ့ခနဲ ကောက်ယူမြှောက်ကိုင်လိုက်ပြီး သံမဏိ၏ ခေါင်းတည့်တည့်ကို ချိန်ရွယ်ထားလိုက်သည်။ ထို့နောက် အံကို တင်းတင်းကြိတ်လျက် မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး ပန်းအိုးကို ကိုင်ဆောင်ထားသည့် လက်တို့ကို ဖယ်ရှားလိုက်ဖို့အလုပ်တွင်…
“မင်း… မာ… န !!!”
ရုတ်တရက် ကြားလိုက်ရသည့် ကိုကို့ အော်သံကြောင့် မာန တစ်ကိုယ်လုံး တွန့်လိမ်၍ပင် တုန်သွားရ၏။ မာန ကယောင်ကတမ်းဖြင့် လက်ထဲက ပန်းအိုးကို ဝရံတာ လက်ရန်း အုတ်ခုံလေးပေါ် ပြန်တင်ထားလိုက်သည်။
“မင်းမာန… မင်း… မင်း ဘာလုပ်နေတာလဲ ဟမ်။ မင်း ဘာတွေကြံစည်နေတာလဲ”
“ညီညီ ဘာလုပ်မိလို့လဲ ကိုကို။ ညီညီ ဘာမှ မလုပ်ဘူး”
“မင်း မလိမ်နဲ့…။ ပန်းအိုးကို ကိုင်ပြီး ဘာလုပ်နေတာလဲ ဟမ်… မှန်မှန် ဖြေစမ်း…”
“ဟို… ဟို… နေရာ ရွှေ့နေတာလေ…၊ ဘာဖြစ်လို့လဲ…၊ ရွှေ့လို့ မရဘူးလား”
မာန မျက်နှာအမူအရာတို့ကို ထိန်းချုပ်လျက် လိမ်ညာလိုက်သော်လည်း မာန၏ အသံတို့ကတော့ တုန်ယင်လျက် ရှိသည်။
“လိမ်ပြန်ပြီ…၊ မင်း… ပန်းအိုးကို အောက်ကို လွှတ်ချဖို့ လုပ်နေတာ ငါ မြင်တယ်။ အောက်မှာ ကိုသံမဏိ ထိုင်နေတာကိုလည်း မင်း မြင်မှာပဲ။ မင်း… မင်း ဘာကိစ္စနဲ့ ပန်းအိုးကို အောက်လွှတ်ချဖို့ ကြံစည်နေရတာလဲ…၊ ဟမ်… မင်းမာန!!!”
ဒဿန၏ အသံတို့သည် ဒေါသများဖြင့် တောက်လောင်မာထန်လျက် ရှိ၏။ ဒဿန၏ လေသံမာမာဖြင့် အပြောမခံဖူးသည့် မာနသည် အခုတစ်ကြိမ်တွင်တော့ ဒဿန၏ ဒေါသတကြီး အော်ဟစ်ပေါက်ကွဲသံများအောက်တွင် ပြားပြားဝပ် လူးလိမ့်နေရ၏။
မာန သိပ်ချစ်တဲ့ ကိုကိုက တခြားတစ်ယောက်အတွက်နဲ့ မာနကို ဒေါသတကြီး အော်ဟစ်နေသတဲ့လား။ မာနသည်… သူ့ကို စူးရဲစွာ စိုက်ကြည့်နေသည့် ကိုကို့၏ ဒေါသမျက်ဝန်းများကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ရင်း မျက်ရည်လေးများ ကျလာခဲ့ရတော့သည်။
“ငါ… မေးနေတယ် မင်းကို…၊ မင်းဘာလို့ အဲ့လိုလုပ်ဖို့ ကြံစည်နေရတာလဲ… ဖြေစမ်း မင်းမာန!!!”
“မုန်းလို့…၊ ညီညီ သံမဏိကို သိပ်ကို မုန်းလို့…၊ ဒီလောကကြီးမှာ သူ့ကို မမြင်ချင်တော့လောက်အောင် မုန်းလို့”
မာန အားကုန်သုံးရင်း နာကျင်စွာ ပေါက်ကွဲအော်ဟစ်လိုက်သည်။
“ဘာ!!! မုန်းလို့ ဟုတ်လား…။ ဘာကိစ္စနဲ့ မုန်းရတာလဲ။ ဗလိုင်းကြီးပါလား။ မဏိက မင်းကို ဘာလုပ်နေလို့လဲ…”
မဏိ တဲ့လား…။ ကိုကို့ပါးစပ်က မဏိလို့ လွှတ်ခနဲ ခေါ်ထွက်သွားရလောက်အောင် သံမဏိက ကိုကို့စိတ်ထဲထိ စိုးမိုးအနိုင်ယူနေပြီတဲ့လား။ မဏိဆိုတဲ့ စကားလုံးနဲ့ သံမဏိကို ကာကွယ်ပေးရင်း ညီညီ့ကိုကျ မင်းလို့ သူစိမ်းဆန်ဆန် သုံးရင်း အော်ဟစ်ရန်တွေ့နေပြီလား။ ညီညီ… ရင်နာလိုက်တာ။ ရင်တွေ ပေါက်ကွဲထွက်မတတ် ဆို့နင့်လိုက်တာ ကိုကို…။
“မင်းဟာလေ နာမည်နဲ့လိုက်အောင် သိပ်ကို မာနကြီးလွန်းတယ်။ အတ္တလည်း ကြီးလွန်းတယ် မင်းမာန…။ ငါလည်း အတ္တကြီး၊ မာနကြီးလွန်းတဲ့ မင်းကို သိပ်မုန်းတာပဲ…”
အသွားထက်သော ဓားတစ်ချောင်းနှင့် တူသည့် စကားလုံးများနှင့် မာန၏ နှလုံးသားဆီသို့ တရစပ် ပစ်လွှတ်၍ လှည့်ထွက်သွားသည့် ကိုကို့၏ ကျောပြင်လေးကို မာန အသက်မဲ့စွာ စိုက်ကြည့်နေမိရင်း ပါးပြင်ပေါ်သို့ မျက်ရည်များသာ လှိမ့်ဆင်းလာတော့သည်။
မုန်းတယ် တဲ့လား။ သိပ်မုန်းတယ်တဲ့လား ကိုကို။
ကိုကို့ စကားများကို ပြန်လည်ကြားယောင်ရင်း မာနသည် အားအင်များ စုပ်ယူခံလိုက်ရသူ တစ်ဦးလို ပျော့ခွေလျက် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ရင်း အသံပင် မထွက်နိုင်ဘဲ ဆို့ဆို့နင့်နင့် ငိုကြွေးမိတော့သည်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹